← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 11 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 11 Ch. 131-132

အခန်း(၁၃၁)

ပါရမီ နိုးထခြင်းမလုပ်ရသေးတဲ့ တစ်စုံတစ်ယောက်ရဲ့ပါရမီကို သူ နိုးထပေးလို့ရတယ်ဆိုတာ မိုက်ကယ် သိထားပါတယ်။

ဥပမာပြောရရင် ကက်စတယ်လာဆိုရင် သူမရဲ့အချိန်ကို ကျော်လွန်သွားခဲ့တာကြောင့် သူမရဲ့ ပါရမီကို နိုးထခွင့် မရတော့ဘဲ ကိန်းအောင်းနေတဲ့ စွမ်းရည်တွေဆီ သွားရာ တံခါးက ထာဝရပိတ်သွားခဲ့တာပါ။ ဒါပေမဲ့ မဖြစ်နိုင်တာတွေကို လုပ်ဆောင်နိုင်တဲ့ အဆင့်မြင့်စွမ်းရည် ပိုင်ဆိုင်ထားတဲ့ မိုက်ကယ်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့တာပေါ့။

နွမ်းပါးတဲ့ မိသားစုတွေအတွက် ပါရမီနိုးထခွင့်ရဖို့ ပေးရတဲ့ အခကြေးငွေက အဆမတန် ကြီးမားလွန်းတာကြောင့် ဒါမျိုးက မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အဲဒါကြောင့်လည်း လူအများစုဟာ အသက် ဆယ်နှစ်အရွယ်မှာ ပါရမီ နိုးထဖို့ ပျက်ကွက်ခဲ့ကြတာပါ။

သူဟာ အခုအချိန်အထိ မူလကတည်းက ပါရမီ ရှိဖို့ မဖြစ်နိုင်တဲ့ မျိုးနွယ်ခြားတွေ အတွက်ပဲ သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ကို အသုံးပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပါရမီ ရှိနှင့်ပြီးသား လူသားတစ်ယောက်အပေါ်မှာတော့ မိုက်ကယ် တစ်ခါမှ မစမ်းသပ်ဖူးသေးပါဘူး။

'ဟေး နိုဗာ... ဒါက ဖြစ်နိုင်ပါ့မလား'

[ဖြစ်နိုင်ပါတယ် မိုက်ကယ်။ ပါရမီ နိုးထပြီးသား တစ်စုံတစ်ယောက်ရဲ့ ပါရမီကို ထပ်ပြီး နိုးထပေးဖို့ ဖြစ်နိုင်ပါတယ်]

မိုက်ကယ်တစ်ယောက် မယုံနိုင်အောင် ဖြစ်သွားရပါတယ်။

'ပထမဆုံးအနေနဲ့ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒုတိယအချက်က လူသားအားလုံးမှာ ဒုတိယအကြိမ် ပါရမီနိုးထနိုင်စွမ်း ရှိကြတာလား။ ပြီးတော့ တတိယအချက်က ဘာလို့ ဒါကို စောစောကတည်းက ငါ့ကို မပြောခဲ့တာလဲ'

[မင်းရဲ့ မေးခွန်းတွေကို ဖြေရမယ်ဆိုရင်တော့ ပထမဆုံးပြောချင်တာက ဆော့ဖ်ဝဲလ်ကို အခုဗားရှင်းအထိ အဆင့်မြှင့်တင်ပြီးတဲ့ နောက်မှာမှ ဒါက ဖြစ်နိုင်လာတာပါ။ ဒုတိယအချက်က စနစ်ကနေ ရှာဖွေတွေ့ရှိနိုင်တဲ့ တိုးတက်မှုမျိုးရှိနေသရွေ့ လူသားအားလုံး ဒုတိယအကြိမ် ပါရမီ နိုးထနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ မင်းမှ မမေးတာ]

မိုက်ကယ်ကတော့ နိုဗာရဲ့ ခနဲ့တဲ့တဲ့ စကားကို လျစ်လျူရှုလိုက်ပြီး အံ့ဩလွန်းလို့ မှင်တက်နေမိပါတယ်။

သူဟာ သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ကို အသုံးပြုပြီး အသက်လတ်ပိုင်း အမျိုးသမီးကို ချက်ချင်း စစ်ဆေးကြည့်လိုက်တဲ့အခါ သူမရဲ့ ပါရမီကို သူ မြှင့်တင်ပေးနိုင်တာကို တွေ့လိုက်ရပါတယ်။

--- အဆင့်-C ဟိန်းဟောက်သံ

[အဆင့်မြှင့်တင်နိုင်မယ့် ပါရမီ]

