← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 10 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 10 Ch. 115-116

အခန်း(၁၁၅)

လူသားတွေ အခြေချနေထိုင်တဲ့ နေရာတွေမှာ လူပု၊ မှော်သားရဲနှင့် မိစ္ဆာဆိုတဲ့ မျိုးနွယ်ခြားတွေ ရှိနေတာက သိပ်ပြီးထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဒီလိုမျိုးနွယ်စု အများစုနေထိုင်ကြတဲ့ ခြောက်သွေ့လွင်ပြင်နဲ့ အရမ်းနီးကပ်တဲ့ ကင်းစ်နယ်မြေ မှာဆိုရင် ပိုတောင် မထူးဆန်းသေးတာပေါ့။

ဒါပေမဲ့ သူတို့တွေကို လူမှုပတ်ဝန်းကျင်က သာမန်အတိုင်းလက်ခံထားကြတာမျိုးတော့ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့်တော့ မျိုးနွယ်ခြားတွေတစ်ယောက်လောက် လမ်းဖြတ်လျှောက်သွားရင် ထူးဆန်းသလိုမျိုး တစ်ချက်၊ နှစ်ချက်လောက်တော့ အကြည့်ခံရလေ့ ရှိပေမဲ့ လူအများစုကတော့ သူတို့ကို လျစ်လျူရှုထားကြပြီး ဘာမှမနှောင့်ယှက်ဘဲ သူတို့ဘာသာ သွားလာခွင့် ပေးထားကြတာပါ။

လူသားတွေရှိရာ နေရာတွေကို ပြောင်းရွှေ့လာကြတဲ့ မျိုးနွယ်ခြားအများစုဟာ ဖုန်းဆိုးမြေဖြစ်တဲ့ ခြောက်သွေ့လွင်ပြင် မှာထက်စာရင် ဒီနေရာမှာ ပိုကောင်းတဲ့ ဘဝမျိုး ရနိုင်လိမ့်မယ်လို့ တွေးခဲ့ကြတာကြောင့်ပါ။

ဒီနေရာမှာတော့ သူတို့တွေ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် လူသားတွေဆီမှာ သူတို့ရဲ့ လုပ်အားတွေကို ရောင်းချကြရတာပေါ့။ သူတို့ လုပ်ရတဲ့ အလုပ်အများစုကတော့ မြို့အနှံ့ကို လေးလံတဲ့ သတ္တုတွေ သယ်ယူပို့ဆောင်တာ၊ မြေကွက်အကျယ်ကြီးတွေကို တူးဖော်တာနဲ့ တခြားပင်ပန်းရတဲ့ သာမန် အခြေခံအလုပ်တွေပဲ ဖြစ်ပါတယ်။

ဒါကတော့ မျိုးနွယ်ခြားအများစု လုပ်ဆောင်နိုင်တဲ့ အကန့်အသတ်တစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့တွေကို ရုံးစာရေး ဒါမှမဟုတ် ကျွမ်းကျင်တဲ့ လက်မှုပညာသည်လိုမျိုး ရှုပ်ထွေးတဲ့ အလုပ်တွေ လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မယူဆခဲ့ကြဘူးလေ။ အဲဒါကြောင့်လည်း မျိုးနွယ်ခြားတွေကို အလုပ်ကြမ်းသမားတွေထက် ဘာမှမပိုသလိုမျိုး ဆက်ဆံခဲ့ကြပြီး သူတို့ရဲ့ တန်ဖိုးကိုလည်း ခန္ဓာကိုယ်ခွန်အားအပေါ်မှာတင် တိုင်းတာခဲ့ကြတာပေါ့။

ဒါပေမဲ့ ရီနေးတား ကုမ္ပဏီ ပေါ်လာပြီးတဲ့နောက်မှာတော့ လူသားကမ္ဘာထဲက မျိုးနွယ်ခြားတွေရဲ့ အခြေအနေက မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲသွားခဲ့ပါပြီ။

ရုတ်တရက်ဆိုသလိုပဲ လူသားစကားကို ပြည့်ပြည့်စုံစုံ ပြောနိုင်တဲ့ မျိုးနွယ်ခြားတွေ ပေါ်လာခဲ့ပါတယ်။ သူတို့ ပြောတဲ့ စကားလုံးတွေက ရှုပ်ထွေးပြီး သာမန်လူသားတွေနဲ့တောင် ခွဲခြားလို့ မရနိုင်လောက်အောင်ပါပဲ။

