← Chapters

အခန်း (၅၂၉-၅၃၀)

Vol. 49 Ch. 529-530

အခန်း (၅၂၉-၅၃၀)

Vol. 49 Ch. 529-530

အပိုင်း (၅၂၉)

ခဏမျှ စဉ်းစားပြီးနောက် သူက နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မံမေးမြန်းလိုက်သည်။ "ဗုဒ္ဓဂိုဏ်းက ပုန်းအောင်းနေတဲ့ စီနီယာကြီးနဲ့ ဆက်သွယ်လို့ မရနိုင်ဘူးလား။ အကယ်၍ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်နှစ်ယောက်သာ လက်တွဲလှုပ်ရှားမယ်ဆိုရင် အဲ့ဒီမိစ္ဆာကို သတ်နိုင်ဖို့ အခွင့်အရေး ပိုများတာပေါ့"

“အဲ့ဒီစီနီယာကတော့...”

ဆရာကြီး ကျဲချန်သည် ထိုပုဂ္ဂိုလ်အကြောင်းကို ပြောလိုက်သည်နှင့် စိတ်ထဲတွင် မကျေနပ်မှုနှင့် အပြစ်တင်လိုစိတ်များ ပြည့်နှက်သွားတော့သည်။

ဒီပြဿနာအရှုပ်အထွေးအားလုံးမှာ ထိုသူကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သော်လည်း ဗုဒ္ဓဂိုဏ်းတစ်ခုလုံးက အကျိုးဆက်ကို ခါးစည်းခံနေရခြင်း မဟုတ်ပါလား။ အကယ်၍ သူသာ စိတ်ကို မထိန်းချုပ်နိုင်ခဲ့လျှင်၊ ထိုစီနီယာကိုလည်း အနိုင်တိုက်နိုင်ခဲ့လျှင် " တောက်..သေစမ်း ‌" ဟုပင် အော်ဟစ်ဆဲဆိုလိုက်ချင်တော့သည်။

"အဲ့ဒီစီနီယာ ဘယ်မှာရှိနေလဲဆိုတာကိုတော့ ကိုယ်တော်လည်း မသိဘူး။ ဒါပေမဲ့ သူကလည်း ကရုဏာတရားကြီးမားတဲ့ ဗုဒ္ဓဂိုဏ်းရဲ့ ဆရာကြီးတစ်ပါး ဖြစ်တဲ့အတွက် ဒီကိစ္စကို သိသွားရင်တော့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ အော်မီထောဖော..."

"အော်မီထောဖော..."

ဘုန်းကြီးတိုင်းသည် ထိုပုန်းအောင်းနေသော စီနီယာကြီးအပေါ် မျှော်လင့်ချက်အပြည့် ထားရှိနေကြတော့သည်။

သို့သော် ထို 'ဗုဒ္ဓဂိုဏ်း၏ စီနီယာကြီး' ဆိုသူမှာ လက်ရှိတွင် ဇာတ်လမ်းကို ထိုင်ကြည့်ရင်း သဘောကျနေသည်ကို သူတို့ လုံးဝမသိကြပေ။

ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးသည် ဗုဒ္ဓဂိုဏ်းဝင်များနှင့် ကျောင်းတော်များကို ဆက်တိုက် သတ်ဖြတ်ဖျက်ဆီးနေခဲ့ရာ တစ်နေ့လျှင် ကျောင်းတော်တစ်ခုနှုန်းနီးပါး ပျက်စီးနေခဲ့သည်။ ရန်သူက ခြေရာလက်ရာ ဖျောက်ဖျက်ရာတွင် အလွန်ကျွမ်းကျင်လှသဖြင့် ဗုဒ္ဓဂိုဏ်းအနေဖြင့် သူ၏လှုပ်ရှားမှုကို ခြေရာခံရန် အလွန်ခက်ခဲနေခဲ့သည်။

