အခန်း (၁၀၉-၁၁၀)
Vol. 10 Ch. 109-110
အခန်း(၁၀၉)
ကွန်ကရစ်ကို အဓိကဝယ်ယူကြတာကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းရှင်တွေပဲ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေက ကွန်ကရစ်တွေကို အမြောက်အမြား ဝယ်ယူကြပြီး သူတို့ကိုယ်ပိုင်အသုံးပြုဖို့အတွက် ကွန်ကရစ်အရည်တွေ အပြည့်အသိပ်ပါတဲ့ အိမ်တော်အရွယ်အစားရှိတဲ့ ပမာဏအထိ မှာယူကြတာပါ။
ဒါပေမဲ့ သာမန်လယ်သမားတွေ ဒါမှမဟုတ် လုပ်ငန်းပိုင်ရှင်လေးတွေကတောင် ကွန်ကရစ်အချို့ကို ဝယ်ယူချင်နေကြတာပေါ့။ ကွန်ကရစ်ကို အသုံးပြုပြီး ဆောက်လုပ်ရေးလုပ်ရတာ ဘယ်လောက်အထိ လွယ်ကူမြန်ဆန်သလဲဆိုရင် လယ်သမားတွေဟာ တဲတွေနဲ့ တိရစ္ဆာန်ဂိုဒေါင်တွေကို သူတို့ဘာသာသူတို့ တည်ဆောက်နိုင်ကြပြီး တခြားသူတွေကို ငှားရမ်းဆောက်လုပ်ခိုင်းရမယ့် ငွေတွေကိုလည်း အလဟဿ အကုန်မခံတော့ပါဘူး။
တစ်ဖက်မှာလည်း စီးပွားရေးသမားတွေဟာ ကွန်ကရစ်က သူတို့ရဲ့ကုမ္ပဏီတွေကို ပိုပြီးမြန်မြန်နဲ့ ပိုပြီးသက်သက်သာသာ ချဲ့ထွင်နိုင်ခွင့် ပေးတာကြောင့် ကွန်ကရစ်အသုတ်လိုက်ကို သူတို့အတွက် ချက်ချင်း ကြိုတင်မှာယူထားလိုက်ကြပါတယ်။
"ကျွန်တော်တို့ မှာထားတဲ့ ကွန်ကရစ်တွေကို ဘယ်တော့လောက် ရနိုင်မလဲ"
"ကျွန်တော်ကတော့ ဒီလထဲမှာတင် လိုအပ်တယ်"
"ကျွန်တော်တို့ ကိုယ်တိုင်ပဲ လာယူပါ့မယ်။ ခင်ဗျားတို့ရဲ့ ဂိုဒေါင်က ဘယ်နားမှာလဲ"
ကက်စတယ်လာ က သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အပြုံးလေးနဲ့ တုံ့ပြန်လိုက်တာပေါ့။
"ချစ်ခင်ရပါသော ဖောက်သည်တို့ရှင်၊ စိတ်မပူကြပါနဲ့။ အကယ်၍ ခင်ဗျားတို့က ဒီနေ့ ကွန်ကရစ်အသုတ်လိုက်ကို မှာယူမယ်ဆိုရင် ကျွန်မတို့က ခင်ဗျားတို့ရှိရာ နေရာအထိ တိုက်ရိုက် လာရောက်ပို့ဆောင်ပေးမှာပါ" လို့ သူမက ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်ပါတယ်။
ဒါက လူအုပ်ကြီးကို ဇဝေဇဝါ ဖြစ်သွားစေပြီး အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့ တွေးတောသွားစေတာပေါ့။
ဒါပေမဲ့ အဲဒီအချိန်မှာတင် မြို့ရိုးဆီကို ဦးတည်ထားတဲ့ လမ်းမဆီကနေ ရုတ်တရက် တုန်ခါသံကြီးတစ်ခုကို သူတို့ ကြားလိုက်ရပါတယ်။
လမ်းမတွေပေါ်မှာ မြင်းတစ်ကောင်မှ ဆွဲမထားဘဲ အလိုအလျောက် ပြေးလွှားနေတဲ့ သေတ္တာပုံစံ ယာဉ်တွေကို မြင်လိုက်ရတဲ့အခါ လူတိုင်းရဲ့ မျက်လုံးတွေက ပြူးကျယ်သွားကြတာပေါ့။ လမ်းမတွေပေါ်မှာ သွားလာနေတဲ့ မြင်းရထားတွေဟာလည်း သူတို့ဘေးကနေ မော်တော်ကား တွေ ဖြတ်မောင်းသွားတဲ့အခါ မတတ်သာဘဲ ဘေးကို ဖယ်ပေးလိုက်ကြရပြီး မြင်းတွေကလည်း ကြောက်လန့်တကြားနဲ့ ငြိမ်ကုပ်သွားကြပါတယ်။
