အခန်း (၁၈၆၅-၁၈၆၆)
Vol. 187 Ch. 1865-1866
အခန်း (၁၈၆၅) - အသူရာမျိုးနွယ်ကို ရင်ဆိုင်ခြင်း
ယခုတစ်ကြိမ် သေမင်းတိုက်ပွဲမှာ ယခင်တိုက်ပွဲများနှင့် မတူညီသည်မှာ ထင်ရှားလှသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲပြီးဆုံးချိန်သည် လက်နက်ချခွင့်ပြုသည့် အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ထပ်တူကျနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤပြင်ပမျိုးနွယ်များအားလုံးမှာ အထိအခိုက်မရှိ ဆုတ်ခွာရန် အဆင်သင့် ပြင်ထားကြလေပြီ။
သူတို့သည် ဤမျှော်စင်တိုက်ပွဲတွင် အခရာကျသူများမဟုတ်ဘဲ လောကကြီးကို အမြင်ကျယ်စေရန်နှင့် မိမိကိုယ်ကိုယ် လေ့ကျင့်ရန်သာ လာခဲ့ကြခြင်းဖြစ်ရာ သူတော်စင်မျှော်စင်တိုက်ပွဲတွင် ထိပ်တန်းအဆင့် ရရှိရန် လုံးဝ မရည်ရွယ်ထားကြချေ။ ၎င်းပြင် ဤတိုက်ပွဲကြောင့် မိမိတို့အသက်ကို စတေးရန်လည်း အလိုမရှိကြပေ။
ဖန့်ရှီမုန့် တို့အုပ်စုမှာ လက်ရှိတွင် ဖန့်ချန်ကိုသာ အားကိုးနေကြရသဖြင့် ဖန့်ချန်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရင်း သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။
"မင်းတို့အားလုံးက အချိန်စေ့တာနဲ့ လက်နက်ချဖို့ သဘောတူကြတာလား"
ဖန့်ချန်က အနီးအနားရှိ ပြင်ပမျိုးနွယ်များကို ကြည့်ကာ အေးဆေးစွာ မေးလိုက်သည်။
ထိုပြင်ပမျိုးနွယ်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အပေးအယူတည့်စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ပြကြသည်။
"ကောင်းပြီ... ဒါဆိုရင်လည်း စောင့်ကြတာပေါ့"
ဖန့်ချန်က သဘောတူလိုက်သည်။
ထိုအခါမှ တင်းမာနေသော ပတ်ဝန်းကျင်အခြေအနေမှာ တစ်ဖန် ပြန်လည်ပြေလျော့သွားတော့သည်။ ဖန့်ရှီမုန့် မှာ တစ်စုံတစ်ခုကို တွေးမိပုံရပြီး အသံလွှင့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဘိုးဘေး... အကယ်၍ အချိန်စေ့တဲ့အခါ သူတို့ဘက်က လက်နက်မချဘဲ နေခဲ့ရင် ကျွန်မတို့ကလည်း ဒီမှာပဲ ဆက်နေရတော့မှာပါ။ အဲဒီအခါကျရင် ဘိုးဘေးကိုယ်တိုင် ကျွန်မတို့ကို သတ်ပြီး လမ်းပို့ပေးရသလို ဖြစ်ပါလိမ့်မယ်။ အဲဒီလိုဖြစ်မယ့်အစား အခုကတည်းက လက်ဦးမှုယူပြီး အတားအဆီးတွေကို ရှင်းပစ်လိုက်တာက ပိုမိုကောင်းမွန်မလားလို့ပါ"
ဖန့်ရှီမုန့် ဘာကို စိုးရိမ်နေသည်ကို ဖန့်ချန် သိပါသည်။ အကယ်၍ လက်နက်ချရမည့် အချိန်ကို ကျော်လွန်သွားပါက အခြေအနေမှာ အလွန်နေရထိုင်ရ ခက်ခဲသော အနေအထားသို့ ရောက်ရှိသွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သေမင်းတိုက်ပွဲနယ်မြေတွင် တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ရမည် ဖြစ်သောကြောင့်ပင်။ သို့မဟုတ်ပါက ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းများမှာ တဖြည်းဖြည်း ကျုံ့ဝင်လာပြီး သက်ရှိမှန်သမျှကို ချေမှုန်းဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။
ထိုသို့ဖြစ်လာပါက ဖန့်ချန်အနေဖြင့် မိမိ၏မျိုးနွယ်တူ ဖန့်ရှီမုန့် တို့ကို ကိုယ်တိုင် သတ်ဖြတ်ရမည်ဖြစ်ရာ ၎င်းမှာ အလွန်စိတ်မသက်သာစရာ ကောင်းလှပေသည်။
"စိတ်မပူပါနဲ့... အချိန်စေ့တာနဲ့ မင်းတို့ လက်နက်ချပြီး ထွက်သွားလိုက်ကြ"
ဖန့်ချန်က ပြောပြီးနောက် မျက်လုံးကို မှိတ်ကာ အနားယူလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအင်များမှာ ခန္ဓာကိုယ်အတွင်း ဖြည်းညှင်းစွာ စီးဆင်းနေပြီး အားအင်ပြန်လည် ဖြည့်တင်းနေသည့်အလား ပေါ်လွင်နေသည်။
ဖန့်ရှီမုန့် မှာ အနည်းငယ် ကြောင်သွားသော်လည်း သူမ၏ စိတ်ထဲတွင်မူ 'အကယ်၍ ဒီပြင်ပမျိုးနွယ်တွေက ကတိမတည်ဘဲ လက်နက်မချရင်၊ ငါတို့ကလည်း ထွက်သွားကြရင် ဘိုးဘေးတစ်ယောက်တည်း အားကိုးရာမဲ့ တိုက်ခိုက်ရတော့မှာ မဟုတ်လား' ဟု တွေးပူနေမိသည်။ သို့သော် ဖန့်ချန်က ထိုအကြောင်းကို ဆက်မပြောလိုတော့သဖြင့် သူမလည်း ဘာမှ ထပ်မဟတော့ပေ။
ရက်အနည်းငယ် ကြာပြီးနောက်...