ဒါတင်မကသေးဘဲ သူတို့အားလုံးက မှော်ပညာကိုလည်း အသုံးပြုနိုင်ပုံ ရနေပြန်ပါတယ်။ ဒီမျိုးနွယ်ခြားတွေဟာ ကြယ်သုံးပွင့်မန္တန် နဲ့ အဲဒီအထက် အဆင့်တွေကို သုံးနိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့တာကြောင့် ဒါက လူအများစုကို အံ့ဩသွားစေခဲ့တာပေါ့။

မော်တော်ကားတွေကို စတင်မိတ်ဆက်ပြီး နောက်တစ်ရက်မှာတော့ ပါရမီရှင် အင်ဂျင်နီယာ ဟော့ဘ်မျောက်လူ တွေဟာ ပရိသတ်ရာနဲ့ချီတဲ့ ရှေ့မှာတင် ကြယ်သုံးပွင့်မန္တန်တစ်ခုကို အသုံးပြုပြီး သူတို့ရဲ့ အရည်အချင်းကို ပြသခဲ့တဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။

သူတို့ဟာ မြေသားကို သူတို့ အလိုရှိသလို ပုံသွင်းပြီး စက္ကန့်ပိုင်းအတွင်းမှာတင် မြေပြင်ပေါ်မှာ ကြီးမားတဲ့ ကျင်းတစ်ခုကို ဖန်တီးလိုက်တာပါ။ အဲဒီနောက်မှာတော့ လွတ်နေတဲ့နေရာမှာ ပြီးပြည့်စုံတဲ့ ဓာတ်ဆီဆိုင်ရဲ့ ဗိသုကာပုံစံများပုံဖော်ခြင်းကို 3D ပုံရိပ်ယောင်နဲ့ ဖော်ပြလိုက်တာကြောင့် အလုပ်သမားတွေအနေနဲ့ အသေးစိတ် အချက်အလက်လေးတွေအထိ လွယ်လွယ်ကူကူ လိုက်လုပ်နိုင်သွားတာပေါ့။

သူတို့ဟာ စီမံကိန်းကို ထိန်းချုပ်ပြီး အစွမ်းကုန်ထိရောက်အောင် လုပ်ဆောင်ပြခဲ့တာကြောင့် ဒီလိုအလုပ်မျိုးမှာ လူသားဆောက်လုပ်ရေး စီနီယာအလုပ်သမားကြီးတွေထက်တောင် ပိုပြီး ကျွမ်းကျင်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ ဒီ မျိုးနွယ်ခြားတွေဟာ လက်ရှိ လူသားတွေရဲ့ စံနှုန်းထက်တောင် သာလွန်တဲ့ ရှုပ်ထွေးနက်နဲတဲ့ မှော်ပညာ ပါရမီတွေကိုလည်း ပြသခဲ့ကြတာပေါ့။

ဒါဟာ အစကတည်းက မျိုးနွယ်ခြားတွေအပေါ် ထားရှိတဲ့ လူတွေရဲ့ အမြင်ကို လုံးဝကို ပြောင်းလဲပစ်လိုက်တာပါပဲ။ လူတွေက သူတို့တွေကို အသိဉာဏ် နည်းနည်းပဲရှိပြီး လူသားစကားကို အခြေခံလောက်ပဲ ပြောတတ်တဲ့ တိရစ္ဆာန်တွေလိုမျိုး သာမန်သတ္တဝါလေးတွေလို့ပဲ ထင်ခဲ့ကြတာကိုး။ ဒါပေမဲ့ အဲဒီနေ့မှာ သူတို့ ပြသခဲ့တဲ့ အရာတွေက သူတို့ဟာလည်း ရှုပ်ထွေးတဲ့ အတွေးအခေါ်တွေ ရှိကြပြီး လူသားတွေနဲ့ တန်းတူ အဆင့်အတန်းမှာ ရှိနေတယ်ဆိုတာကို သက်သေပြလိုက်သလိုပါပဲ။

မျိုးနွယ်ခြားတွေဟာ နယ်မြေအနှံ့အပြားမှာရှိတဲ့ ရီနေးတား စီးပွားရေးလုပ်ငန်းတွေကို စတင် ထိန်းချုပ်လာကြတာနဲ့အမျှ ရက်တွေ ကြာလာတာနဲ့အမျှ ဒါဟာ ပိုပြီးတော့တောင် ပြန့်နှံ့လာခဲ့ပါပြီ။

