← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 12 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 12 Ch. 141-142

အခန်း(၁၄၁)

အက်ဂ်နက်စ်က အံ့ဩမှင်သက်နေတဲ့ မျက်နှာပေးနဲ့ ဒရာဂွန်ဘွန်းတွေကို ငေးကြည့်နေမိတယ်။ လူတစ်ပိုင်းသတ္တဝါတစ်ယောက်ဆီမှာ ဒီလောက်အထိ ထူးခြားပြောင်မြောက်တဲ့ အကြေးခွံမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့လို့ပါပဲ။

ဒါတင်မကသေးဘဲ သူတို့ရဲ့ လည်ဆံတွေက သမိုင်းတစ်လျှောက် ကမ္ဘာကြီးကို အကြိမ်ကြိမ် လွှမ်းမိုးခဲ့ဖူးတဲ့ နဂါးမျိုးနွယ်ဝင်တွေနဲ့ တော်တော်လေး ဆင်တူနေတာပေါ့။

အနီရောင်အကြေးခွံနဲ့ ဒရာဂွန်ဘွန်းလေးက မူးနေတဲ့ ခွေးလူသားကို ကစားပေးနေတာကို ကြည့်ရင်း ထိုသူပိုင်ဆိုင်ထားတဲ့ ပင်ကိုယ်ခွန်အားနဲ့ ကိုယ်ခံပညာရပ်ဆိုင်ရာ ပါရမီတွေကို သူမ မြင်တွေ့လိုက်ရတယ်။

ဒီဒရာဂွန်ဘွန်းလေးက သူ့ရဲ့ လှုပ်ရှားမှုတွေမှာ ထိရောက်မှုနဲ့ ထိန်းချုပ်မှု အားနည်းနေသေးတာကြောင့် အခြေခံအဆင့်ပဲ ရှိသေးတယ်ဆိုတာ သိသာနေပေမဲ့ သူ့ရဲ့ အင်အားနဲ့ တန်ခိုးကတော့ ဝါရင့်ပညာရှင်တွေနဲ့တောင် ရင်ပေါင်တန်းနိုင်နေတာပါ။

ပါရမီရှိသူကို မြင်တာနဲ့ သူမကတော့ ချက်ချင်း ခွဲခြားသိနေတာပေါ့။ အက်ဂ်နက်စ်က ထုတ်မပြောပေမဲ့ သူမဟာ တစ်ဗိုလ်တစ်မင်းဖြစ်တဲ့ ဒီဒေသမှာ အကောင်းဆုံး ကိုယ်ခံပညာရှင်တွေထဲက တစ်ယောက်လို့ သတ်မှတ်ခံထားရသူပါ။

ယူနာ့ရဲ့ မိဘတွေက သူမကို အိမ်နဲ့ ဒီလောက်အထိ ဝေးဝေးလံလံ ခရီးထွက်ခွင့်ပေးလိုက်တာဟာလည်း အက်ဂ်နက်စ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က သူမထက် ပါရမီ ပိုရှိတယ်လို့ ဝန်ခံလိုက်ပြီဆိုရင် အဲဒါဟာ အမှန်တရားပဲပေါ့။

ဒရာဂွန်ဘွန်းတွေရဲ့ ရင်းနှီးနေတဲ့ စနောက်သံတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ စရိုက်တွေကို ကြားလိုက်ရတော့မှပဲ ဒါဟာ ဒရာဂွန်ဘွန်း မောင်နှမတွေဆိုတာကို သူမ နောက်ဆုံးမှာ မှတ်မိသွားတော့တယ်။ အစွမ်းထက်ပြီး ပါရမီတွေ လျှံထွက်နေတဲ့ဒရာဂွန်ဘွန်းတွေနဲ့ နုနယ်ပြီး အရှက်အကြောက်ကြီးတဲ့ ဖွတ်နဂါးလူသားတွေရဲ့ စရိုက်ကို သူမ ဘယ်လိုမှ ဆက်စပ်လို့ မရနိုင်တာကြောင့် တကယ်ကို အံ့ဩမှင်သက်သွားရတာပါ။

ခြားနားချက်ကတော့ နေ့နဲ့ညလိုပါပဲ။ တောင်တန်းဒေသ အစွန်အဖျားမှာ သူတို့ကို ပထမဆုံး စတွေ့တုန်းကနဲ့ လုံးဝမတူတော့ဘဲ အခုတော့ သူတို့ဟာ ခေါင်းကိုမော့၊ ပခုံးကိုဆန့်လို့ ယုံကြည်မှုတွေ အပြည့်ရှိနေကြတယ်။

