အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉) - ယန်ဝိညာဉ် ပြီးပြည့်စုံခြင်းအဆင့်
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နှစ်တာ ကာလကို ကျော်လွန်သွားခဲ့လေပြီ။
မနက်စောစောအချိန်တွင် ကျိုးရီ အိပ်ရာမှထကာ ကောင်းကင်အကျဉ်းထောင်ရှိ တာဝန်ချိန်အတွက် ထွက်ခွာလာခဲ့သည်။
လမ်းမများပေါ်တွင် လူအများအပြား သွားလာလှုပ်ရှားနေကြပြီး ယခင်ကဲ့သို့ပင် စည်ကားသိုက်မြိုက်နေသည်။
ဒဏ်ရာပျောက်သွားလျှင် နာကျင်မှုကို မေ့သွားတတ်သော အကျင့်စရိုက်မှာ သာမန်ပြည်သူများ၏ အရိုးနှင့် သွေးများထဲတွင် စွဲမြဲနေသည်မှာ ကြာမြင့်နေပြီဖြစ်၏။ လောကကြီးမှာ လွန်ခဲ့သော နှစ်အနည်းငယ်က အခြေအနေအတိုင်း ပြန်လည်ရောက်ရှိသွားပုံပေါ်လေသည်။
“သကြားလုံးတွေ ရမယ်... ချဉ်ချဉ်ချိုချို သကြားလုံးတွေပါ”
“ပဲမုန့်လေးတွေ...”
“အသည်းကြော်…”
ကျိုးရီ၏ ပါးစပ်မှ သွားရည်များ ယိုကျလာတော့သည်။ သိုင်းသခင်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း အရသာ ခံစားလိုမှုများကို စွန့်လွှတ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
သူ၏ ကြီးမားလှသော ရည်မှန်းချက်များထဲတွင် စွမ်းအားသာမက လောကီစည်းစိမ်များကိုပါ ပါ၀င်သည်မဟုတ်လော။
သူသည် မြစ်ကမ်းဘေးရှိ ပေါက်စီဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။
သူ ပါးစပ် မဟရသေးမီမှာပင် ဆိုင်ရှင်အမျိုးသမီးက ဆီစိမ်စက္ကူဖြင့် ထုပ်ထားပြီး အငွေ့တထောင်းထောင်း ထနေသည့် ပေါက်စီပူပူလေးများ ပါဝင်သော ခြင်းတောင်းတစ်တောင်းကို သူ့ထံသို့ ပေးလာလေသည်။
“အစ်ကိုကျိုးရေ... ရှင်လာမယ့်အချိန်ကိုစောင့်နေတာ”
ထောင်မှူးတစ်ဦးသည် ရုံးတော်အရာရှိရာထူးမျိုး မရှိသော်လည်း အောက်ခြေအဆင့် အရာရှိတစ်ဦးတော့ ဖြစ်နေဆဲပင်။ ဤသည်မှာ အာဏာက ဆောင်ကြဉ်းပေးသော အကျိုးကျေးဇူးပင်။
စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် ပေါက်စီလေးများကို မဆိုထားနှင့်၊ အသားပေါက်စီကြီးများ စားချင်သည်ဆိုလျှင်ပင် ဆိုင်ရှင်အမျိုးသမီးက ချက်ချင်းစားရအောင် စီစဉ်ပေးမည်မှာ သေချာပေသည်။
ကျိုးရီက ပြုံးကာ ကျေးဇူးတင်လိုက်၏။
“ကျေးဇူးပဲ”
“ရှင် အရမ်း သဘောကောင်းလွန်းနေပြီ၊ ရှင်က ကျွန်မတို့ဆိုင်က ပေါက်စီတွေကို ကြိုက်နှစ်သက်တာကိုက ကျွန်မတို့ဆိုင်ရဲ့ ကံကောင်းမှုပါပဲ၊ တကယ်လို့ တခြားသူဆိုရင်တော့ ဒီလိုအခွင့်အရေးမျိုး ရမှာမဟုတ်ဘူးလေ”
‘ကြည့်စမ်း... အလကား ကျွေးရုံတင်မကဘူး၊ စကားပြောတာကလည်း အရမ်းချိုသာလွန်းတယ်။ လူတိုင်း အရာရှိဖြစ်ချင်နေတာ အံ့ဩစရာမရှိတော့ဘူး'
ကျိုးရီက စကားများများစားစား ဆက်မပြောတော့ဘဲ လှည့်ထွက်လာခဲ့သည်။ အခြားတစ်ယောက်သာဆိုလျှင် တစ်ဖက်လူက တံတွေးထွေးပြီး ကျိန်ဆဲနေလောက်ပြီ ဖြစ်သော်လည်း သူနှင့်တော့ ကွာခြားလှပေသည်။
“အစ်ကိုကျိုးက တကယ်ကို ချောမောလွန်းတယ်၊ သူ့ရဲ့ခုတင်က ကြီးလားမသိဘူး၊ ပြီးတော့ တစ်ယောက်တည်း အိပ်ရတာကိုများ ကြောက်တတ်သလား မသိဘူး”
ဤသည်မှာလည်း ကျိုးရီ၏ အထင်ကြီးလောက်စရာ ကောင်းသော နောက်ထပ်လက္ခဏာရပ်တစ်ခု ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
ကောင်းကင်အကျဉ်းထောင်သို့ ရောက်ရှိလာချိန်တွင် ထောင်ပိုင်ကြီးမာ၏ အစည်းအဝေးတွင် ထိုင်နားထောင်ရသည်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်နေလေပြီ။
ထောင်ပိုင်ကြီးမာက စကားစလိုက်သည်။
“အဟမ်း... ဒီနေ့ စကားနည်းနည်းလောက် ပြောပါရစေ... အဲ... မနေ့က... ဘယ်လိုပြောရမလဲ၊ အတိုချုပ်ပြောရရင်... အဲဒီကိစ္စက... ဒီလိုမျိုးပါပဲ”
