← Chapters

အခန်း (၇၇၃-၇၇၄)

Vol. 39 Ch. 773-774

အခန်း (၇၇၃-၇၇၄)

Vol. 39 Ch. 773-774

အပိုင်း(၇၇၃) ချွေတာရေး နည်းလမ်း

ဤအစိမ်းရောင်အရည်၏ အဓိကပါဝင်ပစ္စည်းမှာ ပရိုတင်းဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် လင်းယွမ်က ပြုံးလိုက်မိပြီ ဖြစ်သည်။

သူ၏ ပရိုတင်း စားသုံးဆွေးမြေ့စေသော အရည်သည် ပရိုတင်းများကို အထူး ပစ်မှတ်ထား ခြေဖျက်ရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ရေပေါ်ကျွန်း၏ သွေးကြောလမ်းကြောင်းကိုပင် ဤအရည်က အလွယ်တကူ အရည်ပျော် ဆွေးမြေ့သွားစေနိုင်ရာ ဤမျှလောက်သော အစိမ်းရောင်အရည်လေးက ဘာများ အရေးပါတော့မည်နည်း။

တုကျစ်ကျဲက အလျင်အမြန် အော်ပြောလိုက်သည်။ "နမူနာတစ်ခု မြန်မြန် ယူလာခဲ့စမ်း"

မကြာမီမှာပင် ဝန်ထမ်းတစ်ဦးက အစိမ်းရောင်အရည် တစ်ဇလုံ ယူဆောင်လာပေးသည်။

ထိုအရည်ထဲတွင် အသက်ရှိနေသည့်အလား ပူဖောင်းလေးများ ပွက်ပွက်ဆူနေဆဲ ဖြစ်သည်။

တုကျစ်ကျဲက ပလပ်စတစ်ဇလုံတစ်ခုကို ချက်ချင်း ရှာဖွေလိုက်ပြီး ပရိုတင်း စားသုံးဆွေးမြေ့စေသော အရည် အချို့ကို ခပ်ထုတ်လိုက်သည်။

ထို့နောက် လူအများ စောင့်ကြည့်နေကြစဉ် ထိုအရည်များကို အစိမ်းရောင်အရည်ထဲသို့ အားလုံး လောင်းထည့်လိုက်လေသည်။

ခဏချင်းမှာပင် အစိမ်းရောင်အရည်ထဲမှ "ရှဲ" ဟူသော အသံ ထွက်ပေါ်လာသည်။

အဖြူရောင် မီးခိုးငွေ့များ တထောင်းထောင်း ထွက်ပေါ်လာပြီး ပရိုတင်း တူးခြစ်သွားသော အနံ့ဆိုးတစ်ခု ထွက်ပေါ်လာသည်။

ထိုအစိမ်းရောင်အရည်မှာ မျက်စိရှေ့မှာတင် အလွန် လျင်မြန်သော နှုန်းဖြင့် အရောင်မှိန်ကျသွားပြီးနောက် အမည်းရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ဇလုံအပြည့်ရှိနေသော အစိမ်းရောင်အရည်များမှာ လုံးဝ အမည်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ပြင်းထန်သော တူးခြစ်နံ့ကြီးကို ထုတ်လွှတ်နေတော့သည်။

တုကျစ်ကျဲက ချက်ချင်းပင် အလွန် အံ့သြဝမ်းသာသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "အသုံးဝင်တယ်"

လင်းယွမ်က ပြောလိုက်သည်။ "ဒီလိုလုပ်... လူတွေကို ဆေးဖြန်းစက်လို ကိရိယာမျိုးတွေ ချက်ချင်း ပြင်ဆင်ခိုင်းလိုက်... ပြီးရင် ယာဉ်ပျံနဲ့ သွားပြီး ပရိုတင်း စားသုံးဆွေးမြေ့စေတဲ့ အရည်တွေကို ဖြန်းခိုင်းလိုက်"

"မှတ်ထား... သတ်မှတ်ထားတဲ့ နေရာတွေကိုပဲ ဖြန်းရမယ်... ကျွန်းပေါ်က ပတ်ဝန်းကျင်ကို မထိခိုက်အောင်လို့ ဖြစ်သလို လျှောက်မဖြန်းနဲ့"

တုကျစ်ကျဲက ထိုစကားကို ကြားသောအခါ ပြန်ပြောလိုက်သည်။ "သတ်မှတ်ထားတဲ့ နေရာကိုပဲ ဖြန်းရမယ်ဆိုရင်တော့... ယာဉ်ပျံမသုံးဘဲ သံချပ်ကာကားတွေ လွှတ်လိုက်တာက ပိုကောင်းလိမ့်မယ်"

လင်းယွမ်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ "ကောင်းတာပဲ"

ချန်ယန်းက ချက်ချင်း လက်ညှိုးထောင်လိုက်ပြီး ပြောလိုက်သည်။ "ဆရာလင်းယွမ်... ဒီကိစ္စကို ကျွန်မတို့တာဝန်ထားလိုက်"

သူမ၏ ဘေးတွင် ကျုံးဆန်း... နိချီ နှင့် အခြားသူများလည်း ရှိနေကြသည်။

အစပိုင်းက လူငယ် အစွမ်းပိုင်ရှင်အဖွဲ့လေးသည် ယခုအခါတွင် ရင့်ကျက်လာကြပြီဖြစ်ကာ တစ်ယောက်လျှင် တပ်ဖွဲ့တစ်ဖွဲ့စီကို ကိုယ်တိုင် ဦးဆောင်နေကြပြီ ဖြစ်သည်။

သူတို့ ယခုတစ်ခေါက် လိုက်ပါလာခြင်းမှာ တစ်ဖက်တွင် အတွေ့အကြုံသစ်များ ရရှိစေရန်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း ထူလုံ၏ အကြံပြုချက်အရ ဤလူငယ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးလိုခြင်းကြောင့် ဖြစ်သည်။

လင်းယွမ်ကလည်း သူ၏ အကြံပြုချက်ကို သဘောတူခဲ့သဖြင့် ဤလူငယ်များကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဤလူငယ်လေးများမှာ ကြီးပြင်းလာကြပြီဖြစ်ပြီး တပ်ဖွဲ့ခေါင်းဆောင် အဆင့်ရှိသူများပင် ဖြစ်နေကြချေပြီ။

လင်းယွမ်က ပရိုတင်း စားသုံးဆွေးမြေ့စေသော အရည်များကို ချန်ယန်းထံသို့ အားလုံး လွှဲပြောင်းပေးလိုက်ပြီး သတိပေး မှာကြားလိုက်သည်။ "ဒါတွေက ပရိုတင်းတွေကို စားသုံးဆွေးမြေ့စေတဲ့ အာနိသင် အရမ်းပြင်းတယ်... လက်နဲ့ လုံးဝ သွားမထိစေနဲ့... တခြားလူတွေ ကိုယ်ပေါ်ကိုလည်း မှားပြီး မဖြန်းမိစေနဲ့"

ချန်ယန်း၏ မျက်နှာက လေးနက်သွားပြီး လေးစားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "တာဝန်ကျေပွန်စေရပါမယ်"

လင်းယွမ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။ "သွားတော့"

ချန်ယန်းက နိချီနှင့် ကျုံးဆန်းတို့ နှစ်ဦးကို ချက်ချင်း လှမ်းခေါ်လိုက်ပြီးနောက် လူအနည်းငယ်စီကို ကိုယ်စီ ခေါ်ဆောင်ကာ စခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားကြလေသည်။

လင်းယွမ်က အကာအကွယ်အလွှာ၏ အပြင်ဘက်သို့ ထပ်မံ ကြည့်ရှုလိုက်ပြီး ပြောလိုက်သည်။ "အချိန်ရတုန်း သန္ဓေပြောင်း သတ္တဝါတချို့ကို သွားဖမ်းလိုက်ဦးမယ်"

တုကျစ်ကျဲက သိပ်နားမလည်နိုင်ဖြစ်ကာ မနေနိုင်ဘဲ မေးလိုက်သည်။ "ဆရာလင်း... အဲဒီ သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းပြီး ဘာလုပ်မလို့လဲ"

