← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 11 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 11 Ch. 123-124

အခန်း(၁၂၃)

တကယ်လို့သာ ကွင်းစ်နယ်မြေက တစ်ယောက်ယောက်က ကင်းစ်နယ်မြေထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို မြင်လိုက်ရရင် သေချာပေါက် မှင်တက်သွားကြမှာပဲ။

အညစ်အကြေးတွေကို သန့်ရှင်းပြီး ထိရောက်တဲ့နည်းနဲ့ စွန့်ပစ်ပေးနိုင်တဲ့ ရေပိုက်စနစ်တစ်ခုတည်းနဲ့တင် ချမ်းသာကြွယ်ဝသူတွေကြားမှာ အုတ်အော်သောင်းနင်း ဖြစ်သွားစေဖို့ လုံလောက်နေတာကိုး။

ကွင်းစ်နယ်မြေက အချမ်းသာဆုံး နယ်မြေတွေမှာတောင်မှ ရေတွင်းကနေ ရေခပ်ဖို့အတွက် လူအင်အားကို သုံးနေရတုန်း၊ ဒါမှမဟုတ်လည်း ရေဒြပ်စင်မှော်ဆရာတွေကို အခကြေးငွေပေးပြီး ငှားရမ်းနေရတုန်းပဲလေ။

ဒီလို လူသူမနီးတဲ့ ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာတောင် လက်ကိုင်လေး တစ်ချက်လှည့်လိုက်ရုံနဲ့ ရေကို အလွယ်တကူ သုံးနိုင်နေတာက သူတို့ရဲ့ဘဝတွေကို ဘုရင်တွေ၊ မိဖုရားတွေနဲ့ တော်ဝင်မျိုးနွယ်တွေထက်တောင် အများကြီး ပိုပြီး သက်သောင့်သက်သာ ရှိသွားစေတာပေါ့။

ဒါပေမဲ့ ရီနေးတားကကမ်းလှမ်းတဲ့ ထုတ်ကုန်တွေထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ သူတို့ရဲ့ မော်တော်ကားတွေပဲ ဖြစ်လိမ့်မယ်။

အဲဒါတွေက မှော်ပညာလည်း မသုံးသလို၊ မြင်းတွေလည်း ဆွဲစရာမလိုဘဲ နဂါးတစ်ကောင်နီးပါး မြန်ဆန်တဲ့ အရှိန်အဟုန်မျိုးနဲ့ မောင်းနှင်နိုင်တာကိုး။ ဒီအံ့မခန်း စက်ယန္တရားကြီးသာ ရှိမယ်ဆိုရင် ကွင်းစ်နယ်မြေမှာ ကြုံတွေ့နေရတဲ့ အကွာအဝေး ပြဿနာကို ဖြေရှင်းပေးနိုင်မှာ အသေအချာပဲ။

ကွင်းစ်နယ်မြေမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်တပ်တွေတောင်မှ ရင်ဆိုင်နေရတဲ့ အဓိက အဟန့်အတားကတော့ နယ်မြေတစ်ခုကနေ တစ်ခုကို သွားဖို့အတွက် အချိန်အတော်ကြာ ပေးနေရတာပါပဲ။ အဲဒီအချက်ကပဲ နေရာတွေကို တခြားနေရာတွေနဲ့ အလှမ်းဝေးပြီး အဆက်အသွယ် ပြတ်တောက်သွားအောင် ဖြစ်စေခဲ့တာပေါ့။

အဲဒါကြောင့်လည်း ကွင်းစ်နယ်မြေရဲ့ မြောက်ဘက်ခြမ်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တောင်ဘက်ခြမ်းကလူတွေက နှစ်အနည်းငယ် ကြာသွားတဲ့အခါမှ သိခွင့်ရကြတာ။

ဒါပေမဲ့ ကင်းစ်နယ်မြေမှာတော့ မြို့တွေ၊ မြို့နယ်တွေနဲ့ ကျေးရွာတွေ အားလုံးက အရင်ကထက် အများကြီး ပိုပြီး ချိတ်ဆက်မိနေသလို တစ်ခုနဲ့တစ်ခု သတင်းအချက်အလက်တွေလည်း အမြဲတမ်း နောက်ဆုံးပေါ် ဖြစ်နေကြတယ်။

ဒါကတော့ ရီနေးတားကုမ္ပဏီက ကိုယ်ပိုင်မော်တော်ကားမဝယ်နိုင်တဲ့သူတွေအတွက် သူတို့ရဲ့ တက္ကစီဝန်ဆောင်မှုတွေကို ပေးနေတာကြောင့်ပဲ ဖြစ်ပါတယ်။