"ဇိုင်ယွန်၊ မင်း အစ်ကို့ကိုပဲ ဒီအလုပ် လုပ်ခွင့်ပေးလိုက်ရမှာ" လို့ ရှီနာက သူမရဲ့ မောင်လေးကို ဆုံးမလိုက်တယ်။ "မင်းက အခုထိ မဆင်မခြင် လုပ်တတ်တုန်းပဲ"

"ဟာ အစ်မကလည်း၊ သူက အရင်စတာလေ"

သူတို့ရဲ့ နာမည်တွေကို ကြားလိုက်ရတဲ့အခါ သူမရဲ့ ခန့်မှန်းချက်က မှန်ကန်သွားခဲ့ပြီပေါ့။ ဘယ်လောက်ပဲ မယုံနိုင်စရာ ဖြစ်နေပါစေ၊ အခု ရှေ့မှာ ရှိနေတဲ့သူတွေက တစ်ဘဝလုံး ပုံအောပြီး ကြိုးစားရင်တောင် ကြယ်တစ်ပွင့်မန္တန် တစ်ခုကိုတောင် မတတ်မြောက်နိုင်ခဲ့တဲ့ အားနည်းလှတဲ့ ဖွတ်နဂါးလူသားလေးတွေပါ။

ခရီးသွားနေစဉ်အတွင်းမှာ အက်ဂ်နက်စ်က သူတို့ကိုယ်သူတို့ ကာကွယ်နိုင်အောင် ကိုယ်ခံပညာအချို့ကို သင်ပေးဖို့ ကြိုးစားခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ စိတ်မကောင်းစရာကတော့ သူတို့မျိုးနွယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် တစ်ခုတည်းသော ပညာရပ်ကိုတောင် သင်ယူနိုင်စွမ်း မရှိခဲ့ကြတာပါ။ အဲဒါကို တတ်မြောက်ဖို့ဆိုရင် သူတို့အတွက် နှစ်ပေါင်းများစွာ အချိန်ပေးရဦးမှာပါ။

ဒါပေမဲ့ အခုတော့ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ဒြပ်စင်မှော်စွမ်းအင်တွေ အလိုအလျောက် စုစည်းနေတာကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ ခန္ဓာကိုယ်အသစ်တွေဟာ သူတို့သာ အလိုရှိမယ်ဆိုရင် အဆင့်မြင့် ကြယ်အရေအတွက်ရှိတဲ့ မန္တန်တွေကိုတောင် ကောင်းကောင်း ကျွမ်းကျင်နိုင်စွမ်း ရှိနေပြီဆိုတာကို သူမ သိလိုက်ရတယ်။

"အို... မစ်အက်ဂ်နက်စ်၊ ရောက်နေတာလား"

တိုက်ပွဲဝင် အစေခံမလေးကို ရှီနာက အရင်ဆုံး မြင်သွားပြီး ဝမ်းသာအားရနဲ့ ပြေးဖက်လိုက်တယ်။

"ဒါ နင် တကယ်ပဲလား... နင်က ရှီနာလား..." လို့ အက်ဂ်နက်စ်က မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ သူမရဲ့ အဖြူရောင် ဒရာဂွန်ဘွန်း ခန္ဓာကိုယ်ကို အထက်အောက် ကြည့်ရင်း မေးလိုက်မိတယ်။

"ဟုတ်တာပေါ့၊ ကျွန်တော် ဘယ်လောက်တောင် အစွမ်းထက်လဲ မြင်လိုက်ရဲ့လား" လို့ ဇိုင်ယွန်က ကြားဖြတ် ကြွားလိုက်တယ်။

"တွေ့ရတာ... ဝမ်းသာပါတယ်..." လို့ ယူမီစုကလည်း ရှက်ကိုးရှက်ကန်းနဲ့ လက်ဝှေ့ယမ်းပြတယ်။

အက်ဂ်နက်စ်က မောင်နှမတွေကို ကြည့်လိုက်တဲ့အခါ ဇိုင်ယွန်ထက် ပါရမီနည်းတဲ့သူ တစ်ယောက်မှ မရှိတာကို တွေ့လိုက်ရတယ်။ သူတို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ခွန်အားမျိုးတွေ ထုတ်လွှတ်နေကြပေမဲ့ အားလုံးဟာ တန်းတူအစွမ်းထက်နေကြတာပေါ့။

"နင်တို့အားလုံး ဘာတွေဖြစ်ခဲ့ကြတာလဲ" လို့ အက်ဂ်နက်စ်က မမေးဘဲ မနေနိုင်တော့ဘူး။

အက်ဂ်နက်စ်က အဲဒီမေးခွန်းကို မေးလိုက်တာနဲ့ ဒရာဂွန်ဘွန်းတွေရဲ့ မျက်နှာမှာ စိတ်လှုပ်ရှားတဲ့ အမူအရာတွေ ပေါ်လာကြတယ်။ မိုက်ကယ်အကြောင်းကို သူမကို ကြွားဖို့ အခွင့်အရေးကိုပဲ စောင့်နေကြသလိုမျိုးပါပဲ။