"အဲဒါတွေက မြင်းရထားတွေနဲ့ တူပေမဲ့ လုံးဝကို ကွဲပြားနေတာပဲ"
"အဲဒါက ရွေ့လျားဖို့အတွက် မှော်ပညာကို သုံးထားတာလား"
ပထမဆုံး မော်တော်ကား ထရပ်ကားတန်းကြီးက ရီနေးတား ကုမ္ပဏီရုံးခန်းရှေ့မှာ ကွက်တိ ရပ်လိုက်တဲ့အထိ ကက်စတယ်လာ က စောင့်နေတာပေါ့။ ဒါကြောင့်လည်း စုဝေးနေတဲ့ ပရိသတ်တွေက ဒီထူးဆန်းတဲ့ ယာဉ်တွေအတွက် လမ်းဖယ်ပေးဖို့ နောက်ဆုတ်လိုက်ကြရပါတယ်။
နောက်ဆုံးမှာတော့ ဟော့ဘ်မျောက်လူတွေနဲ့ လူပုတွေက ယာဉ်ပေါ်ကနေ ဆင်းလာကြပြီး ကွန်ကရစ်ရဲ့ အဓိကပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေ၊ သဲနဲ့ ကျောက်စရစ်တွေကို ရုံးခန်းအနောက်ဘက်က သိုလှောင်ရုံထဲကို စတင်ချလိုက်ကြတာပေါ့။ ကွန်ကရစ်ကို အချိန်အကြာကြီး သိမ်းဆည်းထားဖို့ဆိုရင်တော့ အမှုန့်ပုံစံအတိုင်းပဲ ထားရှိပြီး လိုအပ်တဲ့ အချိန်ကျမှသာ ရောစပ်တာက ပိုပြီးကောင်းမွန်တာကိုး။
အဲဒီနောက် ကက်စတယ်လာ က ရီနေးတား နိုင်ငံသားတွေကို ကက်စတယ်လာ မှာထားတဲ့ ကွန်ကရစ်တွေကို ဖောက်သည်တွေရှိရာ နေရာအထိ တိုက်ရိုက် ပို့ဆောင်ပေးဖို့ ညွှန်ကြားလိုက်ပြီး ကင်းစ်ဘရစ်ချ် မြို့အနှံ့ကို ပို့ဆောင်စေလိုက်ပါတယ်။
ဒီလိုလှုပ်ရှားမှုလေးက တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလိုပါပဲ။ တစ်ချက်ကတော့ သူတို့ဟာ ဘိလပ်မြေတွေကို သူတို့အလိုရှိတဲ့ ဘယ်နေရာကိုမဆို ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် ပို့ဆောင်နိုင်တယ်ဆိုတာကို လူတိုင်းကို ပြသလိုက်တာပါ။ ဒုတိယအချက်ကတော့ မြို့အနှံ့မှာ မော်တော်ကား တွေ မောင်းနှင်ခြင်းအားဖြင့် ကားတွေရဲ့ အသုံးဝင်ပုံကို အပြည့်အဝ ပြသလိုက်တာဖြစ်ပြီး လူတွေရဲ့ စိတ်ဝင်စားမှုနဲ့ စူးစမ်းချင်စိတ်တွေကိုလည်း အများကြီး ဖြစ်ပေါ်စေခဲ့တာပေါ့။
အကောင်းဆုံး အချက်ကတော့ ဒါတွေဟာ ကင်းစ်နယ်မြေ အတွင်းက နယ်မြေအသီးသီးမှာ ဖြစ်ပျက်နေတာပါ။ ကျေးလက်တောရွာလေးတွေပဲ ဖြစ်ဖြစ်၊ ကွင်းစ်နယ်မြေ နဲ့ ပိုပြီးနီးကပ်တဲ့ မြို့ကြီးတွေမှာပဲ ဖြစ်ဖြစ် ရီနေးတား ရုံးခန်းတိုင်းက သူတို့ရဲ့ ထုတ်ကုန်အသစ်နှစ်မျိုးဖြစ်တဲ့ ကွန်ကရစ်နဲ့ မော်တော်ကား တွေကို ပြသခဲ့ကြတာပေါ့။
ကက်စတယ်လာ အနေနဲ့ ဖောက်သည်တွေရဲ့ အာရုံစိုက်မှုကို ခေါ်ယူနေစရာတောင် မလိုပါဘူး။ မြို့အနှံ့ကို ကွန်ကရစ်တွေ ပို့ဆောင်ရာမှာ အသုံးပြုတဲ့ မြင်းမပါတဲ့ ထူးဆန်းတဲ့ ရထားတွေအကြောင်း မေးမြန်းဖို့အတွက် သူတို့ဘာသာသူတို့ ရုံးခန်းတွေထဲကို လိုလိုလားလားနဲ့ ဝင်ရောက်လာကြတာကိုး။
