← Chapters

အခန်း (၁၈၆၁-၁၈၆၂)

Vol. 187 Ch. 1861-1862

အခန်း (၁၈၆၁-၁၈၆၂)

Vol. 187 Ch. 1861-1862

အခန်း (၁၈၆၁) - ကျောင်းတော်

"ဇန့်ရွှယ် ... ဒီကလေးကို ကြည့်ရတာ ဖန့်လဲ့ နဲ့ မတူဘူးလား"

ကျန်းဝူသူတော်စင်လောင်းလျာသည် သူတော်စင်မျှော်စင်အတွင်းမှ မြင်ကွင်းကို ကြည့်ရင်း ရုတ်တရက် စကားစလိုက်သည်။

သူ၏ နောက်ဘက်မှ ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်လာခဲ့သည်။ သူမမှာ လော့ရွှယ်မဟာမိတ် မှ ဇန့်ရွှယ် ဖြစ်သည်။ သူမသည် မိမိ၏ အတွင်းနယ်မြေသို့ မပြန်ဘဲ ကျန်းဝူသူတော်စင်လောင်းလျာ၏ အတွင်းနယ်မြေထဲ၌သာ တိုက်ပွဲကို အတူတူ စောင့်ကြည့်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

"အလုပ်လုပ်ပုံ လုပ်နည်းကတော့ အတော်လေး ဆင်တူတယ်။ ရည်မှန်းချက် အောင်မြင်ဖို့အတွက်ဆိုရင် ဘယ်လို နည်းလမ်းမျိုးကိုမဆို သုံးတတ်တာမျိုးပေါ့"

ဇန့်ရွှယ်က အေးစက်စွာ ဆိုသည်။

"သူ နိုးထထားတာကလည်း ဓားနတ်ဘုရားစွမ်းအားပဲ။ ပြီးတော့ အဆင့်တူ ပြင်ပမျိုးနွယ် တန်ခိုးရှင် အယောက်ပေါင်း ဆယ်ဂဏန်းကို ဓားတစ်ချက်တည်းနဲ့ နှိမ်နင်းနိုင်ခဲ့တယ်။ ဒီပြင်ပမျိုးနွယ်တွေရဲ့ အစွမ်းကလည်း မညံ့ကြဘူး။ ဒီလို ပါရမီမျိုးသာ တခြား အင်အားကြီးမျိုးနွယ်စုတွေမှာ မွေးဖွားခဲ့မယ်ဆိုရင် အနာဂတ်မှာ သူက နဂါးသူတော်စင် လို ပုဂ္ဂိုလ်မျိုး ဖြစ်လာမှာပဲ"

ကျန်းဝူသူတော်စင်လောင်းလျာက တိုးတိုးလေး ရေရွတ်လိုက်သည်။

ဇန့်ရွှယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး

"ရှင် ဘာပြောချင်တာလဲ"

"လူသားမျိုးနွယ်မှာ ဖန့်လဲ့ တစ်ယောက်တည်း ရှိနေတာနဲ့တင် လုံလောက်နေပြီ။ နောက်ထပ် တစ်ယောက် ထပ်တိုးလာတာက ငါတို့အတွက် ဘာမှ အကျိုးမရှိဘူး"

ကျန်းဝူသူတော်စင်လောင်းလျာက ဆိုလိုက်သည်။

ဇန့်ရွှယ် ခဏမျှ စဉ်းစားနေပြီးနောက် အေးစက်စွာ မေးလိုက်သည်။

"ရှင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ။ မျှော်စင်ထဲက တိုက်ပွဲအခြေအနေကို ငါတို့ စွက်ဖက်လို့ မရဘူးလေ"

"သူသာ မျှော်စင်ထဲမှာ သေသွားရင်တော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ သူသာ အသက်ရှင်လျက် ပြန်ထွက်လာခဲ့ရင်... မင်းနဲ့ငါ ပူးပေါင်းပြီး သူ့ကို ဒီမှာတင် အပြီးသတ်ကြမယ်"

ကျန်းဝူသူတော်စင်လောင်းလျာ၏ အသံမှာ လေးနက်အေးစက်နေသည်။

"အဲဒါဆိုရင် ဖန့်လင် ကို ရင်ဆိုင်ရလိမ့်မယ်။ သူမရဲ့ နောက်ကွယ်မှာ ဝမ်တောက်သူတော်စင် ရှိနေတာ။ ဒီမိန်းမက... သူသုံးတဲ့ နတ်ဘုရားစွမ်းအားရော သူ့ရဲ့ နောက်ခံရောက ဖန့်လဲ့ထက်တောင် ကိုင်တွယ်ရ ခက်ခဲနိုင်တယ်။ လော့ရွှယ်သူတော်စင် ကလည်း ငါ ဒီလိုလုပ်တာကို သဘောတူမှာ မဟုတ်ဘူး"

ဇန့်ရွှယ်က မျက်မှောင်ကြုတ်ကာ ဆိုသည်။

"ဖန့်ချန်းယွဲ့ က အဲဒီတုန်းက မင်းလက်ထဲမှာ သေခဲ့တာ။ ဖန့်လဲ့ကလည်း အဲဒီတုန်းက မင်းကို အသေခံခိုင်းပြီး မကယ်ခဲ့ဘူး။ မင်းနဲ့ ဖန့်မျိုးနွယ်စုကြားမှာ ရေနဲ့မီးလို ဖြစ်နေပြီလေ။ လော့ရွှယ်သူတော်စင် ဘက်ကလည်း မင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါ နှစ်ယောက်စလုံးက သူတော်စင် ဖြစ်လာဖို့ အခွင့်အရေး ရှိနေတာပဲဥစ္စာ"

ကျန်းဝူသူတော်စင်လောင်းလျာက ဖျောင်းဖျလိုက်သည်။

"အဲဒီအချိန်ကျမှပဲ ကြည့်ကြသေးတာပေါ့"