အဲဒီလူအကြောင်း ပြောရမယ်ဆိုရင်တော့

"ကြည့်ရတာ ငါတို့တောင် မလိုအပ်တော့ဘူးထင်တယ်"

မိုက်ကယ်ရဲ့ အသံကို မှတ်မိသွားတာနဲ့ ဒရာဂွန်ဘွန်းတွေ အားလုံး နောက်ကို လှည့်ကြည့်လိုက်ကြတယ်။

ဆယ့်တစ်နှစ်အရွယ် ပါရမီရှင်ကောင်လေးဟာ သူ့အနောက်က လုံခြုံရေးတာဝန်ရှိ ကုလားအုတ်လူသားတွေနဲ့အတူ ရောက်ရှိလာတာပေါ့။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကတင် ရုတ်ရုတ်သဲသဲဖြစ်နေတာကို သူတို့ ကြားလိုက်ရလို့ အရာရှိအချို့ကို ချက်ချင်း စေလွှတ်ခဲ့ပေမဲ့ ရောက်သွားတဲ့အချိန်မှာတော့ နောက်ကျနေခဲ့ပါပြီ။

မိုက်ကယ်က ဆိတ်လူသားအဘိုးအိုဆီကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး အခြေအနေကို စစ်ဆေးကြည့်လိုက်တယ်။

"အဆင်ပြေရဲ့လား" လို့ သူက မေးလိုက်တယ်။

"ဟဲ ဟဲ... ပြေပါတယ် သခင်။ သူက အရက်လေး နည်းနည်း ပိုသောက်မိသွားတဲ့ ကလေးတစ်ယောက်ပါပဲ" လို့ ဆိတ်လူသားက ပြန်ဖြေတယ်။

နှောင့်ယှက်စော်ကားခံရပြီး တိုက်ခိုက်ခံခဲ့ရတာတောင် ဆိတ်လူသားက စိတ်ထဲ မထားခဲ့ပါဘူး။

ဆိုးဆိုးရွားရွား ဘာမှ မဖြစ်သွားတာကြောင့် မိုက်ကယ် စိတ်အေးသွားရတယ်။ ဒါပေမဲ့ တစ်ခုခု အခြေအနေ တင်းမာလာခဲ့ရင်တောင် ဖတ်ချ်က ဖြစ်ဖြစ်ချင်း သူ့ကို အကြောင်းကြားမှာဆိုတော့ သူ စိတ်အေးလက်အေး ရှိနေခဲ့တာပါ။

အဲဒီနောက်မှာတော့ သူက ဒီဖြစ်ရပ်အတွက် တာဝန်ရှိတဲ့သူကို ကြည့်လိုက်တယ်။

ခွေးလူသားကတော့ ပါးစပ်က သွားရည်တွေ ထွက်နေတုန်းပဲ၊ မြေပြင်ပေါ်မှာ မေ့လဲနေဆဲပါပဲ။ အခုထိတောင် သူ့ရဲ့ ပါးပြင်တွေက မူးရူးနေလို့ နီရဲနေတုန်းပေါ့။

"အရင်ဆုံး မင်းကို အမူးပြေအောင် လုပ်ပေးရမယ်" လို့ မိုက်ကယ်က ပြောရင်း ခွေးလူသားဆီကို လက်မြှောက်လိုက်ပြီး လေထုကို ဆွဲဆုပ်လိုက်တယ်။

သူ့ရဲ့ အဆင့်မြင့်စွမ်းရည်: မှော်စွမ်းအင် စုဆောင်းခြင်း ကို အသုံးချပြီး ရေမှော်စွမ်းအင်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ကာ ခွေးလူသားရဲ့ သွေးကြောထဲမှာ ရှိနေတဲ့ အယ်လ်ကိုဟော အရည်တွေကို ဆွဲထုတ်ပြီး အရေပြားကနေတစ်ဆင့် အငွေ့ပျံသွားစေလိုက်တယ်။

မူးနေတဲ့လူဆီကနေ ရေနွေးငွေ့တွေ ထွက်ပေါ်လာပြီး ချက်ချင်းပဲ အမူးပြေသွားတော့တာပေါ့။ တွဲကျနေတဲ့ သူ့ရဲ့ ပါးပြင်တွေပေါ်က နီရဲနေတာတွေ ပျောက်ကွယ်သွားပြီး သူ့ရဲ့ မျက်လုံးတွေကလည်း တဖြည်းဖြည်း ကြည်လင်လာခဲ့တယ်။

ခွေးလူသားက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ လူတိုင်းက သူ့ကို စူးစမ်းတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာကို တွေ့လိုက်ရတယ်။

"ငါ မှတ်မိသလောက်တော့ အရက်သောက်နေတယ်... ပြီးတော့... လမ်းပေါ်မှာ လမ်းလျှောက်နေတုန်း..."

