← Chapters

အခန်း (၅၂၇-၅၂၈)

Vol. 49 Ch. 527-528

အခန်း (၅၂၇-၅၂၈)

Vol. 49 Ch. 527-528

အပိုင်း (၅၂၇)

တစ်ချိန်တည်းမှာပင် ပင်လယ်ရပ်ခြားရှိ လျှို့ဝှက်ဆန်းကြယ်သော ကျွန်းတစ်ကျွန်းသည် ရုတ်တရက် ပေါက်ကွဲသွားလေသည်။

ဝတ်ရုံနက်ကိုဝတ်ဆင်ကာ တစ္ဆေမျက်နှာဖုံး တပ်ထားသော လူတစ်ယောက်သည် ပေါက်ကွဲမှုအတွင်းမှ ခုန်ထွက်လာပြီး ပင်လယ်ရေပြင်ပေါ်တွင် မြေပြင်ပေါ်၌ ရပ်နေသကဲ့သို့ တည်ငြိမ်စွာ ရပ်နေလေသည်။ သူသည် လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်ကာ ကျယ်လောင်စွာ ရယ်မောရင်း - “ငါ အဆင့်တက်သွားပြီကွ။ နောက်ဆုံးတော့ ငါ ကောင်းကင်အဆင့်ကနေ မဟာကောင်းကင်အဆင့်ကို ရောက်သွားပြီ။ အခုကစပြီး ဒီလောကမှာ ငါ့ကို ယှဉ်နိုင်တဲ့သူ ရှိမှာမဟုတ်တော့ဘူး။ ငါ့ရဲ့ ဝတ်ရုံစိမ်းမျှော်စင်ဟာလည်း ဒီကမ္ဘာပေါ်က ထိပ်တန်း အင်အားစုတွေထဲမှာ ပါဝင်လာတော့မယ်... ဟားဟားဟား”

သူသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ရုပ်ရည်အစစ်အမှန်ကိုပါ မည်သူမျှ မသိကြသော ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီး ဖြစ်ပေသည်။

ယခုအခါ သူသည် ကမ္ဘာပေါ်တွင် ထိပ်တန်းအင်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သော မဟာကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

သူသည် ရူးသွပ်စွာ ရယ်မောနေစဥ် သူ၏ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်တော့သည်။ ထိုစွမ်းအင်များသည် နာရီလက်တံ ပြောင်းပြန်အတိုင်း လည်ပတ်သွားပြီး ဝိညာဉ်စွမ်းအင်မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အရှိန်အဟုန်မှာ တစ်စထက်တစ်စ မြန်ဆန်လာကာ နောက်ဆုံးတွင် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသည့် လေဆင်နှာမောင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

မကြာမီမှာပင် ပင်လယ်ရေများသည် ထိုလေဆင်နှာမောင်းကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ကောင်းကင်ယံအထိ တက်လှမ်းသွားသော ရေတံခွန်ကြီးအလား ဖြစ်နေတော့သည်။

ဧရာမ ဝေလငါးကြီးတစ်ကောင် အပါအဝင် ပင်လယ်သတ္တဝါများစွာမှာ ထိုဝဲဂယက်အတွင်းသို့ ပါဝင်သွားပြီး ကောင်းကင်သို့ လွင့်ပါသွားကြသည်။ ဝေလငါးကြီးမှာ ထိတ်လန့်တကြား ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ဘဲ နောက်ဆုံးတွင် လေဆင်နှာမောင်း၏ ဒဏ်ကြောင့် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရတော့သည်။

“ကွဲအက်စမ်း”

ဝူးခနဲ အသံနှင့်အတူ လေဆင်နှာမောင်းကြီးမှာ ပေါက်ကွဲထွက်သွားသည်။

ကောင်းကင်သို့ ရောက်ရှိနေသော ရေစက်ရေပေါက်များမှာ ပြန်လည်ကျဆင်းလာပြီး ကမ္ဘာကြီးမှာလည်း ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။

ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီး၏ အရှိန်အဝါမှာ ပိုမိုနက်ရှိုင်းလာပြီး လျှို့ဝှက်ဆန်းကြယ်လာကာ စကြာဝဠာကြီးနှင့်ပင် တစ်သားတည်း ဖြစ်နေသယောင် ရှိနေတော့သည်။ အကယ်၍ သေချာစွာ မကြည့်မိပါက သူ့ကို မြင်နိုင်ရန်ပင် ခဲယဉ်းလှပေသည်။

သူသည် ကုန်းမကြီးဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးများအတွင်း၌ သွေးဆာနေသော အလင်းတန်းများ တောက်ပနေကာ - “ငါ အဆင့်တက်ပြီဆိုတော့ အကြွေးဟောင်းတွေကို ရှင်းရမယ့်အချိန် ရောက်ပြီပေါ့။ ဗုဒ္ဓဂိုဏ်း... မင်းတို့ ငါ့အပေါ် ထားခဲ့တဲ့ သွေးကြွေးကို သွေးနဲ့ပဲ ပြန်ဆပ်ခိုင်းရမယ်”

ပြောပြောဆိုဆိုဖြင့် သူသည် ပင်လယ်ရေပြင်ပေါ်တွင် တစ်လှမ်းချင်း လှမ်းကာ ထွက်ခွာသွားသည်။ သူ၏ခြေလှမ်းတစ်လှမ်းစီတိုင်းသည် တာပေါင်းများစွာ ခရီးပေါက်ပြီး ကုန်းမကြီးသို့ လျင်မြန်စွာ ဦးတည်သွားတော့သည်။

မကြာမီမှာပင် သူသည် ကုန်းမကြီးပေါ်သို့ ရောက်ရှိလာပြီး နှစ်ပေါင်း ၅၀ဝ ကျော် သက်တမ်းရှိပြီဖြစ်သော ဗုဒ္ဓဂိုဏ်း၏ ရှေးဟောင်း ‘ချင်းရှန်း’ ဘုန်းတော်ကြီးကျောင်းရှေ့တွင် ရပ်လိုက်သည်။

ဤကျောင်းတော်သည် ဗုဒ္ဓတရားတော်များကို လေ့လာသင်ကြားရန်နှင့် ပြန့်ပွားရန်အတွက် ရည်ရွယ်ထားသော နေရာတစ်ခုဖြစ်သည်။ ယနေ့အထိ ဤကျောင်းတော်မှ ဗုဒ္ဓဂိုဏ်းဝင် ဆရာကြီး ၁၀ ဦးအထိ ပေါ်ထွန်းခဲ့ပြီး တရားတော်များကို ပြန့်ပွားအောင် ဆောင်ရွက်ခဲ့ကြသဖြင့် ဗုဒ္ဓဂိုဏ်းအတွင်း၌ အလွန်အဆင့်အတန်းမြင့်မားသော ကျောင်းတော်တစ်ခု ဖြစ်ပေသည်။

ထိုအချိန်တွင် ကျောင်းတော်အတွင်းရှိ ဘုန်းတော်ကြီးများမှာ ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကာ တရားဘာဝနာ ပွားများနေကြသဖြင့် အလွန်အေးချမ်းသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။

သို့သော် ခေါင်းဆောင်ကြီး၏ မျက်လုံးများကမူ အေးစက်နေကာ - “ငါ့လူတွေ အကုန်သေကုန်ပြီ၊ မင်းတို့ကတော့ အေးအေးဆေးဆေး တရားထိုင်နိုင်သေးတာပဲလား။ ငရဲကိုသွားပြီး ငါ့အတွက် နောင်တရနေကြစမ်း”

သူသည် ကောင်းကင်သို့ ပေပေါင်း တစ်ထောင်ခန့် မြင့်တက်သွားပြီးနောက် ကောင်းကင်ယံမှနေ၍ လက်ဝါးတစ်ချက် ရိုက်ချလိုက်တော့သည်။

“ဝုန်း”

မြေကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားပြီးနောက် အချင်း တာသုံးရာခန့် ရှိသော ဧရာမ လက်ဝါးရာကြီးတစ်ခု ပေါ်လာကာ ချင်းရှန်းကျောင်းတော်ကြီးမှာ မြေပြင်မှ ပျောက်ကွယ်သွားတော့သည်။

ဤဖြစ်ရပ်ကြီးမှာ အလွန်ကျယ်လောင်လွန်းလှသဖြင့် မကြာမီမှာပင် လူအများက သိရှိသွားကြသည်။

လူတိုင်းက မီးခိုးများ ထွက်နေသည့် လက်ဝါးရာကြီးကို ကြည့်ပြီး ထိတ်လန့်တကြား ဖြစ်နေကြတော့သည်။

“ဒါ ဘယ်သူလုပ်တာလဲ”

“ချင်းရှန်းကျောင်းတော်ကြီး ဘာဖြစ်သွားတာလဲ”

……

ဤသတင်းမှာ တစ်ကမ္ဘာလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

“မင်း ကြားပြီးပြီလား။ ဗုဒ္ဓဂိုဏ်းရဲ့ ရှေးဟောင်း ချင်းရှန်းကျောင်းတော်ကြီးက ဧရာမ လက်ဝါးရာကြီးတစ်ခုအောက်မှာ ပျောက်ကွယ်သွားပြီတဲ့”

“လက်ဝါးရာကြီးက အချင်း တာသုံးရာတောင် ရှိတာတဲ့။ မြေကြီးထဲကို ၁၀ပေလောက်အထိ နက်ဝင်သွားပြီး အခုထိ မီးခိုးအမည်းတွေ ထွက်နေတုန်းပဲ။ ကျောင်းတော်က ဆရာကြီးတွေရော... ဘုန်းကြီးတွေရော... ထောင်နဲ့ချီတဲ့ အသက်တွေ အကုန်...”

“ဘယ်သူကများ ဒီလောက်အထိ ရက်စက်ကြမ်းကြုတ်တဲ့ အမှုကို ကျူးလွန်နိုင်ရတာလဲ”

“အချင်း တာ ၃၀ဝ ရှိတဲ့ လက်ဝါးရာဆိုတော့... ဒါ ဗုဒ္ဓဂိုဏ်းက အဲ့ဒီဆရာကြီးရဲ့ လက်ရာများလား။ သူများ ဖြစ်နေမလား...”

“အဲ့ဒီဆရာကြီး ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ။ သူကိုယ်တိုင်က ဗုဒ္ဓဂိုဏ်းရဲ့ အဆင့်မြင့် ဘုန်းတော်ကြီးတစ်ပါးပဲ၊ ဘာလို့ သူ့လူတွေကို သူပြန်တိုက်ခိုက်မှာလဲ။ ဒါ့အပြင် အဲ့ဒီလက်ဝါးရာကို ငါကိုယ်တိုင် မြင်ဖူးတယ်။ အဲ့ဒါက ငရဲကလာတဲ့ အငွေ့အသက်မျိုးလိုမျိုး အလွန်ပဲ ကြောက်စရာကောင်းပြီး ယုတ်မာတဲ့ အငွေ့အသက်တွေနဲ့ ပြည့်နေတာ။ အဲ့ဒီဆရာကြီးရဲ့ အဆုံးအစမရှိတဲ့ ဗုဒ္ဓတရားတော်တွေနဲ့ လုံးဝကို မတူတာ။ ပြီးတော့ အဲ့ဒီလက်ဝါးရာက မြေကြီးထဲကို ၁၀ပေပဲ နက်တာဆိုတော့ အဲ့ဒီ ဗုဒ္ဓဂိုဏ်းဆရာကြီးရဲ့ ခွန်အားလောက် မရှိတာ သိသာတယ်”

“အဲ့ဒီဆရာကြီး မဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ”

