← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 12 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 12 Ch. 137-138

အခန်း(၁၃၇)

ဒရာဂွန်ဘွန်းညီအစ်ကို မောင်နှမတွေဟာ သူတို့ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုနဲ့ စိတ်သက်သာရာရမှုတွေ အထိုင်းသား ပေါ်လွင်နေရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ အခုအချိန်ကစပြီး သူတို့ရဲ့ ဘဝတွေက လုံးဝကို ပြောင်းလဲသွားခဲ့ပြီပေါ့။

တကယ်တော့ သူတို့ရဲ့ ခရီးစဉ်အတွင်းမှာ ကွင်းစ်နယ်မြေ ဆီကို ပြန်လှည့်သွားဖို့ တွေးခဲ့မိတဲ့ အကြိမ်အနည်းငယ် ရှိခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ခြောက်သွေ့လွင်ပြင် ရဲ့ သဲကန္တာရထဲမှာ ဘာမှမရှိတဲ့ လူသူကင်းမဲ့တဲ့ အခြေအနေမျိုးကိုပဲ သူတို့ မျှော်လင့်ထားခဲ့တာကိုး။

သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေကလည်း ဒါဟာ သူတို့ဘဝရဲ့ အကြီးမားဆုံး အမှားဖြစ်သွားလိမ့်မယ်လို့ ပြောပြီး မသွားဖို့ တားဆီးခဲ့ကြတာပါ။

ဒါပေမဲ့ အခုတော့ သူတို့ရဲ့ လောင်းကြေးက အောင်မြင်မှု ရရှိသွားခဲ့ပါပြီ။ သူတို့ဟာ ဖွတ်နဂါးလူသား မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ထူထောင်နိုင်ခဲ့ရုံတင်မကဘဲ ဒီသုခဘုံမှာ အမြဲတမ်း နေထိုင်ခွင့်ရမယ့် အိမ်တစ်လုံးကိုပါ ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြတာပေါ့။

"သခင်" လို့ ဂျာကူ က မိုက်ကယ်ကို မျက်နှာချင်းဆိုင်ရင်း ဒူးထောက်လိုက်ပါတယ်။

"ကျွန်တော်တို့ရဲ့ ဘဝတစ်ခုလုံးကို သခင့်အတွက် ပုံအပ်ပါတယ်ဗျာ။ သခင့်ကို အလုပ်အကျွေးပြုဖို့နဲ့ အမြဲတမ်း ကာကွယ်ပေးဖို့ကိုပဲ ကျွန်တော်တို့ ဘဝရဲ့ ရည်မှန်းချက်အဖြစ် သတ်မှတ်သွားပါ့မယ်"

မိုက်ကယ်က လက်ခါပြလိုက်ပြီး "အားလုံးပဲ အဲဒီလောက်အထိ လုပ်စရာ မလိုပါဘူး။ ငါတို့ နိုင်ငံထဲမှာပဲ သက်သောင့်သက်သာ နေထိုင်သွားလို့ ရပါတယ်။ ငါ့ကိုယ်ငါလည်း ဂရုစိုက်နိုင်ပါတယ်" လို့ ပြောလိုက်တယ်။

ရှီနာ က မိုက်ကယ်ကို ဦးညွှတ်ပြီး အရိုအသေ ပေးလိုက်ပါတယ်။

"ကျွန်မအစ်ကို ပြောတာ မှန်ပါတယ် သခင်။ သခင်က ကျွန်မတို့ကို ဒီဆုလာဘ်တွေပေးခဲ့တာ အကြောင်းရှိလို့ပါ၊ ဒါကြောင့် သခင်ရဲ့ အတွေးအခေါ်တွေနဲ့ မျှော်မှန်းချက်တွေကို တစ်ကမ္ဘာလုံးဆီ ပျံ့နှံ့သွားစေဖို့အတွက် ကျွန်မတို့က သခင်ရဲ့ လက်နက်တွေအဖြစ် အသုံးတော်ခံသွားပါ့မယ်"

"သခင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ဒါပေမဲ့ သခင်ရဲ့ လက်တွေကို အညစ်အကြေး မပေစေချင်ပါဘူး။ အဲဒါက ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ပဲလေ။ သခင်က လက်မခံဘူးဆိုရင်တောင် ကျွန်မတို့ကတော့ အတင်းအကျပ် ကာကွယ်ပေးနေရမှာပဲလို့ ထင်မိပါတယ်"

