အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း ၄၃ - နတ်ဘုရားအဆင့် နည်းလမ်းများ
သူမသည် နဂိုကတည်းက ခပ်သွယ်သွယ်လေး ဖြစ်ပြီး ယခု ကာလရှည်ကြာ အာဟာရချို့တဲ့မှုကြောင့် သိသိသာသာ ပိန်ချုံးနေလေသည်။ အရောင်လွင့်နေသော အဝတ်ဟောင်းများကို ဝတ်ဆင်ထားပြီး သွေးဆုတ်နေသယောင် ဝါဖျော့ဖျော့ မျက်နှာလေးနှင့်မို့ သူမပုံစံက ပို၍ပင် သနားစရာကောင်းနေကာ မြင်ရတိုင်း အလိုလို ကရုဏာသက်မိစေသည်။
ပွက်လောရိုက်နေသော ရွာသူရွာသားများမှာလည်း တိတ်ဆိတ်သွားကြပြီး ဤမြင်ကွင်းကို ကြည့်ရင်း လူအများစု၏ မျက်နှာထက်တွင် စာနာသနားမှုများ ပေါ်လွင်နေလေသည်။
ချန်ရှင်း၏ အကြည့်က သူမ၏ သွယ်လျနုနယ်ကာ အသနားခံနေရှာသော မျက်နှာလေးပေါ် ကျရောက်သွားပြီးမှ သူမ ရင်ခွင်ထဲရှိ သမီးလေးထံသို့ ရွေ့လျားသွားခဲ့သည်။ ကလေးမလေးခမျာ ပိန်လွန်းလှသဖြင့် မျက်လုံးပြူးပြုးကြီးများသာ ကျန်နေတော့သည်။
ကလေးငယ်၏ မျက်ဝန်းများက အပြစ်ကင်းစင်လွန်းလှသော်လည်း ထိုမျက်ဝန်းများထဲတွင် အစားအစာအတွက် ဆာလောင်တောင့်တမှု အပြည့်ရှိနေသည်။
ချန်ရှင်း မျက်မှောင် အနည်းငယ် ကြုတ်သွား၏။
သူ ချက်ချင်း အဖြေမပေးလိုက်ပေ။ ခြံဝင်းတစ်ခုလုံး၏ လေထုက ရုတ်ချည်း အေးစက်တိတ်ဆိတ်သွား၏။
လင်းရှို့ရှို့၏ နှလုံးသားလေးမှာလည်း မျှော်လင့်ချက်မဲ့စွာဖြင့် အောက်ဆုံးအထိ ထိုးကျသွားတော့သည်။
သူမအနေနှင့် ဖြစ်နိုင်ခြေမရှိသော အရာကို မျှော်လင့်နေမိမှန်း သူမကိုယ်သူမ ကောင်းကောင်းသိလိုက်လေပြီ။
ရှက်ရွံ့အားငယ်မှုများနှင့်အတူ ကလေးကို ပွေ့ချီကာ လှည့်ထွက်လာခဲ့ပြီး ဤနေရာမှ အမြန်ဆုံး ထွက်ပြေးချင်စိတ်သာ ရှိတော့သည်။
ထိုစဉ်မှာပင် ချန်ရှင်း၏ တည်ငြိမ်ပြတ်သားသော အသံက သူမ၏ နောက်ဘက်မှ ထွက်ပေါ်လာ၏။
ထိုစကားက လင်းရှို့ရှို့ကို ပြောခြင်းမဟုတ်ဘဲ သူ့နံဘေးမှ စာရွက်နှင့် ဘောပင် ကိုင်ထားသော ရွှီချင်းချင်းအား တိုက်ရိုက် လှမ်းပြောလိုက်ခြင်းပင်။
"သူ့နာမည်ကို မှတ်လိုက်"
လင်းရှို့ရှို့၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး မယုံနိုင်စွာ လှည့်ကြည့်လာသည်။
ချန်ရှင်း၏ အသံက ဆက်ထွက်ပေါ်လာပြီး ထိုနေရာရှိ လူအားလုံး၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ဝင်ရောက်သွားလေသည်။
"မီးဖိုချောင်အကူ…၊ လုပ်အားခကတော့ တခြားသူတွေနဲ့ အတူတူပဲ၊ တစ်ပြားတစ်ချပ်မှ လျှော့မပေးဘူး"
လင်းရှို့ရှို့မှာ လုံးဝကို အံ့အားသင့်သွားပြီး ထိုနေရာမှာပင် ကြက်သေသေနေမိတော့သည်။
ချန်ရှင်း၏ တည်ကြည်ပြီး နွေးထွေးလုံခြုံမှု ပေးစွမ်းနိုင်သော အကြည့်ကို မြင်လိုက်ရသည့်အခါမှာတော့...
