← Chapters

အခန်း (၅၃၃-၅၃၄)

Vol. 49 Ch. 533-534

အခန်း (၅၃၃-၅၃၄)

Vol. 49 Ch. 533-534

အပိုင်း (၅၃၃)

ဗုဒ္ဓဂိုဏ်း၏ ဗဟိုဌာနချုပ်ဖြစ်သော ရှောက်လင်ကျောင်းတော်အတွင်း၌...

ဘုန်းတော်ကြီးအချို့မှာ အပြေးအလွှား ပြန်လည်ရောက်ရှိလာပြီး ဖူဝမ်ကျောင်းတော်၏ အခြေအနေကို လာရောက်သတင်းပို့ကြသည်။

“ဆရာတော် ကျဲချန်... အပြင်လောကမှာ ပြောနေကြတဲ့အတိုင်း ဖူဝမ်ကျောင်းတော်ဟာ အဲဒီမိစ္ဆာရဲ့ သွေးချောင်းစီး သတ်ဖြတ်မှုကို ခံလိုက်ရပါပြီ။ အခုတော့ အပျက်အစီးပုံတွေပဲ ကျန်ပါတော့တယ်။ ကျောင်းတော်ထဲက သံဃာတော်တွေနဲ့ ဘုရားဖူးတွေအားလုံးလည်း သူ့ရဲ့ရက်စက်မှုအောက်မှာ အသက်ပျောက်ခဲ့ကြရပါပြီ”

“အကုသိုလ်တွေပဲ... ကြီးမားတဲ့ အကုသိုလ်တွေပဲ။ ဒါနဲ့ ဆရာတော် ဝူမင်ကော ဘယ်လိုနေလဲ” ဆရာတော် ကျဲချန်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

ဘုန်းကြီးများ၏ မျက်နှာမှာ ပို၍ပင် ညှိုးငယ်သွားပြီး “ကျောင်းတော်ထဲမှာတော့ ဆရာတော် ဝူမင်ရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ တောအုပ်တစ်ခုထဲမှာတော့ ဒါကို တွေ့ခဲ့ပါတယ်”

သူတို့သည် အနီရောင် သင်္ကန်းစ အပိုင်းအစအချို့ကို ထုတ်ပြလိုက်ကြသည်။ ဆရာတော် ကျဲချန်မှာ ထိုအရာကို မြင်သည်နှင့် ဆရာတော် ဝူမင်၏ သင်္ကန်းစမှန်း ချက်ချင်းသိလိုက်သည်။

အဝတ်အစားတွေပဲ ကျန်ရစ်ခဲ့တယ်ဆိုရင် လူကတော့...

ဆရာတော် ကျဲချန်မှာ စိတ်မကောင်းခြင်းကြီးစွာဖြင့် လက်အုပ်ချီလိုက်ရင်း “အောမီထောဖော...” ဟု ရွတ်ဆိုလိုက်သည်။

“အောမီထောဖော...” ကျန်ရှိနေသူများလည်း လေးနက်သော အမူအရာဖြင့် လိုက်လံရွတ်ဆိုကြလေသည်။

ထိုအချိန်တွင် ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးမှာ ပိုင်ယန်ကျောင်းတော်သို့ ရောက်ရှိနေပြီဖြစ်သည်။

ပိုင်ယန်ကျောင်းတော်မှာ တောင်ပေါ်တွင် တည်ရှိပြီး မြို့နှင့်ဝေးလံသောကြောင့် နာမည်မကျော်ကြားသလို ဘုရားဖူးလည်း မရှိသလောက် နည်းပါးလှသည်။ သို့သော် ထိုကျောင်းတော်တွင် ဗုဒ္ဓဂိုဏ်း၏ သိုင်းပညာရှင် ဆရာတော်ကြီး ဝူဝေါ သီတင်းသုံးနေခြင်းပင် ဖြစ်သည်။