လင်းယွမ်က "ငါက သန္ဓေပြောင်း သတ္တဝါတပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းဖို့ စဉ်းစားထားတယ်... ခိုက်ရီနည်းပညာ ကုမ္ပဏီက လူတွေက ဒီအစိမ်းရောင်အရည်ကို သုံးပြီး သန္ဓေပြောင်း သတ္တဝါတွေ ငါတို့ကို လာတိုက်ခိုက်အောင် သွေးဆောင်နိုင်တယ်ဆိုရင်... ငါတို့ကလည်း ပြန်မတုံ့ပြန်ဘဲ နေလို့မရဘူးလေ... ဒီသန္ဓေပြောင်း သတ္တဝါတွေကိုပဲ အသုံးချပြီး သူတို့ကို ပြန်တိုက်ခိုက်ကြတာပေါ့"

တုကျစ်ကျဲက လင်းယွမ်တွင် ကပ်ပါးမျိုးစေ့ ကဲ့သို့သော အစွမ်းများ ရှိနေကြောင်းကို မသိထားသဖြင့် ဤစကားကို ကြားသောအခါ အံ့သြတကြီးဖြင့် မေးလိုက်မိသည်။ "ဆရာက ဒီသန္ဓေပြောင်း သတ္တဝါတွေကို ထိန်းချုပ်နိုင်လို့လား"

လင်းယွမ်က ပြုံးလိုက်သည်။ "အရင်ဆုံး ဖမ်းမိအောင် လုပ်ကြည့်ရမှာပေါ့"

သဘာဝကျစွာပင် သူက တုကျစ်ကျဲကို သူ၏ ကပ်ပါးမျိုးစေ့ အစွမ်းအကြောင်း ထုတ်ဖော်ပြောပြမည် မဟုတ်ပေ။

ဤကဲ့သို့သော အစွမ်းမျိုးသည် သာမန်လူများအတွက်မူ အနည်းငယ် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

မည်သို့ပင်ဖြစ်စေ မည်သူကမျှ မိမိ၏ အသက်ကို အခြားတစ်ယောက်က မသိမသာ ခြယ်လှယ်သွားမည်ကို လိုလားမည် မဟုတ်ပါလော။

ထို့နောက် လင်းယွမ်က ကိုယ်ကိုလှည့်ကာ စခန်းထဲမှ ထွက်ခွာသွားပြီး သန္ဓေပြောင်း သတ္တဝါများကို ဆက်လက် ဖမ်းဆီးတော့သည်။

နံနက်ခင်းအချိန်အတွင်း လေဟုန်စီး ငါးလိပ်စွန် ရေပေါ်ကျွန်း အထက်ကောင်းကင်ယံရှိ သန္ဓေပြောင်း သတ္တဝါအုပ်ကြီးမှာ ပြန့်ကျဲ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

ထိုအစိမ်းရောင် အရည်များကိုလည်း အားလုံး သန့်စင် ရှင်းလင်းပြီးသွားပြီ ဖြစ်သည်။

လင်းယွမ်ဘက်တွင်မူ အစအဆုံး အချိန်အတွင်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ သန္ဓေပြောင်း သတ္တဝါ အကောင်တစ်ရာကျော်ခန့်ကို ဖမ်းဆီးနိုင်ခဲ့သည်။

ဤသန္ဓေပြောင်း သတ္တဝါများ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းမှာ ယေဘုယျအားဖြင့် ၃၀% မှ ၄၀% ကြားတွင် ရှိကြပြီး ထိုထက် အားနည်းသော သတ္တဝါများကိုတော့ လင်းယွမ်က လုံးဝ လက်မခံခဲ့ပေ။

အချို့မှာ ၄၀% အထက် ကျော်လွန်နေကြပြီး ၅၀% အထက်ရှိသော သန္ဓေပြောင်း သတ္တဝါဆိုလျှင်တော့ တစ်ကောင်မျှ မရှိခဲ့ပေ။

လင်းယွမ်က မဖမ်းချင်၍ မဟုတ်ဘဲ ဤကဲ့သို့သော သန္ဓေပြောင်း သတ္တဝါများ၏ စိတ်စွမ်းအင် အရည်အသွေးက လင်းယွမ်ကိုယ်တိုင်၏ စိတ်စွမ်းအင်ထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။

သူ၏ ကပ်ပါးမျိုးစေ့က ထိန်းချုပ်နိုင်မည်ဟု မသေချာသဖြင့် သူက လုံးဝ စမ်းသပ်မနေတော့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကပ်ပါးမျိုးစေ့၏ အလုပ်လုပ်ပုံ သဘောတရားမှာ ကပ်ပါးမျိုးစေ့ ထည့်သွင်းခံရမည့် ပစ်မှတ်သည် စိတ်စွမ်းအင်ပိုင်းတွင် မိမိထက် နိမ့်ကျနေရမည် ဖြစ်သည်။

သို့မဟုတ်ပါက အလွယ်တကူ ပြန်ကန်လာမှုကို ခံရနိုင်ချေ ရှိသည်။

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါ အကောင်တစ်ရာ့နှစ်ဆယ် ဆိုရင်တော့... ကြီးမားတဲ့ တပ်ဖွဲ့တစ်ခု ဖွဲ့စည်းဖို့ လုံလောက်သွားပြီ"

"ဒီသန္ဓေပြောင်း သတ္တဝါတွေကို သေချာ အသုံးချနိုင်ရင် အနာဂတ်မှာ ယာဉ်ပျံတွေထက်တောင် ပိုပြီး အစွမ်းထက်လာနိုင်တယ်"

ယာဉ်ပျံများမှာ စွမ်းအင်ဖြင့် မောင်းနှင်ရန် လိုအပ်သော်လည်း ဤသန္ဓေပြောင်း သတ္တဝါများကမူ စွမ်းအင် မလိုအပ်ပေ။

ဤသန္ဓေပြောင်း သတ္တဝါများ ရှိနေခြင်းက ထိုက်ယန်တောင်၏ ယာဉ်ပျံ အရေအတွက် နည်းပါးနေသော ပြဿနာကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်လိုက်သည်။

လတ်တလောတွင်မူ လင်းယွမ်အနေဖြင့် ခိုက်ရီနည်းပညာ ကုမ္ပဏီနှင့် မုန်ယာကုမ္ပဏီတို့မှ ကြီးမားသော တပ်ဖွဲ့ကြီးများ စေလွှတ်၍ တိုက်ခိုက်လာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

"ဆရာလင်း... ကျွန်တော်တို့ ကြိမ်နှုန်းမြင့် ခုတ်ပိုင်းဓား လာပြန်အပ်တာပါ" ထိုအချိန်တွင် ချန်ကျန့်ဖုန်း နှင့် ထူလုံတို့ လူတစ်စုမှာ တစ်ကိုယ်လုံး သွေးများ ပေကျံလျက် လျှောက်လာကြသည်။

လင်းယွမ်က ပြုံးလျက် "ရလဒ်ကရော ဘယ်လိုလဲ" ဟု မေးလိုက်သည်။

ချန်ကျန့်ဖုန်းက ရယ်ကျဲကျဲဖြင့် ပြန်ဖြေသည်။ "ကျွန်တော်က ငါးဆယ့်ခြောက်ကောင် သတ်နိုင်ခဲ့တယ်... ဒါပေမဲ့ အကုန်လုံးက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၁၀% အောက်တွေချည်းပဲ"

ရှီဟိုင်ကျူးကလည်း ပြုံးပြီး ပြောလိုက်သည်။ "ကျွန်တော်လည်း အတူတူလောက်ပါပဲ... အကောင်ခြောက်ဆယ် ရတယ်... အကုန်လုံးက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၁၀% အောက် သန္ဓေပြောင်း သတ္တဝါတွေပါပဲ... အဲဒီထက် ပိုစွမ်းတဲ့ အကောင်တွေကိုတော့ ကျွန်တော်လည်း မယှဉ်နိုင်တော့ဘူး"

