← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 12 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 12 Ch. 139-140

အခန်း(၁၃၉)

မီသရယ်စပီကာ မှော်ဝင်ပစ္စည်းတွေဆီကနေ ပထမဆုံး ဂီတသံစဉ်တွေ ထွက်ပေါ်လာတာနဲ့ ရီနေးတားနိုင်ငံတော်ထဲမှာ ရှိနေတဲ့သူတိုင်းဟာ အေးချမ်းဆိတ်ငြိမ်တဲ့ ခံစားချက်ကို တပြိုင်နက်တည်း ခံစားလိုက်ရတယ်။

လူတိုင်းဟာ ဘယ်နေရာမှာပဲ ရှိနေရှိနေ လုပ်လက်စအလုပ်တွေကို ရပ်လိုက်ကြပြီး စင်မြင့်ပေါ်က ထူးဆန်းတဲ့ ဂီတသံစဉ်တွေဆီကို အံ့ဩမှင်သက်စွာနဲ့ လှည့်ကြည့်မိကြတာပေါ့။

အဲဒီသံစဉ်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို တီးလုံးစည်းချက်အတိုင်း လိုက်ပါလှုပ်ရှားလာစေသလိုပဲ။ အသံကျယ်လောင်လွန်းလို့တင် မဟုတ်ဘဲ အဲဒီဂီတသံစဉ်ကိုယ်နှိုက်မှာကိုက နားထောင်နေသူတိုင်းနဲ့ ဟန်ချက်ညီစေမယ့် ဒြပ်စင်မှော်စွမ်းအင်တွေ ပါဝင်နေလို့ ဖြစ်ပါတယ်။

ဒီထူးဆန်းတဲ့ ဖြစ်ရပ်က ဘယ်ကလာတာလဲဆိုတာကို သိချင်နေကြတဲ့သူတိုင်းဟာ မီးရောင်တွေနဲ့ ဂီတသံစဉ်တွေ စုပြုံကျရောက်နေတဲ့ စင်မြင့်အလယ်ဆီကို ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားကြတယ်။

အဲဒီမှာတော့ လူတစ်ယောက်က ထိုင်ခုံပုလေးပေါ်မှာ ထိုင်ရင်း ဂစ်တာတီးခတ်နေတာပေါ့။ ဂစ်တာကြိုးကို တစ်ချက်ချင်း တီးခတ်လိုက်တိုင်းမှာ လူတွေဟာ သူတို့ရဲ့ ဝိညာဉ်ကို ကုသပေးနေသလိုမျိုး ပိုပြီးတော့ စိတ်လက်ပေါ့ပါး လန်းဆန်းလာကြတယ်။

[သင့်ရဲ့ မှော်စွမ်းအင် လည်ပတ်မှု ၁၀ ရာခိုင်နှုန်း တိုးတက်လာပါပြီ]

တကယ်တော့ လူတိုင်း ခံစားနေရတာက ဂစ်တာသမားရဲ့ အစွမ်းမြှင့်တင်ပေးတဲ့ အကျိုးသက်ရောက်မှုကြောင့် သူတို့ရဲ့ မှော်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာတာပဲ ဖြစ်ပါတယ်။

သက်ရှိသတ္တဝါတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဒြပ်စင်မှော်စွမ်းအင်တွေ ရှိကြတာပါ။ ပုံမှန်အားဖြင့်တော့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအင် လည်ပတ်မှုဟာ မှော်ပညာ အသုံးပြုနိုင်စွမ်းနဲ့ တိုက်ရိုက် ဆက်စပ်နေတတ်တာပေါ့။

အဲဒါက မှော်စွမ်းအင် သန့်စင်မှုရဲ့ အခြေခံ သဘောတရားပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအင်တွေ ပိုပြီး သန့်စင်စွာ လည်ပတ်နိုင်လေလေ၊ အဲဒီလူဟာ မှော်ပညာမှာ ပိုပြီး ကျွမ်းကျင်လေလေပါပဲ။

ဒါပေမဲ့လည်း မှားယွင်းတဲ့ ကျင့်စဉ်တွေ၊ ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေနဲ့ တခြားသော အကြောင်းအမျိုးမျိုးကြောင့် လူအများစုဟာ မှော်စွမ်းအင် သန့်စင်မှု ၈၀ ရာခိုင်နှုန်းကိုတောင် မရောက်နိုင်ကြပါဘူး။

