အခန်း (၁၂၇-၁၂၈)
Vol. 11 Ch. 127-128
အခန်း(၁၂၇)
ဆီဘက်စတီယန်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နိုင်ပါတော့တယ်။ ယူနာဟာ သူမရဲ့အဘွားလိုပဲ လည်လည်ဝယ်ဝယ်နဲ့ ပရိယာယ်ကြွယ်တဲ့သူ ဖြစ်လာလိမ့်မယ်ဆိုတာ သူ ကြိုသိထားသင့်တာပါ။
သူမ ဘာလို့ သူ့ကိုမှ တကူးတက လာတွေ့ချင်ရတာလဲ၊ ပြီးတော့ ဘာလို့ အခုလို အကူအညီမျိုး တောင်းရတာလဲဆိုတာကို သူ အခုမှပဲ သဘောပေါက်သွားပါတော့တယ်။
ယူနာဟာ ကွင်းစ်နယ်မြေမှာရှိတဲ့ တခြား မှော်မျှော်စင်အရှင်တွေကို အရင်ဆုံး သွားမေးခဲ့တာ ဖြစ်ရမယ်။ အဲဒီလူတွေအားလုံးကလည်း သူမကို ပြတ်ပြတ်သားသားပဲ ငြင်းလွှတ်လိုက်ကြတာပေါ့။
ဒါကြောင့်လည်း သူမက နာမည်ကျော် ကြယ်ရှစ်ပွင့် မီးဒြပ်စင်မှော်ကဝေ ဆီကို လာဖို့ စီစဉ်ခဲ့တာပါ။ သူဟာ မီးဒြပ်စင်ကို ကျွမ်းကျင်ပိုင်နိုင်လို့တင် ဒီဘွဲ့နာမကို ရခဲ့တာ မဟုတ်ဘဲ တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ ရုတ်တရက် ထပြီး လောင်းကစားတတ်တဲ့ အကျင့်ကြောင့်လည်း ပါတာပေါ့။
ဆီဘက်စတီယန်ဟာ အထူးသဖြင့် သူ့ရဲ့ ရှည်လျားလှတဲ့ မုတ်ဆိတ်ဖြူကြီးနဲ့ဆိုရင် လောကီအာရုံတွေကို စွန့်ပယ်ထားတဲ့ ပညာရှိ ရသေ့ကြီးတစ်ယောက်လို ထင်ရတာကြောင့် တော်တော်လေး နာမည်ကြီးပါတယ်။
ဒါပေမဲ့ သူ့ကို လူကိုယ်တိုင် ရင်းနှီးတဲ့သူတွေကတော့ ဒါဟာ ဟန်ဆောင်မှုတစ်ခုဆိုတာ သိကြတာပေါ့။ တကယ်တမ်းကျတော့ သူဟာ ကမ္ဘာအနှံ့က လောင်းကစားရုံတွေမှာ ရုတ်တရက် အကြီးအကျယ် လောင်းကစားတတ်တဲ့သူ တစ်ယောက်ပါ။
ယူနာက အဲဒီအချက်ကို အခွင့်ကောင်း ယူသွားတာပါ။ ဆီဘက်စတီယန်က သူမရဲ့ တောင်းဆိုချက်ကို ငြင်းလိုက်တာနဲ့ သူမကို အခွင့်အရေးတစ်ခု ပေးတဲ့အနေနဲ့ ရိုးရှင်းတဲ့ လောင်းကြေးတစ်ခု ကမ်းလှမ်းလိမ့်မယ်ဆိုတာ သူမ သိနေတာကိုး။
သူ ရွေးချယ်မယ့် ကစားနည်းက မှော်ဆရာတွေနဲ့ မှော်ကဝေတွေကြားမှာ အရမ်း နာမည်ကြီးတဲ့ စစ်တုရင်ကလဲလို့ တခြား မရှိပါဘူး။
မောင့်ဂိုမာရီ မိသားစုဆီကနေ သံတမန်တစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ထားရသူမို့ ယူနာဟာ နယ်မြေစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ အရာရာမှာ ကျွမ်းကျင်ပါတယ်။ စစ်တုရင်က အဲဒီအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲလေ။
"ငါ နောက်တစ်ခါ ထပ်ပြီး အလှည့်စားခံလိုက်ရပြန်ပြီ။ ငါက ဘာလို့ ၁၀ နှစ်အရွယ် လိမ်လည်သူတွေရဲ့ ပစ်မှတ် ဖြစ်နေရတာလဲ"
ပထမဆုံးကတော့ မိုက်ကယ်ပေါ့၊ သူက စစ်တုရင်ကို အစကတည်းက တီထွင်ခဲ့တဲ့သူလေ။ အခုတော့ ယူနာပေါ့၊ သူမက စစ်တုရင် တစ်ခါမှ မကစားဖူးသလိုမျိုး ဟန်ဆောင်ခဲ့တာကိုး။
"ကျွန်မတို့ လက်ဆွဲနှုတ်ဆက်ပြီးပြီဆိုတော့ အတည်ဖြစ်သွားပြီနော်၊ ပြန်မနှုတ်ကြေး" ယူနာက ဆီဘက်စတီယန်ကို အောင်နိုင်သူတစ်ယောက်လို ပြုံးပြလိုက်တယ်။
အဘိုးကြီးရဲ့ ဆံပင်တွေက ပိုပြီးတောင် ဖြူသွားသလိုပါပဲ။
"အေးပါ၊ အေးပါ၊ ထားလိုက်ပါတော့..."