ကားတွေဟာ အလုပ်လုပ်ဖို့အတွက် မှော်ပညာရော မြင်းတွေပါ မလိုအပ်ဘူးဆိုတဲ့ သတင်း ပြန့်နှံ့သွားတာနဲ့တစ်ပြိုင်နက် ရီနေးတား ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် တီထွင်မှုတွေအကြောင်း အတင်းအဖျင်းစကားတွေနဲ့ ပြောဆိုမှုတွေ အများကြီး ထွက်ပေါ်လာပါတော့တယ်။
ဒါပေမဲ့ မော်တော်ကား တွေက မြင်းရထားတွေနဲ့ ယှဉ်ရင် ဘယ်လောက်အထိ မြန်တယ်ဆိုတာကို လူတွေ သဘောပေါက်သွားတဲ့ အခါမှာတော့ အခြေအနေတွေက ပိုပြီးတော့တောင် အရှိန်ရလာတာပေါ့။
ဥပမာအားဖြင့် မြို့ထဲကို မော်တော်ကား တွေ စတင်မိတ်ဆက်ပြီး သိပ်မကြာခင်မှာတင် ကက်စတယ်လာ က လူတွေကို ဝေးလံတဲ့ နေရာတွေဆီ လိုက်ပါခွင့်ပေးတဲ့ ဝန်ဆောင်မှုတစ်ခုကို ချက်ချင်း စတင်လိုက်ပါတယ်။ အဲဒါကတော့ ခရီးဝေးသွားတဲ့ မြင်းရထားတွေက လူအမြောက်အမြားကို နယ်မြေပြင်ပအထိ ပို့ဆောင်ပေးသလိုမျိုးပါပဲ။
"ဒီထူးဆန်းတဲ့ ယာဉ်ကိုစီးပြီး ခြောက်သွေ့လွင်ပြင် ဆီကို သွားလို့ရမယ်လို့ ခင်ဗျား ပြောနေတာလား" လို့ ပျံကျဈေးသည်က မေးလိုက်တာပေါ့။
"ဟုတ်ပါတယ်၊ မှန်တာပေါ့။ လက်မှတ်တစ်စောင် ဝယ်ချင်ပါသလား။ ဘတ်စ်ကား မော်တော်ကား က နောက်ထပ် ၂ နာရီလောက်ဆိုရင် ထွက်တော့မှာပါ" လို့ ဟော့ဘ်မျောက်လူ အမျိုးသမီးတစ်ယောက်က သူမရဲ့ လက်ကောက်ဝတ်က နာရီကို ကြည့်ရင်း ပြောလိုက်ပါတယ်။
ဒီလိုဝန်ဆောင်မှုမျိုးက ထူးဆန်းတာတော့ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ အလားတူ ဝန်ဆောင်မှုပေးတဲ့ မြင်းရထားတွေ အများကြီး ရှိတာကိုး။ ဒါပေမဲ့ ဒီ 'မော်တော်ကား' ကတော့ သာမန်မြင်းရထား မဟုတ်တာ အသေအချာပါပဲ။
သူနဲ့တကွ တခြားသော ပျံကျဈေးသည်တွေနဲ့ လှည့်လည်သွားလာသူ အများအပြားဟာ ဒီမြင်းမပါတဲ့ ရထားအသစ်ကို စူးစမ်းချင်စိတ် ဖြစ်လာကြတာကြောင့် လက်မှတ်တစ်စောင်စီ ဝယ်လိုက်ကြပါတယ်။
၂ နာရီ ကြာသွားတဲ့အခါ ဟော့ဘ်မျောက်လူ ယာဉ်မောင်းက အင်ဂျင်ကို နှိုးလိုက်တာကြောင့် ယာဉ်ပေါ်က ခရီးသည်တွေ လန့်သွားကြတာပေါ့။
ကားက စတင်ရွေ့လျားလိုက်တာနဲ့ မော်တော်ကား က သာမန်မြင်းရထားထက် အများကြီး ပိုပြီး ချောမွေ့နေတာကို ပျံကျဈေးသည်တွေ သတိထားမိသွားကြပြီး ပိုပြီးမြန်ဆန်တဲ့ အကျိုးကျေးဇူးကိုလည်း ရရှိလိုက်ကြပါတယ်။ ဒီအရှိန်နှုန်းအတိုင်းဆိုရင် ပုံမှန် ၄ ရက်ကြာမယ့် ခြောက်သွေ့လွင်ပြင် ဆီကို သွားရတဲ့ ခရီးစဉ်က ၃ ရက်ခွဲလောက်ပဲ ကြာတော့မှာပါ။
ဒါပေမဲ့ သူတို့တွေ ကင်းစ်ဘရစ်ချ် မြို့ရိုးအပြင်ဘက်ကို နောက်ဆုံးမှာ ထွက်လာတဲ့အခါ မော်တော်ကား က ရုတ်တရက် အရှိန်မြှင့်လိုက်တာပေါ့။