ဘယ်သူမှလည်း မပြည့်စုံနိုင်တာကြောင့် မှော်စွမ်းအင် သန့်စင်မှု ၁၀၀ ရာခိုင်နှုန်းကို ဘယ်သူမှ ရောက်ရှိမှာ မဟုတ်ပါဘူး။ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့တဲ့ မိုက်ကယ် တစ်ယောက်သာလျှင် အနီးစပ်ဆုံး ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ အခုတော့ စင်မြင့်ပေါ်က အသံတွေကို နားထောင်နေရင်းနဲ့ လူတွေရဲ့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေဟာ ဂီတစည်းချက်အတိုင်း လိုက်ပါလှုပ်ရှားလာကြပြီး မှော်စွမ်းအင် သန့်စင်မှု အဆင့်ကို ပိုမို မြင့်တက်လာစေခဲ့တယ်။

တချို့ဆိုရင် ၁၀ ရာခိုင်နှုန်းအထိတောင် တိုးတက်လာတာပေါ့။ သူတို့ရဲ့ မှော်စွမ်းအင် လည်ပတ်မှုတွေ အဆမတန် ကောင်းမွန်လာတာကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ ကျန်းမာရေးတွေပါ ကောင်းမွန်လာပြီး ခန္ဓာကိုယ်က ပြန်လည် နုပျိုလာသလိုမျိုး သူတို့ မသိစိတ်ထဲကနေ ခံစားလာကြရတယ်။

သာမန်လူတွေကတော့ သူတို့ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေမှန်း မသိတာကြောင့် ဂီတကို ခံစားနေရလို့ စိတ်ချမ်းသာနေတာလို့ပဲ ရိုးရိုးရှင်းရှင်း မှတ်ယူထားကြတာပေါ့။

ဒါပေမဲ့ မှော်မျှော်စင်က မှော်ဆရာတွေလို မှော်ပညာ ကျွမ်းကျင်သူတွေကတော့ သူတို့ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို အတိအကျ သိနေကြပါတယ်။

"ငါ့ရဲ့ မှော်စွမ်းအင်တွေ... အလိုအလျောက် လှုပ်ရှားနေပါလား"

"ကိုယ်တွေ ပူလာသလိုပဲ၊ မှော်စွမ်းအင်တွေက ငါ့ရဲ့ မန္တန်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနေတာပဲ"

"မျှော်စင်အရှင်၊ ဒါက ကျွန်တော် ထင်နေတဲ့အတိုင်းပဲလား"

သူတို့အားလုံးဟာ ခန္ဓာကိုယ်ထဲကို အာရုံစိုက်ရင်း မျက်လုံးမှိတ်နေတဲ့ မုတ်ဆိတ်ဖြူဖြူနဲ့ အဘိုးအိုကို လှည့်ကြည့်လိုက်ကြတယ်။ ဆီဘက်စတီယန်ဟာ ပါရမီ ဘယ်လောက်ပဲ ကောင်းပါစေ၊ သူတောင်မှ မှော်စွမ်းအင် သန့်စင်မှု ၈၉ ရာခိုင်နှုန်းပဲ ရှိတာပါ။

ဟုတ်ပါတယ်၊ သူ့မှာ ဒီအားနည်းချက်ကို ဖုံးကွယ်ပေးနိုင်တဲ့ တခြားသော ပါရမီတွေ ရှိနေတာပေါ့။ ဒါပေမဲ့ သူဟာ တစ်ရာခိုင်နှုန်းလောက် တိုးလာဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ အမြဲ ကြိုးစားခဲ့ရတာပါ။ ဒါကတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ပဲ ဖြစ်နေခဲ့တယ်။

ဒါပေမဲ့ အခုတော့ ဂီတသံစဉ်တွေ သူ့နားထဲကို ရောက်ရှိလာတဲ့အခါမှာ သူ့ရဲ့ မှော်စွမ်းအင်တွေက ပိုပြီးတော့ ထိရောက်တဲ့ ပုံစံမျိုးနဲ့ အလိုအလျောက် ပြန်လည် စုဖွဲ့ လည်ပတ်လာကြပါတယ်။ သူ့ရဲ့ မှော်စွမ်းအင် သန့်စင်မှုဟာ နှစ်ရာခိုင်နှုန်းတောင် တိုးတက်သွားခဲ့ပြီပေါ့။

သူ ပျော်ရမလား၊ ဝမ်းနည်းရမလားတောင် မသိတော့ပါဘူး။ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှ ဘာမှ ထူးမလာခဲ့ပေမဲ့ အခုတော့ ရီနေးတားနိုင်ငံသား ဂီတပညာရှင် တစ်ယောက်ရဲ့ သီချင်းတစ်ပုဒ်တည်းနဲ့တင် သူ့ရဲ့ မှော်ပညာတောင် မလုပ်နိုင်ခဲ့တာကို နှစ်ရာခိုင်နှုန်းအထိ တိုးသွားအောင် လုပ်ပေးနိုင်ခဲ့တာကိုး။

