အခန်း (၁၁၉-၁၂၀)
Vol. 10 Ch. 119-120
အခန်း(၁၁၉)
နယ်မြေနှစ်ခုကို ပိုင်းခြားထားတဲ့ နာမည်ကျော် တောင်တန်းကြီးရဲ့ တစ်ဖက်ခြမ်းမှာတော့ အကြေးခွံတွေနဲ့ ဖုံးလွှမ်းနေတဲ့ မျိုးနွယ်ခြားအုပ်စုတစ်စုဟာ သူတို့ရှေ့က မတ်စောက်တဲ့ ကျောက်ဆောင်တွေကို မော့ကြည့်နေကြပါတယ်။
ဒီမျိုးနွယ်ခြားတွေဟာ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်ကြပြီး တစ်ကိုယ်လုံးမှာ မြွေအရေခွံလိုမျိုး မာကျောတဲ့ အကြေးခွံတွေ ရှိကြတာပါ။ သူတို့ရဲ့ ဦးခေါင်းတွေက လူသားနဲ့မတူဘဲ ပုတ်သင်ညိုနဲ့ ပိုတူနေပြီး ဆံပင်လည်း မရှိသလို ဦးခေါင်းခွံကလည်း ဖောင်းကြွကြွ ပုံစံမျိုး ဖြစ်နေပါတယ်။
သူတို့ရဲ့ မျိုးနွယ်စုကိုတော့ ကိုမိုဒိုလို့ ခေါ်တဲ့ ဖွတ်နဂါးလူသားကြပြီး သာမန်ထက်ပိုတဲ့ အသိဉာဏ် ရှိကြသလို လူသားတွေလိုပဲ လက်မကို အသုံးပြုနိုင်တာကြောင့် ငွေကိုင်စာရေး၊ အစောင့်အရှောက် ဒါမှမဟုတ် ရုံးစာရေးလိုမျိုး အခြေခံအလုပ်တွေကို လုပ်ကိုင်နိုင်ကြတာပေါ့။
ဒါပေမဲ့ အဲဒါက သူတို့ လုပ်ဆောင်နိုင်တဲ့ အကန့်အသတ်ပါပဲ။ သူတို့က ကိုယ်ပိုင်နိုင်ငံရှိပြီး လက်မှုပညာမှာ အင်မတန်ကျွမ်းကျင်တဲ့ လူပုတွေလို မဟုတ်ကြသလို၊ ပါရမီရှိတဲ့လူသားတွေထက်တောင် မှော်စွမ်းအင် ပိုများတဲ့ နတ်သူငယ်တွေလိုလည်း မဟုတ်ကြပါဘူး။ ခန္ဓာကိုယ် ခွန်အားနဲ့ ဗလကို ကြွားဝါနိုင်တဲ့ အော့ခ်တွေလိုလည်း မဟုတ်ကြပြန်ဘူးလေ။
အကောင်းဆုံး ပြောရရင်တော့ သူတို့က သာမန် အလတ်တန်းစားလောက်ပဲ ရှိတာပါ။ ဖြစ်သလိုပဲ အဆင်ပြေနေကြတာပေါ့။
ရှင်သန်ဖို့အတွက် ပိုပြီး ဂရုစိုက် ပြုပြင်ထိန်းသိမ်းရတာကလွဲလို့ သူတို့က မှော်ပညာအသုံးမပြုနိုင်တဲ့ သာမန်လူသားတွေနဲ့ပဲ တူပါတယ်။
ဒါက သူတို့အနေနဲ့ တခြားသူတွေထက် အစားအစာနဲ့ ရေကို အများကြီး ပိုဝယ်ယူရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သူတို့ လုပ်နိုင်တဲ့ အလုပ်တွေကရတဲ့ လစာကလည်း အသက်ရှင် ရပ်တည်ဖို့အတွက် လိုအပ်တဲ့ ပမာဏအောက်တင် ရှိနေတာကြောင့် ဒါက တကယ်ကို ခက်ခဲလှပါတယ်။
ကွင်းစ်နယ်မြေ ရဲ့ ပိုကြီးပြီး ပိုချမ်းသာတဲ့ နေရာတွေမှာတော့ လစာပိုကောင်းတာ မှန်ပေမဲ့ အဲဒီမှာ ပြိုင်ဆိုင်မှုက အများကြီး ပိုပြင်းထန်ပါတယ်။ ဒါတင်မကသေးဘဲ အစားအသောက် ဈေးနှုန်းတွေကလည်း ပိုမြင့်နေပြန်တာပေါ့။ အဲဒါကြောင့် နောက်ဆုံးတော့ ဘာမှ ထူးမလာပါဘူး။