လူတိုင်း၏ လက်ထဲရှိ အမှတ်အသားပြားပေါ်မှ ရွှေရောင်ချည်မျှင်တန်းမှာ အစနှင့်အဆုံး ထိတွေ့သွားခဲ့ပြီ ဖြစ်သည်။ သေမင်းတိုက်ပွဲနယ်မြေ၏ ရွှေရောင်အလင်းတန်းများမှာလည်း တစ်စထက်တစ်စ ပိုမိုနီးကပ်လာသည်ကို သတိပြုမိကြသဖြင့် တစ်ဦးက အမှတ်အသားပြားကို မြှောက်ကာ အော်ပြောလိုက်သည်။
"အရှုံးပေးတယ်"
နောက်တစ်စက္ကန့်တွင် ထိုသူမှာ ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားပြီး နေရာတင် ပျောက်ကွယ်သွားတော့သည်။ ဤကဲ့သို့ ပြတ်သားသူများမှာ မနည်းလှပေ။ တစ်ဦးပြီးတစ်ဦး လက်နက်ချကာ ထွက်ခွာသွားကြသည်။
"မင်းတို့လည်း သွားကြတော့"
ဖန့်ချန်က ဖန့်ရှီမုန့် တို့ကို ကြည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင်... ဘိုးဘေး... ကျွန်မတို့ ခွင့်ပြုပါဦးမယ်"
ဖန့်ရှီမုန်းတို့မှာ လက်အုပ်ချီ နှုတ်ဆက်ကာ လက်နက်ချလျက် ထွက်ခွာသွားကြသည်။
ဝမ်တောက်မဟာမိတ်မှ လူများမှာလည်း ထို့အတူပင်။ သူတို့သည် ဖန့်ချန်၏ အဆင့် ၆ များကြားရှိ ထူးကဲသော အစွမ်းကို မြင်တွေ့ခဲ့ပြီးဖြစ်ရာ ဤနေရာတွင် နောက်ဆုံးအထိ ကျန်ရစ်နေမည့်သူမှာ ဖန့်ချန်သာဖြစ်ကြောင်း နားလည်ထားကြသည်။ ထို့ကြောင့် သူတို့၏ တစ်ဦးတည်းသော ရွေးချယ်မှုမှာ လက်နက်ချ ထွက်ခွာသွားရန်ပင် ဖြစ်သည်။
လူသားပုံရိပ်များ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်နှင့်အမျှ သေမင်းတိုက်ပွဲနယ်မြေမှာလည်း အဆက်မပြတ် ကျုံ့ဝင်လာခဲ့သည်။ နောက်ဆုံးတွင် တစ်နယ်မြေလုံး၏ အချင်းမှာ တစ်မိုင်ပင် မပြည့်တော့ချေ။ ရွှေရောင်အလင်းတန်း တံတိုင်းကြီးမှာ မျက်မှောက်သို့ အလွန်နီးကပ်လာပြီး လူကို ဖိအားပေးနေသည့်အလား ခံစားရစေသည်။
တစ်ချိန်တည်းမှာပင် ကွင်းပြင်ထဲ၌ လက်နက်ချရန် မလိုလားသေးသည့် ပုံရိပ် သုံးလေးခုသာ ကျန်ရှိတော့သည်။ သူတို့၏ မျိုးနွယ်တူများမှာမူ နောက်ပိုင်းတွင် အချင်းချင်း ပြန်လည်တိုက်ခိုက်ရမည်ကို စိုးရိမ်သဖြင့် လက်ဦးမှုယူကာ ထွက်ခွာသွားကြလေပြီ။
"မင်းတို့ မထွက်သွားချင်ဘူးဆိုရင်လည်း... ဒီမှာပဲ အမြဲတမ်း နေခဲ့ကြတော့"
ဖန့်ချန်က စကားရှည်မပြောတော့ဘဲ လက်အင်္ကျီကို အသာဝေ့ယမ်းလိုက်ရာ ဓားလှိုင်းအရှိန်အဝါများမှာ မြားတန်းများကဲ့သို့ ထွက်ပေါ်သွားခဲ့သည်။ ထိုသူများကို နောင်တရရန် အချိန်ပင်မပေးတော့ဘဲ ချက်ချင်းပင် အသက်နှုတ်လိုက်တော့သည်။
နောက်တစ်ခဏတွင် ရွှေရောင်သေမင်းတိုက်ပွဲပြားမှာ ရွှေရောင်အလင်းတန်းအဖြစ် ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားပြီး သူ၏ကျောဘက်တွင် မှိန်ဖျော့ဖျော့ အလင်းကွင်းတစ်ခု ထပ်မံတိုးပွားလာခဲ့သည်။
အရှုံးအနိုင် ပေါ်သွားပြီဖြစ်သဖြင့် အနီးအနားရှိ အတွင်းနယ်မြေများမှာလည်း တဖြည်းဖြည်း လူစုကွဲသွားကြသည်။
နောက်ထပ် နှစ်အနည်းငယ်အတွင်း ဖန့်ချန်သည် သေမင်းတိုက်ပွဲနယ်မြေအတွင်း ပါဝင်ရသည့် တန်ခိုးရှင် အရေအတွက်မှာ တစ်စထက်တစ်စ နည်းပါးလာသည်ကို သတိပြုမိလိုက်သည်။ အချို့သော အကြိမ်များတွင် တစ်နယ်မြေလုံး၌ လေးငါးဦးသာ ရှိတော့သည်။