ရုတ်တရက်ဆိုသလိုပဲ စိုစွတ်တဲ့ ဈေးတွေထဲမှာ မြွေလူသားတွေက ငါးရောင်းရင်း ဖောက်သည်တွေနဲ့ ဈေးဆစ်နေတာကို မြင်ရတာက ပုံမှန်လိုဖြစ်လာခဲ့ပါတယ်။ ညဘက်တွေမှာလည်း ရီနေးတားရုံးခန်းတွေကို ဘေးကင်းလုံခြုံအောင် အင်မတန် ခန့်ညားထည်ဝါတဲ့ ကုလားအုတ်လူသား တွေ ကင်းလှည့်နေတာကို မြင်ရတာကလည်း ပုံမှန်လို ဖြစ်လာခဲ့ပြန်တာပေါ့။ ရီနေးတားကုမ္ပဏီအတွက် ကုန်ပစ္စည်းတွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ထရပ်ကားအကြီးကြီးတွေနဲ့ မောင်းနှင်နေတဲ့ ဆိတ်လူသာ တွေကို လမ်းမတွေပေါ်မှာ မြင်ရတာကလည်း ပုံမှန်လို ဖြစ်လာခဲ့ပါပြီ။

ဒီ မျိုးနွယ်ခြားတွေဟာ တကယ်ကို အရည်အချင်းရှိတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အလုပ်တွေမှာလည်း အင်မတန် တော်ကြတယ်ဆိုတာကို လူတွေ နားလည်သွားဖို့ သိပ်မကြာလိုက်ပါဘူး။

ဥပမာအားဖြင့် ရီနေးတားကုမ္ပဏီဟာ စိုက်ပျိုးရေးလုပ်ငန်းထဲကို ဝင်ရောက်လာပြီး သူတို့ရဲ့ ပိုလျှံတဲ့ ကောက်ပဲသီးနှံတွေနဲ့ ရိတ်သိမ်းရရှိတဲ့ အထွက်နှုန်းတွေကို ကင်းစ်နယ်မြေ အတွင်းက ဈေးတိုင်းမှာ လိုက်လံ ရောင်းချခဲ့ပါတယ်။

သူတို့ရဲ့ ထွက်ကုန်တွေက ပုံမှန်ထက် အများကြီး ပိုပြီး ကြီးမားနေတာကတော့ အစကတည်းက ရှင်းရှင်းလင်းလင်း မြင်နေရတာပေါ့။ သူတို့ရဲ့ မုန်လာဥနီတွေက ပိုပြီး လိမ္မော်ရောင်သန်းသလို ပိုလည်း ရှည်ကြတယ်၊ သူတို့ရဲ့ ဂေါ်ဖီထုပ်တွေကလည်း ပိုပြီး အရွက်တွေ ဝေဆာနေသလို ရာသီမဟုတ်တဲ့ သီးနှံတွေကိုတောင် ရောင်းချနေကြတာပါ။

ရီနေးတားနိုင်ငံရဲ့ မျိုးနွယ်ခြားတွေဟာ တခြားသူတွေနဲ့ လုံးဝကို အဆင့်အတန်း မတူဘူးဆိုတာ သိသာလှပါတယ်။

သူတို့ဟာ လူတွေ ထင်ထားတာထက်တောင် အများကြီး ပိုပြီး ချမ်းသာနေကြသေးတာပေါ့။ ဟော့ဘ်မျောက်လူ တွေ၊ ဆိတ်လူသား တွေနဲ့ လူပု တွေဟာ သူတို့ရဲ့ စီမံကိန်းတွေကို အပြီးသတ်ဖို့ ဒီမှာ ခဏနေထိုင်ကြမှာဖြစ်တာကြောင့် မြို့ထဲမှာ အိမ်နဲ့ ခြံဝင်းတွေကိုယ်တိုင် ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ကြတဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။

ဈေးနှုန်းတွေ ကြီးမြင့်နေပေမဲ့လည်း မြို့ရဲ့ အလယ်ဗဟိုမှာရှိတဲ့ အိမ်ရာပိုင်ဆိုင်မှုတွေကို သူတို့ ဝယ်ယူခဲ့ကြတာပါ။ ကင်းစ်ဘရစ်ချ် ဆိုတာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံသားတွေ နေထိုင်တဲ့ ချမ်းသာတဲ့ မြို့ကြီးလို့ ပြောရမှာ ဖြစ်ပေမဲ့လည်း ရီနေးတား ရဲ့ မျိုးနွယ်ခြားတွေကတော့ ဝယ်ယူနိုင်စွမ်းအားမှာ လုံးဝကို နောက်ကောက် ကျမနေပါဘူး။

သူတို့ တစ်ယောက်ချင်းစီဟာ ရွှေဒင်္ဂါးတွေကို ဘာမှမဟုတ်သလိုမျိုး သုံးဖြုန်းနိုင်စွမ်း ရှိနေကြပုံပါပဲ။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်အနေနဲ့ သူတို့ကို ရွှေဒင်္ဂါးတွေ ပေးတဲ့နေရာမှာ တွန့်တိုနေတာ မဟုတ်ဘူးလေ၊ သူတို့ကလည်း အဲဒီအတွက် ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့ကြတာကိုး။

