အခန်း (၅၂၅-၅၂၆)
Vol. 49 Ch. 525-526
အပိုင်း (၅၂၅)
မဟာဝူဧကရာဇ်က စိုးရိမ်တကြီးဖြင့် - “အမတ်ကြီး... မဟာရှနိုင်ငံရဲ့ စပါးတွေက ဘာလို့ ဒီလောက်တောင် အထွက်နှုန်း ကောင်းနေရတာလဲ။ အဲ့ဒီအကြောင်းရင်းကို မောင်မင်း သိထားတာ ရှိသလား” ဟု မေးမြန်းလိုက်သည်။
“အရှင်မင်းကြီးကို တင်ပြခွင့်ပြုပါ... မဟာရှနိုင်ငံရဲ့ စပါးအထွက်နှုန်း အဆမတန် မြင့်မားနေရခြင်းမှာ အဓိကအားဖြင့် အောက်ပါအချက်တွေကြောင့် ဖြစ်ပါတယ်”
ဝါရင့်အမတ်ကြီးက ဦးညွှတ်၍ - “ပထမအချက်ကတော့ လွန်ခဲ့တဲ့တစ်နှစ်အတွင်း မဟာရှနိုင်ငံဟာ မိုးလေဝသမှန်ကန်ပြီး အေးချမ်းသာယာခဲ့ပါတယ်။ မိုးလေဝသ ကောင်းမွန်ခြင်းက စပါးအထွက်နှုန်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတာ အရှင်မင်းကြီးလည်း သိရှိပြီးသားဖြစ်မှာပါ။ မိုးလေဝသ မှန်ကန်နေတော့ စပါးအထွက်နှုန်းကလည်း သဘာဝအတိုင်း ကောင်းမွန်နေတာပဲ ဖြစ်ပါတယ်”
မဟာဝူဧကရာဇ်က ခေါင်းကို အသာအယာညိတ်ပြီး - “ဆက်ပြောဦး” ဟု ဆိုလိုက်သည်။
“ဒုတိယအချက်ကတော့ မဟာရှနိုင်ငံရဲ့ ပထဝီဝင်အနေအထားက အလွန်ပဲ အားသာချက်ရှိလှပါတယ်။ မဟာရှနိုင်ငံရဲ့ နယ်မြေအများစုဟာ မြေပြန့်လွင်ပြင်တွေ ဖြစ်တဲ့အပြင် ရေလမ်းစနစ်ကလည်း အလွန်ပဲ ဖွံ့ဖြိုးပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့ ရေသွင်းစနစ်တွေအတွက် အလွန်ပဲ အဆင်ပြေချောမွေ့နေပါတယ်”
မဟာဝူဧကရာဇ်က မနာလိုစိတ်တို့ဖြင့် - “မှန်ပေတယ်” ဟု ညည်းတွားလိုက်မိသည်။
မဟာဝူနိုင်ငံတွင် ရေသွင်းရန်အတွက် လူအင်အားသုံးကာ မြောင်းများတူးဖော်နေရသော်လည်း မဟာရှနိုင်ငံတွင်မူ ထိုသို့ပြုလုပ်ရန် မလိုအပ်ပေ။ သူတို့၏ မြို့တိုင်းမှာ မြစ်ချောင်းများဖြင့် ဆက်သွယ်ထားရာ လှေတစ်စီးရှိရုံဖြင့် မဟာရှနိုင်ငံရှိ မည်သည့်မြို့သို့မဆို ရောက်ရှိနိုင်သည်။ ဤမျှ ကောင်းမွန်ပြီး အဆင်ပြေလှသော ရေလမ်းစနစ်ကို မည်သူက မလိုချင်ဘဲ နေမည်နည်း။
“တတိယအချက်ကတော့ မဟာရှနိုင်ငံရဲ့ မြေဆီလွှာဟာ အလွန်ပဲ ကောင်းမွန်လှပါတယ်။ စပါးမျိုးစေ့ ချလိုက်ရုံနဲ့ အပင်တွေက သန်သန်မာမာ ထွက်လာတာပါ။ ဒီအခြေအနေဟာ တကယ်ကို အံ့ဩစရာကောင်းလှပြီး ဒါဟာ ကောင်းကင်ဘုံက မဟာရှနိုင်ငံကို မျက်နှာသာပေးလိုက်တာလို့ပဲ ဆိုရမှာပါ”
မဟာဝူဧကရာဇ်က မနာလိုစိတ်ဖြင့် ထပ်မံ၍ ခေါင်းညိတ်လိုက်ပြန်သည်။
