← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 11 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 11 Ch. 121-122

အခန်း(၁၂၁)

ချစ်ဖို့ကောင်းပေမဲ့ ခပ်ကြောင်ကြောင်နိုင်တဲ့ စလိုင်းမ်လေး ဖတ်ချ်ကတော့ သူ့ရဲ့ အချိန်အတော်များများကို အင်မတန်အရေးကြီးပြီး လေးနက်လှတဲ့ အလုပ်တစ်ခုဖြစ်တဲ့ ကင်းစ်နယ်မြေကို စောင့်ကြပ်ကြည့်ရှုတဲ့ အလုပ်နဲ့ပဲ ကုန်ဆုံးစေခဲ့တာပေါ့။ အဲဒီနယ်မြေကတော့ သူခေါ်လေ့ရှိသလိုပြောရရင် သူ့သခင်ရဲ့ နိုင်ငံတော်ပေါ့။

"ငါ့မျက်စိအောက်ကနေ ဘယ်သူမှ ဖြတ်မသွားစေရဘူး" လို့ ဖတ်ချ်က သစ်ပင်ထိပ်ပေါ်မှာ ရပ်ပြီး တစ်တောင်လုံးကို အပေါ်စီးကနေ ကြည့်ရင်း ပြောလိုက်တယ်။

"ငါက လေလို လျင်မြန်ပြီး လေထုလိုပဲ မမြင်နိုင်တဲ့သူပေါ့။ အလင်းရောင် ရောက်နိုင်တဲ့ အဝေးဆုံး နယ်မြေတွေအထိ ငါ့သခင်ရဲ့ စကားသံတွေကို ငါ ပျံ့နှံ့စေရမယ်" လို့ သူက တည်ကြည်တဲ့ အသံနဲ့ ကြေညာလိုက်တာပေါ့။

"အဲ... ဆရာဖတ်ချ်။ ဒီမှာတင် အလုပ်ပြီးပြီလား"

သူ့အောက်မှာတော့ ဖတ်ချ် ရဲ့ သစ္စာရှိ အရိပ်အယောင်တွေအဖြစ် အတင်းအကျပ် သရုပ်ဆောင်နေရတဲ့ ရီနေးတား နိုင်ငံသားအချို့ ရှိနေတာပါ။ မိုက်ကယ်က ဒီ စလိုင်းမ်ရဲ့ ကစားချိန်မှာ လိုက်ပါပေးဖို့နဲ့ သူ ဘာပြဿနာမှ မရှာအောင် စောင့်ကြည့်ဖို့ သူတို့ကို တာဝန်ပေးထားတာကိုး။

ဖတ်ချ်ရဲ့ ကြီးကျယ်တဲ့ ကတိစကားတွေနဲ့ တည်ကြည်လှတဲ့ စကားလုံးတွေ ရှိနေပေမဲ့လည်း ရီနေးတား နိုင်ငံသားတွေကတော့ သူ့ကို တကယ်ကြီးလို့ သဘောမထားနိုင်ကြပါဘူး။ ဥပမာပြောရရင် ဖတ်ချ် က မြေပြင်ပေါ်ကို ရုတ်တရက် ခုန်ဆင်းလိုက်ပြီး သူ့ရဲ့တွင်းထဲကနေ ထွက်လာတဲ့ အပြစ်ကင်းစင်တဲ့ ရှဥ့်လေးတစ်ကောင်ဆီကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်သလိုမျိုးပေါ့။

"မင်း။ ဒီမှာ ဘာလုပ်နေတာလဲ။ ငါတို့နယ်မြေထဲကို ခိုးဝင်လာတာလား။ အခုချက်ချင်း ပြောစမ်း"

သေချာတာပေါ့၊ အဲဒါက ဘာမှကာကွယ်နိုင်စွမ်းမရှိတဲ့ သာမန် တိရစ္ဆာန်လေး တစ်ကောင်ပါပဲ။ ဖတ်ချ် ရဲ့ ခရမ်းရောင် ခန္ဓာကိုယ်ကြီး လေပေါ်ကနေ ရုတ်တရက် ဆင်းသက်လာတာကို မြင်လိုက်ရတော့ အဲဒီရှဥ့်လေးမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး ဖတ်ချ် အတွက် လက်ဆောင်လေးတစ်ခုတောင် စွန့်ပစ်ခဲ့ပါသေးတယ်။

"ဟင်း... မင်းက သာမန်ရှဥ့်တစ်ကောင်ပဲပဲ။ ဒါကို ငါ သိပြီးသားပါ။ မင်းကို စမ်းသပ်ကြည့်ရုံတင်ပါ" လို့ ဖတ်ချ် က ပြောပြီး ရှဥ့်လေးကို သူ့တွင်းထဲ ပြန်ဝင်ခွင့်ပေးလိုက်တယ်။ အားနာတဲ့အနေနဲ့တော့ ဖတ်ချ် က အဲဒီကောင်လေးကို ဝက်သစ်ချစေ့လေး တစ်စေ့ ပေးလိုက်တာပေါ့။

