အခန်း (၁၈၆၃-၁၈၆၄)
Vol. 187 Ch. 1863-1864
အခန်း (၁၈၆၃) - သူတော့ မဟုတ်လောက်ပါဘူးနော်
"ဟုတ်တာပေါ့... သေမင်းတိုက်ပွဲ သုံးပွဲကို မနည်းရှင်သန်အောင် ကြိုးစားခဲ့ရတာ။ ဒါပေမဲ့ ဒီနေ့တော့ ကံတရားက ပြန်ဆိုးသွားပြန်ပြီ"
ဖန့်ချန်က သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်း ဆိုလိုက်သည်။
"သေမင်းတိုက်ပွဲ သုံးပွဲလုံးမှာ အသက်ရှင်နိုင်ခဲ့တယ်ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပဲ။ အခုတော့ မင်းနဲ့ငါက ဒီတိုက်ပွဲနယ်မြေထဲမှာ အတူတူပိတ်မိနေကြပြီဆိုတော့... အခုပဲ တစ်ခါတည်း အရှုံးအနိုင် ခွဲလိုက်ကြတာ ပိုကောင်းမလား"
ကျင်ကန်းမျိုးနွယ်က ခပ်ပြုံးပြုံးပြောလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် ယုံကြည်ချက်များ အပြည့်အဝ ဖုံးလွှမ်းနေသည်။ ကျင်ကန်းမျိုးနွယ်၏ အခြေခံအုတ်မြစ်မှာ လူသားမျိုးနွယ်ထက် များစွာသာလွန်သည်ဖြစ်ရာ နှစ်ဦးစလုံးမှာ သေမင်းတိုက်ပွဲ သုံးကြိမ်စီ အနိုင်ရထားသော ထိပ်သီးများဖြစ်နေပါစေဦးတော့... တစ်ဖက်လူသည် သူ၏ကာကွယ်ရေးကိုပင် ဖောက်နိုင်လိမ့်မည်မဟုတ်ဟု သူက အပိုင်တွက်ထားခြင်းဖြစ်သည်။
"မင်း သေချာလို့လား"
"ဒါပေါ့... အသေအချာပဲ"
သေမင်းတိုက်ပွဲနယ်မြေ၏ ဗဟိုချက်မတွင်မူ တန်ခိုးရှင်များသည် အစုအဖွဲ့ ဆယ်ဂဏန်းခန့် ကွဲပြားလျက် တပ်စွဲထားကြသည်။
ထိုအထဲတွင် လူသားမျိုးနွယ်စုဝင်များဖြင့် ဖွဲ့စည်းထားသော အုပ်စုအချို့လည်း ပါဝင်သော်လည်း သူတို့သည် တစ်ဦးကိုတစ်ဦး စစ်ခင်းတော့မည့်အလား တင်းမာစွာ ရင်ဆိုင်နေကြသည်။
"ကျန်းရန်မဟာမိတ်နဲ့ လော့ရွှယ်မဟာမိတ်... နင်တို့က ငါတို့နဲ့ မျိုးနွယ်တူ လူသားချင်းပဲကို ဒီသူတော်စင်မျှော်စင်တိုက်ပွဲမှာ အသေအလဲ တိုက်ချင်နေကြတာလား"
ကိုယ်လုံးကိုယ်ပေါက် သွယ်လျထူးကဲသော အမျိုးသမီးတစ်ဦးက မျက်နှာကို ခက်ထန်စွာထားရင်း မေးလိုက်သည်။ သူမမှာ ဖန့်မျိုးနွယ်စုမှ ဖန့်ရှီ မုန့် ဖြစ်သည်။
"ဖန့်ရှီမုန့် အခုအခြေအနေကို နင် အကဲမခတ်နိုင်သေးဘူးလား။ ဒီလိုမေးခွန်းတွေ မေးနေလို့ရော ဘာထူးမှာလဲ။ ငါတို့ ကျန်းရန်မဟာမိတ်၊ လော့ရွှယ်မဟာမိတ်တွေနဲ့ နင်တို့ ဖန့်မျိုးနွယ်စုကြားမှာက ပင်လယ်လို နက်ရှိုင်းတဲ့ ရန်ငြိုးတွေ ရှိပြီးသားပဲ။ ကျန်းဝူသူတော်စင်လောင်းလျာနဲ့ ဇန့်ရွှယ်သူတော်စင်လောင်းလျာတို့ရဲ့ သူတော်စင်ဖြစ်မယ့်လမ်းကို ပိတ်ဆို့ခဲ့တာ နင်တို့ ဖန့်မျိုးနွယ်စုပဲ မဟုတ်လား"
ကျန်းရန်မဟာမိတ်ဘက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
"မိတ်ဆွေတို့... ခင်ဗျားတို့က ဖန့်မျိုးနွယ်က လူတွေလည်း မဟုတ်ဘူးလေ။ သူတို့အတွက်နဲ့ ငါတို့နဲ့ ရန်သူဖြစ်စရာ မလိုပါဘူး။ ဘေးကို ခေတ္တဖယ်ပေးထားတာက ပိုကောင်းပါလိမ့်မယ်။ ငါတို့ ဖန့်ရှီမုန့် တို့ကို အရင်ရှင်းပြီးမှ နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာ ဆွေးနွေးကြတာပေါ့"
