← Chapters

အခန်း (၅၃၅-၅၃၆)

Vol. 49 Ch. 535-536

အခန်း (၅၃၅-၅၃၆)

Vol. 49 Ch. 535-536

အပိုင်း (၅၃၅)

“ဒီနေ့တော့ မင်းရဲ့အသက်ကို ငါ လာယူပြီ” ဟု ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးက မောက်မာစွာ ပြောလိုက်သည်။

“အောမီထောဖော... ဒကာကြီးမှာ အစွမ်းအစရှိတယ်ဆိုရင် ယူကြည့်လှည့်ပါ။ ကျဆုံးသွားတဲ့ ဗုဒ္ဓဂိုဏ်းဝင် တပည့်တွေနဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ကလဲ့စားချေဖို့ ဒီဘုန်းကြီးလည်း နောက်ဆုတ်နေမှာ မဟုတ်ဘူး” ဟု ဆရာတော်ကြီး လျောင်ချန်းက ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

“ဒါဆိုရင်လည်း စကြတာပေါ့”

ဒီခေတ်၏ ထိပ်သီးဖြစ်သော ပုဂ္ဂိုလ်ကြီးနှစ်ဦးသည် စကားဆက်မပြောတော့ဘဲ အစွမ်းကုန် တိုက်ခိုက်ကြလေတော့သည်။

ဝုန်း... ဒိုင်း...

ဖုန်မှုန့်များ ဝေဟင်သို့ ပျံတက်သွားပြီး တစ်လောကလုံး ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ တုန်ခါသွားသည်။

အကွက်ပေါင်း တစ်ရာအတွင်းမှာမူ တစ်ဦးကိုတစ်ဦး အသာမရနိုင်ဘဲ ရှိနေကြသည်။ သို့သော် အကွက်တစ်ရာကျော်ပြီးနောက်တွင် ဆရာတော်ကြီး လျောင်ချန်းမှာ တဖြည်းဖြည်း ရုန်းကန်လာရသဖြင့် စိတ်ထဲမှ အလွန်အံ့သြနေမိသည်။

ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံစဉ်က သူသည် ပြိုင်ဘက်ကို အနည်းငယ် အသာစီးရခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့် တစ်လအတွင်းမှာပင် ပြိုင်ဘက်က သူ့ကို အမီလိုက်နိုင်ရုံသာမက ကျော်တက်သွားရသနည်း။ မည်သို့သော အခွင့်အထူးများ ရရှိထား၍ ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာရသနည်း။

ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးကလည်း ထိုကွာဟချက်ကို သတိပြုမိပြီး ကျေနပ်အားရစွာ ရယ်မောလိုက်သည်။ “လျောင်ချန်း... မင်းလို ကတုံးကောင်က အခုတော့ ငါ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”

ဆရာတော်ကြီး လျောင်ချန်းမှာ ဘာမှပြန်မပြောဘဲ အစွမ်းကုန် ခုခံနေရသည်။ နောက်ထပ် အကွက်တစ်ရာ ကုန်လွန်သွားချိန်တွင် ဆရာတော်ကြီးမှာ အရေးနိမ့်သည့် လက္ခဏာများ စတင်ပြသလာပြီး ခေါင်းဆောင်ကြီး၏ ဖိနှိပ်ခြင်းကို ခံနေရပြီဖြစ်သည်။ နောက်ထပ် အကွက်တစ်ရာအကြာတွင်မူ ဆရာတော်ကြီးမှာ အလွန်ပင် အခြေအနေဆိုးကာ အရှက်ရဖွယ် ဖြစ်နေရလေပြီ။

အောက်တွင်ရှိသော သံဃာတော်များမှာ ထိုမြင်ကွင်းကို ကြည့်ပြီး စိုးရိမ်ပူပန်နေကြသည်။

“ဆရာတော်ကြီး... ကျွန်ုပ်တို့ ဆရာတော်ကြီး ရှုံးသွားမှာတော့ မဟုတ်ပါဘူးနော်”

