အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း (၂၃) - ခန္ဓာကိုယ်မှ ခွဲထွက်သွားသော မူလဝိညာဉ်၊ လျှို့ဝှက်ရတနာ ဘူးသီး (၂)
“မဟာတာအို အင်မော်တယ်ဘူးသီး၊ ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်တယ်။ ကျင့်ကြံသူရဲ့ ကျင့်ကြံမှုအမြန်နှုန်းကို မြှင့်တင်ပေးနိုင်တယ်။ ဝိညာဉ်ဆေးပင်တွေကို ကြီးထွားလာအောင် သိုလှောင်ထားနိုင်တယ်”
“ပြီးတော့ ဆေးလုံးတွေကိုလည်း စွမ်းအင်တိုးလာအောင် သိုလှောင်ထားနိုင်တယ်၊ တကယ့် ပစ္စည်းကောင်းလေးပဲ”
သူ၏ ချူပြည်နယ်ခရီးစဉ်မှာ တကယ်ကို တန်လှပေသည်။
သူသည် ကောင်းကင်ဖြတ်ပိုင်းဓားသိုင်းကို ရရှိခဲ့ပြီး သိုင်းသူတော်စင်၏အတွေ့အကြုံများကိုလည်း ရရှိခဲ့သည်။
ထို့အပြင် ကျင့်ကြံမှုအခြေခံပါ အကြီးအကျယ် တိုးတက်လာကာ ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့ပြီး မွေးရာပါယင်ဝိညာဉ်ကိုလည်း ကျင့်ကြံနိုင်ခဲ့သေးသည်။
ယခုမူ အမြင့်မြတ်ဆုံး ရတနာတစ်ခုကိုပါ ထပ်မံရရှိခဲ့ပြန်လေပြီ။
သူ မြို့တော်တွင် ပုန်းကွယ်ကာ ဂူသင်္ချိုင်းများတူးဖော်ပြီး ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ရသော သုံးနှစ်တာ ကာလထက်ပင် ပိုမိုကြီးမားလှသော အမြတ်အစွန်းများကို ရရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။
‘တကယ်ကို အံ့မခန်းပဲ'
ကျိုးရီက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ မဟာတာအို အင်မော်တယ်ဘူးသီးမှာ သူ့လက်ထဲသို့ ပြန်လည်ရောက်ရှိလာပြီး ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားလေသည်။
ဤအချိန်တွင် ထိုအင်မော်တယ်ဂူအတွင်း၌ ဝိညာဉ်စွမ်းအင်များ စုပ်ယူနိုင်သော ခံစားချက်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ ကျိုးရီအနေဖြင့် ထွက်ခွာရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။
သူသည် ဓားသူတော်စင် လုချင်းရှန်းအရှေ့သို့ သွားရောက်လိုက်သည်။
သူက အရိုအသေပေးကာ လေးလေးနက်နက် ပြောဆိုလိုက်သည်။
“စီနီယာလု... စီနီယာ့ရဲ့ အခွင့်အရေးကို ကျွန်တော် ယူလိုက်ပါပြီ။ စီနီယာက သေဆုံးသွားပြီဖြစ်လို့ ကျေးဇူးတင်ပါတယ်လို့ပဲ ကျွန်တော် ပြောနိုင်တော့တယ်”
“တကယ်လို့ နောင်ဘဝဆိုတာ တကယ် ရှိလာခဲ့ရင်၊ ကျွန်တော် ကျိုးရီက စီနီယာနဲ့ ပြန်ဆုံတွေ့တဲ့အခါ ကျေးဇူးဆပ်ပါ့မယ်၊ ပြန်လည်ဆုံတွေ့တဲ့ အချိန်ကျရင်ပေါ့”
သူ အရိုအသေပေးပြီးနောက် လုချင်းရှန်းအား ရေကန်အောက်ခြေတွင် မြှုပ်နှံပေးလိုက်ပြီး ကျိုးရီမှာ ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
သူ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ကွဲထွက်နေသော ရေကန်ထဲမှရေများမှာ အင်မော်တယ်ဂူတစ်ခုလုံးကို ချက်ချင်းဝါးမျိုသွားပြီး လုံထန်ရေကန်နှင့် လုံးဝ ပေါင်းစပ်သွားစေတော့သည်။
ကျိုးရီ ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာချိန်တွင် သိုင်းသခင်အဆင့် အရှိန်အဝါအချို့ကို ချက်ချင်း ခံစားလိုက်ရသည်။
ကျိုးရီသည် ဤအရှိန်အဝါများကို အစောကတည်းက ခံစားမိထားပြီး ဖြစ်သည်။
သူ တံခါးပိတ်ကျင့်ကြံနေစဉ်က သူတို့သည် ရေထဲသို့ ဝင်ရောက်လာကာ အောက်ဘက်ရှိ ကာကွယ်ရေးစွမ်းအင်တံဆိပ်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် သူ၏ပိတ်ဆို့မှုကို ခံခဲ့ရသည်။