“စတုတ္ထအချက်ကတော့ မဟာရှနန်းတော်ရဲ့ စီမံခန့်ခွဲမှုပဲ ဖြစ်ပါတယ်။ သူတို့ဟာ လယ်သမား သန်းပေါင်းများစွာကို စနစ်တကျ စုစည်းပြီး မြေရိုင်းတွေ ဖော်ထုတ်စိုက်ပျိုးစေခဲ့ပါတယ်။ ဒီလို အကြီးစားလုပ်ငန်းအသွင် စိုက်ပျိုးထုတ်လုပ်ခြင်းက စပါးအထွက်နှုန်းကို သဘာဝအတိုင်း မြင့်တက်စေခဲ့တာပါ”
“ဟုတ်ပေသားပဲ” မဟာဝူဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်လည်း မဟာရှနိုင်ငံကဲ့သို့ အကြီးစား စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ချင်သော်လည်း လက်တွေ့တွင်မူ မဖြစ်နိုင်ပေ။ အကြောင်းမှာ သူ၏ အင်ပါယာအတွင်းရှိ မြေကွက်အများစုမှာ အမတ်ကြီးများ၊ မြို့စားနယ်စားများနှင့် ဂိုဏ်းဂဏများ၏ လက်ထဲသို့ ရောက်ရှိနေပြီးဖြစ်ရာ နန်းတော်က အပြည့်အဝ ပိုင်ဆိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုပုဂ္ဂလိကပိုင် မြေများအတွက် ပုံမှန်အခွန်ပေးဆောင်ရုံမှအပ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ နန်းတော်အနေဖြင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။
“ဒါပေမဲ့ အရေးအကြီးဆုံးအချက်ကတော့ နောက်ဆုံးအချက်ပါပဲ”
“ဘာလဲ... အဲ့ဒီနောက်ဆုံးအချက်က ဘာလဲ” ဟု မဟာဝူဧကရာဇ်က အတင်းအကျပ် မေးမြန်းလိုက်သည်။
အမတ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် - “အရှင်မင်းကြီး... မဟာရှနိုင်ငံဟာ အထွက်နှုန်းကောင်းတဲ့ စပါးမျိုးစေ့အသစ်တွေကို သုတေသနပြုပြီး ရှာဖွေတွေ့ရှိထားတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ သူတို့ရဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်မျိုးတို့သာ အဲ့ဒီမျိုးစေ့တွေကို ရရှိခဲ့ပြီး ကျွန်တော်မျိုးတို့ မြေပေါ်မှာ စိုက်ပျိုးနိုင်မယ်ဆိုရင် ကျွန်တော်မျိုးတို့ရဲ့ ရိက္ခာပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ပါလား။ ဒါဆိုရင် မဟာဝူနိုင်ငံက ဘာကြောင့် မကြီးပွားဘဲ နေမှာလဲ”
မဟာဝူဧကရာဇ်၏ အသက်ရှူသံများ မြန်ဆန်လာပြီး - “အမတ်ကြီး ပြောတာ တကယ်ကို မှန်တယ်။ အကယ်၍ ငါတို့သာ မဟာရှနိုင်ငံရဲ့ စပါးမျိုးစေ့တွေကို ရနိုင်မယ်ဆိုရင် မဟာဝူနိုင်ငံမှာလည်း အထွက်နှုန်းကောင်းတဲ့ စပါးတွေ စိုက်ပျိုးနိုင်လိမ့်မယ်။ ငါတို့ရဲ့ မဟာဝူအင်ပါယာဟာ သေချာပေါက် တိုးတက်စည်ပင်ပြီး အရှိန်အဟုန်နဲ့ ပျံသန်းနိုင်မှာပဲ”