အခုဆိုရင် ခြောက်သွေ့လွင်ပြင်နားက လူတွေဟာ ကင်းစ်နယ်မြေရဲ့ အဝေးဆုံးနေရာကိုတောင် ရက်အနည်းငယ်အတွင်းမှာပဲ သွားရောက်နိုင်နေပြီပေါ့။ ကုမ္ပဏီတွေကလည်း ရီနေးတားကုမ္ပဏီဆီကနေ အသစ်ဝယ်ယူထားတဲ့ ကုန်တင်ကားတွေကို အကျိုးရှိရှိ အသုံးချလာကြတာကြောင့် စီးပွားရေးတွေကလည်း တဟုန်ထိုး တိုးတက်လာခဲ့တာပေါ့။

အက်ဂ်နက်စ်က မေပယ်ဝုဒ်ကျေးရွာရဲ့ ဈေးတန်းမှာ ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေကို ကြည့်လိုက်တဲ့အခါ အရင်ကထက် အများကြီး ပိုပြီး စုံလင်နေတာကို တွေ့လိုက်ရတယ်။

မြက်ခင်းပြင်ချိုင့်ဝှမ်းက နာမည်ကျော် စိုစွတ်တဲ့ ဆေးဖက်ဝင်အပင်တွေတင်မကဘဲ ခြောက်သွေ့လွင်ပြင်က ရှားပါးတဲ့ ရှားစောင်းလက်ပတ်သီးခြောက်တွေကိုတောင် ရောင်းချနေတာပါလား။

သူမ ကြားဖူးသလောက်ဆိုရင် ဒါတွေက ရွှေဒင်္ဂါး ဆယ်ဂဏန်းလောက်အထိ တန်ဖိုးရှိတာ။ ဒါပေမဲ့ အခုတော့ ဒါတွေကို ငွေဒင်္ဂါးတွေနဲ့တင် ဝယ်ယူလို့ ရနေပြီလေ။

အက်ဂ်နက်စ်က ကွင်းစ်နယ်မြေမှာရှိတဲ့ တခြား ဈေးကြီးတဲ့ ကုန်ပစ္စည်းတွေအကြောင်းကို တွေးနေမိတယ်။ တကယ်လို့သာ သူတို့မှာ မော်တော်ကားတွေ ရှိမယ်ဆိုရင် အစာရေစာ ငတ်မွတ်ခေါင်းပါးနေတဲ့ ဆင်းရဲတဲ့ ဒေသများကလူတွေအနေနဲ့ ကုန်သည်တွေ အမြတ်ကြီးစားဈေးနှုန်းတွေမြင့်မားတဲ့အခွန်အခတွေ လက်ဝါးကြီးအုပ်မှုတွေကနေ နောက်ဆုံးမှာ လွတ်မြောက်နိုင်ကြမှာပဲ။

"ဒီလမ်းက တကယ့်ကို ညီညာနေတာပဲ" လို့ ယူနာက ဆိုတယ်။

"ဒါကို ဘယ်လိုခေါ်တာလဲ"

ဖတ်ချ်က သူမရဲ့ပေါင်ပေါ်ကနေ ခုန်တက်လိုက်ပြီး သူမရဲ့ခေါင်းပေါ်မှာ ဆင်းသက်လိုက်တယ်။

"ဒါကို ကွန်ကရစ်လို့ ခေါ်တယ်၊ အဲဒါက ငါ့သခင် စဉ်းစားထုတ်ထားတဲ့ အရာပေါ့"

ရီနေးတားနိုင်ငံသားတွေက ကွန်ကရစ်ရဲ့ အကျိုးကျေးဇူးတွေအကြောင်းနဲ့ လမ်းတွေ၊ အဆောက်အဦးတွေ အားလုံးကို ရက်အနည်းငယ်အတွင်းမှာတင် ဘယ်လို တည်ဆောက်နိုင်တယ်ဆိုတာကို ထပ်ပြီး ရှင်းပြကြတယ်။

အဲဒါက ဈေးလည်း ပေါတာကြောင့် နယ်မြေအတော်များများက သူတို့ရဲ့ အဆောက်အဦးတွေကို ကွန်ကရစ်တွေနဲ့ အဆင့်မြှင့်တင်ပြီး အကောင်အထည်ဖော် လာကြတာပေါ့။

"အံ့ဩစရာပဲ" လို့ အက်ဂ်နက်စ်က ချီးကျူးလိုက်တယ်။

"ဒီကွန်ကရစ်သာရှိရင် ကွင်းစ်နယ်မြေက ပြဿနာအတော်များများကို ဖြေရှင်းပေးနိုင်မှာပဲ"

