← Chapters

အခန်း (၇၇၇-၇၇၈)

Vol. 39 Ch. 777-778

အခန်း (၇၇၇-၇၇၈)

Vol. 39 Ch. 777-778

အပိုင်း (၇၇၇) တကယ်ပဲ အဲဒီ ထိုက်ယန်တောင်များလား

အခန်းထဲသို့ ပြန်ရောက်သောအခါ လုတယုံက သူ၏ စိတ်လှုပ်ရှားမှုကို အတင်းဖိနှိပ်ထားပြီး အခြားသူများ ရှိမရှိ သေချာစေရန် ပတ်ဝန်းကျင်ကို အရင်ဆုံး အကဲခတ်လိုက်သည်။

သူ ဒီလောက် သတိထားနေသည်ကို မြင်တော့ လျန်မင်ရှုက မနေနိုင်ဘဲ မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ... ဘာလို့ ဒီလောက်တောင် စိုးရိမ်တကြီး ဖြစ်နေရတာလဲ"

လုတယုံက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ကိုယ် အပင်မျှဝေခြင်း အစွမ်းကနေ အရေးကြီးတဲ့ သတင်းတစ်ခု ခိုးနားထောင်လာခဲ့ရတယ်"

လျန်မင်ရှု ကြောင်သွားသည်။ လုတယုံ၏ သစ်သားဓာတ် သန္ဓေပြောင်းအစွမ်းက ခန္ဓာကိုယ်ကို သစ်ပင်ပန်းမန်များအဖြစ် အသွင်ပြောင်းနိုင်ရုံသာမက အပင်များနှင့် အသိစိတ်ကိုပါ မျှဝေနိုင်ပြီး အပင်များ သိရှိခံစားရသည့် အချက်အလက်များကို အဝေးမှနေ၍ ရယူနိုင်ကြောင်း သူမ သိထားသည်။

သို့သော် လုတယုံအနေဖြင့် အသုံးဝင်မည့် သတင်းအချက်အလက်ကို တကယ် စုံစမ်းသိရှိလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ထို့ပြင် သူ၏ သတိကြီးစွာထားနေသော ပုံစံကို ကြည့်ရလျှင် ထိုသတင်းက အလွန် အရေးကြီးပုံရသည်။

ထိုသို့တွေးမိပြီးနောက် သူမက အလျင်အမြန် မေးလိုက်သည်။ "အဲဒါဘာသတင်းမို့လို့လဲ... ဘာလို့ရှင်ဒီလောက် ဝမ်းသာနေတာလဲ"

လုတယုံက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ခိုက်ရီနည်းပညာက လူတွေ ပြောနေတာကို ကိုယ် ကြားခဲ့တာ... အဲဒီ ယာဉ်ပျံတွေက 'ထိုက်ယန်တောင်' ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက လာတာတဲ့"

"ထိုက်ယန်တောင်"

လျန်မင်ရှု ကြောင်သွားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ "ကြားဖူးနေသလိုပဲ"

လုတယုံက သူမ၏ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ထိုက်ယန်တောင်လေ... အမျိုးသား သစ်တောဥယျာဉ်က ထိုက်ယန်တောင်ကို ပြောတာလေ"

"အရင်တုန်းက မိန်တုဥယျာဉ်ကနေ ကိုယ်တို့ ထွက်လာခဲ့ကြတာ ဘာအတွက်လဲ... မင်း မှတ်မိသေးလား"

"ဆရာလင်းက ကိုယ်တို့ကို ပြောခဲ့တာလေ... အိမ်ရာတိုက်ခန်းထဲမှာ ဆက်နေရင် သေဖို့ စောင့်နေတာနဲ့ အတူတူပဲတဲ့... အမြင့်ပိုင်းကို ပြောင်းရွှေ့ရမယ်ဆိုလို့ အားလုံးတူတူ သစ်သားဖောင်တွေဖွဲ့ပြီး အိမ်ရာကနေ ထွက်လာခဲ့ကြတာလေ"

"အဲဒီအချိန်တုန်းက ကိုယ်တို့ သွားချင်ခဲ့တဲ့ နေရာက ထိုက်ယန်တောင်ပဲ မဟုတ်လား... မင်း ပြန်စဉ်းစားမိပြီလား"

လုတယုံက ထိုသို့ သတိပေးလိုက်မှသာ လျန်မင်ရှု ချက်ချင်း သတိဝင်လာပြီး ထိုကိစ္စကို မှတ်မိသွားတော့သည်။

"ဆရာလင်း... ထိုက်ယန်တောင်... ရှင် ပြောတာ အဲဒီ ထိုက်ယန်တောင်ကို ပြောတာလား"

လျန်မင်ရှုသည်လည်း ချက်ချင်းပင် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ "ရှင် သေချာလို့လား... အဲဒီ ယာဉ်ပျံတွေက တကယ်ပဲ ထိုက်ယန်တောင်က ယာဉ်ပျံတွေလား... ယာဉ်ပျံထဲက လူတွေက ဆရာလင်းတို့များလား"

"ဘုရားရေ... မိုးနတ်မင်းကြီးက တကယ်ပဲ ကျွန်မတို့ကို စောင့်ရှောက်တာပဲ... ကျွန်မတို့ ဆရာလင်းတို့ကို ရှာနေခဲ့တာ အတော်ကြာပြီ... တစ်နေ့ကျရင် တကယ်ပဲ သဲလွန်စရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

လျန်မင်ရှုအနေဖြင့် ထို ဆရာလင်းအပေါ်တွင် အလွန် နက်ရှိုင်းသော မှတ်ဉာဏ်များ ရှိနေသည်မှာ သဘာဝပင်။

ထို ဆရာလင်းသည် မည်မျှ စွမ်းသလဲဆိုလျှင် တိုက်ခန်းတွင်းရှိစဉ်ကတည်းက ပြိုင်ဘက်ကင်း ဖြစ်နေခဲ့သည်။

တိုက် (၇၆) နှင့် တိုက် (၇၈) တို့တွင် မည်သူကမျှ သူ၏ ပြိုင်ဘက် မဖြစ်ခဲ့ပေ။

သူတို့နှင့် ဆရာလင်းတို့ အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် အကြိမ်ကြိမ် ရှာဖွေရန် နည်းလမ်းရှာခဲ့ကြသော်လည်း အဆုံးအစမဲ့ ကျယ်ပြောလှသော ရေပြင်ကြီးကြောင့် လမ်းကြောင်းကို မခွဲခြားနိုင်သည့်အပြင် ရေအောက်ရှိ သန္ဓေပြောင်း သတ္တဝါများ၏ အနှောင့်အယှက်များလည်း အများအပြား ရှိနေခဲ့သည်။

နောက်ဆုံးတွင်တော့ ဆရာလင်းတို့၏ ခြေရာကို အပြီးတိုင် လက်လွတ်ဆုံးရှုံးခဲ့ရလေသည်။

ယခုကဲ့သို့ သတင်းကို ရုတ်တရက် ကြားလိုက်ရသောအခါ သူတို့ မည်သို့ ဝမ်းမသာဘဲ နေနိုင်မည်နည်း။

လျန်မင်ရှုက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ရှင် သူတို့နဲ့ အဆက်အသွယ် ရခဲ့လား"

လုတယုံက အလျင်အမြန် ခေါင်းခါပြလိုက်သည်။ "မရခဲ့ဘူး"

သူ၏ မျက်နှာပေါ်တွင် အနည်းငယ် ရှုပ်ထွေးနေသော အရိပ်အယောင်များ ပေါ်လာပြီး ပြောလိုက်သည်။ "ယာဉ်ပျံထဲကလူတွေက ဆရာလင်းတို့ ဟုတ်မဟုတ် ဆိုတာကိုလည်း ကိုယ် မသေချာသေးဘူး"

"ကိုယ် သေချာတာ တစ်ခုကတော့... အဲဒီ ယာဉ်ပျံတွေက ထိုက်ယန်တောင် အဖွဲ့အစည်းပိုင်ဆိုတာပဲ"