အခုဆိုရင် သူတို့ဟာ ရီနေးတား ကုမ္ပဏီက ဖောက်လုပ်ထားတဲ့ ညီညာတဲ့ ကွန်ကရစ်လမ်းတွေပေါ်မှာ ရှိနေပြီဖြစ်တာကြောင့် ဟော့ဘ်မျောက်လူ ယာဉ်မောင်းဟာ မော်တော်ကား အင်ဂျင်ထဲက 'သားရဲ' ကို နောက်ဆုံးမှာ အစွမ်းပြခိုင်းလိုက်ပါတော့တယ်။
"ဟေး ဟေး ဒါက ဘာကြီးလဲ"
"ငါတို့ တိုက်မိတော့မယ်"
"ငါကတော့ အမြောက်ဆံတစ်လုံးလို ခံစားနေရပြီ"
ခရီးသည်တွေဟာ ထိတ်လန့်နေကြတာပေါ့။ ဒါပေမဲ့ သူတို့တွေ ညီညာတဲ့ လမ်းမတွေပေါ်မှာ ဖြတ်သန်းသွားလာနေရင်းနဲ့ သူတို့ဟာ မြင်းရထားစီးနေရတာနဲ့တောင် မတူတော့ဘူးဆိုတာကို ရုတ်တရက် သဘောပေါက်သွားကြပါတယ်။ တကယ်လို့ သူတို့တွေ မျက်လုံးမှိတ်ထားမယ်ဆိုရင် သူတို့တွေ ရွေ့လျားနေတယ်ဆိုတာကိုတောင် သိမှာမဟုတ်ပါဘူး။
"ဘာလဲ... ငါတို့ အရမ်းမြန်နေတာပဲ"
"ကြည့်စမ်း ဟိုမိုးကုတ်စက်ဝိုင်းမှာ မြင်နေရတာ ခြောက်သွေ့လွင်ပြင် ပဲ"
"အဲဒါ မဖြစ်နိုင်တာ ငါတို့ ခရီးထွက်လာတာ တစ်ရက်တောင် မပြည့်သေးဘူးလေ"
ပျံကျဈေးသည်တွေဟာ ခြောက်သွေ့လွင်ပြင် ကျေးရွာဆီကို နောက်ဆုံးမှာ ရောက်ရှိသွားတဲ့အခါ အံ့အားသင့်ပြီး မှင်သက်သွားကြတာပေါ့။
သူတို့တွေ ခရီးသွားခဲ့တာ အရမ်းမြန်လွန်းတာကြောင့် ဒါဟာ တကယ်ပဲ မှန်ကန်တဲ့ နေရာလားဆိုတာတောင် မသေချာနိုင်အောင် ဖြစ်နေရတာပါ။ ဒါပေမဲ့ သူတို့တွေ လွင်ပြင်ထဲကို ဝင်လိုက်တဲ့အခါမှာတော့ ခြောက်သွေ့လွင်ပြင် ရဲ့ နာမည်ကျော် ဆေးဖက်ဝင်အပင်ဈေးနဲ့ ဆုံလိုက်ရတာပေါ့။
ဈေးတွေမှာ နနွင်းတွေကို ရောင်းချနေတာ သူတို့ မြင်လိုက်ရပါတယ်။ ဒီဆေးဖက်ဝင်အပင်ဟာ ဒီနေရာမှာတော့ ဈေးသက်သာပေမဲ့ ကင်းစ်ဘရစ်ချ် မြို့မှာတော့ နယ်မြေနှစ်ခုကြား ခရီးသွားရတာ အချိန်အကြာကြီး ပေးရတာကြောင့် ဈေးကြီးလွန်းလှပါတယ်။
ဒါပေမဲ့ အခုတော့ သူတို့ဟာ နနွင်းတွေကို ဝယ်ယူနိုင်ပြီး ၂ ရက်မပြည့်ခင်မှာတင် ကင်းစ်ဘရစ်ချ် ဆီကို ပြန်သွားနိုင်တော့မှာပါ။
ပျံကျဈေးသည်တွေဟာ သူတို့ သယ်နိုင်သမျှ အဖိုးတန် ဆေးဖက်ဝင်အပင်တွေကို အမြန်ပဲ ဝယ်ယူလိုက်ကြပြီး ခြောက်သွေ့လွင်ပြင် ကျေးရွာဈေးကနေ ထွက်ခွာလာခဲ့ကြတာပေါ့။
သူတို့တွေ ကျေးရွာရဲ့ အစွန်အဖျားဆီကို လမ်းလျှောက်သွားတဲ့အခါ မြို့ရိုးတစ်လျှောက်မှာ ရပ်ထားတဲ့ ရီနေးတား မော်တော်ကား တန်းကြီးကို တွေ့လိုက်ရပြီး အမြန်ဆုံး ခရီးထွက်ဖို့ အသင့်ဖြစ်နေကြတာပါ။
"မင်္ဂလာပါရှင်၊ ကင်းစ်ဘရစ်ချ် မြို့ဆီကို ပြန်ဖို့ လက်မှတ်တစ်စောင် ဝယ်ယူချင်ပါသလား။ နောက်ထပ် ဘတ်စ်ကားက နောက်ထပ် တစ်နာရီဆိုရင် ထွက်တော့မှာပါ" လို့ ဟော့ဘ်မျောက်လူ အမျိုးသမီးက သူမရဲ့ မျက်နှာပေါ်မှာ အပြုံးလေးနဲ့ မေးလိုက်ပါတော့တယ်။
* * * * * * * * *
စာစဉ်(၁၀)
အခန်း(၁၁၀)