တင်းခံထားသမျှ မျက်ရည်များမှာ သူမ၏ ပါးပြင်ထက်သို့ အတားအဆီးမဲ့ စီးကျလာတော့သည်။
ကလေးကို ပွေ့ချီထားလျက်နှင့်ပင် သူမက ဗြုန်းခနဲ မြေပြင်ပေါ် ဒူးထောက်ချလိုက်ရန် ပြင်လိုက်ပြီး မပီကလာ ပီကလာနှင့် အထပ်ထပ်အခါခါ ရေရွတ်နေတော့သည်။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် အစ်ကိုချန်...၊ ကျေးဇူးတင်ပါတယ် မမချင်းချင်း”
ချန်ရှင်းက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမ၏ ဒူးများ မြေပြင်နှင့် မထိခင်မှာပင် ရှေ့သို့ တစ်လှမ်းတိုးကာ လက်နှစ်ဖက်ဖြင့် ခိုင်မြဲစွာ လှမ်းထိန်းပေးလိုက်သည်။
သူ့လှုပ်ရှားမှုများက အလွန် စည်းစနစ်ကျလွန်းလှသည်။ သူမ၏ လက်မောင်းကိုသာ လှမ်းကိုင်ခဲ့ပြီး အခြား မလိုအပ်သော အထိအတွေ့မျိုး လုံးဝမရှိစေခဲ့ပေ။
"အလုပ်လုပ်ပြီး ထမင်းစားရုံ ကိစ္စလေးကိုဗျာ...၊ ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး"
ချန်ရှင်း၏ လေသံမှာ အေးစက်တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့် ခံစားချက်ကိုမှ ထုတ်ဖော်ပြသခြင်း မရှိပေ။
ထူမပေးခံလိုက်ရသဖြင့် လင်းရှို့ရှို့ မတ်တတ်ရပ်လိုက်နိုင်သော်လည်း၊ သူမ၏ မျက်ရည်များကမူ ကြိုးပြတ်သွားသော ပုလဲကုံးလေးအလား ပါးပြင်ထက်တွင် တသွင်သွင် စီးဆင်းနေကာ တားဆီး၍ မရနိုင်အောင် ဖြစ်နေရှာသည်။
သူမက ချန်ရှင်းအား ထပ်မကြည့်ရဲတော့ပေ။ အလွန်အမင်း ကျေးဇူးတင်လွန်းလှသဖြင့် စကားတစ်ခွန်းမှ မဆိုနိုင်တော့ဘဲ ဘေးနားရှိ ရွှီချင်းချင်းကိုသာ ဆက်တိုက်ဆိုသလို ခါးကိုင်း အရိုအသေပေးနေမိတော့သည်။
သူမ ချန်ရှင်းအပေါ် ကြည့်သည့် အကြည့်များက လုံးဝကို ပြောင်းလဲသွားခဲ့ချေပြီ။
ထိုအကြည့်များထဲတွင် အတိုင်းအဆမရှိ ကျေးဇူးတင်မှုတို့အပြင် နတ်ဘုရားတစ်ပါးလို ကိုးကွယ်ယုံကြည်ချင်စိတ်ပေါက်လာလောက်အောင် ကြည်ညိုလေးစားမှုတို့ပါ ထပ်ဆောင်း ကိန်းဝပ်နေတော့သည်။
ရွာသူရွာသားများမှာလည်း ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အပ်ကျသံပင် ကြားရလောက်အောင် တခဏမျှ တိတ်ဆိတ်သွားကြလေသည်။
အစပိုင်းတုန်းကတော့ မုဆိုးမတစ်ယောက်ကို ဟင်းချက်အကူအဖြစ် ငှားရမ်းခြင်းမှာ ချန်ရှင်းတစ်ယောက် ဖောက်ပြန်ချင်စည့် ရည်ရွယ်ချက်များ ရှိနေမလားဟု တွေးပြီး မနာလို မရှုဆိတ်ဖြစ်ခဲ့ကြသူ တချို့လည်း ရှိခဲ့သည်။
သို့သော် ယခုအခါမှာတော့ ချန်ရှင်း၏ ဖြောင့်မတ်တည်ကြည်ကာ ပွင့်လင်းမြင်သာလွန်းသော လုပ်ရပ်များကြောင့် လူတိုင်း၏ ရင်ထဲမှ အတွေးဆိုးများအားလုံး အစအနမကျန် ဆေးကြောခံလိုက်ရတော့သည်။
"ဒီချန်ရှင်းက တကယ့်ကို သဘောထား ကြီးမြတ်တာပဲဟေ့"
"ဒါပေါ့...၊ သူက အရည်အချင်းလည်းရှိ၊ စိတ်ထားလည်း မြတ်တယ်။ တကယ့်ကို ကြီးပွားအောင်မြင်မယ့် လူစားမျိုးပဲ"
"သူ့နောက်ကို လိုက်တာ အမှန်ကန်ဆုံး ရွေးချယ်မှုပဲကွ"
ရွာသူရွာသားများ၏ တီးတိုးပြောဆိုသံများထဲတွင် လှိုက်လှိုက်လှဲလှဲ ချီးကျူးလေးစားမှုများ အပြည့်အဝ ပါဝင်နေတော့သည်။
သူမ၏ ယောက်ျားကို ချီးကျူးမြှောက်စားနေသံများ ကြားနေရပြီး လင်းရှို့ရှို့၏ မျက်ရည်လည်ရွှဲနှင့် ကျေးဇူးတင်နေပုံကို မြင်ရသောအခါ ရွှီချင်းချင်း၏ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားမှုများ အထင်းသား ပေါ်လွင်နေလေသည်။