မိုက်ကယ်က သူ့ခေါင်းသူ ကုတ်လိုက်မိတယ်။

ရှီနာရဲ့ နဂါးခန္ဓာကိုယ်ပေါ်က ဖြူစင်တဲ့ အကြေးခွံတွေက သူမရဲ့ ပွင့်လင်းရိုးသားတဲ့ စရိုက်ကို ဖော်ပြနေသလိုပါပဲ။ သူက ဒီလိုလူမျိုးတွေနဲ့ အရင်ကလည်း ဆက်ဆံဖူးတာကြောင့် တစ်ခုကို ဆုံးဖြတ်ပြီးသွားရင် ငြင်းလို့ရမှာ မဟုတ်ဘူးဆိုတာ သိနေတာပေါ့။

"ကျွန်တော်... ကျွန်တော်တို့ကို ယုံကြည်လိုက်ပါ... သခင်..." လို့ ယူမီစု က မိုက်ကယ် အနားကို တိုးကပ်လာရင်း ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်ပါတယ်။

"တကယ်လို့ သခင် တစ်ခုခု ဖြစ်သွားမယ်ဆိုရင်... တစ်စုံတစ်ယောက်က သခင့်ကို တစ်ခုခုလုပ်ဖို့ ကြိုးစားလာရင်... ကျွန်မတို့... ကျွန်မတို့.... သူတို့ရဲ့ ဝိညာဉ်ကိုပါ အစပျောက်အောင် ဖျက်ဆီးပစ်မယ်"

မိုက်ကယ် မျက်တောင်တောင် ခတ်မိသွားတယ်။

အေးအေးဆေးဆေးနေတတ်တဲ့ အစိမ်းရောင်အကြေးခွံနဲ့ ယူမီစု ဆီကနေ ဒီလောက်အထိ ပြင်းထန်ပြီး ကြောက်စရာကောင်းတဲ့ စကားလုံးတွေ ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့်ပါ။

"ဟဲဟဲ။ ကျွန်တော်ပဲ သူတို့ကို လက်သီးနဲ့ ထိုးပစ်မှာပေါ့၊ ဟုတ်တယ်မလား မမ" လို့ မီးနီရောင် အကြေးခွံတွေနဲ့ အငယ်ဆုံးလေး ဇိုင်ယွန် က ပြောရင်း၊ မိုက်ကယ် ရဲ့ အရင်ဘဝက နာမည်ကြီး လက်ဝှေ့သမားတွေလိုမျိုး လေထဲမှာ လက်ဝှေ့လိုက်ထိုးနေပါတယ်။

ဒါပေမဲ့ အငယ်ဆုံး ဒရာဂွန်ဘွန်းလေးက စိတ်လှုပ်ရှားလွန်းသွားပုံရပြီး လေထဲကို ထိုးလိုက်တဲ့အချိန်မှာ သူ့ရဲ့ စွမ်းရည် ဖြစ်တဲ့ ဟင်းလင်းပြင်ဖျက် လက်သီးချက် က အလိုအလျောက် ပွင့်ထွက်သွားပါတော့တယ်။

ဇိုင်ယွန် ရဲ့ လက်သီးချက်ကြောင့် လက်တွေ့ကမ္ဘာကြီးဟာ အက်ကွဲသွားပြီး ဟင်းလင်းပြင်ရဲ့ အလွှာတွေကြားထဲမှာ ငလျင်တစ်ခု ဖြစ်ပေါ်သွားသလိုမျိုး မိုက်ကယ် ရဲ့ အိမ်အတွင်းပိုင်းကိုပါ ပျက်စီးသွားစေခဲ့တယ်။

မိုက်ကယ် နဲ့ သူထိုင်နေတဲ့ ကုလားထိုင်ရဲ့ ဘေးပတ်လည်မှာတော့ မမြင်နိုင်တဲ့ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ် တစ်ခု ပေါ်လာတာကြောင့် သူကတော့ ဘေးကင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ပရိဘောဂတွေ၊ မီးသီးတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကတော့ ဘီလူးလက်သီးကြီးနဲ့ အထိုးခံလိုက်ရသလိုမျိုး မျက်နှာပြင်ပေါ်မှာ အက်ကြောင်းတွေ ထင်ကျန်ရစ်ခဲ့တာပေါ့။

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပါတော့တယ်။

ရှီနာ က သူမရဲ့ ဘယ်ဘက်ဖိနပ်ကို ချွတ်လိုက်ပြီး သူမရဲ့ ဦးနှောက်မပြည့်တဲ့ မောင်လေးဆီကို တိတိကျကျ ပစ်ပေါက်လိုက်တာကြောင့် သူ့ရဲ့ ဦးခေါင်းနောက်ဘက်ကို တည့်တည့်မှန်သွားပြီး နာကျင်လွန်းလို့ တဒိတ်ဒိတ် မြည်နေတဲ့ ဗူးသီးလောက်ရှိတဲ့ အဖုကြီးတစ်ခု ထွက်လာခဲ့တယ်။