ဖတ်ချ်က သူမခေါင်းပေါ်ကနေ ယူနာရဲ့မျက်နှာကို ငုံ့ကြည့်လိုက်တယ်။

"မင်းတို့က ကွင်းစ်နယ်မြေက လာကြတာလား" လို့ သူက မေးလိုက်တယ်။

"ဟုတ်တယ်၊ အဲဒီမှာပဲ ငါ မွေးခဲ့တာ" လို့ သူမက ပြန်ဖြေတယ်။

"မင်းတို့ အန္တရာယ်ရှိတဲ့ တောင်တန်းတွေကို ဖြတ်လာစရာ မလိုပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အင်မတန်ကြီးတဲ့ ငလျင်တစ်ခု လှုပ်ခဲ့တာ မသိဘူးလား။ အဲဒါက တကယ့်ကို ကြီးမားတဲ့ မြေပြိုမှုကြီးတစ်ခု ဖြစ်စေခဲ့တာ။ အဲဒါက မင်းတို့အပေါ်မှာလည်း ဖြစ်သွားနိုင်တာပဲလေ" လို့ ဖတ်ချ်က စိုးရိမ်တဲ့မျက်နှာနဲ့ ပြောလိုက်တယ်။

"ငါ့ကို တစ်ဦးတည်း ယုံကြည်တဲ့သူကိုတော့ ခြေချော်လက်ချော်ပြီး ပြုတ်ကျမသွားစေချင်ဘူး။ မင်းသာ မရှိတော့ရင် ငါက နင်ဂျာဆိုတာကို ဘယ်သူက ယုံမှာလဲ။ နောက်တစ်ခါ လာလည်ရင် ငါတို့ရဲ့ အဝေးပြေးလမ်းမကြီးကို သုံးသင့်တယ်"

ယူနာက ခရမ်းရောင်စလိုင်းမ်လေးကို ကြည့်လိုက်တယ်။

"ဒီမှာ အဝေးပြေးလမ်းမကြီး ရှိတာလား"

"ဟုတ်ပါတယ်၊ ကျွန်တော်တို့ ဆရာက ကင်းစ်နယ်မြေနဲ့ ကွင်းစ်နယ်မြေကို ဆက်သွယ်ပေးမယ့် လမ်းတစ်ခုကို ဖွင့်လှစ်တော့မှာပါ" လို့ ဟော့ဘ်မျောက်လူက ရှင်းပြတယ်။

"ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လို့ အက်ဂ်နက်စ်က မေးလိုက်တယ်။

"တောင်တန်းတွေက မတ်စောက်လွန်းသလို မင်းတို့ရဲ့ ကွန်ကရစ်လမ်းတွေနဲ့ တည်ဆောက်ဖို့တောင်မှ အရမ်း အန္တရာယ်များလွန်းတယ်။ မင်းခုနကပဲ ပြောတယ်လေ၊ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဒီမှာ မြေပြိုခဲ့တယ်ဆိုတော့ လမ်းက ပျက်စီးမသွားခင် တစ်နှစ်လောက်ပဲ ခံမှာပေါ့"

ဖတ်ချ်က ယူနာရဲ့ခေါင်းပေါ်ကနေ မြေပြင်ပေါ်ကို ခုန်ဆင်းလိုက်တယ်။ သူက သူ့ရဲ့ စေးကပ်ကပ် လက်နှစ်ဖက်ကို ရင်ဘတ်မှာ ပိုက်လိုက်ပြီး ခေါင်းကို မော့လိုက်တယ်၊ သူ့ရဲ့ မရှိတဲ့ မျက်နှာပေါ်မှာတော့ ဂုဏ်ယူဝင့်ကြွားမှုတွေ ပြည့်နှက်နေတာပေါ့။

"တောင်တန်းတွေထဲမှာ တည်ဆောက်ထားတယ်လို့ ဘယ်သူပြောလဲ။ သခင်က လူပုဘုရင်နဲ့ သူတို့ရဲ့ နိုင်ငံကို ပတ်ပြီး သွားမယ့် လမ်းတစ်ခု ဖန်တီးဖို့ သဘောတူညီချက် ရထားပြီးသားကွ" လို့ ဖတ်ချ်က အော်ပြောလိုက်ပါတော့တယ်။

အက်ဂ်နက်စ်နဲ့ ယူနာတို့ဟာ သူတို့ရဲ့ အံ့အားသင့်မှုတွေကို မထိန်းနိုင်တော့ဘဲ မှင်တက်ကာ တိတ်ဆိတ်စွာ ရပ်နေမိကြတယ်။

ယူနာဟာ ကလေးဘဝကတည်းက ဒီနိုင်ငံမှာရှိတဲ့ မျိုးနွယ်စုတိုင်း၊ နယ်မြေတိုင်းနဲ့ နိုင်ငံတိုင်းအကြောင်းကို သင်ကြားလေ့ကျင့်ထားရသူပါ။ သူမရဲ့ မိသားစုက သူမကို တစ်ကမ္ဘာလုံးမှာ ထိပ်တန်း သံတမန်တစ်ယောက် ဖြစ်လာအောင် မြေတောင်မြှောက်ပေးခဲ့တာကိုး။

