အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း ၄၁ - ပြိုင်ဘက်ကင်း အိမ်ပုံစံကြမ်း
ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ချန်ရှင်းက တွန်းလှည်းကို အရင်ရပ်ထားလိုက်သည်။ ထို့နောက် မိန်းကလေးနှစ်ယောက်ရှေ့မှာပင် အိတ်ကပ်ထဲမှ ရုပ်ဖျက်ထားသော အိမ်ပုံစံကြမ်းကို ထုတ်ယူလိုက်သည်။
သူက အခန်းထဲရှိ ခြေတစ်ပေါင်ကျိုး စားပွဲဟောင်းကြီးပေါ်တွင် ပုံကြမ်းများကို ဖြည်းညင်းစွာ ဖြန့်ခင်းလိုက်သည်။
"ဒါ ဘာတွေလဲဟင်"
ရွှီချင်းချင်းက စပ်စုချင်စိတ်ဖြင့် ရှေ့တိုးလာပြီး မျဉ်းကြောင်းများ၊ လေးထောင့်ကွက်များနှင့် အသေးစိတ်မှတ်စုများ အပြည့်ရေးသားထားသော ပုံကြမ်းကို ကြည့်လိုက်သည်။
သူမ ဘာမှ နားမလည်သော်လည်း အလွန်အံ့သြစရာကောင်းသည်ဟုသာ ထင်မိလေသည်။
သူမ ခေါင်းမော့လိုက်ပြီး တောက်ပနေသော ဗာဒံစေ့သဏ္ဌာန် မျက်လုံးလေးများထဲမှာတော့ သူမယောက်ျားအပေါ် အားကျမြတ်နိုးမှုများ၊ စွဲလမ်းချစ်ခင်မှုများဖြင့် ပြည့်နှက်နေတော့သည်။
"ဗိသုကာ ပုံကြမ်းတွေလား"
ကျောက်ဖန်းအာကပါ အနားသို့ ရောက်လာပြီး ထိုပုံကြမ်း၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားလေသည်။
သို့သော် ပုံကြမ်း၏ အသေးစိတ်အချက်အလက်များကို ကြည့်လိုက်မိသောအခါ သူမ လုံးဝ အံ့အားသင့်သွားတော့သည်။
"သီးသန့်မီးဖိုချောင် ဟုတ်လား”
"ရေချိုးခန်းက... ဒါက ဘာလဲ”
"ရေဆိုးထုတ်... ပိုက်တွေ ဟုတ်လား”
သူမက မှတ်စုများကို တစ်လုံးချင်း ဖတ်ကြည့်လိုက်သည်။ စာတစ်လုံး ဖတ်လိုက်တိုင်း သူမ မျက်နှာထားက ပိုမို ကြောင်အမ်းလာပြီး နောက်ဆုံးမှာတော့ မျက်နှာလှလှလေးပေါ်မှာ နက်ရှိုင်းသော တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့သာ ကျန်ရစ်ခဲ့တော့သည်။
ထိုခေတ်အခါက ကျေးလက်နေအိမ်များတွင် မီးဖိုချောင် သို့မဟုတ် ရေချိုးခန်းဟူ၍ သီးသန့်မရှိကြပေ။ ကန် (အပူပေး အုတ်ကုတင်) နှင့် ဆက်ထားသော မီးဖိုပါသည့် အခန်းလေးများသာဖြစ်ပြီး အိမ်သာအဖြစ် အနီးနားရှိ အိုးများကိုသာ အသုံးပြုကြသည်။
သို့သော် ဤပုံကြမ်းပေါ်တွင် ဆွဲထားသောအရာက သူမ နားလည်ထားသမျှ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
အခန်းတစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းစွာ သတ်မှတ်ထားပြီး ရေချိုးရန်အတွက်သာမက အိမ်သာဟုခေါ်သည့် ကိစ္စရှင်းရန် သီးသန့်နေရာလေးတစ်ခုပင် ရှိနေသည်။ ထို့အပြင် ညစ်ပတ်နေသော ရေများကို စွန့်ထုတ်ရန်အတွက် ရေဆိုးထုတ်ပိုက် ပုံဆွဲထားသည်ကိုလည်း တွေ့ရ၏။
*ဒီလိုအိမ်မျိုးကို ဘယ်လို ဉာဏ်ကြီးရှင်ကများ စဉ်းစားနိုင်ခဲ့တာလဲ*
ယခုအချိန်မှာတော့ ကျောက်ဖန်းအာ၏ လောကအမြင်မှာ ချန်ရှင်း၏ ပါးလွှာလွှာ ပုံကြမ်းကြောင့် ဇောက်ထိုးမိုးမျှော် ဖြစ်ရပြန်လေသည်။
သူမက ပုံကြမ်းများကို ငေးကြောင်စွာ ကြည့်နေပြီးနောက် ဘာမှမဖြစ်သလို ရပ်နေသော ချန်ရှင်းကို မော့ကြည့်လိုက်သည်။ ထို့နောက် ဤအမျိုးသားသည် မြူခိုးများဖုံးလွှမ်းနေသည့်အလား ပဟေဠိဆန်လွန်းလှသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ သူ့အကြောင်းကို နားလည်သွားပြီဟု ထင်လိုက်ရုံရှိသေး၊ ချက်ချင်းဆိုသလိုပင် ဆွံ့အသွားစေလောက်မည့် အခြားတစ်ဖက်ကို ထပ်ပြလာပြန်သည်။
...
