အခန်း (၁၈၆၇-၁၈၆၈)
Vol. 187 Ch. 1867-1868
အခန်း (၁၈၆၇) - သာမန်ကာလျှံကာ ဓားတစ်ချက်
ဖန့်ချန်နှင့် ရှန့်ချွီဟယ်တို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်မှ ဓားအရှိန်အဝါများမှာ အဆက်မပြတ် မြင့်တက်လာနေသည်။
အစွမ်းကုန် တိုက်ခိုက်မည်ဟု ဆိုထားသဖြင့် သဘာဝကျစွာပင် မည်သည့်အရာကိုမျှ ချန်လှပ်ထားခြင်းမရှိပေ။ တစ်ဦးနှင့်တစ်ဦး မိမိတို့၏ အခြေအနေကို အကောင်းဆုံး အနေအထားသို့ ရောက်အောင် ညှိယူနိုင်ရန် အချိန်ပေးထားကြပြီးမှသာ တိုက်ခိုက်ကြတော့မည်ဖြစ်သည်။
အကယ်၍ ဤအချိန်တွင် တစ်ဖက်ဖက်က ရုတ်တရက် လက်ဦးမှုယူ တိုက်ခိုက်လိုက်ပါက အသာစီးရရှိသွားမည်ဖြစ်ပြီး တစ်ဖက်လူကိုလည်း အထိနာစေမည်မှာ သေချာသည်။
သို့သော် သိသာထင်ရှားသည်မှာ သူတို့နှစ်ဦးထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုသို့လုပ်ရန် မရွေးချယ်ခဲ့ကြချေ။ ထို့အတူ တစ်ဖက်လူကိုလည်း စိုးရိမ်တကြီး သတိထားနေခြင်းမရှိဘဲ မိမိတို့၏ ဓားအရှိန်အဝါကိုသာ အားသွန်ခွန်စိုက် မြှင့်တင်နေကြသည်။
ဖာထျန်းသူတော်စင်က ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ပြီး
"ဒါဟာ ဓားနတ်ဘုရားစွမ်းအား ပိုင်ရှင်တွေရဲ့ မာန်မာနပဲ။ ဒီလူသားမျိုးနွယ် မျိုးဆက်သစ်လေးကတော့ အလားအလာ ရှိသားပဲ"
အခြားတစ်ဖက်တွင်မူ ဖန့်လဲ့သည် မျက်နှာတွင် အပြုံးလေး ရှိနေသော်လည်း ရင်ထဲ၌မူ တတွတ်တွတ် ရေရွတ်နေမိသည်။ အကယ်၍ အသံလွှင့်လို့ ရမည်ဆိုလျှင် သူသည် ဖန့်ချန်ကို အခွင့်ကောင်းယူပြီး အမြန်တိုက်ခိုက်ရန် ခိုင်းစေမိသည်မှာ ကြာလှပြီဖြစ်သည်။
အထူးသဖြင့် ဤအသူရာမျိုးနွယ်၏ ဦးနှောက်မှာ အတော်လေး တုံးအ နေသည်မှာ သိသာလှရာ ယခုအချိန်သည် တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး အားအနည်းဆုံး စိုက်ထုတ်ကာ ဤတိုက်ပွဲကို အနိုင်ယူနိုင်မည့် အခွင့်အရေးပင်။
တစ်ချိန်တည်းမှာပင်...
စန့်လင်သူတော်စင်လောင်းလျာ၏ အတွင်းနယ်မြေတံခါးမှာ ရုတ်တရက် ပွင့်လာပြီး ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။ လူတိုင်း လှမ်းကြည့်လိုက်ကြပြီးနောက် သက်ပြင်းတစ်ချက်စီ ချလိုက်ကြတော့သည်။
ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ 'ဖန့်ဟန်' ပင်ဖြစ်သည်။ သူ ဤနေရာသို့ ရောက်လာခြင်းက သူသည် သူတော်စင်မျှော်စင်တိုက်ပွဲမှ ရှုံးနိမ့်ကာ ထွက်လာခဲ့ရပြီဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
"ဖန့်ဟန်... မင်း ရှုံးနိမ့်ခဲ့ရပေမဲ့ ထိပ်တန်း တစ်သိန်းစာရင်းထဲတော့ ဝင်ခဲ့ပါပြီ။ ဒါဟာ လူသားမျိုးနွယ် သမိုင်းတစ်လျှောက်မှာတောင် တွေ့ရခဲတဲ့ စံချိန်တစ်ခုပါပဲ"
ဖန့်ချန်းရွှယ်က ခပ်အေးအေး ပြုံးကာ ပြောလိုက်သည်။
"ချန်းရွှယ်ဘိုးဘေး... အဲဒီပြင်ပမျိုးနွယ်တွေက အရမ်းကို အစွမ်းထက်လွန်းပါတယ်။ ကျွန်တော် လုံးဝ သူတို့ကို မယှဉ်နိုင်ဘူး..."