အဲဒီလို ဖြစ်လာဖို့အတွက် သူမဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေး အခြေအနေတွေ၊ မဟာမိတ်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် စစ်ဖြစ်နေကြတဲ့ အခြေအနေတွေ အကုန်လုံးကို သိနေဖို့ လိုအပ်ပါတယ်။ သူမရဲ့ သမိုင်းသင်ခန်းစာတွေမှာတော့ ဒီနိုင်ငံရဲ့ နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းတစ်လျှောက် မဟာမိတ်တွေအများကြီး ဖွဲ့စည်းခဲ့ကြတယ်၊ ပြောင်းလဲခဲ့ကြတယ်၊ ပြီးတော့ ပြိုကွဲခဲ့ကြတယ်။

နယ်မြေတစ်ခုက နောက်ထပ်နယ်မြေတစ်ခုနဲ့ နှစ်ပေါင်းတစ်ထောင်လောက် မဟာမိတ်ဖွဲ့ထားပေမဲ့ နှစ်အနည်းငယ်အတွင်းမှာတင် ပြိုကွဲသွားပြီး မီးမောင်းထိုးမပြနိုင်လောက်တဲ့ ရန်သူတွေ ဖြစ်သွားကြတယ်ဆိုတာက ကြားနေကျကိစ္စတစ်ခုပါပဲ။

ဒါပေမဲ့ လူပုနိုင်ငံတော်ကတော့ သူတို့ရဲ့ တံခါးပိတ်ဝါဒနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရပ်တည်ချက်ကို တစ်ခါမှ မပြောင်းလဲခဲ့ကြဘူး။ ဘယ်သူမှလည်း သူတို့ကို ဖျောင်းဖျလို့ မရခဲ့ဘူးလေ။

ရွှေတွေနဲ့ ဆွဲဆောင်တာပဲဖြစ်ဖြစ်၊ စစ်ပွဲနဲ့ ခြိမ်းခြောက်တာပဲဖြစ်ဖြစ် ဘယ်အရာကမှ သူတို့ရဲ့ တံခါးတွေကို ဖွင့်လာအောင် မလုပ်နိုင်ခဲ့ဘူး။ နောင်လာမယ့် နှစ်ပေါင်းများစွာအထိလည်း ဒီအတိုင်းပဲ ဆက်ဖြစ်နေလိမ့်မယ်လို့ လူတိုင်းက ထင်ထားကြတာ။ အဲဒါက တစ်စုံတစ်ယောက်က လူပုနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ပြီဆိုတာကို သိလိုက်ရတဲ့ အခုအချိန်အထိပါပဲ။

"ရီနေးတားကုမ္ပဏီက လူပုနိုင်ငံတော်နဲ့ လက်တွဲထားတာလား" လို့ အက်ဂ်နက်စ်က စကားတွေ ထစ်အငေါ့ပြီး မေးလိုက်တယ်။

"အဲဒါဆိုရင် မင်းတို့ဆီမှာ နာမည်ကျော် ဒါးမားစကပ် စတီးလ်တွေကို သုံးခွင့်ရနေပြီလို့ ဆိုလိုတာလား"

ရီနေးတားနိုင်ငံသားတွေ အားလုံးက ဒါဟာ သာမန်အရာတစ်ခုလိုပဲ ခေါင်းညိတ်ပြလိုက်ကြတယ်။

သူတို့ရဲ့ မျက်စိရှေ့မှာတင် ကမ္ဘာကြီးကို ပြောင်းလဲစေမယ့် ဖြစ်ရပ်တစ်ခုကို မျက်မြင်တွေ့ရလိမ့်မယ်လို့ အက်ဂ်နက်စ်တစ်ယောက် တစ်ခါမှ မတွေးခဲ့မိပါဘူး။ အခုလောလောဆယ်မှာတော့ ရီနေးတားကုမ္ပဏီဟာ ကွင်းစ်နယ်မြေမှာ ဘယ်သူမှ မသိသေးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။

ဒါပေမဲ့ အဲဒါက ကြာရှည်မှာမဟုတ်ဘူးဆိုတာ သူမ သိနေတာပေါ့။ အဲဒါက မီးစာညှိထားတဲ့ ဗုံးတစ်လုံးကို ကြည့်နေရသလိုပါပဲ။ ပေါက်ကွဲထွက်သွားပြီး ကမ္ဘာကြီးရဲ့ မြေပြင်အခြေအနေကို မုန်တိုင်းတစ်ခုလို လုံးဝ ပြောင်းလဲပစ်ဖို့ စက္ကန့်ပိုင်းလောက်ပဲ လိုတော့တာပါ။