ရက်တွေ တရွေ့ရွေ့ ကုန်ဆုံးလာတာနဲ့အမျှ မော်တော်ကား တွေက ဝေးလံတဲ့ ဒေသတွေဆီ ပစ္စည်းအမြောက်အမြား သယ်ယူပို့ဆောင်ဖို့တင် မကဘဲ တစ်ကိုယ်ရေ ခရီးသွားလာဖို့အတွက်ပါ ဘယ်လောက်အထိ အသုံးဝင်သလဲဆိုတာကို လူတွေ အမြန်ပဲ သဘောပေါက်လာကြတာပေါ့။
ရီနေးတား ကုမ္ပဏီကလည်း သူတို့ရဲ့ မော်တော်ကားအုပ်စုကြီးကို အသုံးပြုပြီး ကင်းစ်နယ်မြေ အတွင်းက နယ်မြေအသီးသီးဆီ ကုန်ပစ္စည်းမျိုးစုံ ပို့ဆောင်ရင်း သူတို့ရဲ့ စွမ်းဆောင်ရည်ကို စတင်ပြသခဲ့ပါတယ်။
ဥပမာအားဖြင့် မြက်ခင်းပြင်ချိုင့်ဝှမ်း နဲ့ အရမ်းဝေးလံတဲ့ နယ်မြေတွေမှာ တော်တော်လေး ရှားပါးလှတဲ့ နနွင်းတွေကို အခုဆိုရင် နယ်မြေတိုင်းမှာရှိတဲ့ ရီနေးတားကုမ္ပဏီ အရောင်းဆိုင်တွေမှာ ဝယ်ယူလို့ ရနေပြီလေ။
အကောင်းဆုံး အချက်ကတော့ မော်တော်ကား တွေကြောင့် သယ်ယူပို့ဆောင်ရတာ အများကြီး ပိုလွယ်ကူသွားတာမို့ ပုံမှန်ဈေးနှုန်းတွေထက် အများကြီး ပိုသက်သာနေတာပါပဲ။
ကက်စတယ်လာ က 'ကင်းစ်နယ်မြေ ရဲ့ ဘယ်နေရာကိုမဆို ပို့ဆောင်ပေးနိုင်တယ်' လို့ ပြောခဲ့တဲ့ စကားရဲ့ အဓိပ္ပာယ်ကို လူတွေ နားလည်သွားကြတဲ့အခါ ကွန်ကရစ်လုပ်ငန်းက ကုမ္ပဏီအတွက် တကယ့် စီးပွားရေးလုပ်ငန်းကြီး ဖြစ်လာပါတော့တယ်။
အရင်က သစ်သားအိမ်တွေနဲ့ တဲလေးတွေပဲ ရှိခဲ့တဲ့ ကျေးလက်ဒေသတွေနဲ့ ရွာလေးတွေမှာတောင် ကျောက်တုံး ဒါမှမဟုတ် သံမဏိတွေနဲ့ ယှဉ်ရင် ကွန်ကရစ်ကို သယ်ယူရတာ ပိုလွယ်ကူတာကြောင့် မြို့ပြဆန်တဲ့ အဆောက်အအုံတွေကို တည်ဆောက်နိုင်လာကြပြီလေ။
ကိုယ်ပိုင်မြေပိုင်ဆိုင်ထားကြတဲ့ တော်ဝင်မျိုးနွယ်တွေကလည်း သူတို့ရဲ့ နယ်မြေတွေကို ပိုပြီး ချဲ့ထွင်ဖို့အတွက် ရီနေးတား ဆီကိုပဲ အားကိုးလာကြတာကြောင့် တံတိုင်းတွေနဲ့ အဆောက်အအုံတွေကို အချိန်တိုအတွင်းမှာတင် တည်ဆောက်နိုင်လာကြပါတယ်။
မော်တော်ကား တွေရဲ့ တကယ့်စွမ်းအားကို လူတွေ သဘောပေါက်သွားတဲ့အခါမှာတော့ သူတို့ကိုယ်ပိုင် ယာဉ်တွေကို ဘယ်လိုဝယ်လို့ ရမလဲဆိုတာ စတင်မေးမြန်းလာကြတာပေါ့။ စီးပွားရေးသမားတွေ၊ တော်ဝင်မျိုးနွယ်တွေနဲ့ သာမန်လူတွေတောင်မှ သူတို့ကိုယ်ပိုင် မော်တော်ကား တွေကို ဝယ်ချင်နေကြတာပါ။ ကင်းစ်ဘရစ်ချ် လမ်းမတွေပေါ်မှာ မောင်းနှင်နေတဲ့ ရီနေးတားမော်တော်ကားတွေကို မြင်တိုင်း သူတို့ဟာ တစ်နေ့နေ့မှာ ကိုယ်တိုင်စီးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ငေးမောကြည့်နေကြတာပေါ့။