သူတို့သည် ယခုအချိန်အထိ အရှုံးမပေးလိုကြောင်း သိသာပြီး အပြင်ဘက်တွင် သူ့ကို စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။
လူလေးဦး၏ အရှိန်အဝါများမှာ ဤအချိန်တွင် မြင့်တက်လာနေပြီး တိုက်ခိုက်ရန် ဆန္ဒရှိနေကြောင်း အထင်းသားပေါ်လွင်နေသည်။
ကျိုးရီကို မြင်လိုက်ရသောအခါ သူတို့မှာ တစ်ခဏမျှ အံ့အားသင့်သွားကြပြီးနောက် ချက်ချင်းလူစုခွဲကာ နေရာယူလိုက်ကြပြီး ကျိုးရီအား အရှေ့၊ အနောက်၊ ဘယ်နှင့် ညာဖက်တို့မှ ပိတ်ဆို့လိုက်ကြသည်။
သို့သော် ထိုလေးဦးမှာ အပြုံးတုများ ဖန်တီးထားကြသေး၏။
အမျိုးသမီးက ပြုံးရွှင်စွာ ဆီးကြိုနှုတ်ဆက်သည်။
“ရောင်းရင်းက နောက်ဆုံးတော့ ထွက်လာဖို့ ဆန္ဒရှိသွားပြီပေါ့၊ ကျွန်မတို့ စောင့်နေရတာ တော်တော်ကြာနေပြီ”
တာအိုဆရာကလည်း ဝင်ရောက်ပြောဆိုလာသည်။
“ရောင်းရင်းက ရေအောက်မှာ နှစ်နှစ်ကျော်လောက် နေခဲ့တယ်ဆိုတော့ သိုင်းသူတော်စင်ရဲ့ အမွေအနှစ်ကို သေချာပေါက် ရခဲ့ပြီမလား”
ကျိုးရီက တစ်ခဏမျှ စဉ်းစားခန်းဝင်သွားသည်။
“ငါ တံခါးပိတ်ကျင့်ကြံနေတာ နှစ်နှစ်ကျော်သွားပြီလားဟ”
ရှေးလူကြီးများက လောကတွင် အင်မော်တယ်များ ရှိပြီး သူတို့ တစ်ခါအိပ်လိုက်ရုံဖြင့် နှစ်တစ်ထောင် ကုန်လွန်သွားတတ်သည်ဟု မကြာခဏ ပြောဆိုခဲ့ကြသည်မှာ မဆန်းတော့ပေ။
သိုင်းပညာကျင့်ကြံခြင်း လမ်းစဉ်တွင် ကျင့်ကြံနေရင်းမှ အချိန်များ လျင်မြန်စွာ ကုန်လွန်သွားတတ်သည်မှာ ဓမ္မတာပင်။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ထိုလူအနည်းငယ်ကို အေးစက်တည်ငြိမ်သောအကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။
ပုန်းကွယ်ခြင်းလမ်းစဉ်ဆိုသည်မှာ သတ္တိကြောင်ခြင်း မဟုတ်ပေ။ ပြဿနာမရှာခြင်းဆိုသည်မှာလည်း ပြဿနာကို ကြောက်ရွံ့နေခြင်း မဟုတ်ချေ။
ကျိုးရီ၏ အေးစက်စူးရှသော အသံ ထွက်ပေါ်လာသည်။
“ဒီနေ့ ငါ စိတ်ခံစားချက်ကောင်းနေတယ်။ မင်းတို့ အခုထွက်သွားမယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေးရှိသေးတယ်။ မဟုတ်ရင်တော့ ခြွင်းချက်မရှိ သေရမယ်”
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အခြားသူများ၏မျက်နှာများ ပြောင်းလဲသွားကြပြီး ပတ်ဝန်းကျင်လေထု အပူချိန်မှာ သုံည ဒီဂရီအထိ ကျဆင်းသွားသည့်အလား အေးစက်သွားတော့သည်။
တုတ်ကောက်ကြီးကို ကိုင်ဆောင်ထားပြီး ခေါင်းတွင် ကွင်းစွပ်ထားသော ခရီးသွားဘုန်းကြီးက လှောင်ပြုံးတစ်ခု ပြုံးကာ အော်ဟစ်လိုက်သည်။
“ကောင်းကင်ဘယ်လောက်မြင့်ပြီး မြေကြီးဘယ်လောက်နက်တယ်ဆိုတာ မသိတဲ့ တကယ့်ကို မာနကြီးတဲ့ကောင်ပဲ။ သိုင်းသူတော်စင်ရဲ့ အမွေအနှစ်ကို ရလိုက်တာနဲ့ မင်းကိုယ်မင်း သိုင်းသူတော်စင်ဖြစ်ပြီလို့ ထင်နေတာလား"
“မင်းရှေ့မှာ ရပ်နေတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ မင်းသိရဲ့လား။ မင်းက ဒီလောက်တောင် ရိုင်းစိုင်းရဲတယ်ပေါ့”
ကျိုးရီက ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်လိုက်သည်။
“စကားအရမ်းများတယ်၊ နားငြီးလိုက်တာ”
ကျိုးရီမှာ ဆက်လက်နားထောင်ရန် ပျင်းရိနေပြီဖြစ်ရာ ထိုသူ စကားမဆုံးမီမှာပင် ကောင်းကင်ဖြတ်ပိုင်းဓားသိုင်းကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။
သူ့ကိုယ်တွင်းရှိ စွမ်းအားများ လည်ပတ်သွားပြီး သွေးကြောများအတွင်းမှ မိုးချုန်းသံများ မြည်ဟည်းလာရာ မရေမတွက်နိုင်သော နတ်ဆင်များနှင့် နတ်နဂါးများ တစ်ပြိုင်နက်တည်း ဒုန်းစိုင်းပြေးလွှားနေသည့် အသံများအလား ထင်မှတ်ရပေသည်။