မဟာဝူဧကရာဇ်သည် သူ၏ပလ္လင်ပေါ်သို့ ပြန်ထိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် - “အမတ်ကြီး... မောင်မင်းကို အရေးကြီးတဲ့ တာဝန်တစ်ခု ပေးမယ်။ မဟာရှနိုင်ငံကို သွားပြီး သူတို့ရဲ့ စပါးတွေကို တတ်နိုင်သမျှ များများ စုဆောင်းခဲ့ပါ။ မဟာဝူနိုင်ငံရဲ့ မြေပေါ်မှာ မဟာရှနိုင်ငံရဲ့ စပါးမျိုးစေ့တွေကို စိုက်ပျိုးပြီး တစ်ကမ္ဘာလုံးက ငတ်မွတ်မှုတွေကို ငါကိုယ်တော် အဆုံးသတ်ပြမယ်၊ ဟားဟား”
“ကျွန်တော်မျိုး အမိန့်တော်အတိုင်း နာခံပါ့မယ် အရှင်မင်းကြီး”
ဤကဲ့သို့သော အဖြစ်အပျက်မျိုးက အခြားနိုင်ငံအသီးသီးတွင်လည်း ဖြစ်ပျက်နေတော့သည်။ မဟာရှနိုင်ငံတွင် အထွက်နှုန်းကောင်းသော စပါးမျိုးစေ့များ ရှိကြောင်း သိရသောအခါ သူတို့အားလုံးမှာ မတည်မငြိမ်ဖြစ်ကုန်ကြပြီး လှုပ်ရှားလာကြတော့သည်။ အကယ်၍ ထိုမျိုးစေ့များကို ရရှိခဲ့ပါက သူတို့၏ အုပ်ချုပ်မှုကို ခိုင်မာစေပြီး နိုင်ငံကို မြှင့်တင်နိုင်မည်ဟု အိမ်မက်မက်နေကြသည်။
ထို့ကြောင့် မဟာရှနိုင်ငံ၏ ပြည်သူများကြားတွင် စပါးစုဆောင်းသည့် လှိုင်းလုံးကြီးတစ်ခု စတင်လာတော့သည်။ ဈေးကွက်အတွင်းသို့ စပါးအနည်းငယ် ရောက်လာသည်နှင့် လူများက ချက်ချင်း ဝယ်ယူသွားကြသည်။
စပါးများ ပေါများနေသော်လည်း ရောင်းရန်ပင် မလောက်ငတော့ပေ။ အချို့သောသူများမှာ လယ်သမားများ၏ အိမ်အထိ တိုက်ရိုက်သွားရောက်ကာ အဆမတန် မြင့်မားသော ဈေးနှုန်းများဖြင့် ဝယ်ယူနေကြသည်။ တစ်ပတ်မပြည့်မီအတွင်းမှာပင် ဈေးကွက်အတွင်းရှိ စပါးဈေးနှုန်းမှာ ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်သွားတော့သည်။
သဘာဝကျစွာပင် မဟာရှနန်းတော်ကလည်း ဤအခြေအနေကို သိရှိသွားသည်။
“အရှင်မင်းကြီး... အခြားနိုင်ငံတွေက ကျွန်တော်မျိုးတို့ရဲ့ အထွက်နှုန်းကောင်းတဲ့ စပါးတွေကို မက်မောပြီး လိုက်လံ ဝယ်ယူနေကြပါတယ်။ ဒါကြောင့် စပါးဈေးနှုန်းတွေ ၅၀ ရာခိုင်နှုန်းကျော် တက်သွားပါပြီ။ အကယ်၍ ကျွန်တော်မျိုးတို့ ဒါကို မတားဆီးဘူးဆိုရင် စပါးမျိုးစေ့တွေ အခြားနိုင်ငံတွေကို စီးထွက်သွားပြီး မဟာရှနိုင်ငံအတွက် အကျိုးယုတ်စေပါလိမ့်မယ်။ ဒါကြောင့် စပါးရောင်းချတာကို ပိတ်ပင်ဖို့ အမိန့်တော် ထုတ်ပြန်ပေးပါ” ဟု အမတ်တစ်ဦးက တင်ပြလိုက်သည်။
လင်းပိုင်ဖန်က သက်ပြင်းချကာ - “အမတ်မင်းတို့ရဲ့ စိုးရိမ်မှုကို နားလည်ပါတယ်။ ဒါပေမဲ့ ဒါကို တားဆီးဖို့က မဖြစ်နိုင်ဘူး။ ငါတို့ရဲ့ စပါးတွေက တစ်နိုင်ငံလုံးကို ပျံ့နှံ့နေတာ။ အိမ်တိုင်းမှာ စပါးတွေ ရှိနေတော့ သူတို့က နည်းလမ်းမျိုးစုံနဲ့ နိုင်ငံပြင်ပကို သယ်ထုတ်သွားကြမှာပဲ” ဟု ဆိုလိုက်သည်။