"ကျေးဇူးတင်ပါတယ် မျှော်စင်အရှင်။ ဒါကို နောက်မှလုပ်မယ့် ကျွန်မရဲ့ ပါရမီနိုးထခြင်းအတွက် အရှင်ပေးတဲ့ လက်ဆောင်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်"
သူမရဲ့ ရည်မှန်းချက်တွေထဲက တစ်ခု ပြီးမြောက်သွားပြီမို့ ယူနာဟာ ဘတ်နဲ့ ဆီဘက်စတီယန်တို့ကို သူတို့ရဲ့ အချိန်တွေအတွက် အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။ ပြီးတော့ မျှော်စင်အရှင်က စိတ်ပြောင်းသွားမှာ စိုးရိမ်တာကြောင့် အခန်းထဲကနေ ခပ်မြန်မြန်လေး ထွက်သွားပါတော့တယ်။
သူမက အခု ကင်းစ်ဘရစ်ချ် မြို့တော်ရဲ့ ဘုရားကျောင်းကိုသွားပြီး သူမရဲ့ ပါရမီကို နိုးထစေတော့မှာပါ။
ဘတ်က သူ့သူငယ်ချင်းကို နှစ်သိမ့်ပေးလိုက်တယ်။
"စိတ်ထဲ မထားပါနဲ့။ သူမက စစ်တုရင်မှာ အဲဒီလောက်အထိ တော်လိမ့်မယ်လို့ မင်း ဘယ်သိနိုင်မှာလဲ"
ဆီဘက်စတီယန်က ခေါင်းခါလိုက်တယ်။
"မဟုတ်ဘူး၊ ငါ ပိုပြီး သိထားသင့်တာ။ အဲဒီကလေးက အမြဲတမ်း ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ သူမဆီမှာ အံ့သြဖို့ကောင်းတာက သူမရဲ့ ဉာဏ်ရည်တင် မဟုတ်ဘူး၊ အလင်းဓားသိုင်း အတတ်ပညာမှာလည်း ပါရမီ ပါနေတာပဲ"
"အဲဒီမိန်းကလေးက လက်နက်ပိုင်းမှာ ပါရမီ ပါတာလား"
ယူနာ ထွက်သွားတဲ့ တံခါးဘက်ကို လှမ်းကြည့်ရင်း ဘတ်က မေးလိုက်တယ်။
"ဟုတ်တယ်" ဆီဘက်စတီယန်က ခေါင်းညိတ်ပြတယ်။
"သူတို့မိသားစုက ထက်မြက်တဲ့ ဉာဏ်ရည်တွေကြောင့် နာမည်ကြီးပေမဲ့ ရုပ်ပိုင်းဆိုင်ရာ အတတ်ပညာတွေမှာ ပါရမီပါတဲ့သူ မွေးဖွားလာတာ ဒါက ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ်။ သူမဟာ ကောင်းကင်စစ်သည်တော်များအဖွဲ့မှာ အလုပ်သင်အဖြစ် ခေါ်ယူခြင်း ခံရနိုင်တယ်ဆိုတာ မင်း သိလား"
ဘတ် အံ့သြသွားရပါတယ်။ အဲဒီအဖွဲ့ဆိုတာကတော့ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာ အတတ်ပညာရှင်တွေကို ပျိုးထောင်ပေးတဲ့ ထိပ်တန်းအစည်းအရုံးကြီးအဖြစ် နာမည်ကြီးတဲ့ ဓားသိုင်းဆရာတွေနဲ့ လက်နက်ကျွမ်းကျင်သူတွေ စုစည်းထားတဲ့ အထက်တန်းလွှာအဖွဲ့အစည်းတစ်ခုပါ။
မှော်ဆရာတွေနဲ့ မှော်ကဝေတွေမှာ မှော်ပညာရှင်အစည်းအရုံး ရှိသလို၊ ဓားသမားတွေနဲ့ စစ်သည်တော်တွေမှာလည်း အဲဒီအဖွဲ့ ရှိတာပေါ့။
မှော်အတတ်ပညာတွေက ရေ၊ ရေခဲနဲ့ မီးတွေကို လက်ထဲကနေ ထွက်ပေါ်လာအောင် မန္တန်တွေကို သုံးရပေမဲ့ ရုပ်ပိုင်းဆိုင်ရာ အတတ်ပညာတွေကတော့ သူတို့ရဲ့ လက်နက်တွေမှာ ဒြပ်စင်မှော်စွမ်းအင်တွေ ထည့်သွင်းပြီး စွမ်းအားတိုးအောင် မန္တန်တွေကို သုံးကြတာပါ။
