အခန်း (၁၂၅-၁၂၆)
Vol. 11 Ch. 125-126
အခန်း(၁၂၅)
ယူနာနဲ့ သူမရဲ့ အစောင့်အရှောက်တွေက ရီနေးတားဘတ်စ်ကားတွေပေါ်တက်ပြီး ကင်းစ်ဘရစ်ချ်မြို့ဆီ ထွက်ခွာသွားတာကို ဖတ်ချ်က လက်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်တယ်။
သူတို့တွေက ခြောက်သွေ့လွင်ပြင်ဆီ မသွားခင်မှာ ကင်းစ်နယ်မြေရဲ့ မြို့တော်ကို အရင်ဆုံး ဝင်ကြဦးမှာပေါ့။ ဖတ်ချ်က ယူနာနဲ့အတူ လိုက်သွားပြီး သူ့ရဲ့ နင်ဂျာစွန့်စားခန်းတွေအကြောင်း အကုန်ပြောပြချင်နေပေမဲ့ ဒီနေ့တော့ သူ တခြားတစ်နေရာကို သွားဖို့ရှိတယ်။
သူက တကယ့်နင်ဂျာကောင်းတစ်ယောက် ဖြစ်နေပြီဆိုတာကို သိသွားတဲ့ ယူနာက ဘယ်လောက်တောင် စိတ်ဝင်တစားရှိနေလဲဆိုတာကို ထိုင်နားထောင်ချင်စမ်းပေမဲ့ ဖတ်ချ်က သူ့ရဲ့ တာဝန်တွေကိုတော့ မေ့ထားလို့ မရဘူးလေ။ ဒါပေမဲ့လည်း သူတို့ရဲ့ မြင်းရထားထဲမှာ ရက်အနည်းငယ်လောက် တိတ်တဆိတ် လိုက်သွားရင်ကော ဖြစ်နိုင်မလား။
"မဖြစ်ဘူး။ ငါ့မှာ လုပ်ရမယ့် အလုပ် ရှိသေးတယ်..." လို့ ဖတ်ချ်က သူ့ဘာသာ ပြန်ပြီး ဆူပူလိုက်တယ်။
သူက မေပယ်ဝုဒ်ကျေးရွာ ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တော့ ဒေသခံတွေက သူ့ကို လုံးဝလျစ်လျူရှုပြီး ကိုယ့်အလုပ်ကိုယ လုပ်နေကြတာတွေ့ရတယ်။
ဒါက တကယ့် နင်ဂျာကောင်းတစ်ယောက်ရဲ့ တည်ရှိမှုမျိုးပေါ့။ ဘယ်သူမှ သူ့ကို ကြည့်မနေဘူးဆိုတာ သေချာသွားတဲ့အခါ ဖတ်ချ်က အိမ်တစ်လုံးရဲ့ အရိပ်ထဲကို ငုပ်လျှိုးဝင်သွားပြီး လုံးဝ ပျောက်ကွယ်သွားတယ်၊ အဲဒီနောက်မှာတော့ လုံးဝ ကွဲပြားခြားနားတဲ့ နေရာတစ်ခုမှာ ပြန်ပေါ်လာခဲ့တာပေါ့။
ဒီနေရာသစ်မှာတော့ အမှောင်ထုကလွဲလို့ ဘာမှမရှိပါဘူး။ ဒါပေမဲ့ ခုံပေါ်မှာ သက်သောင့်သက်သာ ထိုင်နေတဲ့ လူတစ်ယောက်ရှိရာ အခန်းထောင့်လေးကိုတော့ အလင်းတန်းဖျော့ဖျော့လေး တစ်ခုက လင်းထိန်စေခဲ့တယ်။
ဖတ်ချ်က အရိပ်တွေထဲကနေ ထွက်လာတဲ့အချိန်မှာ အဲဒီလူက အေးအေးဆေးဆေးပဲ လက်ဖက်ရည် သောက်နေတာပါ။ ကြည့်ရတာ အဲဒီလူက ဒီနင်ဂျာစလိုင်းမ်လေး ရောက်လာမှာကို ကြိုစောင့်နေတဲ့ပုံပဲ။
"ဖတ်ချ်... ငါတို့ ပုံမှန်တွေ့နေကျက နောက်ထပ် နှစ်ရက်ကြာမှ မဟုတ်လား။ အခုလို လာတယ်ဆိုတော့ တစ်ခုခု အရေးကြီးတာ တင်ပြစရာ ရှိလို့လား" လို့ အဲဒီလူက ပျင်းရိငြီးငွေ့နေတဲ့ လေသံနဲ့ မေးလိုက်တယ်။
"ဟုတ်ကဲ့၊ ကျွန်တော့်မှာ ပြောပြစရာ အံ့ဩစရာကိစ္စတစ်ခု ရှိလို့ပါ" လို့ ဖတ်ချ်က အဲဒီလူကို ဦးညွှတ်ရင်း ပြန်ဖြေလိုက်တယ်။