တောင်ထိပ်ပေါ်ရှိ ပိုင်ယန်ကျောင်းတော်ကို ကြည့်ကာ ခေါင်းဆောင်ကြီးက လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်။ ထိုအခါ မီးခိုးရောင်ဝတ်စုံနှင့် ဘုန်းကြီးအိုတစ်ပါးမှာ ပြေးထွက်လာပြီး ကျောင်းတော်ကို မပျက်စီးအောင် အစွမ်းကုန် ကာကွယ်လိုက်ရသည်။

“မင်းက ဝတ်ရုံစိမ်းမျှော်စင်ရဲ့ မိစ္ဆာခေါင်းဆောင်ကြီးလား” ဟု ဘုန်းကြီးအိုကြီးက လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

“မှန်တယ်၊ ငါပဲ” ခေါင်းဆောင်ကြီးက ခေါင်းညိတ်ပြရင်း ထိုဘုန်းကြီးအိုကြီးကို သတ်ဖြတ်ရန် အဆင်သင့်ဖြစ်နေသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ကြည့်နေသည်။

ဒီဘုန်းကြီးရဲ့ ခွန်အားက ဝူမင်နဲ့ တန်းတူလောက် ရှိမှာပဲ။ ငါသာ သူ့ကို ဝါးမျိုလိုက်ရင် ငါ့ရဲ့အင်အားက ၁၀ ရာခိုင်နှုန်းလောက် ထပ်တိုးလာဦးမှာပဲ။ အသက်စွမ်းအင်တွေကိုပါ စုပ်ယူလိုက်ရင် ငါ အနှစ် ၂၀ ဒါမှမဟုတ် ၃၀ လောက်တောင် ပြန်နုပျိုသွားနိုင်တယ် မဟုတ်လား...

ထိုသို့တွေးတောရင်း သူ၏ အပြုံးမှာ ပို၍ ကျယ်ပြန့်လာသည်။ ထိုအကြည့်များအောက်တွင် မသက်မသာ ခံစားရသဖြင့် မီးခိုးရောင်ဝတ်စုံနှင့် ဘုန်းကြီးအိုကြီးမှာ ဦးအောင် စတင်တိုက်ခိုက်လိုက်တော့သည်။

ခေါင်းဆောင်ကြီးမှာမူ စိုးရိမ်မည့်အစား ဝမ်းမြောက်သွားကာ “လာစမ်းပါ” ဟု ဟစ်အော်လိုက်သည်။

အကြိမ် ၂၀ ခန့် တိုက်ခိုက်ပြီးနောက်တွင်မူ ထိုဘုန်းကြီးအိုကြီးမှာ ခေါင်းဆောင်ကြီး၏ လက်တွင်း၌ ကြက်ကလေးတစ်ကောင်ကဲ့သို့ အဖမ်းခံလိုက်ရသည်။ ခေါင်းဆောင်ကြီးက ‘ကောင်းကင်ဝါးမျို မိစ္ဆာသိုင်း’ ကို အသုံးပြုကာ ထိုဘုန်းကြီးကို ခဏချင်းအတွင်း ခြောက်ကပ်နေသော အလောင်းတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ရန်သူ၏ အနှစ်သာရကို ရရှိလိုက်ပြီးနောက် သူ၏ အင်အားမှာ ၁၀ ရာခိုင်နှုန်း ထပ်မံတိုးလာခဲ့သည်။ ထင်ထားသည့်အတိုင်းပင် သူ၏ ရုပ်သွင်မှာ အနှစ် ၂၀ ခန့် ပို၍ နုပျိုသွားပုံရသည်။

ခေါင်းဆောင်ကြီးမှာ အလွန်ပင် ဝမ်းမြောက်သွားပြီး အားရပါးရ ရယ်မောလိုက်ကာ- “ကောင်းတယ်၊ ငါထင်ထားတဲ့အတိုင်းပဲ”

သူသည် ကျောင်းတော်ကို လက်ဝါးဖြင့် ရိုက်နှက်ကာ မြေလှန်ဖျက်ဆီးခဲ့ပြီးနောက် မာန်တက်စွာဖြင့် ထွက်ခွာသွားတော့သည်။

ထိုသတင်းမှာလည်း လျင်မြန်စွာ ပျံ့နှံ့သွားပြန်သည်။

“ပိုင်ယန်ကျောင်းတော်လည်း ဖျက်ဆီးခံလိုက်ရပြန်ပြီ”