သူ့ညီလေး လုပ်ထားတဲ့ အရှုပ်အထုပ်တွေကို မြင်လိုက်ရတဲ့အခါ ဂျာကူ က နှုတ်ခမ်းကိုက်လိုက်မိပါတယ်။

"တောက်…. မင်းကတော့ ထိန်းချုပ်နိုင်စွမ်း လုံးဝမရှိတာပဲ ညီလေးရာ။ ဒါပေမဲ့ ခွန်အားကတော့ တကယ် မိုက်တယ်ဟ"

လေထဲမှာ နောက်ထပ် ဖိနပ်တစ်ဖက် ပျံသန်းလာပြန်တယ်၊ ဒီတစ်ခါတော့ ညီအစ်ကို မောင်နှမတွေထဲမှာ အကြီးဆုံးနဲ့ 'အရင့်ကျက်ဆုံး ဒရာဂွန်ဘွန်းဆီကို ဦးတည်ထားတာပေါ့။ ဒါပေမဲ့ သူ့လက်က ဖိနပ်ကို အမြန်ပဲ ပုတ်ထုတ်လိုက်နိုင်တာကြောင့် ခေါင်းပေါ်မှာ ရုပ်ဆိုးတဲ့ အဖုကြီး ထွက်မလာအောင် ကာကွယ်နိုင်ခဲ့တယ်။

"ကျွန်မရဲ့ မောင်နှမတွေအတွက် တကယ်ပဲ တောင်းပန်ပါတယ် သခင်" လို့ ရှီနာ က သူမရဲ့ မောင်နှမတွေ ဖြစ်ပျက်ခဲ့သမျှအတွက် တတ်နိုင်သမျှ စိတ်ကို ထိန်းထားရင်း ပြောလိုက်ပါတယ်။

"ဇိုင်ယွန်၊ အခုချက်ချင်း တောင်းပန်စမ်း"

ဇိုင်ယွန် က လက်အုပ်ချီပြီး မိုက်ကယ်ဆီကို လှည့်လာကာ အားနာတဲ့ ပုံစံနဲ့ ဦးညွှတ်လိုက်တယ်။

"တောင်းပန်ပါတယ် အစ်ကိုကြီး မိုက်"

"အစ်ကိုကြီးလို့ မခေါ်နဲ့လေ"

ရှီနာ ကတော့ သူမရဲ့ မရိုမသေနိုင်တဲ့ မောင်လေးကို ပစ်ပေါက်စရာ တစ်ခုခု ရနိုင်ဖို့အတွက် သူမရဲ့ ဦးချိုတွေကိုတောင် ဆွဲနုတ်ပစ်ချင်နေတဲ့ ပုံစံပါပဲ။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ အခန်းထဲမှာ ကျယ်လောင်တဲ့ ရယ်သံတစ်ခု ပဲ့တင်ထပ်သွားခဲ့ပါတယ်။

မိုက်ကယ် က ဒီညီအစ်ကို မောင်နှမတွေရဲ့ ထူးခြားတဲ့ ဆက်ဆံရေးကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့တာပါ။ သူတို့ရဲ့ စရိုက်တွေက တော်တော်လေး ဆူညံပွက်လောရိုက်နေပေမဲ့ သူကတော့ ဒါကို တစ်စက်ကလေးတောင် စိတ်မရှိပါဘူး။

သူ့ရဲ့ အရင်ဘဝတုန်းကလည်း သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုတွေနဲ့ အချိန်အများကြီး မကုန်ဆုံးခဲ့ရဘဲ တိတ်ဆိတ်တဲ့ ဘဝမျိုးမှာပဲ ရှင်သန်ခဲ့ရတာလေ။ သူ့အခန်းထဲမှာ သူကြားရသမျှ အသံဆိုလို့ ၂၄ နာရီပတ်လုံး လည်ပတ်နေတဲ့ ကွန်ပျူတာသံနဲ့ အဲကွန်းသံတွေပဲ ရှိခဲ့တာ။

ဒီညီအစ်ကို မောင်နှမတွေဆီက သက်ဝင်လှုပ်ရှားနေတဲ့ အပြန်အလှန် ဆက်ဆံမှုတွေကို ကြားလိုက်ရတာက သူ့အတွက်တော့ လတ်ဆတ်တဲ့ လေညင်းတစ်ခုလိုပါပဲ၊ ဒါက အခန်းကို ပိုပြီး သက်ဝင်သွားစေသလို အိမ်ကြီးတစ်လုံးထက်စာရင် မိသားစု နွေးထွေးမှုရှိတဲ့ အိမ်ကလေးတစ်လုံးလို ခံစားသွားစေခဲ့တယ်။