နောက်ဆုံးမှာတော့ ဒီ ဖွတ်နဂါးလူသားအုပ်စုဟာ ဒါတွေကို သည်းမခံနိုင်တော့ပါဘူး။ သူတို့ဟာ ကွင်းစ်နယ်မြေ ကနေ ထွက်ခွာပြီး သူတို့ရဲ့ ဘိုးဘွားပိုင်မြေဖြစ်တဲ့ ခြောက်သွေ့လွင်ပြင်ဆီကို ပြန်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေနဲ့ တခြား ဖွတ်နဂါးလူသားမျိုးနွယ်တွေကတောင် ဒီဆုံးဖြတ်ချက်ကို မလုပ်ဖို့ ဝိုင်းတားကြတာပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီ ဖုန်းဆိုးမြေမှာ ငတ်ပြတ်ပြီး သေသွားနိုင်သလို အထူးသဖြင့် သူတို့ရဲ့ အရေပြားက ရေဓာတ် အမြဲလိုအပ်နေတာကြောင့်ပါ။
ဖြစ်ချင်တော့…ရီနေးတားနိုင်ငံအကြောင်း သတင်းတွေက ဒီဘက် နယ်မြေတွေအထိ မပြန့်သေးပါဘူး။
ဒါပေမဲ့ အဲဒီအကြောင်းကို မသိကြပေမဲ့လည်း ဒီ ဖွတ်နဂါးလူသားမိသားစုကတော့ စွန့်စားကြည့်ချင်နေကြတာပါ။
ခြောက်သွေ့လွင်ပြင် မှာ အစားအသောက်နဲ့ ရေ အလျှံပယ် မရှိဘူးလို့ သူတို့ ထင်ထားကြပေမဲ့လည်း သူတို့ရဲ့ ဂုဏ်သိက္ခာ အရင်းအမြစ်ကို ရှာဖွေဖို့အတွက် မိခင်မြေကိုပဲ ပြန်ချင်နေကြတာပေါ့။
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဘိုးဘွားတွေဟာ တစ်ချိန်တုန်းကတော့ ဒီကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနဲ့ တန်ခိုးအရှိဆုံး မျိုးနွယ်စုနဲ့ နီးစပ်တဲ့ ဆွေမျိုးတော်စပ်တဲ့အတွက် နာမည်ကျော်ခဲ့တဲ့ ဂုဏ်ယူစရာ မျိုးနွယ်ခြားတွေ ဖြစ်ခဲ့ကြတာကိုး။
အရင်တုန်းကတော့ ဖွတ်နဂါးလူသားမျိုးနွယ်တွေဟာ နဂါးမျိုးနွယ်ဝင်များထဲမှာ ပါဝင်ခဲ့ကြတာပါ။
ဒါပေမဲ့ တခြား နဂါးမျိုးနွယ်စုတွေနဲ့ နှစ်ပေါင်းထောင်ချီ ခွဲခွာနေခဲ့ပြီးတဲ့နောက်မှာတော့ ဖွတ်နဂါးလူသားတွေဟာ သူတို့ရဲ့ မူလသွေးမျိုးဆက်ဆက်နွှယ်မှု ကနေ တဖြည်းဖြည်း သွေဖည်သွားခဲ့ကြပါတယ်။ သူတို့ရဲ့ တန်ခိုး တွေလည်း ဆုံးရှုံးခဲ့ရတာပေါ့။
သူတို့ဟာ မှော်ပါရမီ လုံးဝမရှိသလောက် ဖြစ်သွားသလို၊ လွှမ်းမိုးနိုင်တဲ့ ခန္ဓာကိုယ်ခွန်အားလည်း မရှိတော့ဘဲ နောက်ဆုံးမှာ သူတို့ရဲ့ အကြေးခွံတွေကတောင် အပူဒဏ်ကို မခံနိုင်လောက်အောင် အားနည်းလာခဲ့ကြပါတယ်။
သူတို့ရဲ့ အကြေးခွံတွေက ကမ္ဘာပေါ်မှာအမာဆုံးပစ္စည်းဖြစ်ခဲ့တဲ့ နာမည်ကျော် နဂါးမျိုးနွယ်စုရဲ့ အစိတ်အပိုင်းလို့ တွေးကြည့်ဖို့တောင် ခက်လှပါတယ်။ ဒါပေမဲ့ ဒါက အမှန်တရားပါပဲ။ အနည်းဆုံးတော့ သူတို့ရဲ့ ဘိုးဘွားတွေက အဲဒီလို ဖြစ်ခဲ့ကြတာပေါ့။
ဒီ ဖွတ်နဂါးလူသားမိသားစုလေးဟာ သူတို့ မျိုးနွယ်စုရဲ့ အရင်က ဂုဏ်သိက္ခာတွေကို ပြန်ရနိုင်မယ့် နည်းလမ်းကို ရှာချင်နေကြတာပါ။
ဒါက အချည်းနှီးကြိုးစားမှုမျိုး ဖြစ်နေနိုင်ပေမဲ့ သူတို့တွေ သာမန်ဘဝမျိုးနဲ့ ထပ်ပြီး မနေချင်ကြတော့ပါဘူး။