ရန်သူကို ရှာမတွေ့သရွေ့ သူ့ကို မည်သို့မျှ ရင်ဆိုင်၍ မရနိုင်ချေ။

ကျောင်းတော်ပေါင်း ဒါဇင်နှင့်ချီ၍ ပျက်စီးကာ ဘုန်းကြီးပေါင်း သောင်းနှင့်ချီ၍ သေကြေခဲ့ရသည်ကို မြင်သောအခါ ဗုဒ္ဓဂိုဏ်းသည် ဤအတိုင်း ဆက်ကြည့်မနေနိုင်တော့ပေ။ ထို့ကြောင့် များစွာသော ရင်းနှီးပေးဆပ်မှုများ ပြုလုပ်ကာ ယွမ်ထျန်းကန်း နှင့် နိပုတတို့ကဲ့သို့ ပါရမီရှင်များကို ရန်သူ၏ တည်နေရာအား ဗေဒင်တွက်ချက်ပေးရန် အကူအညီ တောင်းခံခဲ့ရသည်။

ထို့ကြောင့် ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးသည် နောက်ထပ်ကျောင်းတော်တစ်ခုကို ထပ်မံဖျက်ဆီးရန် ပြင်ဆင်နေစဉ်တွင် အဖြူရောင်မုတ်ဆိတ်ရှည်များရှိပြီး မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေသော ဘုန်းကြီးအိုတစ်ပါးက လမ်းပိတ်ရပ်လိုက်သည်။

“အော်မီထောဖော... ဒကာတော်၊ မင်းရဲ့ လုပ်ရပ်တွေကို ရပ်တန့်လိုက်ပါတော့”

ခေါင်းဆောင်ကြီးက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး - “ခင်ဗျားက ဗုဒ္ဓဂိုဏ်းရဲ့ မဟာကောင်းကင်အဆင့် ဆရာကြီး လျောင်ချန်းလား”

“အဲ့ဒီလို ဘွဲ့ထူးမျိုးကို ကိုယ်တော် မခံယူရဲပါဘူး၊ ကိုယ်တော်က ပိဋကတ်တိုက်က သာမန်ဘုန်းကြီးတစ်ပါးပါပဲ” ဟု ဆရာကြီး လျောင်ချန်းက ဆိုလိုက်သည်။

ခေါင်းဆောင်ကြီးက မထီမဲ့မြင် ပြုံးလိုက်ပြီး - “မင်းတို့ ဗုဒ္ဓဂိုဏ်းကို ငါ အမုန်းဆုံးက ဘာလဲသိလား။ မင်းတို့ရဲ့ ဟန်ဆောင်ကောင်းတဲ့ မျက်နှာတွေကိုပဲ။ သိသိသာသာကို ခွန်အားကြီးမားနေတာကို အူကြောင်ကြောင် လုပ်ပြနေတာမျိုး၊ ငါ့ကို သတ်ချင်နေတာကို အပေါ်ယံမှာ ကရုဏာရှင်ကြီးလိုလို ဟန်ဆောင်နေတာမျိုးပေါ့”

“ဒကာတော်... မင်း ဗုဒ္ဓတရားတော်ကို နားမလည်သေးဘူးပဲ” ဟု ဆရာကြီး လျောင်ချန်းက ပြန်ပြောလိုက်သည်။

“ငါ နားမလည်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ ငါက ဗုဒ္ဓတွေကို သတ်ပြီး နတ်ဘုရားတွေကို ဖျက်ဆီးနိုင်တဲ့သူကွ” ခေါင်းဆောင်ကြီးက ရူးသွပ်စွာ ရယ်မောလိုက်သည်။

“ဒီနေ့ မင်းမျက်စိရှေ့မှာတင် ဗုဒ္ဓဂိုဏ်းဝင်တွေကို ငါ သတ်ပြမယ်၊ မင်း ဘယ်လိုတားမလဲ ကြည့်ရသေးတာပေါ့”

ပြောပြောဆိုဆိုဖြင့် သူသည် ကောင်းကင်ယံသို့ ပေပေါင်း ထောင်ချီ မြင့်တက်သွားပြီး ကောင်းကင်ထက်မှ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ထိုလက်ဝါးရိုက်ချက်သည် ငရဲနက်ကြီးအတွင်းမှ လာသကဲ့သို့ အလွန်ရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

ဆရာကြီး လျောင်ချန်း၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး သူက ကောင်းကင်သို့ မော့ကြည့်ကာ လက်ဝါးတစ်ဖက်ဖြင့် ပြန်လည်ခုခံလိုက်သည်။