သူတို့ရဲ့ စရိတ်စကတွေက ရွှေဒင်္ဂါးထောင်နဲ့ချီပြီး ရှိနေတာကြောင့် မြို့ထဲမှာ အချိန်အကြာကြီး သက်သောင့်သက်သာ နေထိုင်ဖို့အတွက် လုံလောက်နေတာပါ။ ဒီ မျိုးနွယ်ခြားတွေဟာ ရွှေဒင်္ဂါးတွေကို အလျှံပယ် သုံးနိုင်သူတွေအဖြစ် နာမည်ကျော်လာရတဲ့ အကြောင်းရင်းကတော့ သူတို့ဟာ ပိုက်ဆံစုဖို့ သိပ်ပြီး ဂရုမစိုက်ကြလို့ပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ အိမ်ကို ပြန်ရောက်ရင် သူတို့ လိုချင်သမျှ အရာရာတိုင်းက စောင့်ကြိုနေပြီးသားလေ။

"ဒါက တကယ်လားတော့ ကျွန်တော် မသိဘူးနော်" လို့ မိုက်ကယ် ရဲ့ ကားဆရာက တိုးတိုးလေး ကပ်ပြောလိုက်ပါတယ်။

"ဒါပေမဲ့ အခု ပေါ်လာတဲ့ မျိုးနွယ်ခြားတွေ အားလုံးက ခြောက်သွေ့လွင်ပြင် ထဲက သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံကနေ လာကြတာလို့ ကျွန်တော် ကြားတယ်"

သေချာတာပေါ့၊ နောက်ဆုံးမှာတော့ သူတို့အားလုံးဟာ ရီနေးတားနိုင်ငံကနေ လာကြတာဆိုတာကို လူတွေ သိသွားကြပါတယ်။ ဒါပေမဲ့ ခြောက်သွေ့လွင်ပြင်ဟာ ကိုယ်ပိုင်နိုင်ငံတည်ထောင်နိုင်လောက်တဲ့အထိ ကြီးပွားချမ်းသာလာနိုင်စွမ်း မရှိဘူးလို့ လူတွေက အခုထိ ယုံကြည်နေကြဆဲမို့လို့ ဒီသတင်းက သိပ်ပြီးတော့ မပြန့်သေးပါဘူး။

ဒါပေမဲ့လည်း လူအများစုကတော့ အမှန်တရားကို စပြီး သိရှိနေကြပါပြီ။ ဘာပဲဖြစ်ဖြစ် အဲဒီကို ကိုယ်တိုင်သွားကြည့်ရုံနဲ့တင် အမှန်တရားကို လွယ်လွယ်ကူကူ အတည်ပြုနိုင်တာပဲလေ။

မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ ရီနေးတား ရုံးခန်းကို နောက်ဆုံးမှာ ရောက်ရှိလာခဲ့ပါတယ်။ သူက ကားဆရာကို ရက်ရောတဲ့ လက်ဆောင်အနေနဲ့ ရွှေဒင်္ဂါးတစ်ပြား ပစ်ပေးလိုက်တော့ ကားဆရာကလည်း သူ့ရဲ့ စေတနာအပေါ်မှာ အလွန်အမင်းကို ကျေးဇူးတင်စကား ပြောရှာတာပေါ့။

သူ ကားပေါ်က ဆင်းလိုက်တာနဲ့ ရီနေးတားအဆောက်အအုံရှေ့မှာ နောက်ထပ် ရှည်လျားတဲ့ လူတန်းကြီးတစ်ခုကို ချက်ချင်းပဲ တွေ့လိုက်ရပြန်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခါတော့ အဲဒီလူတန်းကြီးက လူသားတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘဲ မျိုးနွယ်ခြားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ရီနေးတားနိုင်ငံ အကြောင်း ကောလာဟလတွေက ကင်းစ်နယ်မြေ တစ်ခွင်မှာ ပြန့်နှံ့သွားခဲ့ပြီးကတည်းက သူတို့နဲ့ ပူးပေါင်းချင်ကြတဲ့ မျိုးနွယ်ခြားတွေ ပိုပြီးများလာခဲ့တာပေါ့။ သူတို့တွေဟာ ရီနေးတားက အရည်အချင်းရှိတဲ့ မျိုးနွယ်ခြားတွေလိုမျိုးပဲ ချမ်းသာကြွယ်ဝလာဖို့ မျှော်လင့်နေကြတာပါ။