“မဖြစ်နိုင်တာ၊ အစဉ်အလာအရ ‘မကောင်းမှုသည် ကောင်းမှုကို မနိုင်’ ဆိုတဲ့အတိုင်း။ ဆရာတော်ကြီးက ဘယ်လိုလုပ် ရှုံးမှာလဲ။ အဲဒါအပြင် ဆရာတော်ကြီးက ဝါရင့် မဟာကောင်းကင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ပါးပဲ။ သူက အခုမှ မဟာကောင်းကင်အဆင့် ရောက်ခါစ မိစ္ဆာတစ်ယောက်ကို ဘယ်လိုလုပ် ရှုံးမှာလဲ”

“ဟုတ်တယ်... ကိုယ့်ကိုယ်ကိုယ် မခြောက်လှန့်ကြစမ်းနဲ့”

သို့သော် ထိုစကားများမှာ မိမိကိုယ်ကိုယ် နှစ်သိမ့်နေရုံသာ ရှိသည်။

အကွက်ပေါင်း ၅၀၀ အရောက်တွင် ဆရာတော်ကြီး လျောင်ချန်းမှာ ခေါင်းဆောင်ကြီး၏ တိုက်ခိုက်မှုကို ခံရပြီး သွေးများအန်ကာ မြေပြင်သို့ ကျသွားခဲ့သည်။ ဆရာတော်ကြီးက ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး တိုက်ပွဲထဲသို့ တစ်ဖန် ပြန်ဝင်သွားပြန်သည်။

သို့သော် နောက်ထပ် အကွက်တစ်ရာအကြာတွင် သူသည် ထပ်မံ အလဲထိုးခံလိုက်ရပြန်သည်။ ဤတစ်ကြိမ်တွင် ဒဏ်ရာမှာ ပိုမိုပြင်းထန်သွားခဲ့သည်။

ထို့နောက်တွင်လည်း သူသည် သတ္တိရှိရှိဖြင့် ထပ်မံတိုက်ခိုက်ပြန်သည်။ အကြိမ်ကြိမ် အခါခါ တိုက်ခိုက်သော်လည်း မကြာမီမှာပင် ပြန်လည်အရေးနိမ့်ခဲ့ရသည်။ ဒဏ်ရာများမှာ ပိုမိုနက်ရှိုင်းလာပြီး သွေးများလည်း အဆက်မပြတ် အန်နေရသဖြင့် အောက်မှ ကြည့်နေသော သံဃာတော်များမှာ စိုးရိမ်စိတ်ဖြင့် ရင်တထိတ်ထိတ် ဖြစ်နေရသည်။

“ဆရာတော်... ကျွန်ုပ်တို့အားလုံး စုပေါင်းပြီး ဒီမိစ္ဆာကို တိုက်ခိုက်ကြရင် မကောင်းဘူးလား” ဟု တစ်ဦးက အကြံပြုသည်။

ဆရာတော် ကျဲချန်က ခေါင်းယမ်းလိုက်ပြီး - “အလကားပဲ၊ မဟာကောင်းကင်အဆင့်နဲ့ သူ့အောက်ကလူတွေကြားက ကွာဟချက်က အရမ်းကြီးလွန်းတယ်။ ကောင်းကင်အဆင့် ခုနစ်ယောက် ရှစ်ယောက် ပူးပေါင်းရင်တောင် မဟာကောင်းကင်အဆင့် တစ်ယောက်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါတို့တွေ အဆင်ခြင်မဲ့ မလုပ်ကြတာကောင်းမယ်။ မဟုတ်ရင် ဆရာတော်ကြီး လျောင်ချန်းကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။ အောမီထောဖော...”

“အောမီထောဖော...”