“ငါလည်း မသိဘူး။ ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ လက်ဝါးရာကို ဖန်တီးနိုင်တဲ့သူဟာ မဟာကောင်းကင်အဆင့် မဟုတ်ရင်တောင် အဲ့ဒီအဆင့်နဲ့ အနီးစပ်ဆုံး ရောက်နေတဲ့သူပဲ ဖြစ်ရမယ်”

မည်သူမျှ ကောက်ချက်မချနိုင်မီမှာပင် အခြားကျောင်းတော်တစ်ခုလည်း ထပ်မံ၍ ဘေးဒုက္ခနှင့် ကြုံတွေ့ရပြန်သည်။ ထိုကျောင်းတော်သည်လည်း ဧရာမ လက်ဝါးရာကြီးတစ်ခုကြောင့် မြေပြင်မှ ပျောက်ကွယ်သွားခဲ့ရပြန်သည်။

ထိုလက်ဝါးရာမှာ ချင်းရှန်းကျောင်းတော်ရှိ လက်ဝါးရာနှင့် တစ်ထေရာတည်းပင် ဖြစ်သည်။

“တရားခံက နောက်တစ်ကြိမ် ထပ်လုပ်ပြန်ပြီ။ နောက်ထပ်ကျောင်းတော်တစ်ခုလည်း ပျက်စီးသွားပြီ။ သူက ဗုဒ္ဓဂိုဏ်းကိုပဲ ပစ်မှတ်ထားနေတာလား”

“ကျောင်းတော် နှစ်ခုဆက်တိုက်ဆိုတော့ သေချာသွားပြီ။ တရားဟော တရားပြပဲ လုပ်နေတဲ့ ဘုန်းကြီးတွေကိုမှ ဘယ်သူကများ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာလဲ။ ဗုဒ္ဓဂိုဏ်းဆိုတာ ဒီခေတ်ရဲ့ ထိပ်တန်း အင်အားစုကြီး ခုနစ်ခုထဲက တစ်ခုပဲလေ၊ ဘယ်သူကများ သူတို့ကို သွားပြိုင်ရဲမှာလဲ”

“လက်ဝါးရာကလည်း တစ်ကြိမ်နဲ့ တစ်ကြိမ် အတူတူပဲ။ ဒါဟာ ဗုဒ္ဓဂိုဏ်းက အဲ့ဒီဆရာကြီးကို စိန်ခေါ်လိုက်တာနဲ့ တူတူပဲ”

“ဗုဒ္ဓဂိုဏ်းက ဘယ်သူ့ကို သွားပြီး အပြစ်ထားမိလို့ ဒီလိုတွေ ဖြစ်နေရတာလဲ”

လူအများက အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်။ ဗုဒ္ဓဂိုဏ်းသည်လည်း အလွန်အမင်း အမျက်ထွက်နေပြီး ဤတိုက်ခိုက်မှုများ၏ နောက်ကွယ်မှ လက်မည်းကြီးကို ရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် ဗုဒ္ဓဂိုဏ်းက မလှုပ်ရှားနိုင်မီမှာပင် တတိယမြောက် ကျောင်းတော်လည်း လက်ဝါးရာတစ်ခုအောက်တွင် ထပ်မံပျက်စီးသွားခဲ့ပြန်သည်။ ထို့နောက် စတုတ္ထမြောက်... ပဉ္စမမြောက်...

ဗုဒ္ဓကျောင်းတော်များမှာ တစ်ခုပြီးတစ်ခု တိုက်ခိုက်ခံနေရပြီး အသက်ရှင်ကျန်ရစ်သူဟူ၍ မရှိသလောက် ဖြစ်နေတော့သည်။ ဗုဒ္ဓဂိုဏ်းအတွင်းရှိ လူတိုင်းသည်လည်း အချိန်မရွေး အသက်အန္တရာယ် ကြုံတွေ့နိုင်သည်ဟု ခံစားနေကြရသည်။

အပိုင်း (၅၂၈)

ဤအချိန်တွင် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးက လက်ဝါးရာကို စစ်ဆေးပြီးနောက် ထိတ်လန့်ဖွယ်ရာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