* * * * * * * * *

စာစဉ်(၁၁)

အခန်း(၁၂၄)

ဒီအတောအတွင်း မေပယ်ဝုဒ်ကျေးရွာထဲမှာတော့ ဖွတ်နဂါးလူသားတွေဟာ သူတို့ဘာသာသူတို့ လှည့်လည်ကြည့်ရှုရင်း မြင်သမျှအရာရာကို အကဲခတ်နေကြတာပေါ့။

ယူနာနဲ့ အက်ဂ်နက်စ်တို့လို မဟုတ်ဘဲ ဒီဖွတ်နဂါးလူသားတွေက ရီနေးတားကုမ္ပဏီရဲ့ တီထွင်မှုအသစ်တွေကို ကြည့်ဖို့ စိတ်မဝင်စားကြပါဘူး။ အဲဒီအစား သူတို့က ရီနေးတားကုမ္ပဏီမှာ ပါဝင်နေတဲ့ မျိုးနွယ်ခြားတွေကိုပဲ အတော်လေး စိတ်ဝင်တစား ရှိနေကြတာပါ။

တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီမျိုးနွယ်ခြားတွေက တခြားသူတွေနဲ့ မတူဘူးဆိုတာ သူတို့ သိလိုက်ကြပါတယ်။ သူတို့ဆီက ထွက်ပေါ်နေတဲ့ ခွန်အားတွေက သာမန်မျိုးနွယ်ခြားတွေထက် အများကြီး ပိုတာကြောင့် သူတို့ရဲ့ တည်ရှိမှုကတင် တန်ခိုးတွေ ကိန်းအောင်းနေသလိုမျိုး ခံစားရတာကိုး။

သူတို့လာခဲ့တဲ့ ကွင်းစ်နယ်မြေမှာတော့ အဝါရောင်မျောက်လူတွေဆိုတာ တွေ့ရမရှားပါဘူး။ လမ်းမပေါ်မှာ အပြာရောင်မျောက်လူတွေ အစွမ်းပြနေတာတို့၊ အနီရောင်မျောက်လူတွေက လမ်းပေါ်မှာ ပစ္စည်းတွေ သယ်ယူပို့ဆောင်နေတာတို့တောင် သူတို့ မြင်ဖူးပါသေးတယ်။ ဒါပေမဲ့ ရီနေးတားကုမ္ပဏီက အဝါရောင်မျောက်လူတွေကတော့ သူတို့ သိထားတာတွေနဲ့ လုံးဝကို ကွဲပြားနေတာပေါ့။

သူတို့ရဲ့ မျက်နှာတွေက လူသားတွေနဲ့ ပိုတူလာသလို ကျောပြင်တွေကလည်း မတ်နေပြီး အရပ်အမောင်းကလည်း ပုံမှန်ထက် ပိုမြင့်နေကြပါတယ်။ အထူးဆန်းဆုံးကတော့ သူတို့ရဲ့ အမွေးအမျှင်တွေပေါ်မှာ ရွှေရောင်အစင်းကြောင်းလေးတွေနဲ့ ပုံဖော်ထားတာပါပဲ။

အဲဒါတင် မကသေးပါဘူး၊ ဒီအဝါရောင်မျောက်လူတွေဟာ ကွင်းစ်နယ်မြေမှာ သူတို့မြင်ဖူးတဲ့ နတ်သူငယ်တွေထက်တောင် ပိုပြီး စင်ကြယ်တဲ့ မန္တန်တွေနဲ့ စွမ်းရည်တွေကို အသုံးပြုနိုင်ကြတာပေါ့။

ဒါက မဖြစ်နိုင်တဲ့အရာပဲလေ။ သူတို့ရော ကွင်းစ်နယ်မြေက လူတွေပါ သိထားကြတာက အဝါရောင်မျောက်လူတွေဆိုတာ တစ်ကမ္ဘာလုံးမှာ အားအနည်းဆုံး မျိုးနွယ်စုလို့ပဲလေ။ သူတို့မှာ လူသားတွေလို ဉာဏ်ရည်လည်း မရှိသလို မှော်မန္တန်တွေကို သုံးနိုင်တဲ့ ပါရမီလည်း မရှိကြပါဘူး။

သာမန်လူသားတွေထက်တောင် ညံ့ကြသလို ဖွတ်နဂါးလူသားတွေထက်တောင် ပိုပြီး အဆင့်နိမ့်ကြတာပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီရီနေးတားကလူတွေကတော့ လူသားစကားကို ကျွမ်းကျင်စွာ ပြောနိုင်ကြတဲ့အပြင် လက်မှုအတတ်ပညာမှာလည်း လူပုတွေထက်တောင် ပိုပြီး ပါရမီပါတာကို ပြသနေကြတာပေါ့။ တစ်ယောက်တည်းက ဒီလိုဖြစ်နေတာ မဟုတ်ဘဲ အားလုံးက ဒီလိုပဲ ဖြစ်နေကြတာပါ။