ထို့ကြောင့် ဘုန်းကြီးများမှာ တုန်လှုပ်ချောက်ချားနေသော စိတ်ဖြင့် တိုက်ပွဲကိုသာ ကြည့်နေနိုင်ကြတော့သည်။

အကွက်ပေါင်း ၃၀၀၀ ခန့်အကြာတွင် ဆရာတော်ကြီး လျောင်ချန်းမှာ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် အားအင်ကုန်ခမ်းကာ ခေါင်းဆောင်ကြီး၏ လက်တွင်းသို့ ကျရောက်သွားတော့သည်။

ခေါင်းဆောင်ကြီးမှာ အလွန်ပင် ကျေနပ်နေမိပြီး- “ကတုံးကြီး... နောက်ဆုံးတော့ မင်း ငါ့လက်ထဲ ရောက်လာပြီပေါ့။ ဒါပေမဲ့ မင်း အလကား သေရမှာ မဟုတ်ပါဘူး။ ငါ့ရဲ့ အထွက်အထိပ် ကျင့်စဉ်လမ်းအတွက် မင်းရဲ့ ပါဝင်မှုကို ငါ မှတ်တမ်းတင်ထားပါ့မယ်”

“မင်း... မင်း ဘာလုပ်မလို့လဲ” ဟု ဆရာတော်ကြီး လျောင်ချန်းက အားနည်းစွာ မေးလိုက်သည်။

“မကြာခင် မင်း သိရမှာပါ”

ထိုသို့ပြောပြီးနောက် သူ၏လက်အတွင်းမှ ပြင်းထန်သော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး ဆရာတော်ကြီး လျောင်ချန်း၏ ကျင့်စဉ်အနှစ်သာရနှင့် အသက်စွမ်းအားများကို ဝါးမျိုလေတော့သည်။

ထိုအခိုက်အတန့်တွင် ဆရာတော်ကြီး လျောင်ချန်းမှာ အရာအားလုံးကို နားလည်သွားခဲ့သည်။ ရန်သူ၏ အင်အားမှာ အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာသနည်း၊ အဘယ်ကြောင့် ကောင်းကင်အဆင့်များကို လိုက်လံသတ်ဖြတ်နေသနည်း ဆိုသည်မှာ ၎င်းတို့၏ အနှစ်သာရကို စုပ်ယူပြီး မိမိကိုယ်ကိုယ် အားကောင်းအောင် လုပ်ရန်ဖြစ်ကြောင်း သိသွားလေပြီ ဖြစ်သည်။

“မင်းက တကယ့်ကို မိစ္ဆာပဲ၊ ငါ သေသွားရင်တောင် မင်းကို အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူး”

ဆရာတော်ကြီး လျောင်ချန်း၏ မျက်နှာမှာ ပြတ်သားသွားပြီး သူ၏ အစစ်အမှန်ချီကို ပြောင်းပြန်စီးဆင်းစေကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးရန် ပြင်ဆင်လိုက်သည်။

ခေါင်းဆောင်ကြီးက သတိပြုမိသွားပြီး ထိတ်လန့်သွားကာ- “မင်း ရူးနေတာလား”

မဟာကောင်းကင်အဆင့် တစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကို မည်သည့် မဟာကောင်းကင်အဆင့်မှ ဘေးကင်းအောင် မရှောင်ရှားနိုင်ပေ။ ထို့အပြင် ပို၍ ဒေါသထွက်စရာ ကောင်းသည်မှာ သူသည် ထိုလုပ်ရပ်ကို တားဆီး၍ မရခြင်းပင် ဖြစ်သည်။

“မိစ္ဆာတစ်ကောင်ကို သတ်ပြီး လောကကြီး ငြိမ်းချမ်းမယ်ဆိုရင် ငါ့ရဲ့ စတေးမှုလေးက ဘာဆန်းလို့လဲ”

“ဒါပေမဲ့ ရှောက်လင်ကျောင်းတော်ကြီးလည်း ပျက်စီးသွားလိမ့်မယ်”

“မင်းလို မိစ္ဆာတစ်ယောက် သေဆုံးသွားဖို့ဆိုရင် ဘယ်လိုစတေးမှုမျိုးမဆို တန်တယ်…!!!” ဟု ဆရာတော်ကြီးက တုန်လှုပ်ခြင်းမရှိဘဲ ပြောလိုက်သည်။

ထိုခဏ၌ သူသည် သူ့ကို ပြုံးလျက် ကြိုဆိုနေသော ဗုဒ္ဓမြတ်စွာကို မြင်ယောင်နေပုံရသည်။

“အောမီထောဖော...”