သူ့ရဲ့ မှတ်ဉာဏ်တွေက ဓာတ်ပုံတွေကို ဆက်စပ်လိုက်သလိုမျိုး ခေါင်းထဲမှာ ပြန်ပေါ်လာတော့တာပေါ့။ သူ ဘာတွေ လုပ်မိခဲ့သလဲဆိုတာကို သိသွားတာနဲ့ သူ့ခေါင်းက ဆိတ်လူသားအဘိုးအိုဆီကို ချက်ချင်း လှည့်သွားပြီး မြေပြင်ပေါ်မှာ ဒူးထောက် ဝပ်စပ်လိုက်ပါတော့တယ်။

"တောင်းပန်ပါတယ် ကျွန်တော် အရမ်းမူးနေလို့ ဘာလုပ်မိမှန်း မသိခဲ့လို့ပါ"

ဆိတ်လူသားက လက်ယမ်းပြလိုက်တယ်။

"ဘာမှ မဟုတ်ပါဘူး။ နောက်တစ်ခါကျရင် အရက်ကို အလွန်အကျွံ မသောက်မိအောင်ပဲ ဆင်ခြင်ပါ"

ဒီဖြစ်ရပ်ပြီးတဲ့နောက်မှာတော့ ခွေးလူသားက လုံခြုံရေး ကုလားအုတ်လူသားတွေဆီမှာ အစစ်ဆေးခံဖို့ ကိုယ်တိုင် လက်နက်ချလိုက်တာကြောင့် သူ့ရဲ့ ပြစ်မှုတွေအတွက် ထောင်ထဲကို ခေါ်သွားကြပါတော့တယ်။

"အစ်ကိုကြီး မိုက်၊ ကျွန်တော် ဟိုလူကို ဘယ်လို လက်ဝှေ့ထိုးလိုက်လဲ မြင်လိုက်ရဲ့လား" လို့ ဇိုင်ယွန်က ကြွားလိုက်တယ်။

"နည်းနည်းတော့ မဆင်မခြင် ဖြစ်သွားပေမဲ့ ကျွန်မမောင်လေးက အခြေအနေကိုတော့ အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့ပါတယ်" လို့ ရှီနာက အစီရင်ခံတယ်။

"ဩော်... သခင်၊ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်နဲ့ တွေ့ဖူးရဲ့လား" လို့ ဂျာကူက အက်ဂ်နက်စ်ကို မိုက်ကယ်နဲ့ နောက်ဆုံးမှာ မိတ်ဆက်ပေးလိုက်ပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စူးစမ်းစွာ ကြည့်နေကြတယ်။

တစ်ခါမှ မတွေ့ဖူးကြပေမဲ့ အက်ဂ်နက်စ်က သူ့ကို အရင်ကတည်းက သိနေသလိုမျိုး ကြည့်နေတယ်လို့ မိုက်ကယ် ခံစားလိုက်ရတယ်။

"ကျွန်တော်တို့ တွေ့ဖူးမယ် မထင်ဘူးနော်" လို့ မိုက်ကယ်က လက်ကမ်းရင်း ပြောလိုက်တယ်။

ဒီအတောအတွင်း အက်ဂ်နက်စ်ကတော့ မိုက်ကယ်ကိုပဲ စိုက်ကြည့်နေမိတော့တယ်။

ဖွတ်နဂါးလူသားတွေ နဂါးနဲ့တူတဲ့ သတ္တဝါတွေအဖြစ် ပြောင်းလဲသွားတာကို မြင်တွေ့ခဲ့ရတာဟာ အဲဒီညမှာ သူမအတွက် အကြီးမားဆုံး အံ့အားသင့်စရာ မဟုတ်ခဲ့ပုံပါပဲ။

ခွေးလူသားရဲ့ သွေးတွေကို မိုက်ကယ်က ကိုယ်တိုင် ကိုင်တွယ်ပြီး သူ့ရဲ့ အတွင်းပိုင်းက အမူးအရှိန်တွေကို ချေဖျက်ပစ်လိုက်တာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာကမှ တကယ့် အံ့ဩစရာပါ။

အမှန်အတိုင်း ပြောရမယ်ဆိုရင် သူ ဒါကို ဒီလောက်အထိ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်တာကို မြင်ရတာက သူမအတွက် နည်းနည်းတော့ ကြောက်စရာကောင်းနေတယ်။