ဖန့်ဟန်က ခါးသီးစွာ ပြုံးလိုက်သည်။ တိုက်ခိုက်ခဲ့စဉ်က အခြေအနေကို ပြန်တွေးမိသည်နှင့် သူ၏မျက်နှာတွင် မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်များ ပေါ်လာသည်။ လူတိုင်းမှာ ဖန့်ချန်၏ တိုက်ပွဲကိုသာ အာရုံစိုက်နေကြသဖြင့် ဖန့်ဟန် ရှုံးနိမ့်သွားသည့် မြင်ကွင်းကို လွတ်သွားကြရာ တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဟေ့ လူလေး... မင်း ဘယ်လို ရှုံးသွားတာလဲ၊ ဘယ်သူနဲ့ တွေ့ခဲ့လို့လဲ"
ဖန့်ဟန်က ဝမ်အိုကြီးကို တစ်ချက်ကြည့်လိုက်ပြီး အခြားသူများလည်း စူးစမ်းနေကြသည်ကို မြင်သောအခါ စိတ်ထဲ၌ အံ့ဩသွားမိသည်။ 'ဒီလူတွေအားလုံး ငါ့တိုက်ပွဲကို တစ်ယောက်မှ မကြည့်ကြဘူးလား' ဟူ၍ပင်။ သူသည် စိတ်ထဲမှ ရှုပ်ထွေးနေသော ခံစားချက်များကို ဖိသိပ်ကာ သက်ပြင်းချရင်း
"ကျွန်တော် နတ်ဘုရားမျိုးနွယ် နဲ့ တွေ့ခဲ့တာပါ"
"နတ်ဘုရားမျိုးနွယ်"
လူတိုင်း၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။ သူတော်စင်လောင်းလျာ စန့်လင်ပင်လျှင် အာရုံစိုက်လာပြီး ဖန့်ဟန်ကို လေးနက်စွာ ကြည့်ကာ
"မင်း တကယ်ပဲ နတ်ဘုရားမျိုးနွယ်နဲ့ တွေ့ခဲ့တာလား"
"ဟုတ်ပါတယ် ဘိုးဘေး... ကျွန်တော် တကယ်ပဲ နတ်ဘုရားမျိုးနွယ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အဆင့် (၆) တူတူပါပဲ၊ ဒါပေမဲ့ တစ်ဖက်လူရဲ့ အစွမ်းက ကျွန်တော့်ထက် အများကြီး သာလွန်နေတယ်။ ကျွန်တော် မနည်း ရုန်းကန်ပြီးမှ ထွက်ပြေးလာနိုင်ခဲ့တာပါ။ ကံကောင်းလို့ သေမင်းတိုက်ပွဲပြားနဲ့ မပိတ်မိတာ... မဟုတ်ရင် အခုလို ဘေးကင်းဘေးကင်းနဲ့ လက်နက်ချဖို့တောင် အခွင့်အရေး ရမှာမဟုတ်ဘူး"
ဖန့်ဟန်က ခါးသီးစွာ ဆိုလိုက်သည်။
ဖန့်မျိုးနွယ်ဝင်ဖြစ်စေ၊ ဝမ်တောက်မဟာမိတ်ဝင်ဖြစ်စေ အားလုံးမှာ ဖန့်ဟန်၏ ကံဆိုးမှုကို စာနာနေကြသလို တစ်ဖက်တွင်လည်း မနာလိုဖြစ်နေကြပြန်သည်။ သူတို့ကိုယ်တိုင်လည်း နတ်ဘုရားမျိုးနွယ်နှင့် တစ်ကြိမ်လောက်တော့ ယှဉ်ပြိုင်ကြည့်ချင်ကြသည်။ ရှုံးနိမ့်လျှင်တောင် ကိစ္စမရှိ၊ အဘယ်ကြောင့်ဆိုသော် ထိုမျိုးနွယ်မှာ... နတ်ဘုရားနယ်မြေ၏ နံပါတ် (၁) အင်အားအကြီးဆုံး မျိုးနွယ်ဖြစ်သောကြောင့်ပင်။
"ဖန့်ချန်ရဲ့ ကံက မင်းထက် ပိုကောင်းပုံရတယ်။ နတ်ဘုရားမျိုးနွယ် ကိစ္စကို ပြန်ရောက်မှ ဆွေးနွေးကြတာပေါ့၊ အခုတော့ ဖန့်ချန်က ဒီအသူရာမျိုးနွယ်ကို နိုင်မနိုင် အရင်ကြည့်ရအောင်"
ဖန့်ချန်းရွှယ်က ဆိုလိုက်သည်။ လူတိုင်း၏ အာရုံမှာ ဖန့်ချန်နှင့် ရှန့်ချွီဟယ်တို့ထံ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြန်သည်။ ဖန့်ဟန်မှာလည်း အံ့ဩသွားမိ၏။ 'ဘိုးဘေးဖန့်ချန်က အခုထိ တောင့်ခံနိုင်သေးတာလား' ဟူ၍ ဖြစ်သည်။ လူသားမျိုးနွယ်ထဲတွင် ယခုအချိန်အထိ ကျန်ရှိနေသည့် တန်ခိုးရှင်မှာ လက်ချိုးရေတွက်လို့ ရနိုင်လောက်အောင် နည်းပါးနေပြီဖြစ်ပြီး ဖန့်ချန် တစ်ဦးတည်းသာ ကျန်ရှိတော့သည်လားဟုပင် သူ သံသယဝင်မိသည်။
ဖန့်ချန်နှင့် ရှန့်ချွီဟယ်တို့မှာ တစ်ချိန်တည်းမှာပင် မျက်လုံးများကို ဖွင့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ဓားတစ်ချက်စီ ဝှေ့ယမ်းလိုက်ကြသည်။
ဒါဟာ ဓားနတ်ဘုရားစွမ်းအားချင်း ယှဉ်ပြိုင်ခြင်းပင်။ အရှုံးအနိုင်ဆိုသည်မှာ ဤဓားချင်း ယှဉ်ပြိုင်မှုတွင် မည်သူ့၏ ဓားနတ်ဘုရားစွမ်းအားက ပိုမိုသာလွန်သနည်း ဆိုသည့်အပေါ်တွင်သာ မူတည်နေသည်။ အခြား လှည့်ကွက်များ မရှိဘဲ ဖြောင့်ဖြောင့်တန်းတန်း အဆုံးအဖြတ်ပေးသည့် ပွဲမျိုး ဖြစ်သည်။
ရှန့်ချွီဟယ်သည် မိမိ၏ ဤဓားတစ်ချက်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသည်။ သို့သော် နောက်တစ်ခဏတွင် သူ၏ ဓားအရှိန်အဝါများမှာ အမည်မသိ အင်အားတစ်ခုကြောင့် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူ ဘာမှ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူ၏ လည်ပင်းပေါ်၌ ဓားရာတစ်ခု ထင်ကျန်ရစ်ခဲ့လေပြီ။