“ဒကာတော်... သတ်ဖြတ်လိုစိတ်တွေကို လျှော့ချပြီး ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်လှမ်းပါတော့”

ထိုလက်ဝါးမှာ ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး လောကရှိ ဒုက္ခနှင့် မကောင်းမှုအားလုံးကို ဖယ်ရှားပေးနိုင်မည့် ဗုဒ္ဓ၏ မေတ္တာဓာတ်များ ကိန်းဝပ်နေသယောင် ရှိနေသည်။

အစွမ်းထက်လှသော လက်ဝါးနှစ်ခုမှာ လေထုထဲတွင် အပြင်းအထန် တိုက်မိကြတော့သည်။

“ဝုန်း...”

လောကကြီးတစ်ခုလုံး သိသိသာသာ တုန်ခါသွားခဲ့သည်။ ကျောင်းတော်အတွင်းရှိ ဘုန်းကြီးအားလုံးသည် ထိုအသံကြောင့် ဒဏ်ရာကိုယ်စီ ရရှိခဲ့ကြသော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ဆုံးရှုံးသူတော့ မရှိခဲ့ပေ။

ထိုလက်ဝါးရိုက်ချက်အပြီးတွင် ဆရာကြီး လျောင်ချန်းသည် လေးနက်သော မျက်နှာထားဖြင့် - “ဒကာတော်... မင်းက မဟာကောင်းကင်အဆင့်ကို ရောက်နေပြီလို့ ကိုယ်တော် မထင်ထားခဲ့ဘူး”

“ဒါပေါ့၊ ငါ့မှာ ဒီလောက်မှ အစွမ်းအစမရှိရင် မင်းတို့ ဗုဒ္ဓဂိုဏ်းကို ဘယ်လိုလုပ် သွေးကြွေးလာဆပ်ရဲမလဲ” ဟု ခေါင်းဆောင်ကြီးက ကျေနပ်စွာ ပြုံးလျက် ဆိုသည်။

“ဒကာတော်... သံသရာဝဲဂယက်ဟာ ကျယ်ပြောလှပေမယ့် နောင်တရပြီး လှည့်ပြန်လာရင်တော့ ကမ်းခြေကို တွေ့ရမှာပါ။ အာဃာတတွေကို စွန့်လွှတ်လိုက်ပါတော့၊ ဒကာတော်နဲ့ ဗုဒ္ဓဂိုဏ်းကြားက ပြဿနာတွေကို ကိုယ်တော် ကြားဝင်ဖြေရှင်းပေးပါ့မယ်” ဟု ဆရာကြီး လျောင်ချန်းက တိုက်တွန်းသည်။

“စကားတွေ အပိုပြောမနေနဲ့၊ ငါ ဘာလုပ်ရမလဲဆိုတာ မင်း သင်ပေးစရာ မလိုဘူး။ ငါ ကျင့်ကြံရာက ထွက်လာတာ ကလဲ့စားချေဖို့ပဲ။ ငါ့ရဲ့ ဝတ်ရုံစိမ်းမျှော်စင်အပေါ် မင်းတို့ လုပ်ခဲ့တာတွေကို ငါ အဆပေါင်း ရာချီပြီး ပြန်ဆပ်ပြမယ်” ခေါင်းဆောင်ကြီးက ရက်စက်စွာ ရယ်မောလိုက်ပြန်သည်။

“ဒကာတော်ကတော့ မိစ္ဆာစိတ် အတော်လေး ဝင်နေပြီပဲ၊ ဒကာတော်ကို အသက်ရှင်ခွင့် ပေးလို့ မဖြစ်တော့ဘူး” ဆရာကြီး လျောင်ချန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်ပလာပြီး သူက စတင်တိုက်ခိုက်လိုက်သည်။

“ဒီလိုပဲ ဖြစ်ရမှာပေါ့”