နန်းတွင်းအမတ်များလည်း ထိုအချက်ကို သိရှိထားသဖြင့် ဘာမှမတတ်နိုင်ဘဲ ဖြစ်နေကြရသည်။ သို့သော် ဘာမှမလုပ်ဘဲ ကြည့်နေရခြင်းကလည်း သူတို့အတွက် စိတ်မသက်မသာ ဖြစ်စေပြီး အရှုံးကြီး ရှုံးနေသကဲ့သို့ ခံစားနေရသည်။ အခြားသူများက သူတို့၏ စပါးများကို ယူဆောင်ကာ အကျိုးအမြတ် ရယူနေသည်ကို ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ကြပေ။ သူတို့မှာ သူတော်စင်များ မဟုတ်ကြချေ။
“အမတ်မင်းတို့... စပါးအပေါ်မှာ အကောက်ခွန် ကောက်ရင်ကော ဘယ်လိုလဲ” ဟု လင်းပိုင်ဖန်က အကြံပြုလိုက်သည်။
“စပါးအကောက်ခွန် ဟုတ်လား”
လင်းပိုင်ဖန်က အသာအယာ ပြုံးလိုက်ပြီး - “သူတို့က ငါတို့ မဟာရှနိုင်ငံရဲ့ စပါးတွေကို ယူပြီး သူတို့ဆီမှာ အထွက်နှုန်းတိုးအောင် လုပ်ချင်ကြတာပဲ။ ဒါပေမဲ့ ချက်ချင်း ထူးခြားလာဖို့ဆိုရင် သူတို့မှာ စပါးအမြောက်အမြား ရှိဖို့ လိုအပ်ပြီး အကြီးအကျယ် စိုက်ပျိုးရလိမ့်မယ်။ စပါးအမြောက်အမြားကို သယ်ယူဖို့ဆိုရင် သူတို့အနေနဲ့ နယ်စပ်ဂိတ်တွေကို မလွဲမသွေ ဖြတ်ကျော်ရလိမ့်မယ်။ ဒါကြောင့် ငါတို့အနေနဲ့ စပါးအကောက်ခွန် ကောက်ခံပြီး ဆုံးရှုံးမှုအချို့ကို ပြန်လည် ကုစားနိုင်မယ်”
“ဒါက တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်ပုံရပါတယ်။ အရှင်မင်းကြီးက တကယ်ကို ပညာရှိလှပါပေတယ်”
ထို့ကြောင့် ဧကရာဇ်၏ အမိန့်တော်ကို ကပ်လိုက်တော့သည်။ စပါးများကို နိုင်ငံပြင်ပသို့ သယ်ဆောင်လိုပါက စပါးတစ်တေးလျှင် ငွေတစ်တေးနှုန်းဖြင့် အကောက်ခွန် ပေးဆောင်ရမည်ဖြစ်သည်။
အကောက်ခွန်မှာ အလွန်မြင့်မားသော်လည်း အခြားနိုင်ငံမှ စေတမန်များမှာမူ ဝမ်းသာသွားကြသည်။ မူလက မဟာရှနိုင်ငံက ပိတ်ပင်ထားမည်ကို စိုးရိမ်သဖြင့် ခိုးယူသယ်ဆောင်ရန် စီစဉ်ထားကြခြင်း ဖြစ်သည်။ အချို့နိုင်ငံများဆိုလျှင် တောင်တက်သမားများ စေလွှတ်ကာ တောင်တက်လမ်းများမှတစ်ဆင့် တဖြည်းဖြည်း သယ်ထုတ်ရန်ပင် ပြင်ဆင်ထားကြသည်။
သို့သော် ယခုမူ စိုးရိမ်စရာ မလိုတော့ပေ။ မဟာရှနိုင်ငံက နည်းလမ်းတစ်ခု ဖွင့်ပေးလိုက်သဖြင့် ငွေအချို့ ဆုံးရှုံးရသည်မှအပ ပေါ်ပေါ်ထင်ထင်ပင် သယ်ယူနိုင်တော့မည် ဖြစ်သည်။ ထိုငွေပမာဏမှာ သူတို့ တတ်နိုင်သည့် ပမာဏပင် ဖြစ်သည်။ အကယ်၍ အထွက်နှုန်းကောင်းသော စပါးမျိုးစေ့များကို သူတို့နိုင်ငံသို့ ပြန်သယ်သွားနိုင်ပါက ရိက္ခာပြဿနာ ပြေလည်သွားမည်ဖြစ်ပြီး နိုင်ငံတော် ကြီးပွားတိုးတက်လာမှုနှင့်အတူ ရာထူးကြီးများနှင့် စည်းစိမ်ချမ်းသာများမှာ သူတို့လက်တစ်ကမ်းသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