ဇန့်ရွှယ်က သဘောလည်းမတူ၊ ငြင်းလည်းမငြင်းဘဲ ဝေဝေဝါးဝါးသာ တုံ့ပြန်လိုက်သည်။

ကျန်းဝူသူတော်စင်လောင်းလျာသည် ထိုစကားကို ကြားသောအခါ မျက်လုံးထဲ၌ အောင်နိုင်မှု အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်ကာ ဆက်လက် မတိုက်တွန်းတော့ပေ။

သူတော်စင်မျှော်စင်အတွင်း

ကျင်ကန်းမျိုးနွယ် အမျိုးသမီးသည် နောက်ဆုံးတွင် ဝိုင်းရံတိုက်ခိုက်မှုကြောင့် အသက်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ကျန်ရှိသူများက ခုနက ဖန့်ချန် အင်အားချွေတာခဲ့သည့် ကိစ္စကို စာရင်းရှင်းရန် ပြင်လိုက်ကြသည်။

"မင်း... ခုနက ငါတို့ အပင်ပန်းခံနေချိန်မှာ ရေသာခိုနေတာ ဇိမ်ကျနေတယ်ပေါ့လေ ငါတို့ အင်အားကုန်ခမ်းသွားချိန်ကျမှ မင်းက တစ်ချက်တည်းနဲ့ အမြတ်ထုတ်မလို့လား"

မသေမျိုးတစ်ဦးက ဖန့်ချန်ကို ကြည့်ကာ အဆက်မပြတ် လှောင်ပြောင်လိုက်သည်။

ကျန်ရှိသော လေးဦးကလည်း နားလည်မှုရှိရှိဖြင့် ဖန့်ချန်ကို ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။ သူတို့ထဲမှ တစ်ဦးက ဆိုသည်။

"သူ့ကို အရင်သတ်လိုက်ကြရအောင်။ ပြီးမှ ငါတို့ လေးယောက် အနိုင်အရှုံးလုပြီး နောက်ဆုံးတစ်ယောက်ကို ရွေးကြတာပေါ့"

"ဒါက ပိုကောင်းတယ်"

"အဲဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်"

နောက်တစ်ခဏတွင် မသေမျိုး ငါးဦးစလုံးက ဖန့်ချန်ထံသို့ တပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ အမြင်တွင် ကျင်ကန်းမျိုးနွယ် အမျိုးသမီးတောင် ဤဝိုင်းရံမှုကို မခံနိုင်ခဲ့လျှင် ရှေ့မှ ရေသာခိုနေသော အရှက်မရှိသည့် လူသားမှာ မည်မျှကြာကြာ ခံနိုင်မည်နည်းဟု ယူဆထားကြသည်။

အများဆုံး သုံးငါးချက်ပေါ့...

သို့သော် သုံးငါးချက် ကြာပြီးနောက်တွင်မူ ထိုမသေမျိုး ငါးဦးစလုံး တစ်ယောက်ပြီးတစ်ယောက် ကျရှုံးသွားခဲ့လေပြီ။

ဤသို့ဖြင့် သေမင်းတိုက်ပွဲနယ်မြေအတွင်း ဖန့်ချန် တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်တော့သည်။

တောင်ကုန်းတစ်ခုအလား ကြီးမားသော သေမင်းတိုက်ပွဲတံဆိပ်ပြားကြီးသည် ချက်ချင်းပင် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖန့်ချန်ထံသို့ အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။

ဖန့်ချန်က မလှုပ်မယှက်ဘဲ ထိုအလင်းတန်းကို ငြိမ်သက်စွာ ကြည့်နေခဲ့သည်။

ထိုရွှေရောင်အလင်းမှာ ဖန့်ချန်၏ ကိုယ်ကို တစ်ပတ်ပတ်သွားပြီးနောက် နောက်ဆုံးတွင် သူ၏ ကျောဘက်၌ မှိန်ဖျော့ဖျော့ အလင်းကွင်းတစ်ခုအဖြစ် တည်ရှိသွားတော့သည်။

'မျှော်စင်တိုက်ပွဲက ထင်သလောက် မလွယ်ကူဘူးပဲ။ ဒါက အစွမ်းထက်တဲ့သူတွေကို ကန့်သတ်ချက်ထားပြီး အားနည်းအောင် လုပ်လိုက်တာပဲ'

ဖန့်ချန် မျက်မှောင်ကြုတ်သွားသည်။

ဤအလင်းကွင်းသည် သူက သေမင်းတိုက်ပွဲတစ်ခုတွင် နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်သူ ဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ အကယ်၍ နှစ်ကြိမ်ဆိုလျှင် အလင်းကွင်း နှစ်ခု ဖြစ်လာနိုင်ချေ ရှိသည်။

ဤအလင်းကွင်း ရှိနေခြင်းကြောင့် နောက်ပိုင်းတွင် မည်သူနှင့်တွေ့တွေ့ သူသည် သေမင်းတိုက်ပွဲမှ အသက်ရှင်ကျန်ရစ်သူမှန်း သိသွားကြမည်ဖြစ်ရာ မည်သူမျှ သူ့ကို အထင်မသေးရဲတော့ပေ။

ဤအချက်က ဖန့်ချန်အား "ဝက်ကဲ့သို့ဟန်ဆောင်၍ ကျားကိုစားခြင်း" (အားနည်းဟန်ဆောင်၍ အနိုင်ယူခြင်း) နည်းလမ်းကို အသုံးမပြုနိုင်အောင် လုပ်လိုက်ခြင်းပင်။

သို့သော်လည်း တစ်ဖက်တွင်မူ ဖန့်ချန်အတွက် အလုပ်ရှုပ်သက်သာစေသည်။ အင်အားမရှိသူများသည် သူ့ကို မြင်သည်နှင့် တိုက်ခိုက်ရန် မစဉ်းစားဘဲ ချက်ချင်း ထွက်ပြေးကြပေလိမ့်မည်။