"အင်း... ဘာဖြစ်မလဲ။ ငါ့ကို မျှော်လင့်ချက်တွေ ပေးမထားပါနဲ့။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ငါ့ဘဝက တော်တော်လေး ငြီးငွေ့စရာကောင်းပြီး ပျင်းဖို့ကောင်းနေတာ၊ အဲဒါကနေ ငါ့ကို ကယ်တင်ပေးစမ်းပါဦး" လို့ အဲဒီလူက မျှော်လင့်တကြီး ပြောလိုက်တယ်။
ဖတ်ချ်က အဲဒီလူအနားကို ခုန်ဆွခုန်ဆွနဲ့ တိုးသွားတယ်။
"ကျွန်တော်က ကင်းစ်နယ်မြေရဲ့ နယ်စပ်တွေကို စောင့်ကြည့်နေတုန်း၊ နယ်မြေထဲကို ဘာတွေ အဝင်အထွက် ရှိလဲဆိုတာ ပုံမှန်အတိုင်း စစ်ဆေးနေတုန်းမှာပဲ ရုတ်တရက် ရှဥ့်လေးတစ်ကောင် ငါ့မျက်စိရှေ့ကနေ ဖြတ်ပြေးသွားတာ မြင်လိုက်ရတယ်။ အဲဒါ ရန်သူများလားဆိုပြီး ကျွန်ုပ်လည်း နောက်ကနေ လိုက်ဖမ်းတာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်ုပ် ထင်တာ မှားသွားပြီး.."
"ဖတ်ချ်။ လိုရင်းကိုပဲ ပြောစမ်း" လို့ အဲဒီလူက စကားဖြတ်လိုက်တယ်။
ဖတ်ချ်က စကားပြောရင် လိုရင်းနဲ့ ဝေးဝေးသွားတတ်တဲ့ အကျင့်ကို တော်တော်လေး စိတ်ပျက်နေပုံပဲ။
"ဟုတ်ကဲ့ပါ" လို့ ဖတ်ချ်က ပြန်ဖြေတယ်။
"အဲဒီနောက်မှာတော့ ကျွန်တော်တို့တွေ ကွင်းစ်နယ်မြေကနေလာတဲ့ လူတချို့နဲ့ တွေ့ခဲ့တယ်။ အတိုချုပ်ပြောရရင်တော့ ကျွန်တော် သူမကို တွေ့ခဲ့ပြီ။ ကျွန်တော့်ရဲ့ သခင်နဲ့ တကယ့်ကို လိုက်ဖက်မယ့်သူကို တွေ့ခဲ့ပြီ"
အခန်းထောင့်မှာ ထိုင်နေတဲ့လူက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။ အဲဒီနောက်မှာတော့ ရှေ့ကို ကိုင်းလိုက်တဲ့အတွက် အလင်းတန်းလေးက သူမရဲ့ မျက်နှာပေါ်ကို နောက်ဆုံးမှာ ကျရောက်သွားခဲ့တယ်။
တောက်ပနေတဲ့ သူမရဲ့ အပြာရောင် မျက်လုံးတွေက မိုက်ကယ်ရဲ့ မျက်လုံးတွေနဲ့ တကယ့်ကို ဆင်တူနေတာပါ။
အဲဒါကတော့ လိုင်လီယာ ဗန်ဒါဘစ် ပေါ့။ ကြည့်ရတာ ဖတ်ချ် ဖွဲ့စည်းဖို့ ကြိုးစားနေတဲ့ ကလပ်လေးမှာ သူမက လိုက်ပါစီးမျောပေးနေသူ ဖြစ်ပုံရတယ်။
သူမက မိုက်ကယ်ရဲ့ မိခင် ဖြစ်နေတာကြောင့် သူမကပဲ မိုက်ကယ်ကလပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး ဖတ်ချ်ကတော့ အရိပ်ထဲက အစေခံအဖြစ် တာဝန်ယူထားတာပေါ့။ ပုံမှန်အားဖြင့်တော့ သူတို့ တွေ့ဆုံကြတဲ့အခါ မိုက်ကယ်က တစ်နေ့တာမှာ ဘာတွေ လုပ်နေသလဲဆိုတာကို ဖတ်ချ်က လိုင်လီယာကို တင်ပြရတာပါ။
အဲဒီထဲမှာ သူ မနက်စာ၊ နေ့လယ်စာ၊ ညစာ ဘာတွေစားလဲဆိုတာကအစ ဘယ်သူတွေနဲ့ အချိန်ကုန်ဆုံးသလဲဆိုတာအထိ ပါဝင်တာပေါ့။
ဒါပေမဲ့ မိုက်ကယ်ရဲ့ လုပ်ငန်းတွေက ကင်းစ်နယ်မြေ တစ်ခုလုံးမှာတင်မကဘဲ အဲဒီထက် ပိုပြီး ပျံ့နှံ့လာတာကြောင့် အရိပ်ထဲက ကလပ်ကို ကူညီစီမံပေးဖို့ အဖွဲ့ဝင်တွေ ထပ်ရဖို့ လိုမယ်ဆိုတာကို ဖတ်ချ်ရော လိုင်လီယာပါ သိနေကြတယ်။