"ပွင့်ပွင့်လင်းလင်း ပြောရရင်... အထဲက လူတွေက ဆရာလင်းတို့ မဟုတ်နိုင်ဘူးလို့တောင် ကိုယ် အခု သံသယဝင်နေတယ်"

လျန်မင်ရှု ကြောင်သွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "ဘာလို့လဲ"

လုတယုံက ရှင်းပြသည်။ "ထိုက်ယန်တောင်က တောင်အမြင့်လေး နည်းနည်းရှိတာကလွဲရင် ဘာအခြေခံ အဆောက်အအုံတွေ ရှိလို့လဲ... လျှပ်စစ်မီး စနစ်တွေ ရှိလို့လား... အဆင့်မြင့် နည်းပညာသုံး ဓာတ်ခွဲခန်းတွေ ပိုလို့တောင် မရှိနိုင်ဘူးလေ... အဲဒါကို ကိုယ် တကယ်ကို စဉ်းစားလို့ မရဘူး"

"ဆရာလင်းက ဘယ်လောက်ပဲ တော်နေပါစေ... ယာဉ်ပျံတွေကို ဘယ်လိုများ တီထွင်ဖန်တီးနိုင်မှာလဲ"

ထိုစကားကို ကြားသောအခါ လျန်မင်ရှုသည်လည်း နေရာတွင်ပင် ချက်ချင်း မှင်သက်သွားတော့သည်။

"ရှင့်စကားအရ... ထိုက်ယန်တောင်က လူတွေဟာ ဆရာလင်း မဖြစ်နိုင်ဘူးလို့ ဆိုလိုတာလား"

"ဟူး... ကိုယ်ကတော့ သူတို့ဖြစ်ဖို့ မျှော်လင့်တာပေါ့... ဒါပေမဲ့ ဖြစ်နိုင်ချေကတော့ တကယ်ကို နည်းလွန်းပါတယ်"

"အခြား အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုခုကများ ထိုက်ယန်တောင်ကို သိမ်းပိုက်ပြီး အဲဒီမှာ စခန်းချသွားတာလားလို့ ကိုယ် သံသယဖြစ်မိတယ်"

လျန်မင်ရှု၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီးနောက် ချက်ချင်း ဝင်ပြောလိုက်သည်။ "တကယ်လို့ အဲဒီလိုပဲ ဖြစ်နေဦးတော့... ဆရာလင်းတို့က ဒီအဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးနေတာလည်း ဖြစ်နိုင်တာပဲလေ... အခုဆိုရင် ဒီအဖွဲ့အစည်းရဲ့ အထက်တန်းအဆင့် ခေါင်းဆောင်တွေတောင် ဖြစ်နေလောက်ပြီလား မသိဘူး"

"ဆရာလင်းတို့သာ ထိုက်ယန်တောင် အဖွဲ့အစည်းထဲမှာ ရှိနေမယ်ဆိုရင် ကျွန်မတို့ သွားရောက်ခိုလှုံဖို့ မျှော်လင့်ချက် ရှိလာပြီပေါ့"

"ပြီးတော့... ပြီးတော့ ရှင့်သမီးလေးကလည်း... အသက်ရှင်နေသေးတာ ဖြစ်နိုင်တယ်လေ"

ထိုစကားကို ကြားလိုက်ရချိန်တွင် လုတယုံ၏ မျက်ဝန်းများလည်း နီရဲလာပြီး အသက်ကို ပြင်းပြင်းရှူသွင်းကာ ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ်... ဒီ ထိုက်ယန်တောင် အဖွဲ့အစည်းက လူတွေနဲ့ အဆက်အသွယ် ရအောင် ကိုယ် နည်းလမ်းရှာရမယ်"

"မင်ရှု... ဒီကာလအတွင်းမှာ ကိုယ် အပြင်ဘက်မှာ ခဏလောက် သွားနေရလိမ့်မယ်... ဒီဘက်က ကိစ္စတွေကိုတော့..."

လျန်မင်ရှုက တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြောလိုက်သည်။ "အစ်ကိုလု... စိတ်ချပါ... ဒီဘက်ကို ကျွန်မ တာဝန်ယူလိုက်ပါ့မယ်"

"ရှင်က ဒီအဖွဲ့အစည်းနဲ့ အဆက်အသွယ်ရအောင် သွားလုပ်နေတယ်ဆိုတာကို လူတိုင်း သိသွားရင် သေချာပေါက် သည်းခံပြီး ရှင့်ဆီက သတင်းကောင်းကို စောင့်နေကြမှာပါ"

"စိတ်ချပါ... သူတို့ ရှင့်ကို အနှောင့်အယှက် မပေးနိုင်အောင် ကျွန်မ လုံးဝ တားထားပေးပါ့မယ်"

လုတယုံက မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာဖြင့် သူမအား ဖက်ထားလိုက်သည်။

လိပ်ကျွန်းမှ ဘေးလွတ်လာပြီးနောက်ပိုင်း ခရီးတစ်လျှောက် အခက်အခဲများကို အတူတကွ ဖြတ်သန်းခဲ့ကြရာမှ သူတို့နှစ်ဦးကြားတွင် တဖြည်းဖြည်း သံယောဇဉ်များ ဖြစ်တည်လာခဲ့သည်။

နောက်ဆုံးတွင်တော့ သူတို့နှစ်ဦး ပေါင်းဖက်သွားခဲ့ကြသည်။

လျန်မင်ရှုဆိုသော အမျိုးသမီးက ဉာဏ်ကောင်းသော မိန်းမတစ်ဦး ဖြစ်သည်။

သူမအနေဖြင့် လုတယုံအပေါ် အမှန်တကယ် သံယောဇဉ်ရှိသည်။ သေချာသည်မှာ... ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းက လုတယုံတွင် အမှန်တကယ် အရည်အချင်းရှိနေ၍လည်း ဖြစ်သည်။

ခွန်အားကြီးသူကို မှီခိုအားထားခြင်းက အမျိုးသမီးများ၏ မွေးရာပါ သဘာဝပင်။

လုတယုံက စွမ်းဆောင်ရည်ရှိသူ တစ်ယောက်ဖြစ်ရာ သူမကို ဆွဲဆောင်နိုင်ခဲ့သည်မှာ သဘာဝကျလှသည်။

သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် အဆင်မပြေမှုပေါင်းများစွာကို ဖြတ်သန်းခဲ့ရသည့် ခရီးလမ်းတစ်လျှောက်တွင် အတည်ဖြစ်ခဲ့ပြီးဖြစ်ကာ... အချင်းချင်းကြားတွင် အကျိုးစီးပွားအတွက်သက်သက် ဆက်ဆံရေးမျိုး မဟုတ်တော့ဘဲ အမှန်တကယ် သံယောဇဉ် ရှိနေကြခြင်း ဖြစ်သည်။

သူတို့နှစ်ဦး ခဏတာ တိုင်ပင်ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် လျန်မင်ရှု၏ အကြံပြုချက်အရ လုတယုံက ကိုယ်ပျောက်ခြင်းနှင့် ပုန်းအောင်းခြင်းတွင် ကျွမ်းကျင်သော အဖွဲ့ဝင် နှစ်ဦးကို ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။

မကြာမီ သူတို့နှစ်ဦး အခန်းထဲမှ ထွက်လာခဲ့ကြသည်။

လီကျိကွမ်က အပြင်ဘက်တွင် အမြဲ စောင့်ကြပ်နေပြီး သူတို့နှစ်ဦး ထွက်လာသည်ကို မြင်သောအခါ ချက်ချင်း လျှောက်လာခဲ့သည်။

"အစ်ကိုလု... မမရှု"

လုတယုံက ခေါင်းဆတ်ပြလိုက်ပြီး ပြောလိုက်သည်။ "ကျိကွမ်... အားလုံးနဲ့ တိုင်ပင်စရာ ကိစ္စလေးတစ်ခု ရှိတယ်"

လီကျိကွမ် အနည်းငယ် ကြောင်သွားပြီး ချက်ချင်း ပြောလိုက်သည်။ "ဒါဆို ကျွန်တော် သွားပြီး လူတွေကို သွားခေါ်လိုက်မယ်"

"သွား"