ရှန့်ချွီဟယ်မှာ ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ၏ မျက်လုံးများထဲတွင် ဝေခွဲမရဖြစ်မှု၊ ဇဝေဇဝါဖြစ်မှုနှင့် မကျေနပ်မှုများ အရိပ်ထင်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ ဓားရာမှ စတင်ကာ ပြာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။
အတွင်းနယ်မြေ အသီးသီးမှ တန်ခိုးရှင်များမှာမူ ဘာဖြစ်သွားသည်ကို ဝေခွဲမရ ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ရှန့်ချွီဟယ်၏ ပြင်းထန်လှသော ဓားတစ်ချက်နှင့် နှိုင်းယှဉ်လျှင် ဖန့်ချန်၏ ဓားတစ်ချက်မှာ အလွန်ပင် သာမန်ကာလျှံကာ နိုင်လွန်းလှပြီး မည်သည့်ထူးခြားချက်ကိုမျှ မတွေ့ရသောကြောင့် ဖြစ်သည်။
သို့သော် ထိုသို့ သာမန်ကာလျှံကာ ဓားတစ်ချက်ကပင် 'လေးလေးကို ပါးပါးနှင့် မခြင်း' ဟူသော သဘောအတိုင်း တစ်ဖက်လူ၏ ဓားအရှိန်အဝါကို ဖျောက်ဖျက်ပစ်ရုံသာမက အသက်ကိုပါ တစ်ပါတည်း နှုတ်ယူသွားခဲ့သည်။
ဖာထျန်းသူတော်စင်၏ မျက်နှာမှာ လေးနက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား သက်ပြင်းချကာ ရယ်မောလိုက်ပြီး
"ချွီဟယ်က ကျင့်စဉ်မှာ ရှုံးတာမဟုတ်ဘူး၊ ဓားနတ်ဘုရားစွမ်းအားမှာ ရှုံးတာလည်း မဟုတ်ဘူး... သူက တစ်ဖက်လူရဲ့ ဓားဆန္ဒ မှာ ရှုံးသွားတာပဲ"
အနီးအနားရှိ အသူရာမျိုးနွယ် တန်ခိုးရှင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ 'ဓားဆန္ဒ' ဟုတ်လား ဓားနတ်ဘုရားစွမ်းအား နိုးထထားသည့် အနည်းငယ်သော သူများသာ ထိုစကားကို နားလည်ပုံရသည်။
"ဒီကလေးရဲ့ ဓားဆန္ဒက... တကယ်ကို ထူးခြားတာပဲ"
ဖန့်လဲ့က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူကိုယ်တိုင်ပင် ရှစ်မျက်နှာအရပ် နတ်ဘုရားဓားကျမ်း ကို အဆုံးစွန်အထိ လေ့လာထားသူဟု ယူဆထားသော်လည်း သူ အဆင့် (၆) ဖြစ်စဉ်က ရှန့်ချွီဟယ်ကဲ့သို့ ပြိုင်ဘက်မျိုးနှင့် တွေ့ခဲ့လျှင်တောင် ယခုကဲ့သို့ အလွယ်တကူ အနိုင်ယူနိုင်ရန်မှာ မဖြစ်နိုင်ချေ။
ကျန်းဝူသူတော်စင်လောင်းလျာ၏ အတွင်းနယ်မြေ...
"ဒီဓားတစ်ချက်က အရင်တုန်းကနဲ့ လုံးဝကို ကွဲပြားသွားပြန်ပြီ"
ကျန်းဝူသူတော်စင်လောင်းလျာက လော့ရွှယ်သူတော်စင်လောင်းလျာကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ဓားနတ်ဘုရားစွမ်းအားမှာ 'ဓားဆန္ဒ' ဆိုတာ ရှိတယ်။ ဖန့်လဲ့ရဲ့ ဓားနတ်ဘုရားစွမ်းအားက အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းနေရတာဟာ ဒီဓားဆန္ဒရဲ့ ပံ့ပိုးမှုကြောင့်ပဲ။ အဲဒါကြောင့် ဒီစွမ်းအားက အရမ်းကို အစွမ်းထက်နေတာ"
လော့ရွှယ် သူတော်စင်လောင်းလျာက မျက်နှာသေဖြင့် ဆိုလိုက်သည်။
"ဒါကြောင့်သာ အဲဒီတုန်းက သူတစ်ယောက်တည်းနဲ့ ဖန့်ချန်းရွှယ်ကို ကယ်ထုတ်သွားနိုင်ခဲ့တာပေါ့"
"ဓားဆန္ဒ..."
ကျန်းဝူ သူတော်စင်လောင်းလျာက တိုးတိုးလေး ရေရွတ်လိုက်ပြီး
"ဖန့်မျိုးနွယ်စုမှာ နောက်ထပ် ဖန့်လဲ့တစ်ယောက် ပေါ်လာလို့ မဖြစ်ဘူး။ လူသားမျိုးနွယ်ရဲ့ နောင်အနာဂတ် ဟန်ချက်ညီဖို့နဲ့ ပြဿနာမတက်ဖို့ဆိုရင်... ဒီကလေးကို ရှင်းပစ်မှ ရမယ်"
"သူ့ရဲ့ လက်ရှိစစ်ရလဒ်တွေအရ မင်း သူ့ကို ရှင်းပစ်ဖို့က အတော်လေး ခက်ခဲသွားပြီ"
လော့ရွှယ်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး
"ဖန့်လဲ့ရဲ့ ထောင်ချောက်ထဲ မဝင်စေနဲ့။ ဖြစ်နိုင်တာက သူကိုယ်တိုင်က မင်းကို အကွက်ဆင်နေတာလည်း ဖြစ်နိုင်တယ်"
ကျန်းဝူ သူတော်စင်လောင်းလျာမှာ ခေတ္တမျှ ကြောင်သွားပြီးနောက် ခြေဖျားမှ ဦးခေါင်းအထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
"ဒီလူက သူ့ရဲ့ မျိုးနွယ်စုဝင်ကိုတောင် ငါတို့ကို မျှားဖို့ အစာအဖြစ် သုံးနေတာလား..."