သူက တစ်စုံတစ်ယောက်အပေါ်မှာ ဒီလိုမျိုး လုပ်နိုင်တယ်ဆိုရင် တစ်ဖက်လူရဲ့ သွေးတွေကို ဖြတ်တောက်ပြီး နှလုံးခုန်ရပ်သွားအောင် လုပ်ဖို့ဆိုတာလည်း ဘာမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူးလေ။

* * * * * * * * *

စာစဉ်(၁၂)

အခန်း(၁၄၂)

မိုက်ကယ်က အက်ဂ်နက်စ်ကို ကြည့်လိုက်တဲ့အခါ သူမရဲ့ မျက်နှာပေါ်က ထူးဆန်းတဲ့ အမူအရာကို သတိထားမိသွားတယ်။

'ငါက သူမကို သိနေတာလား ဒါမှမဟုတ် တစ်ခုခုလား သူမက ငါ့ကို သိနေတဲ့လူတစ်ယောက်လို ဘာလို့ ကြည့်နေရတာလဲ'

"ကျွန်မရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်" လို့ အက်ဂ်နက်စ်က သူမ စက္ကန့်အနည်းငယ်လောက် သူ့မျက်နှာကို စိုက်ကြည့်နေမိတာကို သတိပြုမိသွားပြီးနောက် ပြောလိုက်တယ်။

"ကျွန်မက အက်ဂ်နက်စ်ပါ၊ အော့ခ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မောင့်ဂိုမာရီ မိသားစုရဲ့ အစေခံအဖြစ် တာဝန်ထမ်းဆောင်နေတာပါ"

မိုက်ကယ်က အဲဒီမျိုးရိုးနာမည်ကို အရင်က ကြားဖူးတယ်။ ဆီဘက်စတီယန် ရဲ့ ပြောပြချက်အရဆိုရင် သူတို့က ကွင်းစ်နယ်မြေထဲမှာ အခြေခိုင်ပြီးသားမိသားစုတွေထဲက တစ်ခုဖြစ်တယ်။ အဲဒီမိသားစုတွေထဲက တစ်ခုခုနဲ့ မဟာမိတ်ဖွဲ့ထားရင် မိုက်ကယ်အတွက် အကျိုးရှိလိမ့်မယ်လို့တောင် သူကပြောခဲ့သေးတာပေါ့။

သူတို့ကို ဒီလောက်အစောကြီး တွေ့ရလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။

"ကျွန်တော်တို့ နိုင်ငံတော်ကို ကြိုဆိုပါတယ်" လို့ သူက အက်ဂ်နက်စ်ကို ပြောလိုက်တယ်။

"ကျွန်တော်က မိုက်ကယ် ဗန်ဒါဘစ်ပါ"

သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြတဲ့အခါ မိုက်ကယ်က လက်ဆွဲလိုက်ရုံနဲ့တင် သူမရဲ့ ခိုင်မာတဲ့ ခန္ဓာကိုယ်ခွန်အားကို သတိထားမိလိုက်တယ်။

[မှော်ကျင့်စဉ် ကို ရရှိပါပြီ]

[ဘေးဒုက္ခအရေပြား မာကျောခြင်း]

- - မြေဒြပ်စင် နဲ့ မီးဒြပ်စင်

- - ဒီမှော်ပညာက အသုံးပြုသူကို မြှင့်တင်ထားတဲ့ ခံစစ်စွမ်းရည်ကို ရရှိစေပါတယ်။ မြေဒြပ်စင်နဲ့ မီးဒြပ်စင် မှော်စွမ်းအင်တို့ ပေါင်းစပ်ထားတဲ့အတွက် ဒီမန္တန်က အသုံးပြုသူ ဒဏ်ရာရလေလေ ပိုပြီးသန်မာလာလေလေ ဖြစ်ပါတယ်။

မိုက်ကယ်က သူ့ရဲ့ မှော်ပညာအသုံးချခြင်းကဏ္ဍ ထဲမှာ ကိုယ်ခံပညာရပ်ဆိုင်ရာ ရွေးချယ်စရာတွေ ပိုပြီး များပြားလာတာကို ဝမ်းသာနေမိတယ်။ ဒါပေမဲ့ သူက မန္တန်တွေကို ပေါင်းစပ်ချင်တယ်ဆိုရင်တော့ ဒီထက်အများကြီး ပိုလိုသေးတယ်၊ စာကြည့်တိုက်တစ်ခုစာလောက်ကို လိုအပ်တာပေါ့။