လီကျိကွမ်က လူတိုင်းကို လာရောက် စုဝေးကြရန် ချက်ချင်း အသိပေးခိုင်းလိုက်သည်။

ဤနေရာတွင် စုစုပေါင်း လူဒါဇင်အနည်းငယ်ခန့်သာ ရှိပြီး လူအင်အား မများလှသော်လည်း... ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်သူများမှာ သန္ဓေပြောင်းအစွမ်းများ နိုးထလာပြီးသူများချည်းသာ ဖြစ်သည်။

ထို့ပြင် အားလုံးက စွမ်းရည်မဆိုးသော သူများပင် ဖြစ်ကြသည်။

လီကျိကွမ်က ပြောလိုက်သည်။ "အစ်ကိုလု... လူစုံပြီ"

လုတယုံက ခေါင်းဆတ်ပြလိုက်ပြီး လူအုပ်ကြီးကို အသံနက်ဖြင့် ပြောလိုက်သည်။ "အားလုံးပဲ... မင်းတို့ကို ပြောပြစရာ ကိစ္စတစ်ခု ရှိတယ်... အဲဒီ ယာဉ်ပျံပိုင်တဲ့ အဖွဲ့အစည်းနဲ့ သွားပြီး အဆက်အသွယ်လုပ်ဖို့ ငါ စီစဉ်ထားတယ်"

"ဒီကာလအတွင်းမှာ ငါ အပြင်ဘက်မှာ အခွင့်အရေး သွားရှာနေမယ်... ဒါပေမဲ့ ငါ့အတွက် အကူအညီပေးမယ့် လူနှစ်ယောက် လိုအပ်တယ်"

"ဒီနှစ်ယောက်က ကိုယ်ပျောက် ပုန်းအောင်းတာနဲ့ အလျင်ပိုင်းမှာ ကျွမ်းကျင်တဲ့သူ ဖြစ်ရမယ်... မင်းတို့ထဲက ဘယ်သူများ ငါနဲ့ လိုက်ချင်လဲ"

ဤစကားကို ကြားသည်နှင့် ချက်ချင်းပင် လူအများအပြားမှာ စိတ်လှုပ်ရှားသွားကြသည်။

"အစ်ကိုလု... ဒါက ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ပဲ... ကျွန်တော်တို့ အစ်ကို့ကို သေချာပေါက် ထောက်ခံရမှာပေါ့"

"အစ်ကိုလု... ကျွန်တော် လိုက်မယ်"

"ကျွန်တော်လည်း လိုက်မယ်"

"ကျွန်တော်လည်း လိုက်မယ်... တောက်... ဒီမြေအောက်မှာ နေရတဲ့ ဘဝကို ကျွန်တော် ငြီးငွေ့နေတာ ကြာပြီ... အခုလို မျှော်လင့်ချက်လေး နည်းနည်းပေါ်လာတုန်း လက်လွတ်မခံနိုင်ဘူး"

"ဟုတ်တယ်... ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်... သူတို့နဲ့သာ အဆက်အသွယ် ရသွားရင် ကျွန်တော်တို့ ဒီမှာ ပုန်းလျှိုးကွယ်လျှိုး နေစရာ မလိုတော့ဘူး"

"ကျွန်တော်တို့ အားလုံး အစ်ကို့ကို ထောက်ခံတယ်... အစ်ကိုလု"

လူအများအပြားက အားတက်သရော တုံ့ပြန်ကာ ကိုယ်တိုင် အလျင်စလို ဝင်ပြောကြသည်။

၎င်းက သူတို့၏ မျှော်လင့်ချက်ပင်။ အကယ်၍ ထိုလူများနှင့်သာ အဆက်အသွယ် ရသွားပါက သူတို့ ကြွက်များကဲ့သို့ ဆက်လက် အသက်ရှင်နေရန် မလိုတော့ပေ။

လုတယုံက ခေါင်းညိတ်လိုက်ပြီး အသံကိုနှိမ့်ကာ ပြောလိုက်သည်။ "ကောင်းပြီ... အားလုံးက သဘောတူမှတော့ ငါ နာမည်ခေါ်လိုက်တော့မယ်"

"ချူလျန်... ကျန်းယန်... မင်းတို့နှစ်ယောက် ငါနဲ့ လိုက်ခဲ့"

လူအုပ်ထဲမှ လူငယ်နှစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။

ချူလျန်ဆိုသူသည် အရပ်အမောင်း မမြင့်လှဘဲ ငါးပေ ခုနစ်လက်မခန့်သာ ရှိပြီး ကြွက်သားများမှာ အချိုးကျညီညာသည်။ သူက ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်ပြီး သူ၏ သန္ဓေပြောင်းအစွမ်းမှာ ရုပ်မဲ့အစွမ်း ဟုခေါ်ကာ အလွန် ထူးခြားလှသည်။

ထိုရုပ်မဲ့အစွမ်းက သူ၏ ခန္ဓာကိုယ်ကို ရုပ်မဲ့အခြေအနေအဖြစ် တိုက်ရိုက် ပြောင်းလဲပေးနိုင်ပြီး ထိုအခြေအနေမျိုးတွင် မျက်စိဖြင့် မမြင်နိုင်ရုံသာမက စိတ်စွမ်းအင်ဖြင့်ပင် အာရုံခံ၍ မရနိုင်ပေ။

အနီအောက်ရောင်ခြည် အာရုံခံကိရိယာများကဲ့သို့သော နည်းပညာသုံး စက်ပစ္စည်းများကပင် သူရှိနေကြောင်းကို မသိရှိနိုင်ပေ။

ဤအစွမ်းတစ်ခုတည်းကပင် သူ့ကို အန္တရာယ်များလှသော အခြေအနေပေါင်း မည်မျှမှန်းမသိအောင် လွတ်မြောက်စေခဲ့ပြီး ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်စေခဲ့ခြင်း ဖြစ်သည်။

ကျန်းယန်ဆိုသည့် နောက်ထပ် အမျိုးသားတစ်ဦးမှာမူ အသက် နှစ်ဆယ်ကျော်ခန့် ရှိပုံရသည်။

သူ၏ နာမည်က ကျန်းယန် ဟု ခေါ်သော်လည်း သူ၏ ရုပ်ရည်နှင့် စရိုက်လက္ခဏာမှာ အတော်လေး အေးဆေးတည်ငြိမ်သည့် အမျိုးအစား ဖြစ်သည်။

ဤလူ၏ အစွမ်းမှာလည်း အလွန်ထူးခြားပြီး အသွင်ပြောင်းအစွမ်း ဟု ခေါ်သည်။

ဤအစွမ်းက သူ၏ ခန္ဓာကိုယ်ကို သက်ရှိများမှလွဲ၍ မည်သည့် အရာဝတ္ထုအဖြစ်မဆို အသွင်ပြောင်းလဲသွားစေနိုင်သည်။

ဤအစွမ်းသည်လည်း အသက်ကယ်နိုင်သော ထူးခြားသည့် နည်းလမ်းတစ်ခုပင်။

မည်သည့် ပတ်ဝန်းကျင်တွင်မဆို သူသည် သတိမထားမိလောက်သည့် အရာဝတ္ထုများအဖြစ် အသွင်ပြောင်းကာ တိတ်ဆိတ်စွာ ပုန်းအောင်းနေနိုင်ပြီး အန္တရာယ်များ ကင်းစင်သွားချိန်အထိ နေနိုင်သည်။

သူတို့နှစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်သာ ဖြစ်သော်လည်း အသက်ရှင်သန်နိုင်စွမ်းမှာမူ ထိပ်တန်းအဆင့်တွင် ရှိကြသည်။

ယခုအကြိမ် အပြင်ထွက်၍ တာဝန်ထမ်းဆောင်ခြင်းသည် အခြေခံအားဖြင့် အသေအကြေ တိုက်ခိုက်ရန် မဟုတ်ဘဲ ထိုက်ယန်တောင်မှ လူများနှင့် အဆက်အသွယ်ရရန် နည်းလမ်းရှာရမည် ဖြစ်သည်။