သို့သော် ထိုလေးငါးဦး၏ အစွမ်းမှာ အထင်သေး၍ မရချေ။ တစ်ဦးချင်းစီမှာ သေမင်းတိုက်ပွဲပေါင်းများစွာကို ရှင်သန်လာခဲ့ကြသူများ ဖြစ်သည်။ သူတို့၏ အစွမ်းမှာ ကျင့်စဉ်တူ အဆင့်တူရှိခဲ့စဉ်က ရှဲ့အာမန် ထက်ပင် လုံးဝ မနိမ့်ကျကြတော့ချေ။
နယ်မြေကိုးခု ခေတ်နှင့် နှိုင်းယှဉ်ရလျှင် သူတို့မှာ နယ်မြေကိုးခု ၏ အထွတ်အထိပ် ထိပ်သီးများ ဖြစ်နေပေလိမ့်မည်။ ဤကဲ့သို့သော တန်ခိုးရှင်များမှာ ယခု သူတော်စင်မျှော်စင်တိုက်ပွဲတွင် မနည်းလှပေ။
လူသားမျိုးနွယ်မှာမူ အကန့်အသတ်သို့ ရောက်ရှိသွားပုံရသည်။ သေဆုံးသွားသူများမှလွဲ၍ ကျန်ရှိသူများမှာ အထိအခိုက်မရှိ ဆုတ်ခွာရန် ရွေးချယ်လိုက်ကြပြီး ပြိုင်ပွဲမှ ထွက်ခွာလျက် အတွင်းနယ်မြေထဲမှ ကြည့်ရှုသူများ ဖြစ်သွားကြလေပြီ။
ဖန့်ချန်းရွှယ် အနောက်တွင် ရင်းနှီးနေသော ပုံရိပ်များစွာ တိုးပွားလာခဲ့သည်။ ထိုအထဲတွင် ဖန့်မျိုးနွယ်စုဝင်များနှင့် ဝမ်တောက်မဟာမိတ်ဝင်များ ပါဝင်သည်။
"ဖန့်ချန်နဲ့ ဖန့်ဟန် ကလွဲလို့ ငါတို့ ဖန့်မျိုးနွယ်စုက တန်ခိုးရှင်တွေ သူတော်စင်မျှော်စင်ထဲမှာ မကျန်တော့ဘူး"
ဖန့်ချန်းရွှယ်က လူစာရင်းကို စစ်ဆေးကြည့်လိုက်ရာ သေဆုံးသွားသော ဖန့်မျိုးနွယ်ဝင် အရေအတွက်မှာ လက်ခံနိုင်သော ပမာဏအတွင်း၌သာ ရှိနေသဖြင့် သက်ပြင်းချနိုင်ခဲ့သည်။ သူမကိုယ်တိုင်လည်း ဆက်လက်နေထိုင်ပါက အသက်အန္တရာယ် ရှိနိုင်ကြောင်း သိသဖြင့် အချိန်မီ ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။ အဆင့်သတ်မှတ်ချက်မှာမူ ထိပ်တန်း တစ်သိန်းစာရင်းထဲ ဝင်လိမ့်မည် မဟုတ်ချေ။
ချင်ပိုင်ချွမ်း ဘက်တွင်လည်း လူစာရင်း စစ်ဆေးပြီးနောက် ဝမ်တောက်မဟာမိတ် တန်ခိုးရှင်များ အားလုံး ပြိုင်ပွဲမှ ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ အချို့မှာ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သော်လည်း အချို့မှာမူ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်။
သူက ထိုအကြောင်းကို သတင်းပို့လိုက်ရာ ဖန့်ချန်းရွှယ်က ခေါင်းညိတ်ပြပြီး
"ဒါဆိုရင် ငါတို့ခေါ်လာတဲ့ လူတွေထဲမှာ ဖန့်မျိုးနွယ်က နှစ်ယောက်ပဲ ကျန်တော့တာပေါ့"
သူမ၏ စိတ်အာရုံထဲတွင် ဖန့်ချန်၏ မျက်နှာ ပေါ်လာခဲ့သည်။ ပန်းချီဆွဲထားသည့်အလား ထူးခြားသော သူ၏မျက်လုံးများထဲတွင် အံ့ဩရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ဖန့်ချန်သည် ဤမျှော်စင်တိုက်ပွဲတွင် ဤမျှကြာအောင် တောင့်ခံနိုင်လိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။
သူမ ကြည့်ရှုခဲ့သည့် တိုက်ပွဲအချို့အရ ဖန့်ချန်သည် အဆင့် (၆) အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကြောင်း သိမြင်လိုက်ရသည်။ ထိုစဉ်က 'လေ့ကျင့်စရာ မလိုတော့ဘူး' ဟု ဖန့်ချန် ပြောခဲ့ခြင်းမှာ ပျင်းရိ၍ ပြောခဲ့ခြင်း မဟုတ်ကြောင်း သူမ အခုမှ သဘောပေါက်သွားတော့သည်။
"အဖိုးကြီးဖန့်ကတော့... တကယ့်ကို အစွမ်းအစတွေကို ဝှက်ထားတာပဲ"
