အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း ၄၅ - ငါ ကယ်နိုင်တယ်
ချန်ရှင်းက အလိုလို မျက်မှောင်ကြုတ်သွားပြီး ရွှီချင်းချင်း၏ ဘေးသို့ သွားကာ တိုးတိုးလေး မေးလိုက်သည်။
"လင်းရှို့ရှို့ ဘယ်မှာလဲ"
ရွှီချင်းချင်းမှာလည်း အနည်းငယ် တွေဝေသွားပြီး ခေါင်းခါပြလိုက်သည်။
"မသိဘူးလေ...၊ နေ့လယ်စာစားပြီးတော့ သူက အိမ်မှာ ကိစ္စလေးရှိလို့ဆိုပြီး အရင်ပြန်သွားတာပဲ။ အဲ့ဒီနောက်ပိုင်း သူ့ကို မတွေ့ရတော့ဘူး"
ချန်ရှင်းက ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့သော်လည်း သူ့စိတ်ထဲမှာတော့ တစ်စုံတစ်ခုကို မှတ်ထားလိုက်သည်။
သူက အုတ်သယ်ရင်း အလုပ်များနေသော ချန်အယ်တန့်ဆီ သွားပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ "မင်း လင်းရှို့ရှို့ကို တွေ့မိသေးလား"
ချန်အယ်တန့်က အလုပ်လုပ်နေသည်ကို ရပ်လိုက်ပြီး လည်ပင်းမှာ ချိတ်ထားသော တဘက်ဖြင့် ချွေးများကို သုတ်ကာ ရှက်ကိုးရှက်ကန်း ခေါင်းကုတ်လိုက်သည်။
"မရီးရှို့ရှို့လား...၊ ပြန်သွားပြီနဲ့တူတယ်"
အနီးတွင် အနားယူနေသော ရွာသားတစ်ယောက်က ဤစကားကို ကြားသွားပြီး ခပ်တိုးတိုးဖြင့် လျှို့ဝှက်ချက်တစ်ခု လာပြောလေသည်။
"မစ္စတာချန်၊ ခင်ဗျား မသိသေးဘူးမဟုတ်လား"
ရွာသားက တီးတိုးပြောလိုက်သည်။
"ကျုပ်လည်း ခုလေးတင် ကြားတာပဲ၊ သူတို့မိသားစုမှာ တစ်ခုခု ဖြစ်နေတယ်တဲ့"
ချန်ရှင်း၏ အကြည့်များက စူးရှသွားသည်။
ရွာသားက စာနာသနားမှုများနှင့် စိတ်မကောင်းဖြစ်မှုများ ရောယှက်နေသော လေသံဖြင့် ဆက်ပြောလာသည်။
"သူ့သမီးလေး မြောင်မြောင် နေမကောင်းဘူးလေ၊အဖျားတွေတက်နေတာတဲ့။ အဖျားက အရမ်းကြီးလွန်းတော့ ကလေးက ကယောင်ကတမ်းတွေတောင် ဖြစ်နေတယ်ဆိုပဲ။ မျက်နှာလေးကလည်း ရဲပူနေတာပဲတဲ့လေ။ ရွာထဲက ဆေးမြီးတိုဆရာက သွားကြည့်ပေးတော့ အဖျားသိပ်ကြီးနေလို့ အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့တောင် ပြောလိုက်သေးတယ်။ဟူး... ကျုပ်ထင်တာတော့ အဲ့ဒီကလေးက သေဖို့များပါတယ်"
ချန်ရှင်း တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်လိုက်မိသည်။
*မြောင်မြောင်…*
စပျစ်သီးနက်လေးများသဖွယ် မျက်လုံးတစ်စုံနှင့် ပိန်ပိန်ပါးပါး ကလေးမလေး၏ ပုံရိပ်က သူ့ခေါင်းထဲသို့ ချက်ချင်း ဝင်လာသည်။
*သေတော့မယ် ဟုတ်လား*
ချန်ရှင်း၏ နှလုံးသားက လေးလံသွားသည်။
သူ စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှ ထွက်လာခဲ့သည်။
"ယောက်ျား…၊ ရှင် ဘယ်သွားမလို့လဲ"
နောက်ကျောဘက်မှ ရွှီချင်းချင်း၏ ခေါ်သံ ထွက်ပေါ်လာသည်။
ချန်ရှင်းက ခြေလှမ်းများကို မရပ်တန့်ဘဲ တည်ငြိမ်သော လေသံဖြင့် စကားတစ်ခွန်းသာ ချန်ရစ်ခဲ့သည်။
"သွားကြည့်မလို့"
...