ဒါပေမဲ့... သူတို့တွေ ပူးပေါင်းပြီး ဝိုင်းတိုက်ဖို့ကိုလည်း ရွေးချယ်နိုင်ကြသေးတာပဲ။

'အဆင့်တစ်သိန်းအတွင်း ဝင်ဖို့ ခက်ခဲတယ်ဆိုတာ မဆန်းပါဘူး။ ဘယ်လောက်ပဲ ပါရမီရှိပါစေ ဝိုင်းရံတိုက်ခိုက်ခံရရင် သေသွားနိုင်တာပဲ။ ဒါက ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ် က လူတော်တွေကို ရွေးချယ်တဲ့ နည်းလမ်းတစ်ခုပဲ။ သူတို့က လူတော်တွေအပေါ် ထားရှိတဲ့ သတ်မှတ်ချက်က ထင်ထားတာထက်တောင် ပိုမြင့်နေသေးတယ်'

ဖန့်ချန်သည် ဟင်းလင်းပြင်ထဲရှိ ရိပ်ရေးရေးသာ မြင်နေရသော အတွင်းနယ်မြေ တံခါးပေါက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကိုယ်ရောင်ဖျောက်လျက် အဝေးသို့ လျှပ်စီးတန်းတစ်ခုအလား ပြေးထွက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အခြားသော မျှော်စင်နယ်မြေများ၌လည်း သေမင်းတိုက်ပွဲများ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေသည်။

လူပေါင်းများစွာမှာ တစ်ဦးပြီးတစ်ဦး သေဆုံးကာ ပြိုင်ပွဲမှ ထွက်ခွာနေကြရသည်။ မျှော်စင်တိုက်ပွဲ စတင်ပြီး ရက်အနည်းငယ်အတွင်းမှာတင် ပါဝင်သူ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်အထိ သေဆုံးခဲ့ရသည်ဟု ဆိုနိုင်သည်။ ပါဝင်သူ အရေအတွက်မှာ အလွန်အမင်း များပြားလွန်းလှသဖြင့် ဤကဲ့သို့သော ထုတ်ပယ်မှုမှာ ရှောင်လွှဲ၍ မရနိုင်သော အခြေအနေပင်။

"ဖန့်ဟန် ... ဒီနေ့ မင်းတို့ ဖန့်မျိုးနွယ်စု သေရမယ့်နေ့ပဲ၊ မပြေးနဲ့တော့၊ သူရဲကောင်းပီပီ အသေခံလိုက်စမ်းပါ၊ ဟားဟား "

"ဝမ်ချုံစန်း ... မထင်မှတ်ထားဘူးနော်၊ ငါတို့ ဒီလောက်မြန်မြန် ပြန်တွေ့ကြလိမ့်မယ်လို့။ အရင်က နဂါးသူတော်စင်မြို့မှာ မင်း တော်တော် သောင်းကျန်းခဲ့တာ မဟုတ်လား၊ အခု ဆက်ပြီး သောင်းကျန်းကြည့်စမ်းပါဦး "

"ရှန့်ဟုန် ... မင်းလို ခွေးကောင်"

"ဖန့်ချန်းရွှယ် ... ဒီနေ့ နင်နဲ့ငါ အသေအလဲ တိုက်ကြရအောင်"

"ကျင်ကျန်းဝူ ကို လူတိုင်းက ကြောက်ကြပေမဲ့ ငါက ကြောက်မယ် ထင်နေလား။ တိုက်ချင်ရင် တိုက်စမ်းပါ၊ စကားတွေ အပိုပြောမနေနဲ့"

"နားထောင်ကြစို့ ... ဒီဖန့်မျိုးနွယ်စုက အခြေတည်အဆင့်တွေ အကုန်လုံးကို သတ်ပစ်ကြ၊ တစ်ယောက်မှ အရှင်မထားနဲ့"

"အားလုံးပဲ ... ဒီကျန်းရန်မဟာမိတ် က ယုန်သူငယ်လေးတွေကို အသေခံ တိုက်ကြရအောင် "

လူသားမျိုးနွယ်ဝင်များ မျှော်စင်အတွင်း၌ ရင်ဆိုင်နေရသော ပဋိပက္ခများသည် ဤမျှော်စင်တိုက်ပွဲကြီးအတွင်း၌ ဖြစ်ပျက်နေသော သာမန်ဖြစ်ရပ်များသာ ဖြစ်သည်။ ပြင်ပမျိုးနွယ်စုများကြားတွင်လည်း ဤကဲ့သို့သော ကိစ္စရပ်များမှာ နေရာအနှံ့ ပေါ်ပေါက်နေသဖြင့် မည်သူမျှ အထူးတလည် အာရုံမစိုက်မိကြပေ။

"ခြောက်လ ရှိသွားပြီ..."

ဖန့်ချန်သည် တောင်လမ်းလေးအတိုင်း လျှောက်လာခဲ့ရာ ရှေ့နားတွင် ဘုရားကျောင်း သို့မဟုတ် ပုထိုးတစ်ခုကို ရိပ်ရေးရေး မြင်တွေ့လိုက်ရသည်။

သူ၏ ကျောဘက်တွင်မူ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းကွင်း သုံးခု ရှိနေသည်။

တိုတောင်းလှသော ခြောက်လအတွင်း သူသည် သေမင်းတိုက်ပွဲ သုံးကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရသည်။ ပထမအကြိမ်မှလွဲ၍ ကျန်နှစ်ကြိမ်မှာ ကံမကောင်းစွာဖြင့် လမ်းကြုံဖြတ်သွားစဉ် သေမင်းတိုက်ပွဲတံဆိပ်ပြားက သူ့ကို နယ်မြေအတွင်း ပိတ်မိသွားစေခဲ့ခြင်း ဖြစ်သည်။