အဲဒါကြောင့် သူတို့ဟာ နေ့ရောညပါ ခြေကျင်ခရီးနှင်ခဲ့ကြပြီး နောက်ဆုံးတော့ တောင်တန်းကြီးဆီကို ရောက်ရှိလာခဲ့ပါတယ်။ မတ်စောက်ပြီး ချောကျိနေတဲ့ တောင်ကုန်းအစွန်းတွေက ဒီခရီးဟာ တကယ်ကို ခက်ခဲမယ်ဆိုတာ ပြနေပေမဲ့ သူတို့ကတော့ စွန့်စားဖို့ အသင့်ပါပဲ။
ဒါပေမဲ့ သူတို့ တောင်ပေါ်ကို စတက်တော့မယ့် အချိန်မှာတင် သံမဏိချပ်ဝတ်တန်ဆာတွေ အပြည့်ဝတ်ထားတဲ့ လူသားအချို့က သူတို့ကို ရုတ်တရက် တားဆီးလိုက်ပါတယ်။
"ခဏနေဦး မိတ်ဆွေတို့၊ မင်းတို့ ဘယ်ကို သွားကြမလို့လဲ" လို့ အစောင့်က မေးလိုက်ပါတယ်။
ကိုမိုဒို တွေထဲက လူငယ်တစ်ယောက်က ရှေ့ကို ထွက်လာပြီး အစောင့်တွေကို စကားပြောလိုက်တယ်။
"ကျွန်တော်တို့ တောင်ပေါ်တက်ပြီး မိခင်မြေကို ပြန်မလို့ပါ" လို့ သူက ပြောလိုက်ပါတယ်။
အစောင့်တွေက ကိုမိုဒို အုပ်စုကို ကြည့်လိုက်တော့ တစ်အုပ်စုလုံးမှာ ရှစ်ယောက်လောက် ရှိတာကို တွေ့လိုက်ရတယ်။
"မင်းတို့ရဲ့ အထောက်အထားစာရွက်စာတမ်းတွေရော" လို့ အစောင့်က မေးလိုက်ပါတယ်။
ကိုမိုဒို တွေအားလုံးဟာ အစောင့် ဘာပြောနေတာလဲဆိုတာကို နားမလည်ဘဲ တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါနဲ့ ကြည့်နေကြတာပေါ့။
"နောက်နယ်မြေကို ဖြတ်ချင်တယ်ဆိုရင် မင်းတို့ရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို ကြည့်ဖို့ လိုအပ်တယ်" လို့ အစောင့်က ထပ်ပြောပါတယ်။
ဖွတ်နဂါးလူသားတွေက ချမ်းသာကြတာ မဟုတ်ဘူးလေ။ သူတို့က ကွင်းစ်နယ်မြေ မှာ မသေရုံတမယ် ရုန်းကန်ခဲ့ရတာဖြစ်ပြီး တစ်ခါတလေဆိုရင် အမှိုက်ပုံးထဲက ကြက်ရိုးတွေ ဒါမှမဟုတ် မှိုတက်နေတဲ့ ပေါင်မုန့်တွေကို တွေ့ရင်တောင် သူတို့ကိုယ်သူတို့ ကံကောင်းတယ်လို့ သတ်မှတ်ခဲ့ကြရတာပါ။
အထောက်အထား စာရွက်စာတမ်းဆိုတာက ကိုယ်ပိုင်အိမ်ဝယ်ယူထားတဲ့ အမြဲတမ်း နေထိုင်ခွင့်ရှိသူတွေအတွက်ပဲ ရနိုင်တာမျိုးလေ။
ဖွတ်နဂါးလူသားတွေကတော့ အခြေမဲ့အနေမဲ့တွေ ဖြစ်နေတာကြောင့် သူတို့မှာ ဘာအထောက်အထား စာရွက်စာတမ်းမှ မရှိပါဘူး။ သူတို့ရဲ့ မိဘတွေရော၊ သူတို့ရဲ့ ဘိုးဘွားတွေမှာရော ရှိခဲ့မှာ မဟုတ်ဘူးလေ။
"ကျွန်တော်တို့မှာ ဘာစာရွက်မှ မရှိပါဘူး" လို့ ဖွတ်နဂါးလူသားလူငယ်က အစောင့်က သူတို့ကို လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ရင်း ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေလိုက်ပါတယ်။
အစောင့်က နှုတ်ခမ်းကို တင်းနေအောင် ပိတ်လိုက်တယ်။ သူက ဖွတ်နဂါးလူသားတွေကို သနားနေတယ်ဆိုတာ ရှင်းနေပေမဲ့ သူ လုပ်ပေးနိုင်တာ ဘာမှမရှိဘူးလေ။ အထောက်အထား မပါဘဲ ကင်းစ်နယ်မြေ ထဲကို ဝင်ခွင့်မပြုဖို့က သူတို့ရဲ့ စည်းမျဉ်းစည်းကမ်း ဖြစ်နေတာကိုး။
