အခန်း (၈၅၁-၈၅၂)
Vol. 86 Ch. 851-852
အခန်း (၈၅၁) ကရုဏာတော်ရှင်ကြီး မသေသေးဘူးလား၊ ဦးနှောက်ဆေးသည့် နည်းလမ်းနှင့် စိတ်မိစ္ဆာ
မြက်မိုး မိုးထားသည့် တဲအိမ်လေးတစ်လုံးအတွင်း...
အပြာရောင် အဝတ်အထည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို အထက်သို့ ထုံးဖွဲ့ထားသော၊ အေးချမ်းတည်ငြိမ်သည့် အသွင်ရှိသည့် ယွန်းနျန်း သည် သူမ၏ လက်ထဲမှ တောက်ပသော ကျောက်ပုံဆောင်ခဲကို ကြည့်ရင်း အံ့အားသင့် ဝမ်းသာသွားကာ
"ဒါက... ကျွန်မကို ပေးတာလား"
ယွန်းနျန်းသည် သာမန်တောင်ဝိညာဉ်မဟုတ်ဘဲ သစ်ပင်ဝိညာဉ် တစ်မျိုးဖြစ်သည်။ တောင်တန်းများကြားတွင် ကျင့်ကြံခဲ့ပြီး ခန္ဓာကိုယ်၌ ဗုဒ္ဓတရား၏ အငွေ့အသက်များ ကိန်းဝပ်နေသူ ဖြစ်သည်။ သို့သော် ဤတောင်ဝိညာဉ်ရတနာ မှာ သူမအတွက် အလွန်ပင် အသုံးဝင်လှပြီး ၎င်းကို ဖော်စပ်လိုက်ပါက ကျင့်ကြံမှုအဆင့်ကို များစွာ တိုးတက်စေနိုင်သည်။
လီယန်ချူက ခေါင်းငြိမ့်ပြကာ
"မှန်တာပေါ့" ဟု ဆိုလိုက်သည်။
ယွန်းနျန်းက ပြုံးလိုက်ပြီး တောင်ဝိညာဉ်ရတနာကို သူမ၏ ရင်ခွင်ထဲသို့ ထည့်လိုက်သည်။ အချိန်အတော်ကြာ မတွေ့ရသည့်နောက်တွင် သူမ၏ အရှိန်အဝါမှာ ပိုမို၍ တည်ငြိမ်အေးချမ်းလာပြီး တောင်ကြားမှ စိမ့်စမ်းရေပမာ ကြည်လင်သန့်ရှင်းနေတော့သည်။
လီယန်ချူ၏ အကြည့်မှာ သူမ၏ လက်ကောက်ဝတ်ရှိ ပုတီးလုံး တစ်ချောင်းပေါ်သို့ ကျရောက်သွားသည်။ ဤသည်မှာ ယခင်က ကျင်းကွမ်းကျောင်း မှ ရုတ်တရက် ပျံထွက်လာပြီး ယွန်းနျန်း၏ လက်ကောက်ဝတ်ပေါ်သို့ အလိုအလျောက် ကျရောက်ခဲ့သည့် ရတနာတစ်ခု ဖြစ်သည်။ ထိုစဉ်က လီယန်ချူသည် မည်သည့်ထူးခြားမှုကိုမျှ မတွေ့ရှိခဲ့သော်လည်း ယခုအခါ သူ၏ ယန်ဝိညာဉ်အဆင့်မှာ တတိယအဆင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဝိညာ်မျက်စိအတတ် ကို အသုံးပြု၍ ကြည့်လိုက်သည့်အခါ ပြဿနာကို မြင်လိုက်ရတော့သည်။
ဤပုတီးလုံးထဲတွင် အလွန်ပြင်းထန်သော ဗုဒ္ဓအလင်းတန်းတစ်ခု ကိန်းဝပ်နေသည်။ ယွန်းနျန်း၏ ကျင့်ကြံမှု မြင့်တက်လာသည့်အခါ ထိုအလင်းတန်းကို သူမက ဖော်စပ်မိလိမ့်မည်ဖြစ်ပြီး ထိုအခါ သူမသည် သာသနာ့ဘောင်သို့ အတင်းအကျပ် သွတ်သွင်းခံရကာ အရာအားလုံးကို စွန့်လွှတ်ရသည့် အခြေအနေသို့ ရောက်သွားပေလိမ့်မည်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ နည်းလမ်းတစ်ခုဖြစ်ပြီး ခေါင်းစည်းဂါထာ နှင့် ဆင်တူသလို ဦးနှောက်ဆေးခြင်း နှင့် ပို၍ပင် တူနေတော့သည်။
ယွန်းနျန်း၏ စရိုက်မှာ အေးဆေးတည်ငြိမ်ပြီး အလုအယက် မရှိသော်လည်း၊ အကယ်၍သာ ဤဗုဒ္ဓအလင်းတန်းကို ဖော်စပ်မိပါက သူမသည် အခြားသော ပုံစံတစ်မျိုးသို့ ပြောင်းလဲသွားပေလိမ့်မည်။ ဤသည်မှာ ကျင်းကွမ်ကျောင်း၏ ဘိုးဘေးကြီး ချန်ရစ်ခဲ့သည့် နည်းလမ်းဖြစ်ကာ ယွန်းနျန်းကို သာသနာ့ဘောင်ထဲသို့ သွတ်သွင်းရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာမှ ဘာကြောင့် ယခုမှ စတင်လှုပ်ရှားလာရသနည်း ဆိုသည်က စဉ်းစားစရာ ဖြစ်နေသည်။
"ဒါဆို... အဲဒီ ကျင်းကွမ်ကျောင်း ဘိုးဘေးကြီးက မသေသေးဘူးလား"
လီယန်ချူ မျက်မှောင်ကြုံ့လိုက်မိသည်။ သူက ဤအကြောင်းကို ပြောပြလိုက်သည့်အခါ ယွန်းနျန်း၏ လှပသော မျက်နှာလေးမှာ အံ့အားသင့်သွားပြီး
"အာ ဒါဆိုရင်... ကျွန်မက သီလရှင် ဖြစ်သွားမှာပေါ့"