“ဒီရန်သူက တကယ့်ကို မိစ္ဆာပဲ၊ ဘုန်းကြီးတွေကို တွေ့တာနဲ့ သတ်နေတာပဲ။ ဆိတ်ငြိမ်တဲ့ ပိုင်ယန်ကျောင်းတော်ကိုတောင် ချန်မထားဘူး”

“ပိုင်ယန်ကျောင်းတော်မှာ ဗုဒ္ဓဂိုဏ်းရဲ့ ဆရာတော်ကြီး ဝူဝေါ ရှိနေတာလေ၊ ကျောင်းတော်ကြီး ပျက်စီးသွားပြီဆိုတော့ ဆရာတော်ကြီးကော...”

“သတ်ခံလိုက်ရတာ သေချာသလောက်ပဲ။ ဗုဒ္ဓဂိုဏ်းအတွက်တော့ ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှုပဲ”

“ဟုတ်တယ်၊ ဆရာတော်ကြီး နှစ်ပါးတောင် ဆုံးရှုံးသွားတာဆိုတော့ ဗုဒ္ဓဂိုဏ်း အတော်လေး ထိခိုက်သွားမှာပဲ”

ရှောက်လင်ကျောင်းတော်တွင် သံဃာတော်များမှာ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည်။

ဆရာတော် ကျဲချန်က နာကျင်သော အမူအရာဖြင့် “ပိုင်ယန်ကျောင်းတော်လည်း ပျက်စီးသွားပြီ၊ ဆရာတော် ဝူဝေါရဲ့ သတင်းလည်း မကြားရတော့ဘူး။ ငါစိုးရိမ်တာကတော့ သူလည်း အဲဒီမိစ္ဆာရဲ့ လက်ချက်နဲ့ပဲ ပျောက်ကွယ်သွားပြီ ထင်တယ်။ အခုဆို ဗုဒ္ဓဂိုဏ်းရဲ့ ဆရာတော်ကြီး နှစ်ပါးတောင်မှ ပျက်စီးသွားခဲ့ရပြီ၊ ဒါဟာ ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းအတွက် ကပ်ဘေးတစ်ခုပဲ။ အောမီထောဖော...”

“အောမီထောဖော...” ကျန်ဘုန်းကြီးများလည်း ယူကျုံးမရဖြစ်ကာ လိုက်လံရွတ်ဆိုကြသည်။

“ဆရာတော်... ဒီမိစ္ဆာက ဘယ်သူ့ကိုမှ မညှာတာဘူး၊ အခုဆိုရင် ဆရာတော်ကြီးတွေကိုတောင် မချန်တော့ဘူး။ ဒါတွေ ဆက်ဖြစ်နေရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ” တစ်စုံတစ်ဦးက မေးမြန်းလိုက်သည်။

ဆရာတော် ကျဲချန်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး “ဗုဒ္ဓဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ထိန်းသိမ်းဖို့အတွက် အရပ်ရပ်မှာ ရှိနေတဲ့ ဆရာတော်ကြီးတွေနဲ့ အဆင့်မြင့် သိုင်းပညာရှင်တွေအားလုံးကို ယာယီ ပြန်ခေါ်ရလိမ့်မယ်။ ဆရာတော်ကြီး လျောင်ချန်းရဲ့ ကာကွယ်မှုအောက်မှာဆိုရင်တော့ ရန်သူက မဆင်မခြင် လုပ်ရဲမှာ မဟုတ်ဘူး။ ကျန်တဲ့ တပည့်တွေကိုတော့ အခုလောလောဆယ် လူစုခွဲထားရလိမ့်မယ်။ ဒီမုန်တိုင်းကြီး ပြီးသွားမှပဲ သူတို့ကို ပြန်ခေါ်ရတော့မှာပေါ့”

“ဒါပေမဲ့ ဒီလိုလုပ်ရင် ကိုယ်တော်တို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းပြီး အပြင်လူတွေရဲ့ လှောင်ပြောင်တာကို ခံရလိမ့်မယ်”

ဆရာတော် ကျဲချန်က ထပ်မံ သက်ပြင်းချလိုက်ပြီး “သူတို့ လှောင်ချင်သလောက် လှောင်ပါစေ။ ဂုဏ်သိက္ခာက အရေးကြီးပေမယ့် ငါတို့ တပည့်တွေရဲ့ အသက်အန္တရာယ်နဲ့ ဗုဒ္ဓဂိုဏ်းရဲ့ တရားဓမ္မတွေ တည်တံ့ပြန့်ပွားရေးက ပိုပြီး အရေးကြီးတယ်။ အောမီထောဖော...”