“ဒါက ဝတ်ရုံစိမ်းမျှော်စင်ရဲ့ ခေါင်းဆောင်ကြီးရဲ့ အရှိန်အဝါပဲ၊ သူ့ရဲ့ သိုင်းကွက်တွေက အမြဲတမ်း အေးစက်ရက်စက်တဲ့ အငွေ့အသက်တွေ ပါနေတတ်တယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက ငါ သူနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး သူ့လက်ထဲမှာ သေလုနီးပါး ဖြစ်ခဲ့ရလို့ ဒါကို ငါ အသေအချာ မှတ်မိနေတာ”

လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

“ဝတ်ရုံစိမ်းမျှော်စင်ရဲ့ ခေါင်းဆောင်ကြီးပဲ”

“ငါလည်း သူ့အကြောင်း ကြားဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကတည်းက သူဟာ ကောင်းကင်အဆင့် ရောက်နေပြီလို့ ပြောကြတယ်။ သူက ပါရမီ အလွန်ထူးချွန်သလို လုပ်ကြံသတ်ဖြတ်မှုမှာလည်း အထူးကျွမ်းကျင်တဲ့သူပဲ၊ ကောင်းကင်အဆင့် နှစ်ယောက်တောင် သူ့လက်ချက်နဲ့ သေခဲ့ဖူးတယ်”

“ဒါဆို သူပဲဆိုတာ သေချာပြီ၊ ဒီလူက တကယ့်ကို ကြောက်စရာကောင်းပြီး ပုန်းအောင်းတဲ့နေရာမှာလည်း အထူးကျွမ်းကျင်တာ။ ဒီနေ့အထိ ဘယ်သူကမှ သူ့ရဲ့ ရုပ်ရည်အစစ်အမှန်နဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို မသိကြဘူး၊ သိတဲ့သူမှန်သမျှလည်း သူ့လက်ထဲမှာ အသက်ပျောက်ကုန်ကြပြီလို့ ဆိုကြတယ်”

“ဗုဒ္ဓဂိုဏ်းကိုပဲ ဘာလို့ တစ်ချိန်လုံး ပစ်မှတ်ထားနေရတာလဲဆိုတာ အံ့ဩစရာ မရှိတော့ဘူး။ သူက ကလဲစား‌ချေဖို့ ပြန်လာတာပဲ”

“ဗုဒ္ဓဂိုဏ်းတော့ အန္တရာယ်ရှိနေပြီ”

ဤအချိန်တွင် ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးသည်လည်း သူ၏ လုပ်ရပ်များကို ဖုံးကွယ်မထားတော့ပေ။

သူက လူသိရှင်ကြား ကြေညာလိုက်သည် - “ဟုတ်တယ်၊ ဒါ ငါ့လက်ချက်ပဲ၊ မင်းတို့ ဗုဒ္ဓဂိုဏ်းက ကတုံးပြောင်တွေက ငါ့ရဲ့ ဝတ်ရုံစိမ်းမျှော်စင်ကို အပြင်းအထန် ထိခိုက်အောင် လုပ်ခဲ့တယ်။ ဒီသွေးကြွေးဟာ ဘယ်လိုမှ ပြေလည်နိုင်မှာ မဟုတ်ဘူး၊ ငါက အဆပေါင်း ရာချီ၊ ထောင်ချီပြီး ပြန်ဆပ်ပြမယ်။ ငါ့လူတစ်ယောက်ကို သတ်ရင် မင်းတို့ရဲ့ ကျောင်းတော်တစ်ခုကို ငါ ဖျက်ဆီးမယ်၊ ငါ့ရဲ့ ဝတ်ရုံစိမ်းမျှော်စင်ကို အမြစ်ဖြတ်မယ်ဆိုရင် မင်းတို့ ဗုဒ္ဓဂိုဏ်းဝင် မှန်သမျှကို ငါ သတ်ပစ်မယ်။ ဘုန်းကြီးတွေ အကုန်မကုန်မချင်း ဒီသွေးကြွေးဟာ မပြေလည်စေရဘူး၊ ဗုဒ္ဓဂိုဏ်း တစ်ခုလုံး ပျောက်ကွယ်မသွားမချင်း ဒီကလဲ့စားဟာ ပြီးဆုံးမှာမဟုတ်ဘူးကွ”