"ဪ... မိုက်ကယ်ရယ်..." လို့ ဆီဘက်စတီယန်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။

မိုက်ကယ်က မှော်ပညာရှင်အစည်းအရုံးထဲကို ဝင်ဖို့ ငြင်းဆန်ခဲ့တာဟာ တကယ်ကို နှမြောဖို့ကောင်းလှပါတယ်။ အကယ်၍သာ သူ ဝင်ခဲ့မယ်ဆိုရင် အခုလောက်ဆိုရင်တော့ သူဟာ ဂုဏ်ထူးဆောင် နက်နဲတဲ့ပညာရပ်ဆိုင်ရာ အရှင်သခင် တစ်ယောက် ဖြစ်နေလောက်ပြီပေါ့။

နက်နဲတဲ့ပညာရပ်ဆိုင်ရာ အရှင်သခင် တစ်ယောက် ဖြစ်လာဖို့အတွက် မိုက်ကယ်မှာ လုံလောက်တဲ့ တန်ခိုးနဲ့ မှော်ပညာမရှိတာ ဖြစ်နိုင်ပေမဲ့ သူ့ရဲ့ တီထွင်မှုတွေနဲ့တင် မှော်ပညာနယ်ပယ်ကို အဆမတန် တိုးတက်အောင် သူ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

မီသရယ်က အဲဒါရဲ့ အစိတ်အပိုင်းတစ်ခုပေါ့။ ဒီပစ္စည်းကို အတိတ်က ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုလို့ပဲ အားလုံးက ထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ လူသူကင်းမဲ့တဲ့ သဲကန္တာရထဲက တစ်စုံတစ်ယောက်က ဒါကို ပြန်လည် ရှာဖွေတွေ့ရှိပြီး ဘယ်သူမှ မစဉ်းစားဖူးတဲ့ နည်းလမ်းတွေနဲ့ အသုံးချလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။

ရီနေးတား ဂီတသမားတွေရဲ့ အကျိုးသက်ရောက်မှုအပေါ် ဆီဘက်စတီယန်နဲ့ မှော်ဆရာတွေတင် အံ့ဩနေကြတာ မဟုတ်ပါဘူး။

လူအုပ်ကြီးထဲမှာ မျက်မှောင်ကြုတ်ပြီး နဖူးပေါ်မှာ ဦးချို တစ်ချောင်းပါတဲ့ အော့ခ်အမျိုးသမီး တစ်ယောက်လည်း ရှိနေပါတယ်။ သူမကတော့ ဒီက လူထောင်ပေါင်းများစွာလိုပဲ စင်ပေါ်က ဖျော်ဖြေမှုကို ကြည့်နေတာပေါ့။

သူမကတော့ မောင့်ဂိုမာရီ မိသားစုရဲ့ နာမည်ကျော် တိုက်ပွဲဝင် အော့ခ်အမျိုးသမီး အစေခံ အက်ဂ်နက်စ် ပဲ ဖြစ်ပါတယ်။

တခြားလူတွေနဲ့ မတူဘဲ သူမဟာ ဂီတက သူမရဲ့ ခန္ဓာကိုယ်အပေါ် ဘယ်လိုမျိုး တကယ့် အကျိုးသက်ရောက်မှုတွေ ပေးနေလဲဆိုတာကို အတိအကျ သိမြင်နိုင်စွမ်း ရှိပါတယ်။

ကိုယ်ခံပညာရပ်မှာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တာကြောင့် သူမရဲ့ တစ်ကိုယ်လုံးကို မှော်စွမ်းအင်တွေနဲ့ အမြဲ လွှမ်းခြုံထားပြီး သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို အကန့်အသတ်မရှိ မြှင့်တင်ထားနိုင်တာပေါ့။ ဒါက ကိုယ်ခံပညာရပ် အသုံးပြုသူတစ်ယောက်ရဲ့ အခြေခံ အတတ်ပညာတွေထဲက တစ်ခုပါပဲ။

ဒါပေမဲ့ သူမ ဂီတကို နားထောင်နေရင်းနဲ့ သူမရဲ့ ကြွက်သားတွေ တင်းကျပ်လာပြီး၊ အရေပြားတွေ စုစည်းလာကာ အရိုးတွေကလည်း သူမ ရည်ရွယ်ထားတာထက်တောင် ပိုပြီး မာကျောလာတာကို ရုတ်တရက် ခံစားလိုက်ရတယ်။

သူမ ကိုယ်တိုင် မလုပ်ဆောင်ဘဲနဲ့တင် သူမရဲ့ ကြယ်တစ်ပွင့်ကိုယ်ခံပညာမန္တန် မြေဒြပ်စင်ကိုယ်ကြပ်ဟာ ဘယ်လိုကြောင့်မှန်းမသိဘဲ ကြယ်နှစ်ပွင့်ကိုယ်ခံပညာမန္တန်အဖြစ် ပြောင်းလဲသွားခဲ့ပြီပေါ့။