“အောမီထောဖော်...” ဘုန်းကြီးများက တညီတညွတ်တည်း ပြန်လည် ရွတ်ဆိုလိုက်ကြသည်။

ဗုဒ္ဓဂိုဏ်း၏ အမိန့်တော် ထွက်ပေါ်လာပြီးနောက် ကျောင်းတော်အသီးသီးမှာ လူစုခွဲလိုက်ကြကာ အဆင့်မြင့် သိုင်းပညာရှင်များအားလုံး ရှောက်လင်ကျောင်းတော်သို့ စုရုံးလာကြသည်။

ထိုသို့ ပြောင်းလဲလိုက်ခြင်းကြောင့် ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးအတွက် အခွင့်အရေး မရှိတော့ပေ။ သူသာ ဘုန်းကြီးတွေကို ဆက်လက် သတ်ဖြတ်ချင်ပါက ရှောက်လင်ကျောင်းတော်ရှိ ဆရာတော်ကြီး လျောင်ချန်းနှင့် တိုက်ရိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

လူအများက ဗုဒ္ဓဂိုဏ်း၏ ကြောက်ရွံ့မှုကို လှောင်ပြောင်နေကြသော်လည်း တစ်ဖက်တွင်မူ ထိုဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးကို ပို၍ပင် ကြောက်လန့်လာကြသည်။

မည်သူ့ကိုမဆို ရန်စလို့ရသည်၊ သို့သော် ‘မဟာကောင်းကင်အဆင့်’ သိုင်းပညာရှင်တစ်ဦးကိုမူ ဘယ်တော့မှ မရန်စပါနှင့်။ အထူးသဖြင့် စည်းကမ်းမရှိဘဲ အနိုင်မခံလိုသော ဤကဲ့သို့သော မိစ္ဆာမျိုးမှာ လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေနိုင်သည်။

ထိုအခြေအနေအားလုံးကို ခေါင်းဆောင်ကြီးက သိရှိသွားပြီး နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်သည်။ “ဒီလိုလုပ်ရုံနဲ့ ငါ့မှာ နည်းလမ်းမရှိတော့ဘူးလို့ ထင်နေတာလား။ အခုလောလောဆယ် ငါ့မှာ နည်းလမ်းမရှိသေးတာ မှန်ပေမယ့် ငါကလည်း အလျင်မလိုသေးပါဘူး။ ငါတို့မှာ အေးအေးဆေးဆေး ကစားဖို့ အချိန်တွေ အများကြီး ရှိသေးတာပဲ”

ယခုမူ သူသည် အခြားသော ‌ကောင်းကင်အဆင့်များကို ပစ်မှတ်ထားရန် ပြင်ဆင်လိုက်သည်။

အပိုင်း (၅၃၄)

ဗုဒ္ဓဂိုဏ်းတွင် ကောင်းကင်အဆင့် သိုင်းပညာရှင် အရေအတွက် ကန့်သတ်ချက်ရှိသော်လည်း ပြင်ပလောကတွင်မူ ကောင်းကင်အဆင့်များစွာ ရှိနေကြသေးသည်။

၎င်းတို့အားလုံး၏ ကျင့်စဉ်အနှစ်သာရများကိုသာ သူ စုပ်ယူနိုင်မည်ဆိုပါက သူ၏ခွန်အားမှာ စိတ်ကူးကြည့်၍ပင် မရနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားမည်မှာ အမှန်ပင်။