"ကျန်းရန်မဟာမိတ်၊ လော့ရွှယ်မဟာမိတ်နဲ့ ဖန့်မျိုးနွယ်စုကြားက ဆက်ဆံရေးက အနိမ့်ဆုံးကို ရောက်နေပြီ။ ဒါကို အစာအဖြစ် သုံးပြီး ငါတို့နှစ်ယောက်ကို နှိမ်နင်းဖို့ ကြံစည်တာဟာ မဖြစ်နိုင်တာ မဟုတ်ဘူး။ ဒါကြောင့်... ဒီကိစ္စကို သေချာစဉ်းစားရမယ်။ သူ သူတော်စင် ဖြစ်လာဖို့က လမ်းအဝေးကြီး ကျန်သေးတယ်၊ မလောပါနဲ့"
လော့ရွှယ်က တည်ငြိမ်စွာ ဆိုလိုက်သည်
"ငါတို့နှစ်ယောက်က သူထက်စောပြီး သူတော်စင် ဖြစ်လာမှာကတော့ ငြင်းလို့မရတဲ့ အချက်ပဲ"
"မှန်တယ်... သူ့ကို ခဏလောက် ထပ်ပြီး အသက်ရှင်ခိုင်းထားလိုက်တာပေါ့"
ကျန်းဝူက ခေါင်းညိတ်လိုက်သည်။ ဖန့်ချန်၏လက်ထဲတွင် သေဆုံးသွားသော ကျန်းရန်မဟာမိတ် တန်ခိုးရှင်များအတွက်မူ သူ ဂရုမစိုက်တော့ချေ။ မျှော်စင်တိုက်ပွဲဆိုသည်မှာ အသေအပျောက် ရှိစမြဲပင်။
ဖန့်ချန်၏ ကျောဘက်ရှိ အလင်းကွင်းမှာ နောက်ထပ် တစ်ခု တိုးလာခဲ့ပြန်သည်။ အလင်းကွင်း ၁၀ ခုမှာ ထပ်ဆင့်နေပြီး ကြည့်ရသည်မှာ နတ်ဘုရားအလင်းတန်းများနှင့်ပင် တူနေတော့သည်။
အနီးအနားရှိ အတွင်းနယ်မြေများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသောအခါ ဖန့်ချန်က နောက်သို့ လှည့်ကြည့်လိုက်သည်။ ရွှေရောင်အလင်းတန်း တံတိုင်းကြီးမှာ သိသိသာသာ ကျုံ့ဝင်လာပြီး သူ့ထံသို့ တိုးကပ်လာနေသည်။ ၎င်းမှာ ဤအချိန်တိုအတွင်းမှာပင် အခြားသော တန်ခိုးရှင် အများအပြား ရှုံးနိမ့်သွားခဲ့ပြီဖြစ်ကြောင်း ဖော်ပြနေသည်။
ဖန့်ချန် အချိန်ဆွဲမနေတော့ဘဲ ဗဟိုချက်မရှိရာ အရပ်သို့ ပျံသန်းသွားလိုက်သည်။ သူ ခံစားမိသည်မှာ အစွမ်းအထက်ဆုံး တန်ခိုးရှင်များမှာ ဗဟိုချက်မတွင် စောင့်ဆိုင်းနေကြလောက်ပြီ ဟူ၍ဖြစ်သည်။ သူတို့တွင် ထိုသို့သော ယုံကြည်မှုနှင့် အစွမ်း ရှိကြပေသည်။
နောက်ထပ် လအနည်းငယ်အတွင်း ဖန့်ချန်သည် နောက်ထပ် တန်ခိုးရှင် နှစ်ဦးနှင့် ထပ်မံ ရင်ဆိုင်ခဲ့ရသည်။ သူတို့၏ အစွမ်းမှာ ရှန့်ချွီဟယ်ထက်ပင် သာလွန်သော်လည်း ဝိညာဉ်စွမ်းအင် မကုန်ခမ်းနိုင်ဘဲ လှည့်ကွက်ပေါင်းစုံရှိသော ဖန့်ချန်နှင့် တွေ့သောအခါ ရှုံးနိမ့်ခြင်းဖြင့်သာ နိဂုံးချုပ်ခဲ့ကြရသည်။
မသိမသာပင်... လူသားမျိုးနွယ် သူတော်စင် ၁၀ ပါးနှင့် မရေမတွက်နိုင်သော သူတော်စင်လောင်းလျာများ၏ အတွင်းနယ်မြေများမှာ ဖန့်ချန်၏ အပေါ်သို့သာ အာရုံစိုက်လာကြတော့သည်။ မီးနတ်ဘုရားမျိုးနွယ်ဘက်ကပင် ဖန့်ချန်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်နှင့် မီးနတ်ဘုရား မျိုးနွယ် နှစ်ခုပေါင်းတွင် ဖန့်ချန်တစ်ဦးတည်းသာ သူတော်စင်မျှော်စင်တိုက်ပွဲ၌ မရှုံးသေးဘဲ ကျန်ရှိနေသောကြောင့်ပင်။ ယခု ဖန့်ချန်၏ စွမ်းဆောင်ရည်မှာ ထိုမျိုးနွယ်နှစ်ခုမှ သူတော်စင်အများစု ဤအဆင့်တွင် ရှိခဲ့စဉ်က စွမ်းဆောင်ရည်ထက်ပင် ကျော်လွန်သွားခဲ့ပြီဟု ဆိုနိုင်လေတော့သည်။
အခန်း (၁၈၆၈) - ထူးဆန်းသော မြွေနတ်ဘုရားနှင့် တောင်ပိုင်းနတ်ဘုရားမျိုးနွယ်
မသိမသာပင် နောက်ထပ် တစ်နှစ်တာ အချိန်ကာလ ကုန်လွန်သွားခဲ့ပြန်ပြီ။