သူမ တကယ်ကို မယုံနိုင်အောင် ဖြစ်နေမိတယ်။ အခုထိတောင်မှ သူမဟာ ဒီရီနေးတားနိုင်ငံတော်ကို လျှော့တွက်နေမိတုန်းပဲလို့ ထင်ရပါတယ်။ အဲဒါကို သက်သေပြဖို့အတွက် ဂစ်တာသမားရဲ့ ဖျော်ဖြေမှုအပြီးမှာ နောက်ထပ် ဂီတသမား တစ်ယောက် စင်ပေါ်ကို တက်လာပြန်တယ်။

ဒီတစ်ခါတော့ ဒရမ်တီးခတ်သူ တစ်ယောက် ဖြစ်ပြီး လူတိုင်းကို မသိစိတ်ထဲကနေ မြေပြင်ပေါ် ခြေသံတူတူ နင်းမိလာစေမယ့် မြန်ဆန်တဲ့ စည်းချက်တွေကို စတင် တီးခတ်ပါတော့တယ်။ သူတီးခတ်တဲ့ ဂီတသံစဉ်က လူတွေကို ပိုပြီး စိတ်လှုပ်ရှား တက်ကြွလာစေခဲ့တာပေါ့။

ဒါကို မြင်လိုက်တဲ့အခါ အက်ဂ်နက်စ်ဟာ ရီနေးတားနိုင်ငံတော်ရဲ့ တကယ့် အစွမ်းအစတွေကို စတင် သတိပြုမိလာပြီး အံ့ဩမှင်သက်စွာနဲ့ပဲ ငိုင်ကြည့်နေမိတော့တယ်။

သူမဟာ ပြန့်ပြူးနေတဲ့ မြေပြင်ပေါ်မှာ ရီနေးတားစစ်တပ်ကြီးတစ်ခုက တခြား စစ်တပ်တစ်ခုဆီကို ချီတက်သွားနေတဲ့ ပုံရိပ်ကို မြင်ယောင်ကြည့်လိုက်မိတယ်။

ရန်သူဘက်မှာ လူအင်အား ပိုများနေပေမဲ့လည်း ရီနေးတားနိုင်ငံသားတွေကတော့ မရပ်မနားဘဲ ယုံကြည်မှု အပြည့်နဲ့ အရှေ့ကို ချီတက်နေကြတာပေါ့။ အဲဒီအချိန်မှာပဲ ရီနေးတား စစ်တပ်ရဲ့ နောက်တန်းကနေ ကျယ်လောင်တဲ့ ဒရမ်တီးခတ်သံတွေ ထွက်ပေါ်လာတယ်။

သူတို့တွေကတော့ ဂီတပညာရှင်တွေပေါ့။ သူတို့ရဲ့ တိုက်ပွဲဝင် တာဝန်ကတော့ ဂီတတီးခတ်ပြီး သူတို့ စစ်တပ်ရဲ့ စွမ်းအားကို နှစ်ဆတိုးအောင် လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

ဂီတသံစဉ်တွေ ပဲ့တင်ထပ်လာတာနဲ့အမျှ ရီနေးတားနိုင်ငံသားတွေဟာ အမြင့်ဆုံးအထိ စိတ်လှုပ်ရှား တက်ကြွလာကြပြီး သူတို့ရဲ့ မှော်ပညာတွေဟာလည်း သွေးတွေလည်ပတ်သလိုမျိုး မြန်မြန်ဆန်ဆန် လည်ပတ်လာကြတယ်။

ရီနေးတား စစ်တပ်ရဲ့ စွမ်းအားဟာ အဆမတန် မြင့်တက်လာပြီး လူအင်အား ပိုများတဲ့ ရန်သူတွေကို အပြတ်အသတ် ချေမှုန်းပစ်နိုင်မယ့် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ခွန်အားတွေကို ရရှိသွားကြတယ်။ ဂီတပညာရှင်တွေသာ ရှိနေမယ်ဆိုရင် ရီနေးတား စစ်တပ်ဟာ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးအရာတွေထဲက တစ်ခု ဖြစ်လာနိုင်တာပေါ့။

သံတမန် မိသားစုဝင်တစ်ယောက်အနေနဲ့ ရီနေးတားနိုင်ငံတော်ဟာ တခြားနိုင်ငံတွေကို ကျူးကျော်မယ့် အလားအလာ မပြတာကိုပဲ အက်ဂ်နက်စ် တစ်ယောက် ဝမ်းမြောက်နေမိပါတော့တယ်။