ဘတ် ကြားဖူးသလောက်ဆိုရင်တော့ ကြယ်လေးပွင့် မှော်စွမ်းအင်အမြုတေ ရှိရမယ့်အပြင် အဲဒီအဖွဲ့က အလုပ်သင်တစ်ယောက်ကို အနိုင်ယူနိုင်မှသာ ဝင်ခွင့်ရဖို့ အရည်အချင်း ပြည့်မီတာပါ။ ဒါတင်မကသေးဘူး၊ လျှောက်ထားသူတွေဟာ အသက် ၁၅ နှစ်နဲ့ အထက်ရှိမှသာ စမ်းသပ်ခွင့် ရတာပါ။
ယူနာက အခုမှ ၁၀ နှစ်ပဲ ရှိသေးတာလေ။ ဒါဟာ သူမကို ကောင်းကင်စစ်သည်တော် ဆယ်ယောက်ထဲက တစ်ယောက်ယောက်က တိုက်ရိုက် သင်ကြားပေးဖို့ ကမ်းလှမ်းခံထားရတာ ဖြစ်နိုင်တယ်လို့ ဆိုလိုတာပဲ။
"ဒါဆို သူမက ဘာလို့ ဒီကို ရောက်နေတာလဲ။ သူမရဲ့ ဆရာဆီမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေသင့်တာ မဟုတ်ဘူးလား" ဘတ်က အနည်းငယ် စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။
သူမအနေနဲ့ လေ့ကျင့်ရေးတွေနဲ့ ဝေးကွာပြီး အချိန်ဖြုန်းနေတာဟာ နှမြောစရာကောင်းတယ်လို့ သူတောင် ထင်မိတာကိုး။ ဘာပဲဖြစ်ဖြစ် သူမဟာ နောင်တစ်ချိန်မှာ ကောင်းကင်စစ်သည်တော်တွေထဲက တစ်ယောက် ဖြစ်လာနိုင်တာပဲလေ။
"ဟားဟား"
ဆီဘက်စတီယန်က ရယ်မောလိုက်တယ်။ "သူမက အဲဒီအချက်မှာ မိုက်ကယ်နဲ့ တကယ့်ကို တူတာပဲ။ မိုက်ကယ်ကလည်း အသက် ၅ နှစ်အရွယ်မှာတင် ငါတို့ရဲ့ မှော်ပညာရှင်အစည်းအရုံးကို ဝင်ပြီး ငါ့လိုမျိုး ဆန်းကြယ်တဲ့ မှော်ဆရာကြီးတစ်ယောက် ဖြစ်လာအောင် ပြိုးထောင်ပေးလို့ ရတာပဲလေ။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ သူက မင်းအဘိုးရဲ့ ခြေရာကို လိုက်ပြီး ကုမ္ပဏီတစ်ခု ထောင်ဖို့ကိုပဲ ရွေးချယ်ခဲ့တာ။
ယူနာကလည်း အဲဒီအဖွဲ့ကို ဝင်လို့ရပေမဲ့ သူမက ငြင်းပယ်ခဲ့ပြီး သူမရဲ့အဘွား ခြေရာကို လိုက်ဖို့ပဲ ရွေးချယ်ခဲ့တယ်။ သူမက သံတမန်တစ်ယောက် ဖြစ်ချင်တာကိုး။
ဒါက ပါရမီတွေကို ဖြုန်းတီးပစ်တာလို့ ငါပြောမိမှာပဲ၊ ဒါပေမဲ့ သိသာတာကတော့ သူတို့နှစ်ယောက်စလုံးက သူတို့ရွေးချယ်ထားတဲ့ နယ်ပယ်တွေမှာ အောင်မြင်ဖြစ်ထွန်းနေကြတာပဲလေ"
လူကြီးနှစ်ယောက်ဟာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးမှ ဘတ်က တစ်ခုခုကို ရုတ်တရက် သတိရသွားပါတယ်။
"နေပါဦး၊ သံတမန် ဟုတ်လား။ သူမရဲ့ မျိုးရိုးနာမည်က ဘာတဲ့လဲ"
"မောင့်ဂိုမာရီ။ သူမရဲ့ နာမည်အပြည့်အစုံက ယူနာ မောင့်ဂိုမာရီ လေ" ဆီဘက်စတီယန်က ပြန်ဖြေလိုက်တယ်။