ဟု ဆိုကာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။
လီယန်ချူက
"ဒါက ကံကောင်းခြင်း တစ်မျိုးလို့လည်း ပြောလို့ရတယ်။ ပုတီးထဲမှာ ဗုဒ္ဓအလင်းတန်းက အလွန်ပြင်းထန်တော့ ဖော်ထုတ်နိုင်ရင် ကျင့်ကြံမှုက အများကြီး တက်လာလိမ့်မယ်။ ဒါပေမဲ့ မင်းက မလိုချင်ဘူးဆိုရင်တော့ ငါဒါကို ဖြုတ်ပေးမယ်"
ဤပုတီးမှာ ကျောင်းတော်မှ ထွက်လာပြီး ယွန်းနျန်းကို တိုက်ရိုက် လိုက်ရှာခဲ့ခြင်းဖြစ်ရာ ကံတရား ဆက်နွှယ်မှု ရှိနေသည်။ ကျင်းကွမ်ကျောင်း၏ ဘိုးဘေးကြီးမှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော နဂါးကိုပင် နှိမ်နင်းနိုင်သည့် အစွမ်းထက်သူဖြစ်ရာ သူပေးသည့် ကံကောင်းခြင်းမှာ ယူချင်ယူ၊ မယူချင်နေ ဆိုသည့် သဘောပင်။ လီယန်ချူက မေးလိုက်ခြင်းမှာ ယွန်းနျန်း၏ ဆန္ဒကို လေးစားသောကြောင့် ဖြစ်သည်။
ယွန်းနျန်းက အမြန်ပင် ခေါင်းယမ်းကာ
"မဖြစ်ဘူး၊ ကျွန်မ သီလရှင် မလုပ်ချင်ဘူး၊ အရာအားလုံးကိုလည်း မစွန့်လွှတ်နိုင်ဘူး "
သူမသည် လီယန်ချူကို တစ်ချက်မော့ကြည့်လိုက်ပြီးနောက် အမြန်ပင် ခေါင်းပြန်ငုံ့သွားကာ ပါးပြင်လေးများ ရဲတက်လာတော့သည်။ ဘာတွေ တွေးနေသည်ကိုတော့ မသိနိုင်ပေ။ လီယန်ချူ ခေတ္တမျှ ကြောင်သွားကာ 'ယွန်းနျန်း ရှက်နေတာလား' ဟု ထင်လိုက်မိသည်။ သို့သော် သူမ၏ စရိုက်အရ ရှက်တတ်သည်မှာ သဘာဝဖြစ်သဖြင့် သူက များများစားစား မတွေးတော့ဘဲ "ကောင်းပြီ" ဟုသာ ခေါင်းငြိမ့်လိုက်သည်။
လီယန်ချူသည် သူ၏ လက်ထဲတွင် ဆန်းကြယ်သော အရှိန်အဝါများကို ထုတ်ဖော်ကာ ဖန်တီးခြင်း ရွှေကျမ်းစာ ကို အသုံးပြု၍ ပုတီးလုံးကို တိုက်ရိုက် ဖြုတ်ယူလိုက်သည်။ ပုတီးလုံးသည် လီယန်ချူ၏ လက်ထဲတွင် အပြင်းအထန် တုန်ခါသွားပြီး အတွင်း၌ ပုန်းကွယ်နေသော ပြင်းထန်လှသည့် ဗုဒ္ဓအလင်းတန်းများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
သို့သော် ၎င်းသည် ဖန်တီးခြင်း ရွှေကျမ်းစာ နှင့် တွေ့သည့်အခါ ပင်လယ်ထဲသို့ ရွှံ့နွံများ ကျဆင်းသွားသကဲ့သို့ပင် ချက်ချင်းပင် ငြိမ်ကျသွားပြီး အနှိမ်နင်း ခံလိုက်ရသည်။
ယွန်းနျန်းသည် ပုတီးလုံးနှင့် ဆက်နွှယ်မှု ပြတ်တောက်သွားသည်ကို ခံစားလိုက်ရသည့်အခါ ပြုံးလိုက်မိပြီး ရင်ဘတ်ကို အသာအယာ ပုတ်ကာ
"တော်သေးတာပေါ့၊ ရှင်တွေ့လို့" ဟု ဆိုလိုက်သည်။
လီယန်ချူက ရွှေကျမ်းစာဖြင့် နှိမ်နင်းထားလိုက်ရာ ပုတီးလုံးမှာ ပြန်လည် တည်ငြိမ်သွားသည်။ အကယ်၍ ဗုဒ္ဓဘာသာ ပညာရှင်တစ်ဦးသာ ဤပုတီးလုံးကို ရရှိခဲ့ပါက အလွန်ကြီးမားသော ကံကောင်းခြင်း ဖြစ်ပေလိမ့်မည်။ သူကိုယ်တိုင်မှာ ဗုဒ္ဓဘာသာကျင့်စဉ်ကို မကျင့်ကြံသော်လည်း ဤရတနာကို အခြား ဗုဒ္ဓဘာသာ ပညာရှင်များနှင့် အလဲအလှယ် လုပ်၍ ရပေသည်။
"ယွန်းနျန်း၊ ဒီပုတီးကို ဒီအတိုင်း ပစ်ထားရင် နှမြောစရာကြီး။ ကျင်းကွမ်ကျောင်းကို တစ်ခေါက်လောက် သွားကြည့်ကြမလား"
လီယန်ချူ၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ ကျင်းကွမ်ကျောင်းတွင် တတိယအဆင့် ပညာရှင်တစ်ဦးရှိပြီး ၎င်းမှာ ဝူရှဲ့ရဟန်း ဖြစ်သည်။ လီယန်ချူ မြင်ဖူးသမျှ တတိယအဆင့် ပညာရှင်များထဲတွင် ခန္ဓာကိုယ်ကို ထိန်းသိမ်းထားခြင်း မရှိသည့် တစ်ဦးတည်းသော သူလည်း ဖြစ်သည်။ ဝူရှဲ့ရဟန်းမှာ ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးသည့် လူငယ်တစ်ဦးဖြစ်ပြီး မျက်နှာမှာ အမြဲတမ်း ညှိုးငယ်နေတတ်ရာ ပညာရှင်တစ်ဦး၏ အရှိန်အဝါမျိုး လုံးဝ မရှိပေ။