မိုင်အနည်းငယ်ပတ်လည်ရှိ ဓားများအားလုံး ကျိုးရီကို ဗဟိုပြု၍ တုန်ခါလာပြီး ဆင့်ခေါ်ခံရသည့်အလား အလိုအလျောက် ပျံသန်းလာကြ၏။
ဓားများက ကျည်ဆန်များကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် ရေကန်အောက်ခြေအထိ ထိုးဆင်းလာပြီး ကျိုးရီ၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။
ကျိုးရီက ဓားတစ်လက်ကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ ဓားဖြင့် တစ်ချက်ခုတ်ပိုင်းလိုက်လေသည်။
ခရီးသွားဘုန်းကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ကျိုးရီ၏ လုပ်ရပ်များကြောင့် သူ ဒေါသထွက်သွားကြောင်း သိသာလှပေသည်။
“ကောင်လေး... မင်းက မာနကြီးလှချည်လား”
သူက ဝင်ရောက်တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် ကျိုးရီ ထုတ်ဖော်လိုက်သော ဓားချက်မှာ မီတာတစ်သောင်း ရှည်လျားသော ဓားအလင်းတန်းအဖြစ် ချက်ချင်း ပွင့်ထွက်လာပြီး သူ့ကို တိုက်ရိုက်ဝါးမျိုသွားတော့သည်။
အားကောင်းလှသော ဓားဆန္ဒကြောင့် အောက်ဘက် လုံထန်ရေကန်ထဲရှိ ရေများပင် နှစ်ခြမ်းကွဲသွား၏။
ဓားအလင်းတန်းမှာမူ ရပ်တန့်မသွားဘဲ အနောက်ဘက်ရှိ ပေတစ်ထောင်မြင့်သော တောင်ထွတ်ကြီးကိုပါ တိုက်ရိုက် ပိုင်းဖြတ်သွားတော့သည်။
ဝုန်း။
မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပေတစ်ထောင်မြင့်သော တောင်ထွတ်ကြီးမှာ အလယ်မှစ၍ ပြတ်တောက်သွားပြီး မှန်တစ်ချပ်အလား ချောမွေ့ပြောင်လက်နေသော မျက်နှာပြင်တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
တောင်ထွတ်၏ အထက်ပိုင်းသည် ဖြည်းညင်းစွာ လျှောကျလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားရာ ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါသွားပြီး တောင်တန်းကြီးများပင် ယိမ်းထိုးသွားတော့သည်။
တောနက်ထဲရှိ သားရဲတိရစ္ဆာန်များအားလုံး အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြပြီး အရပ်မျက်နှာအသီးသီးသို့ အရူးအမူး ထွက်ပြေးကုန်ကြသည်။
ကျိုးရီ၏လက်ထဲရှိ ဓားရှည်မှာမူ မြေမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထိုဓားရှည်ကြီးသည် သူ၏ဓားချက်မှ ထွက်ပေါ်လာသော စွမ်းအားများကို ခံနိုင်ရည်မရှိခဲ့ချေ။
လျှိုရူယန်း အလွန်အံ့အားသင့်သွားသည်။ “… …“
ရဲ့ဝူမင် မျက်လုံးပြူးသွားကာ လင်ရွှီကျီ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “…. ….”
ထိုသုံးဦးမှာ တစ်ခဏမျှ မှင်သက်သွားကြပြီးနောက် မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြသည်။
သူတို့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထသွားပြီး တုန်ရီနေကာ နှလုံးခုန်နှုန်းများလည်း အရူးအမူး မြန်ဆန်လာတော့သည်။
ကျိုးရီ၏ စွမ်းအားမှာ သူတို့စိတ်ကူးယဉ် တွေးတောနိုင်စွမ်းထက် များစွာ သာလွန်နေပေသည်။ ဤအဆင့်ရှိသော စွမ်းအားမျိုးမှာ သိုင်းသူတော်စင်အဆင့်တွင် သေချာပေါက် ရှိနေရမည်ဖြစ်သည်။
‘တကယ်လို့ ငါတို့သာ ဒီလူနဲ့ သွားတိုက်ခိုက်မယ်ဆိုရင် ခွေးရှေ့ကို အသားထုပ် ပစ်ချပေးသလို၊ ကိုယ့်သေတွင်း ကိုယ်တူးရာ ရောက်မနေဘူးလား'