အထူးသဖြင့် နောက်ဆုံး စာသား (၁၆) လုံးကို ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးသည် ဗုဒ္ဓဂိုဏ်းဝင် ဆရာကြီး (၁၆) ဦး၏ သွေးများကို အသုံးပြု၍ ရေးသားခဲ့ခြင်း ဖြစ်သည်။

သွေးစက်လက်ကျနေသော ထိုစာသားမှာ ကြည့်ရသူတိုင်းကို အေးစိမ့်သွားစေတော့သည်။

“တကယ်ပဲ ဝတ်ရုံစိမ်းမျှော်စင်ရဲ့ ခေါင်းဆောင်ကြီး ဖြစ်နေတာပဲ။ သူ နောက်ဆုံးတော့ လှုပ်ရှားလာပြီ”

“လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက သူဟာ ကောင်းကင်အဆင့် ဖြစ်နေတာ၊ အခုဆိုရင် သူ့ရဲ့ ခွန်အားတွေက ပိုပြီး နက်ရှိုင်းလာမှာ သေချာတယ်၊ ရင်ဆိုင်ဖို့လည်း ပိုခက်ခဲလိမ့်မယ်”

“အဲ့ဒါကတော့ ပြောနေစရာတောင် မလိုဘူး၊ ဧရာမ လက်ဝါးရာကြီးကို ကြည့်ရင် သိသာနေတာပဲကို။ အခုဆိုရင် သူက အနည်းဆုံးတော့ မဟာကောင်းကင်အဆင့်ကို ခြေတစ်လှမ်းလှမ်းထားတဲ့ အဆင့်မှာ ရှိနေမှာပဲ”

“ဗုဒ္ဓဂိုဏ်းရဲ့ မဟာကောင်းကင်အဆင့် ဆရာကြီးကို မပင့်ဖိတ်နိုင်ရင်တော့ သူတို့တွေ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ဗုဒ္ဓဂိုဏ်းတော့ တကယ်ပဲ ဒုက္ခရောက်နေပြီပဲ၊ ဒါကတော့ မကြုံစဖူး အကျပ်အတည်းတစ်ခုပဲ”

အမှန်တရားကို သိရှိသွားပြီးနောက် ဗုဒ္ဓဂိုဏ်းဝင်များသည် ပို၍ပင် ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရသည်။

၎င်းတို့သည် ညတွင်းချင်းပင် သိုင်းပညာရှင်များကို စုစည်းကာ တန်ပြန်ဖြေရှင်းနည်းများကို ဆွေးနွေးခဲ့ကြသော်လည်း ကောင်းမွန်သော နည်းလမ်းကို ရှာမတွေ့ခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးမှာ ပဟေဠိဆန်လွန်းသောကြောင့် ဖြစ်သည်။

ကျန်ရှိခဲ့သော ဧရာမ လက်ဝါးရာကြီးအရ ရန်သူသည် အနည်းဆုံး မဟာကောင်းကင်အဆင့်သို့ နီးကပ်နေသည့် ခွန်အားရှိကြောင်း သိသာသည်။ ဗုဒ္ဓဂိုဏ်းတစ်ခုလုံးတွင် မဟာကောင်းကင်အဆင့် ဆရာကြီးတစ်ပါးနှင့် လျှို့ဝှက်စွာ ပုန်းအောင်းနေသော စီနီယာဆရာကြီးတစ်ပါးမှလွဲ၍ ကျန်သူများမှာ သူ့ကို ရင်ဆိုင်နိုင်စွမ်း မရှိကြပေ။

ထို့ပြင် ရန်သူသည် ပုန်းအောင်းရာတွင် ထူးချွန်ပြီး နဂါးတစ်ကောင်ကဲ့သို့ ဖမ်းဆီးရခက်လှရာ ယနေ့ထက်တိုင် သူရှိရာနေရာကို မည်သူမျှ မသိကြချေ။

ရှာလို့ပင်မတွေ့ဘဲ မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

......