ထို့ကြောင့်သာ လုတယုံက ဤလူနှစ်ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုလု... ကျွန်တော်လည်း လိုက်မယ်လေ... ကျွန်တော့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အစ်ကို သိသားပဲ"

"အစ်ကိုလု... ကျွန်တော်ရောပဲ... ကျွန်တော်က ဒြပ်စင်အသွင် ပြောင်းနိုင်တယ်... အလိုက်သင့် နေနိုင်စွမ်းလည်း မဆိုးပါဘူး"

လူအများအပြားကလည်း ကူညီပေးချင်ကြသဖြင့် ကိုယ်တိုင် အလျင်စလို ဝင်ပြောကြသည်။

လုတယုံက ခေါင်းခါယမ်းကာ ငြင်းပယ်လိုက်ပြီး ပြောသည်။ "အားလုံးပဲ... ဒီကိစ္စမှာ လူများရင် ပိုဆိုးသွားလိမ့်မယ်... တကယ်လို့ ခိုက်ရီနည်းပညာ ကုမ္ပဏီက လူတွေ သတိထားမိသွားရင် ငါတို့ ဒုက္ခရောက်သွားလိမ့်မယ်"

"စိတ်ချကြပါ... ထိုက်ယန်တောင်က လူတွေနဲ့ အဆက်အသွယ် ရရုံလေးဆိုတော့ ငါတို့ သုံးယောက်ဆို လုံလောက်ပါတယ်"

"မင်းတို့ ဒီမှာပဲ ငါတို့ဆီက သတင်းကောင်းကို စောင့်နေကြပါ"

ထိုသို့ ဖျောင်းဖျပြောဆိုပြီးနောက် အားလုံးမှာ ခေါင်းညိတ်ရုံမှလွဲ၍ မတတ်နိုင်ကြတော့ပေ။

နောက်ဆုံးတွင် လုတယုံက ကျန်းယန်နှင့် ချူလျန် နှစ်ယောက်ကို ခေါ်ဆောင်ကာ မြေပြင်ပေါ်သို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့သည်။

ချူလျန်က မေးလိုက်သည်။ "အစ်ကိုလု... ကျွန်တော်တို့ ဘယ်သွားကြမလဲ"

လုတယုံက အသံကိုနှိမ့်၍ ပြောလိုက်သည်။ "စောင့်ကြည့်ရတာ အဆင်ပြေအောင် အမြင့်ပိုင်း နေရာတစ်ခုကို ရှာကြမယ်... ထိုက်ယန်တောင် အဖွဲ့အစည်းရဲ့ ယာဉ်ပျံတွေ ပေါ်လာတာနဲ့ ငါတို့ ချက်ချင်း အနားကပ်သွားဖို့ နည်းလမ်းရှာရမယ်"

"ဒါနဲ့... မင်းတို့နှစ်ယောက်လုံး ပျံနိုင်ကြလား"

"တကယ်လို့ ထိုက်ယန်တောင်ရဲ့ ယာဉ်ပျံတွေက အောက်ကို ဆင်းမလာခဲ့ရင် ငါတို့ ပျံတက်သွားဖို့ နည်းလမ်းရှာရလိမ့်မယ်"

ချူလျန်က သက်ပြင်းချကာ ပြုံးလိုက်သည်။ "အစ်ကိုလု... ကျွန်တော်က ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်လေ... ဘယ်ပျံနိုင်ပါ့မလဲ"

ကျန်းယန်က ရယ်မောလိုက်သည်။ "ကျွန်တော်ကတော့ လေပူဖောင်းလိုမျိုးတွေ အသွင်ပြောင်းပြီး လေနဲ့အတူ လွင့်ပျံသွားလို့ရတယ်... ဒါပေမဲ့ လမ်းကြောင်းကိုတော့ ကျွန်တော် မထိန်းချုပ်နိုင်ဘူး"

လုတယုံက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဒါဆိုလည်း အချိန်ကျမှပဲ တခြားအခွင့်အရေး ရမရ ကြည့်ကြတာပေါ့"

ထို့နောက် သုံးယောက်သား တောင်ပေါ်သို့ တက်သွားကြပြီး တောင်ထိပ်သို့ ရောက်သောအခါ ပုန်းအောင်းရန် ကောင်းသော ဂူတစ်ခုကို ရှာဖွေကာ နေထိုင်လိုက်ကြသည်။

သူတို့ထံတွင် ရိက္ခာခြောက်များနှင့် ရေများ ပါလာသဖြင့် ရက်အတော်ကြာသည်အထိ တောင့်ခံထားနိုင်သည်။

သို့သော် သူတို့ကို အချိန်အကြာကြီး စောင့်ဆိုင်းစေခြင်း မရှိဘဲ ထိုက်ယန်တောင်၏ ယာဉ်ပျံများ တစ်ဖန် ပေါ်လာခဲ့ပြန်ပြီ။

ဤတစ်ကြိမ် ပေါ်လာသည်က ဆယ်ဂဏန်းခန့် မဟုတ်ဘဲ အစင်းပေါင်း ဒါဇင်များစွာပင်။

ဤယာဉ်ပျံ ဒါဇင်များစွာအပြင် အကောင်ရာချီရှိသော ပျံသန်းနိုင်သော ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးများလည်း ပါဝင်နေသေးသည်။

ထိုသန္ဓေပြောင်း သတ္တဝါကြီးများ၏ အရွယ်အစားမှာ တစ်ကောင်စီတိုင်းက ပေတစ်ရာကျော်ခန့် ကြီးမားလေသည်။

ဆက်ရန်...

အပိုင်း (၇၇၈) ခိုက်ရီနည်းပညာကုမ္ပဏီကို တိုက်ခိုက်ခြင်း

"အစ်ကိုလု... အစ်ကိုလု... မြန်မြန် ကြည့်ပါဦး... မြန်မြန် ကြည့်ပါဦး"

ဒီနေ့က ချူလျန် အခြေအနေ ထွက်ကြည့်ရမည့်အလှည့် ဖြစ်ပြီး သူ အပြင်သို့ ထွက်ထွက်ချင်းမှာပင် အံ့ဩမှင်တက်သွားလေသည်။

ကောင်းကင်ယံတွင် အမည်းရောင် ပျံသန်းနိုင်သော သန္ဓေပြောင်းသားရဲ အုပ်စုကြီးက မည်းမှောင်အုံ့ဆိုင်းကာ နေရာယူထားကြသည်ကို တွေ့လိုက်ရ၏။

ဧရာမ အာကာသယာဉ်ကြီးများက ဟိန်းဟောက်သံများပေးကာ ရောက်ရှိလာပြီး နတ်သစ်ပင်ကျွန်း၏ အထက်ကောင်းကင်ယံတွင် ရပ်တန့်နေကြသည်။

ကြီးမားလှသော အဖွဲ့အစည်းကြီးက ကောင်းကင်နှင့် နေရောင်ခြည်ကိုပါ တိုက်ရိုက် ဖုံးကွယ်ထားလိုက်လေပြီ။

ချူလျန်က ရင်ထဲတွင် တုန်လှုပ်သွားသည့်အပြင် ချက်ချင်းပင် စိတ်လှုပ်ရှားလာတော့သည်။

"လာပြီ... ထိုက်ယန်တောင်က လူတွေ လာပြီ"

"ဘယ်လောက်မှတောင် မကြာသေးဘူး... သူတို့ ပြန်ရောက်လာကြပြီ... ဒီတစ်ခေါက်တော့ ယာဉ်ပျံတွေ အများကြီး ခေါ်လာကြတာပဲ"

"အစ်ကိုလု... အစ်ကိုလု... ကျန်းယန်... မြန်မြန် ထွက်လာကြ... ခင်ဗျားတို့ မြန်မြန် ထွက်လာခဲ့ကြ"

သူက အလျင်စလို အော်ဟစ်လိုက်သည်။

လိုဏ်ဂူထဲတွင် အသံကြားလိုက်ရသော လုတရုံနှင့် ကျန်းယန်တို့က အခြေအနေကို ကြည့်ရှုရန် အမြန် ပြေးထွက်လာကြသည်။