နောက်တစ်နေ့ နံနက် ဝေလီဝေလင်း အချိန်လေးတွင် ချန်ရှင်း အိပ်ရာမှ ထလာ၏။
သူက သိုလှောင်ရုံထဲမှ ပြီးပြည့်စုံစွာ ရုပ်ဖျက်ထားသော တာ့ချန်းမင် စီးကရက်နှစ်ဘူးနှင့် တံဆိပ်ဝါကြန့်ကြန့် ဖြစ်နေသော အရက်တစ်ပုလင်းကို ထုတ်ယူလိုက်သည်။
ဤပစ္စည်းများသည် ယခုခေတ်အခါမှာတော့ တန်ဖိုးကြီးကြီးမားမား သတ်မှတ်နိုင်ပေသည်။
ရွှီချင်းချင်းလည်း အိပ်ရာမှ ထလာ၏။ ချန်ရှင်း အပြင်သွားတော့မည်ကို မြင်သောအခါ သူမက ကပျာကယာ ရှေ့တိုးလာပြီး တွန့်ကြေနေသေးသော အင်္ကျီကော်လာကို သေသပ်အောင် ပြင်ပေးလိုက်ရင်း တိုးတိုးလေး မေးလိုက်သည်။
"အစောကြီး ဘယ်သွားမလို့လဲဟင်"
"အိမ်ဆောက်ဖို့ ကိစ္စလေး တိုင်ပင်ရအောင် ရွာလူကြီးအိမ် သွားမလို့"
ချန်ရှင်းက သူမ၏ ပါးပြင်လေးကို အသာအယာ ဆွဲညှစ်လိုက်သည်။
ရွှီချင်းချင်း၏ မျက်လုံးလေးများက တမ်းတမှုများဖြင့် ချက်ချင်း အရောင်တောက်သွားသည်။ ပုံကြမ်းပေါ်ရှိ လှပပြီး သန့်ရှင်းသပ်ရပ်သော အိမ်လေးကို တွေးမိရုံနှင့်ပင် သူမ ရင်ထဲမှာ နွေးထွေးသွားရ၏။
ချန်ရှင်းက ပစ္စည်းများ ကိုင်ဆောင်ပြီး နံနက်ခင်း မြူနှင်းများကြားမှာပင် ရွာလူကြီး ချန်ကွမ်လင်၏ အိမ်တံခါးကို ခေါက်လိုက်သည်။
*အစောကြီး ဘယ်သူများပါလိမ့်*
ချန်ကွမ်လင်က သမ်းဝေရင်း တံခါးလာဖွင့်လေသည်။ ချန်ရှင်းကို မြင်လိုက်ရသောအခါ သူ၏ အိပ်ချင်စိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ချန်ရှင်း၏ လက်ထဲရှိ စီးကရက်နှင့် အရက်များကို မြင်လိုက်ရပြီး သူ့ထံတွင် အိပ်ချင်စိတ်ဟူ၍ တစ်စက်ကလေးမှ မရှိတော့ပေ။
"ချန်ရှင်း...၊ မင်း ဘာလာလုပ်တာလဲ"
ချန်ကွမ်လင်က မျက်နှာကို တည်လိုက်ပြီး အကြိမ်ကြိမ် လက်ခါပြရင်း
"ပြန်ယူသွားစမ်းပါ။ မင်းက ရွာအတွက် အန္တရာယ်ဆိုးကြီးကို ရှင်းလင်းပေးခဲ့တာတောင် ငါက ကျေးဇူးမတင်ရသေးဘူး။ အခု မင်းက ငါ့အိမ်ကို လက်ဆောင်တွေနဲ့ လာတယ်ဆိုတော့ ဘယ်လိုမျိုးလဲကွာ"
ထိုသို့ပြောနေသော်လည်း သူ့အပြုံးက အလွန်တရာ ဖော်ရွေနေပြီး ချန်ရှင်း အိမ်ထဲ ဝင်ခွင့်နိုင်ရန် ဘေးဖယ်ပေးလိုက်သည်။
ချန်ရှင်းက ရွာအတွက် သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ယခုအချိန်တွင် နတ်ဘုရားတစ်ပါးနီးပါး ဖြစ်နေပြီမို့ သူ့ကို မလေးမစား ဆက်ဆံလို့ မဖြစ်ပေ။
"ဦးလေးရယ်...၊ ဒါက ကျွန်တော့်ရဲ့ စေတနာလေးပါ၊ အမဲလိုက်တာနဲ့ ဘာမှမဆိုင်ပါဘူး"
ချန်ရှင်းက ထိုကိစ္စများကို သိပ်ဂရုမစိုက်ဘဲ ပစ္စည်းများကို စားပွဲပေါ် တင်လိုက်ပြီး လိုရင်းကိုသာ တန်းပြောလိုက်သည်။
" ဒီနေ့လာတာက ကျွန်တော့် အိမ်ဟောင်းလေးကို ပြန်ပြုပြင်ဖို့ ဦးလေးဆီက ခွင့်ပြုချက်တောင်းချင်လို့ပါ"
"အိမ်ဆောက်မလို့လား”
ချန်ကွမ်လင်က ထိုစကားကို ကြားသောအခါ ပေါင်ကို ရိုက်ချလိုက်ပြီး အပြည့်အဝ ထောက်ခံကြောင်း ပြသလိုက်သည်။
"ကောင်းတာပေါ့၊ ကောင်းတဲ့ကိစ္စပဲ။ မင်းရဲ့ စုတ်ချာနေတဲ့ အိမ်လေးက ပြင်သင့်နေပြီ။ ဟင့်အင်း... ဖျက်ပြီး အသစ်ကို ပြန်ဆောက်သင့်တာ။ ငါတို့ ချင်ရွှေရွာမှာ အိမ်အသစ် မဆောက်ဖြစ်တာ နှစ်တွေအတော်ကြာနေပြီလေ။ မင်းက ရွာအတွက် ဂုဏ်ဆောင်ပေးတာပဲကွ"