မိုက်ကယ် က သာမန် ဆီဒင်ကား တစ်စီးကို ရွှေဒင်္ဂါး ၁၀,၀၀၀ ဝန်းကျင်နဲ့ ထရပ်ကား အကြီးကြီးတစ်စီးကို ၄၀,၀၀၀ လောက် ဈေးနှုန်းသတ်မှတ်လိုက်ပါတယ်။ စီးပွားရေးအမြင်ရှိတဲ့ ထက်မြက်သူအချို့ကတော့ သူတို့ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့အတွက် ဆီဒင်ကားတွေကို ချက်ချင်းပဲ ဝယ်ယူလိုက်ကြပါတယ်။ သူတို့က အဲဒါကို မြင်းရထားလိုပဲ အသုံးပြုပြီး မော်တော်ကား စီးနင်းခွင့်ကို ဈေးနှုန်းသက်သက်သာသာနဲ့ ပြန်လည်ရောင်းချကြတာပေါ့။
မိုက်ကယ် အနေနဲ့ မော်တော်ကား အသုံးပြုမှုကို သူ့ကုမ္ပဏီတစ်ခုတည်းအတွက်ပဲ လက်ဝါးကြီးအုပ်ထားလို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကားတွေရဲ့ အရှိန်နဲ့ ထိရောက်မှုက တခြားသူတွေထက်စာရင် ရှားပါးကုန်ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ပေးနိုင်တာကြောင့် အားလုံးထက် အသာစီးရနေတာကိုး။
ဒါပေမဲ့ ဒါဟာ အမြင်ကျဉ်းတဲ့ အစီအစဉ်ပဲဆိုတာ မိုက်ကယ် သိနေတာပေါ့။ သူက တစ်ကမ္ဘာလုံး မော်တော်ကား တွေ အသုံးပြုလာမယ့် အချိန်အထိ အဝေးကြီးကို ကြိုတွေးထားတာပါ။ ဘာလို့လဲဆိုတော့ ဒီကားတွေက ထာဝရ မောင်းနှင်နေလို့ မရဘူးလေ။ သူတို့အတွက် လောင်စာလိုအပ်ပြီး အဲဒီလောင်စာက ရီနေးတားနိုင်ငံ မှာ အလျှံပယ် ရှိနေတာကိုး။
ဒါကြောင့် လူတွေ ကိုယ်ပိုင် မော်တော်ကားတွေ စတင်ဝယ်ယူလာတာနဲ့အမျှ လူတိုင်းလိုအပ်မယ့် လောင်စာတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် နယ်မြေအနှံ့အပြားမှာ ဓာတ်ဆီဆိုင်တွေ အများကြီး တည်ဆောက်ဖို့ မိုက်ကယ် က ကက်စတယ်လာ ကို ခိုင်းစေလိုက်ပါတယ်။
လူတွေက မော်တော်ကား တွေကို ပိုပြီး ဝယ်ယူလာကြတာကြောင့် နယ်မြေအတော်များများကလည်း ကားတွေ သွားလာရ အဆင်ပြေအောင် သူတို့နယ်မြေထဲမှာ လမ်းမကြီးတွေ ဖောက်လုပ်ဖို့အတွက် သူတို့ဆီကနေ ကွန်ကရစ်တွေကို မဖြစ်မနေ ဝယ်ယူနေကြရတာပေါ့။
သူတို့က ကင်းစ်နယ်မြေ အတွင်းက မြို့တွေနဲ့ ရွာတွေကို ဆက်သွယ်ပေးမယ့် လမ်းတွေကိုလည်း စတင်တည်ဆောက်လာကြတာကြောင့် မော်တော်ကား တွေရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ပြသနိုင်လာပါတယ်။
ကွန်ကရစ်နဲ့ မော်တော်ကားတွေ ပေါ်ထွန်းလာတာနဲ့အတူ ကင်းစ်နယ်မြေ အတွင်းက ကုန်သွယ်မှုလုပ်ငန်းတွေဟာ အကြီးအကျယ် တိုးတက်လာပြီး ရွှေဒင်္ဂါးတွေရဲ့ လည်ပတ်မှုကလည်း ပုံမှန်ထက် အများကြီး ပိုမြန်လာတာပေါ့။ ဒါပေမဲ့ အဲဒီပိုက်ဆံ အများစုကတော့ ရီနေးတားကုမ္ပဏီဆီကိုပဲ ရောက်ရှိသွားပြီး မိုက်ကယ် က အဲဒီငွေတွေကို သူ့နိုင်ငံက စက်ရုံတွေမှာ ကုန်ပစ္စည်းတွေ ဆက်တိုက်ထုတ်လုပ်နိုင်ဖို့အတွက် အသုံးပြုခဲ့ပါတယ်။