ရွာ၏ အနောက်ဘက်စွန်း၊ ဆေးမြီးတိုဆရာ၏ အိမ်ရှေ့တွင်…
ချန်ရှင်း တံခါးဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကလေးချီထားသော လင်းရှို့ရှို့ခမျာ အိမ်ထဲမှ တွန်းထုတ်ခံနေသည်ကို မြင်လိုက်ရသည်။
ဆေးမြီးတိုဆရာက အသက်ငါးဆယ်ကျော်အရွယ် အဘိုးအိုတစ်ဦးဖြစ်ပြီး ပင်ပန်းကာ အကူအညီမဲ့နေပုံရသည်။ သူက လက်ကိုခါရင်း အကြိမ်ကြိမ် ခေါင်းခါနေသည်။
"မရဘူး... မရဘူး။ အဖျားက အရမ်းကြီးလွန်းလို့ တက်တောင် တက်နေပြီ။ ငါ့ဆေးမြီးတိုတွေလည်း အသုံးမဝင်တော့ဘူး။ မြို့ပေါ်က ဆေးရုံကို အမြန်ဆုံး ခေါ်သွားတော့။ နောက်ကျသွားရင်... နောက်ကျသွားရင်တော့ အဆိုးဆုံးအတွက် ပြင်ထားရတော့မယ်"
လင်းရှို့ရှို့၏ မျက်နှာလေးမှာ တစ်ခဏချင်း သွေးရောင်မရှိတော့ဘဲ သေလူတစ်ယောက်အလား ဖြူဖျော့သွားတော့သည်။
သူမက မီးလိုပူနေသော သမီးလေးကို ရင်ခွင်ထဲတွင် ပွေ့ချီထားရင်း ဆောင်းဦးလေထဲမှ သစ်ရွက်ကြွေလေးအလား တဆတ်ဆတ် တုန်ယင်နေသည်။ သူမ၏ နှုတ်ခမ်းများကလည်း တုန်ယင်နေကာ တစ်ခုခု ပြောချင်နေသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။ သူမက အသနားခံနေသည့် မျက်ဝန်းများဖြင့် ဆရာဝန်ကိုသာ စိုက်ကြည့်နေတော့သည်။
သူမ၏ အကြည့်အောက်တွင် ဆေးမြီးတိုဆရာက နေရထိုင်ရ ခက်လာသဖြင့် မျက်နှာလွှဲလိုက်ပြီး ထပ်မကြည့်ရဲတော့ပေ။ သူက သက်ပြင်းတစ်ချက်ချကာ အိမ်ထဲသို့ ဝင်သွားရင်း သူ့ဘာသာ ရေရွတ်နေတော့သည်။
"ဆေးရုံကို ခေါ်သွားပါလားတဲ့၊ အင်း…. အပြောကတော့ လွယ်လိုက်တာ။ အခုခေတ်ကြီးမှာ မြို့ပေါ်သွားဖို့ဆိုတာ သယ်ယူပို့ဆောင်ရေး စရိတ်နဲ့ ဆေးဖိုးဝါးခတွေ ကုန်မှာပေါ့။ ဟူး... ဒီကလေးရဲ့ ဘဝကတော့ အတော်လေးကို ကြမ်းတမ်းတာပဲ"
ဒိုင်းခနဲ အသံနှင့်အတူ သစ်သားတံခါးကြီးကို ဆောင့်ပိတ်လိုက်၏။
လင်းရှို့ရှို့တစ်ယောက် ခွန်အားအကုန်လုံး ယုတ်လျော့သွားသည့်အလား ရုတ်တရက် ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျွန်မတတ် ဖြစ်သွားသည်။
သူမ ရင်ခွင်ထဲရှိ မြောင်မြောင်မှာတော့ ယခုထိ တက်နေဆဲဖြစ်ပြီး မျက်နှာလေးက နီရဲနေကာ သတိလစ်လျက် ကယောင်ကတမ်းများ ပြောနေရှာသည်။
လင်းရှို့ရှို့က သမီးလေးကို ငုံ့ကြည့်လိုက်ရာ ယခင်က ကြည်လင်နေခဲ့သော သူမ၏ မျက်ဝန်းများထဲမှ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားပြီး သေခြင်းတရား၏ တိတ်ဆိတ်မှုသာ ကျန်ရှိနေတော့သည်။
သူမက ကလေးကို ပွေ့ချီထားလျက် မငိုမယိုသလို ဆူညံပွက်လောရိုက်အောင်လည်း မလုပ်ဘဲ အိမ်သို့သာ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ သူမပုံစံက လုံးဝကို လမ်းပျောက်နေပြီး စိတ်ဓာတ်ကျနေပုံရသည်။
သူမ၏ ခြေလှမ်းများက ပေါ့ပါးနေပြီး အလေးချိန်မရှိသော ဝိညာဉ်တစ်ကောင်အလား ရွာလမ်းများတစ်လျှောက် လွင့်မျောနေလေသည်။
အနီးအနားရှိ အမျိုးသမီးအချို့က ထိုမြင်ကွင်းကို စောင့်ကြည့်နေကြပြီး စာနာသနားသည့် မျက်နှာများဖြင့် တီးတိုးပြောဆိုနေကြသည်။