ချန်ရှင်းတစ်ယောက် အုတ်ခဲနှင့် အုတ်ကြွပ်မိုး အိမ်ကြီးတစ်လုံး ဆောက်ရန် တတ်နိုင်သည်ကို ချန်ကွမ်လင် လုံးဝ အံ့သြမနေပေ။ ထိုကျားတစ်ကောင်နှင့် တောဝက်ဆယ်ကောင်လောက်ကပင် သူ့ကို ချမ်းသာကြွယ်ဝသွားစေရန် လုံလောက်နေပြီ မဟုတ်ပါလား။
"ဒါကြောင့်မလို့ ရွာမှာ ဘယ်လို စည်းမျဉ်းတွေရှိလဲ၊ မြေနေရာချထားပေးတာကို ဘယ်လိုအတည်ပြုလဲဆိုတာ သိရအောင် ဦးလေးဆီ လာမေးတာပါ"
"အဲဒါက လွယ်ပါတယ်ကွာ"
ချန်ကွမ်လင်က လက်ခါပြလိုက်ပြီး အလွန်တရာ သဘောကောင်းသည့်ဟန်ဖြင့် ပြောလိုက်သည်။
ချန်ရှင်းက ခေါင်းညိတ်လိုက်ပြီး လိပ်ထားသော ပုံကြမ်းကို အိတ်ကပ်ထဲမှထုတ်ကာ ရှစ်ထောင့်စားပွဲပေါ်တွင် ဖျပ်ခနဲ ဖြန့်ခင်းလိုက်သည်။
"ဦးလေး...၊ ဒါက ကျွန်တော် ကိုယ်တိုင်ဆွဲထားတဲ့ ပုံကြမ်းလေးပါ။ ကျေးဇူးပြုပြီး အကြံဉာဏ်လေး ပေးပါဦး"
"အို...၊ မင်းက ဒီအကြောင်းတွေလည်း သိတာပဲလား"
ချန်ကွမ်လင်က စိတ်ဝင်စားသွားပြီး လက်ဖက်ရည်ပန်းကန်ကို ကိုင်လျက် အနားသို့ တိုးလာသည်။ သို့သော် တစ်ချက်ကြည့်လိုက်ရုံနှင့် သူ တောင့်တင်းသွားတော့သည်။
လက်ထဲရှိ လက်ဖက်ရည်ပန်းကန်မှာ တုန်ခါသွားပြီး ပူလောင်နေသော လက်ဖက်ရည်ကြမ်းများက သူ့လက်မောင်းပေါ် ဖိတ်စင်ကျလာသော်လည်း သူကတော့ လုံးဝ သတိမထားမိပေ။
နှစ်ပေါင်းများစွာ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့ရမှုကြောင့် အနည်းငယ် အရောင်မှိန်နေသော မျက်လုံးများမှာ ယခုအခါ ပြူးကျယ်နေပြီး မျက်လုံးအိမ်ထဲမှပင် ပြုတ်ထွက်လာတော့မည့်အလား ဖြစ်နေလေသည်။
သူက လက်ဖက်ရည်ပန်းကန်ကို ရုတ်တရက် ချလိုက်၏။ ထို့နောက် စားပွဲစွန်းကို လက်နှစ်ဖက်ဖြင့် ထောက်ပြီး ပုံကြမ်းနှင့် သူ့မျက်နှာ နီးကပ်သွားသည်အထိ ကိုင်းညွတ်လိုက်ရာ သူ့နှာခေါင်းနှင့် ပုံကြမ်းပင် ထိလုမတတ် ဖြစ်သွားလေသည်။
"ဒါ... ဒါ မင်းဆွဲထားတာလား"
သူ့အသံများမှာ မယုံကြည်နိုင်လွန်းသဖြင့် ကတုန်ကယင် ဖြစ်နေ၏။
ပုံကြမ်းပေါ်ရှိ ဖြောင့်တန်းနေသော မျဉ်းကြောင်းများ၊ မီလီမီတာအထိ တိကျသော အမှတ်အသားများ၊ ရှင်းလင်းပြတ်သားသော တည်ဆောက်မှု အပိုင်းအခြားများ...။ ဤသည်ကား ရိုးရိုး ပုံကြမ်းတစ်ခု မဟုတ်တော့ပေ။
*သောက်ကျိုးနည်း…၊ ကွန်မြူနတီ ဆောက်လုပ်ရေးစခန်းက အင်ဂျင်နီယာဝမ် ဆွဲထားတဲ့ ပုံကြမ်းတွေထက်တောင် ပိုအသေးစိတ်ပြီး တိကျနေသေးတယ်။*
ချန်ကွမ်လင်တစ်ယောက် စစချင်းမှာ အံ့အားသင့်ပြီးနောက် တဖြည်းဖြည်း စိတ်ရှုပ်ထွေးသွားတော့သည်။
ပုံကြမ်းများပေါ်ရှိ အပြင်အဆင်များကို ငုံ့ကြည့်ပြီး သူ အမှတ်တမဲ့ ရေရွတ်လိုက်သည်။
"အဓိက အခန်းသုံးခန်း၊ အရှေ့နဲ့ အနောက် ဘေးအဆောင်တွေ...၊ ဒီအပြင်အဆင်က လင်းလင်းကျင်းကျင်းနဲ့ ကျယ်ကျယ်ဝန်းဝန်း ရှိတယ်။ ဟင်... သီးသန့် မီးဖိုချောင် ဟုတ်လား၊ ဒါက ဘာလဲ"
"မီးဖိုက ကန် (အပူပေး အုတ်ကုတင်) နဲ့ မချိတ်ထားရင် ဆောင်းတွင်းကျ ဘယ်လိုလုပ် နွေးမလဲ"