ထူလုံကမူ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ငါကတော့ မင်းတို့ထက် နည်းနည်း ပိုများတယ်... စုစုပေါင်း ရှစ်ဆယ့်သုံးကောင် သတ်နိုင်ခဲ့တယ်... အဲဒီအထဲမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်း ၁၀% အောက်က ခုနစ်ဆယ့်တစ်ကောင် ပါပြီး... ၂၀% အောက်ကတော့ ဆယ့်နှစ်ကောင် ပါတယ်"

"မိုက်လှချည်လား"

ရှီဟိုင်ကျူးက ထူလုံကို လက်မထောင်ပြကာ ချီးကျူးလိုက်သည်။

ချန်ကျန့်ဖုန်းက မနေနိုင်ဘဲ မေးလိုက်သည်။ "အစ်ကိုလုံ... အခု အစ်ကို့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းက ဘယ်လောက် ရောက်နေပြီလဲ"

ထူလုံက ရယ်ကျဲကျဲဖြင့် ဖြေသည်။ "၁၉% ပဲ ရှိသေးတယ်... လေ့ကျင့်တာ အရမ်းနှေးနေတုန်းပဲ"

သူက နှုတ်မှသာ ကျင့်ကြံခြင်း နှေးကွေးကြောင်း ပြောနေသော်လည်း မျက်နှာပေါ်တွင်မူ ဂုဏ်ယူဝင့်ကြွားမှုများ အပြည့် ရှိနေသည်။

လင်းယွမ်က ဘေးမှကြည့်ရင်း ရယ်ချင်နေမိသည်။ ထူလုံ၏ ပါရမီမှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။

သူသည် ထိုက်ယန်တောင်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ဝင်ရောက်နိုင်ခဲ့သော အစွမ်းပိုင်ရှင်များထဲတွင် အစောဆုံး အသုတ်ထဲမှ တစ်ယောက်ဟု ဆိုနိုင်သည်။

တင်းယန် နှင့် ကျောက်ခိုင်တို့လောက် မမြန်ဆန်သော်လည်း တွက်ကြည့်မည်ဆိုပါက လီချင်းဟွာထက် ရက်အနည်းငယ်သာ နောက်ကျမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူသည် အစောဆုံး မျိုးရိုးဗီဇမျိုးစေ့ ပြည့်ဝသွားခဲ့သူများထဲတွင် ပါဝင်ခဲ့ပြီး သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာကို တပ်ဆင်ပြီးသည်နှင့် သူက အထဲသို့ဝင်ကာ ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင်လည်း ထူလုံက လေ့ကျင့််မှုတွင် လုံလောက်စွာ ကြိုးစားအားထုတ်ခဲ့ပြီး သူ၏ ပါရမီကလည်း အမှန်တကယ် ကောင်းမွန်သဖြင့် ထိုက်ယန်တောင်၏ ဤလူအုပ်စုထဲတွင် သူ၏ တိုးတက်မှုနှုန်းမှာ အလွန် မြန်ဆန်သည်ဟု သတ်မှတ်နိုင်သည်။

လီရှန်ယန်ပင်လျှင် သူ့ထက် ခြေတစ်လှမ်း နောက်ကျနေခဲ့သည်။

သူတို့အုပ်စုထဲတွင် ၂၀% ကို အစောဆုံး ဖြတ်ကျော်နိုင်မည့်သူမှာ ထူလုံသာ ဖြစ်လိမ့်မည်ဟု လင်းယွမ်က ခန့်မှန်းထားသည်။

ကျောက်ခိုင်... တင်းယန် နှင့် လီချင်းဟွာတို့ပင် သူ့လောက် မြန်ဆန်နိုင်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုသုံးယောက်မှာ လက်ရှိတွင် မီယွမ်မိုးသစ်တောကျွန်း... မြေဝါနတ်ဘုရားကျွန်း နှင့် တိမ်မြူကျွန်းများတွင် အသီးသီး စောင့်ကြပ်နေကြသောကြောင့် ဖြစ်သည်။

သူတို့တွင် သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ၏ အကူအညီ မရှိသဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ဖြတ်ကျော်ရာတွင် နေ့စဉ် သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာကို အသုံးပြုနေသော ထူလုံလောက်တော့ အသေအချာကို မြန်ဆန်မည် မဟုတ်ပေ။

လင်းယွမ်က အနည်းငယ် တွေးတောလိုက်သည်။ ဤအတိုင်း ဆက်သွားနေပါက အပြင်ဘက်တွင် တာဝန်ယူ စောင့်ကြပ်နေရသူများ အနေဖြင့် သေချာပေါက် နစ်နာပေလိမ့်မည်။

ကြည့်ရသည်မှာ အလှည့်ကျစနစ်ကို စတင် ကျင့်သုံးမှသာ အဆင်ပြေတော့မည် ဖြစ်သည်။

တွင်းနက်အရိပ်ရေပေါ်ကျွန်း ဘက်တွင် ဟန်ရှန်းမန်... ဝူယင် နှင့် ကျန်းဖန် သုံးယောက် အလှည့်ကျ စောင့်ကြပ်နေသကဲ့သို့ပင် ဖြစ်သည်။ နှစ်ယောက်က စောင့်ကြပ်နေချိန်တွင် အခြားတစ်ယောက်က သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာကို အသုံးပြု၍ ကျင့်ကြံရန် ပြန်လာခွင့် ရရှိမည် ဖြစ်သည်။

ထိုသို့လုပ်ဆောင်ပါက လူတိုင်း အဆင့်တက်နိုင်မည့် အခွင့်အရေး ရရှိလာမည်ဖြစ်ပြီး မမျှတသည့် အခြေအနေမျိုးလည်း ရှိလာတော့မည် မဟုတ်ပေ။

ယခုအခါ ဟန်ရှန်းမန်သည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ဖြတ်ကျော်နိုင်သွားပြီဖြစ်ရာ ဝူယင်နှင့် ကျန်းဖန်တို့အတွက် ကျင့်ကြံရန် အချိန်ပိုမို ရရှိသွားပြီ ဖြစ်သည်။

ဟန်ရှန်းမန်က တွင်းနက်အရိပ်ရေပေါ်ကျွန်းကို ယာယီ တာဝန်ယူ စောင့်ကြပ်ပေးထားနိုင်သည်။

သူတို့အချင်းချင်း အချိန်အတန်ကြာ စကားပြောဆိုပြီးနောက် လင်းယွမ်က ထူလုံကို စကားအနည်းငယ် ချီးကျူးလိုက်ပြီး ခဏနေလျှင် အစည်းအဝေးလုပ်ရန် အားလုံးကို အသိပေးလိုက်သည်။

သူကိုယ်တိုင်မှာမူ ဘေးတစ်ဖက်သို့ ထွက်သွားပြီး သူ၏ အရည်အသွေး မှတ်တမ်းကို တိတ်ဆိတ်စွာ ဖွင့်ကြည့်လိုက်လေသည်။

"စနစ်... အမှတ်တွေကို ပြစမ်း"

လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

ထိုအခါ စနစ်၏ မျက်နှာပြင်ရှိ အမှတ်နေရာတွင် အမှတ်ပေါင်း (၅) သန်းကျော်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

လင်းယွမ်က စနစ်၏ မှတ်တမ်းအချက်အလက်များကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်ပါက စနစ်မှ ပေးသော အမှတ်များမှာ မတူညီဘဲ တစ်သောင်းမှ နှစ်သောင်းကြားတွင် အသီးသီး ရှိနေကြောင်း တွေ့လိုက်ရသည်။

မည်ကဲ့သို့ သတ်မှတ်ပေးသည်ကို အတိအကျ မသိရသော်လည်း ဤသန္ဓေပြောင်း သတ္တဝါများ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းအပေါ် မူတည်နိုင်ပေသည်။

လင်းယွမ်၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်သွားလေသည်။

"အမှတ် ငါးသန်း ထပ်ဝင်လာပြန်ပြီ... ကံစမ်းမဲ ထပ်နှိုက်လို့ ရပြီပေါ့"

"ဒါပေမဲ့ ဒီတစ်ခါ ကံစမ်းမဲ နှိုက်ရင် ကိုယ့်အတွက်ချည်းပဲ ကြည့်နေလို့ မရတော့ဘူး... စခန်းအတွက် အသုံးအဆောင် ပစ္စည်းတချို့ ပြင်ဆင်ပေးဖို့ လိုနေပြီ"