သူ့လက်ထဲတွင် အသက်ပျောက်ခဲ့သော ပြင်ပမျိုးနွယ် တန်ခိုးရှင်များမှာ မရေမတွက်နိုင်အောင် များပြားလှပြီ ဖြစ်သော်လည်း ယခုထိ သူနှင့် မျိုးနွယ်တူ လူသားမသေမျိုးတစ်ဦးကိုမျှ မတွေ့ရသေးပေ။ ဤသေမင်းတိုက်ပွဲများကို ဖြတ်သန်းခဲ့ရခြင်းက ပြင်ပမျိုးနွယ်များ ပိုင်ဆိုင်သည့် နတ်ဘုရားစွမ်းအား အမျိုးမျိုးကို သူ့အား မျက်စိပွင့်စေခဲ့သည်။ အချို့သော ထူးခြားသည့် ဖြစ်ရပ်များမှလွဲ၍ လူတိုင်း၏ နတ်ဘုရားစွမ်းအားမှာ ပုံစံချင်း မတူသော်လည်း အခြေခံသဘောတရားမှာမူ အတူတူပင် ဖြစ်သည်။

မကြာမီမှာပင် ဖန့်ချန်သည် ထိုကျောင်းတော် ရှေ့သို့ ရောက်ရှိလာသည်။ သို့သော် သူက ချက်ချင်း အထဲသို့ မဝင်ဘဲ အရိပ်ထဲတွင် ကိုယ်ရောင်ဖျောက်ကာ တိတ်တဆိတ် အကဲခတ်နေခဲ့သည်။

"ဒီတစ်ခါ သတ်ရတာ တကယ် အရသာရှိတာပဲ။ ငါတို့လက်ထဲမှာ သေသွားတဲ့ လူသားမသေမျိုးတွေက တစ်ရာမပြည့်ရင်တောင် ရှစ်ဆယ်လောက်တော့ ရှိပြီ မဟုတ်လား"

"အဲဒီလောက်တော့ ရှိမှာပါ။ ငါတို့က မီးနတ်ဘုရားမျိုးနွယ် အတွက် လူသားမျိုးနွယ်ရဲ့ ပါရမီရှင် မျိုးဆက်တွေကို ဖြတ်တောက်ပေးလိုက်တာပဲ။ သူတို့သာ ဒီမှာ မသေသွားရင် နောင်ကျရင် ကန့်သတ်ချက်ကျော်လွန်သူတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်"

မီးနတ်ဘုရားမျိုးနွယ် မှ မသေမျိုး တစ်စုသည် ဖြည်းဖြည်းချင်း လျှောက်လာကြသည်။ စုစုပေါင်း ရှစ်ဦးရှိပြီး တစ်ဦးချင်းစီမှာ အဆင့် ၆ အထွတ်အထိပ်များ ဖြစ်ကြကာ အခြေခံအင်အားမှာလည်း အလွန်တောင့်တင်းကြသည်။ သူတို့၏ အစွမ်းမှာ 'ရှဲ့အာမန်' ၏ အဆင့်အတန်းနီးပါး ရှိနေသည်ဟု ဖန့်ချန် ခံစားမိသည်။

သူတို့၏ စကားဝိုင်းအရ ဤမီးနတ်ဘုရားမျိုးနွယ်ဝင်များသည် လူသားမသေမျိုး အမြောက်အမြားကို သတ်ဖြတ်ခဲ့ကြောင်း သိလိုက်ရသည်။

"ဟောဒီမှာ ကျောင်းတော် ရှိသားပဲ။ အထဲဝင်ကြည့်ရအောင်၊ ထူးခြားတဲ့ အရာတစ်ခုခု ရှိနိုင်တယ်"

မီးနတ်ဘုးမျိုးနွယ် မသေမျိုးတစ်ဦးက အကြံပြုလိုက်သည်။

"အန္တရာယ် တစ်ခုခု ရှိနေမှာကိုတော့ ကြောက်ရမယ်"

ကျန်ရှိသော မျိုးနွယ်များက ခေါင်းယမ်းလိုက်ကြသည်။

"ဒီမှာ အကြာကြီး မနေနဲ့ဦး။ ငါတို့ ရှစ်ယောက် ပူးပေါင်းရင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူးဆိုပေမဲ့ သူများ ချောင်းမြောင်းတာ ဒါမှမဟုတ် သေမင်းတိုက်ပွဲနယ်မြေထဲ အတင်းဆွဲသွင်းခံရမှာကိုတော့ သတိထားရမယ်"

"ဒီကျောင်းတော်ထဲမှာ နဂါးသူတော်စင် ချန်ထားခဲ့တဲ့ ရတနာတွေ ရှိနေရင်ကော "

"အဲဒါဆိုရင်တော့ တစ်ချက်လောက် ဝင်ကြည့်တာပေါ့"

ထိုမီးနတ်ဘုရားမျိုးနွယ်တစ်စုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ကျောင်းတော် ဆီသို့ လျှောက်လှမ်းသွားကြသည်။

သို့သော် လမ်းတစ်ဝက်သို့ ရောက်သောအခါ ထိုရှစ်ဦးစလုံးမှာ နားလည်မှုရှိရှိဖြင့် ကျောင်းတော်ဆီသို့ မိမိတို့၏ အစွမ်းထက်ဆုံး တိုက်ကွက်များဖြင့် တပြိုင်တည်း တိုက်ခိုက်လိုက်ကြတော့သည်။

နောက်တစ်ခဏတွင် ကြီးမားလှသော လျှာကြီးတစ်ချောင်းသည် ကျောင်းတော်အတွင်းမှ လျှပ်စီးကဲ့သို့ ပြေးထွက်လာပြီး မီးနတ်ဘုရားမျိုးနွယ် ရှစ်ဦးကို တိုက်ခိုက်လိုက်သည်။

"ဟားဟား ဒါ ချန်ရှန်းမဟာမိတ် က တန်ခိုးရှင် ဖြစ်ရမယ်ဆိုတာ ငါသိသားပဲ။ ဒါက နတ်ဘုရားငါးပါးဝတ်ကျောင်းတော် ရဲ့ နတ်ဘုရားစွမ်းအား မဟုတ်လား။ ဒီနေ့တော့ မင်း ငါတို့ ညီအစ်ကိုတွေလက်ထဲမှာ သေရတော့မယ် "