သူတို့မှာ တခြားအဖွဲ့ဝင်တွေ အများကြီး ရှိပါတယ်၊ အဲဒါတွေကတော့ ဖတ်ချ်လို နင်ဂျာတစ်ယောက် ဖြစ်လာဖို့ ပါရမီရှိတဲ့ ရီနေးတားနိုင်ငံသားတွေပေါ့။ ဒါပေမဲ့ သူတို့တွေက အခြေခံအဆင့် အဖွဲ့ဝင်တွေသာ ဖြစ်ကြတယ်။ သူတို့ရဲ့ ကလပ်မှာ အဆင့်မြင့်အရာရှိတွေ လိုအပ်နေသေးတာကိုး။ အခုအချိန်အထိတော့ ဒီအဖိုးတန်နေရာကို ပေးဖို့အတွက် ထိုက်တန်တဲ့သူ တစ်ယောက်မှ ပေါ်မလာသေးပါဘူး။
ဖတ်ချ်က ယူနာ မောင့်ဂိုမာရီ ကို တကယ့်ကို ပြည့်စုံတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် တွေ့ရှိလိုက်တဲ့အထိပေါ့။
ယူနာကို မိုက်ကယ်ရဲ့ လက်တွဲဖော် ဖြစ်စေချင်တဲ့ ဖတ်ချ်ရဲ့ ရည်ရွယ်ချက်ကတော့ သူမဆီကနေ အမြဲတမ်း အချော့ခံချင်တယ်ဆိုတဲ့ ကိုယ်ကျိုးစွန့် အကြောင်းရင်းကြောင့် ဖြစ်ပေမဲ့လည်း လိုင်လီယာရဲ့ စံနှုန်းအရ ကြည့်မယ်ဆိုရင်တောင် ယူနာက ကိုယ်စားလှယ်လောင်း ဖြစ်နိုင်တယ်လို့ ဖတ်ချ်က ထင်နေတုန်းပါပဲ။
ဖတ်ချ်ကတော့ ဘာလို့လဲဆိုတာ ရှင်းမပြတတ်ပေမဲ့ ယူနာက မိုက်ကယ်နဲ့ တကယ့်ကို လိုက်ဖက်သလို၊ မိုက်ကယ်ကလည်း သူမနဲ့ လိုက်ဖက်နေသလို ခံစားရတာပေါ့။
ဒါကြောင့်လည်း ဖတ်ချ်က သူတို့နှစ်ယောက်ကို အခြေအနေ အကဲခတ်ဖို့အတွက် အတူတူ ဆုံဆည်းပေးမယ့် အကြံအစည်လေး တစ်ခု လုပ်ချင်နေတာပါ။ ဒါပေမဲ့ သေချာတာက လိုင်လီယာကသာ သူမကို မထိုက်တန်ဘူးလို့ သတ်မှတ်လိုက်ရင်တော့ ဒါတွေက အဓိပ္ပာယ်ရှိမှာ မဟုတ်ပါဘူး။
"နင်က အဲဒီလို ထင်တာလား။ စိတ်ဝင်စားစရာပဲ... ငါ့ကို ထပ်ပြောပြပါဦး" လို့ လိုင်လီယာက သူမရဲ့ နှုတ်ခမ်းပေါ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။
ဒီအတောအတွင်းမှာတော့ သူ့ဇနီးရဲ့ အကြံအစည်တွေကို မသိရှာတဲ့ ဘတ် ဗန်ဒါဘစ်ကတော့ သူ့သားက လက်ဆောင်ပေးထားတဲ့ ကိုယ်ပိုင်မော်တော်ကားကို စီးပြီး ကင်းစ်ဘရစ်ချ်မြို့မှာရှိတဲ့ မှော်မျှော်စင်ဆီကို သွားနေခဲ့တယ်။
သူ မျှော်စင်ထဲကို ဝင်သွားတဲ့အခါ ပထမထပ်မှာ အလုပ်လုပ်နေတဲ့ မှော်ဆရာတွေနဲ့ မှော်ကဝေတွေက သူ့ကို ခင်မင်စရာ အပြုံးတွေနဲ့ နှုတ်ဆက်ကြပြီး သူကလည်း ပြန်ပြီး နှုတ်ဆက်လိုက်တာပေါ့။ ဒီအပတ်အတွင်းမှာ သူ မှော်မျှော်စင်ဆီကို ရောက်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။
ကင်းစ်နယ်မြေမှာရှိတဲ့ ဗန်ဒါဘစ်လုပ်ငန်းတွေကို စီမံခန့်ခွဲတဲ့ အလုပ်ကနေ အနားယူလိုက်ကတည်းက ဘတ်ဟာ ဘာအလုပ်မှ မရှိတော့ဘဲ ရူးမတတ် ပျင်းနေတာပါ။ တော်သေးတာက သူ တစ်ယောက်တည်း မဟုတ်တာပဲ။