"အို... သနားစရာကောင်းလိုက်တာ၊ ဒီကလေး အသက်ရှင်မှာ မဟုတ်တော့ဘူး ထင်တယ်"
"သူက မုဆိုးမလေ၊ သူ့ကလေးကို မြို့ပေါ်က ဆေးရုံပို့ဖို့ ဘယ်က ပိုက်ဆံရမှာလဲ"
လင်းရှို့ရှို့က ထိုအသံများကို ကြားပုံမရပေ။
ချန်ရှင်းက မလှမ်းမကမ်းမှာ ရပ်နေပြီး သူမ၏ သွယ်လျသော နောက်ကျောလေးကို စိုက်ကြည့်ရင်း တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်ထားမိသည်။
မကြာမီ… လူတိုင်းက သူမ အိမ်ပြန်သွားပြီး ကံကြမ္မာကို လက်ခံလိုက်ပြီဟု ထင်နေချိန်တွင် ဟောင်းနွမ်းစုတ်ပြတ်နေသော သစ်သားတံခါးကြီးက တစ်ဖန် ပြန်ပွင့်လာသည်။
လင်းရှို့ရှို့က ကလေးကို ပွေ့ချီလျက် အပြင်သို့ ပြန်ထွက်လာသည်။
ဤတစ်ကြိမ်တွင် သူမက ရွာထဲရှိ မည်သည့်အိမ်ကိုမှ မသွားဘဲ ရွာပြင်ဘက်သို့ ထွက်လာခဲ့သည်။
ရွာအပြင်ဘက်၊ မြစ်ကမ်းဘေးဆီသို့…။
ချန်ရှင်း၏ မျက်လုံးမှေးကျဉ်းလိုက်မိ၏။
သူ နှစ်ခါ ပြန်မတွေးတော့ဘဲ ထိုသားအမိနောက်သို့ ချက်ချင်းပဲ တိတ်တဆိတ် လိုက်သွားတော့သည်။
မြစ်ရေက မွန်းလွဲပိုင်း နေရောင်အောက်တွင် တလက်လက် တောက်ပနေပြီး နူးညံ့သိမ်မွေ့ပုံရသော်လည်း အေးစက်စက် အအေးဓာတ်များကို ထုတ်လွှတ်နေသည်။
လင်းရှို့ရှို့က သမီးဖြစ်သူကို ပွေ့ချီထားလျက် ရေခဲလို အေးစက်နေသော မြစ်ရေထဲသို့ ဖြည်းဖြည်းချင်း ဆင်းသွားလေသည်။
မြစ်ရေက ပထမတော့ သူမ၏ ခြေကျင်းဝတ်၊ ထို့နောက် ခြေသလုံး၊ ထို့နောက် ဒူးခေါင်းအထိ ရောက်လာသည်။
သူမက အရိုးကွဲမတတ် ချမ်းစိမ့်နေသော အအေးဓာတ်ကို ဂရုမစိုက်သလိုပင်၊ ခေါင်းကိုငုံ့ပြီး သမီးဖြစ်သူ၏ မီးလိုပူနေသော နဖူးလေးကို သူမ၏ ပါးပြင်ဖြင့် ညင်သာစွာ ပွတ်သပ်နေသည်။ နောက်ဆုံးမှာတော့ မျက်ရည်များ အတားအဆီးမဲ့စွာ ကျဆင်းလာပြီး ရေခဲတမျှ အေးစက်နေသော မြစ်ရေနှင့် ရောနှောသွားတော့သည်။
"မြောင်မြောင်...၊ အမေ တောင်းပန်ပါတယ်။ အားလုံးက အမေ့အပြစ်တွေပါ"
"အမေ သမီးကို မကယ်နိုင်ဘူး၊ အမေ သမီးကို ခေါ်သွားမယ်နော်။ တမလွန်လမ်းမှာ သားအမိနှစ်ယောက်တည်း အထီးမကျန်အောင်လို့ပါ"
သူမ အသံက နူးညံ့သိမ်မွေ့နေပြီး နောက်ဆုံး ချော့သိပ်တေးကို ညည်းဆိုနေသည့်အလား အဆုံးမဲ့ မျှော်လင့်ချက် ကင်းမဲ့မှုများနှင့် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေလေသည်။
မြစ်ရေက သူမ ခါးဆီသို့ ထိကပ်လာခဲ့လေပြီ။ ရေခဲတမျှ အေးစက်စက် ရေများကြောင့် သူမ တကိုယ်လုံး ဆတ်ဆတ်တုန်နေသော်လည်း ခြေလှမ်းများကိုတော့ ရပ်တန့်လိုက်ခြင်း မရှိပေ။ သူမက ကလေးကိုသာ ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားရင်း နက်နက်ရှိုင်းရှိုင်း ဆက်သွားရန် ပြင်လိုက်သည်။
နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည့် အခိုက်အတန့်၊ သူမနှင့် သူမ၏ သမီးလေး လုံးဝ နစ်မြုပ်တော့မည့် အချိန်မှာပင်...။