သူ့လက်ညှိုးက ထူးဆန်းသော မျဉ်းကြောင်းတစ်ကြောင်းကို ခြေရာခံရင်း
"မီးခိုးပြွန်…၊ မီးခိုးက နံရံကို ဖြတ်သွားတာလား။ ဟား… စိတ်ဝင်စားစရာပဲ"
ထို့နောက် စားသောက်ခန်းဟု တံဆိပ်ကပ်ထားသော လေးထောင့်ကွက်တစ်ခုပေါ်သို့ သူ့အကြည့် ရောက်သွားသောအခါ လုံးဝ ကြောင်အမ်းသွားပြန်သည်။
"သန့်စင်ခန်း”
သူက စာလုံးတစ်လုံးချင်းစီကို နှေးကွေးစွာ အသံထွက်ဖတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင်လည်း မေးခွန်းထုတ်ချင်စိတ်များ အပြည့်ဖြစ်နေသည်။
"ဒါ ဘာကြီးလဲဟ"
သူက အတွင်း၌ ရေးဆွဲထားသော တွင်းတစ်ခုနှင့် ရေကန်တစ်ခုကို လက်ညှိုးထိုးပြပြီးနောက် ချန်ရှင်းဘက်လှည့်ကာ သိချင်စိတ်ပြင်းပြနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒါက... ယင်လုံအိမ်သာလား"
ချန်ရှင်းက ခေါင်းညိတ်လိုက်ပြီး
"ဒီလိုပါပဲ။ ရေချိုးလို့လည်း ရတယ်၊ ပြီးတော့ အဲဒီအိမ်သာကို လိုအပ်သလို အသုံးပြုလို့ရတယ်။ အဲဒါကြောင့် သန့်စင်ခန်းလို့ ခေါ်တာပါ"
"ဘာ”
ချန်ကွမ်လင်၏ မျက်လုံးများ ပြူးသထက် ပြူးထွက်သွား၏။
"အိမ်သာကို အိမ်ထဲမှာ ဆောက်ထားတာလား။ အဲဒါ လူတွေကို အသက်ရှူကျပ်အောင် လုပ်နေတာ မဟုတ်ဘူးလား"
"ဦးလေး... ဒါကို ကြည့်"
ချန်ရှင်းက ပုံကြမ်းပေါ်ရှိ ရှုပ်ထွေးသော ပိုက်လိုင်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါကို ရေဆိုးထုတ်ပိုက်လို့ ခေါ်တယ်။ ညစ်ပတ်နေတဲ့ ရေတွေအကုန်လုံးက ဒီပိုက်ကနေတစ်ဆင့် အိမ်နောက်က ရေမြောင်းထဲကို စီးသွားမှာမလို့ အိမ်က လုံးဝ သန့်ရှင်းပြီး အနံ့အသက်ကင်းနေမှာပါ"
"“
ချန်ကွမ်လင် တိတ်ဆိတ်သွားသည်။
သူသည် ပုံကြမ်းပေါ်ရှိ ရင်းနှီးကျွမ်းဝင်မှုမရှိသော အသုံးအနှုန်းများနှင့် သူ ဘယ်သောအခါမှ မတွေးကြည့်ဖူးသည့် ခပ်မိုက်မိုက် ဒီဇိုင်းများကို ငေးကြောင်စွာ ကြည့်နေပြီး သူ့စိတ်အာရုံမှာ လုံးဝ ဗလာကျင်းနေလေသည်။
သူ နားမလည်နိုင်သော်လည်း နက်နက်ရှိုင်းရှိုင်းကို တုန်လှုပ်သွားရ၏။
ဤအချိန်တွင် သူ့ဘဝတစ်ဝက်ခန့် စုဆောင်းလာခဲ့သမျှ အသိပညာများအားလုံးက ဤပါးလွှာသော စက္ကူတစ်ရွက်ကြောင့် လုံးဝ သုတ်သင်ခံလိုက်ရလို ခံစားလိုက်ရသည်။
သူ ခေါင်းကို ဖြည်းညင်းစွာ မော့ပြီး ချန်ရှင်းကို ထပ်ကြည့်လိုက်သည်။
သူ့မျက်လုံးများက လုံးဝ ပြောင်းလဲသွားချေပြီ။ အရင်တုန်းကဆိုလျှင် အမဲလိုက်တော်ပြီး အရည်အချင်းရှိသော လူငယ်တစ်ယောက်အပေါ် လူကြီးတစ်ယောက်၏ အသိအမှတ်ပြု လေးစားမှုမျိုးသာ ဖြစ်သည်။ သို့သော် ယခုအခါမှာတော့ သူ့မျက်လုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း ရိုသေလေးစားမှုများ ပြည့်နှက်နေလေသည်။
*ဒီကောင်လေးက... အမဲလိုက်နတ်ဘုရားလောက်ပဲ မဟုတ်ဘူးဟ*
*ကျားတစ်ကောင်ကို လက်ဗလာနဲ့ သတ်နိုင်တဲ့ လူကြမ်းတစ်ယောက်က ကွန်မြူနတီက အင်ဂျင်နီယာတွေတောင် မစဉ်းစားမိတဲ့ ပုံကြမ်းတွေကို ဆွဲနိုင်ပြီး ဒီလို နတ်ဘုရားအကြံဉာဏ်တွေကို ထုတ်နိုင်တယ် ဆိုတော့...*
*ဒီကောင် လူမှ ဟုတ်သေးရဲ့လားကွာ*