သူ၏ လုပ်ဖော်ကိုင်ဖက်အားလုံး မျက်လုံးများ ပြူးကျယ်ထားပြီး အာရုံစိုက်နေဟန် ဟန်ဆောင်နေကြသော်လည်း အမှန်တကယ်တွင်မူ အားလုံးမှာ နေ့လယ်ခင်းအိပ်မက် မက်နေကြခြင်းသာ။
အရင်က ကောင်းကင်အကျဉ်းထောင်တွင် ဤကဲ့သို့သော စည်းမျဉ်းမျိုး မရှိခဲ့ချေ။ သို့သော် ကံမကောင်းစွာဖြင့် ဧကရာဇ်အသစ် နန်းတက်လာပြီးနောက် အရာရှိသစ်များ ရောက်ရှိလာကာ ထောင်ပိုင်ကြီးမာက ထောင်ပိုင်ကြီးရာထူးကို ရရှိသွားပြီး ဤလုပ်ရိုးလုပ်စဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။
‘လူတစ်ယောက်က ကိုယ့်မှာမရှိတာကို ပိုပြီး ပြသချင်ကြတယ်’ ဟု ဆိုရိုးစကား ရှိသည်။
ထောင်ပိုင်ကြီးမာသည် စာရေးစာဖတ်ပင် ကောင်းကောင်း မတတ်ကျွမ်းသော်လည်း ဤကဲ့သို့သော ဟန်ဆောင်မှုများ၊ ပညာတတ်များ၏ လုပ်ထုံးလုပ်နည်းများကို အလွန်အမင်း နှစ်သက်သဘောကျလေသည်။
နားမလည်နိုင်သော စကားများကို နားထောင်ပြီးနောက် လူအားလုံးမှာ သူတို့၏ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရန် လူစုခွဲသွားကြတော့သည်။
ထောင်မှူးတစ်ဦးအနေဖြင့် ကျိုးရီသည် ကောင်းကင်အကျဉ်းထောင်တစ်ခုလုံးကို သဘာဝကျကျပင် လှည့်လည်စစ်ဆေးရမည် ဖြစ်သည်။
“ခွေးကောင်တွေ... မိဖုရားခေါင်ကြီးက ငါ့ကို ကယ်တင်ပြီး ငါ့ရာထူးကိုပြန်ရတာနဲ့ မင်းတို့ကို သေချာပေါက် အပြစ်ပေးမယ်”
“ခွေးမသားတွေ... ငါက အရင်ဧကရာဇ်ကြီးကိုယ်တိုင် ရွေးချယ်ထားတဲ့ ရုံးတော်အရာရှိ ထိပ်တန်းပညာရှင်ကွ။ မင်းတို့က ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့လေ"
“အရင်ဧကရာဇ်ကြီး ပြန်လာတာနဲ့ မင်းတို့လိုခွေးတွေကို သေချာပေါက် အပိုင်းပိုင်းအတစ်တစ် ဖြစ်အောင် ခုတ်ပိုင်းပစ်မယ်”
အကျဉ်းထောင်အတွင်း၌ အဆုံးမဲ့ ကျိန်ဆဲသံများဖြင့် ပြည့်နှက်နေပြီး အများစုမှာ မိဖုရားခေါင်ကြီးနှင့် အရင် ဧကရာဇ်ဟောင်းအုပ်စု၏ အရာရှိများထံမှ ဖြစ်ကြသည်။
ဧကရာဇ်အသစ် နန်းတက်လာသည်နှင့်အမျှ သူ၏ ကိုယ်ပိုင်အင်အားစုကို တည်ဆောက်လိုသည်မှာ သဘာဝပင် ဖြစ်သည်။
သူသည် အရှေ့ဘက်စခန်းကို တည်ထောင်ခဲ့ပြီး ကျန်းဟူလောကမှ သိုင်းပညာရှင်အများအပြားကို စုဆောင်းကာ ရုံးတော်အရာရှိများ၏ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပြီး အားလုံးကို ထောင်ချပစ်ခဲ့သည်။
အရှေ့ဘက်စခန်း၏ အာဏာမှာ ကျန်းဝူတပ်ဖွဲ့ထက် သုံးဆခန့် ပိုမိုကြီးမားသည်ဟု ဆိုကြသည်။
အိမ်တွင် မယားငယ်များနှင့် အတူရှိနေသော ဝန်ကြီးများပင်လျှင် စုံစမ်းစစ်ဆေးမှုမှ မလွတ်မြောက်ခဲ့ပေ။
ထို့အပြင် အရှေ့ဘက်စခန်းက ရေကြီးမှုများ ရှိ၊ မရှိ ဆိုသည်ကိုပင် အတိအကျ သိရှိနေကြရာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ကလေးများ ငိုယိုနေပါက လူကြီးများက “မငိုနဲ့၊ မဟုတ်ရင် ချည်ပန်းထိုးဝတ်စုံအစောင့်တွေ ညသန်းခေါင်မှာ လာဖမ်းသွားလိမ့်မယ်” ဟု ပြောလိုက်ရုံဖြင့် ကလေးများ ချက်ချင်း အငိုတိတ်သွားကြလေရာ အလွန်တရာ ထိရောက်လှပေသည်။
လှည့်လည်စစ်ဆေးနေစဉ်အတွင်း အနည်းငယ် ဖြူစင်နူးညံ့နေသေးသော လက်တစ်ဖက်က ကျိုးရီ၏အဝတ်စကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။
“ထောင်မှူးကျိုး... ကျွန်တော် အရှုံးပေးပါပြီ... ကျွန်တော် အရှုံးပေးပါပြီ။ ကျွန်တော် တကယ်ပဲ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ရှင်ခွင့်လေးပေးပါ။ ကျွန်တော် လက်နက်ချပါပြီ”
ကျိုးရီ လှည့်ကြည့်လိုက်ရာ ထိုသူမှာ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယခင် ဒုတိယဝန်ကြီးများထဲမှ တစ်ဦးဖြစ်သော လီကျင်းရုံ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