ဆီဘက်စတီယန် အော့ဂင်ဒေါ ကတော့ ကင်းစ်ဘရစ်ချ် မြို့ရဲ့ မှော်မျှော်စင်က မျှော်စင်သခင် ဖြစ်ပါတယ်။ သူဟာ မှော်ပညာနဲ့ဆန်းကြယ်တဲ့ အရာမှန်သမျှမှာ အဓိက အာဏာပိုင်တစ်ဦး ဖြစ်ရမှာပေါ့။ ဒါပေမဲ့ သူနဲ့ တခြားမှော်ဆရာ အတော်များများဟာ ရီနေးတားမော်တော်ကားတစ်စီးကို သူတို့ကိုယ်တိုင် စစ်ဆေးကြည့်တဲ့အခါမှာတော့ အကြံအိုက်သွားကြပါတယ်။
ဆီဒင်ကားရဲ့ စက်ဖုံးကို ဖွင့်ထားတာကြောင့် မော်တော်ကား အလုပ်လုပ်အောင် လုပ်ဆောင်ပေးတဲ့ အတွင်းပိုင်း စက်ယန္တရား အစိတ်အပိုင်း အားလုံးကို မြင်နေရတာပေါ့။ ကြယ်ခြောက်ပွင့်မှော်ဆရာ တစ်ယောက်က ကြယ်ငါးပွင့်မန္တန် ဖြစ်တဲ့ ‘အကြွင်းမဲ့အမြင်အာရုံမှော်’ ကို အသုံးပြုပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဒြပ်စင် မှော်စွမ်းအင် အားလုံးကို အာရုံခံကြည့်လိုက်ပါတယ်။ ဒါပေမဲ့ သူ့ခေါင်းပေါ်မှာ ပျံဝဲနေတဲ့ မှော်မျက်လုံးက မော်တော်ကား ကို ဖောက်ထွင်းကြည့်လိုက်တဲ့အခါမှာတော့ အဲဒါကို အလုပ်လုပ်စေဖို့အတွက် မှော်မန္တန် အသုံးပြုထားတဲ့ အရိပ်အယောင် တစ်ခုမှ မတွေ့ရပါဘူး။
"ဒါက ဘာမှော်ပညာမှ သုံးမထားဘူး" လို့ သူက မယုံနိုင်တဲ့ အသံနဲ့ ပြောလိုက်ပါတယ်။
"ဒီမော်တော်ကား မှာ ဆန်းကြယ်တဲ့အရာ တစ်ခုမှ မရှိဘဲ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ပဲ အလုပ်လုပ်နေတာ"
ကျန်တဲ့ မှော်ကဝေတွေနဲ့ မှော်ဆရာတွေလည်း ဒီအချက်ကို သိလိုက်ရတဲ့အခါ အံ့ဩတုန်လှုပ်သွားကြတာပေါ့။ လက်တွေ့ကမ္ဘာရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်နေတဲ့ အရာတစ်ခုက မှော်ပညာ လုံးဝ သုံးမထားဘူးဆိုတာ ယုံရခက်လွန်းနေတာကိုး။
"မျှော်စင်သခင်၊ ဒါက တကယ်ပဲ မှော်ပညာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အားလုံးက အခန်းထဲမှာ အမြော်အမြင်အရှိဆုံး ပုဂ္ဂိုလ်ဆီကို လှည့်ကြည့်လိုက်ကြပါတယ်။ ဆီဘက်စတီယန် က သူ့ရဲ့ မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်ရင်း ကားကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တာပေါ့။
"ဟင်း... ငါ ထပ်ပြီး သေချာစဉ်းစားဖို့ လိုအပ်တယ်။ ဒီမော်တော်ကား အကြောင်းကို ငါတစ်ယောက်တည်း ဆင်ခြင်သုံးသပ်နိုင်ဖို့ မင်းတို့အားလုံး ငါ့ကို အချိန်ပေးခဲ့တာက ပိုကောင်းလိမ့်မယ်" လို့ သူက အားလုံးကို ပြောလိုက်ပါတယ်။
မှော်ကဝေတွေ မကြာခင်မှာပဲ အခန်းထဲက ထွက်သွားကြတာကြောင့် ဆီဘက်စတီယန် နဲ့ သူ့ရှေ့က မော်တော်ကား ပဲ ကျန်ရစ်ခဲ့တာပေါ့။ တိတ်ဆိတ်နေတဲ့ အချိန်မှာ ဆီဘက်စတီယန် က "မိုက်ကယ်၊ မင်း ငါပြောတာကို နားထောင်နေလား" လို့ မေးလိုက်ပါတယ်။
ရုတ်တရက်ဆိုသလို သူ့ခြေဖဝါးနောက်က အရိပ်က ရှည်ထွက်လာပြီး မိုက်ကယ် ရဲ့ ခန္ဓာကိုယ်က အခန်းထဲကို ပေါ်ထွက်လာတာပေါ့။