သူက ကင်းစ်နယ်မြေရဲ့ ကြယ်ရှစ်ပွင့် မှော်မျှော်စင်အရှင် ဖြစ်တဲ့ ဆီဘက်စတီယန် အော့ဂင်ဒေါနဲ့ မမျှော်လင့်ဘဲ သူငယ်ချင်းဖြစ်သွားခဲ့တာကိုး။ မိုက်ကယ်က အခုတလော သူ့ရဲ့ လုပ်ငန်းတွေနဲ့ သူ့ရဲ့ နိုင်ငံကို စီမံခန့်ခွဲဖို့အတွက် တော်တော်လေး အလုပ်ရှုပ်နေတာကြောင့် မျှော်စင်အရှင်အတွက်လည်း သူနဲ့ ကစားပေးမယ့် တခြား အဆင့်မြင့် ကစားသမား မရှိသလို ဖြစ်နေတာပါ။
ဘတ်က စစ်တုရင်မှာ တော်တော်လေး ပါရမီပါတာကို တွေ့လိုက်ရတဲ့အခါ သူတို့နှစ်ယောက်ဟာ အချိန်ကုန်စေဖို့အတွက် မကြာခဏ ကစားဖြစ်ကြတာပေါ့။ သူတို့တွေဟာ မှော်မျှော်စင်ထဲမှာ ဘီယာသောက်ရင်း စစ်တုရင်ကစားရင်းနဲ့ပဲ အချိန်အများစုကို ကုန်ဆုံးစေခဲ့ပြီး ခင်မင်ရင်းနှီးတဲ့ ပြိုင်ပွဲတွေကနေတစ်ဆင့် သူတို့ရဲ့ စွမ်းရည်တွေကို မြှင့်တင်နေကြတာပါ။
"အာ... သူငယ်ချင်းကောင်းကြီး" လို့ ဆီဘက်စတီယန်က ဘတ်ကို နှုတ်ဆက်လိုက်တယ်။
"ငါ့ရဲ့ တိုက်စစ်အကွက် အသစ်တချို့ကို လေ့ကျင့်ကြည့်ရင် စိတ်မရှိဘူး မဟုတ်လား။ ငါတို့ ပြိုင်ပွဲမှာ ဟို လူငယ်လေးတွေဆီမှာတော့ အရှုံးမခံနိုင်ဘူးလေ"
ဘတ်က ဆီဘက်စတီယန်ရဲ့ အခန်းထဲကို ခုမှ ဝင်ရုံပဲ ရှိပါသေးတယ်၊ ဒါပေမဲ့ စစ်တုရင်ခုံကတော့ အပြည့်အစုံ ပြင်ဆင်ပြီးသား ဖြစ်နေပြီ။
"ရတာပေါ့" လို့ ဘတ်က ပြန်ဖြေတယ်။
"ဒါပေမဲ့ စက္ကန့်မှတ်တဲ့ နာရီတော့ သုံးရမယ်နော်။ ငါက ကစားပွဲအတွင်းမှာ မြန်မြန် စဉ်းစားတတ်ဖို့ လေ့ကျင့်ရဦးမှာမို့လို့"
သူတို့နှစ်ယောက်ဟာ တက်ကြွလန်းဆန်းစွာနဲ့ သူတို့ရဲ့ ကစားပွဲကို မြန်မြန်ဆန်ဆန်ပဲ စတင်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့ စတော့မယ့် အချိန်မှာပဲ ဆီဘက်စတီယန်က အားနာတဲ့အသံနဲ့ မှော်ဆရာ တစ်ယောက်ရဲ့ စကားသံကို အခန်းထဲမှာ ကြားလိုက်ရတယ်။
"အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် မျှော်စင်အရှင်။ ဒီမှာ အရှင်နဲ့ တွေ့ချင်တဲ့သူ တစ်ယောက် ရောက်နေပါတယ်။ သူမ နာမည်က ယူနာ တဲ့"
* * * * * * * * *
စာစဉ်(၁၁)
အခန်း(၁၂၆)
ယူနာမောင့်ဂိုမာရီက သူမရဲ့ ရိုသေလေးစားတတ်တဲ့ အမူအရာကိုပြသတဲ့အနေနဲ့ ဘတ်နဲ့ ဆီဘက်စတီယန်တို့ကို ယဉ်ကျေးပျူငှာစွာ ဦးညွှတ်ပြီး နှုတ်ဆက်လိုက်တယ်။
"မင်္ဂလာပါ မျှော်စင်အရှင်" လို့ သူမက ဆိုတယ်။
"ဟိုး…ဟိုး…ဟိုး... မတွေ့ရတာ ကြာပြီပဲ ယူနာရယ်။ သမီးက အရမ်းကို မြန်မြန်ဆန်ဆန် ကြီးထွားလာတာပဲ။ ငါးနှစ်တောင် ရှိသွားပြီလား" လို့ ဆီဘက်စတီယန်က ကွင်းစ်နယ်မြေမှာတုန်းက အင်မတန် ဆိုးနွဲ့ခဲ့တဲ့ ယူနာလေးကို ပြန်တွေးပြီး ရယ်မောရင်း ပြောလိုက်တယ်။
"ဟုတ်ပါတယ် မျှော်စင်အရှင်။ အဘွားကလည်း အရှင်ကို နှုတ်ဆက်လိုက်ပါတယ်ရှင့်" လို့ သူမက ပြန်ဖြေတယ်။