"စိတ်မကောင်းပါဘူး။ ဒါပေမဲ့ မင်းတို့မှာ အထောက်အထား မရှိရင် ငါ ပေးမဖြတ်နိုင်ဘူး။ တကယ်လို့ ငါ့ရဲ့ သတိပေးချက်ကို လျစ်လျူရှုပြီး ဝင်ဖို့ ကြိုးစားမယ်ဆိုရင်တော့ မင်းတို့ကို တားဆီးဖို့အတွက် အင်အားသုံး အကြမ်းဖက်ရလိမ့်မယ်" လို့ ပြောလိုက်ပါတယ်။
ဖွတ်နဂါးလူသားတွေရဲ့ မျက်နှာပေါ်မှာတော့ စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်သွားပါတယ်။ သူတို့ဟာ ဒီနေရာအထိ ရောက်ဖို့အတွက် သူတို့မှာရှိသမျှ စည်းစိမ်တွေအကုန် သုံးခဲ့ကြရတာပါ။ တကယ်လို့ သူတို့ လာရာလမ်းအတိုင်း ပြန်လှည့်သွားရမယ်ဆိုရင် ဒါက သူတို့ ထွက်လာတုန်းကထက်တောင် ပိုပြီး ဆိုးရွားသွားပါလိမ့်မယ်။ သူတို့ဆီမှာ ရှင်သန်ဖို့အတွက် အစားအသောက်နဲ့ ရေ တစ်စက်မှ မကျန်တော့ဘူးလေ။
"တောင်းပန်ပါတယ် လူကြီးမင်းရယ်။ ကျွန်တော်တို့အတွက် တစ်ကြိမ်လောက်ပဲ မျက်နှာသာပေးလို့ မရဘူးလား"
"ကျွန်တော်တို့ လုပ်နိုင်တဲ့ အရာတစ်ခုခု ရှိမလား"
"ကျွန်တော်တို့တွေ တကယ်ကို အားကိုးရာမဲ့နေလို့ပါ။ ဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံး အခွင့်အရေးပါ"
သူတို့ဟာ အသည်းအသန် ဖြစ်နေတာကြောင့် မြေပြင်ပေါ်မှာ ဒူးထောက်ပြီး တောင်းပန်နေကြပါတော့တယ်။
ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ တောင်းပန်ပါစေ အစောင့်ကတော့ ခိုင်မာနေဆဲပါပဲ။ သူတို့ကို ကူညီချင်ပေမဲ့လည်း သူ့ကိုယ်သူလည်း ငဲ့ရသေးတာကိုး။ အထောက်အထား မပါဘဲ ပေးဖြတ်လိုက်မယ်ဆိုရင် သူကိုယ်တိုင်လည်း ပြစ်မှုကျူးလွန်ရာ ရောက်သွားမှာလေ။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ"
အဲဒီအချိန်မှာတင် အမျိုးသမီးတစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာပါတယ်။
* * * * * * * * *
စာစဉ်(၁၀)
အခန်း(၁၂၀)
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ"
ဒီအသံက အသက်တစ်ဆယ်အရွယ်လောက်ရှိမယ့် မိန်းကလေးငယ်တစ်ယောက်ဆီကနေ ထွက်ပေါ်လာတာပါ။ သူမက အနုစိတ်ပုံဖော်ထားတဲ့ သူမရဲ့ မြင်းရထားပေါ်ကနေ ဖြည်းဖြည်းချင်း ဆင်းလာပြီး မြေပြင်ပေါ်မှာ ဝပ်တွားနေကြတဲ့ ဖွတ်နဂါးလူသားတွေဆီကို လျှောက်လာခဲ့ပါတယ်။ အားလုံးကလည်း သူမဆီကိုပဲ ဝိုင်းကြည့်လိုက်ကြတာပေါ့။
သူမမှာ ခါးအထိရှည်ကျနေတဲ့ ဆံပင်နက်နက်တွေ၊ ဝိုင်းစက်နေတဲ့ မျက်ဝန်းနက်တွေနဲ့ မျိုးနွယ်ခြားတွေအပေါ် စိုးရိမ်ပူပန်ပေးနေတဲ့ နှုတ်ခမ်းနီနီလေးတွေ ရှိပါတယ်။ သူမက တည်ငြိမ်အေးဆေးတဲ့ အမူအရာနဲ့ သူတို့ဆီကို လျှောက်လှမ်းလာတာပါ။