--- အဆင့်-A နတ်သမီးအသံ

လူသားတစ်ယောက်ရဲ့ ပါရမီကို အဆင့်မြှင့်တင်ပေးတာက မျိုးနွယ်ခြားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့ ဆင်တူနေပုံရပါတယ်။ နိုဗာ က ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းတွေကို ပြောင်းလဲပေးနိုင်တာကြောင့် ပါရမီတွေကိုလည်း မြှင့်တင်ပေးနိုင်တာပေါ့။

မိုက်ကယ်က အသက်လတ်ပိုင်း အမျိုးသမီးကို ကြည့်ပြီး "အန်တီ သီချင်းဆိုရတာ ဝါသနာပါသလား" လို့ မေးလိုက်ပါတယ်။

သူမက တစ်နိုင်ငံလုံးမှာ နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက် ဖြစ်ချင်တဲ့ သူမရဲ့ အိပ်မက်တွေကို ထုတ်ပြောဖို့ ရှက်နေတာကြောင့် ခေါင်းလေးကိုပဲ အသာအယာ ညိတ်ပြလိုက်တာပေါ့။

"ဒါဆိုရင်တော့ အန်တီ ကံကောင်းသွားပြီ" လို့ မိုက်ကယ်က သူမကို ပြောလိုက်ပါတယ်။

"ကျွန်တော်တို့ နိုင်ငံရဲ့ နောက်ထပ် ထိပ်တန်း အဆိုတော်တစ်ယောက် ဖြစ်လာဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ အန်တီ့ဆီမှာ ရှိနေတယ်လေ"

သူက လက်ကို မြှောက်လိုက်ပြီး သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို အသက်သွင်းလိုက်ပါတယ်။ အသက်လတ်ပိုင်း အမျိုးသမီးဟာ စက္ကန့်အနည်းငယ်ကြာအောင် တောက်ပနေတဲ့ အလင်းတန်းကြီးထဲမှာ ရုတ်တရက် ပိတ်မိသွားပြီး အလင်းတွေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

[အဆိုပညာသင်ခန်းစာများကို ဒေါင်းလုဒ်ဆွဲနေသည်... ပြီးဆုံးပါပြီ]

အမျိုးသမီးဟာ သူမရဲ့ လက်တွေကို ငုံ့ကြည့်လိုက်ရင်း တစ်ခါမှ မခံစားဖူးတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုးကို ခံစားလိုက်ရပါတယ်။

သူမရဲ့ အသံမှာ ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် အမျိုးသမီးဟာ သူမဘာသာတောင် အံ့သြတုန်လှုပ်သွားခဲ့ပါတယ်။

အရင်က သူမ မဆိုနိုင်ခဲ့တဲ့ သံစဉ်တွေနဲ့ စည်းချက်တွေကို အခုဆိုရင် အားပါးတရ ဆိုနိုင်ပြီဆိုတာကို သူမ ရုတ်တရက် သတိပြုမိသွားတာပေါ့။

နိုဗာ ပေးအပ်လိုက်တဲ့ ဗဟုသုတတွေနဲ့ဆိုရင် ဒီအမျိုးသမီးဟာ မိုက်ကယ်ရဲ့ အရင်ကမ္ဘာမှာတောင် အတော်ဆုံး အဆိုတော်တွေထဲက တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

"ကျေးဇူးတင်ပါတယ် သခင်လေး မိုက်ကယ်။ ဒါပေမဲ့ ကျွန်မက ကျွန်မတို့ နိုင်ငံအတွက် အသုံးမဝင်မှာကို စိတ်မကောင်းဖြစ်မိပါတယ်" လို့ အမျိုးသမီးက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်ပါတယ်။

"ဘယ်သူက အဲလိုပြောလို့လဲ။ အန်တီက ကျွန်တော်တို့ နိုင်ငံအတွက် အများကြီး အသုံးဝင်တာပေါ့" လို့ မိုက်ကယ်က ချက်ချင်းပဲ ပြန်ပြောလိုက်တယ်။

သူမလိုမျိုး ထူးကဲတဲ့ အဆိုစွမ်းရည်ရှိတဲ့ ဖျော်ဖြေရေးသမားတွေ ရှိနေတာက အခုရော နောင်အနာဂတ်မှာပါ နိုင်ငံထဲမှာ ကျင်းပမယ့် ပွဲတော်တွေကို ပိုပြီး ပျော်ရွှင်စရာ ကောင်းလာစေမှာပါ။