ဆီဘက်စတီယန်က သူ့ထိုင်ခုံကနေ ထလိုက်ပြီး ယူနာ့အနားကို တိုးသွားတယ်။
"ဘယ်လိုနေလဲ သမီး။ ငါသင်ပေးလိုက်တဲ့ မန္တန်တွေကရော အသုံးဝင်ရဲ့လား"
ယူနာက ခေါင်းညိတ်ပြပြီး "ဟုတ်ကဲ့ပါ မျှော်စင်အရှင်။ အဲဒါတွေကြောင့် သမီးရဲ့ လှုပ်ရှားမှုတွေမှာ မှော်စွမ်းအင် အသုံးချမှုတွေ ပိုပြီး ထိရောက်လာပါတယ်" လို့ ဆိုတယ်။
လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဆီဘက်စတီယန်ဟာ ထူးချွန်ထက်မြက်တဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ ပါရမီကို စမ်းစစ်ဖို့အတွက် မောင့်ဂိုမာရီ အိမ်တော်ကို ဖိတ်ကြားခြင်း ခံခဲ့ရတာပါ။ ပုံမှန်ဆိုရင်တော့ သူက အဲဒီအထိ အဝေးကြီး သွားချင်မှာ မဟုတ်ပေမဲ့ ယူနာ့အဘွားအပေါ် အကြွေးတင်နေတဲ့ ကျေးဇူးတွေက တော်တော်လေး ကြီးမားနေတာကြောင့် တစ်ယောက်တည်း ကိုယ်တိုင်ကိုယ်ကျ သွားခဲ့ရတာပေါ့။
"သမီးက ကင်းစ်နယ်မြေမှာ ဘာလုပ်နေတာလဲ" လို့ သူက သူမကို မေးတယ်။
"သမီး အခုပဲ အသက် ဆယ်နှစ် ပြည့်သွားပြီ မဟုတ်လား။ ပါရမီ နိုးထခြင်း အခမ်းအနားရော လုပ်ပြီးပြီလား။ ကောင်းတဲ့ အစွမ်းလေးတွေရော ရခဲ့ရဲ့လား"
သူသိထားသလောက်ဆိုရင် သူမရဲ့ မွေးနေ့က လွန်ခဲ့တဲ့ တစ်လတောင် မပြည့်သေးပါဘူး။ ဆီဘက်စတီယန်ကတော့ သူမအနေနဲ့ မွေးနေ့ပွဲကျင်းပဖို့ ဒါမှမဟုတ် အသစ်ရလာတဲ့ စွမ်းရည်တွေကို အဘွားနဲ့အတူ လေ့ကျင့်ဖို့အတွက် ကွင်းစ်နယ်မြေမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။
အဲဒါကြောင့်လည်း သူမကို အခုလို ကင်းစ်နယ်မြေမှာ တွေ့ရလိမ့်မယ်လို့ သူ လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး။
"သမီး ပါရမီ နိုးထခြင်း မလုပ်ရသေးဘူး မျှော်စင်အရှင်။ အဲဒါကလည်း သမီး ဒီကို ရောက်နေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ဒီက အလုပ်တွေ ပြီးသွားတာနဲ့ ဘုရားကျောင်းကို သွားပြီး ပါရမီနိုးထခြင်း လုပ်မှာပါ" လို့ သူမက တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ ပြောလိုက်တယ်။
ဆီဘက်စတီယန်က သူ့မုတ်ဆိတ်မွှေးကို ကုတ်လိုက်တယ်။ ပုံမှန်အားဖြင့်တော့ ကလေးတွေဆိုတာ သူတို့ရဲ့ ပါရမီကို နိုးထစေဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားပြီး မတည်မငြိမ် ဖြစ်နေတတ်ကြတာပါ။ တချို့ဆိုရင် သူတို့ရဲ့ မျှော်လင့်ချက်တွေကြောင့် မွေးနေ့မတိုင်ခင် နှစ်ရက်လောက်ကတည်းက အိပ်တောင် မပျော်နိုင်ကြပါဘူး။
ဒါပေမဲ့ ယူနာ့ကို ကြည့်ရတာတော့ ဘာမှ အလောတကြီး ဖြစ်နေပုံ မရပါဘူး။