'မောင့်ဂိုမာရီ တွေက သူတို့ရဲ့ အဆက်အသွယ်တွေကြောင့် နာမည်ကြီးတဲ့ သံတမန်မိသားစု မဟုတ်လား ကွင်းစ်နယ်မြေထဲမှာ ကိုယ်ခံပညာရပ်ဆိုင်ရာ မန္တန်တွေ အများကြီး သင်ယူလို့ရမယ့်နေရာကို သူတို့ကို မေးကြည့်ရင် ကောင်းမလား' လို့ မိုက်ကယ်က သူ့ဘာသာ တွေးလိုက်မိတယ်။

"ကျွန်တော်တို့ နိုင်ငံတော်ကို အခုထိ သဘောကျရဲ့လား" လို့ သူက သူမကို မေးလိုက်တယ်။

အကယ်၍ သူက ကွင်းစ်နယ်မြေမှာ သွားပြီးယှဉ်ပြိုင်ချင်တယ်ဆိုရင် သူ့နိုင်ငံတော်က တခြားနယ်မြေတွေနဲ့ ယှဉ်ရင် ဘယ်လိုအခြေအနေရှိလဲဆိုတာ သိထားဖို့က အရေးကြီးတယ်လေ။

အက်ဂ်နက်စ်က လမ်းမတွေတစ်လျှောက် ပတ်ပတ်လည်ကို ကြည့်ပြီး မီးအလင်းရောင်တွေနဲ့ ပွဲတော်ကြီးကို အကဲခတ်နေတယ်။

"ကျွန်မက တိုက်ခိုက်တာကလွဲလို့ ဘာမှမသိတဲ့ စစ်သူရဲတစ်ယောက်ပါ၊ ဒါပေမဲ့ ရှင် ဒီမှာပြသခဲ့တဲ့ အရာအားလုံးက ကွင်းစ်နယ်မြေက လူတိုင်းကို အံ့အားသင့်သွားစေမှာ အသေအချာပါပဲ" လို့ သူမက အမှန်အတိုင်း ပြောလိုက်တယ်။

မိုက်ကယ်က ခေါင်းညိတ်လိုက်တယ်၊ လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ သူနဲ့ သူ့ရဲ့ မဟာမိတ်တွေ အောင်မြင်ခဲ့တဲ့ အရာတွေအတွက် သူ ဂုဏ်ယူနေမိတာပေါ့။

"ဒါနဲ့ နေပါဦး၊ မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ" လို့ သူက သူမကို မေးလိုက်တယ်။

အက်ဂ်နက်စ်က တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်တဲ့ အချိန်မှာပဲ ရုတ်တရက်ဆိုသလို လမ်းမတွေတစ်လျှောက် တပ်ဆင်ထားတဲ့ စပီကာတွေဆီကနေ တမြည့်မြည့်အသံတွေ ထွက်ပေါ်လာတယ်။

တစ်စုံတစ်ယောက်က စင်ပေါ်မှာရောက်နေပြီပေါ့။ ရီနေးတားနိုင်ငံသား မဟုတ်တဲ့ တခြားတစ်စုံတစ်ယောက်က သီချင်းတစ်ပုဒ်ကို ဖျော်ဖြေတော့မှာပါ။

ဒါက ဂီတပွဲတော်ကြီးရဲ့ အစီအစဉ်တွေထဲက အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီကိစ္စတစ်ခုလုံးက ကင်းစ်နယ်မြေတစ်ခွင်လုံးက ဂီတပါရမီရှင်တွေကို ရှာဖွေပြီး ပျိုးထောင်ပေးဖို့ ရည်ရွယ်ထားတာဖြစ်လို့ ဂီတပါရမီရှိတဲ့ ဘယ်သူမဆို စင်ပေါ်မှာ သူတို့ရဲ့ စွမ်းရည်တွေကို ပြသဖို့ မိုက်ကယ်က ဖိတ်ခေါ်ထားတာပေါ့။

အကယ်၍ သူတို့က အလားအလာရှိတယ်ဆိုရင် နိုင်ငံတော်ထဲမှာ တရားဝင်နိုင်ငံသားအဖြစ် ချက်ချင်း ခေါ်ယူခန့်အပ်မှာဖြစ်ပြီး သူတို့ရဲ့ ပါရမီတွေကို နိုးထစေတာ ဒါမှမဟုတ် သွေးမျိုးဆက်ဆက်နွှယ်မှုတွေကို တိုးတက်ပြောင်းလဲစေတာမျိုးတွေကို လုပ်ဆောင်ခွင့် ရရှိမှာဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ စပီကာတွေဆီကနေ ဂစ်တာတီးခတ်သံ တစ်ချက် ထွက်ပေါ်လာတာကြောင့် အဆိုတော်အသစ်က ဂစ်တာသမားတစ်ယောက် ဖြစ်ပုံရတယ်။