သူသည် မူလက မိဖုရားခေါင်ကြီး၏အုပ်စုမှ ဖြစ်သောကြောင့် ထျန်းဝမ်ကျင်း ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ရောက်ရှိလာချိန်တွင် သူ့ကို နေရာတိုင်း၌ အနှောင့်အယှက်ပေးကာ ဆန့်ကျင်ခဲ့သည်။
ထိုအကြောင်းကြောင့် သူသည် လီချင်းရွှမ်၏ဒေါသကို ဆွပေးမိသကဲ့သို့ ဖြစ်သွားခဲ့သည်။
အရှေ့ဘက်စခန်း၏ ချည်ပန်းထိုးဝတ်စုံအစောင့်များက စုံစမ်းထောက်လှမ်းပြီးနောက် သူသည် အများပြည်သူပိုင် ငွေကြေးများကို အလွဲသုံးစားလုပ်ကာ ခြွန်းနွမ်းခန်းမသို့ နေ့စဉ် သွားရောက်လေ့ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
တာဝန် ထမ်းဆောင်နေသည့် သုံး၊ လေးနှစ်တာ ကာလအတွင်းမှာပင် ခြွန်းနွမ်းခန်းမမှ ထိပ်တန်း ပြည့်တန်ဆာတစ်ဦးအတွက် ငွေစ သောင်းချီ၍ အသုံးပြုခဲ့ဖူး၏။
သူသည် တကယ်ကို အသုံးအဖြုန်းကြီးသူတစ်ဦး ဖြစ်ပေသည်။
နောက်ဆက်တွဲရလဒ်များကိုမူ ပြောစရာပင်မလိုတော့ချေ။ နေအိမ် သိမ်းဆည်းခံရပြီး အကျဉ်းထောင်ထဲသို့ ပစ်ထည့်ခံလိုက်ရသည်။
ထျန်းဝမ်ကျင်းမှာလည်း ကောင်းကင်အကျဉ်းထောင်မှ ထွက်ခွာလာသူဖြစ်ပြီး ဂုဏ်သတင်းကြီးမားသူဖြစ်သည်။
သူသည် ထျန်းဝမ်ကျင်းနှင့် သဟဇာတမဖြစ်ကြောင်း ထောင်စောင့်များ သိရှိသွားသောအခါ နည်းလမ်းမျိုးစုံအသုံးပြု၍ သေလုနီးပါး ဖြစ်သည်အထိ သူ့ကို ညှဉ်းပန်းနှိပ်စက်ကြတော့သည်။
ကျိုးရီက ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
“ဒုတိယဝန်ကြီးလီ... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အရှင်မင်းကြီးရဲ့ အမိန့်တော်က ခင်ဗျားကို သုံးနှစ်တိတိ အကျဉ်းချထားဖို့လေ”
“အခုမှ ရက်နည်းနည်းပဲ ရှိသေးတယ်၊ ခင်ဗျားက ကျားလျှာခုံပေါ်မှာ ထိုင်ရတာတို့၊ ငရုတ်သီးရည် အတိုက်ခံရတာတို့ကိုတောင် မမြည်းကြည့်ရသေးဘူးလေ”
ထိုစကားကို ကြားလိုက်ရသောအခါ ဒုတိယဝန်ကြီးလီမှာ အလွန်တရာ ကြောက်လန့်သွားပြီး ခြေထောက်များပင် ခွေကျသွားကာ အပြင်းအထန် ငြင်းဆန်တော့သည်။
“ကျွန်တော် မမြည်းကြည့်ပါရစေနဲ့၊ မမြည်းကြည့်ပါရစေနဲ့။ ထောင်မှူးကျိုး၊ ကျွန်တော် တကယ်ပဲ အရှုံးပေးပါပြီ၊ အခုကစပြီး ကျွန်တော်က အရှင်မင်းကြီးရဲ့လူပါ။ အရှင်မင်းကြီးက အရှေ့ကိုသွားဆိုရင် ကျွန်တော် ဘယ်တော့မှ အနောက်ကို မသွားပါဘူး"
“အရှင်မင်းကြီးက ခွေးကို လိုက်ဖမ်းဆိုရင် ကျွန်တော် ဘယ်တော့မှ ကြက်ကိုမဖမ်းပါဘူး၊ မိဖုရားခေါင်ကြီးရဲ့ အုပ်စုနဲ့ အပြတ်ဖြတ်လိုက်ပါ့မယ်”
ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။
“ကြည့်စမ်း... ခင်ဗျားသာ ဒီလိုအသိတရားမျိုး စောစောစီးစီး ရခဲ့မယ်ဆိုရင် ဒီလောက် ဒုက္ခခံရမှာ မဟုတ်ဘူး”
ကျိုးရီသည် အနီးရှိ ထောင်စောင့်ကို အခန်းတံခါး ဖွင့်ပေးရန် အမိန့်ပေးလိုက်သည်။
“ဒုတိယဝန်ကြီးလီကို ဘယ်ဘက်အခန်း ပြောင်းပေးလိုက်”
“ဟုတ်ကဲ့ပါဗျာ”
ထောင်စောင့်နှစ်ဦးက ဒုတိယဝန်ကြီးလီကို တွဲကူကာ ဘယ်ဘက်အခန်းတွင်းသို့ ခေါ်ဆောင်သွားကြသည်။
ဘယ်ဘက်ရှိ အခန်းမှာ သန့်ရှင်းသပ်ရပ်နေရုံသာမက ဘဲကင်နှင့် အရက်များပင် ရှိနေပြီး သူ့ကိုအဖော်ပြုပေးရန် ခြွန်းနွမ်းခန်းမမှ အလှမယ်များကိုပင် ငှားရမ်းပေးထားရာ တကယ့်ကို နတ်ပြည်ရောက်နေသကဲ့သို့ပင်။
ဤနည်းလမ်းများ အားလုံးမှာ ထျန်းဝမ်ကျင်း စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။
ပါရမီရှင်များကို မွေးမြူရသည်မှာ အလွန်နှေးကွေးလှသည်။ ပါရမီရှင်များကို ရွေးချယ်ခြင်းကလည်း တိုက်ရိုက်လုယူခြင်းလောက် မကောင်းလှပေ။
ပထမဦးစွာ ဤလူများကို အကျဉ်းထောင်ထဲသို့ ပစ်ထည့်ကာ ညှဉ်းပန်းနှိပ်စက်ပြီးနောက် ဘက်ပြောင်းသွားသော အရာရှိများ၏ နေထိုင်နေမှုများကို ကြည့်ရှုခိုင်းပေသည်။
သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်များကို ရိုက်ချိုးပြီးနောက် သွေးဆောင်ဖြားယောင်းကာ စည်းရုံးခြင်းဖြင့် အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ပေးပြီး ရာထူးအသစ်များ ပေးအပ်ကာ ဧကရာဇ်၏ လူယုံများအဖြစ် ပြောင်းလဲပစ်နိုင်သည်။
ထိုနည်းလမ်းမှာ ဂုဏ်သိက္ခာမရှိရာကျသော်ငြား တကယ်တန်းတွင် အလွန်ထိရောက်လှပေသည်။
ဤနည်းလမ်းကို အသုံးပြု၍ နှစ်နှစ်တာ ကာလတိုလေးအတွင်းမှာပင် လီချင်းရွှမ်သည် ရုပ်သေးဧကရာဇ်ဘဝမှနေ၍ မိဖုရားခေါင်ကြီး၏အုပ်စုနှင့် ရင်ပေါင်တန်းနိုင်သော အဆင့်အထိ တဖြည်းဖြည်း တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤနည်းလမ်းအတွက် တစ်ခွန်းတည်း ပြောရမည်ဆိုလျှင်... ‘တကယ်ကို အံ့မခန်းပါပဲ'
လီကျင်းရုံတစ်ယောက် ဘဲကင်ကို ကိုင်ကာ အငမ်းမရစားသောက်နေပြီး ခြွန်းနွမ်းခန်းမမှ အမျိုးသမီးငယ်လေးက သူ့ပေါင်ပေါ်တွင် ထိုင်ကာ ရနံ့သင်းပျံ့သော ခန္ဓာကိုယ်လေးဖြင့် အဖော်ပြုပေးနေသည်ကို မြင်လိုက်ရသောအခါ ညာဘက်ခြမ်းတွင် ဒုက္ခခံနေရဆဲဖြစ်သော အရာရှိများစွာက ဒေါသထွက်လွန်း၍ အော်ဟစ်ကျိန်ဆဲကြတော့သည်။
“လီကျင်းရုံ... အရင်ဧကရာဇ်ကြီးက မင်းအပေါ် အရမ်းကောင်းခဲ့တာလေ၊ နန်းတွင်းစာမေးပွဲမှာ ဒုတိယနေရာကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့တာ၊ မင်းမှာ ဘယ်လိုလုပ် အရှက်မရှိရတာလဲ”
“မင်းရဲ့ ပါရမီကို အသိအမှတ်ပြုပေးခဲ့တဲ့ အရင်ဧကရာဇ်ကြီးရဲ့ ကျေးဇူးက မင်းနဲ့ ထိုက်တန်ရဲ့လား”
“လီကျင်းရုံ... မင်းထွက်သွားတဲ့အခါ အရင်ဧကရာဇ်ကြီးရဲ့ အစေခံဖြစ်ခဲ့တယ်လို့ ဘယ်တော့မှမပြောနဲ့နော်။ မဟုတ်ရင် မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်”
လီကျင်းရုံက ငိုသံရောယှက်နေသော လေသံဖြင့် ပြန်ပြောလိုက်သည်။
“လူကြီးမင်းတို့... ကောင်းကင်အကျဉ်းထောင်က အရွက်ဆန်ပြုတ်က အရည်ကျဲကျဲနဲ့ ဘာအရသာမှ မရှိဘူး၊ ကျွန်တော် ဆက်ပြီး တောင့်မခံနိုင်တော့ဘူး၊ ကျွန်တော်... ကျွန်တော် ဘဲကင်စားချင်တယ်”
“တောက်... မင်းက ဘဲကင်စားချင်တာတဲ့လား။ မင်းလက်ကို ကြည့်စမ်း၊ သူ့ဂါ၀န်အောက်ကိုတောင် ရောက်နေပြီလ၊။ မင်းက သူ့ခန္ဓာကိုယ်ကို မက်မောနေတာ၊ တကယ့် လူယုတ်မာပဲ”
“လီကျင်းရုံ... မင်းက တကယ့် တိုင်းပြည်သစ္စာဖောက်ပဲ”
ကျိုးရီ မျက်လုံးလှန်ကြည့်လိုက်မိသည်။ ဤလူများမှာ ပါးစပ်ကသာ တစ်မျိုးပြောနေပြီး စိတ်ထဲတွင်တော့ တစ်မျိုးဖြစ်နေကြသည်။
ယခုအချိန်တွင် ဘယ်လောက်ပဲ ကျယ်ကျယ်လောင်လောင် ကျိန်ဆဲနေကြပါစေ၊ နှစ်ရက်မကြာခင်မှာပင် အခန်းပြောင်းပေးဖို့ သူတို့ လာညှိနှိုင်းကြမည်မှာ အသေချာပင်။
လီကျင်းရုံ ပထမဆုံးရောက်လာစဉ်က ပြောခဲ့သော စကားကို သူ မှတ်မိနေသေးသည်။
“မင်းတို့ဆီမှာ ဘယ်လို ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းတွေပဲ ရှိရှိ၊ အကုန်လုံး သုံးလိုက်စမ်းပါ၊ တကယ်လို့ မျက်မှောင်တစ်ချက်ကြုတ်သွားရင် ငါက ခွေးပဲ”
ကျိုးရီက ပြုံးစစဖြင့် ပြောလိုက်သည်။
“လူကြီးမင်းတို့ ဒီလောက်တောင် အားပါးတရ ကျိန်ဆဲနိုင်နေတာကို ကြည့်ရတာ ဗိုက်ဆာပုံမပေါ်ဘူး။ ဒီနေ့ အရွက်ဆန်ပြုတ်ကို တစ်ဝက်လျှော့ထည့်ပေးလိုက်မယ်”
ဤစကားကို ကြားလိုက်ရသည်နှင့် နောက်ထပ်ကျိန်ဆဲသံများ ဆူညံစွာ ထွက်ပေါ်လာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ လီကျင်းရုံထံမှ ကျိုးရီထံသို့ ဦးတည်သွားကြလေသည်။
ကျိုးရီကတော့ လုံးဝ ဂရုမစိုက်ပေ။ သူ့တွင် မိဘဆွေမျိုးမရှိချေ။ တစ်ဦးတည်း သီးခြားနေထိုင်သူ ဖြစ်ပြီး ထာ၀ရအသက်တာအိုသစ်သီးကိုလည်း ပိုင်ဆိုင်ထားရာ သူတို့ကြိုက်သလို ကျိန်ဆဲနိုင်ပေသည်။