သူတို့တွေ လမ်းလျှောက်နေရင်းနဲ့ နာမည်အမျိုးမျိုးရှိတဲ့ နေရာတစ်ခုအကြောင်းကို ကြားလိုက်ရပါတယ်။ တချို့က အဲဒီနေရာကို သဲကန္တာရထဲက သုခဘုံလို့ ခေါ်ကြသလို တချို့ကလည်း ကြယ်တွေ ဆင်းသက်တဲ့နေရာလို့ ခေါ်ကြတာပေါ့။ အဲဒီနေရာရဲ့ တရားဝင်နာမည်ကို သိဖို့ သိပ်အချိန်မပေးလိုက်ရပါဘူး၊ အဲဒါကတော့ ရီနေးတားနိုင်ငံ ပဲ ဖြစ်ပါတယ်။

ဖွတ်နဂါးလူသားတွေဟာ လမ်းဖောက်လုပ်ရေးမှာ အလုပ်လုပ်နေကြတဲ့ ဟော့ဘ်မျောက်လူတွေဆီ ချဉ်းကပ်သွားပြီး ဒီနိုင်ငံအကြောင်းကို မေးမြန်းလိုက်ကြပါတယ်။ ဟော့ဘ်မျောက်လူတွေကလည်း သူတို့မျက်နှာပေါ်မှာ ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးတွေနဲ့အတူ ခြောက်သွေ့လွင်ပြင်က သူတို့ရဲ့နိုင်ငံအကြောင်း ဘာတွေကို ချစ်မြတ်နိုးသလဲဆိုတာကို ဖွတ်နဂါးလူသားတွေကို ပျော်ပျော်ရွှင်ရွှင်ပဲ ပြောပြကြတာပေါ့။

သူတို့တွေက စကားပြောရတာကို ဘယ်လောက်တောင် စိတ်အားထက်သန်နေသလဲဆိုရင် တစ်ယောက်စကား တစ်ယောက်လုပြောရင်းနဲ့ စကားလုံးတွေတောင် ထပ်ကုန်ကြပါတယ်။

ဖွတ်နဂါးလူသားတွေအနေနဲ့တော့ ဘေ့စ်ဘော၊ ဘီယာ၊ လျှပ်စစ်မီး၊ အစားအစာနဲ့ အချစ် ဆိုတဲ့ စကားလုံးအချို့ကိုပဲ ကြားလိုက်ရတာပေါ့။ ဒီမျောက်လူတွေ ဘာတွေပြောနေမှန်း သူတို့ သေသေချာချာ မသိရင်တောင်မှ သူတို့တွေ ဒီလောက် စိတ်လှုပ်ရှားနေတာကို ကြည့်ရုံနဲ့တင် အဲဒီနေရာဟာ သူတို့ ဂုဏ်ယူစွာနဲ့ အိမ်လို့ခေါ်တဲ့ နေရာဆိုတာ ရှင်းနေတာပါပဲ။

သူတို့တွေက သူတို့ရဲ့ သခင် အကြောင်းကိုလည်း အကျယ်တဝင့် ပြောပြကြပါတယ်။ သူတို့ တောင်းဆိုခဲ့သမျှထက် ပိုတဲ့အရာရာတိုင်းကို ပေးခဲ့တာ သူပဲလေ။

သူတို့တွေ မိသားစုနဲ့ ဝေးကွာပြီး ဒီမေပယ်ဝုဒ်ကျေးရွာမှာ အလုပ်လုပ်နေကြတာကလည်း သူ့ကြောင့်ပါပဲ။ မိုက်ကယ် သူတို့အပေါ် လုပ်ဆောင်ပေးခဲ့သမျှ အရာရာတိုင်းအတွက် ကျေးဇူးပြန်ဆပ်ချင်ကြတာကိုး။ ဘာပဲဖြစ်ဖြစ် သူတို့ကို အခုလို အဆင့်မြင့်တဲ့ အသွင်အပြင်မျိုးအထိ ပြောင်းလဲပေးခဲ့တာက သူပဲ မဟုတ်လား။

ဒါကို ကြားလိုက်ရတဲ့အခါ ဖွတ်နဂါးလူသားတွေဟာ အံ့ဩဝမ်းသာမှုတွေနဲ့အတူ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြပါတယ်။

ရီနေးတားနိုင်ငံ ဆိုတာ သူတို့မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ရယူနိုင်မယ့် နေရာမျိုး ဖြစ်နေမလား။ အဲဒီလို ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ အတွေးလေးတစ်ခုတည်းနဲ့တင် ဒီနေရာကို ရောက်အောင် လာခဲ့ရတဲ့ ဒုက္ခတွေ အားလုံးက တန်သွားခဲ့ပြီပေါ့။