ဘတ်ဟာ ယူနာ့ကို ဘာလို့ မြင်ဖူးသလိုလို ဖြစ်နေရတာလဲဆိုတဲ့ အကြောင်းရင်းကို ရုတ်တရက် သိသွားတဲ့အတွက် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်မိပါတယ်။
"ဘာဖြစ်လို့လဲ"
ဘတ်က လောကကြီးရဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့သွားသလိုမျိုး ပြုမူနေတာကြောင့် ဆီဘက်စတီယန်က သိချင်စိတ်နဲ့ မေးလိုက်တယ်။
"မိုက်ကယ်ရဲ့ တစ်နှစ်ပြည့် မွေးနေ့တုန်းက ငါတို့က သိသမျှ လူကုန် ဖိတ်ခဲ့ကြတယ်" ဘတ်က ပြန်တွေးနေပါတယ်။
"ကွင်းစ်နယ်မြေက လူအများစုက ကိုယ်စားလှယ်တွေပဲ လွှတ်ကြပေမဲ့ ငါတို့ရဲ့ ဖိတ်ကြားချက်ကို လက်ခံဖို့အတွက် လပေါင်းများစွာ ခရီးနှင်ပြီး ကိုယ်တိုင်ကိုယ်ကျ လာခဲ့တဲ့ မိသားစု တစ်စု ရှိတယ်။ အဲဒါ မောင့်ဂိုမာရီ မိသားစုပဲ"
ဆီဘက်စတီယန်က ဘတ်ကို ဇဝေဇဝါနဲ့ ကြည့်နေတုန်းပါပဲ။
"မင်း ဘာကို ဆိုလိုချင်တာလဲ"
"ငါ့ဇနီးက သူတို့နဲ့ စကားပြောရင်းနဲ့ သူတို့မှာလည်း သမီးလေး တစ်ယောက် မွေးထားတယ်ဆိုတာ သိခဲ့ရတာ။ အဲဒီညက ငါတို့တွေ အရက်အချို့ သောက်ခဲ့ကြတယ်ဆိုပေမဲ့ ညကုန်သွားတဲ့အခါမှာတော့ ငါတို့တွေက... သူတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ သဘောတူခဲ့ကြတယ်"
ဆီဘက်စတီယန်ဟာ ဘတ်ကို လုံးဝ မယုံနိုင်သလိုမျိုး ကြည့်နေပါတယ်။
"မင်း ပြောချင်တာက မိုက်ကယ်နဲ့ ယူနာက စေ့စပ်ထားကြတယ်လို့လား။ သူတို့ကော ဒါကို သိကြရဲ့လား"
"မိုက်ကယ် မသိဘူး"
ဘတ်က အနည်းငယ် အားနာတဲ့ လေသံနဲ့ ပြောလိုက်တယ်။
မျှော်စင်အရှင်ကတော့ ဗန်ဒါဘစ် ဖခင်ကြီးကို ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ကြည့်လိုက်ပါတော့တယ်။
"ကောင်းပြီလေ၊ သူမက ဒီလောက်အစောကြီး ကင်းစ်နယ်မြေကို ရောက်လာလိမ့်မယ်လို့ မင်းမှ မသိနိုင်ခဲ့တာ" ဆီဘက်စတီယန်က သူ့သူငယ်ချင်းကို နှစ်သိမ့်ပေးလိုက်တယ်။
"ဘယ်သူသိမှာလဲ။ အရာရာက မင်းထင်ထားတာထက် ပိုကောင်းသွားနိုင်တာပဲလေ။ ကံကြမ္မာဆိုတာ ဆန်းကြယ်တဲ့ နည်းလမ်းတွေနဲ့ အလုပ်လုပ်တတ်တာကိုး"
* * * * * * * * *
စာစဉ်(၁၁)
အခန်း(၁၂၈)
"အဲ့ကလေးမ ဒီမှာ ရှိနေတာ သေချာရဲ့လား"
ဦးထုပ်နဲ့ မျက်လုံးတွေကို ကွယ်ထားပြီး ပုဝါနဲ့ ပါးစပ်ကို ပိတ်ထားတဲ့ အမျိုးသမီး တစ်ယောက်က အနားက နံရံဆီကို တိုးတိုးလေး မေးလိုက်တယ်။