သူတို့တွေဟာ ပိုကောင်းတဲ့ ဘဝမျိုးကို ရှာဖွေဖို့အတွက် ခြောက်သွေ့လွင်ပြင်ကနေ ထွက်ခွာလာခဲ့ကြတာဖြစ်ပေမဲ့ ပိုကောင်းတဲ့ ဘဝဆိုတာက အဲဒီ ခြောက်သွေ့လွင်ပြင်ထဲမှာပဲ သူတို့ကို စောင့်ကြိုနေလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ ထင်မထားခဲ့ကြပါဘူး။

* * * * * * * * *

စာစဉ်(၁၀)

အခန်း(၁၁၆)

"သခင်လေး ရောက်လာပြီပဲ"

မိုက်ကယ် အဆောက်အအုံဆီ လျှောက်လာတာကို မြင်လိုက်တာနဲ့ ကက်စတယ်လာ က တက်ကြွလန်းဆန်းသွားတာပေါ့။ မိုက်ကယ်နဲ့ရင်းနှီးတဲ့ ကျန်တဲ့ဝန်ထမ်းတွေရဲ့ မျက်နှာပေါ်မှာလည်း သူ့ကို မြင်လိုက်ရတဲ့အခါ ပြုံးရွှင်နေကြတာပါပဲ။

"တွေ့ရတာ ဝမ်းသာပါတယ် ကက်စတယ်လာ" လို့ မိုက်ကယ်က ပြန်ပြီးလက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ပါတယ်။

"သခင်… ဒီမှာလည်း ဘေ့စ်ဘောကစားနည်းကို မြန်မြန်ပြန့်နှံ့အောင် လုပ်ပေးပါဦး။ ကျွန်တော် ကစားချင်လွန်းလို့ ယားကျိကျိ ဖြစ်နေပြီ။ ဒီနေ့ ညနေကျရင် တစ်ပွဲလောက် ကစားကြမလား" လို့ ကက်စတယ်လာ ရဲ့ ဘေးနားမှာရှိတဲ့ ခုန်း က ပြောလိုက်ပါတယ်။ သူက ရီနေးတားကုမ္ပဏီအတွက် အဆောက်အအုံပုံစံတွေ ထပ်ဆွဲပေးဖို့ အလုပ်ရှုပ်နေတာမို့ ရုံးခန်းဆီကို မကြာခဏ လာတတ်တာကိုး။

"အရင်ဆုံး မင်းရဲ့ ကစားကွက်ကို တိုးတက်အောင် လုပ်ဦး။ နောက်တစ်ခါကျရင်တော့ မင်း ငါ့ကို အနိုင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ မိုက်ကယ်က ခုန်းကို နောက်ပြောင်ပြီး ပြန်ပြောလိုက်တဲ့အခါ ဟော့ဘ်မျောက်လူ က စိတ်ပျက်လက်ပျက်နဲ့ သူ့ပါးသူရိုက်လိုက်မိတယ်။

"ဒီက ဘီယာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အေးအေးလေးသောက်ရတာက ပိုကောင်းတာပေါ့။ သခင် ဒီမြို့ထဲမှာ ဘယ်တော့လောက် လျှပ်စစ်မီးတွေ သွယ်တန်းပေးမှာလဲ"

ခုန်း ရဲ့ ဘေးမှာတော့ ဒီမြို့မှာအလုပ်လုပ်နေတဲ့ လူပုအားလုံးရဲ့ ကြီးကြပ်ရေးမှူးဖြစ်လာတဲ့ သရိန်းရှိနေတာပါ။ သူ့ရဲ့ ပါးပြင်တွေမှာ နီမြန်းတဲ့အရောင်တွေ မရှိနေတာကို ကြည့်ရင် အဲဒီ လူပုအဘိုးကြီးက ဒီနေ့အတွက် သောက်နေကျ ဘီယာမသောက်ရသေးတဲ့ ပုံပဲလေ။

"သခင် နောက်တစ်ခါကျရင် စစ်တုရင် တစ်ပွဲလောက် ကစားရအောင်"

"ကျွန်တော်တို့ နိုင်ငံကို ပြန်ရောက်ရင် မြစ်ထဲမှာ ရေသွားချိုးကြမယ်လေ သခင်။ ကျွန်တော်တို့နဲ့ အတူ လိုက်ခဲ့ပါဦး"

"သခင်.. ကျွန်တော်တော့ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ရေပူစမ်းတွေကို သတိရနေပြီ"

မိုက်ကယ်က ရုံးခန်းထဲမှာရှိတဲ့ ရီနေးတားနိုင်ငံသားအားလုံးကို နှုတ်ဆက်လိုက်ပြီး သူတို့ကလည်း လေးစားသမှုနဲ့ တက်ကြွစွာပဲ ပြန်လည်နှုတ်ဆက်ကြတာပေါ့။