သူတို့ရဲ့ ပွဲတော်တွေမှာ ဖျော်ဖြေရေး ကဏ္ဍတွေ လိုအပ်နေသေးတယ်လို့ သူ အမြဲတမ်း တွေးနေခဲ့တာပါ။ ဘေ့စ်ဘောပွဲတွေ၊ အသောက်အစား ပြိုင်ပွဲတွေနဲ့ မီးရှူးမီးပန်း ပြပွဲတွေကလွဲရင် ရီနေးတား နိုင်ငံတော်မှာ နိုင်ငံသားတွေ ပျော်ပျော်ပါးပါး ဆင်နွှဲစရာ တခြားဘာမှမရှိသေးဘူးလေ။

ဒါပေမဲ့ နိုင်ငံသားအသစ်တွေ အများကြီး ထပ်ရောက်လာတာနဲ့အမျှ ထုတ်လုပ်မှုလုပ်ငန်းတွေ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေနဲ့ မသက်ဆိုင်တဲ့ ပါရမီရှင်တွေ ပိုပြီးများပြားလာတာကို သူတွေ့လိုက်ရပါတယ်။

လူသားအချို့နဲ့ မျိုးနွယ်ခြားအချို့မှာ တူရိယာပစ္စည်းတွေ တီးခတ်တာ၊ သီချင်းဆိုတာနဲ့ စည်းချက်ကျကျ တက်ကြွစွာ ကခုန်နိုင်တဲ့ ပါရမီတွေ ရှိနေကြတာပေါ့။

ဒီလိုလူအများစုဟာ တခြား ဘယ်နယ်မြေမှာမဆို အမြဲတမ်း အလုပ်အကိုင်ရဖို့ ခက်ခဲကြမှာ ဖြစ်ပေမဲ့ ရီနေးတားနိုင်ငံတော်မှာတော့ အင်ဂျင်နီယာတွေနဲ့ လယ်သမားတွေလိုပဲ မရှိမဖြစ် လိုအပ်တဲ့ ပါရမီရှင်တွေအဖြစ် ကြိုဆိုခြင်း ခံကြရပါတယ်။

ဘာပဲဖြစ်ဖြစ်၊ အနုပညာကနေ ဘယ်လို ဖြစ်နိုင်ခြေအသစ်တွေ ဆောင်ကြဉ်းပေးနိုင်မလဲဆိုတာကို မိုက်ကယ် တစ်ယောက်တည်းပဲ သိနေတာကိုး။

သူ့ရဲ့ အရင်ကမ္ဘာတုန်းကဆိုရင် K-pop အိုင်ဒေါလ်တွေကို တစ်ကမ္ဘာလုံးက သန်းနဲ့ချီတဲ့ ပရိသတ်တွေက ဝိုင်းဝိုင်းလည် အားပေးခဲ့ကြတာပါ။ ဘာသာစကား မတူပေမဲ့လည်း လူတွေဟာ သူတို့ရဲ့ သီချင်းစာသားတွေကို လိုက်ဆိုကြပြီး ခက်ခဲတဲ့ ကကွက်တွေကို လိုက်ကခဲ့ကြတာလေ။

သူ့ရဲ့ အရင်ဘဝတုန်းက မိုက်ကယ်ကိုယ်တိုင်တောင် K-pop ရောဂါ ကူးစက်ခံခဲ့ရဖူးပါတယ်။

အန်နီမေး ကြည့်တာအပြင် မိုက်ကယ်ဟာ K-pop သီချင်းတွေကို နားထောင်ရတာကိုလည်း ဝါသနာပါခဲ့တာပါ။

သူ တကယ့်ကို အမာခံပရိသတ် ဖြစ်ခဲ့ရတဲ့ K-pop တစ်ကိုယ်တော် အိုင်ဒေါလ်မလေး တစ်ယောက်တောင် ရှိခဲ့သေးတယ်။ သူမက အဆိုရော အကပါ တကယ့်ကို ထူးချွန်ပြီး သူမရဲ့ သီချင်းတွေကို ဆိုနေတဲ့ အချိန်မှာ ကြယ်တွေထက်တောင်ပိုပြီး တောက်ပနိုင်စွမ်း ရှိတာကြောင့် "ညဉ့်ဦးယံရဲ့ အဖိုးတန်ရတနာ" လို့တောင် အမည်တွင်ခဲ့တာပါ။