ဖတ်ချ်က နည်းနည်းတော့ ထူးဆန်းပြီး ကြောင်တောင်တောင် ဖြစ်နေပေမဲ့ ရီနေးတားနိုင်ငံသားတွေကတော့ သူတို့ရဲ့ ဆရာဖတ်ချ်ကို တကယ်ပဲ ချစ်ကြတာပါ။ သူ့ရဲ့ အပြုအမူတွေကြားထဲမှာတင် သူ့ရဲ့ ကြင်နာတတ်တဲ့ စိတ်ထားက အလျှံပယ်ရှိနေတာကြောင့် သူ စိတ်ကူးယဉ်လွန်းတဲ့ အကျင့်တွေကိုတောင် ဖုံးလွှမ်းသွားစေတာပေါ့။

ဒါပေမဲ့လည်း အဲဒါက သူ့ရဲ့ 'နင်ဂျာ' အဖွဲ့ထဲမှာ လိုက်ပါချင်ကြတယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။

"လာကြစမ်းပါ။ သစ်တုံးတွေကို ရွှရီကန်နဲ့ ပစ်တာတွေ၊ ရေပေါ်မှာ ပြေးတာတွေကို လေ့ကျင့်ကြရအောင်။ မင်းတို့က အခုထိ လူတွေလိုပဲ ပြေးနေကြတုန်းပဲ။ အခုကစပြီး မင်းတို့ ပြေးတဲ့အခါ လက်တွေကို နောက်မှာ ထားပြီး ပြေးကြရမယ်"

ရီနေးတားနိုင်ငံသားတွေကတော့ သက်ပြင်းချလိုက်ကြပြီး "ဆရာ ဖတ်ချ်၊ ကျွန်တော်တို့ ပြန်ကြရင် ပိုကောင်းမယ် ထင်တယ်…."

သူတို့တွေ နောက်ထပ် ဘာမှမပြောရသေးခင်မှာပဲ ဖတ်ချ် က လက်မြှောက်ပြီး သူတို့ကို စကားဖြတ်လိုက်ပါတယ်။

"အဲဒါ ဘာလဲ။ တစ်ခုခု လာနေတာကို ငါ ခံစားနေရတယ်..."

"ကွင်းစ်နယ်မြေ ဘက်ကနေ လာတဲ့ ကုန်သည်တွေ ဖြစ်မှာပါ" လို့ သူ့ရဲ့ နောက်လိုက်တွေက ပြောလိုက်တယ်။ "သူတို့တွေ လာတဲ့အခါ မနှောင့်ယှက်ဖို့ ဆရာ က ပြောထားတယ်လေ"

"အဓိပ္ပာယ်မရှိတာ" လို့ ဖတ်ချ် က ဆိုပါတယ်။ "ဘယ်သူသိမှာလဲ။ သူတို့ထဲမှာ နင်ဂျာဖြစ်လာနိုင်တဲ့ ပါရမီရှင်တွေ ပါလာနိုင်တာပဲ။ ဒါမှမဟုတ်လည်း သူတို့ထဲက တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်ထဲမှာ အမြီးကိုးချောင်း မိစ္ဆာ ကို ထည့်ထားနိုင်တဲ့ စွမ်းရည်ရှိရင် ရှိနေမှာ။ ငါ သူတို့ကို သွားတွေ့ရမယ်"

ဖတ်ချ် ရဲ့ အစောင့်အရှောက်တွေ မတားနိုင်ခင်မှာပဲ အဲဒီ ခရမ်းရောင် စလိုင်းမ်လေးဟာ အရိပ်တစ်ခုလို မြေကြီးထဲကို ရုတ်တရက် ပျောက်ကွယ်သွားပြီး အနုစိတ် ပြင်ဆင်ထားတဲ့ မြင်းရထားတစ်စီးရဲ့ အရှေ့တည့်တည့်မှာ ပြန်ပေါ်လာခဲ့တယ်။

သူ့ကိုယ်သူ နင်ဂျာတစ်ယောက်လို ဂုဏ်ယူနေပေမဲ့လည်း ဖတ်ချ် က သူ့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ဖို့ ဘာမှ မလုပ်ခဲ့ပါဘူး။ သူက မြင်းရထားရှေ့ကို တန်းပြီး ခုန်ချလိုက်တာကြောင့် မြင်းရထားနဲ့ အနောက်က အစောင့်အရှောက်တွေပါ အကုန်လုံး ရပ်သွားရတာပေါ့။

"ဧည့်သည်တို့၊ ရပ်ကြစမ်း" လို့ ဖတ်ချ် က မြင်းရထားတွေဆီ အော်ပြောလိုက်တယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဦးဆောင်လာတဲ့ မြင်းရထားတံခါး ပွင့်လာခဲ့ပါတယ်။