"ဒါက ပါရမီရှိတဲ့ ကလေးတွေရဲ့ အခွင့်ထူးပေါ့ ဟုတ်လား။ ကိုယ့်ရဲ့ စွမ်းရည်တွေကို ပြသဖို့အတွက် ပါရမီ နိုးထခြင်းတောင် မလိုဘူးပေါ့လေ ဟားဟားဟား" လို့ ဆီဘက်စတီယန်က တဟားဟား ရယ်လိုက်တယ်။
"သမီးကို ကြည့်ရတာ ငါသိတဲ့ တစ်ယောက်ယောက်နဲ့ တောင် တူနေသေးတယ်"
ယူနာက နှိမ့်ချစွာ ပြုံးလိုက်ပြီး ချီးကျူးစကားကို လက်ခံလိုက်တယ်။
"ဒါဆို အဲဒါက သမီးရဲ့ အဓိက ရည်မှန်းချက် မဟုတ်ဘူးဆိုရင် ဘာလို့ ဒီကို ရောက်နေတာလဲ" လို့ ဆီဘက်စတီယန်က သိချင်စိတ်နဲ့ မေးလိုက်တယ်။
ယူနာက လည်ချောင်းတစ်ချက် ရှင်းလိုက်တယ်။
"သမီးမှာ အကူအညီတောင်းစရာ အကြီးကြီးတစ်ခု ရှိလို့ပါ မျှော်စင်အရှင်။ သမီးရဲ့ သူငယ်ချင်းတချို့ကို ဒီမှော်မျှော်စင်က မန္တန်တချို့သင်ပေးလို့ ရမလားရှင့်"
ဆီဘက်စတီယန်က ယူနာ့ရဲ့ တောင်းဆိုချက်ကို စဉ်းစားရင်း သူ့မုတ်ဆိတ်မွှေးကို သပ်နေတယ်။
"ငါက သမီးအဘွားအပေါ် တင်နေတဲ့ ကျေးဇူးတွေကို ပြန်ဆပ်ပြီးသွားပြီလေ" လို့ သူက တည်ကြည်တဲ့ မျက်နှာပေးနဲ့ ပြောလိုက်တယ်။
"ဒီတစ်ခါတော့ သမီးကို ကူညီပေးရမယ့် အကြောင်းရင်း မရှိဘူး"
ယူနာ့သူငယ်ချင်းတွေဟာ မျိုးစုံလှတဲ့ မျိုးနွယ်ခြားတွေဆိုတာ ဆီဘက်စတီယန် သိထားပါတယ်။ အချို့မှာ မှော်ပညာ အသုံးပြုနိုင်တဲ့ ပါရမီ ရှိကောင်းရှိနိုင်ပေမဲ့ အများစုမှာတော့ မရှိကြပါဘူး။ သူတို့ကို ကြယ်တစ်ပွင့်မန္တန် တစ်ခု သင်ပေးဖို့တောင် အချိန်နဲ့ အားစိုက်ထုတ်မှုတွေ အများကြီး ပေးရမှာပါ။
မျှော်စင်အရှင် တစ်ယောက်အနေနဲ့ သူ့ရဲ့ မှော်ဆရာတွေရဲ့ အချိန်ကို ယူနာ့ရဲ့ မျိုးနွယ်ခြား အစောင့်အရှောက်တွေကို သင်ကြားပေးရင်းနဲ့ အလဟဿ မဖြုန်းတီးနိုင်ပါဘူး။ သူက ယူနာ့ကို အလေးထားတယ် ဆိုပေမဲ့လည်း သူမရဲ့ ခက်ခဲလှတဲ့ ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့တော့ မလုံလောက်ခဲ့ပါဘူး။
ယူနာက နှုတ်ခမ်းလေးကို စူလိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ သူမက လက်တွေကို နောက်မှာ ပိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ စိတ်ကောက်နေတဲ့ ပုံစံလေးပေါ့။
ဒါကို မြင်လိုက်ရတော့ ဆီဘက်စတီယန်ဟာ ဆယ်နှစ်အရွယ် မိန်းကလေးငယ်လေးကို အခက်တွေ့အောင် လုပ်မိတဲ့အတွက် အနည်းငယ် အားနာစိတ် ဖြစ်လာတယ်။
"ကောင်းပြီလေ... ဒီလို လုပ်ရအောင်။ တကယ်လို့ သမီးက ငါ့ကို စစ်တုရင် ကစားပွဲမှာ အနိုင်ယူနိုင်ရင် သမီးသူငယ်ချင်းတွေကို မန္တန်တချို့ သင်ပေးမယ်" လို့ သူက သူ့ဘာသာ ဆုံးဖြတ်ပြီး ပြောလိုက်တယ်။
"သမီး ရီနေးတားစစ်တုရင်အကြောင်း သိတယ် မဟုတ်လား"