လင်းယွမ်က အနည်းငယ် တွေးတောလိုက်သည်။ ယခုအခါ သူ၏ ပိုင်နက်နယ်မြေက ပိုမို ကြီးမားလာသည်နှင့်အမျှ အမှတ်များ သုံးစွဲရန် လိုအပ်သည့် နေရာများကလည်း ပိုမို များပြားလာခဲ့ပြီ ဖြစ်သည်။

အခြားအရာများကို မဆိုထားနှင့်၊ ကျေးရွာအဆင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာပင် အသုံးမလောက်တော့ပေ။

ယခုတစ်ကြိမ် ထိုက်ယန်တောင်မှ ပြောင်းရွှေ့ရာတွင် ထိုက်ယန်တောင် ဗဟိုချက်ရှိ ကျေးရွာအဆင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံကိုပါ သေချာပေါက် ပြောင်းရွှေ့သွားရမည် ဖြစ်သည်။

နေရာသစ်ကိုလည်း ရွေးချယ်ပြီးသွားပြီ ဖြစ်ကာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၏ နှလုံးသားခန်းမဆောင်ထဲတွင် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် သူက ရေပေါ်ကျွန်း အသီးသီး၏ နှလုံးသားခန်းမဆောင်များထဲတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တပ်ဆင်မည် ဖြစ်သည်။ နှလုံးသားခန်းမဆောင်ထဲတွင် သွေးသလင်းကျောက်များ အမြောက်အမြား ရှိနေသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးရန် စွမ်းအင် အလုံအလောက် ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။

ထိုအခါ ရေပေါ်ကျွန်းများကို အလင်းပေးရာတွင် သန္ဓေပြောင်း နေကြာပန်းများကိုသာ အသုံးပြုရတော့မည် မဟုတ်ဘဲ လျှပ်စစ်မီးဖြင့်လည်း အလင်းပေးနိုင်တော့မည် ဖြစ်သည်။

ထိုအခြေအနေသို့ ရောက်ရှိသွားပါက အိမ်သုံး လျှပ်စစ်ပစ္စည်း အမျိုးမျိုး၊ ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများနှင့် အခြားပစ္စည်းများကိုပါ ပြန်လည် အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်လာမည် ဖြစ်သည်။

ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ရေပေါ်ကျွန်း အားလုံးသည် ကပ်ဘေးမတိုင်မီက လူနေမှုအဆင့်အတန်းသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားနိုင်ပေမည်။

လင်းယွမ်အနေဖြင့် ထိုက်ယန်တောင်ကို လူသားများ နေထိုင်ရန် အသင့်တော်ဆုံးသော ခိုလှုံရေးစခန်း စုစည်းရာနေရာ တစ်ခုအဖြစ် ဖန်တီးနိုင်မည်ဟု ယုံကြည်ချက် အပြည့် ရှိနေသည်။

"လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ အပြင် တခြား ပစ္စည်းမျိုးစုံနဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကိုပါ လဲလှယ်ဖို့ လိုသေးတယ်"

"အထူးသဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေဆိုရင် တစ်ခုကို အမှတ် သန်းချီပြီး ပေးရတာ... သိပ်မသက်သာဘူး"

လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ အမှတ်တွေ အများကြီး ရထားပုံပေါ်သော်လည်း တကယ်တမ်း ကဏ္ဍအသီးသီးအတွက် ခွဲဝေသုံးစွဲလိုက်ပါက ဤအမှတ်များမှာ လုံးဝ လုံလောက်မည် မဟုတ်ပေ။

"ဒီလို ကုန်ကျစရိတ်တွေကို ချွေတာနိုင်မယ့် နည်းလမ်းများ မရှိဘူးလား"

လင်းယွမ်က မေးစေ့ကို ပွတ်သပ်လိုက်ရင်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။

"ဟုတ်သားပဲ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းနဲ့ ပတ်သက်တဲ့ ကိရိယာတွေကို ငါက တိုက်ရိုက် မလဲလှယ်တော့ဘဲ... ဒီဇိုင်းပုံစံတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေကိုပဲ လဲလှယ်မယ်... ပြီးရင် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနက လူတွေကို အဲဒီဒီဇိုင်းပုံစံတွေအတိုင်း သက်ဆိုင်ရာ ကိရိယာတွေကို ကိုယ်တိုင် တပ်ဆင်ခိုင်းလို့ ရတာပဲ"

လင်းယွမ် စနစ်အပေါ် နားလည်ထားမှုအရ ဒီဇိုင်းပုံစံများကို သီးသန့် လဲလှယ်ခြင်းက အသင့်လုပ်ပြီးသား ပစ္စည်းများကို လဲလှယ်ခြင်းထက် များစွာ ပို၍ ဈေးသက်သာပေသည်။

"တကယ်လို့ ဒီအကြံကသာ အလုပ်ဖြစ်မယ်ဆိုရင်... လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ အပြင် တခြား ယာဉ်ပျံတွေ... စစ်သင်္ဘောတွေ... သံချပ်ကာကားတွေ အစရှိတာတွေကိုလည်း ငါက အသင့်လုပ်ပြီးသား ပစ္စည်းတွေ လဲလှယ်စရာ မလိုတော့ဘဲ ဒီဇိုင်းပုံစံတွေကို တိုက်ရိုက် လဲလှယ်လိုက်ရုံနဲ့ အဆင်ပြေသွားပြီ မဟုတ်လား"

"ကုန်ကြမ်းပစ္စည်းတွေ လိုအပ်နေရင်တောင် ငါက ကုန်ကြမ်းတွေကို သီးသန့် လဲလှယ်လို့ ရသေးတယ်... ဒီလိုလုပ်တာက အသင့်လုပ်ပြီးသား ပစ္စည်းကို လဲလှယ်တာထက် အများကြီး ဈေးသက်သာတယ်"

ထိုက်ယန်တောင်တွင် ကိုယ်ပိုင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရှိပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနတစ်ခုလုံးမှ လူအများကြီးကိုလည်း အသုံးချနိုင်ရမည် ဖြစ်သည်။

အစပိုင်းက သူ ခိုလှုံရေးစခန်း တည်ထောင်ခဲ့ရသည့် အကြောင်းရင်းမှာ လူများကို ပိုမို လက်ခံစောင့်ရှောက်လိုသည့် အပြင် ထိုလူများ၏ တန်ဖိုးကို တတ်နိုင်သမျှ ဖော်ထုတ် အသုံးချပြီး စနစ်နှင့် တွဲဖက်ကာ မိမိအတွက် အမှတ်များကို အမြောက်အမြား ချွေတာနိုင်ရန်လည်း ဖြစ်သည်။

ဤမူလ ရည်ရွယ်ချက်ကိုတော့ သူ မေ့ထား၍ မဖြစ်ပေ။

ထိုအကြောင်းကို တွေးမိပြီးနောက် လင်းယွမ်က ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် စနစ်၏ ကံစမ်းမဲ ကန်ထဲမှ အရာများကို စတင် လေ့လာကြည့်ရှုတော့သည်။

ဆက်ရန်...