အနီရောင်ဝတ်စုံနဲ့ မိန်းကလေးငယ်တစ်ယောက် ထွက်လာပြီး သူမရဲ့ ဘေးမှာတော့ အစေခံဝတ်စုံဝတ်ထားတဲ့ အော့ခ်အနွယ် အမျိုးသမီးတစ်ယောက် ပါလာတာပေါ့။ အဲဒီ အော့ခ်က ဖတ်ချ် ကို သတိထားပြီး ကြည့်နေပေမဲ့ မိန်းကလေးငယ်ကတော့ ဖတ်ချ်ကို ကြည့်ပြီး ပြုံးစိစိ ဖြစ်နေခဲ့တယ်။

အဲဒါကတော့ ယူန မောင့်ဂိုမာရီ နဲ့ သူမရဲ့ အစောင့်အရှောက်တွေပေါ့။

ခဏအကြာမှာတော့ တောင်ပေါ်လမ်းမ အလယ်တည့်တည့်မှာ သူတို့ကို တားဆီးထားတဲ့သူက ဘယ်သူလဲဆိုတာကို ကြည့်ဖို့အတွက် ကျန်တဲ့ မြင်းရထားတွေပေါ်ကနေ လူတွေနဲ့ မျိုးနွယ်ခြားတွေ အကုန် ထွက်လာကြပါတယ်။ အနောက်ဆုံးမှာတော့ ကြောက်ကြောက်လန့်လန့်နဲ့ ဖွတ်နဂါးလူသားတစ်စုကလည်း အဲဒီ ထူးဆန်းတဲ့ ခရမ်းရောင်စလိုင်းမ် လေးက ဘယ်သူလဲဆိုတာကို သိချင်စိတ်နဲ့ ခေါင်းပြူပြီး ကြည့်နေကြတာပေါ့။

"နင်က ဘယ်သူလဲ။ ပြီးတော့ တို့တွေ သွားနေတာကို ဘာလို့ တားထားတာလဲ" လို့ ယူနာ ဘေးက အော့ခ်အနွယ် အမျိုးသမီးက ခက်ထန်တဲ့ လေသံနဲ့ မေးလိုက်တယ်။

"အဲလို မလုပ်ပါနဲ့၊ အက်ဂ်နက်စ်။ သူ့ကို ဒီလို ဆက်ဆံစရာ မလိုပါဘူး။ မင်းနာမည်က ဘယ်သူလဲ" လို့ ယူနာ က ဖတ်ချ် ကို မေးလိုက်ပါတယ်။

"ငါကတော့ အရိပ်တွေရဲ့ ကိုယ်ပွားပေါ့။ ငါက အမှောင်ထုကို ရှာဖွေသူပဲ။ ငါက နေရာတိုင်းမှာ ရှိနေသလို ဘယ်နေရာမှာမှလည်း မရှိဘူး။ တကယ်လို့ မင်းတို့မှာ ငါ့သခင်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခု ရှိမယ်ဆိုရင် မင်းတို့ မတွေးမိခင်မှာတင် ငါ သိနေလိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါက..."

ဖတ်ချ် က လေပေါ်ကို ခုန်တက်လိုက်ပြီး သူ့ရဲ့ ခရမ်းရောင် ခန္ဓာကိုယ်ကို နင်ဂျာဝတ်စုံ၊ ခေါင်းစွပ်၊ လက်ပတ်နဲ့ သံမဏိပြားတွေ ပါဝင်တဲ့ အသွင်အဖြစ် ပြောင်းလဲလိုက်ပါတယ်။

အက်ဂ်နက်စ်နဲ့ ယူနာရဲ့ ကျန်တဲ့ မျိုးနွယ်ခြားအစောင့်အရှောက်တွေကတော့ ဖတ်ချ် ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေကြတာပေါ့။ ဘယ်လို ပြန်ပြောရမှန်းတောင် မသိကြဘူးလေ။ သူပြောနေတဲ့ စကားတွေက ဘယ်လိုပဲ ရှိနေပါစေ၊ အခု သူ့ရဲ့ ထူးဆန်းတဲ့ အသွင်အပြင်နဲ့ဆိုရင်တော့ ကြောက်စရာ ဘာမှ မရှိသလို ဖြစ်နေတာကိုး။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ သူက ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး။ သူက တကယ်တော့ တကယ့်ကို သဘောကောင်းတဲ့ စလိုင်းမ်လေးပါ"

နောက်ဆုံးတော့ ဖတ်ချ် ရဲ့ အစောင့်အရှောက်တွေဖြစ်တဲ့ ရီနေးတားနိုင်ငံသားတွေ ရောက်လာပြီး အခြေအနေကို အမြန်ပဲ ရှင်းပြလိုက်ကြတယ်။

အမျိုးအနွယ်တူ မျိုးနွယ်ခြား ရီနေးတားနိုင်ငံသားတွေကို မြင်လိုက်ရတော့မှ အက်ဂ်နက်စ်နဲ့ ကျန်တဲ့ အစောင့်အရှောက်တွေလည်း သတိထားနေတာတွေကို လျှော့ချလိုက်ကြတာပေါ့။