တန်းစီနေကြတဲ့ ဒေသခံ မျိုးနွယ်ခြားတွေကတော့ ဒီမြင်ကွင်းတစ်ခုလုံးကို အံ့သြတုန်လှုပ်ပြီး ဇဝေဇဝါ ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်နေကြပါတယ်။

သူတို့ ခုန်း ကို ပထမဆုံး မြင်တုန်းကဆိုရင် ဖြောင့်စင်းနေတဲ့ သံချောင်းတွေကို စက္ကန့်ပိုင်းအတွင်းမှာတင် အိမ်တစ်လုံးရဲ့ အုတ်မြစ်ဖြစ်အောင် သူ ဘယ်လို ကွေးညွှတ်လိုက်သလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာကိုး။

သူတို့ သရိန်း ကို ပထမဆုံး မြင်တုန်းကလည်း သံမဏိတွေကို တခြားပုံစံတစ်ခုအဖြစ် ပုံသွင်းလို့ ရနိုင်အောင် ပါးစပ်ကနေ မီးတွေမှုတ်ပြီး အရည်ဖျော်လိုက်တာကို မြင်ခဲ့ရတာပါ။

ဆင့်ကဲပြောင်းလဲထားပြီး အရည်အချင်းရှိတဲ့ အဲဒီ မျိုးနွယ်ခြားတွေကို ပထမဆုံး မြင်လိုက်ရတဲ့အခါ သူတို့ဟာ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့ ပုဂ္ဂိုလ်တွေလို့ပဲ ထင်ရပါတယ်။

အတိုချုပ်ပြောရရင်တော့ ရီနေးတားရဲ့ မျိုးနွယ်ခြားတွေကို မြင်ရတာက အတော်ဆုံးလူသားတွေထက်တောင် သာလွန်တဲ့ ကြီးမားတဲ့ ခွန်အားနဲ့ ကြီးမားတဲ့ တန်ခိုးတွေကို ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်ကြီးတွေလိုပါပဲ။ ဒါပေမဲ့ ရွှေဝါရောင်ဆံပင်တွေနဲ့ ဒီလူသားကလေးငယ်လေးကို ရင်ဆိုင်ရတဲ့ အခါမှာတော့ သူတို့အားလုံးဟာ သဘာဝအတိုင်းပဲ သူ့ဆီကို စုပြုံရောက်ရှိသွားကြပြီး သူ့ရဲ့ အသက်အရွယ်နဲ့ မျိုးနွယ်စုကို ဂရုမစိုက်ဘဲ သူ့ကို အလေးအနက်ထားပြီး လေးလေးစားစား ဆက်ဆံနေကြတာပေါ့။

မိုက်ကယ်ကို ကြည့်လိုက်တဲ့ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ကြည်ညိုလေးစားမှုတွေကလွဲလို့ တခြား ဘာမှ မရှိပါဘူး။

ဒါက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူသားကောင်လေးက ဘယ်သူများလဲဆိုတာကို သူတို့ကို တွေးတောသွားစေတာပေါ့။

"ဟေး မင်းတို့ အဆင်ပြေကျလား" လို့ မိုက်ကယ်က ဒေသခံမျိုးနွယ်ခြားတွေကို မေးလိုက်ပါတယ်။

သူတို့တစ်သက်လုံး လူသားတွေအခြေချနေထိုင်တဲ့နေရာတွေရဲ့ အပြင်မှာပဲ နေထိုင်ခဲ့ကြတာမို့လို့ ဒီမျိုးနွယ်ခြားတွေဟာ လူသားကောင်လေးတစ်ယောက်က သူတို့ဆီ ချဉ်းကပ်လာပြီး ခင်ခင်မင်မင်နဲ့ ပြုံးရွှင်စွာ စကားပြောတာကို အသားမကျကြသေးပါဘူး။ များသောအားဖြင့် မိဘတွေဆိုရင် သူတို့နဲ့ ဆုံတဲ့အခါတိုင်း သူတို့ရဲ့ ကလေးတွေကို အမြဲတမ်းဖုံးကွယ်ထားတတ်ကြတာကိုး။

"စိတ်အေးအေးထား… သူက ကျွန်တော်တို့ရဲ့ သခင်ပဲ။ သူက ကျွန်တော်တို့ကို အခုလို အခြေအနေမျိုး ဖြစ်လာအောင် ကူညီပေးခဲ့တဲ့သူပါ" လို့ ခုန်း က ကြောက်ရွံ့နေတဲ့ မျိုးနွယ်ခြားတွေကို ပြောလိုက်ပါတယ်။