လော့ရွှယ်မဟာမိတ်ဘက်မှ ချောမောသော လူငယ်တစ်ဦးက ဖန့်ရှီမုန့် အနီးတွင်ရှိနေသော လူအချို့ကို ကြည့်ကာ ပြုံးလျက် ဖျောင်းဖျလိုက်သည်။
"ငါတို့ ဝမ်တောက်မဟာမိတ် က ဖန့်မျိုးနွယ်စုနဲ့ အမြဲတမ်း မဟာမိတ်တွေပဲ။ သူတော်စင်မျှော်စင်တိုက်ပွဲထဲ ရောက်နေလို့ မဟာမိတ်ကို သစ္စာဖောက်ရမယ့် အကြောင်းပြချက် မရှိဘူး။ အပိုတွေ လာမပြောနဲ့တော့... နင်တို့ တိုက်ချင်ရင်လည်း ငါတို့က အဖော်ပြုပေးမယ်။ ဒါပေမဲ့ နင်တို့ ငါတို့ကို တိုက်ပြီးသွားရင်လည်း ကျန်တဲ့ ပြင်ပမျိုးနွယ်တွေရဲ့ လက်ချက်နဲ့ နင်တို့လည်း သေရမှာပဲ"
ထိုအခါ အရပ်အမောင်း မြင့်မားထွားကျိုင်းသော လူငယ်တစ်ဦးက အေးဆေးစွာ ပြန်ပြောလိုက်သည်။
"ဝမ်တောက်မဟာမိတ်က ဖန့်မျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့ဖို့ ရွေးချယ်လိုက်တာဟာ တကယ်ကို မလိမ္မာတဲ့ လုပ်ရပ်ပဲ"
လော့ရွှယ်မဟာမိတ်မှ ထိုချောမောသောလူငယ်က ခေါင်းကို အသာအယာခါယမ်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ ပြင်ပမျိုးနွယ်စုများကို ဝေ့ဝဲကြည့်ကာ ရယ်မောလိုက်သည်။
"ဒီပြင်ပမျိုးနွယ်တွေက ငါတို့အချင်းချင်း သတ်တာကို ကြည့်ပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတာကတော့ မဖြစ်နိုင်ဘူး။ ငါတို့က ကျင်ကန်းမျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့ထားပြီးပြီ။ ကျင်ကန်းမျိုးနွယ်က ယန်ချန်ခုန်း ဆိုရင် သေမင်းတိုက်ပွဲ သုံးပွဲတောင် အနိုင်ရထားပြီးပြီလေ။
သူသာ ဒီကို ရောက်လာရင် ရက်အနည်းငယ်လောက် အချိန်ဆွဲထားလိုက်တာနဲ့ ငါတို့အားလုံး လက်နက်ချပြီး ဘေးကင်းကင်း ထွက်သွားလို့ရပြီ။ အဲဒီတော့ ငါတို့က သေမှာမဟုတ်ဘူး... နင်တို့ကတော့ မတူဘူးပေါ့"
ဖန့်ရှီမုန့် နှင့် ဝမ်တောက်မဟာမိတ် တန်ခိုးရှင်များသည် ထိုစကားကို ကြားသောအခါ မလှမ်းမကမ်းတွင် ငွေရောင်အလင်းတန်းများ ဖြာထွက်နေသည့် ကျင်ကန်းမျိုးနွယ်စုဝင်များကို လှမ်းကြည့်လိုက်ကြသည်။
ဤကျင်ကန်းမျိုးနွယ် တစ်စုမှာ လက်ရှိတွင် အင်အားအကြီးဆုံး အနေအထား၌ ရှိနေကြသည်။ အထူးသဖြင့် ယန်ချန်ခုန်းဆိုသူ၏ ကျောဘက်မှ အလင်းကွင်း သုံးခုမှာ လိမ်ညာ၍မရသော အထောက်အထားပင်။
ဖန့်ရှီမုန့် က သူမ၏ အမှတ်အသားပြားကို ထုတ်ကြည့်လိုက်ရာ အနားသတ်တွင် ရွှေရောင်ချည်မျှင်တန်းလေးတစ်ခုမှာ ပတ်ပတ်လည်သို့ စီးဆင်းနေသည်ကို တွေ့ရသည်။ ထိုချည်မျှင်တန်းမှာ တစ်ပတ်ပြည့်၍ အစနှင့်အဆုံး ထိတွေ့သွားပါက လက်နက်ချ၍ သူတော်စင်မျှော်စင်မှ အထိအခိုက်မရှိ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။ သို့သော် ထိုအချိန်မတိုင်မီအထိ မည်သူမျှ အသက်ရှင်လျက် မထွက်သွားနိုင်ချေ။
'အရင်က အတွေ့အကြုံတွေအရ နောက်ထပ် လေးငါးနှစ်လောက်အထိ အောင့်အီးသည်းခံပြီးမှ ထွက်သွားနိုင်ရင် ထိပ်သီး တစ်သိန်းစာရင်းထဲ ဝင်နိုင်စရာ အကြောင်းရှိတယ်။ ဒါပေမဲ့ ဒါက ပြောသလောက် မလွယ်ဘူး... လူသားမျိုးနွယ်အတွက် တစ်သိန်းစာရင်းဝင်ဖို့က တကယ်ပဲ ဒီလောက်တောင် ခက်ခဲနေတာလား...'