ခဏအကြာတွင်… ကောက်ကျစ်ပြီး အတွေ့အကြုံရင့်ကျက်သော လင်ရွှီကျီက ပထမဆုံး သတိဝင်လာပြီး ချက်ချင်းပင် လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်သည်။
“စီနီယာရဲ့ ဓားသိုင်းက ဒီလောက်အထိ နက်နဲမယ်လို့ ကျွန်တော် မထင်ထားခဲ့မိဘူး။ ကျွန်တော် မျက်စိကန်းပြီး စီနီယာကို မမှတ်မိခဲ့ဘူး၊ စီနီယာ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေ”
လျှိုရူယန်းနှင့် ရဲ့ဝူမင်တို့ကလည်း သူတို့၏ ရပ်တည်ချက်ကို ချက်ချင်း ဖော်ပြလိုက်ကြသည်။
“စီနီယာ... ဒါက နားလည်မှုလွဲတာပါ။ ဒီကိစ္စအားလုံးက နားလည်မှုလွဲတာပါ”
ကျိုးရီက ထိုသုံးဦးကို လှည့်ပင်မကြည့်တော့ချေ။ သူသည် အခြား ဓားကောင်းတစ်လက်ကို ကောက်ယူကာ လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး နောက်ထပ်ဓားချက်တစ်ချက်ကို ပစ်လွှတ်လိုက်ပြန်သည်။
ယောကျာ်းကောင်းဆိုသည်မှာ ကတိတည်ရပေမည်။ သူတို့ ထွက်မသွားလျှင် သေရမည်ဟု သူ ပြောခဲ့ပြီးဖြစ်သည်။ အစကတည်းက သူတို့ ထွက်မသွားခဲ့သဖြင့် ယခုအချိန်မှတော့ သူတို့ ထွက်သွားနိုင်စရာ အကြောင်းမရှိတော့ပေ။
ကောင်းကင်ကြီးကို တုန်လှုပ်သွားစေသော နောက်ထပ် ဓားအလင်းတန်းတစ်ခုနှင့်အတူ ထိုသိုင်းသခင်သုံးဦးမှာ ခရီးသွားဘုန်းကြီး၏ အနောက်သို့ စူးရှသော အော်ဟစ်သံများနှင့်အတူ လိုက်ပါသွားကြတော့သည်။
သူ့အတွက်မူ ယခုအချိန်တွင် သိုင်းသခင်ဆိုသည်မှာ ပုရွက်ဆိတ်များမျှသာ ဖြစ်တော့သည်။
ကျိုးရီသည် သူ့လက်ရာကို ကြည့်ကာ ကျေနပ်စွာ ရေရွတ်လိုက်သည်။
“ဒီကောင်းကင်ဖြတ်ပိုင်းဓားသိုင်းက တကယ်ကို အားကောင်းတာပဲ၊ ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် သာမန်ဓားချက်တစ်ချက်ကို ထုတ်လိုက်ရင် ဓားအလင်းတန်းက အများဆုံး မီတာခြောက်ရာ၊ ခုနစ်ရာလောက်ပဲ ရောက်လိမ့်မယ်”
“ဒါပေမဲ့ ကောင်းကင်ဖြတ်ပိုင်းဓားသိုင်းရဲ့ အကူအညီနဲ့ကျတော့ မီတာတစ်သောင်းအထိ ရောက်သွားတယ်၊ ဒါက ဆယ်ဆထက်မက ပိုဝေးသွားတာပဲ”
သူက ဆက်လက် သုံးသပ်လိုက်သည်။
“ဒီ ကျင့်စဉ်ကို သာမန်ကျင့်စဉ်တစ်ခုလို့ ခေါ်လို့မရတော့ဘူး၊ သိုင်းလောကရဲ့ ကျင့်စဉ်တွေထက် အများကြီးသာလွန်တဲ့ အထူးဥပဒေသတစ်ခုရဲ့ အရိပ်အယောင်တောင် ပါဝင်နေသေးတယ်”
သေချာသည်မှာ ဤသိုင်းက လူတစ်ဦး၏ သက်တန်းကိုလည်း ထိခိုက်စေနိုင်ပေသည်။
ကျိုးရီ သူ့လက်မောင်းကို ငုံ့ကြည့်လိုက်ရာ အရေးအကြောင်းတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
‘ဓားသူတော်စင် လုချင်းဖုန်းက အဲဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရတာ မဆန်းတော့ပါဘူး'
သိုင်းသူတော်စင်တစ်ပါးသည် နှစ်တစ်ထောင်သက်တမ်းရှိ အင်မော်တယ် ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း မှတ်တမ်းများအရ ၎င်းတို့သည် နှစ်လေးရာ၊ ငါးရာခန့် ရှင်သန်နိုင်သည်။
သို့သော် လုချင်းဖုန်းသည် နှစ်တစ်ရာမျှသာ အသက်ရှင်ခဲ့ရလေသည်။
သူ၏ ကိုယ်တွင်းရှိ ထာ၀ရအသက်တာအိုသစ်သီးက တုန်ခါသွားပြီး အသက်စွမ်းအင်များ ပြန်လည်ပြည့်ဝလာခဲ့သည်။ ကျိုးရီသည် အသက်ဆယ့်ရှစ်နှစ်အရွယ် အသွင်အပြင်သို့ ပြန်ပြောင်းသွားတော့သည်။
အခန်း (၂၄) - ရှုခင်းတွေ ပြောင်းလဲသွားသော်ငြား ထာ၀ရ မပြောင်းလဲသော နေနှင့်လ
‘ငါလေး ငယ်ရွယ်ချောမောသွားပြန်ပြီ'
ကျိုးရီသည် လေဟာပြင်ထဲသို့ လက်လှမ်းကာ ဆုပ်ကိုင်လိုက်သည်။