ယွန်းနျန်း၏ မျက်လုံးလေးများ တောက်ပသွားပြီး
"ကောင်းပြီလေ" ဟု ပြန်ပြောလိုက်သည်။
ထိုနေရာတွင် ကျင့်ကြံမှုကို အားပေးသည့် အငွေ့အသက်များ ရှိသော်လည်း သူမသည် ဗုဒ္ဓဘာသာကျောင်းတော်များသို့ သွားရသည်ကို မနှစ်သက်ပေ။ သို့သော် လီယန်ချူနှင့် အတူသွားရမည် ဆိုလျှင်မူ သူမက သဘောတူသည်။
လီယန်ချူ၏ ဝိညာဉ်ခရီးမှာ တစ်စုံတစ်ဦးနှင့် တိုက်ပွဲမဖြစ်သရွေ့ အချိန်အတော်ကြာအောင် တည်မြဲနိုင်သဖြင့် သူသည် အလွန် "ခံနိုင်ရည်ရှိသည့်" အမျိုးသားတစ်ဦးဟုပင် ဆိုရပေမည်။ သူနှင့် ယွန်းနျန်းတို့သည် မကြာမီမှာပင် ကျင်းကွမ်ကျောင်းသို့ ရောက်ရှိသွားကြသည်။ သူသည် ဝိညာဉ်အသွင်ဖြင့် ရောက်လာခြင်းဖြစ်ရာ ကျောင်းတော်ရှိ ရဟန်းများကို မသိအောင် ဖုံးကွယ်ထားပြီး သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်ကာ ဝူရှဲ့ရဟန်းကို တိုက်ရိုက် ရှာဖွေလိုက်သည်။
သို့သော် လီယန်ချူ၏ မျက်မှောင်မှာ ရုတ်တရက် ကြုံ့သွားခဲ့သည်။ သူ၏ ဝိညာဉ်အာရုံအရ ဝူရှဲ့ရဟန်းသည် နောက်ဖက်တောင်ကုန်းရှိ စေတီပုထိုးများကြားတွင် တရားထိုင် ကျင့်ကြံနေပြီး သူ၏ လည်ပင်းမှ အနက်ရောင် အငွေ့အသက်များမှာ မျက်နှာတစ်ခုလုံးသို့ ပျံ့နှံ့နေသည်ကို တွေ့လိုက်ရသည်။
သူ၏ ဘေးပတ်လည်တွင် ကျင်းကွမ်ကျောင်း၏ ပညာရှင်များစွာမှာ ဗုဒ္ဓဘာသာ နှိမ်နင်းခြင်း အစီရင် ကို ခင်းကျင်းကာ နေရာအသီးသီးမှ နေ၍ ကျမ်းစာများကို မရပ်မနား ရွတ်ဖတ်နေကြသည်။
ပြင်းထန်သော ရွှေရောင်ဗုဒ္ဓအလင်းတန်းများမှာ ဝူရှဲ့ရဟန်း၏ ဦးခေါင်းထက်တွင် ကြီးမားသော ကြာပန်းကြီးတစ်ခုအသွင် ပေါ်ထွက်နေပြီး သူ့ကို လွှမ်းခြုံထားသည်။ ဤရွှေရောင် အစီရင်မှာ အလွန်ပင် ဆန်းကြယ်လှပြီး နှိမ်နင်းခြင်း အစီရင် မှာ စိတ်မိစ္ဆာ များကို အဓိက နှိမ်နင်းရန် ဖြစ်သည်။ အကယ်၍ ဤအစီရင်သာ မရှိပါက ကျင်းကွမ်ကျောင်းမှ ရဟန်းများသည် စိတ်မိစ္ဆာဝင်နေသော တတိယအဆင့် ပညာရှင်တစ်ဦးကို လုံးဝ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
ယွန်းနျန်းက လီယန်ချူ ရပ်တန့်သွားကာ မျက်နှာပျက်နေသည်ကို မြင်သည့်အခါ
"ဘာဖြစ်လို့လဲဟင်" ဟု မေးလိုက်သည်။
လီယန်ချူက ပြုံးလိုက်ပြီး
"မူလကတော့ ဒီကို အရောင်းအဝယ် လာလုပ်တာ၊ ဒါပေမဲ့ ဝယ်မယ့်သူက ပြဿနာတက်နေတယ်"
ဟု ဆိုလိုက်သည်။
ယွန်းနျန်း ကြောင်သွားကာ
"ဝူရှဲ့ဆရာတော်ကို ပြောတာလား"
လီယန်ချူက ခေါင်းငြိမ့်ပြကာ
"ဟုတ်တယ်၊ သူ နောက်တစ်ကြိမ် စိတ်မိစ္ဆာရဲ့ ထိန်းချုပ်မှုကို ခံနေရပုံပဲ"
အကယ်၍ လီယန်ချူသာ ဤနေရာသို့ ရောက်မလာခဲ့ပါက ဝူရှဲ့ရဟန်းနှင့် စိတ်မိစ္ဆာတို့၏ တိုက်ပွဲမှာ အလွန်ကြာရှည်ပေလိမ့်မည်။ ယခုတစ်ကြိမ် အရှိန်အဝါအရ ဆိုလျှင်မူ သူသည် မိစ္ဆာလမ်းစဉ်သို့ ကျဆင်းသွားမည့် အရိပ်အယောင်များပင် ရှိနေသည်။ သို့သော် သူရောက်လာပြီဖြစ်ရာ ဝူရှဲ့ရဟန်းကို ကျေးဇူးတစ်ချက် တင်ထားလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