သူ အိမ်ပြင်ထွက်ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ သူမလည်း တစ်ခု အပါအဝင်ပေါ့။ သူမရဲ့ ဖျော်ဖြေပွဲတွေကို သွားကြည့်ပြီး သူမကို အပြင်မှာ ကိုယ်တိုင် မြင်တွေ့ချင်ခဲ့တာလေ။ ဟုတ်တယ်လေ.. သူမက ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးတွေထဲက တစ်ယောက်လို့ သတ်မှတ်ခံထားရသူမို့လို့ သူ့ရဲ့ ဖျော်ဖြေပွဲ သွားကြည့်ရတဲ့ ရည်ရွယ်ချက်က သီချင်းဆိုတာ နားထောင်ဖို့တင် မဟုတ်ပါဘူး။

သူ အွန်လိုင်းစစ်တုရင်ကို စတင်စွဲလမ်းခဲ့ရတာကလည်း သူမကြောင့်ပါပဲ။ သူမက အင်တာဗျူးတစ်ခုမှာ ဒီကစားနည်းကို တော်တော်လေးစွဲလမ်းနေတယ်လို့ ပြောခဲ့တာကြောင့် သူ့ကိုလည်း စစ်တုရင်ကစားဖို့ တွန်းအားပေးသလို ဖြစ်ခဲ့တာပေါ့။

မိုက်ကယ်ဟာ သူမကို အလွန်အမင်းအားပေးနေတာ သူတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိပါတယ်။ သူ့ရဲ့ အရင်ဘဝတုန်းက ဆိုရင် တစ်ကမ္ဘာလုံးကပါ သူမကို အားပေးနေခဲ့ကြတာကိုး။

ဒါဟာ အနုပညာ ပါရမီရှင်တွေရဲ့ တကယ့် အလားအလာပါပဲ။ ဒီလို ပါရမီရှိတဲ့ ရီနေးတားနိုင်ငံသားတွေဟာလည်း သူ့ရဲ့ အရင်ဘဝက K-pop အိုင်ဒေါလ်တွေလို ဖြစ်လာနိုင်ပြီး သူတို့ရဲ့ ဂီတနဲ့ အကတွေကတစ်ဆင့် ကမ္ဘာကြီးကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ မိုက်ကယ်က တွေးနေမိပါတယ်။

ဒီကမ္ဘာမှာတော့ အကျိုးအမြတ် မထုတ်နိုင်တဲ့ ပါရမီတွေကို အခုထိ တန်ဖိုးနည်းနည်းပဲ ပေးနေကြသေးပေမဲ့ မိုက်ကယ်ကတော့ ဒါကို သူ ပြောင်းလဲနိုင်မယ်လို့ ယုံကြည်နေတာပေါ့။

သေချာတာကတော့ ကမ္ဘာကြီးကို မပြောင်းလဲခင်မှာ သူ့ရဲ့ နိုင်ငံကနေ အရင် စတင်ရမှာပါ။

ဒါကြောင့် သူဟာ ဒီပါရမီရှင်တွေ သူတို့ရဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် နောက်ထပ် ပွဲတော်တစ်ခုလိုမျိုး လုပ်ပေးဖို့ လော့လိုကို ညွှန်ကြားလိုက်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ်၊ နိုင်ငံသားအသစ်တွေ အများကြီး ရောက်လာခဲ့တာဆိုတော့ သူတို့ကို ကြိုဆိုတဲ့ အနေနဲ့ ပွဲတော်တစ်ခု ကျင်းပပေးတာက အသင့်တော်ဆုံးပါပဲ။

သူ့ရဲ့ လက်မှုပညာသည်တွေရဲ့ အကူအညီနဲ့ သူတို့ဟာ ဂစ်တာတွေ၊ ဒရမ်တွေနဲ့ တစ်နိုင်ငံလုံးကို ဂီတသံတွေ ပျံ့လွင့်သွားစေနိုင်တဲ့ စတီရီယို အသံချဲ့စက် စနစ်တွေကိုပါ ဖန်တီးနိုင်ခဲ့ကြပါတယ်။

အဲဒီ တူရိယာတွေထဲမှာလည်း မီသရယ်သတ္တုတွေကို ထည့်သွင်းအသုံးပြုဖို့ သူ ဆုံးဖြတ်လိုက်ပါတော့တယ်။

* * * * * * * * *

စာစဉ်(၁၁)

အခန်း(၁၃၂)

ကင်းစ်နယ်မြေမှာ ရရှိနိုင်တဲ့ ပစ္စည်းကိရိယာတွေနဲ့ဆိုရင် လိုအပ်တဲ့သူတိုင်းအတွက် တူရိယာတွေ ဖန်တီးပေးဖို့က တော်တော်လေး လွယ်ကူပါတယ်။ ဂစ်တာဆိုတာကလည်း အနှစ်သာရအားဖြင့် ကြိုးတွေတပ်ထားတဲ့ အခေါင်းပေါက် သစ်သားတုံးသက်သက်ပဲမို့ လုပ်ရတာ တကယ့်ကို ရိုးရှင်းတာပေါ့။