သူတို့နှစ်ဦးသည် အပြင်းအထန် ပြန်လည်တိုက်ခိုက်ကြတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သိုင်းကွက်ပေါင်း တစ်ရာကျော် ကုန်ဆုံးသွားခဲ့သည်။ ဆရာကြီး လျောင်ချန်းက ပို၍ အစွမ်းထက်သော်လည်း ကျောင်းတော်အတွင်းရှိ ဘုန်းကြီးများကို ကာကွယ်ပေးနေရသဖြင့် အနည်းငယ် ထိန်းချုပ်ခံထားရသလို ဖြစ်နေသည်။

ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးသည် မဟာကောင်းကင်အဆင့်သို့ မကြာသေးမီကမှ ရောက်ရှိခဲ့သော်လည်း သူသည် မည်သည့်အရာကိုမျှ ထည့်မတွက်ဘဲ အစွမ်းကုန် တိုက်ခိုက်နေသည်။ ထို့ကြောင့် ခေတ္တခဏလောက်တော့ နှစ်ဖက်စလုံးမှာ အပြန်အလှန် အကြိတ်အနယ် ရှိနေခဲ့သည်။

သို့သော်လည်း သူတို့တိုက်ခိုက်နေသည့် ဧရိယာတဝိုက် (ကျောင်းတော်မှလွဲ၍) မှာ ပျက်စီးယိုယွင်းပြီး မှတ်မိနိုင်စွမ်းပင် မရှိတော့ပေ။ သူတို့၏ တိုက်ပွဲကြောင့် မြစ်ကြီးတစ်စင်းပင် ပြတ်တောက်သွားခဲ့သည်။

သိုင်းကွက်ပေါင်း ၅၀၀ ကျော်သည်အထိ အနိုင်အရှုံး မပေါ်သေးပေ။ ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးသည် အသာစီးရနေသော်လည်း စိတ်ထဲတွင် ဆုတ်ခွာရန် စတင်စဉ်းစားနေပြီဖြစ်သည်။ သူက အမြဲတမ်း သတိကြီးသူဖြစ်ပြီး ဗုဒ္ဓဂိုဏ်းမှ နောက်ထပ် မဟာကောင်းကင်အဆင့် တစ်ဦးသာ ထပ်မံရောက်ရှိလာပါက သူ့အတွက် အန္တရာယ်ရှိနိုင်ကြောင်း တွက်ချက်မိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူက စိန်ခေါ်စကားတစ်ခွန်းကို ချန်ထားခဲ့ပြီး ထွက်ပြေးသွားတော့သည်။

“ကတုံးအို လျောင်ချန်း... ဒီတစ်ကြိမ်တော့ မင်း နိုင်တယ်လို့ပဲ သဘောထားလိုက်ပါ၊ ဒါပေမဲ့ ငါတို့ရဲ့ ရန်ငြိုးကတော့ မပြီးသေးဘူး။ မင်း ငါ့ကို တစ်ကြိမ်တားနိုင်ပေမယ့် ဆယ်ကြိမ်၊ အကြိမ်တစ်ရာ တားနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့”

“မိစ္ဆာကောင်... ရပ်စမ်း”

ဆရာကြီး လျောင်ချန်းသည် နောက်မှ လိုက်လံဖမ်းဆီးခဲ့သော်လည်း မိုင်ပေါင်း ထောင်ချီ ဝေးကွာပြီးနောက်တွင် ရန်သူကို မျက်ခြေပြတ်သွားခဲ့သည်။

သူ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်ကို မြင်သောအခါ ဆရာကြီး ကျဲချန်တို့က အလောတကြီး မေးမြန်းလိုက်ကြသည်။ “ဆရာတော် လျောင်ချန်း၊ ဘာဖြစ်သွားတာလဲ”

ဆရာကြီး လျောင်ချန်းက အပြစ်မကင်းသလို ခံစားချက်ဖြင့် - “အော်မီထောဖော... အဲ့ဒီမိစ္ဆာက တကယ်ကို ရက်စက်ကြမ်းကြုတ်လှတယ်။ သူက အခုဆို မဟာကောင်းကင်အဆင့်ကို ရောက်နေပြီ၊ ပြီးတော့ သူ့ရဲ့ လှုပ်ရှားမှုကလည်း အလွန်မြန်ဆန်တယ်။ ကိုယ်တော် သူ့ကို မဖမ်းနိုင်ခဲ့ဘူး၊ ဒါကို အားလုံးက နားလည်ပေးကြပါ”