ဖန့်ရှီမုန့် စိတ်ထဲမှ သက်ပြင်းချနေစဉ်မှာပင် ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ သူတို့ရှိရာသို့ တိုက်ရိုက် ပျံသန်းလာခဲ့သည်။
လူတိုင်း စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်ရာ လူသားမျိုးနွယ်တစ်ဦး ဖြစ်နေသဖြင့် သိပ်ပြီး အရေးတယူ မလုပ်ကြပေ။ သူတို့သည် သေမင်းတိုက်ပွဲ သုံးပွဲနိုင်ထားသည့် ကျင်ကန်းမျိုးနွယ် ယန်ချန်ခုန်း ပြန်လာသည်ဟုသာ ထင်မှတ်ထားကြခြင်း ဖြစ်သည်။
"ဖန့်ချန် ဘိုးဘေး"
ဖန့်ရှီမုန့်သည် လာသူကို မြင်လိုက်ရသောအခါ အံ့ဩသွားပြီးနောက် ချက်ချင်းပင် လက်အုပ်ချီကာ ရိုသေစွာ ဂါရဝပြုလိုက်သည်။ ဖန့်ချန်သည် ရှဲ့ကျစ် ဌာနတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သူဖြစ်ရာ သူမက သိနေသော်လည်း ယခင်က ဆုံတွေ့မှု များများစားစား မရှိခဲ့ချေ။
ဖန့်ရှီမုန့်၏ ဘေးရှိ အခြားသော ဖန့်မျိုးနွယ် အဆင့် (၆) နှစ်ဦးကလည်း ဖန့်ချန်ကို မြင်သောအခါ အလျင်အမြန်ပင် ဦးညွှတ်နှုတ်ဆက်ကြသည်။ ဝမ်တောက်မဟာမိတ်မှ လူအချို့မှာမူ မိမိတို့ဘက်မှ လူတစ်ယောက် ထပ်တိုးလာသဖြင့် စိတ်သက်သာရာ ရသွားကြသည်။
လူပိုလျှင် ပိုကောင်းသည် မဟုတ်ပါလား။ အနည်းဆုံးတော့ ကျန်းရန်မဟာမိတ်နှင့် လော့ရွှယ်မဟာမိတ်တို့၏ တိုက်ခိုက်မှုကို ခဏလောက် ပိုခံနိုင်မည်ဖြစ်သည်။
"နေဦး..."
ဖန့်ရှီမုန့်နှင့် လူအုပ်ကြီးမှာ မျက်လုံးကို ပွတ်သပ်ကာ ဖန့်ချန်၏ ကျောဘက်တွင် မှိန်ဖျော့ဖျော့ ပေါ်နေသော အလင်းကွင်း သုံးခုကို ကြောင်တောင်တောင် ကြည့်နေမိကြသည်။ အဝေးကကြည့်စဉ်က သေချာမမြင်ရသော်လည်း အနားသို့ ရောက်လာချိန်တွင်မူ ထိုအလင်းကွင်း သုံးခုမှာ ထင်ထင်ရှားရှား ဖြစ်နေတော့သည်။
အလင်းကွင်း သုံးခု ၎င်းမှာ ရှေ့မှလူသည်လည်း သေမင်းတိုက်ပွဲ သုံးပွဲလုံးကို နောက်ဆုံးအထိ အသက်ရှင်ခဲ့သူ ဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။ ဤကဲ့သို့သော လက်ချက်မျိုးမှာ သာမန်မဟုတ်ချေ။
သေမင်းတိုက်ပွဲတိုင်း၏ ခက်ခဲမှုအဆင့်ချင်း မတူညီနိုင်သဖြင့် ရှင်သန်မှုအကြိမ်ရေတစ်ခုတည်းဖြင့် အစွမ်းကို အကဲဖြတ်၍ မရနိုင်သော်လည်း သုံးပွဲလုံး ရှင်သန်နိုင်သူမှာ မျိုးနွယ်တူများထဲတွင် ထိပ်သီး ဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ကျန်းရန်မဟာမိတ်နှင့် လော့ရွှယ်မဟာမိတ်တို့မှာလည်း ဖန့်ချန်ကို မြင်သောအခါ သူ၏နောက်မှ အလင်းကွင်းများကြောင့် ချက်ချင်းပင် သတိကြီးစွာ ထားလာကြပြီး မျက်လုံးများထဲတွင် သံသယနှင့် စိုးရိမ်စိတ်များ အရိပ်ထင်လာသည်။ ကျင်ကန်းမျိုးနွယ်စုဝင်များမှာလည်း တည်ငြိမ်နေသော မျက်နှာထားများ ပျက်ယွင်းသွားပြီး အနည်းငယ် လေးနက်သွားကြသည်။
"ကျန်းရန်မဟာမိတ်နဲ့ လော့ရွှယ်မဟာမိတ်က ဒီတိုက်ပွဲမှာ နင်တို့ကို ပစ်မှတ်ထားဖို့ ပြင်နေကြတာလား"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
ဖန့်ရှီမုန့်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်
"ဟုတ်ပါတယ် ဘိုးဘေး... သူတို့က ကျင်ကန်းမျိုးနွယ်ရဲ့ အင်အားကို အသုံးချပြီး ကျွန်မတို့ကို အရင်သတ်ဖို့ ကြံနေတာပါ။ ပြီးရင် လက်နက်ချလို့ရမယ့် အချိန်အထိ ဆွဲထားပြီးမှ အန္တရာယ်ကင်းကင်းနဲ့ ထွက်သွားဖို့ စိတ်ကူးနေကြတာ"