"ဟားဟား၊ ရပါတယ်" လို့ သူက ညီအစ်ကို မောင်နှမတွေကို ပြောလိုက်ပါတယ်။

"မင်းတို့ ငါ့ကို ဘယ်လိုပဲ ခေါ်ခေါ် ငါ အဆင်ပြေပါတယ်"

ဇိုင်ယွန် က သူ့အစ်မကို မြောက်ကြွကြွ မျက်နှာပေးနဲ့ ကြည့်လိုက်တဲ့အခါ ရှီနာ ကတော့ ခေါင်းကိုပဲ ခါယမ်းနေမိတော့တယ်။

"သခင်က သူ့အပေါ် အရမ်းကို ကြင်နာလွန်းနေတာပဲ။ စိတ်မပူပါနဲ့၊ ကျွန်မ သူ့ကို သေချာအောင် ဆုံးမလိုက်ပါ့မယ်။ သူ့ရဲ့ ခေါင်းမာတဲ့ စရိုက်တွေ ပျောက်သွားအောင် အမြန်ဆုံး လေ့ကျင့်ပေးမယ်။ သူ့ရဲ့ စွမ်းရည်က ဘယ်အချိန်မှာ အလိုအလျောက် ပွင့်ထွက်လာမှန်း မသိတော့ အန္တရာယ်များလွန်းလို့ပါ"

ရှီနာ က ဇိုင်ယွန် ကို လည်ဂုတ်ကနေ ဆွဲမလိုက်ပြီး သူ ထွက်မပြေးနိုင်အောင် လေထဲမှာ ချီထားလိုက်ပါတော့တယ်။

‘ဒါနဲ့နေပါဦး နိုဗာ၊ ငါ သူတို့ကို နောက်ထပ် စွမ်းရည်တွေ ထပ်ပေးလို့ ရဦးမလား။ တစ်ခုတည်း ရှိတာကလည်း အဆင်ပြေပါတယ်၊ ဒါပေမဲ့ သူတို့အားလုံးက ပါရမီပါကြတော့ နောက်ထပ် စွမ်းရည်တွေ အများကြီး ရှိနေရင် ပိုကောင်းမှာပေါ့’

[စိတ်မကောင်းပါဘူး၊ လောလောဆယ်မှာတော့ အဲဒါက မဖြစ်နိုင်သေးပါဘူး။]

‘ဘာလို့လဲ။ ငါ ဆင့်ကဲပြောင်းလဲပေးခဲ့တဲ့ တခြားသော မျိုးနွယ်ခြားတွေကိုကျတော့ ငါ စဉ်းစားမိသမျှ စွမ်းရည်တွေကို ပေးလို့ရခဲ့တာ မဟုတ်ဘူးလား’

မိုက်ကယ် က သူတို့ ဘာစွမ်းရည်တွေ သင်ယူချင်လဲဆိုတာကို တစ်ယောက်ချင်းစီတောင် မေးမြန်းခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက နိုဗာ က သူတို့ တောင်းဆိုတဲ့အတိုင်း အတိအကျ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်တစ်ခုကို ဖော်စပ်ပေးနိုင်ခဲ့တာပဲလေ။

[သူတို့တွေက နက်နဲတဲ့ပညာရပ်တွေကို မသုံးနိုင်ဘဲ ကိုယ်ခံပညာရပ်တွေကိုပဲ သင်ယူနိုင်လို့ ဖြစ်ပါတယ်။]

သူက နိုဗာကို အဲဒီနှစ်ခုရဲ့ ကွာခြားချက်ကို ရှင်းပြခိုင်းလိုက်တဲ့အခါ အဲဒါကို အသုံးချပုံချင်းပဲ ကွာခြားတာလို့ သိလိုက်ရပါတယ်။

နက်နဲတဲ့ပညာရပ်တွေက ကျောက်တုံးကြီးတစ်လုံးကို ဖျက်ဆီးပစ်နိုင်တဲ့ အပြင်ဘက် ပေါက်ကွဲမှုတွေ ဖန်တီးသလိုမျိုး ပြင်ပလောကကို စွမ်းအားပေးဖို့အတွက် မှော်စွမ်းအင်ကို အသုံးပြုတာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ကိုယ်ခံပညာရပ်တွေက လူတစ်ယောက်ရဲ့ အတွင်းပိုင်းကို စွမ်းအားပေးဖို့အတွက် မှော်စွမ်းအင် ကို အသုံးပြုတာ ဖြစ်ပြီး လျှပ်စီးလို မြန်ဆန်တဲ့ အရှိန်အဟုန်တွေ ဒါမှမဟုတ် တောင်တစ်လုံးလို ခိုင်ခံ့တဲ့ အကာအကွယ်တွေကို ရရှိစေတာ ဖြစ်ပါတယ်။