ဒါပေမဲ့ သေချာတာပေါ့၊ သူတို့တွေက အရမ်းကြီးတော့ လောမကြီးကြသေးပါဘူး။ ရီနေးတားနိုင်ငံ က တကယ့် သုခဘုံတစ်ခုလို ဖြစ်နေတာကိုး။ အကယ်၍ သူတို့တွေ အဲဒီမှာ ပါဝင်ချင်တယ်ဆိုရင် ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ကြိုးစားအားထုတ်ရမှာပဲလေ။

"ကျွန်တော်တို့လည်း ခင်ဗျားတို့ နိုင်ငံသားတွေ ဖြစ်ချင်ပါတယ်" လို့ ဖွတ်နဂါးလူသား လူငယ်လေးက ဆိုပါတယ်။

"ဘာပဲလုပ်ရလုပ်ရ ကျွန်တော်တို့ လုပ်ဖို့ အဆင်သင့်ပါပဲ"

ဟော့ဘ်မျောက်လူတွေကလည်း သူတို့ကို သဘောကျကျ ပြုံးပြလိုက်ပါတယ်။

"ရတာပေါ့၊ ငါတို့နဲ့ ပူးပေါင်းလို့ ရပါတယ်။ ခြောက်သွေ့လွင်ပြင်ကိုတန်းပြီးသွားပေးမယ့် ဘတ်စ်ကားတစ်စီး ရှိတယ်၊ အဲဒါကို စီးသွားလိုက်ရုံပဲ"

ဖွတ်နဂါးလူသားကတော့ ဇဝေဇဝါ ဖြစ်သွားတာပေါ့။ "အဲဒီနောက်ကျရင် ဘာဆက်လုပ်ရမလဲ" လို့ တခြား လိုအပ်ချက်တွေကို သိချင်တာနဲ့ ဟော့ဘ်မျောက်လူကို ထပ်မေးလိုက်ပါတယ်။

"ဘတ်စ်ကားပေါ် တက်လိုက်ရုံပဲလေ။ ကားဆရာကို ငါတို့နိုင်ငံသားဖြစ်ချင်လို့ပါလို့ ပြောလိုက်ရုံနဲ့ ကားခ ပေးစရာ မလိုတော့ဘူး။ နိုင်ငံထဲရောက်သွားရင်တော့ လော့လို ဒါမှမဟုတ် ခုန်း ကို သွားရှာလိုက်။ သူတို့က ခင်ဗျားတို့ အိမ်ဆောက်လို့ရမယ့် နေရာတွေကို ပြောပြပေးလိမ့်မယ်"။

"ဟားဟား" လို့ ဟော့ဘ်မျောက်လူတွေက တဟားဟား ရယ်လိုက်ကြပါတယ်။

"တခြား ဘာမှ မရှိတော့ဘူး၊ ခင်ဗျားတို့ ကြိုက်တဲ့အချိန်မှာ နိုင်ငံသား ဖြစ်နိုင်ပါတယ်"

ဖွတ်နဂါးလူသားတွေရဲ့ မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်သွားတာပေါ့။ သူတို့အနေနဲ့ ခြောက်သွေ့လွင်ပြင်ကို ပြန်သွားရုံနဲ့တင် သူတို့ရဲ့ အိပ်မက်တွေကို နောက်ဆုံးမှာ အကောင်အထည်ဖော်နိုင်တော့မှာလေ။ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို နောက်ဆုံးမှာ ပြန်ပြီး တည်ဆောက်နိုင်တော့မှာပေါ့။

ဖွတ်နဂါးလူသား လူငယ်လေးတွေဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ သူတို့ကို ဧည့်ဝတ်ပြုခဲ့တဲ့ ယူနာကို ကျေးဇူးတင်စကားပြောဖို့ စိတ်အားထက်သန်စွာနဲ့ ပြန်လာခဲ့ကြပါတယ်။ သူမသာ မရှိဘူးဆိုရင် သူတို့တွေ ဒီကို ဖြတ်ကျော်လာနိုင်မှာ မဟုတ်ဘူးလေ။

ဒါပေမဲ့ သူတို့ ပြန်ရောက်တဲ့အခါမှာတော့ ယူနာနဲ့ သူမရဲ့ အစောင့်အရှောက်တွေကလည်း ခြောက်သွေ့လွင်ပြင်က ရီနေးတားနိုင်ငံဆီကို သွားဖို့ ရည်ရွယ်ချက် ရှိနေကြတာကို တွေ့လိုက်ရတာပေါ့။