ထိုလူစုမှာ သေဆုံးသွားပြီး သူတို့၏ တာအိုလမ်းစဥ်နိယာမများ လွင့်စင်သွားပြီဖြစ်သော်လည်း ကိုယ်တွင်းရှိ ကျင့်ကြံခြင်းစွမ်းအင်များမှာမူ ချက်ချင်း ပျောက်ကွယ်သွားမည် မဟုတ်ဘဲ ဤနယ်မြေအတွင်း၌ ခေတ္တမျှ ကျန်ရှိနေဦးမည်သာ။
ကျိုးရီသည် ၎င်းတို့ကို တိုက်ရိုက်စုပ်ယူလိုက်ပြီး ထိုမှသဆင့် ရုပ်အလောင်းများထံမှ မှတ်ဉာဏ်များကိုပါ ထုတ်ယူလိုက်လေသည်။
[ဒီသိုင်းသူတော်စင်ရဲ့ အမွေအနှစ်က အဲဒီသုံးယောက် လက်ထဲကို လုံးဝမရောက်စေရဘူး။ ငါ ရအောင်ယူဖို့ နည်းလမ်းတစ်ခု ရှာရမယ်]
[ကောင်းကင်နဂါးဓားသမား ရဲ့ဝူမင်က ငါနဲ့ တစ်ညတာ အတူနေဖူးတယ်။ နောက်ကျရင် ငါ သူနဲ့ ပူးပေါင်းပြီး တစ်ယောက်ကို အရင် ချောင်းခိုက်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်မယ်"
“ပြီးရင် နောက်တစ်ယောက်ကို ဆုတ်ခွာဖို့ အတင်းအကြပ် ဖိအားပေးမယ်၊ လေးယောက် ခွဲယူရတာထက် နှစ်ယောက် ခွဲယူရတာက ပိုကောင်းတာပေါ့]
[လျှိုရူယန်းက မိန်းမတစ်ယောက်ပဲ၊ စိုးရိမ်စရာ မလိုပါဘူး။ ဖေထျန်းလုံက ခွန်အားသိပ်မကြီးပေမယ့် သူ့ရဲ့ နည်းလမ်းတွေကို လျှော့တွက်လို့မရဘူး၊ ရဲ့ဝူမင်ကို နှိမ်နင်းဖို့ သူ့ကို အသုံးချပြီး သူတို့ကို တစ်ယောက်ချင်းစီ အနိုင်ယူရမယ်]
[ဟမ့်၊ ခွေးကောင်သုံးကောင်၊ မင်းတို့က မာနကြီးပြီး ငါ့ကို အထင်သေးနေတာပဲ။ နောက်ကျရင် ငါက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းတို့ကို သေချာပေါက် သိစေရမယ်]
မှတ်ဉာဏ်များကို ဖတ်ရှုပြီးနောက် ကျိုးရီက သက်ပြင်းချကာ မှတ်ချက်ချလိုက်သည်။
“ကျန်းဟူလောကက လူတွေလည်း ပြင်းထန်တဲ့ ပရိယာယ်တွေကို သုံးတတ်ကြတာပဲ၊ နန်းတွင်းထဲကနဲ့ သိပ်မကွာဘူး”
ကျိုးရီ ခေါင်းခါယမ်းလိုက်သည်။
‘ကောင်းကင်အကျဉ်းထောင်ကသာ အသက်သာဆုံးပဲ၊ ဘာမှတွေးစရာမလိုဘူး၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘေးကင်းကင်းနေရုံပဲ’
အပြင်ထွက်နေတာလည်း တော်တော်ကြာပြီဆိုတော့ အခု ပြန်ရမယ့်အချိန်ရောက်ပြီ။
အရပ်မျက်နှာအသီးသီးမှ ဤနေရာဆီသို့ ဦးတည်လာနေသော အရှိန်အဝါများစွာကို ခံစားလိုက်ရပြီးနောက် ကျိုးရီသည် ဤနေရာတွင် ထပ်မံအချိန်ဆွဲမနေတော့ဘဲ လှည့်ထွက်သွားတော့သည်။
နာရီအနည်းငယ် ကြာပြီးနောက် ချူပြည်နယ်ရှိ အရက်ဆိုင်တစ်ဆိုင်တွင်။
ကျိုးရီက အရက်တစ်ခွက်ကို မော့သောက်လိုက်ပြီး အားပါးတရ ရေရွတ်လိုက်သည်။
“အရက်ကောင်းပဲ”
ကျိုးရီသည် ချူပြည်နယ်မှ အရက်တစ်ခွက်ကို သောက်လိုက်ရာ သူ၏ အစာအိမ်နှင့် သရက်ရွက်ထဲအထိပင် လန်းဆန်းသော ရနံ့များဖြင့် ပြည့်နှက်သွားကြောင်း ခံစားလိုက်ရသည်။
မြို့တော်ရှိ ရှင်းဟွာအရက်၏ နူးညံ့ပြီး ကျက်သရေရှိသော ဟန်နှင့် မတူဘဲ ချူပြည်နယ်၏ အရက်ချက်လုပ်သည့် လုပ်ငန်းစဉ်မှာ အလွန်ပြောင်မြောက်လှကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။
ကုန်ကြမ်းများကို အချဉ်ဖောက်ပြီး အနည်များကို ဖယ်ရှားကာ ကျင်းမောင်းမြက်များဖြင့် ထုပ်ပိုး၍ စစ်ထုတ်ခြင်းဖြင့် အရက်မှာ ကြည်လင်သန့်စင်လာပြီး ကျင်းမောင်းမြက်၏ ထူးခြားသော မွှေးရနံ့ကို သယ်ဆောင်လာလေသည်။
၎င်းမှာ ထူးခြားသော မျိုးနွယ်စုတစ်ခု၏ ရှားပါးလှသော အရသာတစ်မျိုးပင်။
ယနေ့ ၎င်းကို မြည်းစမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် ထူးခြားသောအရသာ ရှိနေပေသည်။
သို့သော် ကံမကောင်းစွာဖြင့် သူ တစ်ခဏမျှ ခံစားမကြည့်ရသေးမီ သူ့ကိုယ်တွင်းရှိ စစ်မှန်သောချီစွမ်းအင်များက အလိုအလျောက် လည်ပတ်သွားပြီး အရက်အာနိသင်များ ပျောက်ကွယ်သွားတော့သည်။