ဘုန်းကြီးများမှာလည်း ဝမ်းနည်းကြေကွဲသော မျက်နှာများဖြင့် လက်အုပ်ချီကာ - “အောမီထောဖော” ဟု ရွတ်ဆိုလိုက်ကြသည်။

“ချီးလိုပဲ… မင်း သေချင်လည်း သေလေ၊ ငါကတော့ မင်းနဲ့အတူ အသေမခံနိုင်ဘူး” ခေါင်းဆောင်ကြီးသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ပြင်နေသော ဆရာတော်ကြီး လျောင်ချန်းကို ပစ်ချကာ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။

ခေါင်းဆောင်ကြီး ထွက်သွားပြီးနောက် လျောင်ချန်းသည် စွမ်းအင် ပြောင်းပြန်စီးဆင်းမှုကို ရပ်လိုက်သည်။

ခဏအကြာတွင် ခေါင်းဆောင်ကြီးမှာ ထပ်မံတိုက်ခိုက်ရန် ပြန်ရောက်လာပြန်သည်။

လျောင်ချန်းမှာလည်း ခေါင်းဆောင်ကြီးထံသို့ ထပ်မံပြေးဝင်ကာ စွမ်းအင်များကို ပြောင်းပြန်စီးဆင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ထပ်မံပြင်ဆင်ပြန်သည်။

ခေါင်းဆောင်ကြီးမှာ ဆဲဆိုကြိမ်းမောင်းပြီး ထပ်မံ ရှောင်တိမ်းသွားပြန်သည်။

ဘုန်းကြီးအိုကြီး လျောင်ချန်းမှာလည်း ထပ်မံ ရပ်နားလိုက်ပြန်သည်။

ဤသို့ဖြင့် အကြိမ်အနည်းငယ် ကြိုးစားပြီးနောက်တွင်မူ ခေါင်းဆောင်ကြီးမှာ အလွန်ပင် စိတ်ပျက်သွားကာ ထိုဘုန်းကြီးအိုကြီးမှာ ချဉ်းကပ်၍မရသော ဆူးပင်ကြီးသဖွယ် ခံစားလိုက်ရသည်။

“လျောင်ချန်း... မင်း… ဘုန်းကြီးစုတ်။ ဒါကို မှတ်ထားမယ်၊ ငါတို့စာရင်းကို နောက်မှ ရှင်းကြတာပေါ့”

ဤတစ်ကြိမ်တွင်မူ သူသည် အမှန်တကယ်ပင် ထွက်ခွာသွားလေတော့သည်။ မဟာကောင်းကင်အဆင့် တစ်ဦး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း ပြဿနာကို မဖြေရှင်းနိုင်သရွေ့ သူ ပြန်လာမည်မဟုတ်ပေ။

“ဆရာတော်ကြီး... ဘယ်လိုနေသေးလဲ” ဘုန်းကြီးများမှာ ဝိုင်းအုံလာကြပြီး စိုးရိမ်တကြီးဖြင့် လျောင်ချန်းကို ထူမပေးလိုက်ကြသည်။

“အဟွတ်... အဟွတ်...” ဆရာတော်ကြီး လျောင်ချန်းမှာ ချောင်းဆိုးနေပြီး မျက်နှာမှာလည်း ပိုမို ဖြူဖျော့လာသည်။

ဝတ်ရုံစိမ်းမျှော်စင်၏ မိစ္ဆာကြီးကို ခြောက်လှန့် မောင်းထုတ်နိုင်ခဲ့သော်လည်း စွမ်းအင်များကို အကြိမ်ကြိမ် ပြောင်းပြန်စီးဆင်းစေခဲ့မှုကြောင့် သူ၏ဒဏ်ရာများမှာ အလွန်ပင် ပြင်းထန်ဆိုးရွားသွားခဲ့လေပြီ ဖြစ်သည်။