လှည့်လည်စစ်ဆေးပြီးနောက် ကျိုးရီသည် စတုရန်းပေတစ်ရာ ကျယ်ဝန်းသော ကိုယ်ပိုင် ရုံးခန်းလေးသို့ ပြန်လာခဲ့ပြီး တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။
သူ့ကိုယ်တွင်းရှိ ကျင့်စဉ်များ စတင်လည်ပတ်သွားသည်နှင့် တစ်ပြိုင်နက် ရွှေရောင်အလင်းတန်းတစ်ခုက ကိုယ်တွင်းမှ ထွက်ပေါ်လာပြီး သူနှင့် ထပ်တူညီသော လူရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
၎င်းမှာ သူ၏ မူလဝိညာဉ်ပင် ဖြစ်သည်။ ယခုအခါ နှစ်နှစ်ကျော်ကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက် ၎င်းသည် မွေးရာပါ ယင်ဝိညာဉ်အဆင့်မှ မွေးရာပါ ယန်ဝိညာဉ် ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။
ပြတင်းပေါက်မှ ဖြာကျလာသော နေရောင်ခြည်နှင့် ထိတွေ့လျှင်ပင် အနည်းငယ်မျှ ထိခိုက်ပျက်စီးခြင်း ရှိမည် မဟုတ်တော့ချေ။
အခန်း (၃၀) - အင်မော်တယ်ဘူးသီးထဲတွင် အသီးအနှံများ စိုက်ပျိုးခြင်း
“အင်း... ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆင်နဂါးခွန်အား ခုနစ်ဆယ့်သုံးမျှင်အထိ စုစည်းနိုင်ခဲ့ပြီ၊ ကောင်းကင်နဲ့ မြေကြီး ပေါင်းစည်းခြင်းကို ရရှိလိုက်တာနဲ့ ငါ့ရဲ့ စွမ်းအားက သိုင်းသူတော်စင်နှောင်းပိုင်းအဆင့်နဲ့ ယှဉ်ပြိုင်နိုင်သွားပြီ၊ လုံး၀ပြီးပြည့်စုံတာပဲ”
ကျိုးရီသည် လက်သီးဆုပ်လိုက်ရာ သူ၏ မူလဝိညာဉ်မှာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ခါးရှိ မဟာတာအို အင်မော်တယ်ဘူးသီးအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားတော့သည်။
အလင်းနှင့် အရိပ်များ ပြောင်းလဲသွားသည့်ကြားတွင် သူ့မြင်ကွင်းထဲသို့ ရောက်ရှိလာသည်မှာ တောင်တန်းများ၊ ရေပြင်များ၊ သစ်တောများနှင့် လယ်ကွင်းများပါဝင်သော ကျယ်ပြောလှသည့် ကောင်းကင်နှင့် မြေကြီး၏ အခင်းအကျင်းပင်ဖြစ်၏။
အင်မော်တယ်ဘူးသီး အတွင်းပိုင်းမှာ တကယ့်ကို နိဗ္ဗာန်ဘုံအလား ထင်မှတ်ရပေသည်။
ပြီးခဲ့သော နှစ်နှစ်တာကာလအတွင်း ကျိုးရီသည် မဟာတာအို အင်မော်တယ်ဘူးသီးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
အစပိုင်းတွင် သူသည် ကျင့်ကြံရာတွင် အထောက်အကူဖြစ်စေရန်အတွက် ၎င်းကို ကိုယ်ပေါ်၌သာ သယ်ဆောင်ထားခဲ့ပြီး တိုက်ဆိုင်စွာဖြင့်ပင် အရက်များသိုလှောင်ကာ ဝိညာဉ်အရက်အချို့ကို ဖန်တီးနိုင်ခဲ့သည်။
ဤအရာသည် ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များကို အလွန်လျင်မြန်စွာ စုပ်ယူနိုင်ပြီး ဆယ်ဆခန့် တိုးမြှင့်ပေးနိုင်ပေသည်။
ယခင်က ကျိုးရီသည် နတ်ဆင်နဂါးခွန်အား တစ်မျှင်ကို ကျင့်ကြံရန် နှစ်လခန့် အချိန်ယူခဲ့ရသော်လည်း ယခုအခါတွင်မူ တစ်လတည်းဖြင့် ကျင့်ကြံနိုင်နေပြီဖြစ်သည်။
ဤသည်က သူ၏ ကြီးမားသော ရည်မှန်းချက်များအတွက် အံ့မခန်း အထောက်အကူတစ်ခုပင် ဖြစ်တော့သည်။
သို့သော် ၎င်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လာသည်နှင့်အမျှ ကျိုးရီ၏ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက်ဝင်လာခဲ့သည်။
‘တကယ်လို့ အထဲမှာ ကောင်းကင်နဲ့ မြေကြီး ရတနာတွေကို စိုက်ပျိုးလိုက်မယ်ဆိုရင် ဘယ်လိုနေမလဲ'
‘ဒါမှမဟုတ် ရေနည်းနည်းထည့်၊ ငါးတချို့ မွေးပြီး သစ်တောတွေ၊ လယ်ကွင်းတွေ ဖန်တီး၊ ကြက်တွေ၊ ဘဲတွေ၊ ငန်းတွေ မွေးမြူလိုက်ရင်ရော'
လက်ရှိတွင် သူစားသုံးနေသော သာမန်အစားအစာများမှာ ခန္ဓာကိုယ်အတွက် မည်သည့်တိုးတက်မှုကိုမျှ မပေးစွမ်းနိုင်တော့ဘဲ ဆာလောင်မှုကို ဖြေဖျောက်ရုံ သက်သက်သာ ဖြစ်ပေသည်။