* * * * * * * * *

စာစဉ်(၁၂)

အခန်း(၁၄၀)

ပွဲတော်ကြီးက ဆက်ပြီး စည်ကားနေတာနဲ့အမျှ တချို့လူတွေကတော့ အရက်တွေအလွန်အကျွံ သောက်မိပြီး အသိစိတ်လွတ်တဲ့အထိ မူးယစ်ကုန်ကြတာ မဆန်းပါဘူး။

အထူးသဖြင့် အရက်ဆိုင်တွေနဲ့ တည်းခိုဆောင်တွေထဲမှာ လူပုတွေက ဘီယာကို ရေလိုမျိုး တရစပ် သောက်နေကြတာကလည်း အခြေအနေကို ပိုဆိုးစေတာပေါ့။ ဒါပေမဲ့ သူတို့က လူပုတွေလေ။ သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက တခြားမျိုးနွယ်စုတွေထက် အများကြီး ပိုပြီး ကြံ့ခိုင်တာကြောင့် အရက်တွေ အမြောက်အမြား သောက်ထားရင်တောင် ညဉ့်နက်တဲ့အထိ မမူးဘဲ တောင့်ခံနိုင်ကြတာပါ။

ဒါပေမဲ့လည်း ဆိုင်ထဲက ပျော်ရွှင်စရာ အငွေ့အသက်တွေကြောင့် တချို့လူတွေကတော့ စိတ်ကြွလာပြီး လူပုတွေနဲ့အပြိုင် အတင်းလိုက်သောက်မိကြတယ်။

လူတစ်ပိုင်း ခွေးတစ်ပိုင်းဖြစ်တဲ့ အသက်လတ်ပိုင်း ခွေးလူသားတစ်ယောက်ကတော့ အဲဒီလို ကံဆိုးမိုးမှောင်ကျတဲ့လူတွေထဲက တစ်ယောက်ပေါ့။

သူက ရီနေးတားနိုင်ငံသား မဟုတ်တာကြောင့် လူပုတွေရဲ့ အလေ့အထကို ကောင်းကောင်း မသိရှာပါဘူး။ ဒါကြောင့် တစ်နာရီအတွင်း ဘယ်သူက ဘီယာအများဆုံး သောက်နိုင်မလဲဆိုပြီး သူတို့က လာလောင်းကြတဲ့အခါမှာတော့ သူက ချက်ချင်းပဲ သဘောတူလိုက်တာပေါ့။ အကယ်၍ သူသာ နိုင်ခဲ့မယ်ဆိုရင် ဒမတ်စကပ်စတီးလ် တစ်ကီလို ပေးမယ်လို့လည်း သူတို့က ကတိပေးထားကြတယ်။

ဒါပေမဲ့ အားလုံး မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သူဟာ လောင်းကြေးရှုံးသွားပြီး အိတ်ထဲမှာလည်း ပြားစိတစ်စေ့မှ မကျန်တော့သလို လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တဲ့အထိ မူးနောက်နေပါတော့တယ်။

သူဟာ နိုင်ငံတော်ရဲ့ လူစည်ကားတဲ့ လမ်းမတွေပေါ်မှာ ယိမ်းထိုးပြီး လမ်းလျှောက်နေရင်း လမ်းဘေး ပလက်ဖောင်းခုံတွေနဲ့တောင် တိုက်မိလုနီးပါး ဖြစ်နေတာပေါ့။

သူ့ရဲ့ မူးယစ်နေတဲ့ အခြေအနေက သူ့ရဲ့ လုပ်ရပ်တွေကို နည်းနည်း ရိုင်းစိုင်းလာစေပြီး ဆိတ်လူသား အဘိုးအိုတစ်ယောက်က သူ့ကို မတော်တဆ ဝင်တိုက်မိလိုက်တဲ့အခါမှာတော့ သူက ဒေါသတကြီး တုံ့ပြန်ပါတော့တယ်။

"လမ်းကို သေချာကြည့်လျှောက်စမ်း" လို့ ခွေးလူသားက ပြောရင်း ဆိတ်လူသား အဘိုးအိုကို မြေပြင်ပေါ် လဲကျသွားအောင် တွန်းထုတ်လိုက်တယ်။

သူက အရမ်းကို မူးနေတဲ့အပြင် လောင်းကြေးရှုံးခဲ့တဲ့အပေါ်မှာလည်း ဒေါသထွက်နေတာကြောင့် သူ့ရဲ့ ပင်ကိုယ်စွမ်းရည်ကို အသုံးပြုပြီး လေဆင်နှာမောင်းတစ်ခုလို အားပြင်းတဲ့ လေပြင်းတွေကို ဖန်တီးကာ အဘိုးအိုကို လွင့်ထွက်သွားအောင် လုပ်ဆောင်လိုက်ပါတော့တယ်။