ရီနေးတားကုမ္ပဏီက နှစ်အနည်းငယ်အတွင်းမှာပဲ ဘယ်လောက်တောင် အောင်မြင်မှုတွေ ရရှိခဲ့သလဲဆိုတာ ကြားပြီးတဲ့နောက်မှာတော့ ယူနာနဲ့ သူမရဲ့ အစောင့်အရှောက်တွေဟာလည်း ဒီနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပါဘူး။

သူတို့တွေက သူတို့ရဲ့ မြင်းတွေနဲ့ မြင်းရထားတွေကို မေပယ်ဝုဒ်ကျေးရွာမှာပဲ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး ကင်းစ်နယ်မြေထဲ လှည့်လည်ဖို့အတွက် ရီနေးတားဘတ်စ်တက္ကစီကိုပဲ အသုံးပြုဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။

ဘာပဲဖြစ်ဖြစ် အဲဒါက မော်တော်ကားထက် အများကြီး ပိုမြန်သလို မြင်းရထားနဲ့ ယှဉ်ရင် ကားက ဘယ်လောက်တောင် ကွဲပြားသလဲဆိုတာကိုလည်း မြင်တွေ့ခွင့် ရမှာကိုး။

သူတို့တွေက မောင့်ဂိုမာရီ မိသားစုရဲ့ ငွေတွေကိုသုံးပြီး သူတို့သီးသန့်သုံးဖို့အတွက် ရီနေးတားဘတ်စ်ကား အချို့ကို ငှားရမ်းလိုက်ကြပါတယ်။

ဖွတ်နဂါးလူသားတွေကလည်း ယူနာနဲ့ မျိုးနွယ်ခြားတွေရဲ့ အပေါင်းအသင်းကို သဘောကျတာကြောင့် သူတို့နဲ့အတူ ထပ်ပြီး ပူးပေါင်းလိုက်ကြတာပေါ့။

နောက်ထပ် နာရီအနည်းငယ်လောက် ပြင်ဆင်ပြီးတဲ့နောက်မှာတော့ သူတို့ဟာ ကင်းစ်နယ်မြေရဲ့ အတွင်းပိုင်းဆီကို ခရီးစတင်ဖို့ နောက်ဆုံးမှာ အဆင်သင့် ဖြစ်သွားကြပါတော့တယ်။

သူတို့ မထွက်ခွာခင်မှာပဲ ဖတ်ချ်က ယူနာနဲ့ ကျန်တဲ့သူတွေကို နှုတ်ဆက်လိုက်ပါတယ်။

"နင်တို့နဲ့အတူ လိုက်မလာနိုင်တာ တကယ် နှမြောစရာပဲ။ ငါ့မှာ ဒီမှာ လုပ်ရမယ့် တာဝန် ရှိသေးတယ်လေ။ ငါ့ရဲ့ နင်ဂျာစည်းမျဉ်းတွေက ငါ့ရဲ့ တာဝန်တွေကို ပစ်ပယ်ပြီး ထွက်ပြေးဖို့ ခွင့်မပြုဘူး" လို့ ဖတ်ချ်က ဆိုပါတယ်။

သူက ဒုက္ခရောက်နေတဲ့ လေလွင့်သူတစ်ယောက်လိုမျိုး နံရံကို ကျောမှီပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောနေတာပေါ့။

ယူနာက ဘတ်စ်ကား ပြတင်းပေါက်ကနေ ခေါင်းပြူကြည့်လိုက်ပြီး ဖတ်ချ်ကို နှုတ်ခမ်းစူပြလိုက်ပါတယ်။

"နင်မှာ သခင် ရှိနှင့်နေတာ တကယ် နှမြောစရာပဲနော်…" လို့ သူမက စိတ်ပျက်လက်ပျက်နဲ့ နှုတ်ခမ်းလေးကို မဲ့ပြီး ပြောလိုက်တာပေါ့။

"ဟင်း... စိတ်မပူပါနဲ့။ ငါ့သခင်နဲ့ ပိုပြီး... တရားဝင်တဲ့ ဆက်ဆံရေးမျိုးကနေတစ်ဆင့် နင်လည်း ငါ့ရဲ့ သခင်မ ဖြစ်လာနိုင်မယ့် နည်းလမ်း ရှိပါတယ်။ ငါ အဲဒါကို ကြိုးစားကြည့်ပါ့မယ်" လို့ ဖတ်ချ်က တိုးတိုးလေး ပြောလိုက်ပါတယ်။

"ဟမ်... တစ်ခုခု ပြောလိုက်တာလား"

"မဟုတ်ပါဘူး သခင်မလေး။ လေတိုက်တဲ့ အသံပဲ ဖြစ်မှာပါ" လို့ ဖတ်ချ်က ထိတ်လန့်တကြားနဲ့ ရယ်ပြီး ပြန်ဖြေလိုက်ပါတယ်။

All Chapters