ဤအကြံစည်ကို အကောင်အထည်ဖော်နိုင်ပါက အနာဂတ်တွင် သူစားသုံးမည့်အရာများ၌ ဝိညာဉ်စွမ်းအင်များ ပါဝင်လာမည်ဖြစ်ရာ စားသောက်ရုံနေဖြင့် ပုံမှန်ထက်များပြားသော ကျင့်ကြံခြင်းစွမ်းအင်များကို ရရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ကျိုးရီသည် မြေသြဇာကောင်းသော လယ်မြေဧကတစ်ထောင်ကို ပြင်ဆင်ကာ ဂျင်ဆင်း၊ လင်ဇီး၊ နှင်းကြာပန်းတို့အပြင် ဆန်နှင့် ပြောင်းများကိုပါ စိုက်ပျိုးခဲ့လေသည်။
သူသည် သစ်တောအချို့ကိုလည်း ထည့်သွင်းကာ ကြက်နှင့် ဘဲများ မွေးမြူခဲ့ပြီး ငါးမွေးမြူရန် ရေကန်တစ်ခုကိုလည်း ဖန်တီးခဲ့သည်။
ဤနေရာတွင် တစ်နှစ် ကြီးထွားမှုမှာ ဆယ်နှစ်နှင့် ညီမျှလေသည်။
ဝိညာဉ်စွမ်းအင်များ ပေါများကြွယ်ဝမှုကြောင့် စပါးပင်များမှာ သုံးမီတာကျော်အထိ မြင့်မားလာ၏။ စပါးစေ့များမှာလည်း ဖောင်းကြွကာ ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး အဖိုးတန် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေပေသည်။
ဂျင်ဆင်းပင်များမှာ ပျိုးပင်လေးများကိုသာ စိုက်ပျိုးထားခဲ့ခြင်းဖြစ်သည်။ သို့သော် နှစ်နှစ် ကြာမြင့်သွားပြီဖြစ်ရာ သူ့တွင် အနှစ်နှစ်ဆယ်သက်တမ်းရှိ ဂျင်ဆင်း ဧကတစ်ရာနီးပါး ပိုင်ဆိုင်နေပြီ ဖြစ်သည်။
နောက်ထပ် ရှစ်နှစ် ကြာလျှင် ၎င်းတို့မှာ နှစ်တစ်ရာသက်တမ်းရှိ ဂျင်ဆင်းများ ဖြစ်လာမည်ဖြစ်ပြီး နှစ်တစ်ရာ ကြာလျှင်မူ နှစ်တစ်ထောင်သက်တမ်းရှိ အဖိုးတန်ဂျင်ဆင်းပင်များ ဖြစ်လာမည် ဖြစ်သည်။
တာ့ချန်နိုင်ငံတစ်ခုလုံးပေါင်းလျှင်ပင် နှစ်တစ်ထောင်သက်တမ်းရှိ ဂျင်ဆင်းများ ဤမျှများများစားစား ရှိနိုင်မည်မဟုတ်ချေ။
သစ်တောများအတွင်း မွေးမြူထားသော ကြက်များနှင့် ဘဲများမှာလည်း သားရဲများအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ကြက်များမှာ ကြက်ဆင်အရွယ်အစားလောက်အထိ ကြီးထွားလာ၏။
သူတို့၏ အမွေးအတောင်များမှာ တောက်ပနေပြီး အစိမ်းရောင် မျက်လုံးများနှင့် ရွှေရောင်ခြေသည်းများ ရှိနေရာ အပြင်တွင် လွှတ်ထားပါက လူများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေလိမ့်မည်။
ကျိုးရီသည် ယခုလေးတင် စိုက်ပျိုးထားသော ပျိုးပင်အသစ်များကို စစ်ဆေးရန် လယ်ကွင်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
….
စစ်ဆေးပြီးနောက် ကျိုးရီ ကျေနပ်သွားလေသည်။
ကြီးထွားမှုမှာ အလွန်မြန်ဆန်လှသည်။ လွန်ခဲ့သော ဆယ်ရက်ကမှ စိုက်ပျိုးထားခြင်းဖြစ်သော်လည်း ဒူးခေါင်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။
ကျိုးရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“မဆိုးဘူး၊ မဆိုးဘူး”
ကျိုးရီသည် အနီးရှိ မြေကွက်သစ်သို့ သွားရောက်ကာ မြေရှင်းလင်းရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေလေသည်။
သင်္ချိုင်းဖောက်ခြင်း၊ တွင်းတူးခြင်း စသည့် သူ၏ ကျွမ်းကျင်မှုအဟောင်းများမှာ လယ်ထွန်ရာတွင် အလွန်တရာ အသုံးဝင်လာပြီး သူ၏ကျွမ်းကျင်မှုနှင့် အံဝင်ခွင်ကျ ဖြစ်နေလေသည်။
ကျိုးရီ နှုတ်မှ တီးတိုးရေရွတ်သံ ထွက်ပေါ်လာသည်။
“လုံလောက်တဲ့ အရင်းအမြစ်တွေကို စိုက်ပျိုးမွေးမြူထားနိုင်သမျှ ကာလပတ်လုံး၊ အနာဂတ်မှာ ပိုမြင့်တဲ့ အဆင့်တွေကို ထိုးဖောက်ဝင်ရောက်ဖို့အတွက် များပြားတဲ့ စွမ်းအင်ထောက်ပံ့မှုတွေ ရရှိလာမှာပဲ"
“တစ်နေ့နေ့မှာ ဒီကမ္ဘာကြီးရဲ့ အတားအဆီးတံဆိပ် ကျိုးပေါက်သွားပြီး အစွမ်းထက်ကျင့်ကြံသူတွေ ရောက်လာရင်တောင်မှ ကိစ္စမရှိဘူး”
“အင်မော်တယ်ကျင့်ကြံခြင်းလောကက လူတွေလိုမျိုး အရင်းအမြစ်တွေအတွက် အပြေးအလွှား တိုက်ခိုက်ရတာတွေ၊ ပရိယာယ်ဆင်တာတွေ၊ သတ်ဖြတ်တာတွေ လုပ်စရာမလိုဘဲ အောက်ခြေမှာ ပုန်းအောင်းနေရုံနဲ့ ပြိုင်ဘက်ကင်း အနေအထားမှာ ရှိနေနိုင်မှာပဲ၊ တကယ်ကို အံ့မခန်းပဲ”