ရလဒ်အနေဖြင့် မဟာရှနိုင်ငံ၏ နယ်စပ်ဂိတ်တိုင်းတွင် စပါးများ တင်ဆောင်ထားသော ကုန်တင်ယာဉ်တန်းကြီးများဖြင့် တန်းစီစောင့်ဆိုင်းနေကြသူများမှာ အလွန်ပင် ရှည်လျားနေတော့သည်။
အပိုင်း (၅၂၆)
အထူးသဖြင့် ဆိပ်ကမ်းများတွင် ရာနှင့်ချီသော သင်္ဘောများမှာ ရွက်လွှင့်ရန် စောင့်ဆိုင်းရင်း ပြည့်နှက်ပိတ်ဆို့နေတော့သည်။
ထိုအချိန်တွင် မဟာရှနိုင်ငံ၏ စစ်သည်တစ်ဦးသည် သင်္ဘောပေါ်ရှိ ကုန်စည်များကို စစ်ဆေး၍ ပြီးစီးသွားခဲ့သည်။
“ဒီသင်္ဘောပေါ်မှာ စပါးအိတ် ၉၀ ပါတယ်၊ တစ်အိတ်ကို ဂျင် ၅၀ ခန့်ဆိုတော့ စုစုပေါင်း ၄၅၀ဝ ဂျင်ရှိမယ်။ တစ်ဂျင်ကို ၁၆ တေးနှုန်းနဲ့ဆိုရင် ၄၅၀ဝ ဂျင်ဟာ ၇၂,ဝ၀ဝ တေး ဖြစ်သွားပြီ။ ငါတို့ မဟာရှနိုင်ငံရဲ့ အကောက်ခွန်ဥပဒေအရ စပါးတစ်တေးကို ငွေတစ်တေးနှုန်း ပေးဆောင်ရမှာဖြစ်လို့ နယ်စပ်ဖြတ်ကျော်ဖို့အတွက် ငွေစ ၇၂,ဝ၀ဝ တေး ပေးဆောင်ရမယ်”
ကုန်သည်သင်္ဘောပိုင်ရှင်က ငွေတေး ၈၀,ဝ၀ဝ တန်ဖိုးရှိသော ငွေစက္ကူကို တိုက်ရိုက်ထုတ်ပေးလိုက်ပြီး သဘောထားကြီးစွာဖြင့် - “အကြွေ ပြန်မအမ်းနဲ့တော့။ ပိုတဲ့ငွေတွေကိုတော့ အရာရှိမင်းတို့အတွက် လက်ဖက်ရည်ဖိုးအဖြစ် လက်ခံပေးပါ” ဟု ဆိုလိုက်သည်။
မဟာရှစစ်သည်များကလည်း ပြုံးရွှင်သွားပြီး ငွေတေး ၈၀,ဝ၀ဝ တန် ငွေစက္ကူကို လက်ခံလိုက်ကာ - “သူဌေးက တကယ်ကို စီးပွားရေး နားလည်တာပဲ။ ဒါကြောင့်လည်း ဒီလောက်အထိ အောင်မြင်နေတာကိုး” ဟု မြှောက်ပင့်ပြောဆိုလိုက်ကြသည်။
“အရာရှိမင်းတို့ကလည်း ချီးမွမ်းလွန်းနေပါပြီ။ ကျွန်တော့်ရဲ့ စီးပွားရေး ဒီလောက်စည်ကားနေတာ အရာရှိမင်းတို့ရဲ့ စောင့်ရှောက်မှုကြောင့်ပဲ မဟုတ်လား” ဟု ကုန်သည်သင်္ဘောပိုင်ရှင်က အလွန်ပင် ရိုသေကိုင်းညွတ်စွာ တုံ့ပြန်လိုက်သည်။
အမှန်စင်စစ် သူသည် ကုန်သည်တစ်ဦး မဟုတ်ပေ။ မဟာဝူအင်ပါယာက အထွက်နှုန်းကောင်းသော စပါးများကို လိုက်လံစုဆောင်းရန် စေလွှတ်လိုက်သော အရာရှိတစ်ဦးသာ ဖြစ်သည်။
ငွေတေး ၈၀,ဝ၀ဝ ဟူသော အကောက်ခွန်မှာ များပြားသည်ဟု ထင်ရသော်လည်း သူ၏နိုင်ငံအတွက်မူ ဘာမှမဟုတ်ပေ။ ထိပ်တန်းအင်ပါယာတစ်ခုအတွက်မူ စာဖွဲ့နေရန်ပင် မလိုချေ။ အကယ်၍ ဤသင်္ဘောပေါ်ရှိ စပါးများကိုသာ နိုင်ငံအတွင်းသို့ ပြန်လည်သယ်ဆောင်သွားနိုင်ပါက နိုင်ငံ၏ ရိက္ခာပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ရရှိလာမည့် အကျိုးကျေးဇူးများမှာ မှန်းဆ၍ပင် မရနိုင်တော့ချေ။