စတီရီယို အသံချဲ့စက်စနစ်အတွက်တော့ အသံကို ပိုမိုကျယ်လောင်စေမယ့် အတွင်းပိုင်းက အီလက်ထရောနစ် ပစ္စည်းတွေအကြောင်း နားလည်ဖို့ မိုက်ကယ်အနေနဲ့ နိုဗာ ရဲ့ အကူအညီကို ယူခဲ့ရတယ်။

တူရိယာတွေ လုပ်ပြီးတဲ့နောက်မှာတော့ သူဟာ ပါရမီရှိတဲ့ အနုပညာရှင်တွေကို စုစည်းပြီး သက်ဆိုင်ရာ မှော်ဝင်ပစ္စည်းတွေကို အပ်နှင်းလိုက်ပါတယ်။

ဟုတ်တယ်လေ၊ မှော်ဝင်ပစ္စည်းတွေပေါ့။ ဘာလို့လဲဆိုတော့ မိုက်ကယ်က တူရိယာအားလုံးမှာ မီသရယ်သတ္တုတွေကို ထည့်သွင်းပေးထားတာကြောင့် အသုံးပြုမယ့်သူတွေရဲ့ ပါရမီတွေကို ပိုပြီး ထက်မြက်လာစေမှာမို့လို့ပါပဲ။

အကယ်၍ လယ်သမားတွေမှာ မှော်ဝင်လယ်ယာသုံးပစ္စည်းတွေရှိပြီး အင်ဂျင်နီယာတွေမှာ ပေတံလိုမျိုး မှော်ဝင်ပစ္စည်းတွေ ရှိတယ်ဆိုရင် ဒီလူတွေမှာလည်း မှော်ဝင်တူရိယာတွေ ရှိရမှာပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ပါရမီကနေ ရရှိတဲ့ စွမ်းရည်တွေက မန္တန်တစ်ခုနဲ့ တော်တော်လေး ဆင်တူတာကြောင့် မီသရယ်မှော်ဝင်ပစ္စည်းရဲ့ မြှင့်တင်ပေးနိုင်တဲ့ အာနိသင်က အကျုံးဝင်နေတုန်းပါပဲ။

ဒါက မိုက်ကယ်ကို တကယ့်ကို စိတ်ဝင်စားသွားစေတယ်။ မီသရယ်ရဲ့ အာနိသင်တွေက အဲဒါကို သုံးစွဲတဲ့ လယ်သမားတွေအတွက်တော့ တကယ့်ကို သိသာလွန်းတာကိုး။ မှော်ဝင်ပစ္စည်းကို သုံးလိုက်တာနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ကောက်ပဲသီးနှံတွေက ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ပေါပေါများများ ထွက်လာတာလေ။

ဒါပေမဲ့ မှော်ဝင်တူရိယာရဲ့ အာနိသင်က ဘယ်လိုမျိုး ဖြစ်မလဲ။ မိုက်ကယ်လည်း မသိသေးဘူးပေါ့။ ပုံမှန်ထက် အသံနည်းနည်း ပိုကျယ်လာရုံပဲလို့ သူ ခန့်မှန်းထားတာပါ။

အဲဒါကို စမ်းသပ်ကြည့်ဖို့အတွက် မိုက်ကယ်က သူ အခုလေးတင် ပါရမီနိုးထပေးထားတဲ့ လူသား ဂစ်တာသမားတစ်ယောက်ကို ရွေးထုတ်လိုက်ပြီး သူ့ရဲ့ မှော်ဝင်တူရိယာအသစ်ကို စမ်းသုံးကြည့်ခိုင်းလိုက်တယ်။

"သီချင်းတစ်ပုဒ်လောက် တီးတတ်တယ် မဟုတ်လား" လို့ သူက မေးလိုက်တာပေါ့။

"ဟုတ်ကဲ့ပါ သခင်လေး မိုက်ကယ်။ သခင်လေး ကျွန်တော့်ကို ပါရမီနိုးထပေးတုန်းက ဂစ်တာတီးတတ်တဲ့ ဗဟုသုတတွေပါ တစ်ခါတည်း ပေးအပ်လိုက်တာပါ" လို့ အဲဒီလူက ပြန်ဖြေတယ်။