အခန်း ၄၂ - ချီလင် မင်းသားလေးကို ခေါ်ယူခြင်း
ချန်ကွမ်လင်တစ်ယောက် ရင်တဒိုင်းဒိုင်း ခုန်လာပြီး သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဖျတ်ခနဲ ဝင်ရောက်လာသည်။
*ဒါ သာမန်လူ မဟုတ်ဘူး။ ဒါ လူ့ပြည်ကို ဆင်းသက်လာတဲ့ နတ်သားတစ်ပါး၊ ချင်ရွှေရွာကို ကြီးပွားတိုးတက်စေဖို့ ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ အံ့ဖွယ်လူသားပဲ။*
ထိုသို့တွေးမိသောအခါ ချန်ကွမ်လင် တစ်ကိုယ်လုံး တုန်ယင်လာသည်အထိ စိတ်လှုပ်ရှားသွားလေသည်။
ထို့နောက် သူက စားပွဲကို ဝုန်းခနဲ မြည်အောင် ရိုက်ချလိုက်ရာ အနားတွင် ရေငှဲ့နေသော မိန်းမဖြစ်သူပင် လန့်ဖြန့်သွားရ၏။
"ဆောက်လိုက်စမ်းကွာ...၊ မင်းရဲ့ ပုံကြမ်းတွေအတိုင်း တစ်ပုံစံတည်း ဆောက်ပစ်လိုက်"
ချန်ကွမ်လင်က မတ်တတ်ထရပ်လိုက်ပြီး အခန်းထဲတွင် ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ သူ့မျက်နှာအမူအရာကလည်း မကြုံစဖူး စိတ်လှုပ်ရှားမှုနှင့်အတူ လေးနက်မှုတို့ပါ ဒွန်တွဲနေလေသည်။
"မင်း အိမ်စုတ်လေး တက်ဆောက်ထားတဲ့ မြေက ကျဉ်းလွန်းတယ်။ ဒီလို အိမ်ကောင်းကြီးနဲ့ မထိုက်တန်ဘူး"
သူ ရုတ်တရက် ရပ်တန့်သွားပြီး ပြတင်းပေါက်အပြင်ဘက်ကို လက်ညှိုးထိုးကာ ကျယ်လောင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"ရွာအရှေ့ဘက် ချောင်းဘေးက မြေကွက်ကို မင်း မှတ်မိလား။ အဲဒီနေရာက ကုန်းမြင့်ပြီး ကျယ်ဝန်းသလို အလင်းရောင်လည်း ကောင်းကောင်းရတယ်။ လူတွေအများကြီးက အဲဒီမြေကို မျက်စိကျနေကြတာ...၊ ဒါပေမဲ့ ငါ ဘယ်သူ့ကိုမှ ခွင့်မပြုခဲ့ဘူး။ ဒီနေ့တော့ မင်းဦးလေးက ဆုံးဖြတ်လိုက်ပြီ၊ အဲဒီမြေက မင်းအတွက်ပဲ"
ထိုမြေသည် ရွာတစ်ရွာလုံးတွင် အိမ်ဆောက်ရန် အကောင်းဆုံး မြေနေရာ၊ ဖုန်းရွှေပညာအရ အလွန်ကောင်းသော ရတနာမြေအဖြစ် အားလုံးက အသိအမှတ်ပြုထားကြခြင်း ဖြစ်သည်။
ယခုအချိန်မှာတော့ ချန်ကွမ်လင်တစ်ယောက် အစွမ်းကုန် ပုံအောလိုက်ပြီဖြစ်သည်။ အံ့ဖွယ်ကောင်းသော ဤလူငယ်လေးကို ချင်ရွှေရွာနှင့် ခိုင်ခိုင်မာမာ ဆက်စပ်ထားနိုင်ရန် စေတနာအပြည့်အဝ သူသုံးပစ်ချင်နေသည်။
ချန်ရှင်းကို သူ ကြည့်နေသည့် အကြည့်များမှာ ရှားပါးရတနာတစ်ပါးကို ကြည့်နေရသည့်အလား ပြင်းပြနေတော့သည်။
"ချန်ရှင်း...၊ နောက်နောင် ရွာမှာ တစ်ခုခုဖြစ်လာရင် မင်းပဲ အကြံဉာဏ်တွေ ပိုထုတ်ပေးရမှာနော်။ ဦးလေးက... ဦးလေးက အသက်လည်းကြီးပြီ၊ အမြင်လည်း မကျယ်တော့ဘူး။ ချင်ရွှေရွာရဲ့ အနာဂတ်က အရည်အချင်းမြင့်မြင့်နဲ့ အမြော်အမြင်ရှိတဲ့ မင်းလို လူငယ်တွေအပေါ်မှာပဲ မူတည်နေတာ"
ချန်ကွမ်လင်က စစ်မှန်သော ရိုသေလေးစားမှု၊ အားကျမြတ်နိုးမှုတို့ဖြင့် ချန်ရှင်းကို တလေးတစား 'မင်း' ဟု သုံးနှုန်းကာ ခေါ်ဝေါ်ပြောဆိုလိုက်ခြင်းပင်။
ချန်ရှင်းက သူ၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့...၊ ဦးလေး ပြောတဲ့အတိုင်း လုပ်ပါ့မယ်"
သူက ပုံကြမ်းများကို ပြန်လိပ်ကာ အိတ်ကပ်ထဲ ထည့်လိုက်ပြီး နှုတ်ဆက်ရန် မတ်တတ်ရပ်လိုက်လေသည်။
......