လီယန်ချူသည် ယွန်းနျန်း၏ လက်ကို ဆွဲလိုက်ရာ သူတို့နှစ်ဦး၏ ပုံရိပ်မှာ ကျောင်းတော်အပြင်ဘက်မှ ချက်ချင်း ပျောက်ကွယ်သွားပြီး စေတီပုထိုးများရှိရာ နေရာသို့ ရောက်ရှိသွားသည်။ ဤကဲ့သို့သော ထူးခြားသည့် အတတ်ပညာကြောင့် ယွန်းနျန်းမှာ ကြောင်အမ်းသွားကာ သူမ၏ ကြည်လင်သော မျက်လုံးလေးများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားပြီး နှုတ်ခမ်းလေးမှာလည်း အနည်းငယ် ဟသွားတော့သည်။
ခုနက မြင်လိုက်ရသည်မှာ ရွေ့လျားခြင်း အတတ်မျိုး မဟုတ်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲသွားခြင်း ဖြစ်သည်။
လီယန်ချူက
"ဒီမှာ ခဏစောင့်နေနော်" ဟု တိုးတိုးလေး ပြောလိုက်ပြီးနောက် စေတီကြီးအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
စေတီကြီးအတွင်း၌... ဤနေရာမှာ ကျင်းကွမ်ကျောင်းမှ ရှေးဟောင်း ရဟန်းမြတ်ကြီးများ ပျံလွန်တော်မူရာ နေရာဖြစ်ပြီး ဓာတ်တော်များ ကိန်းဝပ်ရာ နေရာလည်း ဖြစ်သည်။ စေတီအတွင်း၌ ဓာတ်တော် ဆယ်ဂဏန်းခန့်ကို အသုံးပြု၍ နှိမ်နင်းခြင်း အစီရင်ကို အားဖြည့်ထားပြီး ကျောင်းတော်မှ ပညာရှင်အားလုံးမှာ ဤနေရာတွင် စုရုံးကာ ဝူရှဲ့ရဟန်းကို ထိန်းချုပ်ထားကြသည်။
ဝူရှဲ့ရဟန်းသည် ကျောင်းတော်၏ အငယ်ဆုံး တတိယအဆင့် ပညာရှင်ဖြစ်ပြီး တစ်လောကလုံးတွင် ထိပ်တန်း ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။ ယခင်က သူသည် တတိယအဆင့် ပညာရှင် သုံးဦးနှင့် ပူးပေါင်းကာ မင်းသားချင့်၏ သူပုန်တပ်ဖွဲ့များကို နှိမ်နင်းခဲ့စဉ်က စိတ်မိစ္ဆာကို လုံးဝ နှိမ်နင်းနိုင်ခဲ့ပြီဟု ထင်ခဲ့သော်လည်း၊ မည်သည့်အကြောင်းကြောင့် မသိ၊ သူ၏ စိတ်မှာ ရုတ်တရက် ပျက်ယွင်းသွားကာ စိတ်မိစ္ဆာမှာ အပြင်းအထန် ပေါက်ကွဲထွက်လာပြီး မိစ္ဆာလမ်းစဉ်သို့ ကျဆင်းလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုစဉ်က သူသည် ကျောင်းတော်မှ ယွီစုဆရာတော် ကိုပင် အပြင်းအထန် ဒဏ်ရာရအောင် လုပ်ခဲ့သည်။ ယွီစုဆရာတော်သည် ယခုထက်တိုင် သတိမေ့မြောနေဆဲဖြစ်သော်လည်း၊ ထိုစဉ်က ဆရာတော် ထုတ်ဖော်ခဲ့သည့် ဗုဒ္ဓဘာသာ အစွမ်းများကြောင့်သာ ဝူရှဲ့ရဟန်း၏ စိတ်မိစ္ဆာကို ခေတ္တ ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကျင်းကွမ်ကျောင်းမှ ရဟန်းအားလုံးမှာ ကြီးမားသော ဖိအားကို ခံစားနေကြရသည်။ အကယ်၍ ဂိုဏ်းချုပ် ဝူရှဲ့သာ မိစ္ဆာလမ်းစဉ်သို့ လုံးဝ ရောက်သွားခဲ့ပါက ဤကျောင်းတော်ကြီးမှာ ပထမဆုံး ပျက်စီးသွားပေလိမ့်မည်။ ထို့နောက်တွင် မည်မျှလောက်သော အသက်ပေါင်းများစွာ သေကြေပျက်စီးရမည်ကို မသိနိုင်တော့ရာ ကျင်းကွမ်ကျောင်းမှာလည်း ကမ္ဘာတည်သရွေ့ အပြစ်သားကြီးများ ဖြစ်သွားပေလိမ့်မည်။
ဝူးးး
ဝူရှဲ့ရဟန်းသည် လူသားတစ်ဦးနှင့် မတူသော အော်ဟစ်သံကို ပြုလုပ်လိုက်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာကာ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး
"ဘာလို့ ဒီလောက်အထိ တောင့်ခံနေတာလဲ၊ တရားနဲ့ မိစ္ဆာဆိုတာ ဘာမှ မကွဲပြားပါဘူး၊ မိမိစိတ်အလိုအတိုင်း နေထိုင်ရမှာပေါ့ "
ဟု ဆိုကာ အေးဆေးစွာ ပြုံးလိုက်သည်။
ဤအသံမှာ အလွန်ပင် ကြည်လင်ပြတ်သားလှရာ စေတီအတွင်း ရဟန်းများ၏ ကျမ်းစာရွတ်ဆိုသံများမှာ ခေါင်းလောင်းသံပမာ ပြင်းထန်နေသော်လည်း၊ ထိုမိစ္ဆာအသံမှာ ရဟန်းအားလုံး၏ နားထဲသို့ ထိုးဖောက် ဝင်ရောက်သွားတော့သည်။ ဝူရှဲ့ရဟန်းက ထိုစကားကို ပြောပြီးသည့်နောက် ထူးဆန်းသော အပြုံးမှာ ပျောက်ကွယ်သွားပြီး ညှိုးငယ်သော မျက်နှာ အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားကာ
"ငါ... သာသနာအတွက် အသက်စွန့်ဖို့ အသင့်ပဲ၊ စိတ်မိစ္ဆာကို ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် မပေးနိုင်ဘူး၊ ဒါက ငါတို့ကျောင်းတော်ရဲ့ လမ်းစဉ်ကို ပျက်စီးစေလိမ့်မယ် မြန်မြန်... ငါ့ကို နဂါးချုပ်စေတီ အောက်မှာ သွားပြီး နှိမ်နင်းထားလိုက်ကြ "
'နဂါးချုပ်စေတီ' ဆိုသည်မှာ ယခင်က နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ နဂါးကို နှိမ်နင်းခဲ့သည့် စေတီဖြစ်ပြီး ဘိုးဘေးကြီးက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုအတွင်းသို့ ဝင်သွားပါက ဝူရှဲ့ရဟန်းသည် တတိယအဆင့် ပညာရှင်ဖြစ်သော်လည်း ပြန်ထွက်လာရန် မဖြစ်နိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်မှာလည်း ဖျက်ဆီးခြင်း ခံရပေလိမ့်မည်။ ဝူရှဲ့ရဟန်း၏ စကား မဆုံးသေးမီမှာပင် သူ၏ ညှိုးငယ်သော မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးက ပြန်လည် ပေါ်လာပြန်ကာ
"ဘာလို့ အဲဒီလို လုပ်မှာလဲ၊ ဒီဘဝရဲ့ ပါရမီတွေကို အလဟဿ အဖြစ်ခံမှာလား မင်းက တတိယအဆင့်ကို ရောက်နေပြီလေ၊ နဂါးချုပ်စေတီထဲ ဝင်လိုက်ရင် အားလုံး ပျက်စီးသွားလိမ့်မယ်။ ဘာဖြစ်လို့ အဲဒီအထိ လုပ်မှာလဲ အပြင်ကို ထွက်ပြီး လောကကြီးမှာ လွတ်လပ်ပျော်ရွှင်စွာ နေတာက ပိုမကောင်းဘူးလား"
သူ၏ ကိုယ်ရည်ကိုယ်သွေး နှစ်ခုမှာ တစ်ခုပြီးတစ်ခု ပြောင်းလဲကာ စကားများနေသော်လည်း ထိုစကားလုံးများမှာ ရဟန်းများ၏ နားထဲတွင် ပဲ့တင်ထပ်နေတော့သည်။
ဝေါ့ ဝေါ့
ရဟန်းနှစ်ပါးမှာ သွေးများ အန်ထုတ်လိုက်ကြရပြီး မျက်နှာများမှာ ဖြူလျော်သွားကာ ဝိညာဉ်များ ထိခိုက်သွားခဲ့သည်။ ကရုဏာတော်ရှင် အစီရင်မှာလည်း အနည်းငယ် စုတ်ပြဲသွားခဲ့ရာ ဦးဆောင်နေသည့် အဘိုးအို ရဟန်းကြီးမှာ တုန်လှုပ်သွားတော့သည်။ အကယ်၍ ဤအတိုင်း ဆက်သွားနေပါက ဝူရှဲ့ရဟန်းကို နဂါးချုပ်စေတီသို့ မပို့နိုင်မီမှာပင် သူသည် မိစ္ဆာလမ်းစဉ်သို့ ရောက်သွားပေလိမ့်မည်။
ထိုစဉ်မှာပင်... လူတိုင်းသည် ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခု စေတီအတွင်း၌ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ မျက်နှာမှာ ထွင်းထုထားသကဲ့သို့ တိကျသေချာပြီး ကြည်လင်အေးမြသော အသွင်ရှိကာ၊ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများကြောင့် ရဲရင့်သော အရှိန်အဝါများလည်း ရှိနေသည်။ သူ၏ မျက်လုံးများမှာ ကြယ်တာရာများပမာ တောက်ပနေပြီး အတွင်း၌ အစွမ်းများ ကိန်းဝပ်နေတော့သည်။
ရဟန်းအားလုံး အံ့အားသင့်သွားကြသည်။ ဤစေတီအတွင်း၌ တင်းကျပ်သော တားမြစ်ချက်များ ရှိနေသလို ဓာတ်တော်များကလည်း နှိမ်နင်းထားသည်ဖြစ်ရာ မည်သည့်အတွက်ကြောင့် တာအိုဆရာတစ်ဦး ရောက်ရှိလာရသနည်း။ ထိုအချိန်မှာပင် ဝူရှဲ့ရဟန်း၏ မူလကိုယ်ရည်ကိုယ်သွေး ပြန်လည် ထွက်ပေါ်လာပြီး ညှိုးငယ်သော မျက်နှာဖြင့် လီယန်ချူကို မြင်လိုက်ရသည့်အခါ မျက်လုံးများ တောက်ပသွားသော်လည်း ချက်ချင်းပင် ပြန်လည် မှေးမှိန်သွားကာ