အခြားနည်းလမ်းမရှိတော့သဖြင့် ဗုဒ္ဓဂိုဏ်းသည် တစ်ဖန်ပြန်၍ ညီလာခံကို ဖိတ်ခေါ်ခဲ့ရသည်။ လူတိုင်းကို ဆွဲထည့်ကာ ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးကို စုပေါင်းရင်ဆိုင်ရန် မျှော်လင့်ခဲ့ကြသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ဗုဒ္ဓဂိုဏ်းသည် ငြင်းပယ်ခြင်းကိုသာ ခံခဲ့ရပြီး လူအများစုမှာ ပါဝင်ခြင်း မရှိခဲ့ကြပေ။

အကြောင်းမှာ တစ်ကမ္ဘာလုံးတွင် ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးကို ရင်ဆိုင်နိုင်စွမ်းရှိသူမှာ ဆယ်ယောက်ပင် မပြည့်သောကြောင့် ဖြစ်သည်။

ရန်သူက အစွမ်းထက်ရုံသာမက စိတ်သဘောထား သေးသိမ်ပြီး အငြိုးအတေး ကြီးလွန်းသည်။ ထိုကဲ့သို့သော လူမျိုးကို မည်သူကမျှ မပြစ်မှားရဲကြပေ။ အကယ်၍ သူသာ တံခါးဝအထိ လိုက်သတ်လာပါက မိမိတို့မှာ အသတ်ခံရရန်သာ စောင့်နေရမည် မဟုတ်ပါလား။

ထို့ကြောင့် ဤကိစ္စတွင် လူတိုင်းသည် မိမိကိုယ်မိမိ ဘေးကင်းအောင်သာ ရွေးချယ်ခဲ့ကြပြီး မလိုအပ်ဘဲ မလှုပ်ရှားရဲကြချေ။

ဗုဒ္ဓဂိုဏ်းက နည်းဗျူဟာများ စဥ်းစားနေစဥ်အတွင်း ကျောင်းတော်များမှာ တစ်ခုပြီးတစ်ခု ဖျက်ဆီးခံနေရဆဲ ဖြစ်ပြီး ဧရာမ လက်ဝါးရာကြီး၏ သားကောင်များ ဖြစ်ခဲ့ရသည်။

ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးက မည်သူမျှ မိမိကိုယ်မိမိ ဘုန်းကြီးဟု မခေါ်ရဲသည်အထိ သတ်ဖြတ်ပစ်မည်ဟုပင် ကြွေးကြော်ထားခဲ့သည်။

ဗုဒ္ဓဂိုဏ်းဝင်များမှာလည်း ဤကိစ္စကြောင့် အကြီးအကျယ် ဒုက္ခရောက်နေကြရသည်။

“ဆရာကြီး ကျဲချန်... အကယ်၍ ကိုယ်တော်တို့သာ အဖြေတစ်ခုခုသာ မရှာနိုင်ရင် ဗုဒ္ဓဂိုဏ်းတစ်ခုလုံး သတ်ဖြတ်ခံရပါလိမ့်မယ်” ဟု ဘုန်းကြီးအိုတစ်ပါးက စိုးရိမ်တကြီး ပြောလိုက်သည်။

ဆရာကြီး ကျဲချန်မှာလည်း ညှိုးငယ်‌နေသော မျက်နှာဖြင့် - “‌အော်မီထောဖော.. အခြေအနေကို ကိုယ်တော် သိပါတယ်၊ ဒါပေမဲ့ ကိုယ်တော်တို့ ဘာလုပ်နိုင်မှာလဲ။ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ဗုဒ္ဓဂိုဏ်း အေးချမ်းဖို့အတွက် ကိုယ်တော်ရဲ့ အသက်ကိုတောင် စတေးဖို့ အသင့်ပါပဲ”