ဤတစ်နှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်မှာ ယခင်ကထက် များစွာ လျော့နည်းသွားခဲ့သည်။ သူတော်စင်မျှော်စင်အတွင်းရှိ တန်ခိုးရှင် အရေအတွက်မှာလည်း သိသိသာသာကို လျော့ကျသွားခဲ့လေပြီ။
ထိပ်တန်း တစ်သိန်းစာရင်းမှာ ထွက်ပေါ်လာခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ထိုတန်ခိုးရှင်များမှာ ရှုံးနိမ့်ခဲ့ကြပြီဖြစ်ရာ အတွင်းနယ်မြေများဆီသို့သာ ပြန်သွားကြပြီး အခြားသူများနှင့်အတူ ပွဲကြည့်ပရိသတ်အဖြစ်သာ တည်ရှိနေကြတော့သည်။
အဘက်ဘက်မှ သူတော်စင်များနှင့် သူတော်စင်လောင်းလျာများ အမှန်တကယ် အလေးထားသော စစ်တလင်းမှာ ကန့်သတ်ချက်ကျော်လွန်သူ တတိယအဆင့် ဖြစ်ပြီး၊ ထို့နောက်တွင်မှ ဒုတိယအဆင့်နှင့် ပထမအဆင့်တို့ ဖြစ်ကြသည်။
အဆင့် ၉ အဆင့်နှင့် အခြေခံအဆင့် ၃ ဆင့်တို့မှာမူ အာရုံစိုက်ခံရမှု များစွာ လျော့နည်းသွားခဲ့ပြီး မိမိတို့မျိုးနွယ်စုမှ သူတော်စင်များနှင့် သူတော်စင်လောင်းလျာများလောက်သာ အနည်းငယ် ဂရုပြုကြည့်ရှုကြတော့သည်။
ဖလပ်...
အတိုက်ခံလိုက်ရသော ရှေ့မှပုံရိပ်မှာ ဓားအရှိန်အဝါအောက်တွင် အပိုင်းပိုင်းပြတ်သွားပြီး နောက်ဆုံး၌ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်ကို ဖန့်ချန် ကြည့်နေလိုက်သည်။ နောက်ထပ် ရွှေရောင်အလင်းတန်းတစ်ခုမှာ ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး သူ၏ကျောဘက်တွင် လတ်ဆတ်တောက်ပသော အလင်းကွင်းသစ်တစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။
ဤတစ်နှစ်အတွင်း သူသည် သေမင်းတိုက်ပွဲ ၄ ကြိမ်နှင့် ရင်ဆိုင်ခဲ့ရသည်။ တစ်ကြိမ်စီတိုင်းတွင် ပြိုင်ဘက်မှာ တစ်ဦးတည်းသာ ရှိနေခဲ့ရာ ၎င်းမှာ နဂါးသူတော်စင် ၏ တမင်ရည်ရွယ်ချက်လားဟုပင် တွေးတောစရာ ဖြစ်နေသည်။
ဤ ၄ ပွဲမှာ တစ်ပွဲထက်တစ်ပွဲ ပိုမိုခက်ခဲလာခဲ့ပြီး သူတွေ့ဆုံခဲ့ရသော ပြိုင်ဘက်များ၏ အစွမ်းမှာလည်း အဆင့်တူရှိ ရှဲ့အာမန် ထက်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ကံကောင်းသည်မှာ ဖန့်ချန်၏ အစွမ်းမှာလည်း မညံ့လှသဖြင့် အသာစီးရယူနိုင်ဆဲဖြစ်ကာ ၄ ပွဲဆက်တိုက် အောင်ပွဲခံနိုင်ခဲ့ခြင်းပင်။
ဒါဟာ ဘယ်လောက်အထိ ခရီးရောက်သွားပြီလဲဆိုတာ သူအတိအကျ မသိသော်လည်း ခန့်မှန်းခြေအရဆိုလျှင် ထိပ်တန်း အဆင့် ၃၀၀၀ စာရင်းထဲသို့ ဝင်ရောက်သွားလောက်ပြီ ဖြစ်သည်။
"ဗဟိုချက်မနယ်မြေ... အင်အားကြီးမျိုးနွယ် ၁၂ ခုကလွဲရင် ကျန်တဲ့ပြင်ပမျိုးနွယ်တွေထဲက တန်ခိုးရှင်တွေတော့ အများကြီး မကျန်တော့လောက်ဘူး"
ဖန့်ချန်က တစ်ကိုယ်တည်း ရေရွတ်လိုက်ရင်း ဗဟိုချက်မနယ်မြေဆီသို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်သွားခဲ့သည်။ သူ၏နောက်တွင် အလင်းကွင်း ၁၄ ခု ရှိနေသည့်အပြင် ဟင်းလင်းပြင်ထဲ၌ ဝိုးတဝါး ပေါ်ပေါ်လာသော အတွင်းနယ်မြေများမှာလည်း သူ၏နောက်သို့ တကောက်ကောက် လိုက်ပါလာကြသည်။
"ထိပ်တန်း အဆင့် ၃၀၀၀..."