ရီနေးတားနိုင်ငံသားတွေကို တစ်ချက် ကြည့်လိုက်ရုံနဲ့တင် ဒါက မိဘနဲ့ သားသမီးလို ဆက်ဆံရေးမျိုးဆိုတာ အက်ဂ်နက်စ် ချက်ချင်း သိလိုက်ပါတယ်။ အဲဒီ ရီနေးတားနိုင်ငံသားတွေက အမြဲတမ်း ပြဿနာရှာတတ်တဲ့ သူတို့ရဲ့ ကလေးကို ထိန်းကျောင်းဖို့ ကြိုးစားပြီး ကျရှုံးနေရတဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မိဘတွေနဲ့ တူနေတာကိုး။

အက်ဂ်နက်စ်က ဖတ်ချ် အပေါ်မှာ ထားတဲ့ အမြင် ပြောင်းသွားခဲ့တယ်။ အစတုန်းကတော့ သူက အန္တရာယ်ရှိတဲ့သူလို့ ထင်ခဲ့ပေမဲ့ အခုတော့ ဖတ်ချ်ကို ဘာအန္တရာယ်မှ မပေးနိုင်တဲ့ လူအ တစ်ယောက်လိုပဲ သူမက သတ်မှတ်လိုက်ပါတော့တယ်။

"သူက ကျွန်တော်တို့ ဆရာရဲ့ အချစ်တော်လေးပါ" လို့ ရီနေးတားနိုင်ငံသားတွေက အားနာတဲ့ လေသံနဲ့ ပြောလိုက်ကြတယ်။

ဖတ်ချ် ကတော့ ဒါကို မကျေမနပ် ဖြစ်သွားတာပေါ့။ "ငါက သခင်ရဲ့ အချစ်တော် မဟုတ်ဘူး။ ငါက သူ့ရဲ့ နင်ဂျာ ကွ" လို့ သူက သူတို့ကို အော်ပြောလိုက်တယ်။

ဒါပေမဲ့ ဘယ်သူကမှ သူ့ကို ယုံပုံမရပါဘူး။ အက်ဂ်နက်စ်နဲ့ ယူနာရဲ့ ကျန်တဲ့ မျိုးနွယ်ခြား အစောင့်အရှောက်တွေကတောင် ဖတ်ချ် ပြောတဲ့ စကားတစ်လုံးမှ မယုံတဲ့ အမူအရာနဲ့ ကြည့်နေကြတာကိုး။

ဘယ်သူမှ သူ့ကို တစ်စက္ကန့်တောင် မယုံကြဘူးဆိုတာ သိလိုက်ရတဲ့အခါ ဖတ်ချ် ရဲ့ ဂုဏ်ယူဝင့်ကြွားနေတဲ့ ခန္ဓာကိုယ်ကြီးက ရုတ်တရက် ရှုံ့ချည်သွားပါတော့တယ်။

သူ့စိတ်ထဲမှာလည်း သံသယတွေ ပြည့်နှက်လာတာပေါ့။

"အို... မင်းက နင်ဂျာတစ်ယောက်လား။ ဒါက ငါ့ဘဝမှာ နင်ဂျာတစ်ယောက်ကို တကယ့်အပြင်မှာ ပထမဆုံး မြင်ဖူးတာပဲ" လို့ ယူနာက အံ့သြသလို ရေရွတ်လိုက်တယ်။

ယူနာရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ဖတ်ချ် ရဲ့ ခန္ဓာကိုယ်ကြီးက ပြန်ပြီး ဖောင်းကားလာတာပေါ့။

"ဟုတ်... ဟုတ်ပါတယ်" လို့ သူက အော်ပြောလိုက်တယ်။ စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက် သူက ယူနာ ကို မော့ကြည့်ပြီး "မင်းက ငါ့ကို နင်ဂျာတစ်ယောက်လို့ တကယ် ယုံတာလား" လို့ တိုးတိုးလေး မေးလိုက်တာပေါ့။

ယူနာ က ပြုံးလိုက်ပြီး "သေချာတာပေါ့။ မင်း ဖြစ်ချင်တဲ့သူ ဘယ်သူမဆို မင်း ဖြစ်နိုင်တာပဲလေ"

ဖတ်ချ် ရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားခဲ့တယ်။ အရင်က ဘယ်သူမှ သူ့ကို အခုလို မယုံကြည်ပေးခဲ့ဖူးဘူးလေ။

* * * * * * * * *

စာစဉ်(၁၁)

အခန်း(၁၂၂)

ဖတ်ချ်က ယူနာကို မော့ကြည့်လိုက်တဲ့အခါ သူမရဲ့ မျက်လုံးထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေကိုပဲ မြင်လိုက်ရတယ်။ ဒါက တကယ့်ကို သိသာလွန်းပါတယ်။ သူမက ဖတ်ချ်ဟာ တကယ်ပဲ နင်ဂျာတစ်ယောက် ဖြစ်တယ်ဆိုတာကို ယုံကြည်သွားတာပေါ့။