ချန်ရှင်းတစ်ယောက် ရှေးဟောင်းအုတ်ခဲပြာနှင့် အုတ်ကြွပ်မိုး အိမ်ကြီးတစ်လုံး ဆောက်တော့မည်ဟူသော သတင်းက ရွာလူကြီး ချန်ကွမ်လင်၏ ခြံဝင်းထဲမှနေ၍ တောမီးပမာ ပျံ့နှံ့သွားပြီး ညတွင်းချင်းပင် ချင်ရွှေရွာ၏ ထောင့်တစ်နေရာမကျန် ရောက်ရှိသွားတော့သည်။
"မင်းတို့ ကြားပြီးပြီလား...၊ ချန်ရှင်းက အိမ်အသစ်ဆောက်တော့မလို့တဲ့"
"ဘာအိမ်အသစ်လဲ၊ အဟောင်းကို ပြန်ပြင်ရုံလေးပါ"
"နင့်ခြေမပဲ နင်ပြန်ပြင်လိုက်၊ သူက ဖျက်ပြီး အသစ်ပြန်ဆောက်မှာဟ၊ အုတ်ပြာနဲ့ဆောက်ပြီး အုတ်ကြွပ်မိုးမယ့် အိမ်ကြီး။ ရွာလူကြီးကိုယ်တိုင် မြေနေရာ အတည်ပြုပေးလိုက်ပြီတဲ့။ ဟောဒီ ရွာအရှေ့ဘက်က မင်္ဂလာ မြေနေရာမှာလေ"
ထိုသတင်းက တိတ်ဆိတ်နေသော ရွာလေးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားစေရန် လုံလောက်နေပေသည်။
သို့သော် နောက်ဆက်တွဲ ထွက်ပေါ်လာသော ဒုတိယမြောက် သတင်းကတော့ လူတိုင်း၏ စိတ်ကို ဝုန်းခနဲ နိုးကြားသွားစေတော့သည်။
"ချန်ရှင်းက အလုပ်သမားတွေ လိုချင်နေတာတဲ့၊ အိမ်ဆောက်ဖို့ အကူအညီ လိုနေတာ"
"အလုပ်သမား ငှားတာက သာမန်ပါပဲကွာ။ အိမ်ဆောက်ရင် ဘယ်သူမဆို အကူအညီ တောင်းကြတာပဲလေ"
"အကူအညီ...၊ ဒီတစ်ခါတော့ မတူဘူးကွ။ ချန်ရှင်းက အလုပ်လာလုပ်တဲ့သူတွေကို တစ်နေ့ သုံးနပ် ကျွေးမယ်တဲ့။ ဟင်းတိုင်းမှာ အသားပါတယ်တဲ့။ ပြီးတော့ အလုပ်ပြီးရင် လုပ်အားခပါ ပေးဦးမှာတဲ့"
ထမင်းကျွေးတယ်...
အသားပါတယ်...
လုပ်အားခ ပေးတယ်...
အသားတစ်ပေါင် ရရုံဖြင့် မိသားစုတစ်စုလုံး လဝက်ခန့် ပျော်ရွှင်နိုင်ပြီး တစ်နှစ်ပတ်လုံး ဆီတစ်စက်တောင် မြင်ရဖို့ ခဲယဉ်းလှသော ခေတ်ကာလတွင် ဤအရာက ဘာကို ဆိုလိုပါသနည်း။
ဤသည်က ကောင်းကင်ဘုံကနေ ပြုတ်ကျလာသည့် ရတနာသိုက်ကြီး အလားပင်။
ချင်ရွှေရွာတစ်ရွာလုံး ပွက်လောရိုက်သွားတော့သည်။
လယ်လုပ်နေသူများက ပေါက်ပြားများကို လွှင့်ပစ်လိုက်ကြသည်။ ဝက်စာကျွေးနေသူများက ဝက်စာခွက်များကို ပစ်ထားခဲ့ကြသည်။ အမျိုးသမီးများက ဖိနပ်ခြေခံများကို ဆက်ချုပ်ရန် အချိန်မရှိတော့သလို အမျိုးသားများမှာလည်း ဆေးတံသောက်ရန်ပင် အချိန်မရှိတော့ပေ။
လူတိုင်းက တို့ဆေးမိထားသည့်အလား ချန်ရှင်း၏ စုတ်ပြတ်နေသော ခြံဝင်းလေးဆီသို့ အရူးအမူး ပြေးသွားကြတော့သည်။
ထိုမြင်ကွင်းက တရုတ်နှစ်သစ်ကူး ပွဲဈေးတန်းထက်ပင် ပိုမို စည်ကားနေလေသည်။
"ချန်ရှင်း... ချန်ရှင်း... ငါ့ကိုပါ ထည့်တွက်ပေးပါဦး။ ငါက သန်မာတယ်ကွ၊ လူနှစ်ယောက်စာလောက် လုပ်နိုင်တယ်"
"ငါ့ကိုရောပဲ...၊ ငါက နံရံဆောက်တတ်တယ်။ ငယ်ငယ်တုန်းက လက်သမားဆရာကြီးဆီက သင်ထားဖူးတယ်"
"ငါ့ကို ရွေး၊ ငါ့ကို ရွေး၊ ငါ အကုန်လုပ်နိုင်တယ်"
ချန်ရှင်း၏ အစောကတည်းက ပျက်စီးနေပြီးသား ခြံတံခါးလေးမှာ စိတ်အားထက်သန်နေသော ရွာသားများ၏ တိုးဝှေ့မှုကြောင့် မည်သည့်အချိန် ပြိုကျသွားမည်မသိရဘဲ တကျွီကျွီသာ မြည်နေတော့သည်။
ရွှီချင်းချင်းက ခြံဝင်းထဲတွင် ရပ်လျက် ဤမြင်ကွင်းကို ကြည့်ရင်း စိတ်လှုပ်ရှားလွန်းသဖြင့် သူမ၏ မျက်နှာလေးမှာ နီမြန်းနေလေသည်။
သူမက ချန်ရှင်းပေးထားသော စက္ကူနှင့် ခဲတံကို ကိုင်လျက် နာမည်များကို ကပျာကယာ ရေးမှတ်နေသော်လည်း လာရောက်စာရင်းပေးသူမှာ များပြားလွန်းသည့်အပြင် ဆူညံသံများကလည်း ကျယ်လောင်လွန်းသောကြောင့် သူမခမျာ ချွေးများပင် ရွှဲရွှဲစိုနေရှာတော့သည်။