လူသားမျိုးနွယ် သူတော်စင်များနှင့် သူတော်စင်လောင်းလျာများအားလုံးမှာ အနည်းငယ် အံ့အားသင့်နေကြသည်။ အကြိမ်တိုင်းတွင် ဖန့်ချန်၏ အစွမ်းမှာ ကန့်သတ်ချက်သို့ ရောက်ပြီ၊ မကြာမီ ရှုံးနိမ့်တော့မည်ဟု သူတို့ ထင်မှတ်ခဲ့ကြသော်လည်း အကြိမ်တိုင်းတွင်ပင် ဤကလေးမှာ သူတို့ကို အံ့ဩမှုနှင့် ဝမ်းမြောက်မှုများကို ပေးစွမ်းနိုင်ခဲ့သည်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်...
မသိမသာပင် သူတို့သည် ဤကလေး မြင့်မားသော အဆင့်များဆီသို့ တိုးဝင်သွားသည်ကို ငေးကြည့်နေခဲ့ကြမိသည်။ လက်ရှိတွင် အဆင့် ၃၀၀၀ အတိအကျ မဟုတ်လျှင်တောင် ၃၀၀၀ ဝန်းကျင်တွင် ရှိနေခဲ့ပြီ။
တစ်နည်းအားဖြင့်ဆိုသော် သူတော်စင်မျှော်စင်တိုက်ပွဲ၌ အဆင့် (၆) တန်ခိုးရှင်များထဲတွင် အနည်းငယ်သော ထောင်ဂဏန်းမျှသာ ကျန်ရှိတော့ခြင်းပင်။ ဤအထဲတွင် အင်အားကြီးမျိုးနွယ် ၁၂ ခုမှ တန်ခိုးရှင်များအပြင် ကျန်ရှိနေသူများမှာလည်း အခြေခံအင်အားအရ အင်အားကြီးမျိုးနွယ် ၁၂ ခုထက် အများကြီး နိမ့်ကျသူများ မဟုတ်ကြဘဲ နတ်ဘုရားနယ်မြေ၏ ထိပ်တန်းအလွှာများသာ ဖြစ်ကြသည်။
ဖန့်ချန် တစ်ဦးတည်းသာလျှင် ထိုလူအုပ်ထဲတွင် အလွန်ပင် ထူးခြားဖောက်ထွက်နေသည့်အလား။
"ဖန့်လဲ့... ငါ မင်းရဲ့ ဒီမျိုးနွယ်စုဝင်ကို တပည့်အဖြစ် လက်ခံချင်တယ်၊ မင်း ဘယ်လိုသဘောရလဲ"
ဝမ်တောက်သူတော်စင်သည် မိမိ၏ အတွင်းနယ်မြေ၌ ရပ်နေရင်း ရုတ်တရက် စကားဆိုလာသည်။ ကျန်းရန်သူတော်စင်နှင့် လော့ရွှယ်သူတော်စင်တို့မှာ ဘာမှမပြောသော်လည်း သူတို့၏ မျက်လုံးများမှာမူ အနည်းငယ် လေးနက်သွားကြသည်။
"ငါ့ဆီမှာ ဝိသေသငါးပါး နတ်ဘုရားစွမ်းအားကို လာသင်တာက ပိုကောင်းလိမ့်မယ်"
စကားဆိုလာသူမှာ ချန်ရှန်းသူတော်စင် ဖြစ်သည်။
"ချန်ရှန်းသူတော်စင်... မင်းရဲ့ အဲဒီနတ်ဘုရားစွမ်းအားက ဘေးထွက်ဆိုးကျိုး အရမ်းများတယ်၊ ပြီးတော့ အရမ်းလည်း ခက်ထန်ကြမ်းတမ်းလွန်းတာမို့ မျိုးဆက်သစ်တွေ လေ့လာဖို့ မသင့်တော်ဘူး"
တန်းကျွင်းသူတော်စင်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
"ငါ့ဆီမှာ ထျန်းကျွင်း ဆေးပညာ လာသင်တာက ပိုကောင်းမယ်"
"ဝိသေသငါးပါးပဲဖြစ်ဖြစ်၊ ထျန်းကျွင်းဆေးပညာပဲဖြစ်ဖြစ် အင်မတန် ကောင်းမွန်တဲ့ နတ်ဘုရားစွမ်းအားတွေပါပဲ။ ဒါပေမဲ့ ဝမ်တောက်သူတော်စင် ပိုင်ဆိုင်တဲ့ နတ်ဘုရားစွမ်းအားနဲ့ ယှဉ်ရင်တော့ အနည်းငယ် လိုအပ်ချက် ရှိနေသေးတယ်။ ခင်ဗျားတို့နှစ်ယောက် ဝမ်တောက်သူတော်စင်နဲ့ မလုကြပါနဲ့တော့ဗျာ"
စကားဆိုသူမှာ တော်ပေါင်သူတော်စင် ဖြစ်သည်။ သူ စကားပြောလိုက်သည်နှင့် သဲ့သဲ့မျှ လှောင်ရယ်သံနှင့် နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ဟေးဖော် သူတော်စင် ဖြစ်သည်။
ပေ့ရွှမ် သူတော်စင်ကမူ ယခုအချိန်အထိ မည်သည့်သဘောထားမျှ မပြဘဲ တည်ငြိမ်စွာဖြင့် ဘေးမှကြည့်ရုံသာ ကြည့်နေသည်။
"မင်းတို့တွေ ငါနဲ့ တပည့်လုရတာ မရှက်ကြဘူးလား"
ဝမ်တောက်သူတော်စင်က ရယ်မောရင်း ဆိုလိုက်သည်။
"ငါ ဂရုမစိုက်ဘူး၊ မျှော်စင်တိုက်ပွဲ ပြီးတာနဲ့ သူ့ကို ငါကိုယ်တိုင် တွေ့ရမယ်"