သူမ၏ ယောက်ျားက ဒီလောက်တောင် အရည်အချင်းရှိပြီး တာဝန်ယူစိတ် အပြည့်ရှိသူလေ…။
ခြံဝင်းအပြင်ဘက်မှာတော့ စည်ကားသိုက်မြိုက်နေသော ထိုမြင်ကွင်းကို အဆိပ်ရည်များ လူးထားမတတ် စိုက်ကြည့်နေသည့် အကြည့်တစ်စုံ ရှိနေသည်။
အဒေါ်ဝမ်တစ်ယောက် ပြိုပျက်နေသော နံရံကို မှီထားရင်း ချန်မိသားစု၏ တံခါးဝရှိ လူအုပ်ကြီးကို လှမ်းကြည့်နေ၏။ ထိုလူများ၏ မျက်နှာထက်တွင် ဝမ်းသာကြည်နူးမှုများနှင့် မျှော်လင့်ချက်ရောင်ခြည်များ လွှမ်းခြုံနေသည်ကို သူမ မြင်တွေ့နေရသည်။
ထို့နောက် သူမအိမ်ရှိ မီးခိုးမထွက်နိုင်သော အေးစက်စက် မီးဖိုချောင်လေးနှင့် ကျားကိုက်ခံရ၍ တစ်စစီဖြစ်သွားသော သားဖြစ်သူ၏ အလောင်းကို တွေးမိသွားချိန်တွင်မူ အငြိုးအာဃာတများနှင့် မနာလို မရှုဆိတ်မှုများကြောင့် သူမ၏ မျက်နှာကြီးမှာ ရုပ်ပျက်ဆင်းပျက် တွန့်လိမ်သွားတော့သည်။
"ထွီ...၊ နင့်ဟာက ဘာတွေများ အဲ့ဒီလောက် အထင်ကြီးစရာကောင်းနေလို့လဲ။ အိမ်ဆောက်ရင်း ပြုတ်ကျသေပါစေတော်"
သူမက မုန်းတီးရွံရှာစွာဖြင့် တံတွေးထွေးချလိုက်ပြီးနောက် ရေမြောင်းထဲ ပုန်းအောင်းနေသည့် ကြွက်စုတ်တစ်ကောင်အလား ခပ်ကျုံ့ကျုံ့လေး နောက်ဆုတ်သွားကာ လူလုံးထွက်မပြရဲတော့ချေ။
သို့သော်လည်း အရူးမတစ်ယောက်၏ ကျိန်ဆဲသံများကို မည်သူကမှ အာရုံစိုက်မနေကြပေ။
…
နောက်တစ်နေ့ မိုးမလင်းမီအချိန်၌ ချန်ရှင်းမိသားစု အိမ်ဆောက်ကြမည့် မြေကွက်သစ်လေးထဲတွင် လူများစွာဖြင့် စည်ကားနေပြီဖြစ်သည်။
ဗလတောင့်တောင့်လူရွယ် ဆယ်ဂဏန်းလောက်က လက်ထဲတွင် ကိရိယာတန်ဆာပလာ အစုံအလင်ကို ကိုင်ဆောင်ထားကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် စိတ်အားထက်သန်မှုနှင့် မျှော်လင့်ချက်များ တလက်လက် တောက်ပနေကာ စစ်ဆေးခံရန် စောင့်ဆိုင်းနေသော စစ်သည်တော်များအလား ဖြစ်နေကြသည်။
ချန်ရှင်းက ကုန်းမြင့်လေးတစ်ခုပေါ်တွင် မတ်တတ်ရပ်နေ၏။ တောင်ပေါ်လေက သူ့အဝတ်စများကို တလွင့်လွင့် ဖြစ်စေသော်လည်း သူ့ပုံစံက တောင်တန်းကြီးတစ်ခုအလား တည်ငြိမ်ခံ့ညားနေသည်။
ရွှီချင်းချင်းနှင့် ကျောက်ဖန်းအာတို့က ဘေးတစ်ဖက်တွင် ရပ်နေကြပြီး လင်းရှို့ရှို့ကမူ သမီးဖြစ်သူ မြောင်မြောင်ကို ချီပိုးထားလျက် ယာယီမီးဖိုချောင်လေးထဲတွင် လူအများအတွက် နံနက်စာ ပြင်ဆင်ရန် အလုပ်များနေပြီဖြစ်သည်။
"အားလုံး စုံပြီဆိုတော့”
ချန်ရှင်း၏ အကြည့်က ခြံဝင်းထဲသို့ ဝေ့ဝဲသွားပြီး အသံကျယ်ကြီးဖြင့် ဟိန်းထွက်လာသည်။ "ဒီနေ့ကစပြီး အလုပ်စကြမယ်ဟေ့…"
"ဟေး”
လူအုပ်ကြီးထံမှ မိုးခြိမ်းသံအလား ကောင်းချီးပေးသံများ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ချန်ရှင်းက သူ့ရှေ့ရှိ သစ်သားပြားပေါ်တွင် အိမ်ပုံကြမ်းကို ဖျပ်ခနဲ ဖြန့်ချလိုက်သည်။ သူက ပုံစံအကြမ်းများကို လက်ညှိုးထိုးပြပြီး အိမ်ဆောက်လုပ်ရန် ပထမဆုံးအဆင့်ကို ကြေညာလိုက်သည်။
"အုတ်မြစ်တူးမယ်။ အားလုံး နားထောင်ကြ၊ မျဉ်းတားထားတဲ့ နေရာကနေ စပြီး အောက်ကို သုံးပေအထိ အနက်တူးကြရမယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် ယခင်က စိတ်လှုပ်ရှားနေခဲ့သော လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