ဖန့်ချန် စိတ်ထဲမှ အမှတ်အသားပြားကို ထုတ်ကြည့်လိုက်ရာ ရွှေရောင်ချည်မျှင်တန်းမှာ ပတ်ပတ်လည်ကို ဆက်သွယ်မိတော့မည် ဖြစ်သည်။ ဤအရှိန်အတိုင်းဆိုလျှင် ရက်အနည်းငယ်အတွင်း လက်နက်ချနိုင်တော့မည် ဖြစ်သည်။
"မင်းက သေမင်းတိုက်ပွဲ သုံးပွဲနိုင်ခဲ့တယ်ဆိုတော့ နည်းနည်းတော့ အစွမ်းရှိသားပဲ။ ဒါပေမဲ့ ငါ့ဝမ်းကွဲအစ်ကို ပြန်လာရင်တော့ မင်းနဲ့ တစ်ချက်လောက် ယှဉ်ကြည့်ခိုင်းရမယ်"
ထိုစဉ် ကျင်ကန်းမျိုးနွယ်ဝင်များသည် လူငယ်တစ်ဦး၏ ဦးဆောင်မှုဖြင့် လော့ရွှယ်မဟာမိတ်နှင့် ကျန်းရန်မဟာမိတ်တို့၏ ရှေ့သို့ ရောက်လာသည်။ ထိုကျင်ကန်းမျိုးနွယ်လူငယ်က ဖန့်ချန်နောက်မှ အလင်းကွင်းများကို ကြည့်ကာ မျက်လုံးထဲ၌ စိုးရိမ်ရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း အေးဆေးသည့်ဟန်ဖြင့် ဆိုလိုက်သည်။
ကျင်ကန်းမျိုးနွယ်က ရှေ့ထွက်လာသဖြင့် ကျန်းရန်မဟာမိတ်နှင့် လော့ရွှယ်မဟာမိတ်တို့မှာ စိတ်အေးသွားကြသည်။ ခုနက ဖန့်ချန်၏ အလင်းကွင်း သုံးခုကို မြင်စဉ်က သူတို့ရင်ထဲ၌ ထိတ်လန့်သွားခဲ့ကြသော်လည်း ယခု ယန်ချန်ခုန်း ရှိနေသည်ကို သတိရသွားချိန်တွင်မူ ပြန်လည် တည်ငြိမ်သွားကြသည်။
တစ်ဖက်တွင်မူ ဖန့်ရှီမုန့် တို့အုပ်စုမှာ ယန်ချန်ခုန်းအကြောင်းကို သတိပေးခံလိုက်ရသဖြင့် မျက်နှာများ ညိုးငယ်သွားကြသည်။ တစ်စုံတစ်ဦးက ဖန့်ချန်ကို ယန်ချန်ခုန်း၏ အစွမ်းများအကြောင်း တိုးတိုးလေး ကပ်ပြောပြနေသည်။
"သူလည်း သုံးပွဲနိုင်ထားတာဆိုတော့ အစွမ်းက မညံ့လောက်ဘူးပေါ့"
ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး
"အခု သူ ဘယ်မှာလဲ"
ကျင်ကန်းမျိုးနွယ်လူငယ်က ခပ်ပြုံးပြုံးဖြင့်
"ငါ့အစ်ကိုက မျက်စိမရှိတဲ့ တစ်ယောက်ကို လိုက်သတ်နေတာ၊ အခုပဲ ပြန်ရောက်လာတော့မှာ"
ဖန့်ချန် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် သိုလှောင်အိတ်ထဲမှ ခေါင်းပြတ်တစ်ခုကို ထုတ်၍ ထိုကျင်ကန်းမျိုးနွယ်များရှေ့သို့ ပစ်ချပေးလိုက်သည်။
သွေးစက်လက်ကျနေသော ထိုခေါင်းပြတ်မှာ တစ်ကိုယ်လုံး ငွေရောင်သန်းနေပြီး မျက်လုံးများမှာမူ သေသည့်တိုင် အငြိုးမပြေသည့်အလား ပြူးကျယ်နေဆဲပင်။
"သူတော့ မဟုတ်လောက်ပါဘူးနော်"
ဖန့်ချန်က အေးအေးဆေးဆေးပင် မေးလိုက်သည်။
ကျင်ကန်းမျိုးနွယ်လူငယ်၏ မျက်နှာမှာ တုန်လှုပ်သွားပြီး ရှေ့သို့ အပြေးအလွှား သွားကာ ထိုခေါင်းပြတ်ကို ပွေ့ချီကြည့်လိုက်သည်။ ထို့နောက် သူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
"သူတို့ကို အကုန်သတ်ပစ်ကြစမ်း "
ကျင်ကန်းမျိုးနွယ် တန်ခိုးရှင်အားလုံးသည် စကားတစ်လုံးမျှ မဟတော့ဘဲ ထိုလူငယ်နှင့်အတူ ဖန့်ချန်တို့ရှိရာသို့ တဟုန်ထိုး ပြေးဝင်တိုက်ခိုက်ကြတော့သည်။
ဖန့်ရှီမုန့် တို့အုပ်စုမှာ ရုတ်တရက်ကြီး တိုက်ပွဲစတင်လာလိမ့်မည်ဟု ထင်မထားသဖြင့် ကမန်းကတန်းပင် ပြန်လည်ခုခံရန် ပြင်ဆင်လိုက်ကြရသည်။
ကျန်းရန်မဟာမိတ်နှင့် လော့ရွှယ်မဟာမိတ် တန်ခိုးရှင်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဤအခိုက်အတန့်တွင် ကျင်ကန်းမျိုးနွယ်ဘက်မှ ရပ်တည်ကာ အတူတူ ဝိုင်းဝန်းတိုက်ခိုက်ရန် ရွေးချယ်လိုက်ကြလေတော့သည်။
အခန်း (၁၈၆၄) - ပိုးဟပ်တောင် ကိုက်ရင် နာတတ်တယ်
ဤသေမင်းတိုက်ပွဲကို ကြည့်ရှုနေသည့် အတွင်းနယ်မြေပေါင်း ထောင်နှင့်ချီ၍ ရှိနေသည်။