အပိုင်း(၇၇၄) လုတယုံနှင့် လျန်မင်ရှု

နတ်သစ်ပင်ကျွန်း၏ အနောက်တောင်ဘက် အရပ်။

သစ်ခေါက်များဖြင့် ပြုလုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် "လူရိုင်း" တစ်စုက တောအုပ်ထဲမှနေ၍ သတိကြီးစွာဖြင့် ထွက်ပေါ်လာကြသည်။

ခေါင်းဆောင်ဖြစ်သူ လူရိုင်းက ကျွန်းပေါ်သို့ အလျင်အမြန် ပျံသန်းပြန်လာနေကြသော ယာဉ်ပျံများကို မော့ကြည့်လိုက်ရင်း သူ၏ မျက်ဝန်းများထဲတွင် တွေးတောနေသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

ထိုအချိန်တွင် ဘေးနားရှိ အမျိုးသမီး "လူရိုင်း" တစ်ဦးက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ခိုက်ရီနည်းပညာကုမ္ပဏီက လူတွေ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက်များလာတာလဲ... သူတို့ရဲ့ ယာဉ်ပျံတွေဆိုရင် နှစ်ဆလောက်ကို တိုးလာတာ"

"ငါတို့ကိုများ တွေ့သွားတာတော့ မဟုတ်ပါဘူးနော်"

အမျိုးသမီးလူရိုင်းမှာ အနည်းငယ် စိုးရိမ်နေပြီး သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်နေမှုများက သိသာထင်ရှားစွာ ပေါ်လွင်နေ၏။

ခေါင်းဆောင်လူရိုင်းမှာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ရင်း ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး... တကယ်လို့ ငါတို့ကို တွေ့သွားတယ်ဆိုရင် မြေအောက်ကမ္ဘာထဲ ဝင်ပြီး ငါတို့ကို တိုက်ခိုက်နေတာ ကြာပေါ့"

"မြေအောက် သွေးကြောလမ်းကြောင်းတွေက နေရာအနှံ့ကို သွယ်တန်းနေတာ... တစ်လကျော်ကြာတဲ့အထိ သူတို့ ငါတို့ကို မရှာတွေ့သေးဘူး ဆိုတာက ငါတို့ရဲ့ စခန်းက လုံခြုံနေတုန်းပဲဆိုတာကို ပြနေတာပဲ"

"ဒါဆို ရှေ့ဆက် ဘယ်လိုလုပ်ကြမလဲ... ဒီတိုင်းကြီးပဲ ဆက်ပုန်းနေကြတော့မှာလား... သူတို့က ယာဉ်ပျံတွေကိုတောင် တီထွင်နိုင်နေပြီဆိုတော့ အပြင်ကမ္ဘာကြီးက ပုံမှန်အခြေအနေ ပြန်ရောက်နေပြီလို့ ရှင် ထင်လား"

"ရေကြီးတာတွေများ ပြန်ကျသွားပြီလား မသိဘူးနော်" အမျိုးသမီးက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

လူလတ်ပိုင်း လူရိုင်းမှာ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။ "လျန်မင်ရှု... အဲဒါ ဖြစ်နိုင်မယ်လို့ မင်း ထင်နေလား... ဒီလေပေါ်ကျွန်းကြီးတောင် ရှိနေသေးတာပဲ... ရေကြီးတာတွေက ပျောက်သွားပါ့မလား"

"အောက်ဘက်ကို ကြည့်လိုက်ဦး... မိုးကြိုးတိမ်တိုက်တွေက အဲဒီလောက်တောင် ထူထဲနေတာ... အခုထိ ပျောက်ကွယ်သွားမယ့် အရိပ်အယောင်တောင် မရှိသေးဘူး... မိုးသက်မုန်တိုင်းတွေ ရပ်သွားနိုင်မယ်လို့ မင်း ထင်နေလား"

"မရူးစမ်းပါနဲ့... ငါတို့က နတ်သစ်ပင်ကြီးကို အမှီပြုပြီး အပေါ်ကို တက်လာနိုင်ခဲ့လို့ ရေနစ်မသေခဲ့တာပဲ ကံကောင်းနေပြီ... အခုအချိန်မှာ ငါတို့အနေနဲ့ ဘယ်လိုမှ မျက်နှာပြလို့ မဖြစ်ဘူး... သူတို့ ရှာတွေ့သွားလိမ့်မယ်"

"မင်း မမေ့နဲ့ဦး... နတ်သစ်ပင်ကျွန်းရဲ့ နှလုံးအမြူတေက ငါ့ဆီမှာ... ဦးနှောက်အမြူတေက မင်းဆီမှာ ရှိနေတာ"

"သူတို့က ငါတို့နှစ်ယောက်ကို ရူးမတတ် လိုက်ရှာနေလောက်ပြီ"

"တကယ်လို့များ သူတို့သာ ငါတို့ကို ရှာတွေ့သွားရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာမလဲဆိုတာ မင်း တွေးကြည့်ဖူးလား"

လျန်မင်ရှု၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ "ဟူး... ဒီလိုနေ့ရက်တွေက ဘယ်တော့မှ အဆုံးသတ်မှာလဲ... နေ့တိုင်းလိုလို လူရိုင်းတစ်ယောက်လို နေရတဲ့ ဘဝကြီးကို ကျွန်မလည်း စိတ်ကုန်နေပြီ"

သူမက ကိုယ့်ပါးပြင်ကို ပြန်စမ်းကြည့်လိုက်သည်။ တစ်ချိန်တည်းက သူမသည် အလွန်တရာ လှပဆွဲဆောင်မှု ရှိခဲ့သည် မဟုတ်ပါလော။

ယခုတော့ နေ့စဉ်နှင့်အမျှ မြေအောက်က ကြွက်တွေလို သွေးကြောလမ်းကြောင်းတွေထဲမှာ အသက်လုပြီး ရှင်သန်နေရသည်။

အရင်တုန်းက ခိုက်ရီနည်းပညာကုမ္ပဏီမှ လူများ နတ်သစ်ပင်ကို ကျူးကျော်မသိမ်းပိုက်ခင်ကဆိုလျှင် သူတို့တစ်စုသည် တောအုပ်ထဲတွင် ပျော်ရွှင်စွာ နေထိုင်နိုင်ခဲ့ကြသေးသည်။

ထိုအချိန်က ပြင်ပမှ အလွန်အန္တရာယ်များလှသော သန္ဓေပြောင်း သားရဲများကို သတိထားနေရသော်လည်း ရေကြီးရေလျှံနေသော ကမ္ဘာကြီးနှင့် နှိုင်းယှဉ်ပါက ဤနေရာသည် သံသယဖြစ်ဖွယ်မရှိ နိဗ္ဗာန်ဘုံတစ်ခုပင် ဖြစ်ခဲ့သည်။

သန္ဓေပြောင်း အပင်များ၊ သန္ဓေပြောင်း အသီးအနှံများ မျိုးစုံရှိနေရုံသာမက သူတို့အတွက် လုံလောက်စွာ စားသုံးနိုင်ရန်လည်း အပြည့်အဝ ဖူလုံလှပေသည်။

သို့သော် ခိုက်ရီနည်းပညာကုမ္ပဏီမှ လူများ ရောက်ရှိလာပြီးနောက်ပိုင်းတွင်မူ သူတို့မှာ မြေအောက်သို့ မဖြစ်မနေ ပုန်းအောင်းနေရပြီး ရေတွက်၍မရနိုင်သော သွေးကြောလမ်းကြောင်းများကြားတွင် ခိုကပ်ရှင်သန်နေကြရတော့သည်။

ဤကဲ့သို့သော အခြေအနေများ ပြောင်းလဲသွားမှုကြီးက သူမကို လက်ခံနိုင်ရန် ခက်ခဲစေခဲ့သည်။

"ရှောင်ဝမ်လေးသာ ရှိနေရင် သိပ်ကောင်းမှာပဲ" လျန်မင်ရှုက တိုးညင်းသောအသံဖြင့် ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။

လူလတ်ပိုင်း လူရိုင်းသည်လည်း တိတ်ဆိတ်သွားပြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ "လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ ကိုယ်ပါပဲကွာ... သူက ထွက်သွားပြီး ထွက်ပေါက်ရှာဖို့ ရွေးချယ်ခဲ့တာဆိုတော့ အနည်းဆုံးတော့ ဒီမှာ ကျန်နေခဲ့တဲ့ ငါတို့ထက် သာပါသေးတယ်"

"အမှန်တော့ ငါတို့လည်း ဒီနေရာရဲ့ ခဏတာငြိမ်းချမ်းတာလေးကို တွယ်တာမနေခဲ့သင့်ဘူး... တကယ်ဆို သူနဲ့အတူတူ အပြင်ထွက်ပြီး ဆက်ရှာဖွေခဲ့သင့်တာ"

လျန်မင်ရှုက သူ့ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "ရှင် ရှင့်သမီးလေးကို သတိရသွားပြန်ပြီလား"