လယ်ယာအလုပ်များ ပြီးစီးသွားချိန်တွင် တာဝန်လဲလှယ်ရမည့် အချိန်သို့ ရောက်ရှိလာပြီး ညဆိုင်းအတွက် တာဝန်ကျထောင်မှူး ရောက်ရှိလာခဲ့သည်။
ကျိုးရီသည် အစောင့်တဲမှ ထွက်လာခဲ့သော်လည်း အကျဉ်းထောင်အတွင်းရှိ လေထုမှာ အနည်းငယ် လေးလံဖိစီးနေကြောင်း ခံစားလိုက်ရသည်။
အစောင့်များ မျက်နှာ သိပ်မကောင်းကြသော်လည်း မိဖုရားခေါင်ကြီးအုပ်စုမှ အရာရှိများမှာမူ ရယ်မောကာ စိတ်လှုပ်ရှားနေကြလေသည်။
ကျိုးရီ အံဩတကြီး တွေးလိုက်မိသည်။
‘သူတို့ ဆေးမှားသောက်ထားကြတာလား'
သူက အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
သူက အစောင့်တစ်ဦးကို ပေါ့ပေါ့ပါးပါး မေးကြည့်လိုက်ရာ ကြီးမားသော ကိစ္စကြီးတစ်ခု ဖြစ်တော့မည်ကို သိလိုက်ရသည်။
“အရှင်မင်းကြီး ပြန်လာတော့မယ်လား၊ ဘယ် အရှင်မင်းကြီးလဲ”
အစောင့်က ဆက်ရှင်းပြသည်။
“အရင်ဧကရာဇ်ဟောင်းလေ၊ မြောက်ပိုင်းမန်က အရင်ဧကရာဇ်ဟောင်းကို ပြန်ပို့ပေးတော့မှာ”
ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။
“ငါထင်သားပဲ”
သူတို့ မည်သည့်အရာများ ကြံစည်နေသလဲဆိုသည်ကို ကျိုးရီအနေဖြင့် အလွယ်လေး ခန့်မှန်းနိုင်ပေသည်။
တာ့ချန်နိုင်ငံ၏ နိုင်ငံရေးအခြေအနေများ တဖြည်းဖြည်း တည်ငြိမ်လာသည်ကို မြင်တွေ့ရခြင်းက မြောက်ပိုင်းမန်အတွက် အကျိုးမရှိပေ။
ထို့ကြောင့် သူတို့က အရင်ဧကရာဇ်ဟောင်းအား လွှတ်ပေးကာ နဂါးနှစ်ကောင်ကို အားပြိုင်စေပြီး တတိယအင်အားစုအနေဖြင့် အကျိုးအမြတ်ရယူရန် ကြံစည်နေခြင်း ဖြစ်သည်။
ယခင်က မိဖုရားခေါင်ကြီး၏အုပ်စုကို ဆန့်ကျင်ပုန်ကန်ခဲ့သော ဝန်ကြီးများမှာ ပြစ်ဒဏ်များကြောင့် နောက်တွန့်သွားကြခြင်းမဟုတ်ပေ။
အဓိက အကြောင်းရင်းမှာ အရင်ဧကရာဇ်ဟောင်းသည် မြောက်ပိုင်းမန်တွင် ပိတ်မိနေပြီး ဧကရာဇ်အသစ် နန်းတက်လာရာ သူတို့ ဆက်လက်ရပ်တည်နေရန် အကြောင်းပြချက် မရှိတော့သောကြောင့် ဖြစ်သည်။
အဆုံးစွန်ပြောရလျှင် ဤလောကသည် ယောကျာ်းများ၏ လောကသာ။ မိဖုရားခေါင်ကြီးမှာ ဘယ်တုန်းကမှ ဧကရာဇ်မဖြစ်ခဲ့ဖူးချေ။
ဤသည်က မိဖုရားခေါင်ကြီးတို့အုပ်စု အဆက်မပြတ်ဆုတ်ခွာနေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေသည်။
ယခု အရင်ဧကရာဇ်ဟောင်း ပြန်လာတော့မည်ဆိုလျှင် ထိုဝန်ကြီးများ သေချာပေါက် တိမ်းညွတ်သွားမည်မှာ အသေအချာပင် ဖြစ်သည်။
ကျိုးရီ သက်ပြင်းချကာ ညည်းတွားလိုက်သည်။
“သာမန်ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်းနေရတာ နှစ်ရက်တောင် မပြည့်သေးဘူး၊ နိုင်ငံရေးပြဿနာတွေနဲ့ ပြန်ရှုပ်ထွေးကုန်တော့မှာပဲ”
ကျိုးရီ ခေါင်းခါယမ်းလိုက်ပြီး ထိုကိစ္စများကို ဆက်လက်တွေးတောနေရန် စိတ်မဝင်စားတော့ဘဲ အကျဉ်းထောင်မှ ထွက်ခွာလာခဲ့သည်။
ကျိုးရီ ခြေထောက်နှင့် မြေပြင်ကို တစ်ချက်ကန်လိုက်သည်နှင့် ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတော့သည်။
သူသည် မြို့တော်ပြင်ပရှိ မှောင်ခိုဈေးသို့ ရောက်ရှိသွားခဲ့သည်။
ချန်ဟွာက ပစ္စည်းများ ရောင်းချနေရင်း မျက်လုံးထောင့်မှ ကျိုးရီ၏ပုံရိပ်ကို မြင်လိုက်ရသည်နှင့် ချက်ချင်း ပြုံးကာ ဆီးကြိုလိုက်သည်။
ယခင်နှစ်များတစ်လျှောက် ကျိုးရီသည် သူ့ထံမှ ပစ္စည်းများစွာ ဝယ်ယူခဲ့ပြီး ကျိုးရီထံမှ ငွေအမြောက်အမြား ရရှိခဲ့ရာ သူ့ကို တည်ငြိမ်ပြီး အမြတ်အစွန်းများများ ရရှိသော ဖောက်သည်ကြီးတစ်ဦးဟု သတ်မှတ်နိုင်ပေသည်။
ချန်ဟွာက ရိုရိုသေသေ နှုတ်ဆက်လိုက်သည်။
“သခင်လေးရှောင်... ခင်ဗျား ရောက်လာပြီကိုး”
ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။
“မကြာသေးခင်က မျိုးစေ့အသစ်တွေ စုဆောင်းရရှိသေးလား”