တကယ်လို့ သူမရဲ့ ခေါင်းပေါ်မှာ စာအုပ်တစ်အုပ် တင်ထားမယ်ဆိုရင်တောင် ကျင်းတွေချိုင့်တွေများတဲ့ လမ်းပေါ်မှာ လျှောက်နေရင်း အဲဒီစာအုပ်က ပြုတ်ကျသွားမှာ မဟုတ်သလို လှုပ်တောင် လှုပ်သွားမှာ မဟုတ်ပါဘူး။
အဲဒီလောက်နဲ့တင် ဒီမိန်းကလေးရဲ့ နောက်ခံအသိုင်းအဝိုင်းကို ခန့်မှန်းလို့ မရသေးဘူးဆိုရင်တောင် သူမ ဝတ်ဆင်ထားတဲ့ အသုံးအဆောင်တွေကတော့ သက်သေပြနေပါတယ်။
သူမရဲ့ ဝတ်စုံကို တန်ဖိုးကြီးတဲ့ အနီရောင် ပိုးသားတွေ၊ ချည်သားကောင်းတွေနဲ့ ချုပ်လုပ်ထားပြီး ဝတ်စုံရဲ့ အနားသတ်တွေမှာလည်း ရတနာတွေကို စီခြယ်ထားတာပါ။
ဒီမြင်းရထားဆိုတာကလည်း တော်ဝင်မျိုးနွယ်တွေပဲ အများအားဖြင့်အသုံးပြုတာကို ဖွတ်နဂါးလူသားတွေ မြင်ဖူးထားကြတာပါ။ ဒါတင်မကသေးဘဲ သူမရဲ့ အနောက်မှာလည်း သူမ သွားချင်တဲ့နေရာကို လိုက်ပါပို့ဆောင်ပေးမယ့် ခြံရံထားတဲ့ မြင်းရထားတန်းကြီး တစ်ခုလုံး ရှိနေပါသေးတယ်။
"သခင်မလေး... ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ် လုပ်နေတာပါ။ ဒီမျိုးနွယ်ခြားတွေက တောင်တန်းတွေကို ဖြတ်ကျော်ချင်နေကြတာ၊ ဒါပေမဲ့ သူတို့မှာ အထောက်အထား စာရွက်စာတမ်းတွေ မပါလာကြလို့ပါ" လို့ အစောင့်က နည်းနည်း ပိုပြီး လေးလေးစားစားနဲ့ ပြောလိုက်ပါတယ်။ သူမက ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေ လာတယ်ဆိုတာကို သူ သတိပြုမိသွားလို့ပါ။
မိန်းကလေးက ဖွတ်နဂါးလူသားတွေကို ကြည့်လိုက်ပြီး "ဒါ တကယ်ပဲလား" လို့ သူတို့ကို မေးလိုက်ပါတယ်။
သူတို့တွေက သူမရဲ့ အကြည့်ကို ရှောင်ဖယ်လိုက်ကြပါတယ်။ လယ်သမားတွေ ဖြစ်ကြတဲ့ သူတို့အတွက်တော့ မြင့်မြတ်တဲ့ မျိုးနွယ်ကလို့ ထင်ရတဲ့သူတစ်ယောက်နဲ့ အခုလို နီးနီးကပ်ကပ် ဆုံတွေ့ရတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်နိုင်တာကိုး။
"...ဟုတ်ကဲ့ အမှန်ပါပဲ" လို့ သူတို့က ပြောပါတယ်။
"ကျွန်တော်တို့က အတည်တကျ နေစရာမရှိတဲ့ လှည့်လည်သွားလာသူတွေပါ။ ကျွန်တော်တို့ရဲ့ အထောက်အထားကို ပြနိုင်မယ့် ဘာစာရွက်မှ မရှိကြပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့က ခြောက်သွေ့လွင်ပြင် ကိုသွားပြီး ကိုယ့်မိခင်မြေကိုပဲ ပြန်ချင်တာပါ"
မိန်းကလေးက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပါတယ်။ သူမက ဒီနိုင်ငံရဲ့ အထောက်အထား စာရွက်စာတမ်း ပေါ်လစီကို အမြဲတမ်း မုန်းတီးခဲ့တာပါ။ အဲဒါက လူ့အသိုင်းအဝိုင်းထဲမှာ လက်မခံနိုင်သေးတဲ့ မျိုးနွယ်ခြားတွေကို အမြဲတမ်း ခွဲခြားဆက်ဆံသလို ဖြစ်နေလို့ပါပဲ။
သူမက မြေပြင်ပေါ်မှာ ဒူးထောက်ထိုင်ချလိုက်ပြီး ဖွတ်နဂါးလူသားတွေနဲ့ မျက်လုံးချင်းတန်းတူဖြစ်အောင် ထိုင်လိုက်ပါတယ်။ သူမရဲ့ ဝတ်စုံက မြေပြင်ပေါ်က ဖုန်တွေ၊ သဲတွေနဲ့ ပေကျံသွားမှာကိုလည်း ဂရုမစိုက်တော့ပါဘူး။