"ဟုတ်ကဲ့ပါ သခင်မကြီး... သူ မှော်မျှော်စင်ထဲကို ဝင်သွားတာ တစ်နာရီတောင် မပြည့်သေးပါဘူး" လို့ နံရံပေါ်က အရိပ်ကနေ ပြန်ဖြေလိုက်တာပေါ့။
ဖတ်ချ် ဆီကနေ ချီးမွမ်းခန်းဖွင့်သံတွေကို ကြားပြီးတဲ့နောက်မှာတော့ လိုင်လီယာ တစ်ယောက် ဒီမိန်းကလေးကို ကိုယ်တိုင်ကိုယ်ကျ သေချာ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ။
သူမ သိထားသလောက်တော့ ဒီမိန်းကလေးက နင်ဂျာ စလိုင်းမ်လေးကို လှည့်စားဖို့ တစ်ခုခု လုပ်ထားတာလည်း ဖြစ်နိုင်တာပဲလေ။ ဖတ်ချ်က အသုံးဝင်တယ်ဆိုပေမဲ့ တစ်ခါတလေကျရင် ခပ်ကြောင်ကြောင်နိုင်တတ်တာကို လိုင်လီယာ သိနေတာကိုး။
တကယ်လို့ တစ်စုံတစ်ယောက်က သူမသားရဲ့ လက်တွဲဖော် ဖြစ်လာတော့မယ်ဆိုရင် အဲဒီလူက သူမသားနဲ့ ထိုက်တန်တဲ့သူဖြစ်ဖို့ လိုတာပေါ့။ သူမရဲ့ အမြင်မှာတော့ မိုက်ကယ်က ဘာအပြစ်အနာအဆာမှ မရှိသလို အားနည်းချက်လည်း တစ်ခုမှ မရှိတဲ့ ပြီးပြည့်စုံတဲ့ ကောင်လေးပါ။
သူ့ရဲ့ လက်တွဲဖော်ကလည်း အနည်းဆုံးတော့ အဲဒီလို အရည်အချင်း တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ရှိသင့်တယ်လေ။
ဒါကြောင့် လိုင်လီယာနဲ့ ဖတ်ချ်တို့ဟာ ယူနာ့ဆီမှာ သူမသားအပေါ် ကောင်းမွန်တဲ့ ရည်ရွယ်ချက် ရှိမရှိ သိနိုင်ဖို့အတွက် ဇာတ်လမ်းလေးတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။
ဒါက မိုက်ကယ်ကလပ်ရဲ့ ပထမဆုံးတာဝန် ဖြစ်ပေမဲ့လည်း အစီအစဉ်အတိုင်း အောင်အောင်မြင်မြင် ဖြစ်လာစေဖို့အတွက် သူတို့ လိုအပ်တာမှန်သမျှကို အဆင်သင့် ပြင်ဆင်ထားခဲ့ကြတာပေါ့။
သူတို့ဟာ ကလပ်အဖွဲ့ဝင်တွေကို သာမန်လမ်းသွားလမ်းလာတွေလို ဟန်ဆောင်ခိုင်းပြီး လူအုပ်ကြားထဲမှာ နေရာချထားခဲ့ပါတယ်။ သူတို့အားလုံးမှာ အရိပ်တစ်ခုလို ဟန်ဆောင်နိုင်တဲ့ စွမ်းရည် ရှိတာကြောင့် လူမမြင်အောင် ပုန်းနေဖို့အတွက်တော့ တကယ့်ကို ကျွမ်းကျင်နေကြတာပါ။
နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ သူတို့ စောင့်ကြည့်နေတဲ့ ပစ်မှတ်ကပေါ်လာခဲ့ပါပြီ။ ယူနာဟာ သူမ ဖြစ်ချင်တဲ့အရာရာကို အောင်မြင်သွားခဲ့သလိုမျိုးအပြုံးတစ်ခုနဲ့ မှော်မျှော်စင်ထဲကနေ ထွက်လာခဲ့တာပေါ့။
"အဲဒါ သူပဲ သခင်မကြီး" လို့ ယူနာ့ကို မြင်လိုက်တာနဲ့ ဖတ်ချ်က တိုးတိုးပြောလိုက်ပါတယ်။
လိုင်လီယာလည်း တစ်စက္ကန့်တောင် အချိန်မဆွဲတော့ဘဲ သူမဆီကို ခပ်မြန်မြန်လေး လျှောက်သွားလိုက်တယ်။ မျက်နှာကို အပြည့်အဝဖုံးအုပ်ထားတာကြောင့် လမ်းပေါ်က ဘယ်သူမှ သူမကို မှတ်မိမှာ မဟုတ်ဘူးဆိုတာကိုတော့ သူမ စိတ်ချနေတာပေါ့။