သံမဏိလို ခိုင်မာတောင့်တင်းသော လက်တစ်ဖက်က သူမ၏ လက်မောင်းကို အရှိန်ဖြင့် ဖမ်းဆွဲလိုက်တော့သည်။
လင်းရှို့ရှို့တစ်ယောက် ဘာဖြစ်သွားသည်ကိုပင် သတိမထားမိလိုက်ဘဲ အားပါပါ ဆွဲအားတစ်ခုက သူမနှင့် ကလေးကို အေးစက်စက် မြစ်ရေထဲမှနေ၍ ကမ်းစပ်သို့ ပြန်လည် ဆွဲတင်လိုက်လေသည်။
သူမက ကမ်းစပ်ရှိ မြက်ခင်းပြင်ပေါ်သို့ ယိုင်လဲကျသွားပြီး လှည့်ကြည့်လိုက်သောအခါ ချန်ရှင်း၏ မှင်သေသေ မျက်နှာကိုသာ မြင်လိုက်ရသည်။
"သေချင်နေတာလား"
သူ၏ အေးစက်စက် စကားသံက သွားကြားထဲမှ အတင်းအောင့်အီး၍ ညှစ်ထုတ်လိုက်သကဲ့သို့ ထွက်ပေါ်လာသည်။
ချန်ရှင်းကို မြင်လိုက်ရသည့် ထိုခဏမှာပင် လင်းရှို့ရှို့ တင်းထားသမျှ စိတ်အာရုံတို့က အကုန်အစင် ပြိုလဲသွားတော့သည်။
သူမ ဆက်လက် တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ခွေခွေလေး လဲကျသွားရင်း သမီးလေးကို ပွေ့ဖက်ကာ အော်ဟစ်ငိုကြွေးပါတော့သည်။
"ကျွန်မ… ကျွန်မမှာ ပိုက်ဆံမရှိဘူး။ တကယ်ကို တစ်ပြားမှ မရှိတာပါ။ ဆရာဝန်က မြို့ပေါ်ဆေးရုံကို သွားပါတဲ့၊ ဒါပေမဲ့ ကျွန်မဆီမှာ ဘာမှမရှိဘူးလေ၊ ကျွန်မ သမီးလေးကို မကယ်နိုင်ဘူး၊ ကျွန်မ သမီးလေးကို မကယ်နိုင်တော့ဘူး”
သူမက လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ခံစားခဲ့ရသမျှ မကျေနပ်မှုများ၊ ကူကယ်ရာမဲ့မှုများနှင့် ကြောက်ရွံ့မှုများ အားလုံးကို အာပါးတရ ငိုကြွေးရင်း ထုတ်ဖော်နေတော့သည်။
"ကျွန်မ ဘာလုပ်ရမလဲ၊ သူ့ကို ခေါ်သွားရုံပဲ ရှိတော့တာပေါ့။ သူ့ကို အောက်မှာ တစ်ယောက်တည်း ထားခဲ့ဖို့ ကျွန်မ စိတ်မချရက်ဘူး”
ချန်ရှင်းက ဘာမှပြန်မပြောဘဲ သူမ၏ မောပန်းနွမ်းနယ်နေသော ရင်ခွင်ထဲမှ အပူတက်နေသည့် ကလေးငယ်ကို တိတ်တဆိတ် လွှဲပြောင်းယူလိုက်သည်။
မြောင်မြောင်ကတော့ သတိတစ်ချက် မေ့နေသည့် အခြေအနေသို့ ရောက်နေရှာပြီ။
မျက်နှာလေးမှာလည်း မီးသွေးခဲတစ်ခဲလို နီရဲပူလောင်နေပြီး နှုတ်ခမ်းများလည်း အက်ကွဲနေကာ ခန္ဓာကိုယ်လေးကတော့ ခဏခဏ တဆတ်ဆတ် တုန်ခါနေဆဲ ဖြစ်သည်။
သူက ကလေး၏ လည်ပင်းမှ သွေးကြောကို စမ်းသပ်ကြည့်ပြီးနောက် မျက်ခွံများကို ဖွင့်ကြည့်လိုက်ရာ ချက်ချင်း မျက်မှောင်ကြုတ်မိသွားတော့သည်။
ထို့နောက် သူက ခေါင်းမော့လိုက်ပြီး မြေပြင်ပေါ်တွင် သတိလစ်မတတ် ငိုကြွေးနေသော လင်းရှို့ရှို့ကို နက်ရှိုင်းသော မျက်ဝန်းများဖြင့် တည့်တည့်စိုက်ကြည့်လိုက်သည်။
သူ့လေသံက တည်ငြိမ်နေသော်လည်း ထိုလေသံထဲတွင် မျှော်လင့်ချက်မဲ့နေသော အမှောင်ထုကို ခွဲထွက်နိုင်သည့် စွမ်းအားတစ်မျိုး ကိန်းဝပ်နေကာ စကားလုံးတိုင်းမှာလည်း ရှင်းလင်းပြတ်သားနေတော့သည်။
"ငါ ကယ်နိုင်တယ်"
အခန်း ၄၆ - ယမမင်းလက်ထဲမှ လူကို လုယူခြင်း
လင်းရှို့ရှို့၏ ရင်ကွဲမတတ် ငိုကြွေးသံတို့မှာ မမြင်ရသော လက်တစ်ဖက်ဖြင့် အတင်းအုပ်ပိတ်ခံလိုက်သည့်အလား ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။