မီသရယ်က တခြားလူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲဆိုတာကို မြင်ချင်တာကြောင့် မိုက်ကယ်က ဒီစမ်းသပ်မှုကို ကြည့်ရှုဖို့အတွက် မျိုးနွယ်ခြားအမျိုးမျိုးကိုလည်း ဖိတ်ကြားထားတာပေါ့။

နိုင်ငံတော်မှာရှိတဲ့ ဌာနအသီးသီးက ကိုယ်စားလှယ်တစ်ယောက်စီကို သူ ခေါ်ထားတာပါ။ ရွှေလယ်ယာက တစ်ယောက်၊ အင်ဂျင်နီယာအဖွဲ့က တစ်ယောက်နဲ့ မျိုးနွယ်ခြား တစ်မျိုးစီကနေ တစ်ယောက်စီပေါ့။ သူတို့အားလုံး မိုက်ကယ်ရဲ့ အိမ်တော်မှာစုဝေးပြီး ဂစ်တာသမား စတင်ဖျော်ဖြေမှာကို စောင့်ဆိုင်းနေကြတယ်။

"မင်း ကြိုက်တဲ့ သီချင်းကို တီးပါ" လို့ မိုက်ကယ်က ပြောလိုက်တယ်။

လူအုပ်ကြီးက သူ့ကို စောင့်ကြည့်နေတာကြောင့် အဲဒီလူက နည်းနည်းတော့ စိတ်လှုပ်ရှားနေတာပေါ့။ ဒါကြောင့် သူ့ကိုယ်သူ စိတ်ငြိမ်သွားအောင် ရိုးရှင်းပြီး အေးအေးဆေးဆေးရှိတဲ့ chord စည်းချက်လေးတွေကိုပဲ ရွေးတီးလိုက်ပါတယ်။

ဂစ်တာသံစဉ်တွေ အခန်းထဲမှာ ပျံ့လွင့်သွားတာနဲ့ သီချင်းနားထောင်နေတဲ့သူတိုင်းဟာ ချက်ချင်းပဲ စိတ်လက်ပေါ့ပါးသွားသလိုမျိုး ငြိမ်းချမ်းတဲ့ အပြုံးလေးတွေ ကိုယ်စီ ပေါ်လာကြတာပေါ့။ ရုတ်တရက် မိုက်ကယ်ရဲ့ စိတ်ထဲမှာ နိုဗာ ရဲ့ အသံက ဟိန်းထွက်လာခဲ့တယ်။

[ စိတ်အေးချမ်းစေတဲ့ အာနိသင်ကို ဖြတ်သန်းခွင့်ပြုနေသည်... ]

[ သင်၏ ကျန်းမာရေးအခြေအနေ ၁၀ ရာခိုင်နှုန်း မြင့်တက်လာပါသည် ]

သူ့မျက်လုံးရှေ့မှာ ပေါ်လာတဲ့ အသိပေးချက်ကို မြင်ပြီး မိုက်ကယ် မျက်လုံးပြူးသွားတာပေါ့။

'အော်... အဲဒါကြောင့် ငါ တကယ့်ကို စိတ်အေးလက်အေး ဖြစ်သွားတာကိုး။ ငါ့ရဲ့ ကျန်းမာရေးက ၁၀ ရာခိုင်နှုန်းတောင် တိုးလာတာလား။ ဒါက ဟိုဂစ်တာသမား တီးနေတဲ့ စိတ်အေးချမ်းစေတဲ့ သီချင်းကြောင့်ပေါ့'

[ မှန်ပါတယ် ] လို့ နိုဗာ က ပြန်ဖြေတယ်။

"မင်းတို့ ဘယ်လို ခံစားရလဲ" လို့ သူက တခြားသူတွေကို မေးလိုက်တာပေါ့။

"ကျွန်တော် တကယ့်ကို စိတ်ငြိမ်သွားတယ် သခင်လေး၊ ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်ရသလိုမျိုးပဲ"

"ကျွန်မလည်း အတူတူပဲ။ ကျွန်မ ခေါင်းကိုက်နေတာလည်း ရုတ်တရက် ပျောက်သွားပြီ"

ကျန်းမာရေး အခြေအနေ မြင့်တက်လာတဲ့ ကောင်းချီးကို ရတာ သူတစ်ယောက်တည်း မဟုတ်ပုံရပါတယ်။ ဂစ်တာသံကို နားထောင်နေတဲ့သူတိုင်းဟာ အတူတူပဲ ခံစားကြရတာကိုး။