"လီတာအိုဆရာ... ငါ... စိတ်မိစ္ဆာကို ထိန်းချုပ်လို့ မရတော့ဘူး၊ ငါ မိစ္ဆာလမ်းစဉ်ကို ရောက်သွားရင် လောကကြီးအတွက် ဘေးဒုက္ခ ဖြစ်လိမ့်မယ်။ အဲဒီတော့... ဆရာကိုယ်တိုင်ပဲ ငါ့ကို သတ်ပေးပါ၊ ငါ... သေရင်သေပါစေ၊ မိစ္ဆာလမ်းစဉ်ထဲကိုတော့ မဝင်ချင်ဘူး "
ဝူရှဲ့ရဟန်းမှာ စိတ်ဓာတ် အလွန်ပြင်းထန်သူဖြစ်ပြီး စိတ်မိစ္ဆာ၏ နှိပ်စက်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရသူဖြစ်ရာ သူသည် သေခြင်းတရားကို သာမန် ပညာရှင်များထက် ပို၍ ပေါ့ပါးစွာ မြင်သူဖြစ်သည်။ ယခင်က ရွှေတောင်ပံနတ်မင်းကို တိုက်ခိုက်စဉ်ကလည်း နတ်မင်းက အသက်နှင့်လဲရမည့် ယင်ယန်မှန် ကို ထုတ်သုံးသည့်အခါ ဝူရှဲ့ရဟန်းသည် သာသနာအတွက် အသက်စွန့်ရန် ပထမဆုံး ရှေ့ထွက်ခဲ့သူ ဖြစ်သည်။
ကျောင်းတော်မှ ရဟန်းများမှာ ကြောင်သွားကြသည်။ တတိယအဆင့် ပညာရှင်ကို သတ်ရန်မှာ အလွန်ခက်ခဲလှသော်လည်း သူတို့၏ ဂိုဏ်းချုပ်ကမူ ဤတာအိုဆရာကို သူ့အား သတ်ပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။ ဤလူငယ် တာအိုဆရာက တတိယအဆင့် ပညာရှင်ကို သတ်နိုင်သည့် အစွမ်းရှိသလော ဟု သူတို့ တွေးနေမိကြသည်။
ဝူရှဲ့ကတော့ အရင်အတိုင်း ခေါင်းမာတုန်းပဲ... လီယန်ချူက အသာအယာ ပြုံးလိုက်ပြီး
"ငါလည်း အဲဒီအတွက် လာတာပဲ" ဟု ဆိုလိုက်သည်။
ထို့နောက် သူသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ဝူရှဲ့ရဟန်း၏ နဖူးအလယ် သို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။ သူသည်လည်း ဝူရှဲ့ရဟန်း၏ စိတ်မိစ္ဆာက မည်ကဲ့သို့သော အရာမျိုးဖြစ်ကြောင်းနှင့် တတိယအဆင့် ပညာရှင်ကို မည်သို့ နှိပ်စက်နေသည်ကို သိချင်နေမိသည်။
လီယန်ချူ ဝင်သွားပြီးနောက် ဝူရှဲ့ရဟန်း၏ မျက်နှာပေါ်မှ စရိုက်နှစ်မျိုးမှာ ပြောင်းလဲခြင်း မရှိတော့ဘဲ လက်နှစ်ဖက်ကို ယှက်ကာ မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။ ကျောင်းတော်မှ ရဟန်းများမှာလည်း အစီရင်ကို အမြန် ပြန်လည် ပြုပြင်ကာ စိတ်မိစ္ဆာကို ဝိုင်းဝန်း နှိမ်နင်းနေကြသည်။ ဤခေတ်တွင် တတိယအဆင့် ပညာရှင်တစ်ဦး ပေါ်ထွက်လာရန်မှာ အလွန် ခက်ခဲလှရာ ဝူရှဲ့ရဟန်းကဲ့သို့သော ပညာရှင် ပျက်စီးသွားမည်ကို မည်သူကမျှ အလိုမရှိကြပေ။
ဗုဒ္ဓအလင်းတန်းများမှာ ဝူရှဲ့ရဟန်းပေါ်သို့ ကျရောက်နေပြီး သူ၏ မျက်နှာပေါ်မှ မိစ္ဆာအငွေ့အသက်များမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ သို့သော် ယခုတစ်ကြိမ် စိတ်မိစ္ဆာမှာ အလွန် ပြင်းထန်လှသဖြင့် အကယ်၍ ထိုလူငယ် တာအိုဆရာသာ စိတ်မိစ္ဆာကို မနှိမ်နင်းနိုင်ခဲ့ပါက အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
လီယန်ချူသည် ဝူရှဲ့ရဟန်း၏ စိတ်အာရုံ အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ သူသည် ဝိညာဉ်ခရီး ထွက်လာရင်း ယွန်းနျန်းနှင့်အတူ ရတနာလာလဲရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း ဝူရှဲ့ရဟန်း စိတ်မိစ္ဆာဝင်နေသည်နှင့် အမှတ်မထင် ကြုံကြိုက်သွားခြင်း ဖြစ်သည်။ သို့သော် စိတ်အာရုံထဲသို့ ရောက်သည့်အခါ လီယန်ချူမှာ ခဏမျှ ကြောင်သွားမိသည်။