သူမ ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်သည်။ မျက်ရည်များနှင့် မျှော်လင့်ချက်မဲ့မှုများကြား နစ်မွန်းနေခဲ့သော သူမ၏ အသက်မဲ့ မျက်ဝန်းများက ချန်ရှင်းကို ငေးငိုင်စွာ စိုက်ကြည့်နေမိ၏။ ထိုစကားလုံးနှစ်လုံး၏ အဓိပ္ပာယ်ကို သူမ နားမလည်နိုင်သေးသလိုပင်။
အပူတက်နေသော ကလေးငယ်ကို ရင်ခွင်ထဲ ပွေ့ပိုက်ထားရင်း ချန်ရှင်းက သူမကို တည်ငြိမ်စွာ စိုက်ကြည့်ကာ တစ်လုံးချင်းစီကို ထပ်ပြောလိုက်သည်။
"ငါ့ကိုယုံပါ၊ ငါ သူ့ကို ကယ်နိုင်တယ်"
ဒိုင်းခနဲပင်…။
ထိုစကားလုံးများက မိုးကြိုးပစ်ချလိုက်သည့်အလား လင်းရှို့ရှို့၏ ဗလာကျင်းနေသော စိတ်အာရုံထဲသို့ တိုးဝင်သွားတော့သည်။
မျှော်လင့်ချက်…။
ရေကာတာကျိုးကျလာသကဲ့သို့ အဟုန်ပြင်းပြင်း မျှော်လင့်ချက်များက သူမ၏ ကျန်ရှိနေသေးသော အသိတရားနှင့် စိတ်ဓာတ်ကျမှုအားလုံးကို တစ်ခဏချင်းမှာပင် ဖယ်ရှားပစ်လိုက်လေသည်။
"အား..."
သူမထံမှ ငိုရှိုက်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် လက်ရောခြေရော အားပြုကာ တွားသွားလျက် ချန်ရှင်း၏ ဘောင်းဘီစကို တင်းတင်းကျပ်ကျပ် ဆွဲကိုင်လိုက်သည်။ မျက်နှာပေါ်မှ ရွှံ့နွံများနှင့် မျက်ရည်များကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ ချန်ရှင်းကို အသည်းအသန် ဦးတိုက်ရှိခိုးတော့သည်။
"ကူညီပါ အစ်ကိုချန်…၊ မြောင်မြောင်လေးကို ကယ်ပေးပါဦး။ ကျေးဇူးပြုပြီး..."
သူမ၏ အသံမှာ ခြောက်ကပ်အက်ရှနေပြီး ဘာပြောနေမှန်းပင် မသိနိုင်တော့ပေ။
"ကျွန်မ... ကျွန်မ အစ်ကို ခိုင်းတာမှန်သမျှ အကုန်လုပ်ပါ့မယ်"
ချန်ရှင်း မျက်မှောင်ကြုတ်လိုက်ပြီး သူမ ငြင်းဆန်ခွင့် မရလိုက်ခင်မှာပင် မြေပြင်ပေါ်မှ အတင်းထူမလိုက်သည်။
"အချိန်မဖြုန်းနဲ့တော့"
သူက မြောင်မြောင်လေးကို ပွေ့ချီကာ လင်းရှို့ရှို့၏ အိမ်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားရင်း နောက်လှည့်မကြည့်ဘဲ အမိန့်ပေးလိုက်သည်။
"ရေနွေးတည်ထား၊ များများတည်လေ ကောင်းလေပဲ။ ပြီးတော့ သန့်ရှင်းတဲ့ တဘက်တွေလည်း ပြင်ထားဦး"
သူ့အသံထဲတွင် ငြင်းဆန်၍ မရသော အရှိန်အဝါတစ်ခု ပါဝင်နေပြီး တွေဝေရှုပ်ထွေးနေသော လင်းရှို့ရှို့အတွက် ချက်ချင်းပင် လုံခြုံမှုရှိသည်ဟု ခံစားလိုက်ရစေသည်။ သူမ မျက်နှာကို လက်နှင့် အကြမ်းပတမ်း သုတ်လိုက်ပြီး ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ သူ့နောက်သို့ အပြေးကလေး လိုက်သွားကာ မီးဖိုချောင်လေးထဲသို့ ဝင်သွားတော့သည်။
ချန်ရှင်းက မြောင်မြောင်လေးကို ခုတင်ပေါ်တွင် သိပ်ထားပေးလိုက်ပြီး နောက်က လိုက်ဝင်လာသော လင်းရှို့ရှို့အား ပြောလိုက်သည်။
"ငါ အိမ်ပြန်ပြီး မိသားစုရဲ့ လျှို့ဝှက်ဆေးကို သွားယူလိုက်ဦးမယ်။ မင်း ကလေးကို အရင် သေချာကြည့်ထားပေး"
ထိုသို့ပြောပြီးနောက် သူ လှည့်ထွက်လာခဲ့ရာ သူ့ပုံရိပ်မှာ ခြံဝင်းတံခါးဝတွင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