ဖတ်ချ်ရဲ့ နင်ဂျာဆိုတဲ့ အပြောအဆိုတွေကို တစ်စုံတစ်ယောက်က ပထမဆုံးအကြိမ်အဖြစ် ယုံကြည်ပေးလိုက်တာပါ။ လူအများစုကတော့ ဖတ်ချ် ဘာတွေပြောနေမှန်းတောင် မသိကြသလို၊ သိခဲ့မယ်ဆိုရင်တောင်မှ သူ့ကို လိမ်ညာနေတဲ့ ကလေးတစ်ယောက်လိုပဲ ဆက်ဆံလေ့ရှိကြတာကိုး။

"တကယ်လို့ မင်းက နင်ဂျာဆိုရင် ရေပေါ်မှာ ပြေးလို့ရလား၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သစ်တုံးအဖြစ် ပြောင်းလဲပစ်လို့ကော ရလား" လို့ ယူနာက သိချင်စိတ်တွေ အပြည့်နဲ့ မေးလိုက်တယ်။

"...ရတာပေါ့... သေချာပေါက် ရတာပေါ့" လို့ ဖတ်ချ်က စိတ်လှုပ်ရှားစွာနဲ့ အော်ပြောလိုက်တယ်။

"အဲဒါတွေထက်တောင် ပိုလုပ်နိုင်သေးတယ်၊ ငါက ဆန်းကြယ်တဲ့ မျက်လုံးတွေကိုသုံးပြီး ရန်သူတွေကို လှည့်စားမှုတွေကြားထဲမှာ ပိတ်မိအောင် လုပ်လို့ရတယ်"

"ဝိုး..."

ယူနာက ဖတ်ချ်အတွက် ဖြည်းဖြည်းချင်း လက်ခုပ်တီးပေးရင်း ရေရွတ်လိုက်တယ်။

ဒီအတောအတွင်းမှာတော့ ရီနေးတား နိုင်ငံသားတွေနဲ့ ယူနာရဲ့ ကိုယ်ရံတော် အက်ဂ်နက်စ်တို့ကတော့ စလိုင်းမ်လေးရဲ့ စိတ်ကူးယဉ်မှုတွေကို ယူနာက လိုက်ပါစီးမျောပေးနေတာကို ကြည့်ပြီး အံ့သြနေကြတာပေါ့။

ရီနေးတား နိုင်ငံသားတွေနဲ့ မျိုးနွယ်ခြားတွေတောင်မှ ဖတ်ချ်ရဲ့ စကားတွေကို ကလေးကစားသလိုမျိုးပဲ သတ်မှတ်ထားကြပေမဲ့ ယူနာကတော့ အဲဒါတွေကို တကယ့်အစစ်အမှန်တွေလို ဆက်ဆံပေးနေတာပါ။

"ငါ့ကို ထပ်ပြောပြပါဦး" လို့ ယူနာက ဆိုတယ်။

ဖတ်ချ်က ယူနာရဲ့ ရင်ခွင်ထဲကို ခုန်ဝင်လိုက်ပြီး သူ့ရဲ့ စွန့်စားခန်းတွေနဲ့ ကမ္ဘာပေါ်မှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို အားတက်သရော ပြောပြပါတော့တယ်။ အဲဒီပုံစံက ဆရာမက အနာဂတ်မှာ ဘာဖြစ်ချင်လဲလို့ မေးလိုက်တဲ့အခါ ဖြေနေတဲ့ ကလေးလေးတစ်ယောက်နဲ့တောင် တူနေသေးတယ်။

"ဒီအတွက် တောင်းပန်ပါတယ်" လို့ ရီနေးတားနိုင်ငံသား ဟော့ဘ်မျောက်လူက ပြောလိုက်တယ်။

"ရပါတယ်၊ ကိစ္စမရှိပါဘူး။ ကျွန်မတို့ သခင်မလေးက မျိုးနွယ်ခြားတွေကို တော်တော်လေး ချစ်တာပါ။ အခုလို လမ်းဘေးက ချစ်စရာတိရစ္ဆာန်လေးတွေကို ကောက်ယူလာတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး၊ စိတ်မရှိပါနဲ့နော်" လို့ အက်ဂ်နက်စ်က ယူနာကို ကြည့်ပြီး နွေးထွေးစွာ ပြောလိုက်တယ်။

ရီနေးတားနိုင်ငံသားတွေကတော့ ဒါကို စိတ်မဆိုးကြပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင်လည်း ဖတ်ချ်ကို တစ်ခါတလေ လမ်းဘေးက ချစ်စရာအိမ်မွေးတိရစ္ဆာန်လေးလို့ပဲ ရည်ညွှန်းတတ်ကြတာကိုး။