ပြိုင်ဘက်ကင်းအဆင့်သို့ ရောက်ရှိရန် မဆိုထားနှင့်ဦး၊ အနည်းဆုံးတော့ သူသည် ‘မဟာကောင်းကင်အဆင့်’များထဲတွင် ထိပ်သီးတစ်ဦး ဖြစ်လာပေလိမ့်မည်။

ထိုသို့ တွေးတောမိသည်နှင့် ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးမှာ နောက်ထပ် တွန့်ဆုတ်မနေနိုင်တော့ပေ။

သို့သော် သူသည် သတိကြီးစွာထားသည့်အနေဖြင့် ယခုတစ်ကြိမ်တွင် ဗြောင်ကျကျ သတ်ဖြတ်ခြင်းမျိုး မလုပ်ဘဲ တိတ်တဆိတ်သာ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ လူအများ သတိမထားမိခင်မှာပင် သူဟာ ဘယ်သူ့ကိုမဆို ရင်ဆိုင်နိုင်လောက်တဲ့အထိ အင်အားတောင့်တင်းနေရမည် မဟုတ်ပါလား။

သူ၏ ပထမဆုံး ပစ်မှတ်မှာ ‘မဟာဝူအင်ပါယာ’ မှ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးပင် ဖြစ်သည်။

ထိုသူ၏ အမည်မှာ ရွှီပိုင်မု ဖြစ်ပြီး လက်သီးသိုင်းတွင် အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် ပုံမှန်အားဖြင့် လူသိမခံဘဲ တောတောင်နက်နက်ထဲတွင်သာ အေးအေးချမ်းချမ်း နေထိုင်ရင်း သူ၏ လက်သီးသိုင်းကို လေ့ကျင့်နေလေ့ရှိသည်။

ထိုတောင်ပေါ်တွင် သူနှင့် တပည့်အနည်းငယ်မှလွဲ၍ အခြားသူ မရှိသလောက်ပင်။ ထို့ကြောင့်ပင် သူသည် ခေါင်းဆောင်ကြီး၏ ပထမဆုံးသားကောင် ဖြစ်လာခဲ့ရလေသည်။

ထိုနေ့တွင် ခေါင်းဆောင်ကြီးသည် ထိုတောတောင်ထဲသို့ တိတ်တဆိတ် ဝင်ရောက်ကာ ရွှီပိုင်မုနှင့် သူ၏တပည့်များကို လျင်မြန်စွာပင် သတ်ဖြတ်လိုက်သည်။ ၎င်းတို့၏ ကျင့်စဉ်အင်အားများကို စုပ်ယူပြီးနောက် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ထို့နောက်တွင်မူ သူသည် လူသိမခံသော ဒုတိယမြောက် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးကို မျက်စိကျခဲ့ပြန်သည်။

ခေါင်းဆောင်ကြီး၏ သိုင်းအဆင့် မြင့်မားမှု၊ ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင်နိုင်မှုနှင့် လုပ်ကြံသတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်မှုတို့ကြောင့် လူသိမခံဘဲ သီးခြားနေထိုင်သော ကောင်းကင်အဆင့်များကို ပစ်မှတ်ထားရာတွင် အမြဲတမ်း အောင်မြင်ခဲ့သည်။

ရက်သတ္တပတ် နှစ်ပတ်မပြည့်ခင်မှာပင် ကောင်းကင်အဆင့် သိုင်းပညာရှင် အနည်းဆုံး လေးဦးခန့် သူ၏လက်ချက်ဖြင့် ကျဆုံးခဲ့ရလေပြီ ဖြစ်သည်။

“မဆိုးဘူး... ကောင်းကင်အဆင့် ခြောက်ယောက်ရဲ့ အနှစ်သာရတွေကို စုပ်ယူပြီးတဲ့နောက် ငါ့ရဲ့ခွန်အားက ခြောက်ပုံတစ်ပုံလောက် ထပ်တိုးလာခဲ့ပြီ။ ဒီခွန်အားနဲ့ဆိုရင် ငါက မဟာကောင်းကင်အဆင့်တွေထဲမှာ အားမနည်းတော့ဘူး။ အနည်းဆုံးတော့ အဲဒီ လျောင်ချန်း ကတုံးကောင်နဲ့ ယှဉ်နိုင်နေပြီ”