ဤသည်က ကျိုးရီကို သက်ပြင်းတစ်ချက် ချမိသွားစေသည်။
သူ၏စွမ်းအားများ ကြီးမားလာသည်နှင့်အမျှ အရက်ကောင်းနှင့် အစားအသောက်ကောင်းများကို ခံစားနိုင်စွမ်း တဖြည်းဖြည်း နည်းပါးလာတော့သည်။
ကျိုးရီ၏မျက်လုံးများ အရောင်လက်သွားသည်။
“ဟုတ်သားပဲ။ ငါ့ရဲ့ မဟာတာအို အင်မော်တယ်ဘူးသီးက ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်တယ်”
“တကယ်လို့ ငါက အဲဒါကို မဟာတာအို အင်မော်တယ်ဘူးသီးထဲမှာ သိုလှောင်ထားပြီး အရက်ထဲကို ဝိညာဉ်စွမ်းအင်တွေ ပေါင်းထည့်လိုက်ရင် သိုင်းပညာရှင်တစ်ယောက် ခံစားနိုင်တဲ့ အရက်ကောင်းကို ဖန်တီးလို့ မရနိုင်ဘူးလား”
ကျိုးရီသည် ထွက်ခွာချိန်တွင် အရက်အိုးတစ်ရာ ဝယ်ယူရန် ပြင်ဆင်လိုက်သည်။
သူသည် ဖောက်သည်များ၏ ဆွေးနွေးသံများကို နားထောင်ရင်း ချူပြည်နယ်၏ နာမည်ကြီးဟင်းလျာဖြစ်သော သူဖုန်းစားကြက်သားကို မြည်းစမ်းနေလေသည်။
ဆွေးနွေးသံများက သူ မြို့တော်မှထွက်ခွာလာချိန်တွင် နန်းတော်မှ စစ်တပ်ကြီးတစ်တပ်ကို စုဆောင်းကာ လူရိုင်းများကို အနိုင်ယူရန် မြောက်ဘက်သို့ ချီတက်ခဲ့သည့် အကြောင်းမှ စတင်သည်။
ထို့နောက် ဧကရာဇ်စစ်တပ်မှာ တဖြည်းဖြည်း ဆုတ်ခွာလာရပြီး နှစ်သိန်းသော မြောက်ပိုင်းမန် မြက်ခင်းပြင် စစ်တပ်ကြီးမှာ မြို့တံခါးဝသို့ ချဉ်းကပ်လာခဲ့သည်။
သူတို့သည် ပထမဦးစွာ တာ့ချန်ဧကရာဇ် လီချင်းယွန်ကို စစ်ရထားတွင် ကြိုးဖြင့်ချည်နှောင်ကာ တံခါးခေါက် ဧကရာဇ်အဖြစ် အသုံးပြုခဲ့ကြသည်။
ထို့နောက် တာ့ချန်နန်းတော်က လက်ရှိဧကရာဇ်ကို နန်းချလိုက်ပြီး ချန်မင်းသား လီချင်းရွှမ်ကို နန်းတက်ရန် မြှောက်စားလိုက်ကြသည်။
ဘုရင်နှင့် လက်အောက်ခံများ စည်းလုံးညီညွတ်သွားပြီး စစ်တပ်နှင့် ပြည်သူများ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကာ မြောက်ပိုင်းမန် စစ်တပ်ကို အနိုင်ယူပြီး မြို့တော်ကို ဝိုင်းရံထားခြင်းမှ လွတ်မြောက်စေခဲ့ကာ စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့သည်။
ထိုအချိန်မှစ၍ လောကကြီးမှာ ငြိမ်းချမ်းရေးကို ပြန်လည်ခံစားလာနိုင်ခဲ့တော့သည်။
ကျိုးရီ သက်ပြင်းချကာ တွေးတောလိုက်သည်။
“ငါ တံခါးပိတ်ကျင့်ကြံနေတဲ့ အချိန်အတွင်း တာ့ချန်က ဧကရာဇ်တောင် ပြောင်းသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ လီချင်းရွှမ်၊ လီရွှမ်ချင်း၊ အဲဒီကောင်လေးက တကယ်ကြီး ဧကရာဇ် ဖြစ်သွားတာပဲ၊ ထင်တဲ့အတိုင်း ကောင်းကင်ရဲ့အလိုဆန္ဒက မှန်းဆလို့မရဘူးပဲ”
ကျိုးရီ ခေါင်းခါယမ်းလိုက်စဉ် ခရီးသွား ကျန်းဟူလောကသားအချို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။
လူတစ်ဦးက အော်ဟစ်မှာယူလိုက်၏။
“စားပွဲထိုး၊ မြန်မြန်လုပ်ပြီး အရက်ကောင်း နှစ်အိုး ယူခဲ့စမ်း။ ငါ့လည်ချောင်းက ခြောက်သွေ့လွန်းလို့ မီးခိုးထွက်တော့မယ်။”
စားပွဲထိုးလေးက ချက်ချင်း ပြန်ထူးလိုက်သည်။
“လာပါပြီ ခင်ဗျာ”
စားပွဲထိုးက အရက်ကောင်းကို ချက်ချင်း ယူလာပေး၏။ ထိုလူများက အရက်တစ်ပန်းကန်လုံးကို တကျိုက်တည်း မော့သောက်လိုက်ပြီးနောက် အသံကုန် အော်ဟစ်ပြောဆိုကြတော့သည်။
“မင်းတို့ကိုယ်တိုင် မမြင်ခဲ့လို့၊ ပေတစ်ထောင်မြင့်တဲ့ တောင်ထွတ်ကြီးလေ။ အဲဒီတောင်ကို တက်ဖို့တောင် ေန့တစ်ဝက်လောက် အချိန်ယူရတာ။ ဒါပေမဲ့ လူတစ်ယောက်က ဓားတစ်ချက်တည်းနဲ့ ခါးလယ်ကနေ ပိုင်းဖြတ်ပစ်လိုက်တာကွ”