သူမက ကလပ်အဖွဲ့ဝင် တစ်ယောက်ဆီကနေ ထူးဆန်းတဲ့ အရည်တွေပါတဲ့ ပုလင်းလေးကို အမြန်ယူပြီး လက်ထဲမှာ ကိုင်ထားလိုက်တယ်။
ဒီအရည်ကတော့ ပိုးထည် ဒါမှမဟုတ် ပိတ်ချောအဝတ်အစားတွေကို လုံးဝပျက်စီးသွားစေမယ့် အစွန်းအထင်း ဖြစ်စေတဲ့ အရည်ပါ။ ဘယ်လိုနည်းနဲ့မှ လျှော်လို့ မရနိုင်တာကြောင့် အဲဒီ အစွန်းအထင်းက တစ်သက်လုံး စွဲကျန်နေမှာ ဖြစ်ပါတယ်။
ယူနာ့ ရဲ့ ဝတ်စုံက အရမ်း တန်ဖိုးကြီးတဲ့ အစအနတွေနဲ့ လုပ်ထားတာကို လိုင်လီယာ သတိထားမိလိုက်တော့ ဒီမိန်းကလေးဟာ ပစ္စည်းဥစ္စာ မက်မောတဲ့သူ ဖြစ်လိမ့်မယ်လို့ သူမက ထင်လိုက်တာပေါ့။
အဲဒါကတော့ သူမအတွက်တော့ လုံးဝ လက်မခံနိုင်စရာကိစ္စပဲလေ။ သူမသားကို ပိုက်ဆံကြောင့်ပဲ တန်ဖိုးထားမယ့်သူ တစ်ယောက်နဲ့တော့ သဘောမတူနိုင်ပါဘူး။
မိုက်ကယ် ရဲ့ လက်တွဲဖော်ကို သူမလိုမျိုးပဲ ဖြစ်စေချင်တာပါ။ သူမ ဘတ် နဲ့ လက်ထပ်ခဲ့တာက သူ့ရဲ့ ပိုက်ဆံကြောင့် မဟုတ်ဘူးလေ။ သူ့ဆီမှာ ရှိတဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကြောင့် ချစ်လို့ လက်ထပ်ခဲ့တာပါ။ သူမတို့ စေ့စပ်ခဲ့ကြတဲ့ အချိန်အထိ သူက ဗန်ဒါဘစ် တစ်ယောက် ဖြစ်နေမှန်းတောင် သူမ မသိခဲ့ပါဘူး။
လိုင်လီယာရဲ့ အစီအစဉ်ကတော့ ယူနာ့ကို မတော်တဆတိုက်မိချင်ယောင်ဆောင်ပြီး သူမရဲ့ ဝတ်စုံပေါ်ကို ဒီအရည်တွေ လောင်းချလိုက်ဖို့ပါပဲ။
တကယ်လို့ ယူနာက သူမရဲ့ တန်ဖိုးကြီးဝတ်စုံလေး ပျက်စီးသွားလို့ စိတ်တိုဒေါသထွက်သွားမယ်ဆိုရင်တော့ သူမဟာ မိုက်ကယ်နဲ့ မထိုက်တန်တဲ့ မိန်းကလေးပဲပေါ့။
ယူနာကတော့ သူမဆီလျှောက်လာနေတဲ့သူက လိုင်လီယာဖြစ်နေမှန်းမသိဘဲ လမ်းပေါ်မှာ တက်တက်ကြွကြွလေး လျှောက်လာနေတာပေါ့။
သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ဖြတ်ကျော်ခါနီးမှာပဲ လိုင်လီယာက ခြေထောက်ကို ယှက်လိုက်ပြီး ယူနာ့ရဲ့ အနီရောင် ဝတ်စုံပေါ်ကို အစွန်းအထင်းဖြစ်စေတဲ့ အရည်တွေစင်သွားအောင် တမင်တကာ ခြေချော်လဲလိုက်ပါတော့တယ်။
အစီအစဉ်ကတော့ အောင်မြင်သွားခဲ့တာပေါ့။ ဝတ်စုံရဲ့ အောက်နားလေးမှာ အစွန်းအထင်းတွေက တကယ်ကို သိသိသာသာ ထင်ကျန်နေခဲ့ပါတယ်။
ယူနာ့ရဲ့ မျက်ခုံးလေးတွေ နည်းနည်း တွန့်သွားခဲ့တယ်။ သူမ အကြိုက်ဆုံး ဝတ်စုံလေး ညစ်ပတ်သွားတာကိုး။
"အို... တောင်းပန်ပါတယ် သမီးလေးရယ်..."