ဒါပေမဲ့ အဲဒီလေပြင်းတွေက ဆိတ်လူသား အဘိုးအိုဆီကို ရိုက်ခတ်တော့မယ့် အချိန်မှာပဲ သူ့ရဲ့ တစ်ကိုယ်လုံးမှာ မမြင်နိုင်တဲ့ ရောင်စုံအလင်းတန်း အကာအကွယ်တစ်ခု ပေါ်လာပြီး အဲဒီလေပြင်းတွေကို ဘာမှမဟုတ်သလိုမျိုး ဖြိုခွဲပစ်လိုက်တယ်။

ကြမ်းတမ်းတဲ့ လေဓာတ် မှော်စွမ်းအင်တွေဟာ ရောင်စုံအလင်းတန်း အကာအကွယ်နဲ့ ထိတွေ့လိုက်တာနဲ့ ချက်ချင်းပဲ ပျောက်ကွယ်သွားတာပေါ့။

ဒါကတော့ ရီနေးတားနိုင်ငံသားတိုင်း ပိုင်ဆိုင်ထားကြတဲ့ သဟဇာတပေါင်းစည်းခြင်း အကာအကွယ် စွမ်းရည်ပဲ ဖြစ်ပါတယ်။ သူတို့တစ်ယောက်ချင်းစီမှာ ဘယ်လို မှော်မန္တန်မျိုးကမဆို ကာကွယ်ပေးနိုင်တဲ့ ဖျက်ဆီးလို့မရတဲ့ အကာအကွယ်တစ်ခု ရှိနေကြတာပါ။

ဒီစွမ်းရည်က အမြဲတမ်း အလိုအလျောက် အစွမ်းပြနေတာဖြစ်ပြီး ရီနေးတားနိုင်ငံသားတွေအနေနဲ့ အထူးတလည် စဉ်းစားနေစရာ မလိုဘဲ သူတို့အားလုံးအတွက် နတ်ဘုရားက စောင့်ရှောက်ပေးနေသလိုမျိုးပါပဲ။

"ဘာ ... ဘာလဲ ... ဒါ ... ဒါ မဖြစ်နိုင်ဘူး ..." လို့ ခွေးလူသားက လျှာလေးသံနဲ့ ပြောလိုက်တယ်။

သူက အရင်ကထက် ပိုပြီး အားစိုက်ထုတ်ကာ သူ့ရဲ့ စွမ်းရည်ကို နောက်တစ်ကြိမ် ထပ်ပြီး သုံးဖို့ ကြိုးစားပြန်တာပေါ့။ ဒါပေမဲ့ ရလဒ်ကတော့ အတူတူပါပဲ။ ဆိတ်လူသား အဘိုးအိုဟာ သူ့ရဲ့ ရောင်စုံအလင်းတန်း အကာအကွယ်ကြောင့် ဘာဒဏ်ရာမှ မရဘဲ ဘေးကင်းနေတုန်းပါပဲ။

အဲဒီအချိန်မှာပဲ လူအများစုက ဒီရုတ်ရုတ်သဲသဲ ဖြစ်နေတာကို သတိထားမိသွားကြပြီး လာရောက်လည်ပတ်သူ အများစုကလည်း အဘိုးအိုကို နှောင့်ယှက်နေတဲ့ ခွေးလူသားကြီးကို လက်ညှိုးထိုးရင်း တိုးတိုးတိုးတိုးနဲ့ ပြောဆိုနေကြပါတော့တယ်။

"ဘာကြည့်နေကြတာလဲ ... ဟမ် ..."

ဘယ်သူမှလည်း လာပြီး မကူညီနိုင်ကြပါဘူး။ သူတို့အများစုက သာမန်လူတွေပဲမို့လို့ အနားကို ချဉ်းကပ်လာတဲ့သူမှန်သမျှကို မှော်မန္တန်တွေနဲ့ ပစ်ပေါက်ဖို့ အသင့်ဖြစ်နေတဲ့ ရိုင်းစိုင်းပြီး မူးရူးနေတဲ့ ခွေးလူသားကြီးကို ဘယ်လိုမှ မနှိမ်နင်းနိုင်ကြလို့ပါပဲ။

"ဟင် ... ဟိုဘက်မှာ ဘာတွေ ဖြစ်နေတာလဲ အစ်ကို"

အဲဒီအချိန်မှာပဲ ဇိုင်ယွန်နဲ့ သူ့ရဲ့ မောင်နှမတွေက လမ်းပေါ်မှာ အေးအေးဆေးဆေး လမ်းလျှောက်နေရင်း အရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို ကြားလိုက်ရတယ်။