သူ အိမ်ကို တန်းပြန်သွားခြင်း မဟုတ်ပေ။ ရွာနောက်ဘက်ရှိ လူသူကင်းမဲ့သော တိတ်ဆိတ်သည့် ထောင့်တစ်နေရာသို့ အမြန်လျှောက်သွားခဲ့သည်။ ပတ်ဝန်းကျင်မှာ လူတစ်ယောက်မှ မရှိကြောင်း သေချာအောင် စစ်ဆေးပြီးနောက်မှာတော့ စိတ်ထဲကနေ ရေရွတ်လိုက်တော့၏။
*ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်... ဖွင့်ပါ*
ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ယိုင်နဲ့နေသော ရွှံ့အိမ်လေးများမှာ ချက်ချင်းဆိုသလို သူ ရင်းနှီးနေကျ အငှားခန်းလေးထဲရှိ ပရိဘောဂများအဖြစ် ပြောင်းလဲသွားတော့သည်။ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ သူက အောက်ထပ်သို့ အရှိန်အဟုန်ဖြင့် ပြေးဆင်းသွားလေတော့သည်။
ညကောင်းကင်ယံတွင် မြို့ပြ၏ မီးရောင်စုံတို့ လင်းလက်တောက်ပနေသည်။ ချန်ရှင်းက လမ်းထောင့်ရှိ အစိမ်းရောင် ကြက်ခြေခတ် အမှတ်အသားပါသော ၂၄ နာရီ ဆေးဆိုင်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။
"ကလေးသုံး အိုင်ဗျူပရိုဖန် ဆေးရည်၊ စီဖစ်ဆင်း ဆေးမှုန့်၊ တစ်ခါသုံး ဆေးထိုးအပ်၊ စလင်းရည်နဲ့ ဂလူးကို့စ်တစ်ထုပ် ပေးပါ"
ချန်ရှင်းက အသံက တည်ငြိမ်သော်လည်း ပြောလိုက်သည်က မြန်ဆန်နေ၏။
ဆေးရောင်းသူက အနည်းငယ် ကြောင်သွားသော်လည်း လိုအပ်သည်များကို အမြန်ဆုံး စုစည်းပေးလိုက်သည်။
ဆေးဖိုးပေးပြီးနောက် ချန်ရှင်းက ဆေးအိတ်ကို ဆွဲကာ အငှားအခန်းသို့ အမြန်ဆုံး ပြန်လာခဲ့သည်။
သူက ဆေးအားလုံးကို စားပွဲပေါ် ပုံချလိုက်သည့်အချိန်မှာပင် စနစ်၏ အသံက သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်သွားတော့သည်။
[စနစ်၏ အခြေခံ ရုပ်ဖျက်ခြင်း စတင်နေပြီ]
[ဒင်…၊ စွမ်းအင် သုံးစွဲနေသည်၊ ရုပ်ဖျက်ခြင်း စတင်ပြီ]
အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခုက သူ့မျက်စိရှေ့မှာ ပေါ်ပေါက်လာတော့သည်။
စားပွဲပေါ်ရှိ ခေတ်မီ ပလတ်စတစ် ထုပ်ပိုးမှုများနှင့် စာလုံးများ ရိုက်နှိပ်ထားသည့် ဆေးဘူးများက ချက်ချင်းဆိုသလို အပေါ်ယံ အလွှာများ ကွာကျသွားပြီး မင်စွန်းထင်းနေသော ဝါဖျော့ဖျော့ စက္ကူထုပ်အဟောင်းလေးများအဖြစ် ပြောင်းလဲသွားကြသည်။
ကြည်လင်နေသည့် တစ်ခါသုံး ပလတ်စတစ် ဆေးထိုးအပ်ကလည်း ဝါကျင့်ကျင့် အရောင်သမ်းသွားပြီး တရုတ်သမ္မတနိုင်ငံခေတ်က လက်လုပ်ဖန်ထည်ပစ္စည်းတစ်ခုလို ဖြစ်သွားလေသည်။ အပ်ဖျားလေးကပင် မည်းနက်သော သတ္တုရောင် တလက်လက် တောက်နေတော့သည်။
အရာအားလုံးက ခေတ်ဟောင်း အငွေ့အသက်များ အပြည့်အဝ ဖုံးလွှမ်းနေလေသည်။
ချန်ရှင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အရာအားလုံးကို သိုလှောင်ရုံထဲ ထည့်ကာ တံခါးပေါက်ကို ပြန်လည် ဖွင့်လှစ်လိုက်သည်။
ဆယ်မိနစ်မျှသာ ကြာလိုက်သော်လည်း သူ့ပုံရိပ်မှာ ၁၉၇၀ ခုနှစ်များ၏ ချင်ရွှေရွာထဲတွင် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