မိုက်ကယ်က ဒါကို ဂရုမစိုက်ဘဲ ထားလိုက်ဖို့ ပြင်ပေမဲ့ အဲဒီဂစ်တာသမားက စင်ပေါ်မှာ ငြိမ့်ညောင်းတဲ့ သံစဉ်တစ်ခုကို စတင်တီးခတ်လိုက်တဲ့ အခါမှာတော့ သူနဲ့ တခြားသူတွေ တစ်ညလုံး ကြားနေရတဲ့ အသံတွေနဲ့ လုံးဝကို ကွဲပြားနေတာပေါ့။

သူက စင်ဘက်ကို ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်တယ်။

အဲဒီ ကော့ဒ်တွေ စီစဉ်ထားပုံ၊ အဲဒီ သံစဉ်တွေ၊ နှလုံးသားကို ထိခိုက်စေတဲ့ အဲဒီ ကြိုးခတ်သံတွေက သူ့အတွက် တစ်ခုခု ရင်းနှီးနေသလိုပဲ၊ သူ ဒီကမ္ဘာကို ပြန်လည်ဝင်စားလာကတည်းက တစ်ခါမှ မကြားဖူးတော့တဲ့ အရာတစ်ခုပေါ့။

တူရိယာသံစဉ် အစပိုင်းက ဆက်ပြီး ထွက်ပေါ်နေတာနဲ့အမျှ မိုက်ကယ်ရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းအချို့ ပြန်ပေါ်လာတယ်။ ဒါတွေက ဗန်ဒါဘစ် မိသားစုရဲ့ ပါရမီရှင်သားလေးရဲ့ မှတ်ဉာဏ်တွေ မဟုတ်ပါဘူး။ ဒါက ကွန်ပျူတာရှေ့မှာပဲ တစ်နေကုန် အချိန်ကုန်ခဲ့တဲ့ စိတ်ကုန်နွမ်းလျနေတဲ့ မိုက်ကယ်အဟောင်းရဲ့ မှတ်ဉာဏ်တွေပဲ ဖြစ်ပါတယ်။

ဒါက သူ့ကို စိတ်ဓာတ်ကျတာတွေ၊ လွမ်းမောတာတွေနဲ့ ကမ္ဘာပေါ်မှာ ဘာမှအရေးမပါတော့ဘူးလို့ ခံစားနေရတာတွေကနေ ကယ်တင်ပေးခဲ့တဲ့ သီချင်းပဲလေ။

ဒီသီချင်းကို နောက်ထပ်တစ်ခါ ပြန်ကြားရလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။

'ဘာတွေ ဖြစ်နေတာလဲ နိုဗာ မင်း ဒီသီချင်းကို ဂီတသမားတွေထဲက တစ်ယောက်ယောက်ကို သင်ပေးလိုက်တာလား'။

[သူတို့တွေက ဒီသီချင်းကို စနစ်ဆီကနေ သင်ယူထားတာ မဟုတ်ပါဘူး] လို့ နိုဗာ က ပြန်ဖြေတယ်။

"သခင် ဘာဖြစ်လို့လဲ" လို့ ဒရာဂွန်ဘွန်းတွေက မိုက်ကယ်မှာ တစ်ခုခု မှားနေပြီဆိုတာ သတိထားမိသွားကြတယ်။ သူက သူတို့နဲ့ တွေ့ခဲ့တဲ့ ပေါ့ပေါ့ပါးပါး ခေါင်းဆောင်တစ်ယောက်လို မဟုတ်တော့ဘူးလေ။

သူက ခံစားချက်တွေ ပြင်းထန်နေသလိုပဲ၊ နာကျင်နေတဲ့ ပုံစံလည်း ပေါက်နေတယ်။

မိုက်ကယ်က ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ စင်ရှိရာဘက်ကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။ သီချင်းရဲ့ အစပိုင်းပြီးခါနီးမှာပဲ သူ့ရဲ့ ခြေလှမ်းတွေက ပိုမြန်လာတယ်။

"...လမင်းကြီးကို ဖြတ်ကျော်လို့ မင်းနဲ့အတူ ငါ ရှိနေမှာပါ..."

အမျိုးသမီးတစ်ယောက်ရဲ့ နတ်သူငယ်လေးလို သာယာတဲ့ အသံက နိုင်ငံတော်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး နားထောင်နေတဲ့ လူတိုင်းရဲ့ အာရုံကို ဖမ်းစားလိုက်တယ်။

သူတို့အားလုံး စင်ပေါ်က အဆိုတော်ဘက်ကို လှည့်ကြည့်လိုက်ကြပြီး သူမ ဘယ်လို ဘာသာစကားနဲ့ သီဆိုနေတာလဲဆိုတာကို သိချင်နေကြတာပေါ့။ အဲဒါက သူတို့အတွက်တော့ သူစိမ်းပြင်ပက အသံလိုပဲ။