ဖွတ်နဂါးလူသားတွေကတော့ သူမက သူတို့နဲ့ တန်းတူအဆင့်အထိ နှိမ့်ချလိုက်တာကို မြင်ပြီး အံ့ဩသွားကြပါတယ်။ သူမအနေနဲ့ ဒီလို လုပ်ပေးစရာ မလိုဘူးလေ။
သူမက ချမ်းသာကြွယ်ဝတဲ့ နောက်ခံက လာတာ ရှင်းနေပေမဲ့လည်း မာနကြီးတာ ဒါမှမဟုတ် လူတန်းစား ခွဲခြားတာမျိုး လုံးဝ မရှိပါဘူး။
သူမက ဖွတ်နဂါးလူသားတွေကို မျက်တောင်မခတ်တမ်း ကြည့်လိုက်ပြီး သူတို့နဲ့ နီးနီးကပ်ကပ် နေရမှာကိုလည်း မကြောက်ပါဘူး။
"ငါနဲ့အတူ လိုက်ခဲ့မလား။ ငါနဲ့ ငါ့သူငယ်ချင်းတွေလည်း ကင်းစ်နယ်မြေ ဘက်ကို ခရီးသွားနေကြတာပါ။ ငါတို့ မြင်းရထားတွေပေါ်မှာ နေရာလွတ်တွေ ရှိပါသေးတယ်" လို့ သူမက ပြောရင်း လက်အိတ်ကို ချွတ်လိုက်ပြီး သူတို့ဆီကို လက်ကမ်းပေးလိုက်ပါတယ်။
ဖွတ်နဂါးလူသားတွေကတော့ နည်းနည်းတော့ ဇဝေဇဝါဖြစ်ပြီး စိုးရိမ်စိတ်နဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
"စိတ်မပူပါနဲ့၊ မင်းတို့ တစ်ယောက်တည်း ဖြစ်နေမှာ မဟုတ်ပါဘူး" လို့ မိန်းကလေးက ပြောရင်း သူမရဲ့ အနောက်က မြင်းရထားတွေကို ညွှန်ပြလိုက်ပါတယ်။
မြင်းရထားတံခါးတွေ ပွင့်လာတဲ့အခါမှာတော့ ပုံစံအမျိုးမျိုးနဲ့ မျိုးနွယ်ခြားတွေဟာ မြင်းရထားပေါ်ကနေ ဆင်းလာကြပြီး ကမ္ဘာကြီးကို သူတို့ကိုယ်သူတို့ ဂုဏ်ယူစွာနဲ့ ပြသလိုက်ကြပါတယ်။
အံ့ဩစရာကောင်းတာက မိန်းကလေးဟာ တန်ဖိုးကြီးတဲ့ အင်္ကျီတွေ၊ ဝတ်စုံတွေဝတ်ထားတဲ့ မျိုးနွယ်ခြား အမျိုးမျိုးရဲ့ ခြံရံခြင်းကို ခံထားရတာပါ။ သူတို့ရဲ့ မျက်နှာပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ ပြုံးနေကြပြီး ကွင်းစ်နယ်မြေ ထဲက မျိုးနွယ်ခြားအများစုရင်ဆိုင်နေရတဲ့ ဆင်းရဲဒုက္ခတွေကို ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးတဲ့အတိုင်းပါပဲ။
"ဒါတွေက ငါ့ရဲ့ အစောင့်အရှောက်တွေပါ" လို့ မိန်းကလေးငယ်က ပြောပါတယ်။
"မင်းတို့ မြင်တဲ့အတိုင်း ငါက မျိုးနွယ်ခြားတွေကို ခွဲခြားဆက်ဆံတာမျိုး မရှိပါဘူး။ ငါက သူတို့ဘက်ကနေ ရပ်တည်ပေးတဲ့သူပါ"
ဖွတ်နဂါးလူသားတွေဟာ တခြားသော မျိုးနွယ်ခြားတွေက ကိုယ်ပိုင်မြင်းရထားတွေနဲ့ လိုက်ပါလာတာကို မြင်ပြီး မှင်သက်သွားကြပါတယ်။ သူတို့တွေက ကိုယ့်ကိုယ်ကိုယ် မျိုးနွယ်ခြားတစ်ယောက် ဖြစ်ရတာကို သိက္ခာရှိရှိနဲ့ ဂုဏ်ယူနေကြပုံပါပဲ။ သူတို့ မျိုးနွယ်စုအပေါ် ဂုဏ်ယူစိတ်တွေ ပျောက်ဆုံးနေတဲ့ ဖွတ်နဂါးလူသားတွေနဲ့တော့ လုံးဝကို မတူတာပေါ့။