"ဘာ... သုံးပေ အနက်တဲ့လား"
အသက်ကြီးကြီး ပန်းရံဆရာတစ်ယောက်က မနေနိုင်ဘဲ အာမေဍိတ်သံ ထွက်သွားသည်။ "မစ္စတာချန်ရယ်...၊ ဒါ... ဒါက သိပ်နက်လွန်းနေတယ်လေ။ ကျုပ်တို့က အုတ်တိုက်ဆောက်မှာပါ၊ မြို့ပေါ်က အထပ်မြင့် အဆောက်အအုံ ဆောက်မှာမှ မဟုတ်တာ။ အုတ်မြစ်ကို တစ်ပေအနက်လောက် တူးရင်ပဲ အများဆုံးဖြစ်နေပြီ"
"ဟုတ်တယ်ဗျ၊ အဲ့ဒီလောက်ထိ နက်အောင်တူးနေတာ အချိန်ကုန် လူပန်းဖြစ်ရုံပဲ အဖတ်တင်မှာပေါ့"
"ဒါကို ဘယ်လောက်တောင် အချိန်ယူရမှာလဲ”
တီးတိုးဆွေးနွေးသံများ ထွက်ပေါ်လာပြီး လူများစွာမှာ ချန်ရှင်းက တလွဲတွေ လုပ်ခိုင်းနေသည်ဟု ခံစားရကာ အခက်တွေ့နေသည့် မျက်နှာထားများ ဖြစ်သွားကြလေသည်။
ချန်ရှင်းက ဘာမှ ရှင်းပြမနေဘဲ တစ်ဝင်းလုံးရှိ လူများကို အေးတိအေးစက် ဝေ့ကြည့်လိုက်သည်။
စက္ကန့်ပိုင်းလောက်အထိ ဆူညံပွက်လောရိုက်နေခဲ့သော လူအုပ်ကြီးမှာ ချန်ရှင်း၏ အကြည့်ကြောင့် လည်ပင်းညှစ်ခံရသည့် ဘဲများအလား ချက်ချင်းကို အသံတိတ်သွားကြတော့သည်။
သဘောထားကွဲလွဲနေသော အသံများအားလုံး လည်ချောင်းဝမှာပင် မျိုချခံလိုက်ရသည်။
ဝန်းကျင်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားသည့်အခါ ချန်ရှင်းက တည်ငြိမ်စွာ စကားစလိုက်သည်။
"အိမ်ဆိုတာ တစ်သက်လုံး နေဖို့ ဆောက်ကြတာလေ၊ တစ်နှစ် နှစ်နှစ်လောက် နေဖို့မှ မဟုတ်တာ။ အုတ်မြစ်ဆိုတာ အိမ်ရဲ့ အမြစ်ပဲ။ အမြစ်မနက်ရင် လေထန်မိုးထန်တဲ့အခါ အိမ်က ပြိုကျသွားလိမ့်မယ်။ အဲ့ဒါက ကိုယ့်မိသားစုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်မယူရာ ကျတယ်"
"ကျုပ်က ချင်ရွှေရွာမှာ အခိုင်မာဆုံးနဲ့ နှစ်တစ်ရာတိုင်အောင် မလှုပ်မယိုင် ရှိနေမယ့် အိမ်မျိုးကို ဆောက်ချင်တာ။ ဒါကြောင့်မို့ အုတ်မြစ်က ရေရှည်စီမံကိန်းဖြစ်ရမယ်"
နှစ်တစ်ရာ စီမံကိန်းတဲ့လား…။
ထိုစကားလုံးလေးလုံးက ရွာသူရွာသားများအားလုံး၏ ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သလို ပေါက်ကွဲထွက်သွားသည်။
သူတို့က စက်မှုပိုင်းဆိုင်ရာ သီအိုရီတွေကို နားမလည်ကြသော်လည်း ထိုစကားလုံးလေးလုံးထဲတွင် ပါဝင်နေသည့် ခွန်အားအပြည့် စိတ်ဓာတ်နှင့် သံသယဝင်စရာ မလိုလောက်အောင် ယုံကြည်မှုအပြည့်ရှိနေပုံကိုတော့ ကောင်းကောင်း သဘောပေါက်ကြသည်။
တစ်ခဏချင်းမှာပင် လူတိုင်း၏ အကြည့်များ ပြောင်းလဲသွားကြပြီး ချန်ရှင်းက အင်မတန် ထူးခြားကာ အထင်ကြီးလေးစားစရာကောင်းသော လူတစ်ယောက်ဖြစ်ကြောင်း ခံစားလိုက်ရသည်။
စကားနှင့်ပြောနေခြင်းက အလကားပင်၊ လက်တွေ့ လုပ်ပြသည်က ပိုအရေးကြီးပေသည်။
ချန်ရှင်းက သူ့ဘေးရှိ ရုပ်ဖျက်ထားသော ကိရိယာတန်ဆာပလာ အပုံလိုက်ထဲမှ ထောင့်မှန်စတုဂံပုံစံ သစ်သားသေတ္တာရှည်တစ်လုံးကို ထုတ်ယူလိုက်သည်။
သူက သစ်သားသေတ္တာကိုဖွင့်ပြီး ရိုးရှင်းသော သစ်သားချောင်းလေးတစ်ခုကို ထုတ်ယူလိုက်၏။ သစ်သားချောင်းလေး၏ အလယ်တွင် ကြည်လင်နေသော ဖန်ပြွန်လေးတစ်ခု ရှိနေသည်။ ဖန်ပြွန်ထဲမှာတော့ ရေများနှင့် လေပူပေါင်းလေးတစ်ခု ရှိနေ၏။
"ဒါက ဘာပစ္စည်းလဲ"
ရွာသားများက သိချင်စိတ်ဖြင့် ဝိုင်းအုံလာကြသည်။
"ဒါကို ရေချိန်လို့ ခေါ်တယ်"
ချန်ရှင်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