လုတရုံက ခေါင်းမော့ကာ ကောင်းကင်ယံမှ မြင်ကွင်းကို ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ပါးစပ်အဟောင်းသား ဖြစ်သွားကာ မယုံနိုင်အောင် ဖြစ်သွားရသည်။

"ယာဉ်ပျံတွေ ဒီလောက်တောင် များတာလား"

ကျန်းယန်ကလည်း မနေနိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်သည်။ "ဒီသန္ဓေပြောင်းသားရဲတွေက ဘယ်လိုဖြစ်တာလဲ... ဘယ်လိုလုပ် ဒီလောက် စကားနားထောင်နေရတာလဲ... ထိုက်ယန်တောင်ရဲ့ ယာဉ်ပျံတွေကိုတောင် မတိုက်ခိုက်ကြဘူး"

ချူလျန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "အစ်ကိုလု... ထိုက်ယန်တောင်ရဲ့ အင်အားက ကျွန်တော်တို့ ထင်ထားတာထက် အများကြီး ပိုကြီးမားနေတယ်"

လုတရုံက မျက်မှောင်ကြုတ်လိုက်သည်။ ထိုက်ယန်တောင်၏ အင်အားက ဤမျှ ကြီးမားနေသဖြင့် ဆရာလင်းတို့ ထိုက်ယန်တောင်တွင် ရှိနေနိုင်ခြေက ပို၍ နည်းပါးသွားပြီဟု သူ ခံစားလိုက်ရသည်။

ဘာကြောင့်ဆိုသော် ဆရာလင်းတို့က အချိန်နှစ်နှစ်တိုတိုလေးအတွင်း ဤမျှကြီးမားသော အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီး ဤကဲ့သို့ ထိပ်တန်း ယာဉ်ပျံနည်းပညာကို ပိုင်ဆိုင်လာမည်ဟု သူ မည်သို့မျှ တွေးထင်ထားမည် မဟုတ်သောကြောင့်ပင်။

"မြန်မြန် ကြည့်... ခိုက်ရီနည်းပညာကုမ္ပဏီ စခန်းရဲ့ အကာအကွယ်က လင်းလက်လာပြီ" ကျန်းယန်က ခိုက်ရီနည်းပညာ စခန်းရှိရာဘက်သို့ ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။

လုတရုံနှင့် ချူလျန်တို့က အမြန် လှမ်းကြည့်လိုက်ရာ ထိုဘက်ရှိ စခန်းတွင် အလင်းဒိုင်းကာ လင်းလက်လာပြီး စခန်းတစ်ခုလုံးကို ရစ်ပတ်ဖုံးလွှမ်းသွားသည်ကို တကယ်ပင် တွေ့လိုက်ရသည်။

"ခိုက်ရီနည်းပညာကုမ္ပဏီရဲ့ ယာဉ်ပျံတွေလည်း ထွက်လာကြပြီ"

စခန်းအတွင်းမှ ယာဉ်ပျံ ဒါဇင်ပေါင်းများစွာ အလျင်အမြန် ပျံသန်းထွက်ပေါ်လာပြီး စခန်း၏ အထက်တွင် ရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။

နှစ်ဖက်စလုံးက မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြပြီး ချက်ချင်း စတင်တိုက်ခိုက်ခြင်း မရှိကြချေ။

ထို့နောက် ယာဉ်ပျံတစ်စင်းထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာ၏။

ထိုသူကို လုတရုံတို့ သုံးယောက်စလုံး သိကြသည်။ သူကတော့ ခိုက်ရီနည်းပညာကုမ္ပဏီ၏ ခေါင်းဆောင် ပိုးမိစ္ဆာသခင် ဝမ်ထျန်အန်း ပင်ဖြစ်သည်။

(မင်မင် ပိုးမွှားသူတော်စင် ကို ပိုးမိစ္ဆာသခင် လို့ပြောင်းလိုက်ပါတယ်)

"ဝမ်ထျန်အန်းပဲ"

"ဟို ပုစဉ်းကောင်"

"ခွေးမသား... သူ ထွက်လာတာ စေ့စပ်ဆွေးနွေးပြီး စစ်ပြေငြိမ်းချင်လို့များလား"

ဤလူက သူတို့၏ အပေါင်းအသင်းများစွာကို သတ်ဖြတ်ခဲ့ဖူးပြီး ပြာကျသွားလျှင်တောင် သူတို့ မှတ်မိနေမည် ဖြစ်သည်။

သုံးယောက်စလုံးမှာ မနေနိုင်ဘဲ စိတ်လှုပ်ရှား တင်းမာလာကြသည်။

ထိုက်ယန်တောင်ကသာ ခိုက်ရီနည်းပညာကုမ္ပဏီနှင့် တကယ်တမ်း စစ်ပြေငြိမ်းသွားခဲ့လျှင် သူတို့အတွက် မျှော်လင့်ချက် လုံးဝ ရှိတော့မည် မဟုတ်ပေ။

သုံးယောက်စလုံးက ကောင်းကင်ယံမှ အခြေအနေကို မနေနိုင်ဘဲ စိုက်ကြည့်နေကြ၏။

ယခုအချိန်တွင် ကောင်းကင်ယံ၌ ဝမ်ထျန်အန်းက ယာဉ်ပျံထဲမှ ထွက်လာသည်။

သူ့မျက်နှာက မှုန်ကုပ်နေပြီး တစ်ဖက်ရှိ ထိုက်ယန်တောင်၏ ယာဉ်ပျံ ဒါဇင်ပေါင်းများစွာနှင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ သန္ဓေပြောင်းသားရဲ အမြောက်အမြားကို ကြည့်ကာ ရင်ထဲတွင် ပို၍ပင် ထိတ်လန့်လာရသည်။

"တာဝန်ခံက ဘယ်သူလဲ... ကျုပ်က ငရဲကျွန်းမှာ အခြေစိုက်တဲ့ ခိုက်ရီနည်းပညာကုမ္ပဏီရဲ့ မန်နေဂျာ ဝမ်ထျန်အန်း ပါ... စကားနည်းနည်းလောက် ပြောလို့ရမလား"

ဝမ်ထျန်အန်းက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

ထိုက်ယန်တောင်ဘက်ရှိ အလယ်ဗဟို အကျဆုံး ယာဉ်ပျံထဲတွင် ထူလုံနှင့် အခြားသူများက လင်းယွမ်ကို လှမ်းကြည့်လိုက်ကြသည်။

"ဆရာလင်း... သူ စေ့စပ်ဆွေးနွေးချင်နေတယ်" ထူလုံက ပြောလိုက်သည်။

ရှီဟိုင်ကျူးက မနေနိုင်ဘဲ ပြောလိုက်၏။ "ခွေးကောင်... သူ ဆွေးနွေးချင်တိုင်း ဆွေးနွေးလို့ရမလား... အရင်က ငါတို့ကို လာတိုက်တုန်းကကျတော့ သူ ဘာလို့ မဆွေးနွေးခဲ့တာလဲ"

ချန်ကျန့်ဖုန်းကလည်း အေးစက်စွာ ရယ်မောလိုက်သည်။ "ငါတို့ အင်အားကြီးတာကို တွေ့တော့ သူ ကြောက်ပြီး အရှုံးပေးချင်ရုံ သက်သက်ပါ"

"ဆရာလင်း... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ" ထူလုံက မေးလိုက်သည်။

လင်းယွမ်ကလည်း အေးစက်သော အပြုံးတစ်ခုကို ဖော်ပြကာ ပြောလိုက်သည်။ "တစ်ဖက်လူက ကြောက်သွားတာ မဟုတ်ဘူး... အချိန်ဆွဲချင်ရုံ သက်သက်ပဲ"

"ငါ ထင်ထားတဲ့အတိုင်းဆိုရင် သူတို့က သူတို့ရဲ့ ရုံးချုပ်ကို အကြောင်းကြားဖို့ လူလွှတ်ထားပြီးလောက်ပြီ"

"စေ့စပ်ဆွေးနွေးတယ်ဆိုတာ သူတို့ရုံးချုပ်က ကယ်ဆယ်ရေးအဖွဲ့ ရောက်လာမယ့် အချိန်ကို စောင့်ချင်ရုံပဲ"