ပြိုင်ပွဲမှ စောစီးစွာ ထွက်ခဲ့ရသည့် ဝမ်အိုကြီး မှာ လူအုပ်ကြားထဲတွင် ရပ်နေရင်း အားကျစိတ်နှင့်အတူ မှတ်ချက်ပေးလိုက်သည်။
ဖန့်မျိုးနွယ် အတွင်းနယ်မြေတွင်လည်း ဖန့်ချန်နှင့် ဖန့်ဟန်တို့ ပြိုင်ပွဲတွင် ကျန်ရှိနေသေးသဖြင့် အားလုံးက ဝမ်းသာအားရ ဖြစ်နေကြသည်။
"ဘိုးဘေးဖန့်ချန်နဲ့ ဖန့်ဟန်တို့ရဲ့ အစွမ်းက မညံ့ဘူး။ အချိန်ကို တွက်ကြည့်မယ်ဆိုရင် သူတို့ အခုဆို ထိပ်တန်း တစ်သိန်းစာရင်းထဲ ဝင်သွားလောက်ပြီ"
ဖန့်တိန်က ပြုံးရွှင်စွာ ပြောလိုက်ရာ ဖန့်မျိုးနွယ်ဝင်များ အားလုံးမှာလည်း ပြုံးပျော်လျက် အားကျနေကြသည်။ လူသားမျိုးနွယ်အတွက်ဖြစ်စေ၊ ဖန့်မျိုးနွယ်စုအတွက်ဖြစ်စေ ထိပ်တန်း တစ်သိန်းစာရင်းဝင်ခြင်းမှာ ဂုဏ်ယူစရာကိစ္စဖြစ်ပြီး ထိုသူမှာ ပါရမီထူးချွန်ကြောင်း သက်သေပြနိုင်သဖြင့် နောင်တွင် အကောင်းဆုံး ပံ့ပိုးမှုများကို ရရှိမည်ဖြစ်သည်။
ဖန့်လဲ့သည် ရှဲ့ကျစ်ဟင်းလင်းပြင်တွင် ရပ်နေသည်။ သူရှိသော နေရာမှ မျှော်စင်တိုက်ပွဲ မြင်ကွင်းများကို မြင်နိုင်ရုံသာမက အနီးအနားတွင် လူသားမျိုးနွယ် သူတော်စင် ၉ ပါး၏ အတွင်းနယ်မြေ တံခါးပေါက်များကိုလည်း မြင်နေရသည်။
"ဖန့်သူတော်စင်... အခုဆိုရင် ငါတို့ လူသားမျိုးနွယ်ထဲမှာ ခင်ဗျားတို့ ဖန့်မျိုးနွယ်စုက နှစ်ယောက်ပဲ ကျန်တော့တယ်။ အခုဆို ထိပ်တန်း တစ်သိန်းထဲ ရောက်နေပြီဆိုတော့ မီးနတ်ဘုရားမျိုးနွယ်နဲ့ ယှဉ်ရင်တောင် မနိမ့်ကျဘူး။ တကယ့်ကို ဂုဏ်ယူစရာပါပဲဗျာ"
ဟင်းလင်းပြင်ထဲမှ ကျန်းရန်သူတော်စင်၏ ချီးကျူးသံ ထွက်ပေါ်လာသည်။ ဝမ်တောက်သူတော်စင်နှင့် အခြားသူတော်စင်များကလည်း လိုက်လံ ဂုဏ်ပြုကြသည်။
ဖန့်လဲ့က ပြုံးလိုက်ပြီး
"ဒါက ဘာမှ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်ရဲ့ ပါရမီက မညံ့ဘူးဆိုတာ ကျွန်တော် အစကတည်းက သိပြီးသားပါ။ တစ်သိန်းထဲ ဝင်တာက ပုံမှန်ပါပဲ"
"နှမြောစရာကောင်းတာက... ခင်ဗျားတို့ ဖန့်မျိုးနွယ်စုက ဒီတစ်ခါ ကျင်ကန်းမျိုးနွယ်တွေကို အတော်များများ သတ်ခဲ့တယ်။ ယန်ဟောက်ရန်ရဲ့ မြေးကိုပါ သတ်လိုက်တာဆိုတော့... သူက မျှော်စင်တိုက်ပွဲအပြီးမှာ လူခေါ်ပြီး လာစိန်ခေါ်မယ်လို့ ပြောထားတယ်"
ကျန်းရန်သူတော်စင်က ခပ်အေးအေး ပြုံးရင်း
"ကျွန်တော်နဲ့ မီးနတ်ဘုရားမျိုးနွယ်ဘက်က လူတွေနဲ့ အဆက်အသွယ် ရှိတယ်။ သူတို့က ကျင်ကန်းမျိုးနွယ်နဲ့ ရင်းနှီးကြတာဆိုတော့... ကျွန်တော် ကြားထဲကနေ ဖျန်ဖြေပေးရမလား"
"ဘာဖျန်ဖြေစရာ လိုလို့လဲ။ လာချင်ရင်လည်း လာကြပေါ့... ငါတို့ ဖန့်မျိုးနွယ်စုက ကြောက်တတ်တဲ့သူတွေ မဟုတ်ဘူး။ ဓားနတ်ဘုရားစွမ်းအားကို ကျင့်ကြံထားမှတော့ တစ်ကမ္ဘာလုံးကို ရန်သူအဖြစ် ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားပြီးသားပဲ"
ဖန့်လဲ့က တည်တည်ငြိမ်ငြိမ်ပင် ပြန်တုံ့ပြန်လိုက်ရာ စိုးရိမ်စိတ် အလျဉ်းမရှိချေ။ ကျန်းရန်သူတော်စင်မှာလည်း လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ဖန့်မျိုးနွယ်စုမှာ ဖန့်လဲ့ တစ်ယောက်တည်းသာ အားကောင်းခြင်း ဖြစ်သည်။ ဖန့်ချန်နှင့် ဖန့်ဟန်တို့မှာမူ အဆင့် (၆) နှင့် အဆင့် (၇) သာ ရှိသေးသဖြင့် သူတော်စင်မျှော်စင်တိုက်ပွဲတွင် ပထမ ရခဲ့သည်ဆိုဦးတော့... သူတော်စင်များ၏ မျက်လုံးထဲတွင်မူ ထိုသူတို့မှာ မျိုးဆက်သစ် ကလေးငယ်များသာ ဖြစ်ကြသည်။ ကန့်သတ်ချက် ကျော်လွန်သူ အဆင့်သို့ ရောက်ရှိမှသာ သူတို့၏ အာရုံစိုက်မှုကို ရရှိပေလိမ့်မည်။