မီးနတ်ဘုရား မျိုးနွယ် တန်ခိုးရှင်တစ်ဦးမှာ ကြောက်လန့်သွားခြင်းမရှိဘဲ ဝမ်းသာအားရဖြင့် ကြုံးဝါးလိုက်လေတော့သည်။

အခန်း (၁၈၆၂) - ပြောမနေတော့တာပဲ ကောင်းပါတယ်

အရိပ်အာဝါသများအတွင်း၌ ဖန့်ချန်သည် နှစ်ဖက်တိုက်ခိုက်နေကြသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

တစ်ဖက်တွင်... အဆင့် (၆) အထွတ်အထိပ်သို့ ရောက်ရှိထားသည့် မီးနတ်ဘုရားမျိုးနွယ်မှ အစွမ်းထက်ပုဂ္ဂိုလ် ရှစ်ဦးရှိနေသည်။

အခြားတစ်ဖက်တွင်မူ... ချန်ရှန်း၏ လက်အောက်ခံ အဆင့် (၆) တစ်ဦးရှိနေသည်။

မီးနတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားစွမ်းအားများနှင့် နှိုင်းယှဉ်ပါက ဤချန်ရှန်းမဟာမိတ် နတ်ဘုရားစွမ်းအားရှင်၏ ဝတ်ကျောင်းတော် နတ်ဘုရားစွမ်းအားမှာ ပို၍ပင် ထူးခြားဆန်းပြားသည်ဟု ထင်ရသည်။

'ဒီနတ်ဘုရားစွမ်းအားက လူတစ်ကိုယ်လုံးကို ဝတ်ကျောင်းတော်အဖြစ် ပြောင်းလဲပစ်နိုင်တာပဲ... တကယ့်ကို ထူးဆန်းလှတယ်'

ဖန့်ချန်၏ မျက်ဝန်းအိမ်အတွင်း ရှေးဦးနတ်ဘုရားမျက်လုံး ၏ အလင်းတန်းများ စီးဆင်းလှုပ်ရှားနေသည်။ သူသည် ထို ဝတ်ကျောင်းတော် နတ်ဘုရားစွမ်းအားကို အသေးစိတ် စစ်ဆေးကြည့်ရှုနေခြင်း ဖြစ်သည်။

ထိုသူ့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်များသည် တစ်နေရာရာ၌ ရင်းနှီးနေသလို ခံစားရသော်လည်း အချိန်အတော်ကြာသည်အထိ စဉ်းစားမရနိုင်သေးပေ။

ထိုစဉ် လျှပ်စီးတန်းသဖွယ် မြန်ဆန်လှသော ခဏအတွင်းမှာပင် မီးနတ်ဘုရားမျိုးနွယ် တစ်ဦးမှာ သတိလက်လွတ်ဖြစ်သွားပြီး ဝတ်ကျောင်းတော်အတွင်းမှ ပြေးထွက်လာသော လျှာကြီး၏ ပတ်နွယ်ခြင်းကို ခံလိုက်ရကာ ဝတ်ကျောင်းတော်အတွင်းသို့ ဆွဲသွင်းခံလိုက်ရတော့သည်။

ရင်နာစရာကောင်းလှသော အော်ဟစ်သံကြီးနှင့်အတူ လူအုပ်ကြီးသည် တစ်စုံတစ်ခုကို ဝါးမြိုနေသည့် အသံကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။

ကျန်ရှိသော မီးနတ်ဘုရားမျိုးနွယ် ခုနစ်ဦးမှာ ဒေါသတကြီး ကြုံးဝါးလိုက်ကြပြီး ဝတ်ကျောင်းတော်ဆီသို့ ပြင်းထန်သော တိုက်ကွက်များကို ဆက်တိုက် ထိုးနှက်လိုက်ကြတော့သည်။

အချို့က ပေတစ်ရာကျော် ရှည်လျားသော မီးနဂါးကြီးကို စေခိုင်းကာ ဝတ်ကျောင်းတော်ကို ရိုက်ခတ်သည်။ အချို့ကမူ အရာအားလုံးကို လောင်ကျွမ်းစေနိုင်သော မီးပင်လယ်ကြီးကို ဖန်တီးကာ ဝတ်ကျောင်းတော်ကို နစ်မြုပ်စေသည်။ သို့သော် သူတို့ မည်သို့ပင် တိုက်ခိုက်ပါစေ... ဝတ်ကျောင်းတော်မှာမူ မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခုဖြင့် အမြဲကာကွယ်ထားသဖြင့် အနည်းငယ်မျှပင် ပျက်စီးသွားခြင်း မရှိချေ။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ဝါးမြိုသံများ ပျောက်ကွယ်သွားခဲ့သည်။ ဝတ်ကျောင်းတော်၏ အငွေ့အသက်မှာ သိသိသာသာ တိုးမြင့်လာပြီး ကြီးမားလှသော လျှာကြီးမှာ နဂါးတစ်ကောင်ကဲ့သို့ တိုးထွက်လာကာ ကျန်ရှိသော မီးနတ်ဘုရားမျိုးနွယ် ခုနစ်ဦးထံသို့ ထပ်မံဦးတည်လိုက်ပြန်သည်။

'စိတ်ဝင်စားဖို့ ကောင်းသားပဲ... အဆင့် (၆) မသေမျိုး တစ်ယောက်ကို ဝါးမြိုလိုက်တာနဲ့ သူ့ရဲ့ ကျင့်စဉ်အဆင့်က သိသိသာသာ တိုးလာတာပဲ'

'ဒါဆိုရင် တိုက်ပွဲကြာလေလေ သူက ပိုသန်မာလာလေလေပေါ့... ဒါမှာ အားနည်းချက်ဆိုတာရော မရှိဘူးလား'