“ဗျာ... ဒါဆို ကိုယ်တော်တို့ ဘာဆက်လုပ်ကြမလဲ” လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြသည်။

“ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းက ပုန်းအောင်းနေတဲ့ စီနီယာကြီးကို ရှာမှဖြစ်မယ်။ ကိုယ်တော်တို့နှစ်ယောက်သာ လက်တွဲနိုင်ရင်တော့ မျှော်လင့်ချက် အလင်းတန်းတစ်ခု ရှိနိုင်ပါလိမ့်မယ်”

အပိုင်း (၅၃၀)

ဆရာတော် ကျဲချန်မှာ တစ်ခဏချင်းပင် ကြောင်အသွားခဲ့သည်။

အကယ်၍ ဗုဒ္ဓဂိုဏ်းမှ ထိုစီနီယာကြီးကိုသာ ဆင့်ခေါ်နိုင်မည်ဆိုလျှင် သူလုပ်ပြီးသည်မှာ ကြာလှပြီဖြစ်သည်။ အဘယ်ကြောင့် ယခုအချိန်အထိ စောင့်ဆိုင်းနေပါမည်နည်း။

ဆရာကြီး လျောင်ချန်းမှာ တစ်ခုခုလွဲချော်နေသည်ကို ရိပ်မိသွားပြီး မေးမြန်းလိုက်သည်။ "ဘာဖြစ်လို့လဲ..."

"ဆရာတော် လျောင်ချန်း... အမှန်အတိုင်း ပြောရရင်တော့..."

ဆရာတော် ကျဲချန်သည် မျက်နှာပျက်ပျက်ဖြင့် "အဲ့ဒီ စီနီယာရဲ့ လက်ဝါးရာကြီး ပေါ်လာကတည်းက ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းဟာ အဲ့ဒီစီနီယာကို အသည်းအသန် ရှာဖွေခဲ့ကြတာပါ။ သူ့ကို ထွက်လာအောင် ဆွဲဆောင်ဖို့အတွက် ဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးလိုမျိုး ကြီးမားတဲ့ ဆုလာဘ်တွေကိုတောင် ကမ်းလှမ်းခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အခုထိတော့ သူ့ရဲ့သတင်းအစအနတောင် မကြားရသေးပါဘူး"

"ဒါဟာ ဗုဒ္ဓတရားတော်အပေါ် အမှန်တကယ် သက်ဝင်ယုံကြည်တဲ့ ဘုန်းကြီးတစ်ပါး ဖြစ်ရမယ်။ ကိုယ်တော် တကယ်ကို ကြည်ညိုမိပါတယ်" ဟု ဆရာကြီး လျောင်ချန်းက ရိုးသားစွာ ချီးကျူးလိုက်သည်။

“ကြည်ညိုတာကို ခဏထားလိုက်ပါဦး” ဟု ဆရာတော် ကျဲချန်က စိတ်ထဲမှ တောက်ခေါက်လိုက်သည်။

အကယ်၍ စီနီယာတိုင်းသာ ခင်ဗျားတို့လို သက်သတ်လွတ်စား၊ တရားအားထုတ်ပြီး လောကီရေးရာတွေကို လျစ်လျူရှုနေကြမယ်ဆိုရင် ကျွန်ုပ်တို့ ဗုဒ္ဓဂိုဏ်းက ဘယ်လိုလုပ်ပြီး တိုးတက်လာနိုင်ပါတော့မလဲ။

ကျွန်ုပ်တို့အားလုံးဟာ ဘုန်းကြီးတွေဖြစ်ကြပြီး အလိုရမ္မက်ကင်းစင်ကာ တရားဓမ္မကိုပဲ အာရုံစိုက်ချင်ကြတာ မှန်ပေမဲ့ လူသားတွေပဲ မဟုတ်ပါလား။ လူဆိုတာ စားရဦးမည် ဖြစ်ပြီး ဒီလို နေ့စဉ် လိုအပ်ချက်တွေအားလုံးက ငွေကုန်ကြေးကျ ရှိလှသည်။