"သူက အန္တရာယ်မရှိတဲ့ ချစ်စရာလေးပါ" လို့ ဟော့ဘ်မျောက်လူ အမျိုးသမီးတစ်ယောက်က ပြောရင်း မိုက်ကယ် ကို ဆွဲယူပြီး သူ့ရဲ့ ရင်ခွင်ထဲမှာ ထည့်ကာ ဖက်ထားလိုက်တာပေါ့။

ဒီလို ပြောနေကြပေမဲ့လည်း သူတို့တွေက မိုက်ကယ်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့အတွက် အနည်းငယ် တွန့်ဆုတ်နေကြတုန်းပါပဲ။ လူသားတစ်ယောက်ကို ထိတွေ့မိတဲ့အတွက် ပြဿနာတွေတက်လာမှာကို သူတို့ ကြောက်နေကြတုန်းပဲလေ။

မိုက်ကယ် က သူတို့ရဲ့ ခံစားချက်ကို နားလည်တာကြောင့် ဒီလို ကသိကအောက် ဖြစ်နေတာတွေကို ပြေပျောက်သွားအောင် သူတို့အတွက် ပိုက်ဆံတွေကို အလျှံပယ် သုံးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

"ငါ့နောက်ကို လိုက်ခဲ့ကြ" လို့ သူက မျိုးနွယ်ခြားတွေကို ပြောလိုက်ပါတယ်။

ခုန်း နဲ့ တခြားရီနေးတားနိုင်ငံသားတွေက မျိုးနွယ်ခြားတွေကို မိုက်ကယ်နောက်က လိုက်သွားဖို့ တွန်းအားပေးလိုက်ရပေမဲ့ နောက်ဆုံးမှာတော့ သူတို့ဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် သူ့နောက်ကနေ လမ်းလျှောက် လိုက်ပါသွားကြတာပေါ့။

ဒါက မြို့လယ်ခေါင်မှာ ဖြစ်တာကြောင့် ဒီတစ်ဝိုက်လုံးဟာ လတ်ဆတ်တဲ့ ထွက်ကုန်တွေကနေစလို့ အသားကင်တွေနဲ့ လူတိုင်းအတွက် အချိုပွဲတွေအထိ အရာအားလုံးကို ရောင်းချနေတဲ့ တက်ကြွလန်းဆန်းတဲ့ ဈေးတွေနဲ့ ပြည့်နှက်နေတာပါ။

မိုက်ကယ် နဲ့ မျိုးနွယ်ခြား အုပ်စုကြီးဟာ လူတွေနဲ့ စည်ကားနေတဲ့ တက်ကြွတဲ့ ဈေးတန်းဆီကို မရောက်ခင် နောက်ထပ် လမ်းတစ်လမ်းအထိပဲ လမ်းလျှောက်ခဲ့ကြရတာပါ။

မျိုးနွယ်ခြားတွေဟာ လူသားတွေရဲ့ နယ်မြေထဲကို အတော်လေး ရောက်နေတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မကွဲကွာအောင် အုပ်စုလိုက် စုပြုံနေကြတာပေါ့။ ဒီနေရာဟာ ချမ်းသာတဲ့ လူသားတွေအတွက်ပဲ ဖြစ်ပြီး ဒီက ဈေးနှုန်းတွေက သူတို့ မတတ်နိုင်တဲ့ အရာတွေမို့လို့ သူတို့တွေ ဒီနေရာကို သိပ်မလာကြပါဘူး။

ဒါတောင်မှ ဆိုင်တိုင်းမှာ ပြသထားတဲ့ သွားရည်ကျချင်စရာ ကြက်သားကင်တွေနဲ့ သကြားလုံးသုတ်ထားတဲ့ ပန်းသီးတွေကို သူတို့ မကြည့်ဘဲ မနေနိုင်ကြပါဘူး။ လူသားကလေးငယ်တွေက သူတို့ရဲ့ မိခင်တွေ ဝယ်ပေးတဲ့ အချိုပွဲတွေကို ပျော်ပျော်ပါးပါးစားနေတာကို မြင်လိုက်ရတဲ့အခါ မျိုးနွယ်ခြားကလေးတွေတောင်မှ သွားရည်ကျနေကြတာပေါ့။

မိုက်ကယ် က အကင်ဆိုင်ပိုင်ရှင်ဆီ လမ်းလျှောက်သွားပြီး ခေတ္တမျှ စကားပြောလိုက်တဲ့အခါ ဆိုင်ဝန်ထမ်းက အံ့သြသွားတဲ့ ပုံစံမျိုး ပြပေမဲ့ နောက်တော့မှ စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်။

မိုက်ကယ် က ရွှေဒင်္ဂါးတွေ ပြည့်နေတဲ့ အိတ်ကြီးတစ်အိတ်ကို ထုတ်ယူပြီး ဆိုင်ပိုင်ရှင်ကို ပေးလိုက်တာပေါ့။