သူက သစ်သားတိုင်နှစ်တိုင်ပေါ်တွင် သစ်သားပြားတစ်ချပ်ကို ကန့်လန့်ဖြတ် တင်လိုက်ပြီး ထိုသစ်သားပြား၏ အလယ်တည့်တည့်တွင် ရေချိန်ကို တင်လိုက်သည်။
"ကြည့်…၊ လေပူပေါင်းလေးက တစ်ဖက်ကို စောင်းနေတယ်ဆိုတာ သစ်သားပြားက မညီဘူး၊ တစ်ဖက်က မြင့်ပြီး တစ်ဖက်က နိမ့်နေတယ်ဆိုတဲ့ သဘောပဲ"
သူက စကားပြောရင်း သစ်သားပြား၏ အနိမ့်ဘက် အောက်ခြေသို့ ကျောက်စရစ်ခဲလေးတစ်လုံး ခုထည့်လိုက်သည်။
အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။
သစ်သားပြား မြင့်တက်လာသည်နှင့်အမျှ လေပူပေါင်းလေးမှာ ဖန်ပြွန်လေး၏ အလယ်တည့်တည့်သို့ ဖြည်းညင်းစွာ ရွေ့လျားသွားပြီး နေရာအတိအကျ ကွက်တိကျသွားလေသည်။
"အခုဆိုရင်တော့ ညီသွားပြီ"
ချန်ရှင်းက လေပူပေါင်းလေးကို လက်ညှိုးထိုးပြလိုက်သည်။
"တိတိကျကျကို ညီသွားတာ"
အခန်း ၄၄ - မမျှော်လင့်ထားသော အပြောင်းအလဲများ
"ဘုရားရေ”
"ဒီ... ဒီလေပူပေါင်းလေးက သူ့ဘာသာသူ ရွေ့နေတာလား"
"ဒီပစ္စည်းလေးက အံ့ဩစရာပဲ။ လက်သမားဆရာကြီးတွေရဲ့ အမြင်ထက်တောင် ပိုပြီး တိကျနေသေးတယ်"
စောင့်ကြည့်နေကြသော ရွာသားများမှာ အံ့ဩတကြီး ရေရွတ်လိုက်ကြပြီး ထို မှော်ဆန်သော လေပူပေါင်းကို လည်တဆန့်ဆန့် ကြည့်နေကြသည်။ သူတို့ပုံစံက ကောင်းကင်ဘုံက ဆင်းသက်လာသော အရာတစ်ခုကို မြင်လိုက်ရသည့်အလား အံ့ဩမှင်တက်နေကြခြင်းပင်။
ချန်ရှင်းအပေါ် ကြည့်လာကြသည့် အကြည့်များမှာလည်း အထင်ကြီးလေးစားရုံသက်သက် မဟုတ်တော့ဘဲ လုံးဝကို ရိုသေကိုင်းရှိုင်းသွားကြတော့သည်။
*ဒါက အိမ်ဆောက်နေတာမဟုတ်ဘူး၊ နတ်ဘုရားလိုလူက တန်ခိုးပြနေသလိုပဲ။*
လူအုပ်ထဲရှိ ချန်အယ်တန့်မှာလည်း စိတ်လှုပ်ရှားလွန်း၍ စွမ်းအင်များ အလဟဿ ကုန်နေသလိုပင် ခံစားလိုက်ရသည်။
သူက အပေါ်အင်္ကျီကို ဆွဲချွတ်လိုက်ရာ ကြွက်သားများဖြင့် ပြည့်နှက်နေသော ကြေးနီရောင် အသားအရေကြီး ပေါ်ထွက်လာပြီး ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်သည်။
"ခင်ဗျားတို့အားလုံး ဘာရပ်လုပ်နေကြတာလဲ။ အစ်ကိုချန် ပြောသလို တူးကြလေ။ နှစ်တစ်ရာ စီမံကိန်းအတွက်ဟေ့...၊ သေချာပေါက် တူးကြစမ်းပါ"
ထိုသို့ပြောပြီးနောက် သူက ပေါက်တူးကို ပထမဆုံး ကောက်ကိုင်လိုက်ပြီး အားကုန်သုံးကာ မျဉ်းတားထားသော မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပေါက်ချလိုက်တော့သည်။
ဘုန်း…
မြေကြီးများ လွင့်စင်သွားသည်။
ထိုပေါက်တူး တစ်ချက်ပေါက်ချလိုက်ခြင်းက ယမ်းအိုးကို မီးတို့လိုက်သလိုပင် အားလုံး၏ စိတ်အားထက်သန်မှုကို ချက်ချင်း လောင်ကျွမ်းသွားစေတော့သည်။
"တူးမယ်ဟေ့”
"ငါလခွီး... လုပ်ကွာ… ချ"
ယောက်ျားသား ဆယ်ယောက်လောက်က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သူတို့၏ လက်နက်ကိုယ်စီကို ကိုင်ဆောင်ကာ စိတ်အားထက်သန်မှုအပြည့်ဖြင့် အလုပ်စတင်ကြတော့သည်။
တစ်ခဏအတွင်းမှာပင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ပေါက်တူးနှင့် မြေကြီး ထိခတ်သံများနှင့် ယောက်ျားသားများ၏ ပြင်းပြင်းထန်ထန် အသက်ရှူသံများကိုသာ ကြားနေရသည်။ သူတို့၏ တဟုန်းဟုန်း တောက်လောင်နေသော စွမ်းအင်များက ဤမြေကွက်ကြီးတစ်ခုလုံးကိုပင် ပြောင်းပြန်လှန်ပစ်နိုင်တော့မည့်အလားပင်။
...