သူတော်စင်မျှော်စင်တိုက်ပွဲမှာ ပိုမိုပြင်းထန်လာသည်နှင့်အမျှ အရည်အချင်းမပြည့်မီ၍ ထုတ်ပယ်ခံရသည့် နတ်ဘုရားစွမ်းအားရှင်များမှာလည်း ပို၍များပြားလာရာ နောက်ပိုင်းတိုက်ပွဲများတွင်မူ ကြည့်ရှုသူအရေအတွက်မှာ ယခုထက်ပင် ပိုမိုများပြားလာဦးမည်ဖြစ်သည်။
ဤထောင်နှင့်ချီသော အတွင်းနယ်မြေများထဲတွင် လူသားမျိုးနွယ်မှ ဆင်းသက်လာသော သူတော်စင်လောင်းလျာ များစွာရှိသကဲ့သို့ ကျင်ကန်းမျိုးနွယ်မှ သူတော်စင်လောင်းလျာများလည်း အမြောက်အမြား ပါဝင်နေကြသည်။
"ကျင်ကန်းမျိုးနွယ် ယန်ချန်ခုန်းက ဒီကလေးလက်ထဲမှာ သေသွားတာပဲ။ ခုနက တိုက်ပွဲအစကို လွတ်သွားလို့ သူ ယန်ချန်ခုန်းကို ဘယ်လိုသတ်လိုက်လဲဆိုတာ မမြင်လိုက်ရဘူး"
ကျန်းဝူသူတော်စင်လောင်းလျာသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး မျက်မှောင်ကြုတ်ကာ တိုက်ပွဲအခြေအနေကို စူးစမ်းနေသည်။
သူ၏ အာရုံစိုက်မှုမှာ ယခင်က သေမင်းတိုက်ပွဲနယ်မြေ၏ ဗဟိုချက်မသို့သာ ရောက်ရှိနေခြင်းဖြစ်သည်။ ဖန့်ချန်သည်လည်း ဤနယ်မြေထဲ၌ ရှိနေမှန်း သူသိလိုက်ချိန်တွင်မူ ယန်ချန်ခုန်းမှာ သေဆုံးသွားခဲ့လေပြီ။
"ဘာလက်ချက် ရှိဦးမှာလဲ... ဓားနတ်ဘုရားစွမ်းအားပဲပေါ့။ အခုကြည့်ရတာ သူ့ရဲ့ ဓားနတ်ဘုရားစွမ်းအားက ဖန့်လဲ့ဆီကနေ အမွေဆက်ခံမှုကို အပြည့်အဝ ရထားပုံပဲ"
ဇန့်ရွှယ်သူတော်စင်လောင်းလျာက တည်ငြိမ်စွာ ဆိုလိုက်သည်။
သူတို့နှစ်ဦး၏ အနောက်တွင် ပုံရိပ်ပေါင်း ဆယ်ဂဏန်းခန့် တိုးပွားလာခဲ့သည်။ ၎င်းတို့မှာ သူတော်စင်မျှော်စင်တိုက်ပွဲအတွင်း လက်နက်ချခြင်းဖြင့် အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များ ဖြစ်ကြသည်။ သူတို့သည် ပြင်ပမျိုးနွယ်များနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် အတွေ့အကြုံကို ရရှိခဲ့သကဲ့သို့ အသက်ရှင်လျက်လည်း ပြန်ထွက်လာနိုင်ခဲ့ကြရာ ပြန်ရောက်သွားသည့်အခါ ကျင့်စဉ်အပိုင်း၌ သိသိသာသာ တိုးတက်လာပြီး အကျိုးကျေးဇူး များစွာရရှိကြမည်ဖြစ်သည်။
သူတို့သည် ဖန့်ချန်က ယခင်က ဓားတစ်ချက်တည်းဖြင့် အဆင့်တူ တန်ခိုးရှင် ဆယ်ဂဏန်းကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို မမြင်ခဲ့ရချေ။ ယခုအခါ သေမင်းတိုက်ပွဲ သုံးကြိမ်နိုင်ထားသည့် ကျင်ကန်းမျိုးနွယ် ထိပ်သီးတစ်ဦးကို သတ်ဖြတ်နိုင်သည်ကို တွေ့လိုက်ရသဖြင့် သူတို့၏ မျက်ဝန်းများထဲတွင် အံ့ဩတုန်လှုပ်မှုများ အရိပ်ထင်သွားကြသည်။
ထိုစဉ် အတွင်းနယ်မြေရှိ ဟင်းလင်းပြင်၌ ရုတ်တရက် လှိုင်းတံပိုးများ ထွက်ပေါ်လာပြန်သည်။
ကျန်းဝူသူတော်စင်လောင်းလျာက စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး လက်အင်္ကျီကို အသာအယာ ဝေ့ယမ်းလိုက်ရာ အတွင်းနယ်မြေ တံခါးပေါက်တစ်ခုမှာ မျက်မှောက်သို့ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ထိုတံခါးပေါက်အတွင်း၌ ရွှေရောင်ဆေးများ သုတ်လိမ်းထားသည့်အလား တောက်ပနေသော ထွားကျိုင်းသည့် ယောက်ျားကြီးတစ်ဦး ရပ်နေသည်။ သူ၏အနောက်တွင် ရွှေရောင်နှင့် အဖြူရောင် ရောယှက်နေသော ပုံရိပ်အချို့ ရှိနေပြီး နောက်ဆုံးတွင်မူ ငွေရောင်တောက်ပနေသော ပုံရိပ်ပေါင်း ရာနှင့်ချီ၍ ရှိနေကြသည်။
ကျင်ကန်းမျိုးနွယ်စုဝင်များ
သူတော်စင်လောင်းလျာ နှစ်ဦး၏ အနောက်မှ နတ်ဘုရားစွမ်းအားရှင်များမှာ မျက်နှာပျက်သွားကြသည်။