"သူတို့ရုံးချုပ်က လူတွေ မရောက်လာခင် ငါတို့က နတ်သစ်ပင်ကျွန်းနဲ့ ငရဲကျွန်းကို အပိုင်သိမ်းပြီး ဒီလူတွေကို အပြီးတိုင် နှင်ထုတ်ရမယ်"

ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ထူလုံနှင့် အခြားသူများအားလုံး ချက်ချင်းပင် အပြုံးများ ပေါ်လာကြသည်။

"ဆရာလင်း... ဒါဆို ကျွန်တော်တို့ အခုပဲ စလိုက်ကြမလား"

လင်းယွမ်က တိုးတိတ်စွာ ရယ်မောလိုက်ပြီး စတင်ရန် အချက်ပြလိုက်သည်။

သူက အပြင်သို့ပင် ထွက်မလာဘဲ တစ်ဖက်ရှိ ဝမ်ထျန်အန်းနှင့် အပိုစကားများ ပြောဆိုနေရန် ပျင်းရိနေသဖြင့် တိုက်ရိုက်ပင် လက်ကို ဝှေ့ယမ်းလိုက်၏။

ထိုခဏတွင်ပင် ယာဉ်ပျံအားလုံးက အင်ဂျင်များကို အပြင်းအထန် စတင်မောင်းနှင်လိုက်ကြပြီး ဟိန်းဟောက်သံများပေးကာ ချက်ချင်းပင် အမြောက်ပြွန်များကို စုစည်းပြီး တစ်ဖက်ရှိ ဝမ်ထျန်အန်းထံ ချိန်ရွယ်ကာ ပစ်ခတ်ဖျက်ဆီးမည့် အနေအထားကို တိုက်ရိုက် ဖွင့်လှစ်လိုက်ကြသည်။

"ဝုန်း... ဝုန်း... ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အမြောက်များက ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော အလင်းအမြောက်များက တိုက်ရိုက် ဖြတ်သန်းပစ်ခတ်သွားလေသည်။

ဝမ်ထျန်အန်း၏ မျက်နှာက ရူးသွပ်မတတ် ပြောင်းလဲသွားသည်။ သူကိုယ်တိုင် လူလုံးထွက်ပြပြီး တစ်ဖက်လူကို စေ့စပ်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သော်လည်း တစ်ဖက်လူက စစ်ပွဲစည်းကမ်းကို လုံးဝ ဂရုမစိုက်ဘဲ သူ့ကို တိုက်ရိုက် တိုက်ခိုက်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

ထိုအချိန်တွင် သူ့ရင်ထဲ၌ အလွန်အမင်း ဒေါသထွက်သွားသည်။ "ခွေးမသား"

"ဝှစ်"

သူက ချက်ချင်းပင် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပုံစံသို့ တိုက်ရိုက် အသွင်ပြောင်းသွားသည်။

ဧရာမ ကြယ်စင် ပုစဉ်းရင်ကွဲကြီး တစ်ကောင် ကောင်းကင်ယံတွင် ပေါ်လာ၏။

ထို ဓားကဲ့သို့သော လက်မောင်းနှစ်ဖက်က ရှေ့တွင် ကန့်လန့်ဖြတ် ကာကွယ်ထားပြီး ပတ်ပတ်လည်တွင်လည်း ခန္ဓာကိုယ်ကို ကာကွယ်ပေးသည့် စွမ်းအင်အကာအကွယ်များ ပေါ်ထွက်လာသည်။

"ဝုန်း... ဝုန်း... ဝုန်း"

ပြင်းထန်သော ပေါက်ကွဲသံများက ချက်ချင်းပင် ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံးတွင် ပေါက်ကွဲဟိန်းဟောက်သံများဖြင့် ပြည့်နှက်သွားလေသည်။

ငြိမ်းချမ်းနေသော နတ်သစ်ပင်ကျွန်းသည် ချက်ချင်းပင် ကြောက်မက်ဖွယ် စစ်တလင်းကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လင်းယွမ်က ယာဉ်ပျံထဲမှ တစ်လှမ်းတည်းနှင့် ထွက်လာပြီး ပါးစပ်ဟကာ ပြောလိုက်သည်။ "သတ်"

သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် အစောကြီးကတည်းက ဝိုင်းရံစုဝေးကာ ပျံဝဲနေကြသော ပျံသန်းနိုင်သည့် သန္ဓေပြောင်းသားရဲများက ချက်ချင်းပင် အတောင်ပံများကို ခတ်ကာ ထူးဆန်းသော အော်ဟစ်သံများပေးလျက် ခိုက်ရီနည်းပညာ စခန်းဆီသို့ အပြေးအလွှား ပြေးဝင်သွားကြသည်။

"ဝုန်း"

ပြင်းထန်သော တိုက်မိသံများနှင့် ဟိန်းဟောက်သံများက အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး ခိုက်ရီနည်းပညာကုမ္ပဏီ၏ စခန်း အကာအကွယ်က အလွန်မြန်ဆန်သော ဗုံးကြဲတိုက်ခိုက်မှုများကြားတွင် အလင်းရောင်လှိုင်းများ တစ်ထပ်ပြီးတစ်ထပ် ထွက်ပေါ်နေသည်။

ထိုက်ယန်တောင်၏ စွမ်းအင်ငြိမ် သင်္ကေတမှာ မူလကတည်းက ခိုက်ရီနည်းပညာကုမ္ပဏီ၏ ယာဉ်ပျံပေါ်မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော စွမ်းအင်ငြိမ် သင်္ကေတကို ခိုက်ရီနည်းပညာကုမ္ပဏီတွင်လည်း သဘာဝကျကျ ရှိနေပေမည်။

မျက်စိရှေ့ရှိ စခန်း အကာအကွယ်က စွမ်းအင်ငြိမ် သင်္ကေတ နည်းပညာဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း အလွန် သိသာထင်ရှားနေသည်။

အပြင်ဘက်မှ တိုက်ခိုက်မှုများက မည်မျှပင် ပြင်းထန်ကြမ်းတမ်းနေပါစေ ခိုက်ရီနည်းပညာကုမ္ပဏီ၏ အကာအကွယ်ဖြင့် အမြဲတမ်း ကာကွယ်နိုင်ပြီး စွမ်းအင်အဖြစ်သို့ တည်ငြိမ်စွာ ပြောင်းလဲကာ ဖြန့်ကျက်ပေးနိုင်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ထျန်အန်း အသွင်ပြောင်းထားသည့် ကြယ်စင် ပုစဉ်းရင်ကွဲကြီးက သက်ပြင်းတစ်ချက် ချနိုင်သွားသည်။ သူက တစ်ချက် လှုပ်ရှားလိုက်ပြီး လက်မောင်းနှစ်ဖက်ဖြင့် ဆွဲဖြဲလိုက်ရာ...

"ရွှပ်"

ပျံသန်းနိုင်သော သန္ဓေပြောင်းသားရဲ တစ်ကောင်ကို ဆွဲဖြဲပစ်လိုက်သည်။

ထို့နောက် လင်းယွမ်ကို လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။ "မင်းက သူတို့ရဲ့ ခေါင်းဆောင်လား"

လင်းယွမ်က သူ့ကို ခပ်ဖျော့ဖျော့ တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အေး"

ဝမ်ထျန်အန်းက အလွန်မြန်ဆန်စွာ ပြောလိုက်၏။ "မိတ်ဆွေက တော်တော်စွမ်းတာပဲ... ဒီလို အင်အားစုမျိုးကို တည်ထောင်နိုင်လိမ့်မယ်လို့ ငါ ဝမ်ထျန်အန်း မျက်စိရှိလျက်နဲ့ မမြင်ခဲ့မိဘူး"

"ဒါပေမဲ့ မိတ်ဆွေက ငါတို့ ခိုက်ရီနည်းပညာကုမ္ပဏီမှာ ဒီလောက် အင်အားလေးပဲ ရှိတယ်လို့တော့ မထင်လိုက်နဲ့"