လူလတ်ပိုင်း လူရိုင်းက တိတ်ဆိတ်သွား၏။

လျန်မင်ရှုက ဝင်ပြောလိုက်သည်။ "ရှင်ပဲ ပြောခဲ့တာလေ... လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ ကိုယ်ပါဆို... ကျွန်မတို့ရဲ့ နေ့ရက်တွေ ပြန်ကောင်းလာတဲ့တစ်နေ့ကျရင် ရှင့်အတွက် ကလေးတစ်ယောက် ကျွန်မ ထပ်မွေးပေးပါ့မယ်"

လူလတ်ပိုင်း အမျိုးသားက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "အခုအခြေအနေက ငါတို့ကိုယ်တိုင်တောင် အသက်ရှင်ဖို့ ခက်ခဲနေတာ... ကလေးကိစ္စကိုတော့... ထားလိုက်ပါတော့ကွာ"

လျန်မင်ရှုမှာလည်း စိတ်ဓာတ်ကျသွားရှာသည်။

လူလတ်ပိုင်း အမျိုးသားက မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ "သွားကြစို့... ဒီတစ်ခေါက် တာဝန်က သိပ်မလွယ်ဘူး... တစ်ဖက်က ခိုက်ရီနည်းပညာကုမ္ပဏီရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းရမှာဖြစ်သလို ပစ္စည်းတွေလည်း စုဆောင်းရဦးမှာ"

"အားလုံးပဲ... ငါ့နောက်က လိုက်ခဲ့ကြ"

လူလတ်ပိုင်း အမျိုးသား၏ နောက်တွင် လူဆယ်ယောက်ကျော်ခန့်က တစ်ယောက်ပြီးတစ်ယောက် လိုက်ပါလာကြသည်။ သူတို့အားလုံးမှာ လူရိုင်းများသဖွယ် ဝတ်ဆင်ထားပြီး သစ်ခေါက်များကို အင်္ကျီအဖြစ်လည်းကောင်း၊ သစ်ရွက်များကို စကတ်အဖြစ်လည်းကောင်း ဝတ်ဆင်ထားကာ လက်ထဲတွင်လည်း သစ်သားဖြင့် ပြုလုပ်ထားသော လက်နက်များကို ကိုင်ဆောင်ထားကြသည်။

သို့သော် သူတို့၏ လှုပ်ရှားမှုများမှာ အလွန် သွက်လက်ပေါ့ပါးပြီး ခြေလှမ်းများ မြန်ဆန်လှသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် အစွမ်းများ နိုးထလာသည့် သူများမှန်း သိသာထင်ရှားနေသည်။

အကယ်၍ လင်းယွမ်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက စကားပြောနေသော ထိုလူနှစ်ယောက်ကို မှတ်မိနိုင်ကောင်း မှတ်မိပေလိမ့်မည်။

လျန်မင်ရှုနှင့် လုတယုံ။

လိပ်ကြီး ရေငုပ်သွားစဉ်က ဖြစ်ပွားခဲ့သော 'လိပ်ကျွန်း နစ်မြုပ်ခြင်း' ဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် ထိုလူနှစ်ယောက်က ယခုအချိန်ထိ အသက်ရှင်လျက် ရှိနေခဲ့ကြသည်ပဲ။

အသက်ရှင်နေရုံသာမကဘဲ မိုင်ပေါင်းများစွာ မြင့်မားသော ကောင်းကင်ယံထက်ရှိ နတ်သစ်ပင်ကျွန်းပေါ်တွင်ပါ လာရောက် ပေါ်ထွက်နေကြသေးသည်။

တွေးကြည့်ရန်ပင် ခက်ခဲလှသည်။ တစ်ချိန်က မျိုးရိုးဗီဇမျိုးစေ့ကိုပင် ပုံဖော်နိုင်ခြင်း မရှိခဲ့သော သာမန် အစွမ်းပိုင်ရှင်များ... ပိုဆိုးသည်မှာ သန္ဓေပြောင်း အသီးများမှတစ်ဆင့် အစွမ်းများ ယခုလေးတင် နိုးထလာခဲ့သူများသာ ဖြစ်ကြသည်။

သူတို့သည် အဆုံးအစမရှိသော မိုးကြိုးတိမ်တိုက်များကို ဖြတ်သန်းပြီး ဤလေပေါ်ကျွန်းဆီသို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့ကြသနည်း။

ပို၍အံ့သြစရာကောင်းသည်မှာ ဤနေရာတွင် ဤမျှကြာရှည်စွာ ရှင်သန်နိုင်ခဲ့ပြီး ခိုက်ရီနည်းပညာကုမ္ပဏီမှ လူများ၏ အာရုံစိုက်မှုကိုပင် မခံခဲ့ရခြင်း ဖြစ်သည်။

အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိလောက်အောင်ပါပေ။

"ဝှစ်"

"ဝှစ်"

"ဝှစ်"

ထိုလူစုသည် ကြံ့ခိုင်သွက်လက်သော ခန္ဓာကိုယ်များဖြင့် တောတောင်များကြားတွင် လျင်မြန်စွာ ဖြတ်သန်းသွားလာနေကြသည်။

သူတို့သည် ဤတောတောင်ဒေသနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေပုံရပြီး ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြပုံပေါ်သည်။

မကြာမီ ထိုလူစုသည် တောင်နံရံတစ်ခု၏ အနီးသို့ ရောက်ရှိလာကြသည်။

လုတယုံက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "စကြရအောင်"

လျန်မင်ရှုက ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး လူများကို ခေါ်ဆောင်ကာ တောင်နံရံအနီးသို့ လျင်မြန်စွာ ချဉ်းကပ်သွားကြသည်။ ထို့နောက် တောင်နံရံပေါ်ရှိ အဖြူရောင် သလင်းကျောက်အချို့ကို ချက်ချင်း စတင် ခြစ်ယူကြလေတော့သည်။

ဤသလင်းကျောက်များမှာ သလင်းဆားများဖြစ်ပြီး သူတို့အတွက် အရေးကြီးသော နေ့စဉ်သုံး ပစ္စည်းများ ဖြစ်သည်။

အချိန်ကြာမြင့်စွာကတည်းက သူတို့သည် ခန္ဓာကိုယ်အတွင်း ဆားဓာတ်လုံလောက်မှုရှိစေရန် ဤတောင်နံရံပေါ်ရှိ သလင်းဆားများကိုသာ အားထားခဲ့ကြရခြင်း ဖြစ်သည်။

အရင်က ကျွန်းပေါ်တွင် ရန်သူများ မရှိခဲ့သဖြင့် ဆားရှာဖွေရန်မှာ အလွန်လွယ်ကူခဲ့သည်။ ကုန်သွားသည်နှင့် ဤနေရာသို့ လာရောက်စုဆောင်းရုံသာ ဖြစ်သည်။

သို့သော် ခိုက်ရီနည်းပညာကုမ္ပဏီမှ လူများ ဤနေရာသို့ ကျူးကျော်ဝင်ရောက်လာပြီးနောက်ပိုင်းတွင် သူတို့ ဆားလိုချင်ပါက ရှာဖွေတွေ့ရှိခံရနိုင်သည့် အန္တရာယ်ကို စွန့်စားပြီး ခိုးကြောင်ခိုးဝှက်ဖြင့်သာ လာရောက်စုဆောင်းရတော့သည်။

စုဆောင်းသည့် အကြိမ်တိုင်းတွင်လည်း တတ်နိုင်သမျှ များများရအောင် စုဆောင်းရသည်။ ထိုသို့ဆိုလျှင် တစ်ကြိမ်စုဆောင်းထားပါက အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပြီး အမြဲတမ်း အန္တရာယ်မစွန့်ရတော့ပေ။

လျန်မင်ရှုတို့ လူစု သလင်းဆားများ စုဆောင်းနေချိန်တွင် လုတယုံက လက်ကိုလှမ်း၍ တောင်နံရံပေါ်ရှိ နွယ်ပင်တစ်ပင်ကို ဖမ်းဆုပ်လိုက်သည်။

ထိုနွယ်ပင်မှ အစိမ်းရောင် အလင်းတန်းများ ချက်ချင်း တောက်ပလာပြီး သူ့ကို အပေါ်သို့ လျင်မြန်စွာ ဆွဲတင်ကာ ချောက်ကမ်းပါး အပေါ်ဘက်ဆီသို့ တစ်ဟုန်ထိုး ပျံတက်သွားစေသည်။