“တစ်လမပြည့်ခင်မှာပဲ ငါက ဝါရင့် မဟာကောင်းကင်အဆင့် တစ်ယောက်ကို အမီလိုက်နိုင်နေပြီ။ တကယ့်ကို အနှိုင်းမဲ့ မိစ္ဆာကျင့်စဉ်ပဲ”

“ဒါတင်မကသေးဘူး၊ သူတို့ရဲ့ အသက်စွမ်းအားတွေကိုပါ ဝါးမျိုလိုက်တော့ ငါ့ရဲ့သက်တမ်းက အနှစ် ၁၂၀ လောက် ထပ်တိုးသွားတယ်။ နောင်တစ်ချိန်မှာတော့ ငါဟာ မသေနိုင်တဲ့ အဆင့်ကို ရောက်ပြီး ဒီလောကကြီးကို ထာဝရ အုပ်စိုးနိုင်တော့မယ်ကွ၊ ဟားဟား….”

ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးမှာ ယခုကာလအတွင်း ရရှိခဲ့သော ရလဒ်များအတွက် အလွန်ပင် ကျေနပ်နေမိသည်။

“အခုတော့ လူသိမခံတဲ့သူတွေကို ရှင်းထုတ်ပြီးပြီဆိုတော့ တခြားသူတွေကို ဆက်လုပ်ရတော့မှာပေါ့။ ဒါက လူအများရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပေမယ့် ဘယ်သူလာလာ အလကားပဲ”

ခေါင်းဆောင်ကြီး၏ မျက်လုံးများမှာ ရက်စက်မှုများဖြင့် တောက်ပလာပြီး- “နတ်ဘုရား တားရင် နတ်ဘုရားကို သတ်မယ်၊ ဗုဒ္ဓက တားရင် ဗုဒ္ဓကို သတ်မယ်” ဟု ရေရွတ်လိုက်သည်။

သူ ဆုံးဖြတ်ချက်ချပြီး နောက်တစ်နေ့တွင်ပင် ‘မဟာရှီ’ မင်းဆက်သို့ သွားရောက် တိုက်ခိုက်ကာ လူသန်းပေါင်းများစွာ၏ ရှေ့မှာပင် မဟာရှီ၏ ကောင်းကင်အဆင့် သိုင်းပညာရှင်ကို ပြင်းထန်စွာ ဒဏ်ရာရစေပြီးနောက် ကြက်ကလေးတစ်ကောင်ကဲ့သို့ ဆွဲခေါ်သွားခဲ့သည်။

တတိယမြောက်နေ့တွင်မူ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ကြီးမြတ်သော ‘ကျောက်’ မျိုးနွယ်စုကို တိုက်ခိုက်ပြန်သည်။ ထိုမျိုးနွယ်စု၏ ကောင်းကင်အဆင့် သိုင်းပညာရှင်ကို ဒဏ်ရာရစေကာ လူသောင်းပေါင်းများစွာ၏ ရှေ့မှာပင် အလောင်းကို အထင်အမြင်သေးစွာဖြင့် သယ်ဆောင်သွားခဲ့ပြန်သည်။

ဗုဒ္ဓဂိုဏ်းမှ မဟုတ်သည့် ကောင်းကင်အဆင့်များအား ဆက်တိုက် တိုက်ခိုက်မှုကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။

“အဲဒီမိစ္ဆာက ဘာဖြစ်နေတာလဲ၊ ဘာလို့ မဟာရှီနဲ့ ကျောက်မျိုးနွယ်စုက ကောင်းကင်အဆင့်တွေကို တိုက်ခိုက်ရတာလဲ”

“ရန်ငြိုးမရှိတာတော့ မှန်ပေမယ့် တစ်ဖက်လူက လူသတ်ရတာကို ပျော်နေတဲ့ မိစ္ဆာလေ။ အပျော်သက်သက် သတ်တာ ဘာဆန်းလို့လဲ”