ဤနေရာမှာ အလွန်ကျယ်ဝန်းပြီး ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ဖြစ်ကာ၊ ရွှေရောင်ဝင်းလက်ပြီး ပန်းပုလက်ရာများဖြင့် ပြည့်နှက်နေသည်။ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပပြီး ခါးသေးကာ ပါးလျသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးများမှာ ကခုန်နေကြသည်။ သူတို့၏ ဖြူဖွေးနုနယ်သော ခါးလေးများမှာ ရေမြွေပမာ လှုပ်ရှားနေပြီး အမျိုးသားများ၏ စိတ်ကို ဆွဲဆောင်နိုင်စွမ်း ရှိလှသည်။
စုစုပေါင်း မိန်းမပျို (၁၆) ဦးရှိပြီး သူတို့၏ ကအလှမှာ လူတို့၏ တပ်မက်မှုနှင့် သာယာမှုကို လှုံ့ဆော်ပေးနေသည်။ ထို့အပြင် စောင်းတီးနေသည့် ဂုဏ်သရေရှိ အမျိုးသမီးများ၊ လှပသော သီလရှင်လေးများနှင့် မြင့်မြတ်လှပသော တာအိုမယ်လေးများလည်း ရှိနေကြသည်။
လီယန်ချူ အသက်ပြင်းပြင်း ရှူလိုက်မိပြီး
"ဟား... ဒါက အမျိုးအစား စုံလှချည်လား ပိန်ပိန်ပါးပါး၊ ဝဝဖြိုးဖြိုး၊ မင်းသမီး၊ သီလရှင်၊ တာအိုမယ် အကုန်ပါတာပဲ"
ခန္ဓာကိုယ် ဝဖြိုးပြီး ညှိုးငယ်သော မျက်နှာရှိသည့် ဝူရှဲ့ရဟန်းမှာ နန်းတော်အလယ်တွင် တရားထိုင်နေပြီး မျက်လုံးများကို မှိတ်ကာ ကျမ်းစာများကို ရွတ်ဖတ်နေသည်။ အလွန်လှပသော မိန်းမပျိုတစ်ဦးမှာ ကိုယ်လုံးတီးဖြင့် ဝူရှဲ့ရဟန်း၏ ဘေးတွင် ထိုင်နေပြီး သူမ၏ နုနယ်သော လက်ကလေးဖြင့် ရဟန်း၏ ပါးပြင်ကို အသာအယာ ပွတ်သပ်ရင်း
"ဆရာတော်ရဲ့ စိတ်ထဲမှာ တပ်မက်မှု မရှိဘူးဆိုရင်... ဘာလို့ ကျွန်မကို မျက်လုံးဖွင့်ပြီး မကြည့်ရဲတာလဲ"
ဟု ဆိုကာ အလွန် ချိုသာယုယသော အသံဖြင့် ပြောလိုက်သည်။
သူမ၏ အသံမှာ လောကတွင် အလှဆုံးသော အမျိုးသမီးများထက်ပင် ပို၍ ဆွဲဆောင်မှု ရှိလှသည်။
လီယန်ချူ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားကာ
"ဒါက ဝူရှဲ့ရဟန်းရဲ့ စိတ်မိစ္ဆာလား" ဟု တွေးလိုက်မိသည်။
သူက ချွေးပြန်နေသော ဝူရှဲ့ရဟန်းကို ကြည့်လိုက်ရာ သူ့ကိုပေးထားသည့် 'ဝူရှဲ့ (ကာမကင်းစင်သူ)' ဆိုသည့် ဘွဲ့အမည်မှာ အလွန် မှန်ကန်နေကြောင်း သိလိုက်ရသည်။
ဝူရှဲ့ရဟန်း၏ စိတ်မိစ္ဆာမှာ ဤကဲ့သို့သော မြင်ကွင်းများကို ဖန်တီး၍ သူ့ကို စည်းကမ်းဖောက်ဖျက်စေရန်နှင့် ဤကာမသုခများကြားတွင် ပျော်မွေ့စေရန် ကြိုးစားနေခြင်း ဖြစ်သည်။ ဝူရှဲ့ရဟန်းမှာ ဗုဒ္ဓတရား၌ စိတ်ဓာတ်ခိုင်မာသဖြင့် မတုန်လှုပ်သော်လည်း၊ ယခုကဲ့သို့ ချွေးပြန်နေပုံအရ ဆိုလျှင်မူ အချိန်အကြာကြီး တောင့်ခံနိုင်ရန် မလွယ်ကူတော့ပေ။ ဤစိတ်မိစ္ဆာမှာ အလွန်ပင် ကစားတတ်ကြောင်း လီယန်ချူ သိလိုက်ရသည်။
"ဝူရှဲ့ဆရာတော်... ကျွန်တော် နှောက်ယှက်မိပြီလား"
လီယန်ချူက ပြုံး၍ မေးလိုက်သည်။
ဝူရှဲ့ရဟန်းမှာ လီယန်ချူ၏ အသံကို ကြားသည့်အခါ စိတ်လှုပ်ရှားသွားပြီး မျက်လုံးဖွင့်ကြည့်ချင်သော်လည်း၊ သူ၏ ဘေးရှိ အမျိုးသမီး၏ ဆွဲဆောင်မှုကြောင့် စိတ်ဓာတ်ကို အတင်းအကျပ် ထိန်းချုပ်ထားရသည်။
သူ၏ စိတ်စွမ်းအားမှာ ဤနေရာတွင် ကန့်သတ်ခြင်း ခံထားရသဖြင့် ထိုအမျိုးသမီးများကို အတတ်ပညာများဖြင့် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ထိုလှပသော အမျိုးသမီးမှာ မြွေဖြူပမာ ဖြူဖွေးသော ခြေတံရှည်များဖြင့် ဝူရှဲ့ရဟန်းကို ရစ်ပတ်ထားရာမှ တစ်စုံတစ်ဦး စကားပြောသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ခဏမျှ ကြောင်သွားတော့သည်။