မဟုတ်လျှင် ဗုဒ္ဓဂိုဏ်းရှိ သန်းနှင့်ချီသော တပည့်များ ငတ်သေကုန်ကြပေလိမ့်မည်။

နောက်ဆုံးတွင် ဆရာကြီး လျောင်ချန်းက ဆိုလိုက်သည်။ "ဒီမိစ္ဆာကို နှိမ်နင်းဖို့ဆိုရင် မဟာကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ယောက် လက်တွဲမှဖြစ်မယ်။ မဟုတ်ရင်တော့ မျှော်လင့်ချက် မရှိနိုင်ဘူး။ အော်မီထောဖော..."

ထို့နောက်တွင် ဆရာတော် ကျဲချန်သည် ဗုဒ္ဓဂိုဏ်း၏ အင်အားကို အသုံးပြု၍ ထိုစီနီယာကြီးကို ရှာဖွေရန် ညွှန်ကြားလိုက်တော့သည်။

သူတို့သည် ကျောင်းတော်တိုင်းကို စေ့စေ့စပ်စပ် ရှာဖွေခဲ့ကြသည်။ အဆင့်အတန်းမခွဲခြားဘဲ တံမြက်လှည်းသမား ဖြစ်စေ၊ အညစ်အကြေး သယ်သူဖြစ်စေ အသက် ၁၀၀ အထက် ရှိသူမှန်သမျှကို စုံစမ်းစစ်ဆေးခဲ့သော်လည်း အစအနပင် ရှာမတွေ့ခဲ့ပေ။

ထိုစီနီယာကြီးမှာ တစ်ခါမှ မရှိခဲ့ဖူးသည့်အလား သဲလွန်စ တစ်ခုမျှပင် မကျန်ရစ်ခဲ့ချေ။

တစ်ချိန်တည်းမှာပင် သူတို့သည် အရန်အစီအစဉ်တစ်ခုကို ပြင်ဆင်ခဲ့ကြသည်။ အခြားသော အင်အားကြီးဂိုဏ်းများထံ ဆက်သွယ်ကာ ထိုမိစ္ဆာကို သုတ်သင်နိုင်ရန် သူတို့၏ မဟာကောင်းကင်အဆင့် ပညာရှင်များကို အကူအညီ တောင်းခံခဲ့ကြသည်။

သို့သော် ထိုဂိုဏ်းများသည် ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးမှာ မဟာကောင်းကင်အဆင့် ခွန်အားရှိကြောင်း သိရှိထားကြသဖြင့် ဘေးဆိုးကို မိမိဆီသို့ ဖိတ်ခေါ်မလာချင်ကြသဖြင့် အားလုံးက ငြင်းပယ်ခဲ့ကြသည်။

ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးမှာ ပို၍ပင် မောက်မာလာပြီး ကျောင်းတော်များကို ဖျက်ဆီးကာ ဘုန်းကြီးများကို သတ်ဖြတ်ခြင်းမှာ ပို၍ စိပ်လာခဲ့သည်။ အချို့သော ဘုန်းကြီးများမှာ ကြောက်ရွံ့လွန်းသဖြင့် ကျောင်းတော်မှ ထွက်ခွာကာ လူဝတ်လဲသွားကြတော့သည်။

ရန်သူက ဘုန်းကြီးများကို များစွာသတ်ဖြတ်ခဲ့သော်လည်း ဗုဒ္ဓဂိုဏ်း၏ အုတ်မြစ်ကိုတော့ မထိခိုက်နိုင်သေးပေ။ ဗုဒ္ဓဂိုဏ်းအတွက် စစ်မှန်သော အနှစ်သာရမှာ ‌ကောင်းကင်အဆင့် နှင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များသာ ဖြစ်သည်။ ထိုသူများ အသက်ရှင်နေသရွေ့ သူတို့၏ အခြေခံမှာ ခိုင်မာနေဆဲဖြစ်ပြီး အနှေးနှင့်အမြန် ပြန်လည် နိုးထလာနိုင်မည်ဖြစ်သည်။

ထို့ကြောင့် လင်းပိုင်ဖန်က ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးအား ကံကောင်းမှုတစ်ခု ပေးသနားရန် ဆုံးဖြတ်လိုက်တော့သည်။

......