"အကြီးအကဲတို့က ကင်းစ်နယ်မြေကို ခရီးသွားဖို့ လာကြတာလား၊ အဲဒါဆိုရင်တော့ သွားချင်တဲ့နေရာကို ရောက်အောင် ကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်" လို့ ဟော့ဘ်မျောက်လူက ဆိုတယ်။

အက်ဂ်နက်စ်က ခေါင်းညိတ်လိုက်ပြီး "အဲဒါဆိုရင်တော့ တကယ် ကျေးဇူးတင်မိမှာပါ။ ကျွန်မတို့ လိုအပ်တဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်ဖို့အတွက် တောင်တန်းတွေရဲ့ ဟိုဘက်မှာရှိတဲ့ မေပယ်ဝုဒ်ကျေးရွာကို ဝင်ချင်လို့ပါ"

"သေချာပေါက် လုပ်ပေးနိုင်တာပေါ့" လို့ ရီနေးတား နိုင်ငံသားတွေက ပြန်ဖြေလိုက်ကြတယ်။

သူတို့ရဲ့ အကူအညီနဲ့ ယူနာနဲ့ သူမရဲ့ အစောင့်အရှောက်တွေဟာ အန္တရာယ်ရှိတဲ့ တောင်တန်းတွေကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ကင်းစ်နယ်မြေထဲကို ရောက်ရှိသွားကြပါတော့တယ်။

လမ်းခရီးမှာတော့ ရီနေးတားနိုင်ငံသားတွေနဲ့ ယူနာရဲ့ အစောင့်အရှောက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြောင်းအရာတွေကို နှီးနှောဖလှယ်ခဲ့ကြတယ်။

ယူနာရဲ့ အစောင့်အရှောက်တွေက သူတို့ဟာ သခင်မလေး သွားလေရာကို လိုက်ပါစောင့်ရှောက်ရတဲ့ ကိုယ်ရံတော်တွေဖြစ်ကြောင်း မိတ်ဆက်ပေးကြတယ်။ အခု ဒီတာဝန်မှာတော့ သူတို့က သခင်မလေးကို ကင်းစ်ဘရစ်ချ်မှာရှိတဲ့ မှော်မျှော်စင်ဆီကို ပို့ဆောင်ပေးရမှာဖြစ်ပြီး နာမည်ကျော် ကြယ်ရှစ်ပွင့် မီးဒြပ်စင်မှော်ကဝေဖြစ်တဲ့ ဆီဘက်စတီယန် အော့ဂင်ဒေါ နဲ့ တွေ့ဆုံဖို့ ဖြစ်တယ်လို့ ပြောပြကြတာပေါ့။

အက်ဂ်နက်စ်ကလည်း သူမကိုယ်သူမ ယူနာရဲ့ ကိုယ်ရေးကိုယ်တာအစေခံနဲ့ ထိန်းကျောင်းသူအဖြစ် မိတ်ဆက်ပေးပြီး ယူနာမွေးကတည်းက အနီးကပ် ပြုစုစောင့်ရှောက်လာတာလို့ ဆိုတယ်။

အဲဒီနောက်မှာတော့ ရီနေးတားနိုင်ငံသားတွေက သူတို့ဟာ ရီနေးတားနိုင်ငံရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ အက်ဂ်နက်စ်ကို ပြန်ပြီး မိတ်ဆက်ပေးလိုက်ကြပါတယ်။

ဒါက အစပိုင်းမှာ အက်ဂ်နက်စ်ကို ဇဝေဇဝါ ဖြစ်သွားစေတယ်။ သူမ ဒီခရီးစဉ်အတွက် ကြိုတင်လေ့လာမှုတွေ လုပ်ခဲ့သမျှမှာ ကင်းစ်နယ်မြေထဲမှာ တရားဝင်တည်ထောင်ထားတဲ့ နိုင်ငံဆိုတာမျိုး တစ်ခါမှ မကြားဖူးခဲ့လို့ပါ။

ဟော့ဘ်မျောက်လူက သူတို့နိုင်ငံဟာ ခုမှ စတင်ဖွဲ့စည်းတာလို့ ရှင်းပြလိုက်တဲ့အခါမှပဲ သူမ နားလည်သွားပါတော့တယ်။

အက်ဂ်နက်စ်ရဲ့ စိတ်ထဲမှာတော့ ရီနေးတားနိုင်ငံဆိုတာ လူသူကင်းဝေးတဲ့နေရာမှာနေထိုင်တဲ့ လူတစ်စုက ကိုယ့်ကိုယ်ကိုယ်နိုင်ငံတစ်ခုလို့ ကြေညာထားတဲ့ အဖွဲ့လေးတစ်ခုလို့ပဲ ထင်နေမိတာပေါ့။ ဒါမျိုးက ကွင်းစ်နယ်မြေမှာလည်း ခဏခဏ ဖြစ်လေ့ရှိတာကိုး။ တချို့လူတွေဆိုရင် အိမ်တစ်လုံးစာလောက်ရှိတဲ့ မြေကွက်လေးကိုတောင် ကိုယ့်နိုင်ငံလို့ ခေါ်တတ်ကြတာပဲလေ။