'ဝမ်အိုကြီးက ချန်ရှန်းမဟာမိတ်ကို ဘာကြောင့် ဒီလောက်တောင် ကြောက်ရွံ့နေရလဲဆိုတာ မဆန်းပါဘူး။ ဒီနတ်ဘုရားစွမ်းအားက နတ်ဘုရားနယ်မြေမှာတောင် နေရာတစ်နေရာ ရနိုင်လောက်တယ်'

ဖန့်ချန်က စူးစမ်းစွာ အကဲခတ်ရင်း ဤနတ်ဘုရားစွမ်းအား၏ အားနည်းချက်ကို ရှာဖွေနေခဲ့သည်။

ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ထိုမီးနတ်ဘုရားမျိုးနွယ် ခုနစ်ဦးမှာ ရှေ့ကလူ၏ သင်ခန်းစာကို ရထားသဖြင့် အလွန်အမင်း သတိကြီးစွာ ထားလာကြသည်။ ဝတ်ကျောင်းတော်က သူတို့ကို ဝါးမြိုနိုင်မည့် အခွင့်အရေးကို လုံးဝမပေးတော့ချေ။

နှစ်ဖက်စလုံးမှာ အခြေအနေ တန့်သွားခဲ့သည်။

"ဟေးဟေး... မင်းတို့ ငါ့ကို သတ်ချင်တာ မဟုတ်လား ဘာလို့ အဝေးကြီးမှာ ပုန်းနေကြတာလဲ၊ မြန်မြန် ရှေ့တက်လာခဲ့ကြစမ်းပါ... ငါ့ရဲ့ ဝတ်ကျောင်းတော်အတွက် မင်းတို့ကို ယဇ်ပူဇော်ချင်နေပြီ "

ဝတ်ကျောင်းတော်အတွင်းမှ ဝင့်ကြွားလှသော ရယ်သံကြီး ထွက်ပေါ်လာသည်။

မီးနတ်ဘုရားမျိုးနွယ် ခုနစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တပြိုင်တည်း ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ကြသည် အနောက်လှည့်ကာ ပြန်ဆုတ်သွားကြခြင်းပင်။

သူတို့သည် ဆက်လက် တိုက်ခိုက်နေခြင်း မပြုတော့ဘဲ တိုက်ရိုက် ထွက်ခွာသွားကြသည်။ ၎င်းမှာ သူတို့၏ လက်ရှိအစွမ်းဖြင့် ဤချန်ရှန်းမဟာမိတ်၏ ထိပ်သီးကို မယှဉ်နိုင်တော့မှန်း သိမြင်သွားကြ၍ ဖြစ်သည်။

ထိုခုနစ်ဦး ထွက်ခွာသွားပြီး မကြာမီမှာပင် ဝတ်ကျောင်းတော်ဆီမှ ရယ်သံကြီး ထပ်မံထွက်ပေါ်လာပြန်သည်။

" လူသားနတ်ဘုရားစွမ်းအားရှင်ကြီးခင်ဗျာ... ခင်ဗျားက ဘယ်လောက်အထိ ပုန်းနေဦးမှာလဲ ဒါမှမဟုတ် ကျွန်တော့်ကိုပါ တိုက်ခိုက်ဖို့ စိတ်ကူးနေတာလား "

ဖန့်ချန်က ပြုံးလိုက်ပြီး အရိပ်များအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ သူသည် ရိပ်ခြေဗုဒ္ဓအတတ် ကို အသုံးပြုစဉ်ကပင် တစ်ဖက်လူအား အသိပေးသည့်အနေဖြင့် တမင်ထုတ်ပြထားခြင်း ဖြစ်ရာ တစ်ဖက်လူက သိနေသည်မှာ မဆန်းပေ။

"ဖန့်မျိုးနွယ်စုက ဖန့်ချန်... မိတ်ဆွေကို နှုတ်ဆက်ပါတယ်"

ဖန့်ချန်က လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။

"ဖန့်မျိုးနွယ် ဒါဆို ငါတို့က လူရင်းတွေပေါ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ရဲ့ ဖန့်သူတော်စင် အောင်အောင်မြင်မြင် သူတော်စင်ဖြစ်လာဖို့အတွက် ကျွန်တော်တို့ရဲ့ ချန်ရှန်းသူတော်စင် ကလည်း အရေးကြီးတဲ့ မဲတစ်ပြား ပေးခဲ့တာပဲဥစ္စာ"

ဝတ်ကျောင်းတော်က ပြန်ပြောသည်။

"အဲဒီလိုပဲ ပြောရမှာပေါ့"

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။

"အဲဒီလိုဆိုရင်... ခင်ဗျားက ဘာလို့ ဘေးကနေ ချောင်းကြည့်နေရတာလဲ ကျွန်တော်နဲ့ မီးနတ်ဘုရားမျိုးနွယ်တွေ တိုက်ခိုက်နေချိန်မှာ အခွင့်အရေးကို စောင့်ပြီး တိုက်ခိုက်မလို့ မဟုတ်လား "

ဝတ်ကျောင်းတော်၏ အသံမှာ ရုတ်တရက် အေးစက်စက်နှင့် ပြတ်သားသွားကာ စစ်ဆေးမေးမြန်းသံ ပေါ်လာသည်။

"ကျွန်တော်က ဝတ်ကျောင်းတော် ဆိုတဲ့ နတ်ဘုရားစွမ်းအားကို စိတ်ဝင်စားလို့ ဘေးကနေ ကြည့်နေတာပါ။ ဒါပေမဲ့ ကျွန်တော် ဝတ်ကျောင်းတော်ရှေ့ကို ရောက်လာတုန်းကလည်း မိတ်ဆွေက ကိုယ်ထင်မပြခဲ့ဘူးလေ။ ကျွန်တော်သာ ဝတ်ကျောင်းတော်ထဲ ဝင်သွားရင် မိတ်ဆွေက ကျွန်တော့်ကိုပါ ယဇ်ပူဇော်ဖို့ စောင့်နေတာ မဟုတ်ဘူးလား "