မွန်းတည့်ချိန်လောက်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ လူတိုင်းမှာ သင်းပျံ့လွန်းသော အသားဟင်းရနံ့ကြောင့် လုံးဝကို အရည်ပျော်ကျသွားကြတော့သည်။
ထိုရနံ့က အလွန်မွှေးကြိုင်နေပြီး လူတိုင်း၏ နှာခေါင်းထဲသို့ တိုးဝင်လာကာ အစာအိမ်ထဲတွင် လှိုင်းထန်နေသော ပင်လယ်ကြီးတစ်စင်း ဖန်တီးပေးနေတော့သည်။
လင်းရှို့ရှို့က ယာယီမီးဖိုချောင်ရှေ့တွင် ရပ်နေ၏။ သူမ၏ နဖူးထက်တွင် ချွေးသီးချွေးပေါက်များ တွဲခိုနေပြီး အိုးထဲမှ ဟင်းများကို သံယောက်မကြီးဖြင့် မွှေနေသည်။
သူမက သွယ်လျနုနယ်သော်လည်း သူမ၏ လှုပ်ရှားမှုများက သွက်လက်ဖျတ်လတ်ကာ စွမ်းအင်များ အပြည့်အဝ ရှိနေပုံရသည်။
အိုးအဖုံးကို ဖွင့်လိုက်သည့်အခါ လူတိုင်း အသက်ရှူမှားသွားကြတော့သည်။
အိုးကြီးတစ်လုံး အပြည့် ချက်ထားသော ဝက်သားသုံးထပ်သားနှင့် အာလူးနှပ်ပင်။
ဝက်သားများကို လက်သီးဆုပ်တစ်ဝက်ခန့် လေးထောင့်တုံး အကြီးကြီးများ တုံးထားသည်။ အဆီပြန်ပြီး နီညိုရောင် တောက်နေကာ စားချင်စရာကောင်းလောက်အောင် နူးအိနေသည်။
ယောက်မဖြင့် မွှေလိုက်တိုင်း တဆတ်ဆတ် တုန်ခါနေ၏။ အဆီပိုင်းလေးများက ကြည်လင်နေပြီး အသားပိုင်းလေးများကတော့ အညိုရောင် ရင့်ရင့်လေး ဖြစ်နေသည်။ ဘေးမှ အာလူးများကလည်း အသားဟင်းနှစ်များ စိမ့်ဝင်နေပြီး ရွှေရောင်သန်းကာ နူးအိနေသည်။
ထိုထက်ပိုဆိုးသည်က အခြားအိုးကြီးတစ်လုံးထဲမှာ ချက်ပြုတ်ထားသည့် အခိုးငွေ့များ အူထွက်နေသော ဖြူလွလွ ထမင်းများပင်။
"ထမင်းစားလို့ရပြီဟေ့"
ချန်ရှင်း၏ အမိန့်ပေးသံအဆုံးတွင် ယောက်ျားဆယ်ယောက်လောက်က ဘုရင့်အမိန့်တော်ကို ကြားလိုက်ရသည့်အလား ရှေ့သို့ ပြေးထွက်လာကြပြီး ကြမ်းတမ်းသော ကြွေပန်းကန်လုံးကြီးများကို ကိုယ်စီကိုင်ဆောင်ထားကာ သူတို့၏ မျက်လုံးများက နီရဲနေကြသည်။
လင်းရှို့ရှို့က ယောက်မကြီးဖြင့် သူတို့အတွက် ဟင်းခပ်ပေးလိုက်သောအခါ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
ထမင်းများကို တောင်လိုပုံနေအောင် ခူးပေးထားသည်။
ဝက်သားသုံးထပ်သား အတုံးကြီး ငါးတုံး ခြောက်တုံးလောက်ကို ထမင်းပေါ်သို့ ပုံတင်ပေးလိုက်ပြီး ဟင်းရည်များ လောင်းထည့်လိုက်သောအခါ ချက်ချင်းဆိုသလို စိမ့်ဝင်သွားတော့သည်။
အလုပ်သမားများမှာ လက်ကောက်ဝတ်များပင် တုန်ယင်သွားလောက်အောင် လေးလံလွန်းသည့် ပန်းကန်များကို သယ်ဆောင်လာကြသည်။
သူတို့၏ ပန်းကန်လုံးထဲမှ အဆီပြန်နေပြီး တောင်လိုပုံနေသော အစားအစာများကို ကြည့်ကာ တူကို ကိုင်ရန်ပင် ဝေခွဲမရ ဖြစ်နေကြသည်။
မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသော ရိုးသားဖြောင့်မတ်ပုံရသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ထောင့်တစ်နေရာမှာ ဆောင့်ကြောင့်ထိုင်နေ၏။ သူက ပန်းကန်လုံးကို ကိုင်ထားရင်း နှုတ်ခမ်းများ တုန်ယင်နေလျက် အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။
ထို့နောက် သူက အကြီးဆုံး ဝက်သားနှပ်တစ်တုံးကို တုန်တုန်ယင်ယင် လှမ်းယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် အရသာရှိလှသော အဆီများ၊ နူးအိနေသော အသားများ၏ အထိအတွေ့က သူ့လျှာပေါ်တွင် ပေါက်ကွဲထွက်သွား၏။
ထိုလူခမျာ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားပြီး သူ့မျက်ဝန်းများဆီမှ ပူနွေးသော မျက်ရည်ပေါက်ကြီးနှစ်ပေါက် စီးကျလာကာ ပန်းကန်လုံးထဲရှိ ထမင်းများပေါ်သို့ တစ်ပေါက်ချင်းစီ ကျလာတော့သည်။