"ယိုး... အဘိုးကြီး ကျွန်တော့်ကို ခေါ်လိုက်တာလား" လို့ မိုက်ကယ် က လူကြီးကို ပေါ့ပေါ့ပါးပါးပဲ အလေးပြုရင်း ပြောလိုက်ပါတယ်။
"မင်းရဲ့ ထုတ်ကုန်အသစ်က တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ" လို့ ဆီဘက်စတီယန် က ဆိုပါတယ်။
"လက်တွေ့ကမ္ဘာရဲ့ စည်းမျဉ်းတွေကို ကျော်လွှားဖို့ မှော်ပညာကို မသုံးဘဲ ကမ္ဘာကြီးရဲ့ သဘာဝကျတဲ့ နည်းလမ်းတွေနဲ့တင် အခုလို ထူးထူးခြားခြား တီထွင်နိုင်တာက ငါ့ကို အခုထိ အံ့ဩစေတုန်းပဲ။ ပြောစမ်းပါဦး၊ မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
မိုက်ကယ် က လူကြီးကို ပြုံးပြလိုက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်တဲ့အခါ စစ်တုရင်ခုံနဲ့ အရုပ်တွေက စားပွဲပေါ်မှာ အလိုအလျောက် စီတန်းသွားကြပါတယ်။
"အရင်ဆုံး တစ်ပွဲလောက် ကစားကြမလား"
ဆီဘက်စတီယန် က တဟားဟား ရယ်မောရင်း စားပွဲရဲ့ တစ်ဖက်မှာ အသာအယာ ထိုင်လိုက်ပါတယ်။
"ငါ မင်းကို ကြိုသတိပေးထားရမယ်။ မင်းမရှိတဲ့ အချိန်မှာ ငါ့ရဲ့ အရည်အချင်းက အများကြီး တိုးတက်လာခဲ့တာ"
မိုက်ကယ် က တစ်ဖက်မှာ ထိုင်လိုက်ပြီး နှာခေါင်းရှုံ့လိုက်တာပေါ့။
"အဘိုးကြီး တစ်ယောက်တည်း တိုးတက်နေတာ မဟုတ်ဘူးနော်"
သူတို့နှစ်ယောက်ဟာ အရင်တုန်းကလိုပဲ နယ်ရုပ်တွေကို အပြန်အလှန် လဲလှယ်စားရင်း ကစားနေကြပါတယ်။ ဒါပေမဲ့ ဆီဘက်စတီယန် က သူ ဘယ်လောက်ပဲ တိုးတက်လာတယ်လို့ ထင်နေပါစေ နောက်ဆုံးမှာတော့ မိုက်ကယ် ကပဲ အမြဲ အသာစီး ရနေတာပေါ့။
"အခက်တွေ့နေပြီလား။ စိတ်အေးသွားအောင် ရေလေးဘာလေး သောက်လိုက်ပါဦးလား" လို့ မိုက်ကယ် က နောက်ပြောင်လိုက်ပါတယ်။
ဆီဘက်စတီယန် က မိုက်ကယ် ကို စိုက်ကြည့်လိုက်ပြီး စိတ်ကြည်လင်သွားအောင်နဲ့ နောက်ထပ် ရွှေ့ကွက်ကို စဉ်းစားနိုင်ဖို့ ရေတစ်ငုံ သောက်လိုက်တာပေါ့။ မိုက်ကယ် ကလည်း အခွင့်ကောင်းကို စောင့်နေပြီး နောက်ဆုံးမှာတော့ စကားစလိုက်ပါတယ်။
"ဪ... ကျွန်တော် ထူးခြားတာလေးတစ်ခု ဖန်တီးထားတယ်။ အဘိုးကြီး အဲဒါကို သိမလား" လို့ ပြောရင်း ဆီဘက်စတီယန် ရှေ့မှာ မီသရယ် အပိုင်းအစလေး တစ်ခုကို ထုတ်ပြလိုက်ပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဆီဘက်စတီယန် ဟာ အကြီးအကျယ် တုန်လှုပ်သွားတာကြောင့် သူ့လက်ထဲက ခွက်ထဲက ရေတွေအကုန်လုံး ပြန်ပန်းထွက်သွားပါတော့တယ်။
မိုက်ကယ် ကတော့ သူ အချိန်ကွက်တိ ထုတ်ပြလိုက်လို့ ဖြစ်သွားတဲ့ မြင်ကွင်းကို ကြည့်ပြီး မြေပြင်ပေါ်မှာ လူးလှိမ့်ပြီး အားရပါးရ ရယ်မောနေပါတော့တယ်။
* * * * * * * * *