နှစ်ပေါင်းများစွာ အနားယူခြင်း မရှိပါက သူသည် အပြည့်အဝ ပြန်လည်ကျန်းမာလာနိုင်ရန် လမ်းမရှိတော့ချေ။

အပိုင်း (၅၃၆)

“နောက်ဆုံးတော့ အဲဒီမိစ္ဆာကြီးကို ခြောက်လှန့်မောင်းထုတ်နိုင်ခဲ့ပြီ။ အဲဒီမိစ္ဆာက တကယ့်ကို ကြောက်စရာကောင်းနေတာပဲ။ ဒီဘုန်းကြီးလည်း အစွမ်းကုန် ကြိုးစားခဲ့ရသလို အတူသေဖို့အထိ စွန့်စားခဲ့ရလို့သာ နောက်ဆုံးမှာ သူ့ကို မောင်းထုတ်နိုင်ခဲ့ရတာ။ တကယ်ကို ရှက်ဖို့ကောင်းပါတယ်” ဟု ဆရာ‌တော်ကြီး လျောင်ချန်းက အားနည်းသောလေသံဖြင့် ပြောလိုက်သည်။

ဆရာတော် ကျဲချန်က ချက်ချင်းပင် နှစ်သိမ့်ပေးလိုက်သည် - “ဆရာတော်ကြီး... ဆရာတော်ကြီး လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့ပြီးပါပြီ။ ဆရာတော်ကြီးရဲ့ ဒဏ်ရာတွေ သက်သာဖို့အတွက် တပည့်တော် အစွမ်းကုန် ကြိုးစားပြီး ကုသပေးပါ့မယ်”

“ဒါဆိုရင်တော့... မင်းကို အားကိုးရတော့မှာပဲ ကျဲချန်... အောမီထောဖော...” လျောင်ချန်းသည် မျက်စိမှိတ်ကာ တရားထိုင်ရင်း ဒဏ်ရာများကို ကုသရန် ပြင်ဆင်လိုက်တော့သည်။

......

တစ်ချိန်တည်းမှာပင် ဝတ်ရုံစိမ်းမျှော်စင်၏ မိစ္ဆာကြီးသည် ရှောင်လင်ကျောင်းတော်ကို တိုက်ခိုက်ခဲ့သည်ဟူသော သတင်းမှာ တစ်လောကလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

“မင်း ကြားပြီးပြီလား၊ အဲဒီမိစ္ဆာကြီးက ရှောင်လင်ကျောင်းတော်ကို တိုက်ခိုက်ခဲ့တယ်တဲ့”

“တစ်လအတွင်းမှာတင် သူ့ခွန်အားက အဆမတန် တိုးတက်လာတာပဲ။ ဆရာတော်ကြီး လျောင်ချန်းလို ပုဂ္ဂိုလ်မျိုးကိုတောင် အကွက်ပေါင်း ၃၀၀၀ အတွင်းမှာ အနိုင်ယူနိုင်ခဲ့တာတဲ့ကွ”

“ငါကြားတာတော့ နောက်ဆုံးမှာ ဆရာတော်ကြီး လျောင်ချန်းက အတူသေဖို့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လိုက်လို့သာ အဲဒီလူ ထွက်ပြေးသွားတာတဲ့”

“သူက အဲဒီလောက်တောင် စွမ်းတာလား။ ဘယ်လို နတ်ဆေးတွေ စားလိုက်လို့ ဒီလောက်မြန်မြန် တိုးတက်လာတာလဲ”

“ဒါတော့ မသိဘူး။ ဒါပေမဲ့ အခု သူ့အစွမ်းနဲ့ဆိုရင်တော့ ‘မဟာကောင်းကင်’ အဆင့်တွေထဲမှာတောင် ထိပ်ဆုံးပဲ”

“သိုင်းလောကကြီးတော့ ဒုက္ခရောက်ကုန်တော့မှာပဲ”