ပိုက်ဆံကိုလည်းရရော ဆိုင်ပိုင်ရှင်က စိတ်လှုပ်ရှားစွာနဲ့ သူ့ဆိုင်ထဲက အသားကင်တွေကို ထုတ်ယူပြီး မျိုးနွယ်ခြားတွေကို စတင်ပေးဝေပါတော့တယ်။

ဒါပေမဲ့ သေချာတာပေါ့၊ မျိုးနွယ်ခြားတွေကတော့ ဇဝေဇဝါ ဖြစ်နေကြပြီး အဲဒီအတွက် ပိုက်ဆံအများကြီး ပေးရမှာကို ကြောက်တာကြောင့် အသားကင်တွေကိုတောင် တွန်းထုတ်နေကြတာပါ။

မိုက်ကယ်က မျိုးနွယ်ခြားတွေဘက်ကို လှည့်ပြီး "ဘာကို စောင့်နေကြတာလဲ။ ဒီက မင်းတို့ လိုချင်တာ မှန်သမျှကို ယူလို့ရတယ်။ အကုန်လုံးအတွက် ငါ ပိုက်ဆံပေးပြီးသွားပြီ" လို့ ပြောလိုက်ပါတယ်။

မျိုးနွယ်ခြားတွေက မိုက်ကယ် ကို မှင်သက်နေတဲ့ ပုံစံနဲ့ ကြည့်နေကြတာပေါ့။

နောက်ဆုံးမှာတော့ မျောက်လူ ကလေးတစ်ယောက်က အမဲသားကင် တစ်ခုကို လက်ခံလိုက်ပြီး အကြီးကြီး တစ်ကိုက် ကိုက်လိုက်ပါတော့တယ်။ ချက်ချင်းဆိုသလိုပဲ အသားရဲ့ အရသာအပြည့်က ကလေးကို ပျော်ရွှင်သွားစေပြီး ဝမ်းသာလွန်းလို့ ဟိုခုန်ဒီခုန်တောင် လုပ်နေတာပေါ့။

"အရသာရှိလား" လို့ မိုက်ကယ် က မေးလိုက်ပါတယ်။

"...ဟုတ်ကဲ့..." လို့ အသားကင်ကနေ မျက်တောင်မခတ်တမ်း ကြည့်ရင်း ကလေးက ပြန်ဖြေလိုက်တာပေါ့။

"မင်း ကြိုက်တာ မှန်သမျှ ယူလို့ရတယ်။ ဟို သကြားလုံးသုတ်ထားတဲ့ ပန်းသီးကိုလည်း လိုချင်လား။ မင်း လိုချင်သလောက် ယူလိုက်ပါ"

အဲဒီကလေး အဝစားနေတာကို မြင်လိုက်ရတဲ့အခါ ကျန်တဲ့ မျိုးနွယ်ခြားတွေလည်း ဆိုင်မှာရှိတဲ့ ကျန်တဲ့ အသားကင်တွေကို နောက်ဆုံးမှာ ယူလိုက်ကြပြီး သူတို့ စိတ်တိုင်းကျ အဝစားကြပါတော့တယ်။

ခုန်း နဲ့ တခြားရီနေးတားနိုင်ငံသားတွေဟာ ဒီမြင်ကွင်းကို ကြည့်ပြီး နည်းနည်းတော့ စိတ်လှုပ်ရှားသွားကြတာပေါ့။ အစားအစာနဲ့ ရေတွေ အလျှံပယ် ရှိနေတာက သူတို့အတွက်တော့ ပုံမှန်ကိစ္စတစ်ခု ဖြစ်နေပေမဲ့ ဒီကမ္ဘာမှာ နေထိုင်နေကြတဲ့ မျိုးနွယ်ခြားအများစုအတွက်တော့ အိပ်မက်တစ်ခုလိုပဲ ဖြစ်နေခဲ့တာကိုး။

မျိုးနွယ်ခြားတွေရဲ့ မျက်နှာပေါ်မှာတော့ တစ်သက်မှာတစ်ခါပဲ ကြုံရမယ့် ဒီအခွင့်အရေးကို အသုံးချရင်း အပြုံးတွေနဲ့ ပြည့်နှက်နေပါတော့တယ်။

သေချာတာပေါ့၊ သူတို့သာ ရီနေးတားနိုင်ငံမှာ ပါဝင်ခဲ့မယ်ဆိုရင် သူတို့ အလိုရှိသရွေ့ ဒီလို သုခဘုံမျိုးကို နေ့တိုင်း ရရှိနိုင်မယ်ဆိုတာကိုတော့ သူတို့ မသိကြသေးပါဘူး။

* * * * * * * * *

All Chapters