"အော်... ဒါနဲ့ ကျွန်တော်တို့က ကုမ္ပဏီတစ်ခုရဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်ပါသေးတယ်၊ အကြီးအကဲတို့ ကြားဖူးကောင်း ကြားဖူးလိမ့်မယ်" လို့ ဟော့ဘ်မျောက်လူတွေက ပြောပြတယ်။

"ဟင့်အင်း၊ အဲဒါက ဘာကုမ္ပဏီလဲ"

"ရီနေးတားကုမ္ပဏီ ပါ" လို့ သူက ပြန်ဖြေလိုက်တယ်။

အက်ဂ်နက်စ်ကတော့ ဒါကို ထူးခြားတဲ့အရာလို့ မယူဆခဲ့ပါဘူး။ ကွင်းစ်နယ်မြေမှာ အဲဒီလို ကုမ္ပဏီနာမည်မျိုး တစ်ခါမှ မကြားဖူးတာကြောင့် ဒါဟာ မြို့လေးတစ်မြို့ ဒါမှမဟုတ် ကျေးရွာလေးတစ်ရွာမှာတင် ကန့်သတ်ထားတဲ့ သာမန်လုပ်ငန်းလေးတစ်ခုလို့ပဲ သူမ ထင်လိုက်မိတာပေါ့။

ဒီအတောအတွင်းမှာတော့ ယူနာဟာ ဖတ်ချ်ကို ပေါင်ပေါ်တင်ပြီး ထိုင်နေရင်း မေပယ်ဝုဒ်ကျေးရွာကို ဆက်သွယ်ထားတဲ့ ညီညာပြန့်ပြူးနေတဲ့ ကွန်ကရစ်လမ်းတွေကို ရုတ်တရက်တွေ့ရှိသွားပါတယ်။

အက်ဂ်နက်စ်ကလည်း မြင်းရထား ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ အဲဒါကို မြင်လိုက်ရတယ်။ ဒါတင်မကသေးဘဲ မေပယ်ဝုဒ် ကျေးရွာမှာ တစ်ခုခု မှားယွင်းနေပြီဆိုတာကိုလည်း သူမ သတိထားမိသွားတာပေါ့။

"ကျွန်မတို့ လမ်းမှားနေပြီ ထင်တယ်" လို့ အက်ဂ်နက်စ်က ဆိုတယ်။ "ဟိုဟာက မေပယ်ဝုဒ် ကျေးရွာနဲ့ လုံးဝ မတူဘူး"

ဟော့ဘ်မျောက်လူက ခေါင်းခါပြပြီး "မဟုတ်ပါဘူး၊ လမ်းမှန်ပါတယ်။ ဟိုအရှေ့က တကယ်ပဲ မေပယ်ဝုဒ် ကျေးရွာပါ" လို့ ပြန်ပြောတယ်။

အဲဒီလို ပြောပေမဲ့လည်း အက်ဂ်နက်စ်ကတော့ သူမ မြင်နေရတဲ့အရာတွေကို မယုံကြည်နိုင်အောင် ဖြစ်နေဆဲပါ။

သူမ မျှော်လင့်ထားတာက လူဦးရေ ရာဂဏန်းလောက်ပဲရှိပြီး အိမ်တွေကိုလည်း သစ်သားတွေ၊ သက်ငယ်တွေနဲ့ပဲ အဓိက ဆောက်ထားတဲ့ ရွာငယ်လေး တစ်ရွာပါ။

ဒါပေမဲ့ သူမ မြင်လိုက်ရတာကတော့ လုံးဝကို ကွဲပြားခြားနားနေတာပေါ့။

အဲဒီမှာ နှစ်ထပ်၊ သုံးထပ်လောက်အထိ မြင့်တဲ့ ကျောက်တုံးအဆောက်အဦးကြီးတွေ ရှိနေသလို၊ ရွာအဝင်အထွက်မှာလည်း ညီညာပြန့်ပြူးတဲ့ လမ်းမကြီးတွေ ရှိနေပါတယ်။ အဝေးကနေ ကြည့်ရင်တောင် အဲဒီနေရာဟာ နေ့ခင်းကြောင်တောင်မှာတင် လူတွေနဲ့ ပြည့်နှက် စည်ကားနေတာကို မြင်နိုင်တာပါ။

ကင်းစ်နယ်မြေဟာ နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဒေသလို့ သတ်မှတ်ထားတာဖြစ်ပြီး၊ မြို့တော် ကင်းစ်ဘရစ်ချ်နဲ့ အလှမ်းဝေးတဲ့ မေပယ်ဝုဒ်ကျေးရွာဆိုရင် ပိုပြီးတော့တောင် ဆိုးရမှာပါ။

ဒါပေမဲ့လည်း တစ်နည်းနည်းနဲ့ မေပယ်ဝုဒ်ကျေးရွာဟာ ကွင်းစ်နယ်မြေက ချမ်းသာတဲ့မြို့ကြီးတွေနဲ့တောင် ပိုပြီး တူနေပါသေးတယ်။