ထိုအချိန်တွင် ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးက ကောင်းကင်အဆင့် လေးဦးကို တိတ်တဆိတ် သတ်ဖြတ်ခဲ့သည့် သတင်းမှာ လူသိရှင်ကြား ဖြစ်လာသောကြောင့် ပို၍ပင် ထိတ်လန့်ကုန်ကြသည်။

“ရွှီပိုင်မုနဲ့ တခြား ကောင်းကင်အဆင့် သုံးယောက်လည်း အဲဒီမိစ္ဆာလက်ချက်နဲ့ ကျဆုံးသွားပြီတဲ့လား”

“ဟုတ်တယ်၊ အဲဒီမှာ ကျန်ခဲ့တဲ့ သဲလွန်စတွေနဲ့ မိစ္ဆာရဲ့ အရှိန်အဝါက တစ်ထပ်တည်းပဲ။ သူတို့ သေကုန်ပြီလား၊ တကယ့်ကို ရက်စက်တဲ့ကောင်ပဲ”

“အခုဆို သူသတ်လိုက်တဲ့ ကောင်းကင်အဆင့်က စုစုပေါင်း ၈ ယောက်တောင် ရှိသွားပြီ။ သူ ဘာဖြစ်ချင်လို့ အဲဒီလောက်ထိ သတ်နေတာလဲ”

အချိန်တိုအတွင်းမှာပင် အရပ်ရပ်မှ ကောင်းကင်အဆင့် သိုင်းပညာရှင်များမှာ အသက်အန္တရာယ်အတွက် စိုးရိမ်လာကြသည်။

မိမိတို့၏ ကောင်းကင်အဆင့်များ အသတ်မခံရစေရန်အတွက် ‘တာအိုဂိုဏ်း’၊ ‘မိစ္ဆာဂိုဏ်း’ နှင့် ထိပ်တန်း အင်ပါယာကြီး လေးခုတို့မှာ ပြည်ပသို့ ရောက်ရှိနေသော ကောင်းကင်အဆင့်များအားလုံးကို ပြန်လည်ခေါ်ယူကာ မဟာကောင်းကင်အဆင့်များ၏ အကာအကွယ်အောက်တွင် ခိုလှုံစေခဲ့သည်။

မဟာကောင်းကင်အဆင့် မရှိသော အခြားအင်အားစုများမှာမူ ၎င်းတို့၏ ကောင်းကင်အဆင့်များကို ပုန်းအောင်းနေစေရုံမှလွဲ၍ အခြားမရှိတော့ချေ။

ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးမှာမူ သတ်ဖြတ်စရာလူ ရှာမတွေ့တော့သဖြင့် စိတ်မရှည် ဖြစ်လာသည်။ ထို့ကြောင့် သူသည် အင်ပါယာတစ်ခုအတွင်းသို့ ဗြောင်ကျကျပင် ဝင်ရောက်ကာ အမှုထမ်းနေသော ကောင်းကင်အဆင့် သုံးဦး၏ အသက်ကို နုတ်ယူခဲ့သည်။ ထိုလုပ်ရပ်ကြောင့်ပင် တစ်ချိန်က အင်အားကြီးမားခဲ့သော အင်ပါယာမှာ မင်းဆက်အဆင့်သို့ နိမ့်ကျသွားခဲ့ရသည်။

၁၀ ရက်မပြည့်ခင်မှာပင် သူသည် ခရီးမိုင်ပေါင်း သောင်းချီ နှင်ခဲ့ပြီး ကောင်းကင်အဆင့် ၁၅ ဦး၏ အသက်ကို ရယူခဲ့သည်။ ရလဒ်အနေဖြင့် အင်ပါယာသုံးခုမှာ အင်အားချည့်နဲ့သွားပြီး မင်းဆက်အဆင့်သို့ ကျဆင်းသွားခဲ့ရသည်။

“အခုဆိုရင် အဲဒီမိစ္ဆာ သတ်လိုက်တဲ့ ကောင်းကင်အဆင့်က ၂၃ ယောက် တောင် ရှိသွားပြီ”