အလင်းကွင်း ကိုးခု၏ ပိုင်ရှင်ဖြစ်သော ဖန့်ချန်သည် နောက်ဆုံးတွင် သူ အလေးအနက် ထားရမည့် ပြိုင်ဘက်တစ်ဦးနှင့် တွေ့ဆုံခဲ့ရပြီ။
သူ၏ မျက်နှာချင်းဆိုင်တွင် လှပပြီး ထူးခြားဆန်းပြားသော အသွင်အပြင်ရှိသည့် အသူရာမျိုးနွယ် တန်ခိုးရှင်တစ်ဦး ရပ်နေသည်။
သူတို့ နှစ်ဦးကြားတွင် သေမင်းတိုက်ပွဲပြားတစ်ခု ရှိနေပြီး ကျယ်ပြောလှသော ဤနယ်မြေတစ်ခုလုံး၌ သူတို့နှစ်ဦးတည်းသာ ရှိနေလေတော့သည်။
အခန်း (၁၈၆၆) - ယနေ့တိုက်ပွဲ၊ ငါလည်း အစွမ်းကုန် တိုက်မယ်
"ဒီသေမင်းတိုက်ပွဲနယ်မြေမှာ မင်းနဲ့ငါ နှစ်ယောက်တည်းပဲ ရှိတော့ပုံရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ငါတို့ ထိပ်တန်း တစ်သိန်းစာရင်းထဲကို ဝင်သွားပြီဆိုတာ သေချာသလောက်ရှိနေပြီ။ နောက်ဆိုရင် ပြိုင်ဘက်တွေနဲ့ ဆုံရမယ့် အကြိမ်ရေကလည်း ပိုနည်းသွားလိမ့်မယ်"
ဖန့်ချန်၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော အသူရာမျိုးနွယ် တန်ခိုးရှင်က စတင် စကားဆိုလာသည်။ သူ၏ လေသံမှာ တည်ငြိမ်အေးဆေးလှ၏။
ဤသို့ အေးဆေးတည်ငြိမ်နေရခြင်းမှာ သူ၏ပြိုင်ဘက်ကို အမှုမထားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအသူရာမျိုးနွယ်၏ ကျောဘက်တွင် အလင်းကွင်း ၁၃ ခု တောက်ပနေသောကြောင့်ပင်။
၎င်းမှာ သူသည် သေမင်းတိုက်ပွဲ ၁၃ ကြိမ်တိုင်တိုင် နောက်ဆုံးအထိ ရှင်သန်ခဲ့သူဖြစ်ကြောင်း သက်သေပြနေပြီး ဖန့်ချန်မှာမူ အလင်းကွင်း ၉ ခုသာ ရှိသေးသဖြင့် ၄ ပွဲခန့် ကွာဟနေသည်။ ဤစစ်ရလဒ်မှာတင် သူတို့နှစ်ဦးကြားရှိ အစွမ်း 'ကွာခြားချက်' ကို ခွဲခြားရန် လုံလောက်နေပြီဖြစ်သည်။
"ကြည့်ရှုနေတဲ့ အတွင်းနယ်မြေတွေလည်း အတော်လေး နည်းသွားပုံရတယ်"
ဖန့်ချန်က ဟင်းလင်းပြင်ကို တစ်ချက် မော့ကြည့်လိုက်ရာ အတွင်းနယ်မြေ ၁၀ ခုကျော်ခန့်သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။
အသူရာမျိုးနွယ် တန်ခိုးရှင်က မိမိကိုယ်ကိုယ် လှောင်ပြောင်သည့်အလား တစ်ချက်ပြုံးလိုက်ပြီး
"အခုဆို တိုက်ပွဲတွေက ပိုပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလာပြီလေ။ မျိုးနွယ်စုအသီးသီးက သူတော်စင်လောင်းလျာတွေနဲ့ သူတော်စင်တွေက အင်အားကြီးမျိုးနွယ် ၁၂ ခုရဲ့ တိုက်ပွဲတွေကိုပဲ သွားကြည့်နေကြတာပေါ့။ ငါတို့လို တိုက်ပွဲမျိုးကျတော့ ကိုယ့်မျိုးနွယ်တူ အချို့လောက်ပဲ အာရုံစိုက်ကြတော့တာ"
သူက စကားကို ခေတ္တရပ်လိုက်ပြီးနောက် မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များ ဖြတ်ပြေးသွားကာ
"အကယ်၍ ငါသာ နောက်ထပ် သေမင်းတိုက်ပွဲ ၆ ပွဲ၊ ၇ ပွဲလောက် ဆက်နိုင်ခဲ့ရင်၊ ထိပ်တန်း တစ်သောင်းစာရင်းထဲမှာ အဆင့် ၂၀၀၀ ဒါမှမဟုတ် ၃၀၀၀ လောက် ရခဲ့မယ်ဆိုရင်... အဲဒီအချိန်ကျရင်တော့ ငါ့တိုက်ပွဲကို ကြည့်ရှုတဲ့ အတွင်းနယ်မြေတွေက ထောင်နဲ့သောင်းနဲ့ချီ ရှိလာလိမ့်မယ်"