အဲဒီနေရာမှာ လူတွေ တဖြည်းဖြည်း စုရုံးလာတာကို ကြည့်ခြင်းအားဖြင့် တစ်ခုခု ဖြစ်နေပြီဆိုတာကို သူတို့ သိလိုက်တာပေါ့။

"တစ်ယောက်ယောက် ငါတို့အကူအညီ လိုနေပြီ" လို့ ရှီနာက လူအုပ်ကြားထဲကနေ အခြေအနေကို တခြားသူတွေထက် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ သူ့ရဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ပြောလိုက်တယ်။

"ဒါကို ငါပဲ ဖြေရှင်းလိုက်မယ်" လို့ ဇိုင်ယွန်က ပြောရင်း လူအုပ်ကြားထဲကနေ အေးအေးဆေးဆေး လျှောက်သွားလိုက်တယ်။

သူ့ရဲ့ အမူအရာက ပေါ့ပေါ့ပါးပါးပါပဲ၊ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ထားပြီး သူ့ရဲ့ အမြီးကလည်း မုန့်ရတော့မယ့် ခွေးလေးတစ်ကောင်လို ဘယ်ပြန်ညာပြန် လှုပ်ရမ်းနေတာပေါ့။

"ဟေး လူကြီးမင်း... ခင်ဗျား လက်ဝှေ့ထိုးတတ်လား" လို့ ဇိုင်ယွန်က မေးလိုက်တယ်။

မူးနေတဲ့ခွေးလူသားက ဇိုင်ယွန်ကို ကြည့်ပြီး ဟိန်းဟောက်လိုက်တယ်။ လူငယ်လေးဖြစ်တဲ့ ဒရာဂွန်ဘွန်းရဲ့ ရှိန်စရာကောင်းတဲ့ အရှိန်အဝါကြောင့် ခွေးလူသားဟာ မသိစိတ်ထဲကနေ သူ့ကိုယ်သူ နိမ့်ကျနေသလို ခံစားလိုက်ရပြီး တုန်လှုပ်သွားပုံရတာပေါ့။

ဇိုင်ယွန်ကတော့ ပြုံးပြုံးကြီးနဲ့ပဲ ခွေးလူသားဆီကို ချဉ်းကပ်သွားတယ်။ သူ နိုးထလာတဲ့ အချိန်တုန်းက သူ့ရဲ့ ဦးနှောက်ထဲကို ရောက်ရှိလာခဲ့တဲ့ လက်ဝှေ့နည်းပညာတွေနဲ့ သင်ခန်းစာတွေကို စမ်းသပ်ကြည့်ဖို့ သူက အရမ်းကို ယားကျိကျိ ဖြစ်နေတာပါ။ အခုတော့ ဒီမူးနေတဲ့လူက သူ့ကို အခွင့်အရေး ပေးလိုက်တာပေါ့။

သူက လက်ဝှေ့သမားတစ်ယောက်လိုမျိုး ခုန်ဆွခုန်ဆွနဲ့ သူ့ရဲ့ လက်နှစ်ဖက်ကို မေးစေ့နားအထိ မြှောက်ထားလိုက်တယ်။

"ဒီကနေ ထွက်သွားစမ်း" လို့ မူးနေတဲ့လူက ပြောရင်း ဇိုင်ယွန်ဆီကို လေလှံ လို့ ခေါ်တဲ့ မန္တန်တစ်ခုနဲ့ ပစ်ခတ်လိုက်ပါတော့တယ်။

ဒရာဂွန်ဘွန်းလူငယ်လေးကတော့ ခိုင်မာလှတဲ့ လေပြင်းတွေကြားထဲမှာ ကျွမ်းကျင်စွာနဲ့ ငုံ့လိုက်၊ ရှောင်လိုက် လုပ်နေတာပေါ့။ သူ့ရဲ့ ခြေလှမ်းတွေကြောင့် စက္ကန့်ပိုင်းအတွင်းမှာတင် သူက ပစ်မှတ်ရဲ့ အနီးကပ် တိုက်ခိုက်နိုင်တဲ့ အကွာအဝေးကို ရောက်ရှိသွားခဲ့ပြီ။

"အား သိပ်မသုံးနဲ့ဦးနော်" လို့ ဂျာကူက သူ့ညီလေးကို သတိပေးလိုက်တယ်။

ခွေးလူသားမှာ သဟဇာတပေါင်းစည်းခြင်း အကာအကွယ်စွမ်းရည် မရှိတာကြောင့် ဇိုင်ယွန်ရဲ့ ကမ္ဘာဖျက် လက်ဝှေ့ စွမ်းအားနဲ့သာ ထိမှန်သွားရင် သူက တကယ့်ကို ထိခိုက်လွယ်နေမှာမို့လို့ပါ။