ထိုအချိန်တွင် ဗုဒ္ဓဂိုဏ်းက သိုင်းလောက ညီလာခံတစ်ခုကို ထပ်မံပြုလုပ်ကာ အတိတ်က ရန်ငြိုးများကို ဘေးဖယ်ထားပြီး မိစ္ဆာကို ပူးပေါင်းနှိမ်နင်းရန် တိုက်တွန်းလိုက်သည်။

“မင်းတို့ ပူးပေါင်းလိုက်ရင်ကော ငါ့ကို ဘယ်နှစ်ယောက် တားနိုင်မှာလဲ” ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးကတော့ အထင်အမြင်သေးစွာ ရယ်မောနေသည်။

ကောင်းကင်အဆင့် ၂၃ ဦး၏ အနှစ်သာရများကို ဝါးမျိုပြီးနောက် သူ၏အင်အားမှာ နှစ်ဆခန့် တိုးလာခဲ့သည်။ လက်ရှိရှိနေသော မဟာကောင်းကင်အဆင့်များထဲတွင် သူသည် အနည်းဆုံးတော့ ထိပ်ဆုံး သုံးဦးစာရင်းတွင် ပါဝင်နေပြီဖြစ်သည်။

လောကတွင် မဟာကောင်းကင်အဆင့် ၁၀ ဦးပင် မပြည့်သလို၊ ၎င်းတို့ကို တစ်ချိန်တည်းမှာ စုစည်းဖို့ဆိုသည်မှာလည်း မဖြစ်နိုင်သလောက် ခက်ခဲလှသည်။ ထို့ကြောင့် သူ ကိုယ်တိုင် သွားပြီး အသေမခံသရွေ့ သူသည် အလွန်ပင် ဘေးကင်းနေမည်ဖြစ်သည်။

“အခုဆိုရင် ငါ့ရဲ့ ကလဲ့စားချေမှုကို စတင်လို့ရပြီ။ အဲဒီ ကတုံးကောင်ကိုသာ ငါ ဝါးမျိုနိုင်ရင် ငါ့ခွန်အားက ထပ်ပြီး နှစ်ဆတိုးလာမှာပဲ။ အဲဒီအခါကျရင် ငါက လောကမှာ နံပါတ်တစ် ဖြစ်လာနိုင်ပြီ” ခေါင်းဆောင်ကြီး၏ မျက်လုံးများမှာ လောဘရိပ်များဖြင့် ပြည့်နှက်နေသည်။

ထိုသို့တွေးပြီးနောက် သူသည် တွန့်ဆုတ်မနေတော့ဘဲ ရှောက်လင်ကျောင်းတော်သို့ သွားရောက် တိုက်ခိုက်လေတော့သည်။

“လျောင်ချန်း... မင်း အပြင်ထွက်ခဲ့စမ်း၊ ကတုံးကောင်”

အသံမှာ ဆယ်မိုင်ပတ်လည်အထိ ပျံ့နှံ့သွားပြီး ရှောက်လင်ကျောင်းတော်ထဲရှိ သံဃာတော်အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

“မကြောက်ကြနဲ့၊ ငါတို့မှာ ဆရာတော်ကြီး လျောင်ချန်း ရှိတယ်”

ထိုအချိန်တွင် ကရုဏာတရား ပြည့်ဝသော “အောမီထောဖော” ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်။ မီးခိုးရောင် ဝတ်ရုံကို ဆင်မြန်းထားသော ဘုန်းကြီးအိုကြီးတစ်ပါးမှာ ပိဋကတ်တိုက်အတွင်းမှ ဖြည်းညှင်းစွာ လမ်းလျှောက် ထွက်လာသည်။ သရဲမျက်နှာဖုံး စွပ်ထားသော လူကို ကြည့်ကာ လက်အုပ်ချီလိုက်ရင်း-

“ဒကာကြီး... သင် နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ဒီဘုန်းကြီးက စောင့်နေတာ ကြာလှပြီ”

မျက်မှောက်ခေတ်၏ အမြင့်ဆုံး မဟာကောင်းကင်အဆင့် သိုင်းပညာရှင်ကြီး နှစ်ဦးမှာ တစ်ကျော့ပြန် ထိပ်တိုက်တွေ့ဆုံကြလေပြီ။ူ

All Chapters