မကြာမီ သူသည် တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားပြီး အရှေ့တောင်ဘက် အရပ်ဆီသို့ စူးစိုက်ကြည့်ရှုလိုက်သည်။

ထိုနေရာရှိ သစ်ပင်ကြီးများ အားလုံးမှာ ရှင်းလင်း ခုတ်ထွင်ခံထားရပြီး ဧရာမ စခန်းကြီးတစ်ခုကို တည်ဆောက်ထားသည်။

၎င်းမှာ ခိုက်ရီနည်းပညာကုမ္ပဏီမှ နတ်သစ်ပင်ကျွန်းပေါ်တွင် တည်ဆောက်ထားသော စခန်းကြီးပင် ဖြစ်ပေသည်။

လုတယုံ၏ မျက်ဝန်းအောက်ခြေတွင် အမုန်းတရား အရိပ်အယောင်တစ်ခု ထင်ဟပ်လာ၏။

ယခုအချိန်ထိ သူ ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။ ခိုက်ရီနည်းပညာကုမ္ပဏီမှ လူများ ဤကျွန်းပေါ်သို့ တက်ရောက်လာစဉ်က ကျွန်းပေါ်တွင် အကြီးစား ရှာဖွေဖမ်းဆီး သတ်ဖြတ်ခြင်း စစ်ဆင်ရေးကြီးကို ပြုလုပ်ခဲ့ကြသည်။

အဓိက ပစ်မှတ်မှာ သန္ဓေပြောင်း သားရဲများကို ရည်ရွယ်ခြင်း ဖြစ်သော်လည်း ဤလိုက်လံ ဖမ်းဆီးသတ်ဖြတ်မှုကြီးအတွင်း သူတို့၏ လူများလည်း အများအပြား ဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့်ပင် ခိုက်ရီနည်းပညာမှ လူများက သူတို့၏ ခြေရာခံများကို တွေ့ရှိသွားကြပြီး သူတို့လူစုကို နေရာအနှံ့တွင် နည်းလမ်းမျိုးစုံဖြင့် လိုက်လံရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

သူတို့မှာ ရွေးချယ်စရာ မရှိတော့သဖြင့် နတ်သစ်ပင်ကျွန်း၏ မြေအောက်ကမ္ဘာထဲသို့ ပြောင်းရွှေ့ခဲ့ရပြီး သွေးကြောလမ်းကြောင်းများ၏ ရှုပ်ထွေးလှသော အနေအထားကို အသုံးချကာ ခိုက်ရီနည်းပညာကုမ္ပဏီမှ လူများကို ရှောင်ရှားခဲ့ကြရသည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် နှလုံးအမြူတေ ရှိနေပြီး လျန်မင်ရှု၏ ခန္ဓာကိုယ်ထဲတွင် နတ်သစ်ပင်ကျွန်း၏ ဦးနှောက်အမြူတေ ရှိနေသောကြောင့် သူတို့နှစ်ဦးသည် နတ်သစ်ပင်ကျွန်း အတွင်းပိုင်းကမ္ဘာရှိ သွေးကြောလမ်းကြောင်း အသီးသီးကို ရှင်းလင်းစွာ သိရှိနေကြသည်။

သို့မှသာ ဘေးအန္တရာယ်မှ လွတ်ကင်းခဲ့ပြီး ခိုက်ရီနည်းပညာကုမ္ပဏီနှင့် ယခုအချိန်ထိတိုင် ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤကဲ့သို့ ခိုကပ်ရှင်သန်နေရသော နေ့ရက်များကို နောက်ထပ် ဘယ်လောက်ကြာကြာ ဖြတ်သန်းရဦးမည်ကိုမူ မသိနိုင်ပေ။

လုတယုံ သိသိသာသာ ခံစားမိသည်။ သူတို့၏ ခိုလှုံရေးစခန်းအတွင်းရှိ အချို့သော လူများမှာ သည်းမခံနိုင်ကြတော့ပေ။

ခိုက်ရီနည်းပညာကုမ္ပဏီ၏ အင်အားကြီးမားမှု၊ ခေတ်မီဆန်းသစ်သော နည်းပညာသုံး လက်နက်များနှင့် ယာဉ်ပျံများကို တွေ့မြင်ရပြီးနောက် ခိုလှုံရေးစခန်းမှ လူအများအပြားမှာ သူတို့ထံသို့ သွားရောက်ခိုလှုံရန် ဆန္ဒပြင်းပြနေကြပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤကျွန်းပေါ်တွင် ပိတ်မိနေသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သဖြင့် ပြင်ပကမ္ဘာကြီးသည် ယခုအခါတွင် မည်ကဲ့သို့ ဖြစ်နေပြီလဲ ဆိုသည်ကို သူတို့ မသိရှိကြသောကြောင့် ဖြစ်သည်။

လူသားတွေက ရေကြီးတဲ့ကပ်ဘေးကြီးကို အနိုင်ယူနိုင်သွားပြီလား။

အားလုံးက စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည် တည်ဆောက်နိုင်သွားကြပြီလား။

ဒီလူတွေက အစိုးရအသစ်များလား။

မိုးကြိုးတိမ်တိုက်တွေကိုတောင် ဖြတ်သန်းနိုင်တဲ့ အဲဒီယာဉ်ပျံတွေက နိုင်ငံတော်က ဝင်ရောက် ကယ်ဆယ်နေတာများလား။

ဤမေးခွန်းပေါင်းများစွာက အားလုံး၏ စိတ်နှလုံးကို လှုပ်ရှားသွားစေခဲ့သည်။

လူအများအပြားမှာ ဆက်လက် သည်းမခံနိုင်တော့ဘဲ တစ်ဖက်လူများနှင့် သွားရောက် ဆက်သွယ်ချင်ကြကာ... လူသားကမ္ဘာဆီသို့ ပြန်လည်ရောက်ရှိချင်နေကြပြီ ဖြစ်သည်။

သို့သော် လုတယုံကမူ အလွန် ရှင်းလင်းစွာ သိရှိနေသည်။ ဤခိုက်ရီနည်းပညာကုမ္ပဏီ ဆိုသည်မှာ နိုင်ငံတော်၏ စစ်တပ် လုံးဝမဟုတ်သလို လူကောင်းများလည်း အလျှင်း မဟုတ်ကြပေ။

တစ်ဖက်လူများ ဤနေရာသို့ လာရောက်ခြင်းမှာ ဤလေပေါ်ကျွန်းကို မျက်စိကျနေသောကြောင့်သာ ဖြစ်သည်။

သူတို့သည် လေပေါ်ကျွန်း၏ ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေတို့ကို နေရာအနှံ့ လိုက်လံရှာဖွေနေကြသည်။

ဤကျွန်းကို အလုံးစုံ ထိန်းချုပ် သိမ်းပိုက်လိုကြသည်။

သူနှင့် တစ်ဖက်လူများကြားတွင် ပြေလည်နိုင်စွမ်းမရှိသော ပဋိပက္ခများ ရှိနေသည်။

သို့သော် ဤမျှ အင်အားကြီးမားလှသော ရန်သူကို ရင်ဆိုင်ရချိန်တွင် ကောင်းကင်ယံအနှံ့ရှိ ယာဉ်ပျံများနှင့် မြေပြင်ပေါ်ရှိ သံချပ်ကာ စစ်ကားများ... တစ်ခုချင်းစီတိုင်းက လူကို မျှော်လင့်ချက် ကင်းမဲ့သွားစေသည်။

လုတယုံ၏ စိတ်ထဲတွင် ဝေခွဲမရဖြစ်နေပြီး မျှော်လင့်ချက်က ဘယ်နေရာမှာ ရှိနေသလဲ ဆိုသည်ကို မသိနိုင်တော့ပေ။

"ဒီလိုမှန်း သိခဲ့ရင် အစကတည်းက ဝမ်လီလီရဲ့ စကားကို နားထောင်ခဲ့သင့်တာ... တခြား လေပေါ်ကျွန်းတွေဆီကို သွားရောက် စူးစမ်းခဲ့မယ်ဆိုရင် အခြား အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့နိုင်လောက်တယ်"