* * * * * * * * *

စာစဉ်(၁၂)

အခန်း(၁၃၈)

ကြယ်နှစ်ပွင့်မန္တန် နက်နဲတဲ့ပညာရပ်ဖြစ်တဲ့ လျင်မြန်သောခြေလှမ်းလို့ ခေါ်တဲ့ ရိုးရှင်းတဲ့ မှော်မန္တန်ကတော့ လူတစ်ယောက်ကို ပိုပြီးမြန်ဆန်တဲ့အရှိန်နဲ့ တွန်းပို့ပေးနိုင်မယ့် လေပြင်းတစ်ချက်ကို ဖန်တီးပေးတာပါ။ တစ်ဖက်မှာလည်း လျင်မြန်သောခြေလှမ်း လို့ပဲ ခေါ်တဲ့ ဆင်တူယိုးမှား ကြယ်နှစ်ပွင့် ကိုယ်ခံပညာရပ်မန္တန်ကတော့ လူတစ်ယောက်ကို ပိုမိုမြန်ဆန်တဲ့အရှိန်အဟုန် ရရှိစေတယ်ဆိုပေမဲ့ ဒါက အဲဒီလူရဲ့ခန္ဓာကိုယ်ထဲကို လေဓာတ်မှော်စွမ်းအင်တွေ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီလိုနဲ့ သူတို့ရဲ့ မော်လီကျူးဖွဲ့စည်းပုံကို ပြောင်းလဲပေးပြီး လေလိုမြန်အောင် ပြေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကို ပေးစွမ်းတာပါ။ ဒီမှော်မန္တန်နဲ့ ကိုယ့်ခံပညာရပ်မန္တန်နှစ်ခုရဲ့ အကျိုးသက်ရောက်မှုက အတော်လေး ဆင်တူတယ်ဆိုပေမဲ့ အသုံးချပုံနဲ့ မှော်ကျင့်စဉ်တွေကတော့ တစ်ခုနဲ့တစ်ခု လုံးဝကို ကွဲပြားခြားနားလှပါတယ်။

'ဒါဆို မင်းအနေနဲ့ ကိုယ်ခံပညာရပ်မန္တန်တွေကို မဖန်တီးနိုင်ဘူးလို့ ဆိုလိုတာလား'

[ဒီဆော့ဖ်ဝဲမှာ ကိုယ်ခံပညာရပ်မန္တန်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ပြန်လည်ဖော်စပ်နိုင်ဖို့အတွက် လုံလောက်တဲ့ ဗဟုသုတ မရှိသေးပါဘူး]

ဒါကလည်း ဖြစ်နိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ မိုက်ကယ်ဟာ သူ့ရဲ့မှော်မန္တန်အများစုကို မှော်မျှော်စင်ထဲက မှော်စာကြည့်တိုက်မှာပဲ သင်ယူခဲ့တာကိုး။

ပြီးတော့ မှော်ဆရာတွေနဲ့ ကဝေတွေက နက်နဲတဲ့ပညာရပ်ဆိုင်ရာ မှော်မန္တန်တွေကိုပဲ သုံးစွဲကြတာကြောင့် သူတို့တွေက ကိုယ်ခံပညာရပ်မန္တန်တွေကို သင်ယူဖို့ စိတ်မဝင်စားကြပါဘူး။

[စနစ်အနေနဲ့ မှော်ကျင့်စဉ်တွေကို သင်ယူနိုင်ဖို့အတွက် ကိုယ်ခံပညာရပ်မန္တန်တွေကို ကိုယ်တိုင်ကိုယ်ကျ ပိုပြီး လေ့လာစောင့်ကြည့်တာက အကောင်းဆုံးပါပဲ]

မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ နိုဗာက သူ့ရဲ့ဆော့ဖ်ဝဲကို နောက်ထပ်တစ်ကြိမ် အဆင့်မြှင့်တင်နိုင်ဖို့အတွက် ဗဟုသုတတွေ ပိုပြီးရှာဖွေဖို့ သူ့ကို တိုက်တွန်းနေပြန်ပါပြီ။

တော်သေးတာက သူကိုယ်တိုင်လည်း ကွင်းစ်နယ်မြေကို သွားရောက်လေ့လာဖို့ စီစဉ်ထားပြီးသားမို့လို့ မှော်ကျင့်စဉ်တွေကို ခိုးယူသင်ယူဖို့ အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ။

ဒါ့အပြင် သူ အဲဒီကိုရောက်နေတုန်းမှာ တခြားသော မျိုးနွယ်ခြားတွေကိုလည်း စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားဦးမှာပေါ့။