"ဒါပေမဲ့ ဟိုကိစ္စကကျတော့..." လို့ ဖွတ်နဂါးလူသားတွေက အစောင့်တွေဘက်ကို ကြောက်ကြောက်လန့်လန့်နဲ့ လှည့်ကြည့်ရင်း ပြောလိုက်ပါတယ်။
"သခင်မလေး... ဒီမျိုးနွယ်ခြားတွေကို သခင်မလေး ခေါ်သွားမယ်ဆိုရင်တောင် သူတို့က ကင်းစ်နယ်မြေ ဘက်ကို ဖြတ်ကျော်လို့ မရနိုင်သေးပါဘူး။ သူတို့မှာ အထောက်အထား စာရွက်စာတမ်းတွေ မရှိလို့ပါ" လို့ အစောင့်က ပြောပါတယ်။
အဲဒီအချိန်မှာတင် နောက်ထပ် အစောင့်တစ်ယောက်က မိန်းကလေးရဲ့ မြင်းရထားပေါ်က အမှတ်အသားကို ရုတ်တရက် သတိထားမိသွားပါတယ်။
အဲဒါက ညကောင်းကင်ယံက ကြယ်တာရာစု ပုံစံလေးပါ။
"အဲဒါ... အဲဒါက မောင့်ဂိုမာရီမိသားစု ရဲ့ အမှတ်အသားပဲ" လို့ သူက အော်ဟစ်လိုက်ပါတယ်။
"သူမရဲ့ ဆံပင်နက်နက်တွေ၊ ထူးခြားတဲ့ ရုပ်ရည်နဲ့ သူမရဲ့ မျိုးနွယ်ခြား အစောင့်အရှောက်တွေ... ဒီမိန်းကလေးက မောင့်ဂိုမာရီမိသားစု ရဲ့ အငယ်ဆုံးသမီးလေး ယူနာ ပဲ ဖြစ်ရမယ်"
ဒါကို ကြားလိုက်ရတဲ့အခါ ပထမ အစောင့်က သူ့အမှားကို သိသွားပြီး သူ့ရဲ့ အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်ပါတယ်။ သူက ကိုယ်ကို မတ်မတ်ရပ်ပြီး ပျော့ပျော့ပျောင်းပျောင်း မနေရဲတော့ပါဘူး။
"ကျွန်တော် တောင်းပန်ပါတယ် သခင်မလေး။ ကျွန်တော် ဘာတွေပြောမိမှန်း မသိလိုက်လို့ပါ။ သခင်မလေး စိတ်ကြိုက် ဆက်သွားလို့ ရပါတယ်"
မောင့်ဂိုမာရီမိသားစု ဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ သူတို့ရဲ့ သံတမန်ရေးရာ ဆက်သွယ်မှုတွေကြောင့် နာမည်ကျော်တာပါ။ သူတို့ဟာ နယ်မြေအားလုံးမှာ ဖြစ်ပွားတဲ့ ဘယ်လို ပဋိပက္ခတွေကိုမဆို ကြားဝင်စေ့စပ်ပေးရတဲ့သူတွေဖြစ်ပြီး ဘက်မလိုက်တဲ့ တတိယအဖွဲ့အစည်းအနေနဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးကြတဲ့သူတွေ ဖြစ်ပါတယ်။
သူတို့ အလုပ်ရဲ့ သဘာဝကြောင့်ပဲ မောင့်ဂိုမာရီမိသားစု မှာ သံတမန်ရေးရာ ကင်းလွတ်ခွင့် ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် နယ်မြေနှစ်ခုကြားက ပဋိပက္ခကို စေ့စပ်ပေးဖို့ဆိုရင် သူတို့က အဲဒီနေရာတွေကို ဘာအတားအဆီးမှမရှိဘဲ သွားရောက်နိုင်ဖို့ လိုအပ်တယ်လေ၊ အဲဒီလိုမှ မဟုတ်ရင် သူတို့အလုပ်ကို လုပ်နိုင်မှာ မဟုတ်ဘူး။
ကံကောင်းတာက သံတမန်ရေးရာ ကင်းလွတ်ခွင့်ရဲ့ အကျိုးကျေးဇူးကြောင့် အထောက်အထား စာရွက်စာတမ်းလိုမျိုး အရာတွေက မိန်းကလေးငယ်အတွက် ပြဿနာ မဟုတ်တော့ပါဘူး။
ဖွတ်နဂါးလူသားတွေဟာ အခု ယူနာရဲ့ အစောင့်အရှောက်တွေထဲမှာ ပါဝင်သွားပြီဖြစ်လို့ သူတို့က သူမရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်သွားပါပြီ။ တကယ်လို့ အစောင့်က သူတို့ကို ဝင်ခွင့်မပြုဘူးဆိုရင် ဒါဟာ ယူနာကို ဝင်ခွင့်မပြုတာနဲ့ အတူတူပဲ ဖြစ်သွားမှာပါ။