နောက်တစ်ဦးက အံ့အားသင့်စွာ မေးလိုက်သည်။
“ဘုရားရေ… ဒါ တကယ်လား၊ အရမ်း ပုံကြီးချဲ့လွန်းရာ မကျဘူးလား”
ထိုလူက ချက်ချင်းပြန်ဖြေသည်။
“ပုံကြီးချဲ့တာ လုံးဝမဟုတ်ဘူး။ ချူမင်းသားစံအိမ်၊ ကောင်းကင်ဓားဂိုဏ်း၊ မိုးတိမ်ကောင်းကင်ဂူ၊ မီးတိမ်တိုက်နန်းတော်၊ ချူပြည်နယ် တစ်ခုလုံးက အင်အားကြီး အဖွဲ့အစည်းတွေနဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေ အားလုံးနီးပါး အဲဒီကို သွားကြတယ်"
“တခြားနေရာက ကျင့်ကြံသူတွေလည်း ရှိတယ်လို့ ကြားတယ်။ သူတို့အားလုံး လုံထန်ရေကန်ကို အဆက်မပြတ် သွားနေကြတာ”
သူက ဆက်ပြောသည်။
“အခုတော့ အင်အားစုတော်တော်များများက အခြေအနေ တင်းမာနေကြတယ်၊ အားလုံးက အဲဒီတောင်ပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ဓားဆန္ဒကို တွေးတောဆင်ခြင်ချင်နေကြတာလေ"
“သူတို့ အချိန်မရွေး စတိုက်လာနိုင်ပြီး တိုက်ခိုက်လိုက်တာနဲ့၊ ဟီးဟီး... ကြည့်စရာ ပြဇာတ်ကောင်းကောင်းတစ်ပုဒ်တော့ ရှိလာတော့မယ်”
နောက်တစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်သည်။
“ဟင်... အဲဒီဂိုဏ်းတွေက ချူမင်းသားစံအိမ်ကို ယှဉ်ပြိုင်ရဲတယ်ပေါ့။”
လူတစ်ယောက်က ဝင်ပြောသည်။
“ဘာလို့ မရဲရမှာလဲ၊ အခုက ဧကရာဇ်အသစ် နန်းတက်ခါစဆိုတော့ နန်းတော်ထဲမှာ မိဖုရားခေါင်ကြီးက အင်အားစုတစ်ခုကို ထိန်းချုပ်ထားတယ်၊ အရပ်ဘက် အရာရှိတွေကလည်း အင်အားစုတစ်ခုကို ထိန်းချုပ်ထားတယ်”
“ပြီးတော့ စစ်ဘက်က ဗိုလ်ချုပ်တွေကလည်း နောက်ထပ် အင်အားစုတစ်ခုကို ထိန်းချုပ်ထားတယ်၊ ဧကရာဇ်ကိုယ်တိုင်က ပြဿနာတွေနဲ့ ပိနေတာ၊ အောက်က မင်းသားတွေအကြောင်းကို ဘယ်လိုလုပ် ဂရုစိုက်ဖို့အချိန်ရမှာလဲ”
ထိုလူက ဆက်ရှင်းပြသည်။
“ဒီဂိုဏ်းတွေက မူလကတည်းက လောကီရေးရာတွေကို ဂရုမစိုက်ဘဲ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တဲ့ ပုန်းကွယ်နေတဲ့ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတာ။ အဲဒီအထဲမှာ သိုင်းသခင်အဆင့်ရှိတဲ့ ကျင့်ကြံသူတွေလည်း မနည်းဘူး”
“သူတို့က များသောအားဖြင့် နန်းတော်အမိန့်ကို မနာခံကြဘူး၊ အခု တာ့ချန်ရဲ့အစိုးရက ရှုပ်ထွေးနေတော့ သူတို့က ပိုပြီးတော့ ရိုင်းစိုင်းလာကြတာပေါ့”
တစ်စုံတစ်ဦးက သံသယဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ အဲဒါက မင်းသားစံအိမ်နဲ့ တိုက်ရိုက်ရင်ဆိုင်ရလောက်တဲ့အထိတော့ မဖြစ်သင့်ဘူးမလား။ လောကကြီးက တာ့ချန်ရဲ့ လက်ထဲမှာ ရှိနေသေးတယ်ဆိုတာ မင်း သိထားရမယ်”
ပထမဆုံး ပြောခဲ့သောလူက ရှင်းပြလေသည်။
“သာမန် ဓားဆန္ဒတစ်ခုသာဆိုရင် ဘယ်သူကမှ အဲဒီအတွက် အချိန်ကုန်ခံပြီး ယှဉ်ပြိုင်ကြမှာမဟုတ်ဘူး။ စဉ်းစားကြည့်လေ၊ ပေတစ်ထောင်မြင့်တဲ့ တောင်ထွတ်ကြီးကို ဓားတစ်ချက်တည်းနဲ့ ပိုင်းဖြတ်လိုက်တာ”
“ဒါ ဘယ်လိုခွန်အားမျိုးလဲ၊ သိုင်းသူတော်စင်ကလွဲရင် ဘယ်သူက ဒီအဆင့်ကို ရောက်နိုင်မှာလဲ”
စားသောက်ဆိုင်အတွင်းရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
“သိုင်းသူတော်စင်”
ဤစကားကို ကြားလိုက်ရသောအခါ စားသောက်ဆိုင်အတွင်းရှိ လူတိုင်း၏ နှလုံးသားများ ကြောက်ရွံ့မှုကြောင့် တုန်ခါသွားကြတော့သည်။
အတော်လေး ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ‘တကယ်ကြီး သိုင်းသူတော်စင်အဆင့်ရှိတဲ့ ကျွမ်းကျင်သူတစ်ယောက်တလား'