ထိုအချိန်တွင်ပင် ရန်သူ၏ အင်အားများ အဆမတန် တိုးတက်လာရခြင်း အကြောင်းအရင်းကို ဗုဒ္ဓဂိုဏ်းက လူသိရှင်ကြား ထုတ်ပြန်လိုက်သည်။ ၎င်းမှာ သိုင်းပညာရှင် တစ်‌ယောက်၏ အနှစ်သာရများကို ဝါးမျိုနိုင်သော မိစ္ဆာကျင့်စဉ်ကြောင့် ဖြစ်သည်။

ထိုကျင့်စဉ်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ပြိုင်ဘက်၏ ချီစွမ်းအင်၊ အသက်စွမ်းအားနှင့် မွေးရာပါ ပါရမီစွမ်းရည်များ အားလုံးကို စုပ်ယူဝါးမျိုပစ်နိုင်ခြင်း ဖြစ်သည်။ ၎င်းကြောင့်ပင် သူသည် ကောင်းကင်အဆင့် ပုဂ္ဂိုလ်ပေါင်း ၂၀ ကျော်ကို လိုက်လံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ဝါရင့် မဟာ‌ကောင်းကင်အဆင့်ဖြစ်သော ဆရာတော်ကြီး လျောင်ချန်းကို အချိန်တိုအတွင်း ကျော်တက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းကြောင့် လောကကြီးမှာ တစ်ဖန် ပြန်လည် ဆူပူလှုပ်ရှားလာခဲ့ပြန်သည်။

“ဒါကြောင့်ကိုး... အခုမှပဲ အားလုံး ရှင်းသွားတော့တယ်”

“ချီစွမ်းအင်ကို စုပ်ယူတဲ့ မိစ္ဆာကျင့်စဉ်ကတောင် ကြောက်စရာကောင်းလှပြီ။ အခုက အနှစ်သာရကိုပါ ဝါးမျိုတာဆိုတော့ မတွေးရဲစရာပဲ”

“ဒါကြောင့်လည်း သူက ပိုပိုပြီး သန်မာလာတာပေါ့။ အခုဆို ဆရာတော်ကြီး လျောင်ချန်းတောင် သူ့ကို မယှဉ်နိုင်တော့ဘူး”

“ငါတို့ ဘာဆက်လုပ်ကြမလဲ”

လူတိုင်းမှာ ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးကို ပိုမို ထိတ်လန့်လာကြပြီး မိမိတို့ ဘေးကင်းရေးအတွက် စိုးရိမ်မကင်း ဖြစ်လာကြသည်။ အထူးသဖြင့် ‘ကောင်းကင်’ အဆင့်ရှိသူများမှာ မိစ္ဆာကြီး၏ ပစ်မှတ်ထားခြင်းကို ခံရမည်စိုးသဖြင့် လူမြင်ကွင်းမှ ပျောက်ကွယ်ကာ ပုန်းအောင်းနေကြတော့သည်။

မဟာကောင်းကင်အဆင့်များပင်လျှင် စိုးရိမ်စိတ်များ ဝင်လာကြသည်။ အကယ်၍ ရန်သူသည် ဆရာတော်ကြီး လျောင်ချန်းကို အနိုင်ယူနိုင်သည်ဆိုလျှင် ၎င်းတို့ကို အနိုင်ယူရန်မှာလည်း မခဲယဉ်းတော့ပေ။ တစ်ကြိမ် ရှုံးနိမ့်သွားသည်နှင့် သူတို့၏ အနှစ်သာရများမှာ စုပ်ယူခံရမည့်အပြင် သူတို့ ကာကွယ်ထားသော တပည့်တပန်းများနှင့် နောက်လိုက်များမှာလည်း သေကြေပျက်စီးကုန်ပေလိမ့်မည်။