သူက ဘာကိုမှ သတိမထားမိတော့ဘဲ အမြန်နှုန်းကိုသာ မြှင့်တင်လိုက်၏။ မျက်ရည်များ စီးကျနေလျက်နှင့်ပင် ပါးစပ်ထဲသို့ အစားအစာများ သွတ်သွင်းနေတော့သည်။ သူ့တစ်သက်တာလုံး လွဲချော်ခဲ့ရသော အရသာများအားလုံးကို ပြန်လည် ဖြည့်ဆည်းချင်နေသည့်အလားပင်။
"ဝါး...၊ တစ်သက်နဲ့တစ်ကိုယ် ဒီလောက် အရသာရှိတဲ့ အစားအစာမျိုး တစ်ခါမှ မစားဖူးဘူး"
အဆုံးအစမရှိသော ခါးသီးမှုများနှင့် ကျေနပ်ရောင့်ရဲမှုများ ပြည့်နှက်နေသည့် အသံနှင့်အတူ သူ တရှုံ့ရှုံ့ ငိုကြွေးနေမိသည်။
သူ့ဘေးနားရှိ ယောက်ျားအများစုမှာလည်း မျက်ရည်များ ဝဲနေကြ၏။
သူတို့ ဘာမှမပြောကြဘဲ အသံတိတ် ခေါင်းငုံ့ကာ ပန်းကန်လုံးထဲရှိ အစားအစာများကို အမြန်ဆုံး ဝါးမျိုနေကြတော့သည်။
တစ်ပန်းကန် ကုန်သွားပြီးနောက် လင်းရှို့ရှို့က မျက်နှာလေး ရဲတက်ကာ ဒုတိယတစ်ပန်းကန် ထပ်ခူးရန် သွားလိုက်သည်။
မစ္စတာချန် ပြောထားသလို ဗိုက်ပြည့်သည်အထိ စားနိုင်သည် မဟုတ်ပါလား။
ဤအစားအစာက လူတိုင်းကို သက်သောင့်သက်သာ ဖြစ်သွားစေကာ အစာအိမ်မှတစ်ဆင့် နှလုံးသားဆီသို့ နွေးထွေးမှုများ ကူးစက်သွားစေပြီး အဆုံးမရှိသော စွမ်းအင်များကိုပါ ဖြည့်ဆည်းပေးလိုက်သည်။
စိတ်ကြိုက် စားသောက်ပြီးနောက် အုတ်မြစ်ချခြင်း အလုပ်လည်း ပြီးစီးသွားလေရာ မွန်းလွဲပိုင်း အလုပ်ကတော့ အုတ်စီခြင်းပင်ဖြစ်သည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ မှော်ဆန်သော ကိရိယာလေးဖြစ်သည့် ရေချိန်ကြောင့် နံရံများကို မြန်မြန်ဆန်ဆန်နှင့် ဖြောင့်တန်းစွာ တည်ဆောက်နိုင်ကြပြီး လူတိုင်းက စိတ်အားထက်သန်မှု ပြင်းပြစွာဖြင့် အလုပ်လုပ်နေကြသည်။
ထိုအခိုက် ချန်ရှင်းက လူတိုင်းကို မှင်တက်သွားစေသည့် တောင်းဆိုမှုတစ်ခု လုပ်လာလေသည်။
"နံရံစီတဲ့အခါ ဒီနေရာလေးတွေမှာ ကွက်လပ် ချန်ထားခဲ့၊ အပိတ်ကြီး မစီနဲ့"
သူက ပုံကြမ်းများပေါ်ရှိ ထူးဆန်းသော နေရာအချို့ကို လက်ညှိုးထိုးပြရင်း ပန်းရံဆရာကြီးအား ပြောလိုက်သည်။
"ကွက်လပ်ချန်ထားရမယ်"
လက်သမားဆရာအိုကြီးက နားမလည်နိုင်စွာ ကြည့်လာသည်။
"မစ္စတာချန်ရယ်…၊ ဒီ... ဒီနံရံမှာ အပေါက်ပါနေရင် ခိုင်မှာမဟုတ်ဘူးလေ"
"ဟုတ်တယ်လေ၊ သေသေချာချာ စီထားတဲ့ နံရံမှာ ဘာလို့ အပေါက်ချန်ထားရမှာလဲ"
ချန်ရှင်းက အလျင်မလိုပေ။ ပုံကြမ်းကို လက်ညှိုးထိုးပြကာ သူက ရှင်းပြလိုက်သည်။
"ဒါကို မိလ္လာပိုက်လို့ ခေါ်တယ်"
"မိလ္လာပိုက်”
တစ်ခါမှ မကြားဖူးသော စကားလုံးအသစ် နောက်တစ်လုံး ထွက်လာပြန်သည်။
"နောက်ဆို မျက်နှာသစ်တာ၊ ရေချိုးတာ၊ အိမ်သာသုံးတာတွေက ထွက်လာတဲ့ ရေတွေအားလုံး ဒီပိုက်ကနေတစ်ဆင့် အိမ်အပြင်ကို စီးထွက်သွားလိမ့်မယ်။ အဲ့ဒါဆို အိမ်က သန့်ရှင်းနေပြီး အနံ့အသက်လည်း ကင်းစင်သွားမှာပေါ့"
ချန်ရှင်း၏ အသံက မကျယ်လောင်သော်လည်း လူတိုင်း၏ ခေါင်းပေါ်သို့ မိုးကြိုးပစ်ချလိုက်သည့်အလား ဖြစ်သွားသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေသည်။
အားလုံးက ပါးစပ်အဟောင်းသားနှင့် စကားတစ်ခွန်းမှ မဟနိုင်ကြတော့ပေ။
*ရေတွေက... သူ့ဘာသာသူ စီးထွက်သွားနိုင်တယ်လား*
*အိမ်သာထဲက ရေဆိုးတွေကရော သူ့ဘာသာသူ အပြင်ကို စီးထွက်သွားနိုင်တယ်ပေါ့လေ*
ဒါ... ဒါက ဘယ်လို နတ်ဘုရားအဆင့် နည်းလမ်းမျိုးလဲ*