ဖန့်ချန်က ပြုံးလျက် ပြန်မေးလိုက်သည်။

နှစ်ဖက်စလုံး စကားမပြောတော့ဘဲ တိတ်ဆိတ်မှုကြီးက လွှမ်းမိုးသွားသည်။

အချိန်အတန်ကြာပြီးနောက် ဝတ်ကျောင်းတော်ကြီးမှာ မြေပြင်မှ ကြွတက်လာပြီး ခဏချင်းအတွင်းမှာပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူသည် ဟင်းလင်ပြင်တွင် ရပ်တန့်လျက် ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ၏ ကျောဘက်တွင် မှိန်ဖျော့ဖျော့ အလင်းကွင်း နှစ်ခု ရှိနေသည်။

ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာကို မြင်လိုက်ရသောအခါ ဖန့်ချန် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။ ဘာကြောင့် ရင်းနှီးနေရသလဲဆိုသည်မှာ... မမှားနိုင်လျှင် ဤချန်ရှန်းမဟာမိတ်သည် နံ့သာတိုင်လမ်းစဉ် ၏ ရှေ့ပြေးဖြစ်နိုင်ချေ များလှသည်။

'ကြည့်ရတာ အဘိုးကြီးက အဓိပ္ပာယ်မရှိတဲ့လူကို ဓားဂိုဏ်း ဆီ သွားခိုင်းပြီး ဓားသန္ဓေသားကို ယူခိုင်းခဲ့တာ မဟုတ်ဘူးပဲ'

ဖန့်ချန်သည် ထိုလူငယ်ကို ကြည့်ရင်း ဘဝဟောင်းကို ပြန်မြင်ယောင်နေသည့် ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။ ဘာပဲဖြစ်ဖြစ် ဤ သမိုင်းဝင်မသေမျိုးမှတ်တမ်း ထဲမှာ... သူသည် အဆင့်နိမ့် ကျင့်ကြံသူလေးဘဝက တွေ့ဆုံခဲ့ဖူးသည့် လူကြီးလူကောင်းတစ်ဦးကို ပြန်တွေ့ရခြင်းမှာ ကံကြမ္မာဟုပင် ဆိုရမည်။

"မင်း ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ"

အနက်ရောင်ဝတ်စုံဝတ် လူငယ်က မျက်မှောင်ကြုတ်ကာ ဖန့်ချန်ကို အကဲခတ်နေသည်။ ဖန့်ချန်၏ မျက်လုံးများမှာ မီးခိုးရောင်သန်းနေသော်လည်း ထိုသူမှာ မျက်စိကန်းနေသူဟု ထင်လောက်အောင် မိုက်မဲသူ မဟုတ်ချေ။ ၎င်းမှာ နည်းလမ်းတစ်ခုခု ဖြစ်ရမည်ဟု သူ ယူဆထားသည်။

"ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ အမည်နာမကို ပြောပြပြီးပြီ၊ မိတ်ဆွေကတော့ ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးဘူးနော်"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

"ငါလား လူ့လောက မှာ လူအများကြီးက ငါ့ကို ဖူတုတျန်းကျွန်း လို့ ခေါ်ကြတယ်။ မင်းလည်း ငါ့ကို တျန်းကျွန်း (ကောင်းကင်ဘုံအရှင်) လို့ပဲ ခေါ်လိုက်ပါ"

လူငယ်က အေးစက်စွာ ရယ်မောလိုက်သည်။

"အဆင့် (၆) လေးနဲ့ တျန်းကျွန်း ဆိုတဲ့ နာမည်ကို သုံးရတာ... အဆင်ပြေပါ့မလား "

ဖန့်ချန် ခဏမျှ စဉ်းစားလိုက်ပြီး

"အရင်တုန်းက လူတွေက ကလေးတွေ အသက်ရှည်ပါစေဆိုပြီး ခွေးသား ၊ ခွေးဥ ၊ နှင်းဆီ စသဖြင့် နာမည်တွေ ပေးတတ်ကြတာ။ မိတ်ဆွေကတော့ ဘာလို့ တျန်းကျွန်း လို့ ပေးထားရတာလဲ..."

"ငါက တျန်းကျွန်းလို့ ခေါ်တော့ ဘာဖြစ်လဲ ငါတို့ ချန်ရှန်းမဟာမိတ်က နတ်ဘုရားစွမ်းအားရှင်တွေ အကုန်လုံးက လူ့လောကထဲမှာဆိုရင် တျန်းကျွန်းတွေ၊ နတ်ဘုရားအရှင်တွေလို ပုဂ္ဂိုလ်တွေချည်းပဲ"

ဖူတုတျန်းကျွန်းက အေးစက်စွာ ဆိုသည်

"ငါလည်း နောင်ကျရင် ကန့်သတ်ချက်ကျော်လွန်သူ ဖြစ်လာမှာ၊ သူတော်စင်အဆင့်အထိတောင် ရောက်ဖို့ မျှော်လင့်ချက် ရှိတယ်။ အဲဒီအချိန်ကျရင် ငါ့ကိုယ်ငါ ဖူတုသူတော်စင် လို့ ခေါ်မှာ "

"မင်းရဲ့ အနာဂတ်ကတော့... ပြောမနေတော့တာပဲ ကောင်းပါတယ်"

ဖန့်ချန်က လက်ယမ်းပြလိုက်သည်

"ငါ အရင်သွားတော့မယ်၊ မင်းလည်း သတိထားဦး။ အဲဒီ မီးနတ်ဘုရားမျိုးနွယ်တွေက စစ်ကူသွားခေါ်နိုင်တယ်"

"သူတို့ လာသမျှလူကို ငါအကုန်သတ်မှာ"