ရလဒ်အနေဖြင့် အင်အားစုအသီးသီးမှာ အချင်းချင်း မဟာမိတ်ဖွဲ့ကာ စုပေါင်းကာကွယ်ရန် ပြင်ဆင်ကြတော့သည်။ ထိပ်သီးအင်ပါယာ ကြီးလေးခုသည် နှစ်နိုင်ငံချင်းစီ ပူးပေါင်းလိုက်ကြသည်။ သိုင်းလောကကြီး၏ သမာဓိလမ်းစဥ် အင်အားစုကြီးနှစ်ခုဖြစ်သည့် ဗုဒ္ဓဂိုဏ်းနှင့် တာအိုဂိုဏ်းတို့မှာလည်း စတင်ပူးပေါင်းလိုက်ကြပြီ ဖြစ်သည်။

မိစ္ဆာဂိုဏ်းမှာမူ နာမည်ဂုဏ်သတင်း မကောင်းမှုကြောင့် မည်သူနှင့်မျှ ပူးပေါင်းရန် အခွင့်မသာခဲ့ပေ။ သို့သော် သူတို့က စိုးရိမ်မနေဘဲ လင်းပိုင်ဖန်၏ နောက်ကွယ်မှ ‘စီနီယာကြီး’ ထံ အကူအညီတောင်းရန်အတွက် မဟာရှ သို့ ဆက်သွယ်ခဲ့ကြသည်။ စိတ်ရင်းမှန်ကြောင်း ပြသရန်အတွက် မဟာကောင်းကင်အဆင့် လီထျန်းချန်း ကိုယ်တိုင် လာရောက်ခဲ့သည်။

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး ‘ရွှမ်ရှောင်’ ဓားငယ်လေးကို ထုတ်ပေးကာ ပြောလိုက်သည် - “ဒီဓားက ‘ရွှမ်ရှောင်’ နတ်ဓားကြီးနဲ့ ဆက်နွှယ်နေတာမို့ သတင်းအချက်အလက်နဲ့ စွမ်းအားတွေကို မျှဝေနိုင်တယ်။ ဒါကြောင့် စီနီယာအနေနဲ့ အန္တရာယ်နဲ့ ကြုံရတဲ့အခါ သတင်းပို့လိုက်ရင် ကျွန်တော့်နောက်က စီနီယာကြီးက အစွမ်းကုန် လာရောက်ကူညီပါလိမ့်မယ်။ မဟာ‌ကောင်းကင်အဆင့် နှစ်ယောက်ရဲ့ အစွမ်းနဲ့ဆိုရင် အဲဒီမိစ္ဆာကို မနိုင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တော့ လုံလောက်ပါတယ်”

လီထျန်းချန်းမှာ အလွန်ပင် ဝမ်းသာသွားပြီး - “ဒီလို နတ်လက်နက်မျိုး ရှိတာ တကယ်ကို ကောင်းတာပဲ” ဟု ပြောလိုက်သည်။

သူသည် ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးကို မည်သို့ ရင်ဆိုင်ရမည်နည်းဟု စိုးရိမ်နေခဲ့ရာမှ ယခုမူ စိုးရိမ်စရာ မရှိတော့ပေ။ အကယ်၍ မဟာကောင်းကင်အဆင့်နှစ်ယောက် ပေါင်းတိုက်တာတောင်မှ ထိုမိစ္ဆာကို မနိုင်ဘူးဆိုလျှင် သူလည်း လည်ပင်းကြိုးဆွဲချ သေလိုက်တာမှ တန်ပေဦးမည်။ တစ်ချိန်တည်းမှာပင် မဟာရှ၌ မဟာကောင်းကင်အဆင့်တစ်ဦး ရှိနေကြောင်း သိရှိခဲ့ပြီး လျှို့ဝှက်မဟာမိတ် ဖွဲ့ထားနိုင်ခဲ့သည့်အတွက်လည်း မိမိကိုယ်ကိုယ် ကျေနပ်နေမိသည်။