သူကိုယ်တိုင်လည်း ဤအောင်မြင်မှုကြောင့် ရာထူးတိုးရုံသာမက မြို့စားနယ်စားအဆင့်အထိ ချီးမြှင့်ခြင်း ခံရနိုင်ပေသည်။ ငွေတေး ၈၀,ဝ၀ဝ မပြောနှင့်၊ ငွေတေး ၈ သန်း ပေးရမည်ဆိုလျှင်တောင် သူပေးချင်နေမိသည်။ ယခုကဲ့သို့ ၈၀,ဝ၀ဝ သာ ကောက်ခံခြင်းမှာ သူ့အတွက် အလွန်ပင် တန်လွန်းနေတော့သည်။
အနာဂတ်၏ မင်္ဂလာသတင်းများကို တွေးတောရင်း သင်္ဘောပိုင်ရှင်သည် စုစုပေါင်း ငွေတေး ၉ သိန်းခန့်ရှိသော ငွေစက္ကူအချို့ကို ထပ်မံထုတ်ပေးလိုက်ကာ - “အရာရှိမင်းတို့ခင်ဗျာ... ဟိုဘက်က သင်္ဘော ၉ စီးဟာလည်း ကျွန်တော့်ရဲ့ သင်္ဘောတွေပါပဲ။ အဲ့ဒီအပေါ်မှာလည်း စပါးတွေပဲ တင်ဆောင်ထားတာပါ၊ တစ်စီးကို ၄၅၀ဝ ဂျင်ခန့်စီ ပါပါတယ်။ ကျွန်တော် စီးပွားရေးကိစ္စနဲ့ အမြန်ပြန်ချင်လို့ လုပ်ငန်းစဉ်လေးတွေကို အမြန်ဆုံး ဆောင်ရွက်ပေးကြပါဦး”
“စိတ်ချပါ” မဟာရှစစ်သည်များက စစ်ဆေးမှုများ ပြီးစီးသွားသောအခါ သင်္ဘောများကို ချက်ချင်းပင် လွှတ်ပေးလိုက်တော့သည်။
ဝမ်းသာအားရ ဖြစ်နေသော အမတ်ကြီးတစ်ဦးက နန်းတော်အတွင်းသို့ အပြေးအလွှား ဝင်ရောက်လာပြီး - “အရှင်မင်းကြီး... မဟာဝူနိုင်ငံအတွက် အထွက်နှုန်းကောင်းတဲ့ စပါးတွေကို သယ်ဆောင်လာနိုင်ပါပြီ”
မဟာဝူဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ပြီး - “တကယ်လား... ဘယ်လောက်တောင် သယ်လာနိုင်တာလဲ။ ငါတို့ မဟာဝူနိုင်ငံက မြေကျယ်သလောက် လူဦးရေလည်း များပြားတော့ ရိက္ခာအမြောက်အမြား လိုအပ်နေတာ”
အမတ်ကြီးက ဦးညွှတ်ရင်း လေသံခပ်တိုးတိုးဖြင့် - “အရှင်မင်းကြီး... မဟာရှနိုင်ငံကနေ အထွက်နှုန်းကောင်းတဲ့ စပါးဂျင်ပေါင်း ၄၅,ဝ၀ဝ ကို သယ်ဆောင်လာနိုင်ခဲ့ပါတယ်”
မဟာဝူဧကရာဇ်မှာ အံ့အားသင့်သွားပြီး - “ဒီလောက်တောင် များတာလား”
သူ့လက်အောက်ငယ်သား၏ စွမ်းဆောင်ရည်အရ အနည်းငယ်တော့ ရရှိနိုင်မည်ကို သူသိသော်လည်း ဂျင် ၁၀ဝ၊ ၂၀ဝ ဆိုလျှင်ပင် မဆိုးလှဟု သူထင်ထားခြင်းဖြစ်သည်။ ယခုမူ ရက်အနည်းငယ်အတွင်းမှာပင် ဂိုဒေါင်တစ်ခုစာ ပြည့်နိုင်သော စပါးဂျင် ၄၅,ဝ၀ဝ အထိ ရရှိခဲ့ခြင်းက သူ့ကို အံ့ဩမှင်သက်စေခဲ့သည်။
“အရှင်မင်းကြီး... ဒါဟာ မဟာရှနိုင်ငံက စပါးအကောက်ခွန်စနစ်ကို ကျင့်သုံးလိုက်လို့ပါပဲ...” အမတ်ကြီးက မဟာရှနိုင်ငံ၏ အခြေအနေများကို ရှင်းပြလိုက်သည်။