‘အဲဒါက ဒဏ္ဍာရီတွေထဲမှာပဲ ရှိတဲ့ ကျင့်ကြံသူ၊ ခေါင်းပြပြီး အမြီးဝှက်ထားတဲ့ နဂါးတစ်ကောင်၊ နှစ်တစ်ရာအတွင်း တစ်ခါ တွေ့ရခဲတဲ့ ပုဂ္ဂိုလ်မျိုးပဲ'
‘ငါတို့လို လူတွေအတွက်တော့ တစ်သက်လုံး သိုင်းသခင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို တွေ့ခွင့်ရတာကိုက ကံကောင်းလွန်းလှပြီ၊ သိုင်းသူတော်စင်အဆင့် တည်ရှိမှုမျိုးဆိုရင်တော့ ပြောစရာတောင်မလိုတော့ဘူး’
‘ဒီလောက်များပြားတဲ့ အင်အားစုတွေက အဲဒါကို ရဖို့ အရူးအမူး တိုက်ခိုက်နေကြတာ မဆန်းတော့ပါဘူးလေ’
ထိုစကားများကို ကြားပြီးနောက် ကျိုးရီ ခန့်မှန်းကြည့်လိုက်သည်။
‘ဒီလူတွေ ဆွေးနွေးနေတဲ့ အကြောင်းအရာတွေထဲမှာ ပုံကြီးချဲ့တာတွေ ပါနေတယ်၊ ဒါပေမဲ့ ဘယ်လောက်ပဲ ပုံကြီးချဲ့ပါစေ၊ အခြေခံအချက်အလက် တချို့တော့ ပါနေသေးတယ်'
‘ငါ့ရဲ့ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအားက သိုင်းသူတော်စင်အဆင့်ကို မရောက်သေးဘူး ဆိုရင်တောင်မှ သိုင်းသခင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ၊ သိုင်းသူတော်စင်အဆင့်ကို ရောက်ဖို့ လက်တစ်ကမ်းပဲလိုတော့တယ်'
‘တာ့ချန်နိုင်ငံတစ်ခုလုံးကို ကြည့်ရင် မွေးရာပါယင်ဝိညာဉ်ကို ကျင့်ကြံနေရင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအားကို ဒီအဆင့်ထိ ရောက်နိုင်တဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး'
‘ဒါလည်း ကောင်းတာပါပဲ၊ အနည်းဆုံးတော့ အဆင့်တူမှာ ငါ့ကိုအနိုင်ယူနိုင်မယ့်သူ ရှိလာမှာကို စိုးရိမ်စရာမလိုတော့ဘူး၊ တကယ်လို့ သိုင်းသူတော်စင်တစ်ပါးနဲ့ တွေ့ရင်တောင် ပြန်တိုက်ဖို့ စွမ်းအားရှိနေပုံရတယ်’
အရက်သုံးခွက်လောက် သောက်ပြီးနောက် ကျိုးရီသည် အရက်နှင့် အစားအသောက်အတွက် ငွေရှင်းလိုက်ပြီး ဆိုင်ရှင်ဆီမှ မောင်းမွှေးရနံ့အရက် အိုးတစ်ရာ ဝယ်ယူလိုက်သည်။
ဆိုင်ရှင်မှာ သဘာဝကျကျပင် ပါးစပ်စုတ်ချွန်းသည်အထိ ပြုံးရွှင်သွားပြီး သားဖြစ်သူကို စားပွဲထိုးနှင့်အတူ နောက်ဖေးသို့ သွားကာ ကျိုးရီအား အရက်များသယ်ယူရာတွင် ကူညီရန် ချက်ချင်းအမိန့်ပေးလိုက်သည်။
ဆိုင်ရှင်၏ သားငယ်လေးက ကျိုးရီကို အရက်များသိုလှောင်ထားသော နောက်ဖေးရှိ တဲအမိုးအောက်သို့ ခေါ်ဆောင်သွားသည်။
အရက်အိုးများကို မြေကြီးထဲတွင် မြှုပ်နှံထားပြီး စည်ပိုင်းများထက်ပင် ကြီးမားလေသည်။ အရှေ့ဘက်ရှိ အရက်များကို ယခုလေးတင် နှပ်ထားခြင်း ဖြစ်သည်။
ဆိုင်ရှင်၏သားက လှမ်းမေးလိုက်သည်။
“ဧည့်သည်တော်၊ ခင်ဗျားရဲ့ ရထားလုံးက ဘယ်မှာလဲ၊ အရက်အိုးတစ်ရာ ဝယ်ချင်တယ်ဆိုရင် ရထားလုံး နှစ်စီး၊ သုံးစီးလောက် မပါဘဲနဲ့ သယ်လို့ရမှာမဟုတ်ဘူး၊”
ကျိုးရီက အေးအေးဆေးဆေး ပြုံးလိုက်သည်။
“ငါ့မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်၊ မင်း စိတ်ပူစရာမလိုပါဘူး”
သူတို့ အရက်များကို မထုတ်ရသေးမီမှာပင် အင်းအပြင်ဘက်မှ မြင်းခွာသံများ ထပ်မံထွက်ပေါ်လာပြန်သည်။
စင်္ကြံလမ်းမှတစ်ဆင့် အရှေ့ဘက်သို့ ကြည့်လိုက်ရာ အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူအချို့က မြင်းများပေါ်မှ ခုန်ဆင်းလာပြီး ဆိုင်ရှင်ထံသို့ တိုက်ရိုက်လျှောက်သွားသည်ကို တွေ့လိုက်ရသည်။
စစ်သားတစ်ဦးက အမိန့်ပေးလိုက်၏။
“အဘိုးကြီး၊ ဒီနေ့ ငါတို့ရဲ့ သခင်လေးက မယားငယ်ယူမှာမို့လို့ မင်းဆိုင်မှာရှိတဲ့ အရက်ကောင်းတွေအားလုံးကို ထုတ်ခဲ့စမ်း”