တစ်နေ့တွင် ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးသည် မဟာရှနိုင်ငံအတွင်း ဖြတ်သန်းသွားစဉ် သူ၏ခြေဖဝါးအောက်ရှိ တောင်တစ်ခုမှ သက်တံရောင်အလင်းတန်းတစ်ခု ပွင့်ထွက်လာပြီး သူ၏ရှေ့မှ ဖြတ်သွားသည်ကို မတော်တဆ တွေ့ရှိလိုက်သည်။

"ဒါ ဘာလဲ..." သူသည် အလွန်အမင်း အံ့အားသင့်သွားသည်။

ထိုသက်တံရောင် အလင်းတန်းမှတစ်ဆင့် သူ့အတွက် များစွာအကျိုးရှိမည့် ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ကံမကောင်းစွာဖြင့် ထိုအလင်းမှာ ခဏချင်းပင် ပျောက်ကွယ်သွားခဲ့ရာ သူ သေချာမကြည့်လိုက်ရပေ။

သူသည် သိလိုစိတ်ဖြင့် ထိုအလင်းတန်း ထွက်ပေါ်လာရာ အရပ်သို့ အပြေးအလွှား သွားလိုက်သည်။

အသက်ရှူချိန် သုံးကြိမ်စာမျှသော အချိန်အတွင်းမှာပင် သူသည် ငှက်သံများနှင့် ပန်းရနံ့များ သင်းပျံ့နေသည့် တောအုပ်တစ်ခုသို့ ရောက်ရှိသွားပြီး သူ၏ရှေ့တွင် မြင့်မားသော ရေတံခွန်ကြီး တစ်ခုကို တွေ့လိုက်ရသည်။

ထိုတောက်ပသော အလင်းတန်းမှာ ဤရေတံခွန်အတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရေတံခွန်သည် အမြင့် ပေ ၁၀၀ နှင့် အနံ ပေ ၂၀ ခန့်ရှိပြီး ကောင်းကင်ယံမှ ကြယ်စင်စု မြစ်ကြီးတစ်ခု ဆင်းသက်လာသကဲ့သို့ တဝုန်းဝုန်း မြည်ဟည်းနေသည်။ ဤမျှပြင်းထန်သော ရေတံခွန်၏ ရိုက်ခတ်မှုအောက်တွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် တစ်ယောက်ပင် အသက်အန္တရာယ် ရှိနိုင်သည်။

သို့သော် ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးသည် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူပီပီ အတွင်းသို့ တိုက်ရိုက် တိုးဝင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်တာရာများ ပြောင်းလဲသွားသကဲ့သို့ သူသည် ရေတံခွန်ကို ဖြတ်ကျော်ကာ ဆိတ်ငြိမ်သော ဂူတစ်ခုအတွင်းသို့ ရောက်ရှိသွားတော့သည်။ ဤဂူမှာ ဆီမီးခုံများ၊ ထွင်းထုထားသော လက်ရန်းများနှင့် လှေကားထစ်များ ရှိနေသဖြင့် လူလုပ်ထားခြင်းဖြစ်ကြောင်း သိသာလှသည်။

သို့သော်လည်း ကြာမြင့်စွာ ပြုပြင်ထိန်းသိမ်းမှု မရှိသဖြင့် ဂူအတွင်း၌ ဖုန်မှုန့်များနှင့် ရေမှော်ပင်များ ဖုံးလွှမ်းနေပြီး အပေါ်ယံတွင် ပင့်ကူအိမ်များ ယှက်နွယ်နေသည်။

ဤမြင်ကွင်းက ခေါင်းဆောင်ကြီး၏ သိလိုစိတ်ကို ပို၍ လှုံ့ဆော်ပေးလိုက်သည်။ "ဒါ ဘယ်သူ့ရဲ့ ကျင့်ကြံတဲ့ ဂူလဲ"

ဤဂူကို တည်ဆောက်ခဲ့သူမှာ အနည်းဆုံးတော့ အင်ပါယာချီ အဆင့်ရှိသည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ရပေမည်။