"တခြား သီချင်းတစ်ပုဒ်လောက် ထပ်တီးကြည့်နိုင်မလား။ နောက်ထပ် ဘယ်လို အာနိသင်တွေ ထပ်ရနိုင်ဦးမလဲဆိုတာ မြင်ချင်လို့" လို့ သူက ဂစ်တာသမားကို ခိုင်းလိုက်တယ်။

"ဘာသီချင်းမျိုး ကြားချင်ပါသလဲ သခင်လေး"

မိုက်ကယ်က ရွှေလယ်ယာကသူတွေကို ကြည့်ပြီး အကြံတစ်ခု ရသွားတာပေါ့။

"ငါ့ကို အာရုံစူးစိုက်မှု ပိုကောင်းစေမယ့် သီချင်းမျိုး၊ အဲဒီလို ဂီတမျိုးကို ကြားချင်တာ"

ဂစ်တာသမားက ခေါင်းညိတ်လိုက်ပြီး မိုက်ကယ် အလိုရှိတဲ့ အာနိသင်မျိုး ရရှိစေမယ့် သင့်တော်တဲ့ စည်းချက်နဲ့ chord တွဲလုံးတွေကို သူ့ရဲ့ စိတ်ထဲမှာ စတင် စဉ်းစားလိုက်ပါတော့တယ်။

သူ ဂစ်တာကို စပြီး တီးလိုက်တဲ့အခါမှာတော့ လယ်ယာထဲမှာ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြတဲ့ ရီနေးတားနိုင်ငံသားတွေရဲ့ ပုံရိပ်တွေက သူ့စိတ်ထဲမှာ ပြည့်နှက်လာတာပေါ့။ အဲဒီအတွက်ကြောင့် သူ့ဂစ်တာကနေ ထွက်ပေါ်လာတဲ့ ဂီတသံစဉ်တွေက အခန်းထဲမှာရှိတဲ့ အန်းနဲ့ လယ်သမားတွေရဲ့ စိတ်ကို တုန်ခါသွားစေတဲ့ ထူးခြားတဲ့ အသံမျိုး ထွက်ပေါ်လာခဲ့ပါတယ်။

[ စိတ်အားတက်ကြွစေတဲ့ အာနိသင်ကို ဖြတ်သန်းခွင့်ပြုနေသည်... ]

[ သင်၏ လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှု စွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်း မြင့်တက်လာပါသည် ]

သူတို့နိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးအမှုဆောင်ချုပ် တာဝန်ယူထားတဲ့ ဟော့ဘ်မျောက်လူ အန်း ဟာ သူမရဲ့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေက ဂီတရဲ့ စည်းချက်အတိုင်း လိုက်ပြီး ကခုန်နေတာကို ခံစားလိုက်ရတာကြောင့် အသက်ရှူမှားမတတ် အံ့သြသွားတာပေါ့။ အဲဒီ မှော်စွမ်းအင်တွေက စိတ်အခြေအနေ ကောင်းနေပုံရပြီး အန်း ရဲ့ စွမ်းရည်တွေအတွက် သူတို့ရဲ့ အစွမ်းကို အသုံးပြုခွင့် ပေးလိုက်ပုံပါပဲ။

"သခင်… ဒါက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ" လို့ သူမက အော်ပြောလိုက်တယ်။

"ကျွန်မတို့ လယ်ထဲမှာ အလုပ်လုပ်နေတုန်း ဒီဂစ်တာသမားကသာ သီချင်းတီးပေးမယ်ဆိုရင် ဒီလအတွက် ကျွန်မတို့ရဲ့ ရိတ်သိမ်းမှုက နှစ်ဆတောင် ဖြစ်လာနိုင်တယ်လို့ ခံစားရတယ်"

မိုက်ကယ်ဟာ ဂီတပါရမီတွေရဲ့ တကယ့် အလားအလာကို စတင်ပြီး ရှာဖွေတွေ့ရှိနေပါပြီ။ သူဟာ ဂစ်တာသမားကို မတူညီတဲ့ အရှိန်၊ စည်းချက်နဲ့ ရည်ရွယ်ချက်တွေပါတဲ့ တခြား သီချင်းတွေကိုလည်း ထပ်ပြီး တီးခိုင်းကြည့်ပါတယ်။

သီချင်းတစ်ပုဒ်ကတော့ အင်ဂျင်နီယာတွေအတွက် ရည်ရွယ်တာပေါ့။

[ သင်၏ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ၂၅ ရာခိုင်နှုန်း မြင့်တက်လာပါသည် ]