"အစ်ကိုကလည်း အရမ်း စိုးရိမ်တာပဲ" လို့ ဇိုင်ယွန်က ပြန်ဖြေတယ်။ သူက မူးနေတဲ့လူနဲ့ အနီးကပ် ရောက်နေတဲ့ အချိန်မှာတောင် သူ့အစ်ကိုဘက်ကို လှည့်ကြည့်ပြီး ယုံကြည်မှု အပြည့်နဲ့ ပြောနေတာပေါ့။

ဒါကို အခွင့်ကောင်းယူပြီး ခွေးလူသားက ဇိုင်ယွန်ဆီကို သူ့ရဲ့ လက်မောင်းကို အရူးအမူး လွှဲယမ်းပြီး ထိုးလိုက်တယ်။ ဒါပေမဲ့ ဇိုင်ယွန်က နောက်ကို နည်းနည်းလေး ဆုတ်ပေးလိုက်ရုံနဲ့တင် အဲဒီလက်သီးက သူ့မေးစေ့ကို သီသီလေး လွဲသွားခဲ့တာပေါ့။

မူးနေတဲ့လူက သူ့ရဲ့ လက်သီး လွဲသွားတာကြောင့် ဟန်ချက်ပျက်သွားပြီး မလဲအောင်လို့ ခြေထောက်တစ်ဖက်တည်းနဲ့ မနည်း ထိန်းနေရပါတော့တယ်။

ဇိုင်ယွန်က ပြုံးလိုက်ပြီး သူ့ရဲ့ လက်တွေတောင် မမြင်ရတော့တဲ့အထိ မြန်ဆန်ပြီး ပြင်းထန်တဲ့ လက်သီးချက်တွေကို တစ်ချက်ပြီးတစ်ချက် စတင် ပစ်လွှတ်လိုက်တယ်။ အဲဒီလောက်အထိ အထိုးခံနေရတဲ့ မူးနေတဲ့လူကို ကြည့်ပြီး လူအများစုကတောင် သနားလာကြတာပေါ့။

ဒါပေမဲ့ ခဏကြာတော့မှ ဇိုင်ယွန်ရဲ့ လက်သီးတွေက ခွေးလူသားကို တစ်ချက်မှ မထိခဲ့ဘူးဆိုတာကို သူတို့ သတိထားမိသွားကြတယ်။ သူ့ရဲ့ လက်သီးတွေက ခွေးလူသားရဲ့ ခန္ဓာကိုယ်နဲ့ လက်မအနည်းငယ်လောက် အကွာမှာရှိတဲ့ လေထုကိုပဲ ထိမှန်နေတာပါ။

ဇိုင်ယွန်က ဒီလူကို တကယ် ထိစရာမလိုဘူးဆိုတာ သူသိနေတာပေါ့။ သူ့လက်သီးတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေဖိအားကတင် မူးနေတဲ့လူကို ဟန်ချက်ပျက်သွားစေဖို့ လုံလောက်နေပြီး နောက်ဆုံးမှာတော့ သူက မြေပြင်ပေါ်ကို မျက်နှာနဲ့စိုက်ပြီး လဲကျသွားပါတော့တယ်။

"ဟား ... ဘယ်လိုလဲ အစ်ကို ... ကျွန်တော် သူ့ကို တစ်ချက်မှတောင် မထိလိုက်ဘူးနော်" လို့ သူက သူ့မောင်နှမတွေကို ကြွားလုံးထုတ်လိုက်တယ်။

"ဒါလောက်ပါပဲ" လို့ ဂျာကူက စိတ်ပျက်တဲ့လေသံနဲ့ ပြောလိုက်တယ်။

"မင်း အဲဒီလောက်အထိ လုပ်စရာ မလိုပါဘူး" လို့ ရှီနာက လက်ပိုက်ရင်း ပြောလိုက်တယ်။

"မိုက် ... တယ်" လို့ ယူမီစုက သူ့ညီလေးကို လက်မထောင်ပြလိုက်တယ်။

လူအုပ်ကြီးကလည်း အခြေအနေကို ဖြေရှင်းပေးခဲ့တဲ့ ဇိုင်ယွန်အတွက် လက်ခုပ်တီးပြီး ချီးကျူးပေးနေကြတာပေါ့။

အဲဒီလူအုပ်ကြားထဲမှာ အက်ဂ်နက်စ်လည်း ရှိနေပြီး သူမ ခုနက မြင်လိုက်ရတဲ့အရာကို ပြန်တွေးမိရင်း မျက်လုံးတွေ ပြူးကျယ်သွားပါတော့တယ်။

* * * * * * * * *

All Chapters