အက်ဂ်နက်စ်ကတော့ ဒါကို လုံးဝမယုံနိုင်အောင် ဖြစ်နေတာပေါ့။

ဒါပေမဲ့ အထူးဆန်းဆုံးအရာကတော့ မြင်းတွေဆွဲစရာမလိုဘဲ အလိုအလျောက်ရှေ့ကိုသွားနေတဲ့ ထူးဆန်းတဲ့ သံသေတ္တာရထားလုံးတွေပါပဲ။ အက်ဂ်နက်စ်က အဲဒီ ယာဉ်တွေ ရှေ့ကို သွားနေရင်း ဟိန်းဟောက်သံတွေ ထွက်နေတာကြောင့် အထဲမှာ မှော်သားရဲတစ်ကောင်ကောင် ပုန်းနေတယ်လို့တောင် ထင်နေမိတာပါ။

မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူတို့ဟာ မေပယ်ဝုဒ်ကျေးရွာထဲကို နောက်ဆုံးမှာ ရောက်ရှိသွားကြပြီး၊ ကွင်းစ်နယ်မြေကနေ လာတဲ့သူတွေအနေနဲ့ ရီနေးတားကုမ္ပဏီ ရဲ့ ထုတ်ကုန်တွေက ပေးစွမ်းတဲ့ အံ့ဖွယ်တွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့် ရသွားကြပါတော့တယ်။

"ဝိုး... လမ်းတွေက တကယ့်ကို ညီညာနေတာပဲ..."

"ဟို ထူးဆန်းတဲ့ မြင်းရထားတွေက ဘာတွေလဲ"

"ဟို သံပိုက်ခေါင်းထဲကနေ ရေတွေက ဘယ်လိုလုပ်ပြီး စီးကျနေရတာလဲ"

လူတွေက သံပိုက်ခေါင်းတွေမှာ သူတို့ရဲ့ လတ်ဆတ်တဲ့ ကောက်ပဲသီးနှံတွေကို ဆေးကြောနေကြပြီး ရေကို အလကားရတဲ့ အရာတစ်ခုလို သုံးစွဲနေကြတာကို သူတို့ မြင်တွေ့လိုက်ရတယ်။

လူတွေက 'ရီနေးတားတက္ကစီ' လို့ ခေါ်တဲ့ မြင်းရထားအကြီးကြီးပေါ်ကို တက်ဖို့အတွက် တန်းစီနေကြတာကိုလည်း သူတို့ မြင်လိုက်ရတာပေါ့။

ဒါဟာ လုံးဝကို ကွဲပြားခြားနားတဲ့ ကမ္ဘာသစ်တစ်ခုကို ကြည့်နေရသလိုမျိုး သူတို့ ခံစားလိုက်ရတယ်။

"ညီညာတဲ့လမ်းတွေ၊ ကျောက်တုံးအဆောက်အဦးတွေ၊ ပြီးတော့ အခု ဒီထူးဆန်းတဲ့ မြင်းရထားတွေပါလား... ကင်းစ်နယ်မြေမှာ အရာရာက တော်တော်လေး ပြောင်းလဲသွားခဲ့ပြီပဲ" လို့ အက်ဂ်နက်စ်က အံ့သြတုန်လှုပ်စွာ အော်ပြောလိုက်တယ်။

"အော်... အဲဒါလား၊ ကျွန်တော်တို့ ဆရာ လုပ်ထားတာလေ" လို့ ဟော့ဘ်မျောက်လူက သာမန်အတိုင်းပဲ ပြန်ဖြေလိုက်တယ်။ သူက မိုက်ကယ်ရဲ့ ဘာမှမဖြစ်သလို တုံ့ပြန်တတ်တဲ့ အကျင့်တွေကို ဆက်ခံရရှိထားပုံရတယ်။

"ဟမ်..." လို့ အက်ဂ်နက်စ်က အမှတ်မထင် လွှတ်ခနဲ ပြောလိုက်မိတာပေါ့။

ဒီအတောအတွင်းမှာတော့ ယူနာဟာ မေပယ်ဝုဒ်ကျေးရွာရဲ့ အခြေအနေကို ကြည့်ပြီး အလွန်အမင်း အံ့အားသင့်ကာ မှင်တက်လို့ နေပါတော့တယ်။

ဒါကို မြင်လိုက်ရတဲ့အခါ ဖတ်ချ်က ဂုဏ်ယူမဆုံး ဖြစ်သွားတာပေါ့။

"ငါ့သခင်က တကယ်ကို တော်တာ မဟုတ်လား၊ မင်းသာ သူ့ကို တွေ့ရမယ်ဆိုရင် သေချာပေါက် သဘောကျမှာပါ။ သူက မင်းလိုပဲ တကယ့်ကို ကြင်နာတတ်တဲ့သူပဲ"

* * * * * * * * *

All Chapters