ဒါပေမဲ့ သူမပြောတာကို သူတို့ နားမလည်ကြပေမဲ့၊ ပြီးတော့ သူမရဲ့ အသံက သူမအရင် သီဆိုသွားတဲ့ ရီနေးတား နိုင်ငံသား ဂီတသမားတွေလို မှော်ဆန်တဲ့ အကျိုးသက်ရောက်မှုတွေ မရှိပေမဲ့၊ သူမရဲ့ အသံထဲမှာ သူတို့ကို ပိုပြီး နားထောင်ချင်လာအောင် တိုက်တွန်းနေတဲ့ ပြောမပြနိုင်တဲ့ အရည်အသွေးတစ်ခု ရှိနေတယ်။

"သူမ ဘာတွေ သီဆိုနေတာလဲ"

"ကျွန်တော်လည်း မသိဘူး၊ ဒါပေမဲ့ အသံက တကယ်ကို လှပတာပဲ"

မိုက်ကယ် တစ်ယောက်တည်းသာ နားလည်ခဲ့တာပေါ့။

ဒါတွေက သူ့ရဲ့ အကြိုက်ဆုံး သီချင်းရဲ့ စာသားတွေအတိအကျပဲလေ။ သူ့ရဲ့ အရင်ဘဝတုန်းက လူသန်းပေါင်းများစွာရဲ့ နှလုံးသားကို ဖမ်းစားခဲ့တဲ့ အဲဒီ စည်းချက်၊ အဲဒီ လေယူလေသိမ်းနဲ့ အဲဒီ ခံစားချက်တွေအတိုင်းပဲ။

ပြီးတော့ အဲဒီ အသံ။ သူမရဲ့ ဖျော်ဖြေပွဲတိုင်းမှာ လူတွေက အော်ဟစ်အားပေးခဲ့ကြရတဲ့ အဲဒီ အသံအတိုင်းပါပဲ၊ သူ သိခဲ့တာထက်စာရင် အနည်းငယ် ပိုပြီး နုပျိုနေသလို ခံစားရပေမဲ့လည်းပေါ့။

ဒါက တိုက်ဆိုင်မှုသက်သက် မဟုတ်တော့ဘူး။ ဒီမှာ တစ်ခုခု ထူးဆန်းတာတွေ ဖြစ်နေပြီ။

".... ကံကြမ္မာဆိုးနဲ့ ချစ်သူတွေ၊ ဒါပဲ အရေးကြီးပါတယ်..."

မိုက်ကယ်ရဲ့ ခြေလှမ်းတွေက ပိုပြီး မြန်လာရာကနေ စင်အလယ်တည့်တည့်ဆီကို အားကုန် ပြေးသွားပါတော့တယ်။

"ငါတို့ရဲ့ ဘဝအဆက်ဆက်မှာ မင်းက တစ်ဦးတည်းသော သူပါ..."

စင်ရှေ့မှာ လူတွေ ပြည့်နှက်နေတာကြောင့် မိုက်ကယ် ဘာမှ မမြင်ရဘူး။

သူ့ရဲ့ ခြေဖဝါးအောက်မှာ ခိုင်မာလှတဲ့ လေဓာတ်တွေ ရုတ်တရက် ပေါ်ပေါက်လာပြီး လေထဲမှာ လမ်းလျှောက်နိုင်အောင် လုပ်ဆောင်ပေးလိုက်တယ်။

သူ ပိုပြီး နီးကပ်သွားတဲ့အခါ စင်အလယ်မှာ ရှိနေတဲ့ ဆံပင်နက်နက်နဲ့ မိန်းကလေးကို သူ မြင်လိုက်ရတယ်။ စင်ပေါ်က မီးအလင်းရောင်တွေက သူမအပေါ်ကို ဖြာကျနေပြီး ညအမှောင်အောက်မှာ သူမကို နတ်ဘုရားမတစ်ပါးလို ထင်ကျန်စေတယ်၊ သူ့ရဲ့ အရင်ကမ္ဘာတုန်းက သူမကို မြင်ခဲ့ရသလိုမျိုးပေါ့။

မိုက်ကယ်က လေထဲမှာ ရပ်တန့်သွားပြီး ယူနာ နဲ့ မျက်လုံးချင်း ဆုံကြည့်နေမိတယ်။

သူ စဉ်းစားနေမိတဲ့ တစ်ခုတည်းသော အရာကတော့...

ယူနာ ကလည်း သူမရှေ့မှာ လွင့်ပျံနေတဲ့ ကောင်လေးကို ကြည့်ရင်း သိလိုက်ပြီပေါ့။ သူက နတ်ဘုရားမ ပြောနေတဲ့ လူပဲ။

'သူက ပြန်လည်ဝင်စားလာသူပဲ'

All Chapters