နားထောင်ပြီးနောက် မဟာဝူဧကရာဇ်က ခေါင်းကို ခါယမ်းကာ အထင်အမြင်သေးစွာဖြင့် လှောင်ပြုံးပြုံးလိုက်ပြီး - “မဟာရှနိုင်ငံက တကယ်ကို အမြော်အမြင် မရှိတာပဲ။ အမြတ်အစွန်း အနည်းငယ်အတွက်နဲ့ အရေးကြီးတဲ့အရာကို ဆုံးရှုံးခံလိုက်တာပဲ။ သူတို့မှာ အထွက်နှုန်းကောင်းတဲ့ စပါးတွေရှိရင် ဒါကို တင်းတင်းကျပ်ကျပ် ကာကွယ်ပြီး သူစိမ်းတွေလက်ထဲ မရောက်အောင် လုပ်ရမှာပေါ့။ အခုလို အထွက်နှုန်းကောင်းတဲ့ စပါးတွေ လက်လွတ်လိုက်ပြီဆိုရင် မဟာရှနိုင်ငံက ဘာအားသာချက် ကျန်တော့မှာလဲ။ တခြားနိုင်ငံတွေကို ဘယ်လိုများ ယှဉ်ပြိုင်နိုင်တော့မှာလဲ”
“အရှင်မင်းကြီး... သူတို့က မတားဆီးချင်တာ မဟုတ်ပါဘူး၊ မတားဆီးနိုင်တာပါ” ဟု အမတ်ကြီးက ခပ်တိုးတိုး ရယ်မောရင်း ပြောလိုက်သည်။
မဟာဝူဧကရာဇ်က ခဏမျှ စဉ်းစားကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“မှန်ပေတယ်”
မဟာရှနိုင်ငံက အလွန်ကျယ်ပြောလှပြီး အိမ်တိုင်းတွင် အထွက်နှုန်းကောင်းသော စပါးများ ရှိနေသည်။ ထိုမျှ များပြားလှသော ရိက္ခာများကို မဟာရှနိုင်ငံအနေဖြင့် လိုက်လံ ကာကွယ်တားဆီးရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့်လည်း တင်းတင်းကျပ်ကျပ် ပိတ်ပင်နေမည့်အစား အခွင့်အရေးကို အသုံးချကာ အကောက်ခွန်ကောက်ပြီး ဆုံးရှုံးမှုအချို့ကို ပြန်လည် ကုစားခြင်းသာ ဖြစ်ပေလိမ့်မည်။ သူကိုယ်တိုင် ထိုနေရာတွင် ရှိနေလျှင်လည်း ဤနည်းလမ်းကိုသာ ရွေးချယ်မိပေလိမ့်မည်။
မဟာဝူဧကရာဇ်က ပြုံးလျက် - “မဟာရှနိုင်ငံက ဒီလောက်တောင် သဘောကောင်းနေမှတော့ ငါတို့က စပါးတွေ ပိုပြီးတော့ သွင်းရမှာပေါ့။ အထွက်နှုန်းကောင်းတဲ့ စပါးတွေ ငါတို့ဆီမှာ များများရှိလေ ပိုကောင်းလေပဲ မဟုတ်လား”
“မှန်လှပါ အရှင်မင်းကြီး”
တစ်ပတ်တာ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
နယ်စပ်ဂိတ်များမှ ထွက်ခွာသွားသော ကုန်သည်သင်္ဘော အရေအတွက်မှာ လျော့နည်းသွားခြင်း မရှိသည့်အပြင် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့သည်။ ထိုသင်္ဘောများမှာ မဟာရှနိုင်ငံ၏ အထွက်နှုန်းကောင်းသော စပါးများမှအပ အခြားဘာကိုမျှ တင်ဆောင်ခြင်း မရှိကြချေ။
ထိုစပါးများကို နိုင်ငံအသီးသီးသာမက မြို့စားနယ်စားများ၊ ဂိုဏ်းဂဏများကပါ မက်မောကြသဖြင့် မဟာရှနိုင်ငံသို့ စုပြုံရောက်ရှိလာကြခြင်း ဖြစ်သည်။ ထို့ပြင် လူတိုင်းကလည်း မဟာဝူဧကရာဇ်ကဲ့သို့ပင် တွေးတောနေကြသည်။