ဒရာဂွန်ဘွန်းတွေ ပြောပြချက်အရဆိုရင် ကွင်းစ်နယ်မြေထဲက လူနေမှုအခြေအနေက မျိုးနွယ်ခြားအများစုအတွက် သိပ်ပြီး အဆင်မပြေလှပါဘူး။

တချို့ဆိုရင် လမ်းပေါ်မှာ တောင်းရမ်းစားသောက်နေရပြီး ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်နေကြရတာပါ။

"အဲဒီမှာ အခြေအနေက အဲဒီလောက်အထိ ဆိုးရွားတာလား" လို့ သူက သူတို့ကို မေးလိုက်ပါတယ်။

"ကျွန်တော်တို့လို အဆင့်နိမ့် မျိုးနွယ်ခြားတွေအတွက်တော့ ဟုတ်ပါတယ်။ ကျွန်တော်တို့နဲ့ အဆင့်တူ ဒါမှမဟုတ် ကျွန်တော်တို့ထက် ပိုတော်တဲ့ လူသားတွေ အများကြီးရှိနေတော့ အလုပ်အကိုင်ရှာဖို့ တကယ်ကို ခက်ခဲခဲ့တာပါ" လို့ ဂျာကူက သူတို့ရဲ့ လူနေမှုဘဝကို ပြန်တွေးမိရင်း မျက်မှောင်ကြုတ်ပြီး ရှင်းပြပါတယ်။

"ကျွန်မတို့ရဲ့ သူငယ်ချင်းတချို့ အဲဒီနေရာမှာ ပိတ်မိနေတုန်းပဲဆိုတာကို သိနေရတာ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်" လို့ ရှီနာက ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

"သူတို့ကတော့ ခြောက်သွေ့လွင်ပြင်ထဲမှာ ဘာမှရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေကြတာ။ ဒါကြောင့် အခြေအနေတွေ ဘယ်လောက်ပဲဆိုးဆိုး ကွင်းစ်နယ်မြေမှာပဲ ဆက်ပြီး ရှင်သန်နေထိုင်ဖို့ ဆုံးဖြတ်ထားကြတာပါ"

မိုက်ကယ်က ခေါင်းညိတ်လိုက်ပြီး သူတို့ရဲ့ အခက်အခဲကို နားလည်ပေးလိုက်ပါတယ်။ တခြားဒေသက မျိုးနွယ်ခြားတွေ ဒုက္ခရောက်နေချိန်မှာ သူတို့တွေကတော့ ရီနေးတားနိုင်ငံတော်ထဲမှာ ကောင်းမွန်တဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားရတဲ့အတွက် အပြစ်မကင်းသလို ခံစားနေရတာ ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

"စိတ်မပူကြပါနဲ့" လို့ သူက သူတို့ကို ပြောလိုက်ပါတယ်။

"မကြာခင်မှာ ငါ့ရဲ့ကုမ္ပဏီကို ပြန့်နှံ့သွားစေဖို့အတွက် အဲဒီနေရာကို သွားဖို့ ငါစီစဉ်ထားတယ်။ အဲဒီအခါကျရင် သူတို့တွေလည်း ငါတို့နိုင်ငံအကြောင်းကို သိလာကြမှာပါ။ အားလုံး ငါတို့လိုပဲ သက်သောင့်သက်သာ နေထိုင်နိုင်ဖို့က အချိန်တစ်ခုပဲ လိုတော့တာပါ။

ဒါပေမဲ့ အခုလောလောဆယ်တော့ မင်းတို့အားလုံး အပြင်ကိုထွက်ပြီး ငါတို့ရဲ့ ပွဲတော်ကို စိတ်ကြိုက်ပျော်ပါးလိုက်ကြပါဦး။ မင်းတို့ရဲ့ အသက်တွေနဲ့ရင်းပြီး ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အရာက ဘာလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါ"

နာရီအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ နေ့တစ်နေတာရဲ့ နောက်ဆုံးအချိန်ကို ရောက်ရှိလာခဲ့ပြီး မိုးကုပ်စက်ဝိုင်းမှာ နီကျင်ကျင်အရောင်လေးတွေ ချန်ထားခဲ့ပါပြီ။

အခုအချိန်မှာတော့ နိုင်ငံတော်ကို လာရောက်လည်ပတ်ကြတဲ့သူ အများစုဟာ သူတို့ရဲ့ အထုပ်အပိုးတွေကို သိမ်းဆည်းဖို့အတွက် တည်းခိုရာနေရာတွေမှာ အခြေချနေထိုင်ပြီးသား ဖြစ်နေကြပါပြီ။