ဖန့်ချန်က စူးစမ်းလိုစိတ်ဖြင့်
"မင်းရဲ့ ရည်မှန်းချက်က ထိပ်တန်း ၃၀၀၀၊ ၂၀၀၀ ထဲ ဝင်ဖို့ပေါ့ ဒါက အတော်လေး ခက်ခဲလိမ့်မယ် မဟုတ်လား "
အသူရာမျိုးနွယ် တန်ခိုးရှင်က သူငယ်ချင်းဟောင်းတစ်ဦးနှင့် စကားပြောနေသည့်အလား သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်း ခေါင်းညိတ်ပြသည်။
"အရမ်းခက်တာပေါ့။ ငါသိရသလောက်တော့ ဒီတစ်ခါ နဂါးသူတော်စင်မြို့တော် မှာ ကျင်းပတဲ့ မျှော်စင်တိုက်ပွဲမှာ အင်အားကြီးမျိုးနွယ် ၁၂ ခုထဲက တစ်မျိုးနွယ်စီဟာ တန်ခိုးရှင် ၃၀၀ ကနေ ၅၀၀ ကြားစီ လွှတ်ထားကြတယ်။ အဲဒီမှာတင် တန်ခိုးရှင် ထောင်ပေါင်းများစွာ ရှိနေပြီ။
ထိပ်တန်း ၃၀၀၀ ထဲ ဝင်ချင်ရင် အဲဒီအင်အားကြီးမျိုးနွယ် ၁၂ ခုက တန်ခိုးရှင်တွေနဲ့ မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။ သူတို့ရဲ့ အခြေခံအင်အားက... တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ ကံအရမ်းကောင်းလို့ ကိုယ့်ကိုယ်ကိုယ် ဝှက်ထားနိုင်ပြီး သူတို့အချင်းချင်း သတ်ဖြတ်နေတာကို ကြည့်ပြီးမှ အခွင့်ကောင်းယူနိုင်မှပဲ အခွင့်အရေး ရှိလိမ့်မယ်"
သူက စကားကို ခေတ္တရပ်ကာ ဖန့်ချန်ကို ဝေ့ဝဲကြည့်လိုက်ပြီး
"ငါ မှတ်မိမမှားဘူးဆိုရင် မင်းက လူသားမျိုးနွယ် တန်ခိုးရှင် ဖန့်မျိုးရိုး၊ ဟုတ်တယ်မလား"
ဖန့်ချန်က ခေါင်းညိတ်ပြသည်
"အဲဒီနေ့က ဖာထျန်းသူတော်စင် ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အသူရာမျိုးနွယ်တွေထဲမှာ မင်းလည်း ပါတာကို ငါမှတ်မိတယ်"
"ဖာထျန်းသူတော်စင်ရဲ့ အသိအမှတ်ပြုမှုကို ရပြီး အိမ်တိုင်ရာရောက် လာရောက်ဆွေးနွေးတာကို ခံရတဲ့ သူတော်စင်ဆိုတာ တကယ်မရှိသလောက် ရှားပါတယ်။ ရှိခဲ့ရင်တောင် အခြားအင်အားကြီးမျိုးနွယ်တွေပဲ ဖြစ်မှာပါ။
အခုက ဓားနတ်ဘုရားစွမ်းအားချင်း တူနေတာကိုး။ ခင်ဗျားတို့ ဖန့်မျိုးနွယ်စုက မဆိုးပါဘူး၊ မင်းကိုယ်တိုင်လည်း အခုထိ ရှင်သန်နေနိုင်တာဆိုတော့ ငါ မင်းကို အထင်မသေးဘူး။ ငါ့ရဲ့ အစွမ်းကုန်ထုတ်ပြီး မင်းနဲ့ ယှဉ်ပြိုင်မယ်၊ မင်းလည်း ထို့အတူပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်"
ကျင်ကန်းမျိုးနွယ်၏ အတွင်းနယ်မြေတစ်ခုတွင်...
ယခင်က နဂါးသူတော်စင်မြို့တော်ရှိ စားသောက်ဆိုင်တွင် ဖန့်ချန်တို့နှင့် ပြဿနာဖြစ်ခဲ့ဖူးသော ကျင်ကန်းမျိုးနွယ် ၄ ဦးသည်လည်း လူအုပ်ကြား၌ ရပ်နေရင်း ဤမြင်ကွင်းကို ကြည့်နေကြသည်။
"အစ်ကို... ဝမ်းကွဲမောင်လေး ယန်ချန်ခုန်းက ဒီကလေးလက်ထဲမှာ သေသွားလိမ့်မယ်လို့ မထင်ထားမိဘူး။ အဲဒီနေ့က စားသောက်ဆိုင်မှာတုန်းကတော့ ဒီကလေးမှာ ဒီလိုအစွမ်းမျိုး ရှိလိမ့်မယ်လို့ မထင်ရဘူး"