မဟာရှနိုင်ငံက မပိတ်ပင်သရွေ့ သူတို့ကတော့ များများသာ သယ်ယူတော့မည် ဖြစ်သည်။ အထွက်နှုန်းကောင်းမွန်သော စပါးဆိုသည်မှာ များများရလေ ပိုကောင်းလေပင်။
လူတိုင်းက ပျော်ရွှင်စွာဖြင့် စပါးများကို သယ်ယူနေကြစဉ် လင်းပိုင်ဖန်ကို စည်းစိမ်ဥစ္စာများကို ဖြုန်းတီးနေသည့် လူအ တစ်ယောက်အဖြစ် လှောင်ပြောင်နေကြသည်။ သို့သော် လင်းပိုင်ဖန်ကလည်း သူတို့ကို ငတုံးများအဖြစ် ပြန်လည်လှောင်ပြောင်နေသည်ကိုမူ သူတို့ မသိကြပေ။
အကြောင်းမှာ ထိုစပါးများသည် ဖန်ဆင်းရှင်လက်ဝါး ကို အသုံးပြု၍ သူကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထိုစပါးများသည် မဟာရှနိုင်ငံ၏ နယ်မြေအတွင်းမှ ထွက်ခွာသွားသည်နှင့် စနစ်က ၎င်းတို့၏ အထွက်နှုန်းကောင်းသော ဂုဏ်သတ္တိများကို ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်ရာ သာမန်စပါးများနှင့် ဘာမျှ ခြားနားတော့မည် မဟုတ်ပေ။
ထို့ပြင် လင်းပိုင်ဖန်က အင်ပါယာ မြေပုံကို အသုံးပြု၍ စပါးမျိုးစေ့များ၏ အတွင်းပိုင်းတည်ဆောက်ပုံကို ပျက်စီးအောင် ပြုလုပ်ထားသေးသည်။ ထို့ကြောင့် စပါးမျိုးစေ့ ၁၀ စေ့တွင် အလွန်ဆုံး ၃ စေ့ခန့်သာ အပင်ပေါက်နိုင်တော့မည် ဖြစ်သည်။
သူတို့ များများစိုက်လေ၊ များများရှုံးလေ ဖြစ်မည်ဖြစ်ပြီး နောက်ဆုံးတွင် အထွက်နှုန်း လျော့နည်းကာ အကြီးအကျယ် ဒုက္ခရောက်ကြတော့မည် ဖြစ်သည်။
“မင်းတို့ အခုတော့ ပျော်ထားကြဦးပေါ့။ နောက်နှစ် ဒီအချိန်... မဟုတ်ဘူး၊ နောက်ထပ် ခြောက်လလောက်နေရင် မင်းတို့ ငိုချင်ရင်တောင် မျက်ရည်ထွက်နိုင်မှာ မဟုတ်တော့ဘူး” ဟု လင်းပိုင်ဖန်က တစ်ယောက်တည်း ပြုံးလျက် ဆိုလိုက်သည်။
သူသည် စိတ်ဓာတ် ကျဉ်းမြောင်းသူတစ်ဦး မဟုတ်သော်လည်း အခြားသူများကို တိတ်တဆိတ် ထောင်ချောက်ဆင် လှည့်စားလိုက်ရခြင်းက တကယ်ကို ကျေနပ်စရာ ကောင်းလှပေသည်။ ထိုအခြေအနေမှ အမြတ်အစွန်းများစွာ ရရှိလိုက်ခြင်းက ပို၍ပင် စိတ်ချမ်းသာစရာ ကောင်းနေတော့သည်။
“တစ်ပတ်အတွင်းမှာပဲ တန်ဖိုး ငွေတေး ၁ သောင်းတောင်မပြည့်တဲ့ ရိက္ခာတွေကို သုံးပြီး ငွေတေး သန်း ၂၀ ပြန်ရခဲ့တယ်။ ဒါဟာ အရင်းရှင်တွေတောင် ငိုသွားရမယ့် အမြတ်မျိုးပဲ။ ဒီအတိုင်းသာ ဆက်ကြိုးစားသွားရင် နှစ်ကုန်မှာ ငွေတေး ဘီလီယံအထိ ရအောင် လုပ်ရမယ်” ဟု လင်းပိုင်ဖန်က သူ၏ ‘သေးငယ်သော’ ပန်းတိုင်ကို ချမှတ်လိုက်တော့သည်။