တန်းကျွင်းသူတော်စင်နှင့် ချန်ရှန်းသူတော်စင်တို့မှာ ဘာမှ ထပ်မပြောတော့ပေ။
"ဝမ်တောက်သူတော်စင်... ဖန့်ချန်မှာ သူ့အမွေအနှစ် ရှိပြီးသားပါ၊ သူ့မှာ ဆရာလည်း ရှိနေပြီမို့ ခင်ဗျားဆီမှာ တပည့်အဖြစ် ဝင်ဖို့ကတော့ မလွယ်လောက်ဘူး ထင်တယ်"
ဖန့်လဲ့က ပြုံးလျက် ဆိုလိုက်သည်။
ဝမ်တောက်သူတော်စင်မှာ ခေတ္တမျှ ကြောင်သွားပြီးနောက်
"ဆရာရှိနှင့်ပြီးသားလား... ဒါဆိုရင်လည်း ထားလိုက်ပါတော့"
သူတော်စင်တစ်ပါးအနေဖြင့် အဆင့် ၃၀၀၀ စာရင်းဝင်သွားသည့် အဆင့် (၆) လေး တစ်ယောက်အတွက်နှင့်တော့ မိမိ၏ ဂုဏ်သိက္ခာကို အကျခံကာ အတင်းအကျပ် လုပ်နေလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူသာ ကန့်သတ်ချက်ကျော်လွန်သူ တတိယအဆင့် မျှော်စင်တိုက်ပွဲတွင် ပါဝင်နေခြင်းဖြစ်ပါက တစ်မျိုးဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ ကျန်းဝူသူတော်စင်လောင်းလျာ၏ အတွင်းနယ်မြေမှာ သူတော်စင်များ၏ အတွင်းနယ်မြေနောက်မှ ခပ်လှမ်းလှမ်းတွင် ကပ်လိုက်နေသည်။
"ဖန့်လဲ့က ငါ့ရဲ့ မျိုးဆက်ဆိုပေမဲ့ ငါ့ထက်စောပြီး သူတော်စင် ဖြစ်သွားခဲ့တယ်။ ဒါက ထားပါတော့... သူ့ရဲ့ သွေးသားထဲကနေ အခုလို ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ လူသားမျိုးနွယ်ရဲ့ ဒီလောက် ပါးလျတဲ့ အခြေခံအင်အားနဲ့ အဆင့် ၃၀၀၀ ထဲအထိ တိုးဝင်နိုင်တယ်ဆိုတော့... ဒီခေတ်ရဲ့ မျိုးနွယ်စုကံကြမ္မာက ဖန့်မျိုးနွယ်စုပေါ်မှာ ကျရောက်နေတာလား"
ကျန်းဝူက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဇန့်ရွှယ် သူတော်စင်လောင်းလျာက ထိုစကားကို ကြားနိုင်သည်ကို သူသိပါသည်။ ဇန့်ရွှယ်ကမူ ယခင်အတိုင်းပင် မလှုပ်မယှက် တည်ငြိမ်နေဆဲ
"ဒီကလေး အဆင့် ၁၀၀ ထဲ ဝင်သွားရင်တောင် သူက အဆင့် (၆) ပဲ ရှိသေးတယ်။ မင်းနဲ့ငါက သူ့ကို အလွယ်လေး ညှစ်သတ်လို့ ရတယ်။ အကယ်၍ မင်းမှာ ဖန့်လဲ့ကို ယှဉ်နိုင်မယ့် နည်းလမ်းမရှိရင် ဒီကလေးကို ဘာမှ ထပ်မကြံစည်တာ အကောင်းဆုံးပဲ၊ ကိုယ့်ကိုယ်ကိုယ် မီးဟုန်းဟုန်းတောက်စေမယ့် အလုပ်မျိုးပေါ့"
သူမက ခေတ္တရပ်လိုက်ပြီး
"ငါ သံသယဖြစ်မိတာက ဒီတိုက်ပွဲပြီးလို့ သူသာ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့ရင် သူတော်စင်တွေရဲ့ အာရုံစိုက်မှုကို ကျိန်းသေ ရတော့မှာပဲ။ ဖန့်လဲ့အပြင် ဝမ်တောက်သူတော်စင်တို့ကလည်း သူ့ကို ကာကွယ်ပေးကြလိမ့်မယ်"
ကျန်းဝူသည် ငြိမ်သက်သွားပြီး ဘာမှ ထပ်မပြောတော့ပေ။
ဖန့်ချန်၏ လမ်းကို တစ်စုံတစ်ဦးက ပိတ်ဆို့လိုက်လေပြီ။
သူ၏ ရှေ့တည့်တည့် ပေတစ်ရာခန့်အကွာတွင် ထူးဆန်းသောအသွင်ရှိသော ပုံရိပ်တစ်ခု ရပ်နေသည်။ ထိုတန်ခိုးရှင်မှာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိပုံရပြီး လက်တစ်ဖက်စီတွင် လက်နက်တစ်ခုစီ ကိုင်ဆောင်ထားသည်။
ဦးခေါင်းသုံးလုံးစလုံး၏ ရုပ်ရည်မှာ ထပ်တူကျနေပြီး ဖန့်ချန်ကို တည်ငြိမ်စွာ စိုက်ကြည့်နေကြသည်။ မျက်လုံးသုံးစုံစလုံးတွင် ဇဝေဇဝါဖြစ်မှုနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။
'ခေါင်းသုံးလုံး လက်ခြောက်ဖက် နတ်ဘုရားစွမ်းအားလား မဟုတ်ဘူး...'