အဲဒီလိုသာ လုပ်မိမယ်ဆိုရင် အစောင့်ဟာ နိုင်ငံတော်ကို သစ္စာဖောက်တဲ့ ပြစ်မှုနဲ့ တူညီတဲ့ အမှားမျိုးကို ကျူးလွန်ရာ ရောက်သွားပါလိမ့်မယ်။ အဲဒါကြောင့် သူတို့တွေလည်း ပြဿနာ ထပ်တက်မှာ ကြောက်တာနဲ့ အမြန်ပဲ လူစုခွဲသွားကြပါတော့တယ်။
"တွေ့လား။ ဘာပြဿနာမှ မရှိတော့ဘူး။ ငါတို့နဲ့အတူ တောင်တန်းတွေကို ဖြတ်ကျော်လို့ ရသွားပြီ" လို့ ယူနာက အပြုံးလေးနဲ့ ပြောလိုက်ပါတယ်။
ဖွတ်နဂါးလူသားတွေကတော့ အံ့ဩသွားကြပါတယ်။ တစ်စုံတစ်ယောက်ရဲ့ မျိုးရိုးအမည်ကို ကြားလိုက်ရုံနဲ့တင် အစောင့်တစ်ယောက်က အခုလိုမျိုး တုံ့ပြန်တာကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ။
သူတို့တွေ ယူနာကို ကျေးဇူးတင်စကားပြောရင်းနဲ့ကို ဝမ်းသာလွန်းလို့ ငိုတောင် ငိုချင်နေကြပါပြီ။
သူတို့က ယူနာရဲ့ အစောင့်အရှောက်တွေနဲ့ ပူးပေါင်းလိုက်တာကြောင့် ဟိုးအဝေးကြီးအထိ လမ်းလျှောက်နေစရာ မလိုတော့ပါဘူး။ ယူနာဆီမှာ အကူအညီတွေ အများကြီး ပါလာတာကြောင့် တောင်တန်းတွေကြားထဲမှာ ရှိနိုင်မယ့် အန္တရာယ်တွေကလည်း သိသိသာသာကို လျော့နည်းသွားတာပေါ့။
ခရီးတစ်လျှောက်လုံးမှာ သူတို့တွေက သူတို့ကြုံတွေ့ခဲ့ရတာတွေကို ဝေမျှခဲ့ကြပါတယ်။ ယူနာရဲ့ ဝန်ထမ်းတွေဖြစ်တဲ့ မျိုးနွယ်ခြားတွေက ယူနာက သူတို့ရဲ့ ဘဝတွေကို ဘယ်လို ပြောင်းလဲပေးခဲ့ပြီး သူတို့အတွက် အိမ်တစ်လုံးကို ဘယ်လို ဖန်တီးပေးခဲ့သလဲဆိုတဲ့ အကြောင်းတွေကို ပြောပြခဲ့ကြတာပေါ့။
ယူနာကလည်း ဖွတ်နဂါးလူသားတွေရဲ့ ကြုံတွေ့ခဲ့ရတာတွေကို နားထောင်ပြီး သူတို့ကို သနားမိသွားပါတယ်။
သူမက သူတို့ကို အလုပ်ခန့်ပြီး သင့်တင့်တဲ့ လစာပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့လည်း ဖွတ်နဂါးလူသားတွေက ငြင်းဆိုခဲ့ပါတယ်။ သူတို့က ကွင်းစ်နယ်မြေမှာ ထပ်ပြီး မနေချင်ကြတော့ဘူးလေ။
"ကျွန်တော်တို့က ကိုယ့်မိခင်မြေနဲ့ ပြန်လည်ဆက်သွယ်ချင်တာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဆီက အရင်က ခွန်အားအရင်းအမြစ်ဖြစ်ခဲ့တဲ့ ဂုဏ်သိက္ခာတွေကိုလည်း ပြန်ရှာတွေ့ဖို့ မျှော်လင့်ပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ ခြောက်သွေ့လွင်ပြင်ကို ပြန်ချင်တာပါ။ သခင်မလေး ယူနာကော။ ဘာလို့ ကင်းစ်နယ်မြေ ဘက်ကို သွားချင်တာလဲ"
ယူနာက သူမရဲ့ ဆံပင်နက်နက်တွေကို နားနောက်မှာ ကပ်လိုက်ပါတယ်။
"ငါ့ရဲ့ စေ့စပ်ထားသူကို ရှာဖို့ ဒီကိုလာတာပါ" လို့ သူမက ပြောပါတယ်။ "သူ့နာမည်က မိုက်ကယ် တဲ့။ မိုက်ကယ် ဗန်ဒါဘစ် ပေါ့"
* * * * * * * * *