"ဝိုး... ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေး စီမံကိန်းအသစ်တွေမှာ ကြုံနေရတဲ့ အခက်အခဲကို အခုပဲ အဖြေရှာနိုင်သွားပြီ" လို့ နည်းပညာဆန်တဲ့ သီချင်းကို နားထောင်နေတဲ့ အင်ဂျင်နီယာ ဆိတ်လူသားတစ်ယောက်က ပြောလိုက်ပါတယ်။

နောက်ထပ် သီချင်းတစ်ပုဒ်ကတော့ အရှိန်အဟုန်ပြင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ စည်းချက်တွေပါတဲ့ လုံခြုံရေး ကုလားအုတ်လူသား တစ်ယောက်အတွက် ရည်ရွယ်တာပေါ့။

[ သင်၏ ရုပ်ပိုင်းဆိုင်ရာ ထိုးဖောက်နိုင်စွမ်း ၃၀ ရာခိုင်နှုန်း မြင့်တက်လာပါသည် ]

"ဟီဟီး... သံမဏိနံရံကြီးတောင် ငါ့ကို တားနိုင်မှာ မဟုတ်တော့ဘူး"

သီချင်း အမျိုးမျိုးနဲ့ စမ်းသပ်ကြည့်ပြီးတဲ့နောက်မှာတော့ လိုချင်တဲ့ အခြေအနေ မြင့်တက်မှုကို ရရှိဖို့အတွက် အနုပညာရှင်ရဲ့ ရည်ရွယ်ချက်ကတင် တကယ့်ကို အရေးကြီးတယ်ဆိုတာကို မိုက်ကယ် တွေ့ရှိသွားတာပေါ့။

အကယ်၍ ဂစ်တာသမားက လယ်သမားတွေကို ကူညီပေးချင်တဲ့ စိတ်နဲ့ သီချင်းတီးမယ်ဆိုရင် အာနိသင်တွေကလည်း သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း ဖြစ်လာမှာပါ။

ဒါတင်မကဘဲ ဂီတကို နားထောင်သူ အနည်းငယ်အတွက်ပဲ ရည်ရွယ်ပြီး တီးမယ်ဆိုရင် အခြေအနေ မြင့်တက်မှုက လူတိုင်းအတွက် တီးတာထက် အများကြီး ပိုပြီး များပြားတယ်ဆိုတာကိုလည်း မိုက်ကယ် တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကျန်းမာရေး မြင့်တက်မှုက ၁၀ ရာခိုင်နှုန်းပဲ ရှိပြီး တခြားအရာတွေက အများကြီး ပိုများနေတာပေါ့။

"ဒါက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ" လို့ မိုက်ကယ်က ဂစ်တာသမားကို ပြောလိုက်တယ်။

"ပြီးတော့ မင်းက မင်းရဲ့ စွမ်းရည်တွေကိုတောင် မသုံးရသေးဘူး မဟုတ်လား"

လူသား ဂစ်တာသမားက ခေါင်းခါပြပြီး "မဟုတ်ဘူး သခင်လေး။ ကျွန်တော်က မှော်ဝင်ဂစ်တာနဲ့ ပုံမှန်အတိုင်းပဲ တီးနေတာပါ" လို့ ပြန်ဖြေတယ်။

မှော်ဝင်ပစ္စည်းတစ်ခုရဲ့ အာနိသင်က ဒီလောက်အထိ သိသာလိမ့်မယ်လို့ သူ တစ်ခါမှ မထင်ထားခဲ့မိပါဘူး။ ဒါက တူရိယာတီးတဲ့သူ တစ်ယောက်တည်းပဲ ရှိသေးတာလေ။ အကယ်၍ ကြီးမားတဲ့ အားကစားကွင်းကြီးထဲမှာ ဂီတအဖွဲ့တစ်ခုလုံးသာ ဖျော်ဖြေမယ်ဆိုရင် ဘယ်လို အာနိသင်မျိုးတွေ ဖြစ်လာနိုင်မလဲဆိုတာ မိုက်ကယ် စိတ်ကူးကြည့်နေမိပါတယ်။

ဒါက ဂီတပါရမီရှင်တွေရဲ့ ဖြစ်နိုင်ခြေတွေနဲ့ အလားအလာတွေကို သူ ပိုပြီး ယုံကြည်သွားစေတာပေါ့။ တူရိယာအစွမ်းထက်ကိရိယာကို အသုံးပြုခြင်းအားဖြင့် သူတို့တွေဟာ ကမ္ဘာကြီးအပေါ် သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို အလွယ်တကူ ပျံ့နှံ့သွားစေနိုင်မှာ အသေအချာပါပဲ။

* * * * * * * * *

All Chapters