သူက သက်ပြင်းတစ်ချက် ချလိုက်မိပြီး စိတ်ထဲတွင် အနည်းငယ် နောင်တရနေမိသည်။

သို့သော် ချက်ချင်းပင် သူက ခေါင်းကို ပြန်လည် ခါယမ်းလိုက်သည်။ ထိုအချိန်က သူတို့လူစု၏ အခြေအနေအရ ဝမ်လီလီ တစ်ယောက်တည်းသာ ပျံသန်းနိုင်သည့် အစွမ်းကို ပိုင်ဆိုင်ထားပြီး သူတို့အားလုံးတွင် ထိုအစွမ်း မရှိခဲ့ကြပေ။

ထို့ကြောင့် သူမတစ်ဦးတည်းသာ အဆုံးအစမရှိသော ကောင်းကင်ယံကို ဖြတ်ကျော်ကာ အခြား လေပေါ်ကျွန်းများဆီသို့ ပျံသန်းနိုင်ရန် ကံပါလာခဲ့ခြင်း ဖြစ်သည်။

"ဝူး"

"ဝူး"

လုတယုံ တစ်ယောက် တွေးလုံးပေါက်နေစဉ်မှာပင် ထိုစခန်းဆီမှ အလျင်စလို အချက်ပေးသံများ ရုတ်တရက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ဤအသံက လုတယုံကို ချက်ချင်း အသိဝင်သွားစေသည်။

သူ ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ဟိုဘက်ရှိ စခန်းဆီသို့ လှမ်းကြည့်လိုက်သည်။

တစ်ဖက်ရှိ အခြေအနေကို သူ အကဲမခတ်ရသေးခင်မှာပင် လေထဲတွင် ယာဉ်ပျံ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာကာ နတ်သစ်ပင်ကျွန်း၏ အထက်ကောင်းကင်ယံတွင် လေခွင်းသံများနှင့်အတူ လှည့်ပတ်ပျံသန်းနေကြသည်ကို တွေ့လိုက်ရသည်။

ခိုက်ရီနည်းပညာကုမ္ပဏီ၏ စခန်းအထက်တွင် ဧရာမ အကာအကွယ်ဒိုင်းကြီးတစ်ခု ချက်ချင်း လင်းလက်လာပြီး စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်ကို မြင်တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် စခန်းအတွင်းမှ ယာဉ်ပျံများက တစ်စင်းပြီးတစ်စင်း အလျင်အမြန် ထွက်ခွာလာကြပြီး ကောင်းကင်ထက်ရှိ အမည်မသိ ယာဉ်ပျံများကို တိုက်ခိုက်ကြတော့သည်။

"ဝုန်း"

"ဝုန်း"

"ဝုန်း"

ပြင်းထန်သော အလင်းတန်းအမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။

တောင်နံရံအောက်ရှိ လျန်မင်ရှုနှင့် အခြားသူများ၏ မျက်နှာပေါ်တွင်လည်း ကြောက်လန့်တုန်လှုပ်နေသော အရိပ်အယောင်များ ထွက်ပေါ်လာကြသည်။

လျန်မင်ရှု၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ရှားသွားပြီး ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံဆီသို့ အလွန်လျင်မြန်သော အလျင်ဖြင့် ပျံတက်သွားလေသည်။

မကြာမီ သူမသည် တောင်ထိပ်ပေါ်သို့ ရောက်ရှိလာပြီး လုတယုံနှင့်အတူ ယှဉ်ရပ်လိုက်သည်။

သူမက အဝေးရှိ ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်ရင်း အလျင်စလို မေးလိုက်သည်။ "ဘာတွေ ဖြစ်ကုန်တာလဲ"

လုတယုံ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေပြီး ပြန်ဖြေလိုက်သည်။ "ယာဉ်ပျံတချို့ ခိုက်ရီနည်းပညာကုမ္ပဏီရဲ့ လေပိုင်နက်ထဲကို ဝင်လာလို့ သူတို့ ပြန်ပြီး တိုက်ခိုက်နေတာ"

"ခိုက်ရီနည်းပညာကုမ္ပဏီရဲ့ ရန်သူလား"

လျန်မင်ရှုမှာ အံ့အားသင့်သွားပြီး ချက်ချင်းပင် အလွန်တရာ ဝမ်းသာသွားကာ ပြောလိုက်သည်။ "ခိုက်ရီနည်းပညာကုမ္ပဏီမှာတောင် ရန်သူ ရှိနေတာပဲ"

ရန်သူ၏ ရန်သူဆိုသည်မှာ မိတ်ဆွေပင် မဟုတ်ပါလော။

အကယ်၍ သူတို့သာ တစ်ဖက်လူများနှင့် အဆက်အသွယ် ရနိုင်မည်ဆိုပါက ဤကျွန်းပေါ်မှ လွတ်မြောက်နိုင်မည့် မျှော်လင့်ချက် ရှိလာပေမည်။

လျန်မင်ရှုနှင့် လုတယုံတို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး နှစ်ဦးသား၏ မျက်ဝန်းများထဲတွင် အံ့သြဝမ်းသာမှုများနှင့် မျှော်လင့်ချက်များကို ကိုယ်စီ မြင်တွေ့လိုက်ကြရသည်။

လုတယုံက အလျင်အမြန် ပြောလိုက်သည်။ "ငါ သွားကြည့်လိုက်ဦးမယ်... မင်း လူတွေကို ခေါ်ပြီး အရင်ပြန်သွားနှင့်"

လျန်မင်ရှုက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး သူ့ကို ဖမ်းဆွဲထားလိုက်ကာ ပြောလိုက်သည်။ "ရှင် ဒီအဝတ်အစားတွေနဲ့ သွားလို့ မဖြစ်ဘူး... အဝတ်အစား သွားလဲဦး... လူရိုင်းပုံစံနဲ့ သွားလို့ မရဘူး"

လုတယုံလည်း ချက်ချင်း သဘောပေါက်သွားပြီး ပြန်ပြောလိုက်သည်။ "ကောင်းပြီ... ငါ အဝတ်အစား သွားလဲလိုက်ဦးမယ်"

လျန်မင်ရှုက အလျင်စလို ဝင်ပြောလိုက်သည်။ "ငါတို့အတွက် အဆင်ပြေမယ့် နောက်ခံဇာတ်ကြောင်းတစ်ခု စဉ်းစားထားရမယ်... နေဦး... စဉ်းစားကြည့်ရအောင်... ငါတို့က ခိုက်ရီနည်းပညာကုမ္ပဏီက လူတွေရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းကို ခံထားရတဲ့ ကျွန်တွေဖြစ်ပြီး သူတို့အတွက် သတ္တုတူးဖော်ပေးနေရတယ်လို့ ပြောကြတာပေါ့"

လုတယုံက ခေါင်းညိတ်လိုက်သည်။ "ဒီအကြံ ကောင်းတယ်... အချိန်မဆွဲနဲ့တော့"

"ကောင်းပြီ"

လူတစ်စုသည် ဤနေရာမှ အလျင်အမြန် ထွက်ခွာသွားကြပြီး မြေအောက်သို့ လျင်မြန်စွာ ပြန်လည် ဆင်းသွားကြသည်။

မကြာမီ လုတယုံသည် ဟောင်းနွမ်းနေသော တီရှပ်တစ်ထည်ကို လဲလှယ်ဝတ်ဆင်ပြီး မြေပြင်ပေါ်သို့ ပြန်လည် ထွက်ပေါ်လာသည်။

ထို့နောက် ကောင်းကင်ယံကို တစ်ချက် ကြည့်လိုက်ပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာရာ အရပ်ဆီသို့ ချက်ချင်း အပြေးအလွှား လိုက်ပါသွားတော့သည်။

(လုတရုံဆိုတာ ဂျပန်အာနီမဲဇာတ်ကောင်အသွင်ပြောင်းတဲ့ အစွမ်းရသွားတဲ့ အအမလေးရဲ့ အဖေပါ)

ဆက်ရန်...

All Chapters