ဒါပေမဲ့ လိုင်လီယာတစ်ယောက် ကြိုတင်လေ့ကျင့်ထားတဲ့ စကားတွေကို ပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ သူမရဲ့ ဝတ်စုံထဲကနေတစ်ခုခု ပြုတ်ကျသွားတာကို ခံစားလိုက်ရတယ်။
မိုက်ကယ်ရဲ့ ပုံစံတူအတိုင်း ထွင်းထုထားတဲ့ သစ်သားရုပ်လေးက သူမရဲ့အိတ်ကပ်ထဲကနေ ထွက်သွားပြီး လမ်းဘေးက ရေမြောင်းထဲကို ကျသွားတာပေါ့။ အရင်က သန့်ရှင်းနေတဲ့ သစ်သားရုပ်လေးဟာ အခုတော့ မြေပြင်ပေါ်က ရွှံ့တွေ၊ အညစ်အကြေးတွေနဲ့ ပေပွပြီး ညစ်ပတ်သွားခဲ့ပြီ။
ဒါကတော့ အစီအစဉ်ထဲမှာ မပါခဲ့ပါဘူး။ သူမ ခြေချော်လဲလိုက်တဲ့အချိန်မှာ သူမ တန်ဖိုးထားရတဲ့ မိုက်ကယ်တူး ကလည်း အိတ်ကပ်ထဲကနေ ပြုတ်ကျသွားပုံရတယ်။
"မဖြစ်ဘူး"လို့ လိုင်လီယာ က အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်ကာ မိုက်ကယ်တူးကို ရအောင် အလျင်အမြန် ဆွဲယူလိုက်ပါတော့တယ်။
မိုက်ကယ် က သူမကို ပေးခဲ့ကတည်းက သူမဟာ ဒီအရုပ်လေးကို အမြဲတမ်း ဂရုတစိုက် ကိုင်တွယ်ခဲ့တာပါ။ ဘယ်တော့မှ အကြည့်မလွတ်ခဲ့သလို သွားလေရာကိုလည်း အမြဲသယ်သွားတတ်တာပေါ့။ အဲဒါက မိုက်ကယ် အမြဲတမ်း သူမဘေးမှာ ရှိနေသလိုမျိုး ခံစားရစေတာကိုး။
ဒါပေမဲ့ အခုတော့ သူမရဲ့ အမှားလေးတစ်ခုကြောင့် မိုက်ကယ်တူးက ညစ်ပတ်သွားခဲ့ပြီ။
အဲဒီအချိန်မှာပဲ အဝတ်စတစ်ခု ဆုတ်ဖြဲလိုက်တဲ့ အသံကို သူမ ကြားလိုက်ရတယ်။
လိုင်လီယာ ခေါင်းမော့ကြည့်လိုက်တဲ့ အခါမှာတော့ ယူနာ က သူမရဲ့ ဝတ်စုံကနေ ဆုတ်ဖြဲလိုက်တဲ့ အဝတ်စလေး တစ်ခုကို ကမ်းပေးနေတာ တွေ့လိုက်ရတာပေါ့။ မိန်းကလေးငယ်လေးဟာ လိုင်လီယာမှာ မိုက်ကယ်တူးကို သန့်ရှင်းဖို့ တစ်ခုခု ရှိသွားအောင် သူမရဲ့ အကြိုက်ဆုံး အနီရောင်ဝတ်စုံလေးကို လိုလိုလားလားနဲ့ ဖျက်ဆီးလိုက်တာပါ။
"အဆင်ပြေပါသေးတယ်၊ နည်းနည်းလောက် သုတ်လိုက်ရင် ရသွားမှာပါ" လို့ ယူနာက ပြုံးပြီး ပြောလိုက်တယ်။
အဲဒီအချိန်ကျမှပဲ လိုင်လီယာဟာ မိန်းကလေးငယ်လေးအပေါ်မှာ သူမ အမြင်လွဲခဲ့မှန်း သိသွားပါတော့တယ်။ သူမဟာ မသိတဲ့သူ တစ်ယောက်ရဲ့ ဒုက္ခကို ကူညီပေးဖို့အတွက် သူမရဲ့ ဝတ်စုံအောက်နားတွေကို တစ်စက္ကန့်တောင် မတွန့်ဆုတ်ဘဲ ဆုတ်ဖြဲပစ်ခဲ့တာကိုး။
"သမီး မသိတဲ့သူ တစ်ယောက်အတွက်တောင် အခုလိုလုပ်ပေးတာလား" လို့ လိုင်လီယာ က မေးလိုက်တယ်။