“ဝတ်ရုံစိမ်းမျှော်စင်ကို ရင်ဆိုင်နိုင်တဲ့ တစ်ဦးတည်းသောသူက ဆရာကြီး လျောင်ချန်းပဲ။ သူ့ကို လှုပ်ရှားပေးဖို့ ကိုယ်တော်တို့ တောင်းဆိုလို့ မရဘူးလား” ဟု ဘုန်းကြီးအိုက အလောတကြီး မေးလိုက်သည်။

ဆရာကြီး လျောင်ချန်းမှာ ဗုဒ္ဓဂိုဏ်းအတွင်းမှ ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူသည် မူလက ပိဋကတ်တိုက်အတွင်းရှိ သာမန်ဘုန်းကြီးတစ်ပါးသာ ဖြစ်ပြီး ကျမ်းစာများကို ကူးရေးခြင်း၊ ပြုပြင်ခြင်းနှင့် တံမြက်စည်းလှည်းခြင်း စသော အထွေထွေအလုပ်များကို လုပ်ကိုင်ကာ ကျောင်းတော်မှ အပြင်သို့ နှစ်ပေါင်း ရှစ်ဆယ်တိုင်အောင် မထွက်ခွာခဲ့သူ ဖြစ်သည်။

အသက် ၁၀၀ မတိုင်မီအထိ သူ့တွင် မည်သည့် ကျင့်ကြံခြင်း စွမ်းအားမှ မရှိခဲ့ပေ။

သို့သော် အသက် ၁၀၀ ပြည့်ပြီးနောက် ရုတ်တရက် တရားထူးရရှိကာ တစ်ကမ္ဘာလုံးက အသိအမှတ် ပြုခဲ့ရသော ကောင်းကင်အဆင့် ဆရာကြီးတစ်ပါး ဖြစ်လာခဲ့သည်။

ထိုသို့ ဖြစ်လာသော်လည်း သူသည် ပိဋကတ်တိုက်အတွင်း၌ပင် ဆယ်စုနှစ်ပေါင်းများစွာအတိုင်း ကျမ်းစာများကို ပြုစုလျက် ပြင်ပလောကနှင့် ကင်းကွာစွာ နေထိုင်ခဲ့သည်။

ထို့နောက် အသက် ၁၅၀ အရွယ်တွင် သူသည် နောက်တစ်ကြိမ် တရားအသိပွင့်ခဲ့ပြီး ထိပ်တန်း မဟာကောင်းကင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ယခုခေတ်တွင် ဗုဒ္ဓဂိုဏ်း၏ မြင့်မားသော အဆင့်အတန်းမှာ သူ့ကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။

သူသည် အလွန်အစွမ်းထက်ပြီး လေးစားခြင်း ခံရသော်လည်း လောကီရေးရာများကို ဂရုမစိုက်တတ်ပေ။ ကြီးမားသော ပြဿနာမျိုး မဟုတ်ပါက သူ့ကို လှုပ်ရှားလာအောင် တောင်းဆိုရန် အလွန်ခက်ခဲလှသည်။

ဆရာကြီး ကျဲချန်က - “အော်မီထောဖော… ကိုယ်တော် ဒီကိစ္စကို ဆရာကြီး လျောင်ချန်းဆီ တင်ပြပြီးပါပြီ။ ဂရုဏာထားပြီးတော့ ဗုဒ္ဓဂိုဏ်းဝင် တပည့်တွေ ဆက်ပြီး ဒုက္ခမရောက်စေချင်လို့ သူကိုယ်တိုင် လှုပ်ရှားပေးဖို့ သဘောတူထားတယ်။ ဒါပေမဲ့ အဲ့ဒီ မိစ္ဆာကောင်ကို ရှာမတွေ့သရွေ့တော့ ကိုယ်တော်တို့အတွက် အဖြေက မရှိသေးဘူး”

“အဲ့တာ‌တော့ အမှန်ပဲ”

All Chapters