ကျောက်ဖန်းအာကလည်း သူမ ဘေးတွင်ရပ်ကာ လူစုလူဝေးကို စနစ်တကျဖြစ်အောင် ကူညီပေးနေသော်လည်း သူမ အသံမှာ အော်ဟစ်ရလွန်းသဖြင့် အသံပင် ဝင်လုမတတ် ဖြစ်နေလေပြီ။
"မတိုးကြနဲ့လေ...၊ အစဉ်လိုက် တန်းစီကြပါ။ တစ်ယောက်ချင်းစီ လာကြပါ"
ကျယ်လောင်ပြတ်သားသော အော်ဟစ်သံကြီးတစ်ခုက ဆူညံသံအားလုံးကို လွှမ်းမိုးသွားလေသည်။
အင်္ကျီ လုံးဝ မပါဘဲ ဖုထစ်နေသော ကြွက်သားများနှင့် ကြေးနီရောင် အသားအရေကို ထုတ်ပြထားသည့် ချန်အယ်တန့်က သူတို့ရှေ့တွင် သံမဏိမျှော်စင်ကြီးတစ်ခုပမာ မတ်မတ်ရပ်နေလေသည်။
သူက ချန်ရှင်းရှိရာသို့ အပြေးလေး သွားလိုက်ပြီး ယပ်တောင်ကြီးပမာ ကြီးမားလှသော လက်ကြီးများဖြင့် ရင်ဘတ်ကို တဘန်းဘန်းမြည်အောင် ပုတ်ပြလိုက်ကာ
"အစ်ကိုကြီး ချန်ရှင်း...၊ ကျွန်တော့်နာမည်ကို မှတ်နေဖို့ မလိုပါဘူး။ အစ်ကိုကြီးအတွက် အလုပ်လုပ်ပေးရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ ကျွန်တော် ဘာလုပ်အားခမှ မယူပါဘူး၊ တစ်ပြားမှ မလိုချင်ပါဘူး။ ကျွန်တော့်ကို ထမင်းလေး ကျွေးရင်ကို ကျေနပ်ပါပြီဗျာ၊ အစ်ကိုကြီးအတွက် အလုပ်လုပ်ပေးရတာကိုက ပျော်စရာပါ"
သူက မျက်နှာကြီး နီရဲကာ လည်ပင်းကြောများ ထောင်ထလာသည်အထိ အော်ဟစ်လိုက်ပြီး သူ့မျက်လုံးထဲတွင်လည်း ဖုံးကွယ်မရသော ကြည်ညိုလေးစားမှုများ ပြည့်နှက်နေလေသည်။
ဘေးပတ်ဝန်းကျင်မှ ရွာသားများမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပို၍ ပို၍ စိတ်လှုပ်ရှား လာကြတော့သည်။
ချန်အယ်တန့်ကဲ့သို့ ကျွမ်းကျင်အလုပ်သမားတစ်ယောက်ပင် လုပ်အားခမယူဘဲ အလုပ်ရရန် အသည်းအသန် ကြိုးစားနေရသည်ဆိုလျှင် ဤအလုပ်မှာ မည်မျှအထိ လိုချင်စရာကောင်းနေမည်နည်း။
လူအုပ်ကြီးမှာ အုန်းအုန်းကြက်ကြက် ဆူညံနေ၏။ သို့သော် ခြံဝင်း ထောင့်စွန်းရှိ ကြောင်လျှာပင်ကြီးအောက်တွင် ကလေးငယ်တစ်ဦး ပွေ့ချီထားသည့် ပိန်လှီလှသော ပုံရိပ်လေးတစ်ခု အချိန်အတော်ကြာ ရပ်နေသည်ကိုတော့ မည်သူမှ သတိမထားမိကြပေ။
ထိုသူမှာ ရွာထဲမှ မုဆိုးမလေး လင်းရှို့ရှို့ ပင် ဖြစ်သည်။
သူမက သမီးဖြစ်သူ မြောင်မြောင်လေးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပိုက်ထွေးထားရင်း တွေဝေငေးမောနေကာ ရှေ့သို့ တိုးမသွားရဲရှာပေ။
ချန်ရှင်းက လူငှားနေပြီး ထမင်းကျွေးသည့်အပြင် အသားဟင်းပါ ကျွေးမည်ဟု သူမ ကြားခဲ့ရသည်။
*အသားဟင်းတဲ့လေ...*
လင်းရှို့ရှို့ တံတွေးတစ်ချက် မျိုချမိလိုက်ပြီး ဗိုက်ထဲမှလည်း သံစုံတီးဝိုင်းသံများ ထွက်ပေါ်လာသည်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြီးကတည်းက အသားဟင်းနံ့ မရခဲ့သည်မှာ မည်မျှကြာခဲ့ပြီမှန်းပင် မသိတော့ချေ။
ဗိုက်ဆာသည်ကို သူမ အောင့်ထားနိုင်သော်လည်း သုံးနှစ်အရွယ်သာ ရှိသေးသော သမီးလေး မြောင်မြောင်မှာတော့ ကြီးထွားကာစဖြစ်သည့်အတွက် အမြဲတစေ ဆာလောင်နေရရှာသည်။ ကလေး၏ မျက်နှာလေးမှာလည်း ဖျော့တော့နေကာ ဆံပင်များမှာလည်း ခြောက်ကပ်နေတော့၏။
မြောင်မြောင်လေးက သူမ ပုခုံးကို မှီရင်း ခြံထဲရှိ အရပ်ရှည်ရှည် လူကြီးကို အထိတ်တလန့် လှမ်းကြည့်နေရှာသည်။ ထို့နောက် ခပ်တိုးတိုးလေး ပြောလိုက်၏။
"မေမေ...၊ အသားဟင်းနံ့လေးက မွှေးလိုက်တာနော်"
သမီးလေး၏ စကားက လင်းရှို့ရှို့၏ နှလုံးသားကို အပ်နှင့်ထိုးသကဲ့သို့ နာကျင်သွားစေသည်။ သူမ၏ မျက်ဝန်းအိမ်ထဲတွင် မျက်ရည်များ ဝဲတက်လာပြီး ပါးပြင်ပေါ်သို့ စီးကျလုမတတ်ပင်။