"ငါတို့ကုမ္ပဏီက ယွီကျိုးပြည်နယ် တစ်ခုလုံးမှာ ထိပ်တန်း ခိုလှုံရေးစခန်းပဲ"

"အခု ယွီကျိုးပြည်နယ်မှာရှိတဲ့ တောင်တန်းတွေ... လေပေါ်ကျွန်းတွေ... ရေပေါ်ကျွန်းတွေရဲ့ သုံးပုံတစ်ပုံက ငါတို့ ခိုက်ရီနည်းပညာကုမ္ပဏီ ပိုင်တာတွေချည်းပဲ"

"ယွီကျိုးပြည်နယ် ပြင်ပမှာလည်း ငါတို့က မရေမတွက်နိုင်တဲ့ ကျွန်းအရင်းအမြစ်တွေကို သိမ်းပိုက်ထားပြီးပြီ... ငါတို့ရဲ့ လူဦးရေကလည်း တစ်သိန်းကျော်နေပြီ"

"ငါတို့ကုမ္ပဏီရဲ့ အထက်ပိုင်း အရာရှိတွေထဲမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၅၀% အထက် ရောက်နေတဲ့သူတွေ မနည်းဘူး... မင်းက တကယ်ပဲ ငါတို့နဲ့ အသေအကြေ ရန်စောင်ချင်နေတာလား"

ဝမ်ထျန်အန်းက အသံကျယ်ကျယ်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သို့သော် ကြယ်စင် ပုစဉ်းရင်ကွဲ ပုံစံဖြင့် သူ၏ မျက်နှာအမူအရာကို မမြင်ရသော်လည်း အလွန် ကြမ်းတမ်းခက်ထန်နေပုံပေါ်၏။

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။ "ဒီလိုအပိုစကားတွေကို ပြောနေပြီး ဘာလုပ်မှာလဲ"

"မင်းတို့ရဲ့ ယာဉ်ပျံတွေ လင်ကျောင်းမြို့ထဲကို ဝင်လာပြီး ငါတို့ ထိုက်ယန်တောင်ကို တိုက်ခိုက်ခဲ့တုန်းက အသေအကြေ ရန်စောင်မိသွားမလားဆိုတာကို တွေးခဲ့ဖူးလား"

"အခု မင်း ဒါတွေ ပြောနေတာက မင်း ကြောက်နေလို့ပဲ"

"မင်းနဲ့ ငါ့ကြားမှာ အစောကြီးကတည်းက အသေအကြေ ရန်သူတွေ ဖြစ်သွားခဲ့ပြီ"

ဝမ်ထျန်အန်း၏ မျက်ဝန်းအောက်ခြေတွင် အံ့ဩဒေါသထွက်မှုများ ဖြတ်ပြေးသွားသည်။ ခိုက်ရီနည်းပညာကုမ္ပဏီ၏ အလံတော်ကြီးက တစ်ဖက်လူကို မခြောက်လှန့်နိုင်ခဲ့ပါလား။

"သေချင်နေတာပဲ"

ဝမ်ထျန်အန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်က ချက်ချင်း လှုပ်ရှားသွားကာ လင်းယွမ်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

ဧရာမ တံစဉ်ကဲ့သို့သော ရှေ့လက်မောင်းနှစ်ဖက်က လေခွင်းသံများနှင့်အတူ လင်းယွမ်ဆီသို့ ခုတ်ပိုင်းလာ၏။

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်က ရုတ်တရက် မှုန်ဝါးသွားကာ သူ၏ ကျောဘက် ဟင်းလင်းပြင်ထဲတွင် ဧရာမ အက်ကွဲကြောင်းကြီး တစ်ခု ပွင့်ဟလာသည်။

ထို အက်ကွဲကြောင်းကြီးက တဖြည်းဖြည်း ကျယ်ပြန့်လာပြီး လူများကို ကိုက်စားရန် ရွေးချယ်နေသော ဧရာမ ပါးစပ်ပေါက်ကြီး တစ်ခုနှင့် တူနေသည်။

ဟင်းလင်းပြင်က အလွန်လျင်မြန်စွာ မှောင်မိုက်သွားပြီး ကြောက်မက်ဖွယ် အမှောင်ဓာတ် စွမ်းအင်များက ဒီရေလုံးကြီးများကဲ့သို့ ဝမ်ထျန်အန်းဆီသို့ စီးဆင်းသွားလေသည်။

ဝမ်ထျန်အန်း၏ အပြေးအလွှား ဝင်ရောက်လာသော ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားတော့သည်။

"အမှောင်ဓာတ်... မဖြစ်နိုင်ဘူး"

တစ်ဖက်လူက ပြီးခဲ့သည့်အကြိမ်က ရေခဲဓာတ် သန္ဓေပြောင်းအစွမ်းကို အသုံးပြုခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

ယခုမူ အမှောင်ဓာတ် အစွမ်းကို အသုံးပြုလာနိုင်ခဲ့ပါလား။

"သူက တစ်ချိန်တည်းမှာ အစွမ်း နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားတာလား"

ဝမ်ထျန်အန်း၏ ရင်ထဲတွင် အပြင်းအထန် ခုန်ပေါက်သွားပြီး ဧရာမ ခြိမ်းခြောက်မှုကြီးကို ချက်ချင်း ခံစားလိုက်ရသည်။

တစ်ချိန်တည်းတွင် အစွမ်း နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားသူကို သူ မတွေ့ဖူးသည်တော့ မဟုတ်ပေ။

တကယ်တမ်းတွင် ဤကဲ့သို့သော အစွမ်းပိုင်ရှင်မျိုး ရုံးချုပ်တွင်လည်း မရှိဖူးသည်တော့ မဟုတ်။

ဤအမျိုးအစား အစွမ်းပိုင်ရှင်များအားလုံးသည် ခြွင်းချက်မရှိ အလွန်ကြောက်မက်ဖွယ် ကောင်းလောက်အောင် အင်အားကြီးမားသော တည်ရှိမှုများ ဖြစ်ကြသည်။

တစ်ကြိမ် ကြီးထွားလာသည်နှင့် အဆင့်တူ အစွမ်းပိုင်ရှင်များကို ဖိနှိပ်ခြေမွပစ်နိုင်မည်မှာ သေချာသည်။

"ဒါကြောင့်ကိုး... ဒါကြောင့် သူ ဒီလောက် မောက်မာရဲတာကိုး"

"တကယ်တော့ အစွမ်းနှစ်မျိုးပိုင်ရှင် ဖြစ်နေတာပဲ"

"ဝှစ်"

ကြယ်စင် ပုစဉ်းရင်ကွဲ၏ အတောင်ပံနှစ်ဖက်က ရူးသွပ်စွာ တုန်ခါသွားပြီး ခန္ဓာကိုယ်က အလွန်လျင်မြန်စွာ နောက်သို့ ဆုတ်ခွာသွားသည်။

"ပြန်ဆုတ်မယ်... အတင်း ဝင်တိုက်လို့မဖြစ်ဘူး"

ဝမ်ထျန်အန်း၏ စိတ်ထဲတွင် အတွေးများ လည်ပတ်နေ၏။

တစ်ဖက်လူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းက မူလကတည်းက သူ့အထက်တွင် ရှိနေပြီး ယခု တစ်ဖက်လူက အစွမ်းနှစ်မျိုးပိုင်ရှင် ဖြစ်နေသည်ကို ထပ်မံ တွေ့ရှိလိုက်ရသဖြင့် လုံးဝ တိုက်ခိုက်နေစရာ မလိုတော့ပေ။

အထူးသဖြင့် တစ်ဖက်လူ၏ နောက်ထပ် အစွမ်းတစ်ခုက ခန့်မှန်းရခက်သော ထူးဆန်းသည့် အမှောင်ဓာတ် ဖြစ်နေခြင်းပင်။

ဤကဲ့သို့သော ဓာတ်မျိုးက များသောအားဖြင့် အရိပ်များ၊ အမှောင်ထုများနှင့် ပေါင်းစပ်လေ့ရှိသည်။

ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို အလွန်ပြင်းထန်စွာ ထိန်းချုပ်နိုင်စွမ်း ရှိသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ ကြယ်စင် ပုစဉ်းရင်ကွဲက ထိပ်တန်း ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အစွမ်းပိုင်ရှင် ဖြစ်နေသည်။