နှုတ်သီးကောင်းလှသော ကျင်ကန်းမျိုးနွယ် အမျိုးသမီးက ဖန့်ချန်၏ မျက်နှာကို မကျေမနပ် စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူတို့ ၄ ဦးစလုံးမှာ ပါရမီရှင်များ ဖြစ်ကြသော်လည်း ပြိုင်ပွဲမှ စောစီးစွာ ထွက်ခဲ့ကြရသည်။ သို့သော် ဤလူသားမျိုးနွယ် ပိုးဟပ်လေးကမူ မျှော်စင်တိုက်ပွဲတွင် အခုထိ တောင့်ခံနေနိုင်သေးရာ ၎င်းမှာ သူတို့ ၄ ဦးစလုံး ဤလူကို မမီကြောင်း သွယ်ဝိုက်၍ သက်သေပြနေသကဲ့သို့ ဖြစ်နေသဖြင့် သူမ မခံမရပ်နိုင် ဖြစ်နေခြင်းပင်။
"ကိစ္စမရှိပါဘူး၊ ဒီတိုက်ပွဲမှာ သူ ကျိန်းသေ ရှုံးမှာပါ။ သူတွေ့ရတဲ့ ပြိုင်ဘက်က အသူရာမျိုးနွယ် ဖာထျန်းသူတော်စင်ရဲ့ တိုက်ရိုက်မြေး - ရှန့်ချွီဟယ် ပဲ"
ယန်ချန် က ပြုံး၍ ဆိုလိုက်သည်
"ဒီရှန့်ချွီဟယ်က ငယ်စဉ်ကတည်းက အဆင့်တူတွေကြားမှာ တစ်ခါမှ မရှုံးဖူးဘူး။ သူ့ရဲ့ ဓားနတ်ဘုရားစွမ်းအားကလည်း ဖာထျန်းသူတော်စင်ရဲ့ အမွေအနှစ်ကို အပြည့်အဝနီးပါး ရထားတာ။ ဓားကို မထုတ်ရင်နေမယ်၊ ထုတ်လိုက်ပြီဆိုရင်တော့ တစ်သက်လုံး အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းပဲ။
ဒီလိုပါရမီမျိုးဟာ အသူရာမျိုးနွယ်မှာ မမွေးဘဲ အင်အားကြီးမျိုးနွယ် ၁၂ ခုမှာ မွေးခဲ့ရင်တောင် ထိပ်တန်း ပါရမီရှင် ဖြစ်နေမှာ အသေအချာပဲ။ သူ ထိပ်တန်း တစ်သောင်းစာရင်းဝင်ဖို့ကတော့ ဖြစ်နိုင်ခြေရှိပေမဲ့ အဲဒီထက် မြင့်ဖို့ကတော့ သိပ်မလွယ်ဘူး။
သူ့ရဲ့ပြိုင်ဘက် ဖန့်မျိုးနွယ်ဝင်ကတော့ သူ့ရှေ့မှာ ထည့်တွက်စရာ မလိုပါဘူး။ အသူရာမျိုးနွယ်ရဲ့ အခြေခံအင်အားနဲ့ ယှဉ်ရင် လူသားမျိုးနွယ်က အများကြီး နိမ့်ကျလွန်းတယ်"
(ရွှေလော့မျိုးနွယ်ကို အသူရလို့ ပြန်မယ်နော်)
"အစ်ကို... တကယ်တော့ မျှော်စင်တိုက်ပွဲဆိုတာ အထက်ကလူတွေက အင်အားကြီးမျိုးနွယ် ၁၂ ခုထဲကနေ လူတော်ရွေးချယ်တဲ့ ပွဲပဲ။ ငါတို့လို လူတွေကတော့... အဖော်လိုက်ပေးရုံ သက်သက်ပါပဲ"
ကျင်ကန်းမျိုးနွယ် အမျိုးသမီးက နှုတ်ခမ်းဆူကာ မကျေမနပ် ရေရွတ်လိုက်သည်။
ထိုစကားတစ်ခွန်းကြောင့်ပင် ရှေ့၌ ရပ်နေသော ယန်ဟောက်ရန်သည် နောက်သို့ လှည့်ကြည့်လိုက်ပြီး စူးရှသော အကြည့်များဖြင့် ထိုအမျိုးသမီးကို စိုက်ကြည့်ကာ
"ယန်မေ့အာ... မင်းလည်း ကလေးမဟုတ်တော့ဘူး၊ ဆင်ခြင်တုံတရား ရှိသင့်ပြီ။ စကားကြောင့် ဘေးရောက်တတ်တယ်ဆိုတာ မသိဘူးလား ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်က ချမှတ်ထားတဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို မင်းတို့လို ကလေးတွေက ဝေဖန်ပိုင်ခွင့် မရှိဘူး။ ကိုယ့်ပါးကိုယ် ရိုက်စမ်း"
ဖြတ် ဖြတ် ဖြတ်
အကြည့်များအားလုံး ယန်မေ့အာထံသို့ စုပြုံကျရောက်သွားသည်။ ယန်မေ့အာမှာ မိမိ၏ မကျေနပ်ချက် စကားတစ်ခွန်းကြောင့် ယန်ဟောက်ရန်၏ အမျက်ဒေါသကို ခံရပြီး အပြစ်ပေးခံရလိမ့်မည်ဟု မထင်ထားသဖြင့် မျက်နှာမှာ ပျက်ယွင်းသွားသည်။
"မြန်မြန်ရိုက်" ယန်ချန်က တိုးတိုးလေး သတိပေးလိုက်သည်။
"ရိုက်ဆိုလည်း ရိုက်ပါ့မယ်" ယန်မေ့အာက မကျေမနပ် ရေရွတ်ရင်း မိမိပါးကို တစ်ချက်ပြီးတစ်ချက် ခပ်ပြင်းပြင်း ရိုက်လိုက်တော့သည်။
ဆယ်ချက်ကျော်ခန့် ရိုက်ပြီးနောက်တွင်မှ ယန်ဟောက်ရန်က ခေါင်းညိတ်ပြသည်။
"ရပြီ၊ ဆက်ပြီး ကြည့်ကြ။ နောက်တစ်ခါ အပိုစကားတွေ မပြောနဲ့တော့"
"..."