"ကျွန်တော်မျိုးက လူသားမျိုးနွယ် ကျန်းဝူသူတော်စင်လောင်းလျာပါ... မိတ်ဆွေကို နှုတ်ဆက်ပါတယ်"
ကျန်းဝူက ဖြည်းညှင်းစွာ ရှေ့သို့ တစ်လှမ်းတက်၍ လက်အုပ်ချီကာ ဂါရဝပြုလိုက်သည်။
ဇန့်ရွှယ်ကလည်း လိုက်လံနှုတ်ဆက်သော်လည်း သူမ၏ မျက်နှာထားမှာမူ အေးစက်မြဲ အေးစက်နေဆဲပင်။
တစ်ကိုယ်လုံး ရွှေအိုရောင် တောက်ပြောင်နေခြင်းမှာ ရှေ့မှပုဂ္ဂိုလ်သည် ကျင်ကန်းမျိုးနွယ်မှ 'သူတော်စင်လောင်းလျာ' တစ်ဦးဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
"ငါ့နာမည်က ယန်ဟောက်ရန် တဲ့။ ငါ မင်းတို့ကို မေးမယ်... ခုနက ယန်ချန်ခုန်းကို သတ်လိုက်တဲ့ လူသားက ဘယ်ကလဲ၊ ဘယ်သူလဲ"
တံခါးပေါက်အတွင်းမှ ယန်ဟောက်ရန်က ဖြည်းညှင်းစွာ မေးလိုက်သည်။ သူ၏ ထစ်ချုန်းသံကဲ့သို့ ဟိန်းထွက်နေသော အသံမှာ အတွင်းနယ်မြေတစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။
ကျန်းဝူသူတော်စင်လောင်းလျာက စိတ်အာရုံ လှုပ်ရှားသွားပြီး အနည်းငယ် ရိုသေစွာဖြင့်
"သူက ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ သူတော်စင်အသစ်ရဲ့ တိုက်ရိုက်သွေးရင်း ပါပဲ"
ဟု ဖြေကြားလိုက်သည်။
"ဩော်... ဖန့်လို့ မျိုးရိုးအမည်ရတဲ့ သူတော်စင်ကို ပြောတာလား။ မီးနတ်ဘုရားမျိုးနွယ် က မိတ်ဆွေတွေ ပြောတာ ငါကြားဖူးတယ်။ ဒီကလေးက ငါ့ရဲ့ အသုံးမကျတဲ့ မြေးတော်ကို သတ်နိုင်တယ်ဆိုတော့ အစွမ်းတော့ ရှိသားပဲ။
ခင်ဗျားတို့ လူသားမျိုးနွယ်ကတော့ ကံဇာတာ တက်နေပုံရတယ်၊ မီးပုံထဲ ဆီလောင်းလိုက်သလို အရှိန်အဟုန်က တကယ်ကို ပြင်းထန်လှပါလား"
"မပြောဝံ့ပါဘူးခင်ဗျာ"
ကျန်းဝူက နှိမ့်ချစွာ ဆိုလိုက်သည်။
ယန်ဟောက်ရန်က ခပ်ပြုံးပြုံးဖြင့်
"မပြောဝံ့စရာ မရှိပါဘူး။ မင်း ဖန့်သူတော်စင်နဲ့ ဆက်သွယ်လို့ရရင် ငါ့ကိုယ်စား စကားတစ်ခွန်း ပါးပေးလိုက်ပါ... သူတော်စင်မျှော်စင်တိုက်ပွဲ ပြီးသွားတဲ့အခါ ငါတို့ ယန် မျိုးနွယ်စုက အိမ်တိုင်ရာရောက် လာရောက်တွေ့ဆုံမယ်လို့ပေါ့"
ထိုသို့ပြောပြီးနောက် အတွင်းနယ်မြေ တံခါးပေါက်မှာ တဖြည်းဖြည်း မှိန်ဖျော့၍ ကွယ်ပျောက်သွားတော့သည်။
ကျန်းဝူ၏ မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်လာပြီး ဇန့်ရွှယ်ကို ကြည့်ကာ
"ဖန့်မျိုးနွယ်စုတော့ ဒုက္ခရောက်ပြီ။ ဒီတစ်ခါ ကျင်ကန်းမျိုးနွယ် ယန်မျိုးနွယ်စုရဲ့ ပစ်မှတ် ထားတာကို ခံရပြီဆိုတော့ အနည်းဆုံး အခြေခံအင်အား ၁၀ ရာခိုင်နှုန်းလောက်တော့ ဆုံးရှုံးသွားလိမ့်မယ်"
ဇန့်ရွှယ်က မျက်မှောင်ကြုတ်ကာ
"ဒါကြောင့် ကျင်ကန်းမျိုးနွယ်က မီးနတ်ဘုရားမျိုးနွယ်ကို အားသွန်ခွန်စိုက် ထောက်ပံ့ဖို့ ရွေးချယ်လိုက်ရင် ငါတို့လည်း နေရထိုင်ရ ခက်လာနိုင်တယ်"
"အဲဒီလိုတော့ မဖြစ်နိုင်ပါဘူး။ နတ်ဘုရားနယ်မြေ မှာ နတ်ဘုရားနယ်မြေရဲ့ စည်းမျဉ်းတွေ ရှိတယ်။ သူတို့က နယ်မြေအရှင်သတ်မှတ်ထားတဲ့ စည်းမျဉ်းကို ချိုးဖောက်ဖို့ သတ္တိရှိတယ်ဆိုရင်တောင် ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ် က စောင့်ကြည့်နေတာ ရှိသေးတာပဲ။
ကျင်ကန်းမျိုးနွယ်နဲ့ လူသားမျိုးနွယ်ရဲ့ အခြေခံက အတော်လေး ကွာခြားတာ မှန်ပေမယ့် အကြောင်းပြချက် မရှိဘဲ အင်အားကြီးသူက အားနည်းသူကို လာနှိပ်စက်ရင် နယ်မြေအရှင်ရဲ့ နှိမ်နင်းမှုကို ခံရလိမ့်မယ်။