သူ မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဆိတ်လူသားတွေ ပြင်ဆင်ပေးထားတဲ့ သစ်ပင်အိမ်တည်းခိုခန်းက လာရောက်လည်ပတ်သူတွေကြားမှာ တကယ့်ကို ရေပန်းစားတဲ့ တည်းခိုရာနေရာတစ်ခု ဖြစ်နေပါတယ်။

ကိုယ်ပိုင်အခန်းတစ်ခန်း ရရှိခဲ့တဲ့ ကံကောင်းသူတွေဟာ နိုင်ငံတော်ထဲကို မှောင်ရီပျိုးစပြုလာပြီး လမ်းမီးတိုင်တွေနဲ့ အဆောက်အဦးတိုင်းက ထွက်ပေါ်လာတဲ့ အလင်းရောင်တွေနဲ့ အစားထိုးလိုက်တဲ့အချိန်ကျမှ သူတို့ ဘယ်လောက်တောင် ကံကောင်းလဲဆိုတာကို သိရှိသွားကြတာပါ။

သစ်ပင်အိမ်တွေပေါ်ကနေ မြင့်မားတဲ့ အမြင်အာရုံနဲ့ ကြည့်ရှုရတာက သူတို့အတွက်တော့ တကယ့်ကို တခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ခံစားရစေပါတယ်။

"ဝါး... ကြယ်တွေ... ကြယ်တွေ မြေပြင်ပေါ်ကို ဆင်းသက်လာကြပြီ..."

"ဒါ တကယ်ပဲကိုး။ ဒါက မြေပြင်ပေါ်က တကယ့်သုခဘုံပဲ။ ငါ ဒီမှာ တစ်သက်လုံး နေသွားချင်တော့တာပဲ"

"ဘာလို့ ဒီလိုမြင်ကွင်းမျိုးက ဒီနိုင်ငံမှာပဲ ရှိနေရတာလဲ။ ငါ့အိမ်မှာ ဒီလိုမြင်ကွင်းမျိုး ရနိုင်ဖို့အတွက်ဆိုရင် ငါ့မှာရှိတဲ့ ရွှေဒင်္ဂါးတွေအကုန်လုံးကို ပေးဖို့ အဆင်သင့်ပဲ"

ဒီမြင်ကွင်းက မိုက်ကယ်အတွက်တော့ တော်တော်လေး ပုံမှန်ဖြစ်နေပေမဲ့ ဒီကမ္ဘာကလူတွေအတွက်၊ မှော်အတတ်တွေကို နေ့တိုင်းမြင်တွေ့နေရတဲ့သူတွေအတွက်တောင်မှ ဒါက တကယ့်ကို ရှားပါးလှတဲ့အရာတစ်ခုပါ။

ဥပမာအားဖြင့် ဆီဘက်စတီယန်နဲ့ မှော်မျှော်စင်က တခြားသော မှော်ဆရာတွေ၊ ကဝေတွေဟာ နာမည်ကျော် ရီနေးတားနိုင်ငံတော်ထဲကို ခြေချလိုက်မိတဲ့အချိန်မှာတော့ အံ့ဩမှင်သက်စွာနဲ့ပဲ ငြိမ်သက်ပြီး ကြည့်နေမိကြပါတယ်။

"ဒါက ကြယ်ခုနစ်ပွင့်မန္တန်ဖြစ်တဲ့ ကြယ်တာရာပုံဖော်ခြင်းလား" လို့ တောက်ပနေတဲ့ နိုင်ငံတော်ရဲ့အပေါ်ယံ လေထဲမှာ ပျံဝဲနေကြတဲ့ မှော်ဆရာတစ်ယောက်က မေးလိုက်ပါတယ်။

"မဟုတ်ဘူး၊ အဲဒီအလင်းရောင်တွေထဲမှာ မှော်ပညာ တစ်စက်မှ မပါဝင်နေဘူး" လို့ တခြားမှော်ဆရာတစ်ယောက်က ပြန်ဖြေပါတယ်။

"ဒါက... တကယ့်လက်တွေ့ဘဝပဲ"

"မျှော်စင်အရှင်၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ" လို့ သူတို့က ဆီဘက်စတီယန်ကို မေးလိုက်ကြပါတယ်။

ဒါပေမဲ့ မုတ်ဆိတ်ဖြူဖြူနဲ့ အဘိုးအို ပြန်ဖြေနိုင်တဲ့ တစ်ခုတည်းသောစကားကတော့ "မိုက်ကယ်" ဆိုတဲ့ စကားလုံးပါပဲ။

အဲဒီစကားလုံးကတင် လုံလောက်တဲ့ ရှင်းပြချက် ဖြစ်သွားခဲ့ပါတယ်။

မှော်ဆရာတွေနဲ့ ရီနေးတားနိုင်ငံတော်ကို လာရောက်လည်ပတ်သူတိုင်းကို အထင်ကြီးစေခဲ့တာက မှော်ပညာမပါတဲ့ ဒီတီထွင်မှုအသစ်တွေတင် မဟုတ်ပါဘူး။