ယူနာက မျှော်စင်အရှင်ရဲ့ အနောက်ကို လှမ်းကြည့်လိုက်တော့ စစ်တုရင်ရုပ်တွေ အပြည့်ရှိနေတဲ့ စားပွဲဘေးမှာ ထိုင်နေတဲ့ ဘတ်ကို တွေ့လိုက်ရတယ်။
"မှော်ဆရာတွေ သူတို့ရဲ့ အားလပ်ချိန်တွေမှာ ကစားနေကြတာကို သမီး မြင်ဖူးပါတယ်" လို့ ယူနာက သူမရဲ့ မျက်လုံးထဲမှာ မမြင်နိုင်တဲ့ အရည်အချင်းတွေကို ဝှက်ဖုံးရင်း ပြောလိုက်တယ်။
"မျှတအောင်လို့ ငါ့ကို နိုင်အောင် ကစားဖို့ သမီးကို သုံးကြိမ် အခွင့်အရေး ပေးမယ်။ တကယ်လို့ သမီးက သရေဖြစ်အောင် လုပ်နိုင်ရင်တောင် သမီး နိုင်တယ်လို့ သတ်မှတ်ပေးမယ်" လို့ သူက သူမကို ကြင်နာစွာ ပြောလိုက်တယ်။
ဘတ်က သူ့ထိုင်ခုံကနေ ထလိုက်ပြီး ယူနာ့ကို နေရာဖယ်ပေးလိုက်တယ်။ မိန်းကလေးငယ်လေးက စစ်တုရင်ခုံပေါ်က အနုစိတ် ထွင်းထုထားတဲ့ အရုပ်လေးတွေကို စူးစမ်းလိုစိတ် အပြည့်နဲ့ ကြည့်နေတယ်။
ဆီဘက်စတီယန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး စစ်တုရင်ရုပ်တွေကို သူတို့ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ မှော်ပညာနဲ့ အလိုအလျောက် စီလိုက်တယ်။
"သမီးက အဖြူဘက်က ကစားရမှာ ဆိုတော့ သမီးက အရင်…."
ဒါပေမဲ့ သူ စကားတောင် မဆုံးသေးခင်မှာပဲ ယူနာက သူ့လက်ကို ဆွဲယူပြီး လှုပ်ရမ်းလိုက်ကာ သူတို့ရဲ့ သဘောတူညီချက်ကို အတည်ပြုလိုက်ပါတော့တယ်။
"ကျွန်မတို့ လက်ဆွဲနှုတ်ဆက်ပြီးပြီ။ အတည်ဖြစ်သွားပြီနော်။ ပြန်မနှုတ်ကြေး" လို့ သူမက ထူးဆန်းတဲ့ လေသံနဲ့ ပြောလိုက်တယ်။
ယူနာက စားပွဲပေါ်ကို မှီလိုက်ပြီး အဖြူရုပ်အနေနဲ့ ပထမဆုံး အကွက်ကို စတင်ရွှေ့လိုက်တဲ့ အခါမှာတော့ ဆီဘက်စတီယန် ဆွံ့အသွားပါတော့တယ်။ သူမက ဒါဟာ ပထမဆုံးအကြိမ် ကစားတာ မဟုတ်သလိုမျိုး အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ လုပ်ဆောင်သွားခဲ့တာပါ။
ဆီဘက်စတီယန်ရဲ့ နဖူးမှာ ချွေးစေးတွေ ပြန်လာခဲ့တယ်။ သူ တစ်ခုခုတော့ မှားနေပြီဆိုတဲ့ အသိက ဝင်လာတာပေါ့။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဆီဘက်စတီယန်ဟာ စစ်တုရင်ခုံပေါ်က အရုပ်တွေကို ကြည့်ရင်း မျက်မှောင်ကြုတ်နေမိတယ်။ သူ့အနောက်မှာ ရှိနေတဲ့ ဘတ်တောင်မှ ဆီဘက်စတီယန် ရှုံးတော့မယ်ဆိုတဲ့ အမှန်တရားကို သဘောပေါက်လာတာကြောင့် ပါးစပ်ကို လက်နဲ့ အသာအယာ အုပ်ထားမိတယ်။
"မျှော်စင်အရှင်ရဲ့ ဘုရင်မရုပ်ကို ဒီဘက်ကို ရွှေ့ရင်ကော ဘယ်လိုလဲ" လို့ ဘတ်က အနားကို ကပ်ပြီး တိုးတိုးလေး အကြံပေးလိုက်တယ်။