ကျင်ကန်းမျိုးနွယ်က အဲဒီလို စွန့်စားမှာ မဟုတ်ဘူး... အလွန်ဆုံးကတော့ အိမ်တိုင်ရာရောက် လာရောက်စိန်ခေါ်ပြီး စွမ်းအားချင်း ယှဉ်ပြိုင်တာလောက်ပဲ ရှိမှာပါ။ ဒါက စည်းမျဉ်းအတွင်းမှာ ခွင့်ပြုထားတာပဲ"
ကျန်းဝူက ပြောပြီးနောက် လက်ကို အသာမြှောက်လိုက်ရာ ဟင်းလင်းပြင်တွင် လှိုင်းတံပိုးများ ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ၎င်းမှာ စက္ကူကဲ့သို့ ပါးလွှာသော တံခါးပေါက်တစ်ခု ဖြစ်ပြီး လူတိုင်း၏ရှေ့တွင် ပေါ်လာခဲ့သည်။
ဖန့်ချန်းရွှယ် သူတော်စင်လောင်းလျာသည် တံခါးပေါက်အတွင်းမှနေ၍ ကျန်းဝူနှင့် ဇန့်ရွှယ်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဘာကိစ္စလဲ"
ဖန့်ချန်းရွှယ်က တည်ငြိမ်စွာ မေးသည်။
"ခုနတင် ကျင်ကန်းမျိုးနွယ် ယန်မျိုးနွယ်စုရဲ့ သူတော်စင်လောင်းလျာ ယန်ဟောက်ရန်က ကျုပ်ဆီ လာသွားတယ်။ မျှော်စင်တိုက်ပွဲအပြီးမှာ လူခေါ်ပြီး ဖန့်မျိုးနွယ်စုဆီ အိမ်တိုင်ရာရောက် သွားတွေ့မယ်တဲ့"
ကျန်းဝူက ခပ်ပြုံးပြုံးဖြင့် ပြောရင်း ဖန့်ချန်းရွှယ်၏ နောက်ကွယ်မှ ပြိုင်ပွဲမှ ထွက်ခွာလာကြသည့် ဖန့်မျိုးနွယ်စုဝင်များ၏ မျက်နှာပေါ်မှ ထိတ်လန့်စိုးရိမ်မှုများကို မြင်လိုက်ရချိန်တွင်မှ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကျုပ်ကတော့ ကြားစကား ပါးတာပါပဲ။ ဖန့်မျိုးနွယ်စုကို သတင်းပေးပြီး ကြိုတင်ပြင်ဆင်ခိုင်းထားလိုက်ပေါ့"
"သိပြီ"
ဖန့်ချန်းရွှယ်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။
တံခါးပေါက်မှာ တဖြည်းဖြည်း ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားတော့သည်။
ဖန့်ချန်သည် ယခုတစ်ကြိမ်တွင် သူ၏အစွမ်း ၇၀၊ ၈၀ ရာခိုင်နှုန်းခန့်ကို ထုတ်သုံးလိုက်ပြီး ကျားတစ်ကောင် ဆိတ်အုပ်ထဲ တိုးဝင်သည့်အလား ကျင်ကန်းမျိုးနွယ်များကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဓားခန္ဓာကိုယ် ၏ အထောက်အပံ့ဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခိုင်ခံ့မှုမှာ ကျင့်စဉ်အဆင့်တူညီသော ဤကျင်ကန်းမျိုးနွယ်များထက်ပင် သိသိသာသာ သာလွန်နေသည်။
သူ၏ အကြီးမားဆုံးသော လျှို့ဝှက်လက်နက်မှာမူ ကုန်ခမ်းသွားခြင်းမရှိသည့် ဝိညာဥ်စွမ်းအင် များပင် ဖြစ်သည်။ မကုန်ခမ်းနိုင်သော စွမ်းအင်နောက်ခံကြောင့် ဖန့်ချန်သည် တိုက်လေ ပိုသန်မာလေ ဖြစ်နေသည်။
လက်သီး သုံးလေးချက်၊ ခြေကန်ချက် အနည်းငယ်ဖြင့်တင် ကျင်ကန်းမျိုးနွယ် တစ်ဦးကို အပိုင်းပိုင်းဖြစ်အောင် ချေမှုန်းနိုင်သည်။
ကျန်းရန်မဟာမိတ်နှင့် လော့ရွှယ်မဟာမိတ်မှ တန်ခိုးရှင်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ လှုပ်ရှားမှုများမှာ ရုတ်တရက် ထုံထိုင်းသွားပြီး အမှားအယွင်းများစွာ ပေါ်လာတော့သည်။ ၎င်းကြောင့် နှစ်ဖက်စလုံး စတင်တိုက်ခိုက်ချိန်တွင် လူနည်းစုဖြစ်သော ဖန့်ချန်ဘက်မှပင် အသာစီး ရနေခဲ့သည်။
အနီးအနားရှိ ပြင်ပမျိုးနွယ်များမှာမူ တိုက်ပွဲကို ကြည့်ရှုရင်း တစ်စုံတစ်ဦးက ကြားဖြတ်နှောင့်ယှက်မှာကို သတိထားနေကြသည်။ သူတို့တွင် ဝင်ရောက်စွက်ဖက်ရန် အစီအစဉ်မရှိဘဲ ဤလူအုပ်ကြီး အချင်းချင်း သတ်ဖြတ်ကာ အင်အားကုန်ခမ်းသွားကြရန်သာ ဆုတောင်းနေကြသည်။ ၎င်းမှာ သူတို့အတွက် အကြီးမားဆုံးသော အကျိုးအမြတ်ဖြစ်၍ ဖြစ်သည်။
လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်ကြာပြီးနောက် နောက်ဆုံး ကျင်ကန်းမျိုးနွယ်ဝင်မှာ သေဆုံးသွားခဲ့ရာ ဖန့်ချန်သည် ကျန်းရန်မဟာမိတ်နှင့် လော့ရွှယ်မဟာမိတ်တို့၏ တိုက်ပွဲအတွင်းသို့ ချက်ချင်း ဝင်ရောက်လိုက်တော့သည်။
သူ ပါဝင်လာသည်နှင့်အမျှ မဟာမိတ်နှစ်ခုမှ တန်ခိုးရှင်များသည် ဖိအားများကို အကြီးအကျယ် ခံစားလိုက်ရသည်။ လူတစ်ဝက်ခန့် သေဆုံးသွားပြီးနောက်တွင်မှ ကျန်းရန်မဟာမိတ် တန်ခိုးရှင်တစ်ဦးက အသနားခံ စကားဆိုလာသည်။
"ငါတို့က မျိုးနွယ်တူတွေပဲလေ... နောက်ထပ် လက်မပါကြပါနဲ့တော့။ အချိန်စေ့တာနဲ့ ငါတို့ ချက်ချင်း လက်နက်ချပြီး ထွက်သွားပါ့မယ်၊ ငါတို့အသက်ကို ချမ်းသာပေးကြပါ "
သူ၏ စကားမှာ အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်သွားခဲ့ပြီး ဖန့်ရှီမုန့် ၏ လှုပ်ရှားမှုများပင် အနည်းငယ် နှေးကွေးသွားခဲ့သည်။
"ကျန်းရန်မဟာမိတ်နဲ့ လော့ရွှယ်မဟာမိတ်တွေက ပြင်ပမျိုးနွယ်တွေနဲ့ ပူးပေါင်းခဲ့ကြတာပဲ။ အခုထိ နင်တို့က သနားစိတ် ရှိနေကြတုန်းလား... ကိုယ့်အသက်က တိုချင်နေပြီလား "
ဖန့်ချန်၏ ငေါက်ငမ်းသံမှာ ဖန့်ရှီမုန့် တို့၏ နားထဲသို့ တိုးဝင်လာသည်။
လူတိုင်း ချက်ချင်းပင် သတိဝင်လာကြပြီး ရင်ထဲမှ နောက်ဆုံးကျန်ရှိသော သနားစိတ်ကို စွန့်ပစ်လျက် အသေအလဲ ဆက်လက် တိုက်ခိုက်ကြတော့သည်။
မကြာမီမှာပင် မဟာမိတ်နှစ်ခုမှ တန်ခိုးရှင်များမှာ လုံးဝ ရှင်းလင်းခံလိုက်ရတော့သည်။
အတွင်းနယ်မြေမှနေ၍ ကြည့်နေကြသော ကျန်းရန်မဟာမိတ်နှင့် လော့ရွှယ်မဟာမိတ်မှ သူတော်စင်လောင်းလျာများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖန့်ချန်ကို အလွန်လေးနက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူတို့သည် ဤကလေး၏ ရုပ်ရည်ကို မှတ်သားထားပုံရသည်။
ဖန့်ချန်သည် ဟင်းလင်းပြင်ရှိ အတွင်းနယ်မြေ တံခါးပေါက်များစွာကို ရုတ်တရက် ဝေ့ဝဲကြည့်လိုက်သည်။
ဤတံခါးပေါက်များစွာထဲတွင် ကျန်းရန်မဟာမိတ်၊ လော့ရွှယ်မဟာမိတ်မှ သူတော်စင်လောင်းလျာများသာမက ကျင်ကန်းမျိုးနွယ်ဘက်မှ သူတော်စင်လောင်းလျာများလည်း အမြောက်အမြား ရှိနေမည်ကို သူသိသည်။ ဖြစ်နိုင်သည်မှာ... ထိုအထဲ၌ သူတော်စင် နှစ်ဦး၊ သုံးဦးခန့်ပင် ရှိနေနိုင်ပါသည်။
'ဒီနတ်ဘုရားနယ်မြေမှာ... သူတော်စင်လောင်းလျာတွေ၊ သူတော်စင်တွေဆိုတာ ဘယ်လောက်တောင် များနေတာလဲ။ ကောင်းကင်က ကြယ်တွေလိုပဲလား...'
ဖန့်ချန်သည် ခြေရင်းနားရှိ အလောင်းများကို တစ်ချက် ငုံ့ကြည့်လိုက်သည်။
အမှန်စင်စစ် သူနှင့် ဤအလောင်းများမှာ မည်သို့မျှ မကွာခြားချေ။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် သူသည်လည်း သေးငယ်လှသော ပိုးဟပ်တစ်ကောင်မျှသာ ဖြစ်သေးသည်။
"ပိုးဟပ်တောင် ကိုက်ရင် နာတတ်တယ်"
ဖန့်ချန်က တစ်ချက် လှောင်ပြုံးလိုက်ပြီး အနီးအနားရှိ ပြင်ပမျိုးနွယ် တန်ခိုးရှင်များကို လှည့်ကြည့်လိုက်သည်။
"မင်းတို့ လျှောက်မလုပ်နဲ့နော်။ တကယ်တိုက်မယ်ဆိုရင် ငါတို့ အကုန်လုံး ပူးပေါင်းလိုက်မှာ။ မတိုက်ဘူးဆိုရင်လည်း အချိန်စေ့တာနဲ့ ငါတို့ လက်နက်ချပြီး ထွက်သွားကြမယ်"
ပြင်ပမျိုးနွယ် တန်ခိုးရှင်တစ်ဦးက မျက်လုံးထဲတွင် အကြီးအကျယ် ကြောက်ရွံ့မှုများဖြင့် အော်ပြောလိုက်လေတော့သည်။