သူသည် သိလိုစိတ်အပြည့်ဖြင့် ဂူအတွင်းသို့ ဆက်လက် ဝင်ရောက်ခဲ့သည်။ သူ၏ ကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါမှာ လမ်းတစ်လျှောက်ရှိ ရေမှော်ပင်များကို လောင်ကျွမ်းစေပြီး ဂူအတွင်းကိုလည်း အလင်းရောင် ရစေသည်။

လက်ဖက်ရည် တစ်ဝက်သောက်စာခန့် အချိန်ကြာပြီးနောက်တွင် ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။ သူ၏ရှေ့တွင် ကျောက်စားပွဲများ၊ ကျောက်ခုံများ၊ ကျောက်ကုတင်များနှင့် ကျောက်ဗီဒိုများ ရှိနေပြီး အားလုံးမှာ ‌ရေမှော်ပင်များနှင့် လှပသော ပန်းများဖြင့် ဖုံးလွှမ်းနေသည်။

ထိုနေရာ၏ အလယ်တွင် ငါးများ ကူးခတ်နေသော ကြည်လင်သည့် ကန်တစ်ခု ရှိပြီး ကန်အောက်ခြေမှ စိမ်းဖန့်ဖန့် အလင်းရောင်များ ထွက်ပေါ်နေသည်။

မြင်ကွင်းမှာ လှပသော်လည်း ခေါင်းဆောင်ကြီးမှာ အနည်းငယ် စိတ်ပျက်သွားသည်။

"ဘာမှလည်း မရှိပါလား... အချိန်ကုန်တာပဲ အဖတ်တင်တယ်"

ထိုအချိန်တွင် ကန်အတွင်း၌ စာလုံးအချို့ ရှိနေသည်ကို သူ သတိထားမိလိုက်သည်။

စိတ်ဝိညာဉ်ကို လှုပ်ခါစေနိုင်သည့် မိစ္ဆာအရှိန်အဝါများ ပြည့်နှက်နေသော စာလုံးလေးလုံးကို သူ ဝေဝေဝါးဝါး မြင်လိုက်ရသည် - "ကောင်းကင်ဝါးမျို မိစ္ဆာသိုင်းကျမ်း"

ထို့အပြင် ဘေးပတ်လည်တွင် ကျင့်စဉ်နှင့် ပတ်သက်သည့် သွေးကြောများနှင့် အချက်အချာ နေရာများအကြောင်းကို သိပ်သည်းစွာ ရေးသားထားသည်။ ထိုရေအောက်ရှိ စာသားများမှာ သိုင်းကျမ်းတစ်စောင် ဖြစ်ရမည်ဟု ခေါင်းဆောင်ကြီးက မှန်းဆလိုက်သည်။

"ကောင်းကင်ဝါးမျို မိစ္ဆာသိုင်း...၊ ဒါက ဘယ်လိုကျင့်စဉ်မျိုးလဲ" သူ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လက်ရှိ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် ဗဟုသုတ ကြွယ်ဝသူဖြစ်သော်လည်း ဤကျင့်စဉ်၏ အရင်းအမြစ်ကိုတော့ လုံးဝ မသိပေ။

သူသည် အတွေးများကို ရပ်တန့်လိုက်ပြီး ထိုသိုင်းကျမ်းကို အသေအချာ ဖတ်ရှုလိုက်သည်။

သူ ဖတ်ရှုလေလေ၊ ပို၍ စွဲလန်းလာလေလေ ဖြစ်လာသည်။

ဤကျင့်စဉ်သည် အလွန်ပင် နက်ရှိုင်းပြီး နားလည်ရ ခက်ခဲလှသည်။ မဟာကောင်းကင်အဆင့်ရှိသည့် သူကိုယ်တိုင်ပင် အဆုံးအစကို မှန်းဆ၍ မရနိုင်လောက်အောင် ဖြစ်နေသည်။

သူ အရင်က သင်ယူခဲ့ဖူးသမျှ သိုင်းပညာအားလုံးမှာ ဤကျင့်စဉ်နှင့် နှိုင်းယှဉ်လိုက်လျှင် အားလုံး မှေးမှိန်သွားရတော့သည်။

All Chapters