“ဒီကျေးဇူးကို စကားနဲ့တင် ပြောလို့ မလုံလောက်ပါဘူး။ အခုတော့ အမြန်ပြန်ရဦးမယ်။ ဒီဘေးဒုက္ခကြီး ပြီးဆုံးသွားတဲ့အခါ မင်းတို့အားလုံးကို အရက်သောက်ဖို့ ဖိတ်ကြားပါ့မယ်” ဟု ပြောကာ လီထျန်းချန်းမှာ လင်းပိုင်ဖန်နှင့် ‘စီနီယာကြီး’ ကို နှုတ်ဆက်ပြီး အမြန် ထွက်ခွာသွားတော့သည်။

လင်းပိုင်ဖန်ကမူ ပြုံးလျက် ကြည့်ကျန်ရစ်ခဲ့သည်။

သူက စိတ်ထဲမှ ရေရွတ်မိလိုက်သည် - “ဒီဘေးဒုက္ခကြီး ပြီးသွားရင်တော့ တစ်လောကလုံး ခွန်အားပြန်လည် ချိန်ညှိကြရတော့မှာပဲ။ အထူးသဖြင့် ကောင်းကင်အဆင့်တွေကြားထဲမှာ အင်အားဖြန့်ကျက်မှုတွေ ပြောင်းလဲသွားလိမ့်မယ်။ ငါ့ရဲ့ မဟာရှလည်း ‘နတ်ဘုရားအင်ပါယာ’ ဖြစ်လာမယ့်နေ့ကလည်း မဝေးတော့ဘူး”

ယခု သူလုပ်သမျှ အားလုံးမှာ နတ်ဘုရားအင်ပါယာ တည်ထောင်နိုင်ရေးအတွက်ပင် ဖြစ်သည်။ လောကကြီး မရှုပ်ထွေးဘဲနှင့် သူ့အနေဖြင့် တက်လှမ်းရန် ခဲယဉ်းပေလိမ့်မည်။ ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးကို အသုံးချကာ အင်အားစုအားလုံးကို အားနည်းအောင် လုပ်ပြီးမှ အခွင့်ကောင်းယူကာ အာဏာကို သိမ်းပိုက်ရမည် ဖြစ်သည်။ ၎င်းမှာ အလွန်ပင် ပြည့်စုံသော အစီအစဉ်တစ်ရပ်ပင် ဖြစ်သည်။

“နောင်နှစ်ဆိုရင်တော့ နတ်ဘုရားအင်ပါယာကို တည်ထောင်ဖို့ အခွင့်အရေး ရနိုင်ကောင်းပါရဲ့”

ထိုသို့ တွေးလိုက်မိသောအခါ လင်းပိုင်ဖန်၏ စိတ်မှာ ပို၍ ကြည်လင်လာသည်။ ထိုခဏ၌ သူ၏ ရင်ထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရလေသည်။ သူ၏ စိတ်အာရုံကို ‘အင်ပါယာ မြေပုံ’ ထဲသို့ ပို့လိုက်သောအခါ ဝတ်ရုံနက်ဝတ်ပြီး သရဲမျက်နှာဖုံး တပ်ထားသော လူတစ်ယောက်သည် မဟာရှ မြို့တော်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသည်။

ထွေထွေထူးထူး ရှင်းပြနေစရာ မလိုတော့ပေ။ ထိုသူမှာ ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးပင် ဖြစ်သည်။

လင်းပိုင်ဖန်က ရယ်မောလိုက်ကာ - “မင်းက ငါ့ရဲ့ မဟာရှကို ပစ်မှတ်ထားတယ်ပေါ့လေ... ငါကိုယ်တိုင် ဖန်တီးထားတဲ့ မိစ္ဆာကျင့်စဉ်ကို သုံးပြီး ငါ့ကို ပြန်တိုက်ခိုက်မယ်ဆိုတော့... မင်းကတော့ ကိုယ့်သေတွင်းကို ကိုယ်တိုင်လာတူးနေတာပဲ”

‘ချွင်’ ခနဲ မြည်သံနှင့်အတူ ‘ရွှမ်ရှောင်’ နတ်ဓားသည် စိတ်လှုပ်ရှားစွာဖြင့် ဓားအိမ်ထဲမှ လွင့်ပျံလာလေသည်။

All Chapters