ဒီနေရာမှာရှိတဲ့ အရာရာတိုင်းရဲ့ ခမ်းနားထည်ဝါမှုတွေကြောင့်လည်း ဖြစ်ပါတယ်။

မျက်စိလျင်တဲ့သူတိုင်း သတိထားမိလိုက်တာကတော့ ကမ္ဘာပေါ်မှာ အရှားပါးဆုံးနဲ့ လူအလိုချင်ဆုံး ပစ္စည်းတစ်ခုဖြစ်တဲ့ ဒမတ်စကပ်စတီးလ်ဟာ ဒီနေရာမှာတော့ အလွန်ကို ပေါများလှပြီး အဆောက်အဦးတိုင်းကို အဲဒါနဲ့ပဲ တည်ဆောက်ထားတာပါ။ လမ်းမပေါ်က အမှိုက်ပုံးတွေမှာတောင် ဒမတ်စကပ်စတီးလ်တွေနဲ့ ကာရံထားတာကို ကြည့်ရင် အမှိုက်ပစ်တဲ့ပြဿနာက တကယ့်ကို ကြီးမားတဲ့ကိစ္စတစ်ခုလို ဖြစ်နေပါတယ်။

လူပုနိုင်ငံတော်တောင်မှ ဒီလောက်အထိ ဖြုန်းတီးမှာ မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ ထုတ်လုပ်မှု စွမ်းဆောင်ရည်ကတော့ တကယ်ကို အံ့ဩစရာ ကောင်းလှပါတယ်။

မှော်ဆရာတွေက ရီနေးတားနိုင်ငံသားတွေကို မနာလိုမဖြစ်မိဘူးလို့ ပြောရင် ဒါက လိမ်ညာရာ ရောက်ပါလိမ့်မယ်။

သူတို့တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် မီသရယ် မှော်ဝင်ပစ္စည်းတွေ ရှိနေကြတာကို သိလိုက်ရတဲ့အချိန်မှာတော့ ပိုပြီးတော့တောင် မနာလိုဖြစ်သွားကြပါသေးတယ်။

"မီသရယ်က ရှားပါးရမယ့်အရာလို့ ငါထင်ထားတာ။ ဒါပေမဲ့ သူတို့က အဲဒါကို... ထွန်ခြစ်တွေအဖြစ် သုံးနေကြတာပဲ"

"မျှော်စင်အရှင်။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ လစာကို တိုးပေးပါဦး။ ကျွန်တော်လည်း ကိုယ်ပိုင် မီသရယ် မှော်နှင်တံလေး တစ်ခုလောက် လိုချင်လို့ပါ"

သူတို့တွေဟာ ရီနေးတားနိုင်ငံသားတွေဆီကနေ မှော်ဝင်ပစ္စည်း မှော်နှင်တံတစ်ခုကို မှာယူလို့ရနိုင်ပေမဲ့ တစ်ယောက်ချင်းစီအတွက် သီးသန့်ပြုလုပ်ပေးရတာကြောင့် ရွှေဒင်္ဂါးတွေ အမြောက်အမြား ပေးဆောင်ရမှာပါ။

"ဒီအချိန်မှာတော့ ငါ မှော်မျှော်စင်နဲ့ အဆက်အသွယ်ဖြတ်ပြီး ရီနေးတားနိုင်ငံသားပဲ ဖြစ်သွားချင်တော့တာပဲ" လို့ မှော်ဆရာတစ်ယောက်က တစ်ဝက်နောက် တစ်ဝက်အမှန်ပုံစံနဲ့ ပြောလိုက်ပါတယ်။

"ညည်းတွားနေတာကို ရပ်ကြစမ်း" လို့ ဆီဘက်စတီယန်က သူတို့ကို ဆုံးမလိုက်ပါတယ်။

"ငါတို့က လောကီအာရုံတွေကနေ ကင်းဝေးရမယ့်သူတွေလို့ ငါထင်ထားတာ…"

စင်မြင့်ပေါ်က စပီကာတွေဆီကနေ ရုတ်တရက် အသံတွေ တဖြဖြနဲ့ အသံတွေ ထွက်ပေါ်လာတာကြောင့် သူ့ရဲ့စကားလုံးတွေက ရုတ်တရက် ပြတ်တောက်သွားခဲ့ပါတယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဂစ်တာတီးခတ်သံတစ်ချက်ဟာ နိုင်ငံတော်တစ်ခုလုံးကို ပျံ့နှံ့သွားပါတော့တယ်။

* * * * * * * * *

All Chapters