ဖန့်ချန်နှင့် ရှန့်ချွီဟယ်တို့၏ တိုက်ပွဲကို ယန်ဟောက်ရန်၏ အတွင်းနယ်မြေသာမက မီးနတ်ဘုရားမျိုးနွယ်၊ အသူရာမျိုးနွယ်နှင့် အနီးအနားရှိ အခြားမျိုးနွယ်စုများမှ သူတော်စင်လောင်းလျာများကလည်း တစ်စထက်တစ်စ ပိုမိုအာရုံစိုက်လာကြသည်။
ဟင်းလင်းပြင်ရှိ အတွင်းနယ်မြေ အရေအတွက်မှာ ငါးဦး၊ ဆယ်ဦးမှသည် ဆယ်ဂဏန်းကျော်အထိ တိုးပွားလာသည်ကို မြင်သောအခါ ရှန့်ချွီဟယ်၏ မျက်နှာပေါ်တွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ဖန့်ချန် သဘောပေါက်လိုက်သည်မှာ တစ်ဖက်လူသည် ကြည့်ရှုသူမရှိဘဲ တိုက်ခိုက်လိုခြင်း မရှိဘဲ ယခုကဲ့သို့ လူအများရှေ့တွင်မှ တိုက်ခိုက်ပြီး မိမိကိုယ်ကိုယ် နာမည်ကျော်အောင် လုပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
'အဆင့် (၆) မှာတင် နောင်ရေးအတွက် နာမည်ကျော်ဖို့ ကြံစည်နေတာဆိုတော့ ရည်မှန်းချက် မသေးဘူးပဲ'
ဖန့်ချန် စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည်။
"ငါ့နာမည်က ရှန့်ချွီဟယ်ပါ။ ဒီနေ့တိုက်ပွဲမှာ အစွမ်းကုန် တိုက်ခိုက်ပါ့မယ်"
ရှန့်ချွီဟယ်က ဖြည်းညှင်းစွာ ဂါရဝပြုလိုက်ပြီးနောက် ညာဘက်လက်ကို ဆန့်ထုတ်ကာ လက်ဖဝါးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီး ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။
"ငါက ဖန့်ချန်ပါ။ ဒီနေ့တိုက်ပွဲမှာ ငါလည်း အစွမ်းကုန် တိုက်မယ်"
ဖန့်ချန်ကလည်း လက်ဖဝါးကို ဆုပ်လိုက်ရာ ဝိညာဉ်စွမ်းအင်များဖြင့် ဓားရှည်တစ်လက်ကို ဖန်တီးလိုက်သည်။
"မင်းလည်း ဓားနတ်ဘုရားစွမ်းအား နိုးထလာတာ အမှန်ပဲ။ ဒါဆိုရင်တော့ လူသားမျိုးနွယ် ခန္ဓာကိုယ်နဲ့ အခုထိ ဘာလို့ တောင့်ခံနိုင်နေလဲဆိုတာ အဖြေပေါ်သွားပြီ"
ရှန့်ချွီဟယ်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး
"ဖာထျန်းသူတော်စင်က မင်းတို့အိမ်က သူတော်စင်ကို နှစ်ပေါင်း နှစ်သောင်း စောင့်ရမယ်ဆိုရင်... ငါတို့ မျိုးဆက်သစ်တွေကြားမှာ အရင်ဆုံး အဆုံးအဖြတ် တိုက်ပွဲတစ်ခု ဆင်နွှဲလိုက်ကြရအောင် "
ထိုစဉ် ဟင်းလင်းပြင်၌ ရုတ်တရက် ထစ်ချုန်းသံတစ်ခု ထွက်ပေါ်လာသည်။ အခြားအတွင်းနယ်မြေများထက် အဆပေါင်း ဆယ်ဂဏန်းခန့် ပိုမိုကြီးမားသော တံခါးပေါက်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။
ဖန့်ချန်နှင့် ရှန့်ချွီဟယ်တို့ နှစ်ဦးစလုံး တစ်ပြိုင်နက် မော့ကြည့်လိုက်ကြရာ ဖာထျန်းသူတော်စင်၏ ပုံရိပ်ကို ဝိုးတဝါး မြင်လိုက်ကြရသည်။
'ဒါက ဖာထျန်းသူတော်စင်က ရှန့်ချွီဟယ်ကို သူရှိနေကြောင်း ပြသပြီး အစွမ်းကုန် တိုက်ခိုက်ဖို့ အားပေးလိုက်တာပဲ'
ဖန့်ချန် စိတ်ထဲမှ သိလိုက်သည်။
မှန်ပေသည်၊ ရှန့်ချွီဟယ်မှာ ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏ အရှိန်အဝါများမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ အနီးအနားရှိ သူတော်စင်လောင်းလျာများ၏ အတွင်းနယ်မြေများသည်လည်း ဤသူတော်စင်၏ အတွင်းနယ်မြေနှင့် အနီးကပ် မနေရဲကြသဖြင့် အနည်းငယ် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားကြသည်။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်၌ နောက်ထပ် ထစ်ချုန်းသံတစ်ခု ပေါ်လာပြန်သည်။ နောက်ထပ် သူတော်စင် အတွင်းနယ်မြေတစ်ခုမှာလည်း ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဖန့်လဲ့သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး ပြုံးစိစိဖြင့် ဖန့်ချန်ကို ကြည့်ကာ အားပေးသည့်သဘောဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
ထို့နောက် သူတော်စင်နှစ်ပါးမှာ သူတော်စင်မျှော်စင်ကို ဖြတ်ကျော်လျက် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။ အတွင်းနယ်မြေ အသီးသီးမှ တန်ခိုးရှင်များမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မနာလိုစိတ်များ မဖြစ်ဘဲ မနေနိုင်ကြတော့ပေ။
သူတော်စင် နှစ်ပါးလုံး၏ ကြည့်ရှုခြင်းကို ခံရသည်ဆိုသည်မှာ မည်မျှ ဂုဏ်ယူစရာ ကောင်းလှသနည်း။