ချန်ရှင်းက လင်းရှို့ရှို့အိမ်၏ ယိုင်နဲ့နေသော သစ်သားတံခါးကို တစ်ဖန် တွန်းဖွင့်လိုက်သည့်အခါ သူ့လက်ထဲတွင် စက္ကူဟောင်းဖြင့် ထုပ်ထားသော မိသားစု လျှို့ဝှက်ဆေးနှင့် ခေတ်ဟောင်းအပ်များ ပါဝင်သည့် သစ်သားသေတ္တာလေးတစ်လုံး ပါလာလေပြီ။
အိမ်ထဲတွင် လင်းရှို့ရှို့က သူမှာကြားခဲ့သည့်အတိုင်း ရေနွေးများ အသင့်ပြင်ထားပြီးဖြစ်ကာ သမီးဖြစ်သူ၏ ခန္ဓာကိုယ်ကို တဘက်ဖြင့် သုတ်ပေးနေရှာသည်။
"ဒါကို အမှုန့်ကြိတ်ပြီး သကြားရည်နဲ့ ရောလိုက်"
ချန်ရှင်းက ဆေးမှုန့်ထုပ်လေးကို သူမအား ကမ်းပေးလိုက်သည်။
လင်းရှို့ရှို့က တစ်စက္ကန့်မျှ တွန့်ဆုတ်မနေဘဲ သူခိုင်းသည့်အတိုင်း ချက်ချင်း လုပ်ဆောင်တော့သည်။
ချန်ရှင်းက ပန်းကန်လုံးကိုယူပြီး မြောင်မြောင်၏ အက်ကွဲကွဲ နှုတ်ခမ်းလေးများကို အသာဟကာ ဆေးရည်ချိုချိုလေးများ တစ်စက်ချင်းစီ ဂရုတစိုက် တိုက်ကျွေးလိုက်သည်။
ထို့နောက် သူက သစ်သားသေတ္တာကိုဖွင့်ပြီး အသွင်ပြောင်းထားသော ဆေးထိုးအပ်ကို ထုတ်ယူလိုက်သည်။ ဆေးပုလင်းကို ကျွမ်းကျင်စွာ ဖွင့်ထုတ်ပြီး ဆေးရည်များကို စုပ်ယူကာ လေများကို ညှစ်ထုတ်လိုက်၏။
ခေတ်သစ်ကာလတွင် ရိုးရှင်းလှသော ဤလုပ်ဆောင်ချက်များက လင်းရှို့ရှို့၏ မျက်လုံးထဲမှာတော့ တစ်ခါမှ မကြုံဖူးသည့် ထူးဆန်းမှုများဖြင့် ပြည့်နှက်နေသည်။ သူမက တလက်လက် တောက်ပနေသော ဆေးထိုးအပ်ကို စိုက်ကြည့်ရင်း ရင်တထိတ်ထိတ်ဖြင့် အံ့ဩထိတ်လန့်နေမိသော်လည်း နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ဘာတစ်ခွန်းမှ မမေးရဲရှာပေ။
ချန်ရှင်းက မြောင်မြောင်ကို ဖုံးအုပ်ထားသည့် စောင်ပါးလေးကို မလိုက်ပြီး ကလေး၏ တင်ပါးလေးပေါ်မှ နေရာမှန်ကို ရှာကာ ဆေးထိုးအပ်ကို တည်တည်ငြိမ်ငြိမ် ထိုးသွင်းလိုက်သည်။ ဆေးရည်များက ကလေး၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စီးဝင်သွားလေသည်။
ထိုအခိုက်အတန့်မှာ အချိန်များ ရပ်တန့်သွားသယောင်ပင်။ လင်းရှို့ရှို့၏ ဒူးများမှာ ခွေကျသွားပြီး ခုတင်ဘေးတွင် ဒူးထောက်လျက် သူမ၏ မျက်လုံးများက သမီးဖြစ်သူ၏ နီရဲရဲ မျက်နှာလေးထံမှ မခွာတော့ပေ။ သူမ၏ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားရာ လက်သည်းများက အသားထဲ နစ်ဝင်နေသည်ကိုပင် သူမ သတိမမူမိတော့ချေ။
သူမ၏ နှလုံးသားမှာ မီးဖိုပေါ်တွင် အကြိမ်ကြိမ် အကင်ခံနေရသလို ခံစားနေရပြီး တစ်မိနစ် တစ်စက္ကန့်တိုင်းက သူမအတွက် ညှဉ်းပန်းနှိပ်စက်မှုကြီးတစ်ခုလို ဖြစ်နေသည်။ အခန်းထဲမှာလည်း မြောင်မြောင်၏ အသက်ရှူသံလေးနှင့် ဆီမီးခွက်လေး တဖျပ်ဖျပ် လောင်ကျွမ်းနေသံမှလွဲ၍ ထူးဆန်းစွာ တိတ်ဆိတ်နေလေသည်။
ချန်ရှင်းကတော့ ထွက်မသွားဘဲ ခုတင်ဘေးမှာပင် တည်ငြိမ်စွာ ရပ်နေ၏။ သူ့ပုံစံက အသံတိတ် စောင့်ရှောက်ပေးနေသော အစောင့်အရှောက်တစ်ဦးအလားပင်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မည်သူမျှ မသိလိုက်ကြပေ။ နာရီဝက်လည်း ဖြစ်နိုင်သလို ထာဝရကာလတစ်ခုလည်း ဖြစ်နိုင်ပေသည်။