"ဝှစ်"

ရှေ့တွင် ထိုက်ယန်တောင်၏ ယာဉ်ပျံတစ်စင်း ပေါ်လာပြီး သူ၏ သွားရာလမ်းကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

ထို့ပြင် စွမ်းအင်အမြောက်များကို ပစ်လွှတ်ကာ ဝမ်ထျန်အန်းကို ဗုံးကြဲတိုက်ခိုက်တော့မည် ဖြစ်သည်။

ဝမ်ထျန်အန်းက ချက်ချင်းပင် အမျက်ဒေါသ ထွက်သွားသည်။ "ဘယ်က ခွေးတွေကြောင်တွေကများ ငါ့ကို လာတားရဲတာလဲ"

"သေလိုက်စမ်း"

သူ၏ ပုစဉ်းခေါင်းဖြတ် ဓားလက်မောင်းတစ်စုံက ယာဉ်ပျံဆီသို့ အပြင်းအထန် ခုတ်ပိုင်းလိုက်သည်။

"ဝုန်း"

ယာဉ်ပျံ၏ စွမ်းအင်အကာအကွယ်က လုံးဝ မလှုပ်ရှားသော်လည်း ယာဉ်ပျံ၏ အတွင်းပိုင်းတွင်မူ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားလေသည်။

ဟင်းလင်းပြင်အက်ကွဲဓားကွက်

ဤတိုက်ကွက်က အပြင်ဘက် အကာအကွယ်ကို တိုက်ရိုက် ဖောက်ထွက်နိုင်ပြီး နေရာဟင်းလင်းပြင်ကို ကျော်ဖြတ်နိုင်သော ခုတ်ပိုင်းမှု ပညာရပ် ဖြစ်သည်။

၎င်းက ဝမ်ထျန်အန်း၏ ထိပ်တန်း သတ်ဖြတ်မှု နည်းလမ်းပင် ဖြစ်သည်။

ယာဉ်ပျံ ပေါက်ကွဲသွားပြီးနောက် အတွင်းမှ အလင်းရောင်တစ်စု လင်းလက်လာသည်ကိုသာ တွေ့လိုက်ရ၏။

လူရိပ်တစ်ခုက လေယာဉ်မှူး အချို့ကို ရစ်ပတ်ကာ ပေါက်ကွဲမှု နယ်ပယ်ထဲမှ အလျင်အမြန် လွတ်မြောက်သွားသည်။

ဝမ်ထျန်အန်းက ဤသည်ကို မြင်လိုက်ရသောအခါ ချက်ချင်း မျက်ဝန်းများ ကျုံ့သွားသည်။ "မသေသေးဘူးလား"

ပျံသန်းထွက်လာသူမှာ ထိုက်ယန်တောင်၏ လီရှန်ယန် ပင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ယခုအချိန်တွင် သူက ရွှေရောင် လင်းယုန်ကြီး တစ်ကောင်အဖြစ် အသွင်ပြောင်းထားပြီး အတောင်ပံနှစ်ဖက်ဖြင့် လေယာဉ်မှူး အချို့ကို ကာကွယ်ထားကာ အလင်းဓာတ် အသွင်ပြောင်းလဲမှုကို အားကိုး၍ တစ်ဖက်လူ၏ တိုက်ခိုက်မှု နယ်ပယ်ထဲမှ တိုက်ရိုက် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

လီရှန်ယန်က အတောင်ပံနှစ်ဖက်ကို တစ်ချက် ခါယမ်းလိုက်ရာ လေယာဉ်မှူး အချို့မှာ လေထဲမှနေ၍ မြေပြင်ဆီသို့ ပြုတ်ကျသွားကြသည်။

လူများ လေထဲတွင် ရှိနေစဉ် လေထီးများကို အသီးသီး ဖွင့်လိုက်ကြပြီး ဘေးကင်းစွာ ဆင်းသက်သွားကြသည်။

လီရှန်ယန်၏ ရွှေရောင် မျက်ဝန်းများက ဝမ်ထျန်အန်းကို လှမ်းကြည့်လိုက်ပြီး အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။

"ထွက်ပြေးချင်တာလား... ဒီနေ့ ဘယ်သူပြေးပြေး မင်းကတော့ ပြေးလို့ မလွတ်ဘူး"

ဝမ်ထျန်အန်းက ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်။ "ဟားဟားဟား... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်း ၂၀% တောင် မပြည့်သေးတဲ့ ကောင်လေးကများ ငါ့ကို စကားကြီးစကားကျယ် ပြောရဲသေးတယ်ပေါ့"

"မင်းအဆင့်နဲ့များ ငါ့ကို တားထားချင်နေတာလား"

သူ့စကားသံ ဆုံးသွားသည်နှင့် အဝေးမှ လူရိပ်တစ်ခုက အလွန်လျင်မြန်စွာ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ရောက်လာသူ၏ တစ်ကိုယ်လုံးက ကျောက်တုံးများဖြင့် ဖွဲ့စည်းထားပြီး ပါးစပ်မှ အော်ဟစ်လိုက်သည်။ "ငါ ပါရင်ကော"

"ဟားဟားဟား... ငါ့ကိုပါ ထည့်တွက်လိုက်" မလှမ်းမကမ်းမှ သတ္တုရောင်များ တောက်ပနေသော ကျားသစ်တစ်ကောင်က အလွန်လျင်မြန်စွာ ရောက်လာသည်။

ချန်ကျန့်ဖုန်း၏ မျိုးရိုးဗီဇ ပုံစံဖြစ်သော သံမဏိ ကျားသစ် ပင်ဖြစ်သည်။

ဤသို့ စကားပြောနေသည့် အချိန်တိုလေးအတွင်းမှာပင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းပိုင်ရှင် သုံးယောက်က သူ့ကို ဝိုင်းရံလိုက်ကြပါလား။

သို့သော် ဝမ်ထျန်အန်းက အေးစက်စွာ ရယ်မောလိုက်ရုံသာဖြစ်ပြီး မျက်လုံးထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

အမှိုက်ကောင် တစ်သိုက်သာ ဖြစ်သည်။ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်း ၄၀% အထိ မြင့်မားသော အစွမ်းပိုင်ရှင်ဖြစ်သည့် သူက ဤ ၂၀% နှုန်းရှိသူ အနည်းငယ်၏ ဝိုင်းရံမှုကို ခံရမည်လား။

"ငမိုက်တွေ... မင်းတို့ လုံးဝ နားမလည်ကြဘူး... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်း ၁% ကွာဟချက်တိုင်းက မင်းတို့ ကျော်ဖြတ်လို့မရတဲ့ ချောက်ကမ်းပါးကြီးတွေပဲ"

"မင်းတို့က သေချင်နေမှတော့လည်း လာခဲ့ကြလေ"

ဝမ်ထျန်အန်းက အတောင်ပံနှစ်ဖက်ကို အပြင်းအထန် တုန်ခါလိုက်ပြီး သူ၏ ပုစဉ်းခေါင်းဖြတ် တံစဉ်တစ်စုံက ချက်ချင်းပင် ရဟတ်ယာဉ်၏ ပန်ကာရွက်များကဲ့သို့ ဖြန့်ကျက်သွားလေသည်။

နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်က အပြင်းအထန် လည်ပတ်သွားပြီး ဓားသွားများက ရူးသွပ်စွာဖြင့် မရေမတွက်နိုင်သော ပုံရိပ်ယောင်များကို ခုတ်ပိုင်းထွက်ပေါ်လာစေသည်။

လေထဲတွင် ကြောက်မက်ဖွယ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လေထုကို ခုတ်ပိုင်းလိုက်သဖြင့် ဟိန်းဟောက်နေသော လေပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ထပ်နေသော လေလှိုင်းများက လိမ့်တက်လာပြီး ဓားသွားများက ပတ်ပတ်လည်ရှိ လူအချို့ဆီသို့ ခုတ်ပိုင်းသွားလေတော့သည်။

ဆက်ရန်...

All Chapters