ချန်ဟွာက ဝမ်းသာအားရပြန်ဖြေသည်။
“သခင်လေး ဒီမှာ၊ ပစ္စည်းကောင်းတွေအများကြီး စုဆောင်းရရှိခဲ့တယ်၊ ကြည့်ပါဦး၊ ဒါက အရှေ့ဘက်လျောင်းပြည်နယ်ကပဲ၊ နယ်နမိတ်မဲ့ပန်းလို့ ခေါ်ကြတယ်၊ အနှစ်ခြောက်ဆယ်ကြာမှ တစ်ကြိမ်ပွင့်ပြီး ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ အာနိသင်ရှိတယ်"
“အဲဒါက ဝိညာဉ် အားဖြည့်ဆေးလုံးတွေ ဖော်စပ်ဖို့အတွက် အဓိက ဆေးဘက်ဝင်အမယ်တွေထဲက တစ်ခုပဲ၊ ရွှေတစ်ထောင်ကျော် တန်ကြေးရှိတယ်၊ ကျွန်တော် မျိုးစေ့ သုံးစေ့ပဲ ရခဲ့တယ်”
သူက ဆက်လက် ရှင်းပြလေသည်။
“ဒါကကျတော့ အနောက်ဘက် ရှကျိုးပြည်နယ်က ဗောဓိစေ့၊ ကုသရေး ဆေးအမျိုးအစားပဲ၊ ဘယ်လို ဒဏ်ရာမျိုးပဲ ရထားရထား၊ တစ်စေ့လောက် စားလိုက်တာနဲ့ ချက်ချင်း သိသိသာသာ သက်သာသွားစေတယ်"
“ဒါက အပြာရောင်ငွေမြက်၊ သူ့ရဲ့ အာနိသင်က နှင်းကြာပန်းနဲ့ နည်းနည်းဆင်တူတယ်၊ နှစ်ခုလုံးက စိတ်ကို တည်ငြိမ်စေနိုင်တယ်။ ဒါပေမဲ့ အရည်အသွေးက နှင်းကြာပန်းထက်တော့ နည်းနည်းညံ့တယ်၊ ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ အာနိသင်တော့မရှိဘူး”
ကျိုးရီသည် မျိုးစေ့ အနည်းငယ်ကိုသာ ချန်လှပ်ထားပြီး အများစုကို ယူဆောင်လိုက်သည်။
“မင်း ပိုက်ဆံရှာချင်တာကို ငါသိပါတယ်။ ဒါပေမဲ့ ငါ့ကို လှည့်စားဖို့ အမှိုက်တွေရောမထည့်နဲ့၊ ငါက အရူးမဟုတ်ဘူး။ တကယ်လို့ မင်း ငါ့ကို ထပ်လှည့်စားရဲရင် မင်းကိုသတ်ပစ်မယ်”
ချန်ဟွာက ခြောက်ကပ်ကပ် ရယ်မောကာ သူ့နှာခေါင်းသူ ပွတ်သပ်လိုက်သည်။
“သခင်လေးရှောင်ရယ်၊ သခင်လေး ဘာတွေပြောနေတာလဲ၊ သခင်လေးကို ကျွန်တော်က ဘယ်လိုလုပ် လှည့်စားရဲမှာလဲ၊ ဒါနဲ့ စကားမစပ် သခင်လေးရှောင်၊ ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခု ရှိတယ်။ သခင်လေး သဘောတူနိုင်မလား မသိဘူး”
ကျိုးရီက ခပ်အေးအေးပင် ပြောလိုက်သည်။
“အရင်ပြောကြည့်လေ”
ချန်ဟွာက ရှင်းပြလာသည်။
“ဒီလိုပါ၊ ဒီ နယ်နမိတ်မဲ့ပန်း မျိုးစေ့တွေကို ရဖို့က ကျွန်တော့်အတွက် မလွယ်ကူခဲ့ဘူးလေ၊ လမ်းမှာ ညီအစ်ကို တော်တော်များများ ဆုံးရှုံးခဲ့ရတယ်၊ ပြီးတော့ ဝိညာဉ်ပျက်စီးသွားပြီး အမြဲတမ်း နာကျင်မှုခံစားနေရတဲ့ ညီအစ်ကို နှစ်ယောက်လည်း ရှိသေးတယ်”
“ကျွန်တော့်ဆီမှာ နယ်နမိတ်မဲ့ပန်း နှစ်ပွင့်ကျန်သေးတယ်၊ သခင်လေးရှောင်က ဆေးပညာမှာ ကျွမ်းကျင်တဲ့သူဆိုတော့ ကျွန်တော့်အတွက် ဝိညာဉ်အားဖြည့်ဆေးလုံး နည်းနည်းလောက် ဖော်စပ်ပေးနိုင်မလား”
ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။
“ကူပေးလို့တော့ ရပါတယ်၊ ဒါပေမဲ့ မင်း မှတ်ထားရမှာက ဒီကိစ္စကို အပြင်လူတွေကို လုံးဝမပြောပြရဘူး၊ ငါက စောင့်ကြည့်ခံရတာကို မကြိုက်ဘူး”
ချန်ဟွာက အလျင်အမြန် ကတိပေးလိုက်သည်။
“သေချာတာပေါ့၊ သေချာတာပေါ့။ သခင်လေးရှောင် စိတ်ချလက်ချနေပါ၊ ကျွန်တော်တို့ ပူးပေါင်းလာတာ ဒီလောက်ကြာနေပြီ၊ သခင်လေးရဲ့ ယုံကြည်မှုကို ကျွန်တော် အလွဲသုံးစားလုပ်ခဲ့ဖူးလို့လား”
ချန်ဟွာသည် စကားပြောနေရင်းမှ နယ်နမိတ်မဲ့ပန်းကို ထုတ်ယူလိုက်သည်။ ကျိုးရီက နယ်နမိတ်မဲ့ပန်းကို ယူကာ သူ၏ရင်ခွင်ထဲသို့ ထိုးထည့်လိုက်သည်။
“ဒီနေ့ မျိုးစေ့တွေအတွက် ဘယ်လောက်လဲ”
ချန်ဟွာက ယဉ်ယဉ်ကျေးကျေး ပြန်ပြောလာသည်။
“သခင်လေးရှောင်၊ အရမ်း ယဉ်ကျေးလွန်းနေပါပြီ။၊ ကျွန်တော့်ကို ဝိညာဉ် အားဖြည့်ဆေးလုံးတွေ ဖော်စပ်ပေးတယ်ဆိုတော့ ဆေးဖော်စပ်တဲ့ ကုန်ကျစရိတ်ကို ဒီမျိုးစေ့တွေရဲ့တန်ဖိုးနဲ့ အစားထိုးလိုက်ပါ”
ကျိုးရီက သဘောတူလိုက်သည်။
“အဲဒါဆို အဆင်ပြေပြီ၊ သုံးရက်နေရင် ဆေးလုံးတွေ လာပေးလိုက်မယ်”
စကားပြောပြီးနောက် ကျိုးရီ ချက်ချင်းလှည့်ထွက်သွားတော့သည်။