ဖန့်ချန်ကလည်း တစ်ဖက်လူကို အကဲခတ်နေမိသည်။ တစ်ဖက်လူမှာ ထိုနတ်ဘုရားစွမ်းအားကို သုံးထားသည့်ပုံ ပေါက်သော်လည်း သေချာကြည့်လိုက်လျှင် မည်သည့်စွမ်းအားကိုမျှ အသုံးပြုထားသည့် အရိပ်အယောင် မတွေ့ရပေ။ ဤခေါင်းသုံးလုံး လက်ခြောက်ဖက်မှာ သူ၏ မွေးရာပါ အသွင်အပြင်သာ ဖြစ်သည်။
"မင်းရဲ့နောက်မှာ အတွင်းနယ်မြေတွေ အများကြီး ရှိနေတာပဲ။ မင်းက ဘယ်မျိုးနွယ်လဲ ဒီအတွင်းနယ်မြေတွေထဲက သူတော်စင်လောင်းလျာတွေနဲ့ သူတော်စင်တွေက မင်းရဲ့ မျိုးနွယ်တူတွေလား"
တစ်ဖက်လူက ရုတ်တရက် မေးလိုက်သည်။
ဖန့်ချန် ပြန်မဖြေရသေးမီမှာပင် နောက်ထပ် ပုံရိပ်တစ်ခု ရောက်လာခဲ့ပြန်သည်။ ထိုသူမှာ လူသားကိုယ်ထည်ရှိသော်လည်း မြွေအမြီး ရှိပြီး ထိုအမြီးမှာ ပေအနည်းငယ် ရှည်လျားလှသည်။
"ဒီကောင်က လူသားမျိုးနွယ်ပဲ၊ အရမ်းအားနည်းတဲ့ မျိုးနွယ်စုပေါ့။ ဒါပေမဲ့ အခုထိ တောင့်ခံနိုင်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါက ကံကောင်းတာလား၊ ဒါမှမဟုတ် ကံအရမ်းကောင်းတာလား"
လူကိုယ် မြွေမြီးနှင့် တန်ခိုးရှင်က ပြုံးစစဖြင့် ဆိုလိုက်သည်။
"မင်းတို့နှစ်ယောက်က ကြည့်ရတာ အင်အားကြီးမျိုးနွယ်တွေပဲ။ ငါ မင်းတို့ကြားက တိုက်ပွဲမှာ ဝင်မပါတော့ပါဘူး"
ဖန့်ချန်က ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်ကာ ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်သည်။
သို့သော် လူကိုယ် မြွေမြီးနှင့် တန်ခိုးရှင်ကမူ လက်မလွှတ်လိုသေး
"မင်း မသွားနဲ့ဦးလေ။ ကံတရားတစ်ခုတည်းနဲ့တော့ နောက်ဆုံးအထိ မကျန်နိုင်ပါဘူး။ တခြားလူလက်ထဲမှာ အသေခံမယ့်အစား ငါ့လက်ထဲမှာပဲ အသေခံလိုက်တာက ပိုမကောင်းဘူးလား"
ဖန့်ချန်က သူ၏စကားကို ဂရုမစိုက်ဘဲ နောက်ဆုတ်သည့် အရှိန်ကို မြှင့်လိုက်သည်။ ထိုစဉ် ရွှေရောင်အလင်းတံတိုင်းတစ်ခုမှာ ဟင်းလင်းပြင်၌ ပေါ်ထွက်လာပြီး သူ၏လမ်းကို ပိတ်ဆို့လိုက်လေသည်။ အကယ်၍ သူသာ အချိန်မီ မရပ်တန့်ဘဲ ထိုတံတိုင်းကို ဝင်တိုက်မိပါက ထိုနေရာမှာတင် အမှုန့်ဖြစ်သွားမည်မှာ သေချာသည်။
လှည့်ကြည့်လိုက်သောအခါ ကြီးမားလှသော သေမင်းတိုက်ပွဲပြားကြီး တစ်ခုမှာ သူတို့သုံးဦး၏ အလယ်ဗဟို၌ ပေါ်ထွက်လာခဲ့လေပြီ။
"ဒါဟာ ထူးဆန်းသောမြွေ မျိုးနွယ်နဲ့ တောင်ပိုင်းနတ်ဘုရား မျိုးနွယ်တွေပဲ"
စန့်လင်သူတော်စင်လောင်းလျာက မျက်မှောင်ကြုတ်၍ ဆိုလိုက်သည်။
ဖန့်ချန်းရွှယ်ကလည်း ရင်ထဲတွင် သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။ ဤကံတရားမှာ တကယ်ကို မကောင်းလှပေ။
လူတိုင်း ခန့်မှန်းထားကြသည်မှာ ဖန့်ချန်သည် အင်အားကြီးမျိုးနွယ် ၁၂ ခုနှင့် ကျိန်းသေ ရင်ဆိုင်ရမည် ဖြစ်ကြောင်းပင်။ သို့သော် ယခုကဲ့သို့ တစ်ပြိုင်နက်တည်း အင်အားကြီးမျိုးနွယ် ၁၂ ခုထဲမှ ထိပ်သီးနှစ်ဦးနှင့် တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
"ဖန့်ချန် ဘိုးဘေးရဲ့ ကံက မကောင်းဘူးပဲ။ ဒီအင်အားကြီးမျိုးနွယ် ၁၂ ခုရဲ့ စရိုက်အရဆိုရင် သူတို့က ဖန့်ချန်ကို အရင်ဆုံး လက်စဖျောက်ဖို့ ကြံကြလိမ့်မယ်..."
ဖန့်ဟန်က ခါးသီးစွာ ဆိုလိုက်သည်။
လူတိုင်းက ခေါင်းညိတ် ထောက်ခံကြသည်။ အင်အားကြီးမျိုးနွယ် ၁၂ ခုသာမက၊ သူတို့ထက် အနည်းငယ်သာလွန်သော မည်သည့်မျိုးနွယ်မဆို အားနည်းသော မျိုးနွယ်စုများအပေါ် ထားရှိသည့် သဘောထားမှာ ဤကဲ့သို့ပင် ဖြစ်သည်။
အားနည်းသော မျိုးနွယ်စုများမှာ နတ်ဘုရားနယ်မြေတွင် ရှင်သန်ရန်ပင် မထိုက်တန်သည့်အလား သဘောထားကြလေတော့သည်။