*သမီးလေးအတွက်တော့ ငါ ဒီနေ့ အစွမ်းကုန် ကြိုးစားကြည့်ရမယ်*
သူမ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်၏။ သို့သော်လည်း သူမက အားကိုးရာမဲ့နေသည့် မုဆိုးမတစ်ဦးသာ ဖြစ်သည်။ အိမ်ဆောက်ရန် သန်မာသော အလုပ်သမားများသာ လိုအပ်လေရာ သူမကဲ့သို့ အားနွဲ့သူကို မည်သူက အလုပ်ပေးမည်နည်း။
သူမက အင်္ကျီစကို တင်းတင်းဆုပ်ရင်း ဖြူဖျော့နေတော့သည်။ သူမ၏ ခြေထောက်များမှာလည်း ခဲဆွဲထားသကဲ့သို့ လေးလံနေပြီး ရှေ့သို့ တစ်လှမ်းပင် မတိုးဝံ့ရှာပေ။
ထိုအချိန်တွင် စာရင်းမှတ်နေသည့် ရွှီချင်းချင်းက အမှတ်မထင် ခေါင်းမော့ကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် ရပ်နေသော သနားစဖွယ် သားအမိနှစ်ယောက်ကို တွေ့ရှိသွားလေသည်။
လင်းရှို့ရှို့၏ မျက်လုံးထဲမှ ရုန်းကန်ရမှုများနှင့် သူမရင်ခွင်ထဲမှ ကလေးငယ်၏ တမ်းတနေသော အကြည့်များကို မြင်လိုက်ရသောအခါ မိန်းမသားချင်း ကိုယ်ချင်းစာသွားပြီး ရွှီချင်းချင်း၏ နှလုံးသားက နူးညံ့သွားလေသည်။
တစ်ဆက်တည်းမှာပင် သူမ၏ အတိတ်ကို ပြန်လည်သတိရမိလိုက်၏။ အကယ်၍ ချန်ရှင်းသာ ပြောင်းလဲမလာခဲ့လျှင် သူမသည်လည်း လင်းရှို့ရှို့ထက်ပင် ပိုမို သနားစရာကောင်းနေဦးမည် မဟုတ်ပါလား။
သူမက ချန်ရှင်း၏ အင်္ကျီလက်စကို ဆွဲလိုက်ပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
ချန်ရှင်း၏ အကြည့်က ရွှီချင်းချင်း ညွှန်ပြသည့်အတိုင်း လင်းရှို့ရှို့အပေါ်သို့ ကျရောက်သွားလေသည်။
ချန်ရှင်းနှင့် အကြည့်ချင်းဆုံလိုက်ရချိန်တွင် လင်းရှို့ရှို့မှာ ထိတ်လန့်နေသော ယုန်လေးတစ်ကောင်လို ပုန်းကွယ်သွားချင်စိတ်များ ချက်ချင်း ပေါ်လာတော့သည်။ သို့သော်လည်း ရင်ခွင်ထဲမှ သမီးလေး၏ ပိန်ချည့်နေသော မျက်နှာလေးကို မြင်လိုက်ရချိန်မှာတော့ သူမအနေဖြင့် ဘယ်ကမှန်းမသိသော သတ္တိများ ရရှိလာပြီး လူအုပ်ကြားထဲမှ တိုးဝှေ့ထွက်လာခဲ့လေသည်။
ချန်ရှင်း အရှေ့သို့ သူမ ရောက်လာသောအခါ ကြောက်ရွံ့မှုနှင့် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှုတို့ကြောင့် ခေါင်းကို ငုံ့ထားပြီး မော့မကြည့်ရဲဘဲ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"အစ်ကို… အစ်ကိုချန်...၊ ကျွန်မ... ကျွန်မမှာ အပင်ပန်းခံနိုင်တဲ့ ခွန်အားတော့ မရှိပါဘူး။ ဒါပေမဲ့... ကျွန်မ ဟင်းချက်တတ်ပါတယ်၊ မီးဖိုချောင်ထဲမှာ ဝိုင်းကူပေးလို့ ရတယ်၊ ဟင်းသီးဟင်းရွက်တွေ ဆေးပေးမယ်၊ မီးမွှေးပေးမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ အကုန်လုပ်ပါ့မယ်"
သူမက ရှိသမျှ သတ္တိများကို စုစည်းပြီး ခေါင်းမော့လိုက်ရာ သူမ၏ ကြည်လင်သော မျက်ဝန်းလေးထဲတွင် တောင်းပန်တိုးလျှိုးမှုများ ပြည့်နှက်နေသည်ကို ချန်ရှင်း တွေ့လိုက်ရတော့သည်။
"ကျွန်မ... ကျွန်မ လုပ်အားခ တစ်ပြားမှ မယူပါဘူး။ ကျွန်မ တောင်းပန်ပါတယ်။ သားအမိနှစ်ယောက် ဗိုက်ဝရုံလေး... ထမင်းလေးတစ်လုပ် စားရဖို့အတွက်ပါပဲ။ ကျွန်မကို မီးဖိုချောင်မှာ အလုပ်ပေးပါဦးရှင်"
စကားအဆုံးမှာတော့ သူမ၏ အသံလေးက တုန်ရီလာတော့သည်။ သူမ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲနေသော်လည်း ငိုမချမိစေရန် အစွမ်းကုန် ထိန်းထားရှာလေသည်။