သူတို့၏ ဦးနှောက်များ ကောင်းကောင်း အလုပ်မလုပ်တော့သလိုပင် ခံစားနေရသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရေရှည်အကျိုးရှိမည့် အုတ်မြစ်ချခြင်း အစီအစဉ်မှစ၍ သူ့ဘာသာသူ ချိန်ညှိနိုင်သော ရေချိန်အပြင်၊ ယခု ရေများကို သူ့ဘာသာ စီးထွက်သွားစေမည့် မိလ္လာပိုက်စနစ်အထိ၊ ချန်ရှင်း ပြသခဲ့သမျှအရာအားလုံးက သူတို့၏ ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံများကို လုံးဝ ကျော်လွန်နေခဲ့သည်။
သူတို့၏ ကမ္ဘာကြီးအပေါ် အမြင်မှာ ဤဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ယိုင်နဲ့ပြိုကျနေသော နံရံကဲ့သို့ပင် ချန်ရှင်း၏ နားလည်နိုင်စွမ်းမရှိသော လုပ်ရပ်များကြောင့် အကြိမ်ကြိမ် ဖျက်ဆီးခံရပြီး ပြန်လည် ပုံသွင်းခံနေရလေသည်။
"အံ့ဩစရာပဲ... တကယ့်ကို အံ့ဩစရာပဲ”
"ဒါက အိမ်ဆောက်နေတာမဟုတ်ဘူးကွ၊ နဂါးမင်းရဲ့ သလင်းကျောက်နန်းတော်ကြီးကို တည်ဆောက်နေတာပဲ"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြီးမှာ မွန်းတည့်ချိန်က ဝက်သားနှပ်ကို မြင်လိုက်ရချိန်ထက်ပင် ပိုမို အံ့အားသင့်ကာ ဆူညံပွက်လောရိုက်သွားကြတော့သည်။
သူတို့ ချန်ရှင်းအပေါ် ကြည့်လာသည့် အကြည့်များက လုံးဝကို ပြောင်းလဲသွားချေပြီ။ ယခုအခါမှာတော့ ထိုအကြည့်များထဲ၌ အထင်ကြီးလေးစားမှုများနှင့် ပြင်းပြသော စိတ်အားထက်သန်မှုများသာ အပြည့်ရှိနေတော့သည်။
ရွာသူကြီး ချန်ကွမ်လင်ကလည်း စစ်ဆေးရေးဟူသော အကြောင်းပြချက်ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ နေ့စဉ်မပြတ် လာရောက်တတ်သည်။
သူက ဘာမှမပြောဘဲ လက်နောက်ပစ်လျက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ဝိုက် လမ်းလျှောက်နေတတ်သည်။
သူ့လက်ထဲမှာတော့ ချန်ရှင်းပေးထားသော ပုံကြမ်းတစ်စောင်ကို ကိုင်ထားဆဲဖြစ်ပြီး ထိုပုံကြမ်းကို အမြတ်တနိုးဖြင့် သူ့ရင်ခွင်ထဲ ပိုက်ထားတတ်သည်။ မကြာမကြာဆိုသလို ထိုပုံကြမ်းကို ထုတ်ယူကာ ပုံပေါ်လာတော့မည့် နံရံနှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် စိတ်လှုပ်ရှားမှုများဖြင့် သူ့မျက်နှာကြီး ဝင်းလက်သွားတတ်သည်။
"ပါရမီရှင်ပဲ…၊ ဒါက ငါတို့ ချင်ရွှေရွာကို ကောင်းချီးပေးဖို့ ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ ပါရမီရှင်ပဲ"
ရွာသူကြီးလည်း ဘေးနားရှိ သူငယ်ချင်းကို လှမ်းဆွဲကာ ပေါင်ကို ပုတ်ရင်း တံတွေးများ စင်ထွက်လာသည်အထိ စိတ်လှုပ်ရှားစွာဖြင့် အကြိမ်ကြိမ် ပြောနေတော့သည်။
သူ့မျက်လုံးထဲမှာတော့ ချန်ရှင်းသည် ရွာထဲမှ လူငယ်တစ်ယောက် မဟုတ်တော့ဘဲ ချင်ရွှေရွာကို ဂုဏ်ကျက်သရေရှိအောင် ဦးဆောင်ပေးနိုင်မည့် သက်ရှိထင်ရှား နတ်ဘုရားတစ်ပါး ဖြစ်နေလေပြီ။
ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လှုပ်လှုပ်ရှားရှား အသက်ဝင်နေပြီး လူတိုင်း၏ မျက်နှာထက်တွင် မျှော်လင့်ချက်များ အပြည့်ရှိနေသည်။
သို့သော် မွန်းလွဲပိုင်းအချိန်မှာတော့ တစ်ခုခု မှားယွင်းနေကြောင်း ချန်ရှင်း သတိထားမိသွားသည်။
မီးဖိုချောင်ထဲတွင် ကျောက်ဖန်းအာနှင့် ရွှီချင်းချင်းတို့သာ ရှင်းလင်းရေး ကူညီပေးနေကြပြီး လင်းရှို့ရှို့ကိုမူ အရိပ်အယောင်ပင် မတွေ့ရပေ။
သူမက အမြဲတမ်း ကြိုးစားပမ်းစား အလုပ်လုပ်တတ်ပြီး ဘယ်တော့မှ နောက်ကျခြင်း၊ စောပြန်ခြင်းမျိုး မရှိတတ်ပေ။ သို့သော် ယနေ့ နေ့လယ်စာစားပြီးကတည်းက သူမကို မတွေ့ရတော့ပေ။