ဖူတုတျန်းကျွန်းက လှောင်ပြောင်လိုက်သည်။

ဖန့်ချန် ဘာမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားလိုက်သည်။ သို့သော် လမ်းတစ်ဝက်သို့ ရောက်သောအခါ သူက ရုတ်တရက် လှည့်၍ ဓားတစ်ချက် ပိုင်းချလိုက်သည်။

ရဲရဲနီနေသော လျှာကြီးတစ်ပိုင်းမှာ မြေပြင်ပေါ်သို့ ပြတ်ကျသွားပြီး ဆက်တိုက် တုန်ခါနေတော့သည်။

ဖူတုတျန်းကျွန်းမှာ မိမိပါးစပ်ကို အုပ်လျက် ဖန့်ချန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ မီးနတ်ဘုရားမျိုးနွယ် ရှစ်ဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရစဉ်ကပင် သူ၏ လျှာမှာ အနည်းငယ်မျှ ထိခိုက်ခြင်း မရှိခဲ့သော်လည်း... ယခုမူ တစ်ချက်တည်းဖြင့် အပိုင်းပိုင်း ပြတ်သွားခဲ့ရပြီ။

ဒါက ဘာနတ်ဘုရားစွမ်းအားလဲ

"ငါက သွားတော့မလို့ပါဆို... မင်းက ဘာလို့ ငါ့ကို ထပ်ပြီး တိုက်ခိုက်ချင်နေရတာလဲ "

ဖန့်ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဖူတုတျန်းကျွန်းမှာ စကားတစ်လုံးမျှ မဟရဲတော့ဘဲ နောက်လှည့်ကာ အသက်လု ထွက်ပြေးသွားတော့သည်။

ဖူတုတျန်းကျွန်း ထွက်ပြေးသွားသည်ကို ကြည့်ရင်း ဖန့်ချန်က ပြုံးလိုက်ကာ နောက်ကလိုက်မဖမ်းတော့ပေ။

အချိန်မှာ နောက်ထပ် ခြောက်လခန့် ကုန်လွန်သွားခဲ့ပြန်သည်။

ဖန့်ချန်သည် လူများသော နေရာများကို တမင်ရှောင်ကွင်းရင်း လှည့်လည်သွားလာနေခဲ့သည်။ ထိုနေ့တွင် သူသည် အပြင်ဘက်ဆုံးမှ ခြင်ထောင် အကာအကွယ်ကြီး ကျုံ့ဝင်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

၎င်းမှာ နယ်မြေများ ထပ်မံ ကျဉ်းမြောင်းသွားပြီ ဖြစ်ကြောင်း ပြသနေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပြင်ပမျိုးနွယ်များနှင့် ဆုံတွေ့နိုင်ခြေ ပို၍ မြင့်မားလာပေလိမ့်မည်။

ဖန့်ချန် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်... ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းတန်းတစ်ခု ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။

"ဟူး..."

သူသည် သက်ပြင်းကို ညင်သာစွာ ချလိုက်သည်။ ပတ်ဝန်းကျင် နယ်မြေမှာ ရွှေရောင်အလင်းတန်းများဖြင့် ထပ်မံ ဝိုင်းရံပိတ်ဆို့ခံလိုက်ရပြန်ပြီ ၎င်းမှာ ဤနေရာသည် သေမင်းတိုက်ပွဲနယ်မြေအဖြစ် ထပ်မံ သတ်မှတ်ခံလိုက်ရခြင်းပင်။

ဟင်းလင်းပြင်တွင် အတွင်းနယ်မြေ တံခါးပေါက်များမှာ ရိပ်ရေးရေး ပေါ်ထွက်လာသည်။

ဖန့်ချန်သည် အလယ်ဗဟိုသို့ မပျံသန်းတော့ဘဲ ရွှေရောင်အလင်းတန်း၏ အစွန်းဘက်တွင်သာ ရပ်စောင့်နေလိုက်သည်။

ရက်အနည်းငယ်အကြာတွင် ပြင်ပမျိုးနွယ် တန်ခိုးရှင်တစ်ဦးမှာ တစ်စုံတစ်ဦး၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရသဖြင့် ဤဘက်သို့ ပြေးလာသည်။ သူသည် လမ်းစပျောက်နေသော ယင်ကောင်တစ်ကောင်ကဲ့သို့ အလန့်တကြားဖြင့် ရွှေရောင်အလင်းတန်းအတွင်းသို့ တိုက်ရိုက် တိုးဝင်မိသွားသည်။

ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ အငွေ့ပျံသွားပြီး ပြာမှုန်အဖြစ် ပျောက်ကွယ်သွားတော့သည်။

သူ့ကို လိုက်လံသတ်ဖြတ်လာသော ပြင်ပမျိုးနွယ်မှာ တစ်ကိုယ်လုံး ငွေရောင်တောက်ပနေပြီး ကိုယ်လုံးကိုယ်ပေါက်မှာ သွယ်လျလှသည်။ သူ၏ ကျောဘက်တွင်လည်း အလင်းကွင်း သုံးခု ရှိနေသည်။ ၎င်းမှာ ထိုသူသည်လည်း သေမင်းတိုက်ပွဲ သုံးကြိမ်တွင် အသက်ရှင်ကျန်ရစ်ခဲ့သူ ဖြစ်ကြောင်း ပြသနေခြင်းပင်။

"မင်းလည်း သေမင်းတိုက်ပွဲ သုံးကြိမ် အသက်ရှင်ခဲ့တာလား "

ကျင်ကန်းမျိုးနွယ် နတ်ဘုရားစွမ်းအားရှင်သည် မျက်လုံးကို မှေးကာ ဖန့်ချန်ကို အကဲခတ်နေသည်။ ထိုသူ၏ မျက်နှာ အနည်းငယ် လှုပ်ရှားသွားပြီး

"မထင်မှတ်ထားဘူး... မင်းက လူသားမျိုးနွယ် ဖြစ်နေတာပဲ"

All Chapters