"....မဟုတ်ဘူး၊ အဲဒါဆိုရင် သူမက ငါ့ရဲ့ ရထားရုပ်ကို စားသွားလိမ့်မယ်။ ငါ့ရဲ့ နယ်ရုပ်လေးကို ဒီကို ရွှေ့ရင်ကော ဘယ်လိုလဲ" လို့ ဆီဘက်စတီယန်က တိုးတိုးလေး ပြန်ပြောတယ်။
ယူနာက သူတို့ကို ကြည့်ပြီး ပြုံးလိုက်တယ်။
"ဆရာမလုပ်ကြေးနော်" လို့ သူမက နောက်ပြောင်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ ဒါက ဘာမှ မထူးခြားဘူးဆိုတာ သူမ သိနေတာပေါ့။ သူမ သေချာပေါက် နိုင်တော့မှာလေ။
"တိတ်စမ်း၊ ကောင်မလေး။ သမီး စစ်တုရင် မကစားတတ်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား" လို့ ဆီဘက်စတီယန်က ထိတ်လန့်တကြားနဲ့ အော်ပြောလိုက်တယ်။
"သမီး အဲလို မပြောခဲ့ပါဘူး" လို့ သူမက သူတို့ကို အပြစ်ကင်းစင်တဲ့ ပုံစံလေးနဲ့ ပြန်ပြောတယ်။
"သမီး ပြောခဲ့တာက တခြား မှော်ဆရာတွေ ကစားနေတာကို မြင်ဖူးတယ်လို့ပဲ ပြောခဲ့တာပါ။ သမီး သူတို့နဲ့ အတူတူ မကစားဖူးဘူးလို့ မပြောခဲ့ပါဘူး"
ပထမဆုံး အကွက်အနည်းငယ်တုန်းကတော့ အရာအားလုံးက ပုံမှန်ပါပဲ။ ဆီဘက်စတီယန်က သူမ စစ်တုရင် ကစားတာ တော်တော်လေး ကျွမ်းကျင်တာ၊ အထူးသဖြင့် အရုပ်တွေကို နေရာချပုံတွေအပေါ်မှာ အံ့သြနေခဲ့တာပါ။ ဒါပေမဲ့ သူက ဒါကို သိပ်ပြီး အလေးအနက် မထားခဲ့ပါဘူး။
ဒါပေမဲ့ ကစားပွဲ ကြာလာတာနဲ့အမျှ ယူနာဟာ သူမရဲ့ သားကောင်ကို တိုက်ခိုက်ဖို့အတွက် သင့်တော်တဲ့ အချိန်ကို စောင့်နေတဲ့ အရေခွံလဲ မြွေတစ်ကောင်လိုပဲ ဆိုတာကို ဆီဘက်စတီယန် သဘောပေါက်လာခဲ့ပါတယ်။
သူမ စတင်တိုက်ခိုက်လိုက်တဲ့ အချိန်မှာတော့ ဆီဘက်စတီယန်ဟာ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ အရုပ်တွေကို တစ်ခုပြီးတစ်ခု ဆုံးရှုံးသွားရတာကြောင့် ဘာမှ မတတ်နိုင်တော့ပါဘူး။
ဘတ်နဲ့ ဆီဘက်စတီယန်တို့ အတူတူ ပူးပေါင်းဖို့ ကြိုးစားခဲ့ရင်တောင် ဘာမှ မထူးခြားတော့ပါဘူး။ သူတို့တွေဟာ မောင့်ဂိုမာရီ မိန်းကလေးငယ်လေးကို အထင်သေးခဲ့မိတဲ့ အချိန်မှာတင် ရှုံးနိမ့်ခဲ့ကြတာပါ။
"Checkmate ပါ" လို့ သူမက ပြောရင်း သူမရဲ့ ပြိုင်ဘက်ရဲ့ ဘုရင်ရုပ်ကို နောက်ပြောင်တဲ့ အနေနဲ့ လှဲချလိုက်ပါတော့တယ်။
ဆီဘက်စတီယန်က သက်ပြင်းချလိုက်ပြီး သူ့ထိုင်ခုံပေါ်ကို ပြန်မှီချလိုက်တယ်။
အကယ်၍ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်က သူ့ကို စစ်တုရင်ခုံပေါ်မှာ မညှာမတာ အနိုင်ယူခဲ့တဲ့ အကြိမ်တိုင်းအတွက် ရွှေဒင်္ဂါး တစ်ပြားစီ ရမယ်ဆိုရင်တော့ အခုဆို သူ့မှာ ရွှေဒင်္ဂါး နှစ်ပြား ရှိနေပါပြီ။ အဲဒါက အများကြီး မဟုတ်ပေမဲ့ ဒီလိုမျိုး နှစ်ကြိမ်တိုင်တိုင် ဖြစ်ပျက်ခဲ့တာကတော့ တကယ်ကို ထူးဆန်းလွန်းနေပါတော့တယ်။
* * * * * * * * *