ယူနာက ခေါင်းလေးကို စောင်းလိုက်ပြီး "ကြည့်ရတာ အန်တီက ဒီသစ်သားအရုပ်လေးကို တကယ် တန်ဖိုးထားပုံရလို့ပါ။ သမီးရဲ့ ဝတ်စုံက အန်တီရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရပစ္စည်းနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။ အဲဒါက အန်တီ့သားလေးရဲ့ ပုံလားဟင်" လို့ သူမက မေးလိုက်တာပေါ့။
"ဟုတ်တယ်" လို့ လိုင်လီယာ က အဝတ်စလေးကို ယူပြီး မိုက်ကယ်တူးရဲ့ မျက်နှာပေါ်က အညစ်အကြေးတွေကို သုတ်ပေးရင်း ပြောလိုက်တယ်။
"သူက ငါ့ဘေးမှာ ရှိနေရင် ငါ့သားလေးလည်း ငါနဲ့အတူ ရှိနေသလိုမျိုး ခံစားရလို့ပါ"
"အော်... ချစ်စရာလေးနော်" လို့ ယူနာ က တခစ်ခစ် ရယ်ရင်း ပြောလိုက်တယ်။
"အမေတစ်ယောက်က သူ့သားအပေါ်မှာ ဒီလောက်အထိ အစွဲအလမ်းကြီးနေတာကို သမီးက ထူးဆန်းတယ်လို့ မထင်ဘူးလား လူအများစုကတော့ ငါက ဒီသစ်သားအရုပ်လေးကို လူတစ်ယောက်လို ဆက်ဆံနေတာကို ကြည့်ပြီး အရူးလို့ ထင်နေကြတာလေ" လို့ လိုင်လီယာက ယူနာ့ ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး မေးလိုက်တယ်။
"ဟင့်အင်း၊ သမီးကတော့ အဲလို မထင်ပါဘူး" လို့ မိန်းကလေးငယ်လေးက ပြန်ဖြေပါတယ်။ "အမေတစ်ယောက်က သူ့သားအပေါ်မှာ အခုလိုမျိုး ဂရုစိုက်ပြီး ချစ်ပေးတာက သဘာဝအတိုင်းပဲလေ။ နောင်တစ်ချိန်မှာ သမီးလည်း သမီးရဲ့ ကလေးတွေအပေါ်မှာ အန်တီ့လိုပဲ ချစ်တတ်တဲ့သူ ဖြစ်လာဖို့ မျှော်လင့်ပါတယ်"
လိုင်လီယာတစ်ယောက် ယူနာ့ကို ပါးစပ်အဟောင်းသားနဲ့ ကြည့်ပြီး မှင်တက်လို့ နေပါတော့တယ်။
ဒီ မိန်းကလေးငယ်လေးရဲ့ ပါးစပ်ကနေ အခုလို ပြည့်စုံလွန်းတဲ့ အဖြေထွက်လာတာကို ကြားလိုက်ရလို့ သူမ တကယ့်ကို အံ့အားသင့်သွားတာပါ။
"ဪ... သမီးသူငယ်ချင်းတွေ ရောက်လာပြီ။ သမီး သွားတော့မယ်နော်။ အန်တီနဲ့ တွေ့ရတာ ဝမ်းသာပါတယ်ရှင့်"
ယူနာက အက်ဂ်နက်စ် နဲ့ ကျန်တဲ့ အစောင့်အရှောက်တွေနဲ့အတူ ဘတ်စ်ကားပေါ်ကို မတက်ခင်မှာ လိုင်လီယာကို လက်ပြ နှုတ်ဆက်သွားခဲ့တယ်။
အခု သူမ တစ်ယောက်တည်း ကျန်ခဲ့တော့မှ ဖတ်ချ်က လိုင်လီယာရဲ့ အရိပ်ထဲကနေ ထွက်လာပြီး သူမရဲ့ အရှေ့မှာ ခုန်ဆွခုန်ဆွ လုပ်နေတာပေါ့။
"ဘယ်လိုလဲ သခင်မကြီး။ သူက သခင်လေးနဲ့ တကယ့်ကို လိုက်ဖက်တဲ့သူ မဟုတ်ဘူးလား" လို့ ဖတ်ချ် က အားတက်သရော မေးလိုက်တယ်။
"ဖတ်ချ်..." လိုင်လီယာက တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
"သူက ပြည့်စုံရုံတင်မကပါဘူး။ ဒါက ကံကြမ္မာပဲ"
* * * * * * * * *