ထိုစဉ်မှာပင် အံ့ဩဖွယ်ရာကောင်းလှသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာတော့သည်။ တဆတ်ဆတ် တုန်ယင်ကာ တက်နေသော မြောင်မြောင်လေးက ရုတ်တရက် ခန္ဓာကိုယ် ဖြေလျှော့သွားပြီး တဖြည်းဖြည်း ငြိမ်ကျသွားသည်။ မျက်နှာပေါ်ရှိ မူမမှန်သည့် နီမြန်းမှုများမှာလည်း မျက်စိရှေ့မှာပင် ဖြည်းဖြည်းချင်း လျော့ပါးသွားတော့သည်။
ပူလောင်လောင် အသက်ရှူသံများကလည်း တည်ငြိမ်သော အသက်ရှူသံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ချန်ရှင်းက ကလေး၏နဖူးကို အသာအယာ စမ်းကြည့်လိုက်ပြီးနောက် လင်းရှို့ရှို့ကိုကြည့်ကာ တည်ငြိမ်သောလေသံဖြင့် ဆိုလိုက်သည်။
"အခုတော့ စိတ်ချရသွားပါပြီ၊ အဖျားကျသွားပြီပဲ။ သူ့ကို တစ်ညလောက် ကောင်းကောင်းအိပ်ခိုင်းလိုက်ပါ၊ မကြာခင် အရင်လို ပြန်လန်းလာလိမ့်မယ်"
လင်းရှို့ရှို့တစ်ယောက် မှင်တက်သွားရှာသည်။ သူမက အဖိုးဖြတ်မရသော ရတနာတစ်ပါးကို ထိတွေ့နေသည့်အလား တုန်ယင်နေသော လက်များဖြင့် သမီးဖြစ်သူ၏ နဖူးလေးကို အသာအယာ စမ်းကြည့်လိုက်မိသည်။
*မပူတော့ဘူး*
*ဆိုးဆိုးဝါးဝါး မြင့်တက်နေတဲ့ ကိုယ်အပူချိန် တကယ်ပဲ ကျသွားပြီ*
ပြောပင် မထွက်တော့သည့် ဝမ်းမြောက်ဝမ်းသာဖြစ်မှုတို့က လျှပ်တပြတ်အတွင်းမှာပင် သူမတစ်ကိုယ်လုံးကို လွှမ်းမိုးသွားတော့သည်။
သူမ ထိန်းမထားနိုင်တော့ဘဲ ချန်ရှင်းဘက်သို့ လှည့်လိုက်၏။ ထို့နောက် ခေါင်းကို ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ဆောင့်ရင်း ကန်တော့ရန် ပြင်လိုက်ပြန်သည်။
ချန်ရှင်းက သူမကို လှမ်းတားလိုက်ပြီး အိတ်ထဲမှ စက္ကူဆေးထုပ်လေးကို ထုတ်ကာ သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒါက သုံးရက်စာ ဆေးတွေပဲ။ တစ်နေ့ သုံးကြိမ် အချိန်မှန်မှန် တိုက်ပေးပါ၊ သုံးရက်အတွင်းမှာ အရှင်းပျောက်သွားလိမ့်မယ်"
လင်းရှို့ရှို့က မိမိအသက်ထက်ပင် အရေးကြီးလှသော ဆေးထုပ်လေးကို တင်းတင်းဆုပ်ကိုင်ထားရင်း ရှေ့မှ အမျိုးသားကို မော့ကြည့်လိုက်မိသည်။
မှိန်ဖျော့ဖျော့ ဆီမီးရောင်အောက်တွင် သူ၏ ပြတ်သားသော မျက်နှာသွင်ပြင်က ပေါ်လွင်နေပြီး မျက်ဝန်းများကလည်း တည်ငြိမ်နက်ရှိုင်းနေ၏။ ဤအချိန်တွင် သူမ၏ မျက်ဝန်းထဲ၌ ချန်ရှင်းသည် သာမန် ကျေးဇူးရှင်တစ်ယောက် မဟုတ်တော့ချေ။
ထိုအကြည့်များထဲတွင် ကျေးဇူးတင်ခြင်း၊ အားထားခြင်း၊ ရိုသေလေးစားခြင်း... အစရှိသည့် ရှုပ်ထွေးလှသော ခံစားချက်များစွာ ရောယှက်နေပြီး နောက်ဆုံးမှာတော့ နတ်ဘုရားတစ်ပါးကို ဖူးမြော်နေသည့်အလား ကိုးကွယ်ယုံကြည်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူက သာမန်လူတစ်ယောက် မဟုတ်ပေ။ ယမမင်း၏ လက်တွင်းမှ လူကို ပြန်လည်လုယူနိုင်စွမ်းရှိသည့် သက်ရှိနတ်ဘုရားတစ်ပါးသာ ဖြစ်တော့လေသည်။