လီယန်ချူမှာ မူလကတည်းက ခန့်ညားသူဖြစ်ပြီး ကျင့်စဉ်များကို ကျင့်ကြံပြီးနောက်တွင် သူ၏ ရုပ်ရည်မှာ ပိုမို၍ ထူးခြားလာခဲ့သည်။ လျှို့ဝှက်နယ်မြေမှ အစွမ်းထက်သူ ယွီချွီ ပင်လျှင် သူ၏ ရုပ်ရည်ကြောင့် အံ့အားသင့်ခဲ့ရဖူးရာ၊ ဝူစေ့ရဟန်း၏ စိတ်အာရုံထဲမှ အမျိုးသမီးများ ဆွဲဆောင်ခံရသည်မှာ မဆန်းပေ။
ကခုန်နေကြသော အမျိုးသမီးများမှာလည်း လီယန်ချူကို မြင်သည့်အခါ ကခုန်ခြင်းကို ရပ်တန့်လိုက်ကြပြီး
"ဘယ်လောက် ခန့်ညားတဲ့ တာအိုဆရာလေးလဲ"
ဟု ဆိုကာ တအံ့တဩ ပြောလိုက်ကြသည်။
ဤနေရာရှိ မင်းသမီးလေးများ၊ သီလရှင်လေးများနှင့် တာအိုမယ်လေးများ အားလုံးသည် ဝူရှဲ့ရဟန်းထံမှ အကြည့်ကို လွှဲလိုက်ကြပြီး လီယန်ချူပေါ်သို့သာ အကြည့်များ ကျရောက်သွားကြသည်။ ဝူရှဲ့ရဟန်းမှာ မျက်နှာက ရုပ်ဆိုးသည်မဟုတ်သော်လည်း သာမန်သာဖြစ်ရာ လီယန်ချူနှင့် ယှဉ်လိုက်သည့်အခါ လီယန်ချူမှာ ပို၍ပင် တောက်ပသွားတော့သည်။
လီယန်ချူကိုယ်တိုင်လည်း ကြောင်သွားမိသည်။ ဤကဲ့သို့သော အချစ်မျက်လုံးများဖြင့် အကြည့်ခံရခြင်းမှာ သူ၏ ဘဝတွင် ခဏခဏ ကြုံဖူးသော်လည်း ဤစိတ်အာရုံထဲရှိ အမျိုးသမီးများကပါ ဤမျှအထိ ကိုယ်ပိုင်ဆုံးဖြတ်ချက် မြင့်မားနေသည်ကို သူ သတိထားမိလိုက်သည်။
"အော်... ဒါကြောင့်လည်း ဝူရှဲ့ကို ပိတ်မိအောင် လုပ်နိုင်တာကိုး"
လီယန်ချူမှာ ဝူရှဲ့၏ စိတ်မိစ္ဆာကို ပို၍ စိတ်ဝင်စားလာသည်။ ဤမြင်ကွင်းမှာ စိတ်မိစ္ဆာက တမင် ဖန်တီးထားခြင်းထက် စိတ်မှ ပေါ်ပေါက်လာသည့် ဘေးဒုက္ခ တစ်ခုနှင့် ပိုတူနေသည်။ ဝူရှဲ့ရဟန်းအပေါ်တွင် ထိုင်နေသည့် အမျိုးသမီးမှာ သူ့ကို စွန့်ခွာ၍ လီယန်ချူထံသို့ ဖြည်းဖြည်းချင်း လျှောက်လာကာ
"ခန့်ညားလှတဲ့ တာအိုဆရာလေးရယ်... လာပါ၊ အတူတူ ပျော်ရအောင် "
ထိုအချိန်တွင် ဝူရှဲ့ရဟန်းသည် အမျိုးသမီး သူ့ကို စွန့်ခွာသွားသည်ကို ခံစားလိုက်ရသဖြင့် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ လှပသော အမျိုးသမီးများ၏ အသွင်မှာ သူ၏ စိတ်ကို အနည်းငယ် တုန်လှုပ်စေသော်လည်း၊ အမျိုးသမီးအားလုံးမှာ လီယန်ချူထံသို့ အာရုံရောက်နေသဖြင့် ဝူရှဲ့ရဟန်းမှာ ဖိအားများစွာ လျော့ကျသွားခဲ့သည်။ သူ၏ စိတ်ထဲတွင်လည်း လီတာအိုဆရာမှာ ဤမျှအထိ အစွမ်းထက်သည့် နည်းလမ်း ရှိသည်လား ဟု ချီးကျူးနေမိသည်။
တကယ်တော့... လီယန်ချူက ရုပ်ရည်ချောမောနေရုံ သက်သက်သာ ဖြစ်သည်။
ထိုအမျိုးသမီးမှာ လီယန်ချူကို စွဲမက်စွာ ကြည့်နေသလို အခြားသော အမျိုးသမီးများကလည်း
"လာပါ... တာအိုဆရာလေး၊ အတူတူ ကစားရအောင် "
"ရှက်စရာကြီး ဒီဆရာလေးက ငါ့အတွက် "
"မဟုတ်ဘူး... ငါ့အတွက် "
"ငါ အရင်မြင်တာလေ၊ ဟိုရဟန်းက နင်တို့ယူ၊ ဒီတာအိုဆရာက ငါ့အပိုင် "
ဝူရှဲ့ရဟန်းမှာ - "............"
မိမိကို နှစ်ပေါင်းများစွာ နှိပ်စက်လာသည့် စိတ်မိစ္ဆာမှာ လီယန်ချူ ပေါ်လာရုံဖြင့် ချက်ချင်း ပြေလည်သွားသကဲ့သို့ ဖြစ်နေသည်။ လီယန်ချူကိုယ်တိုင်လည်း နှုတ်ခမ်း တွန့်သွားမိသည်။ ဤနေရာမှာ ဝူရှဲ့၏ စိတ်အာရုံဖြစ်ရာ ဤအမျိုးသမီးများမှာ ဝူရှဲ့၏ အမျိုးသမီးများဟုပင် ဆိုရပေမည်။
သူက
"ဒါက မကောင်းဘူး ထင်တယ်..." ဟု ပြောလိုက်သည်။
ဝူရှဲ့ရဟန်း၏ ရှေ့တွင် သူ၏ အမျိုးသမီးများနှင့် ပျော်ပါးရန်မှာ အလွန်ပင် ယုတ်မာရာ ရောက်ပေလိမ့်မည်။
အမျိုးသမီးများမှာ လီယန်ချူထံသို့ တိုးဝင်လာကြရာ အမွှေးနံ့သာများမှာ ပျံ့လွင့်လာပြီး မည်သည့်အမျိုးသားမျှ ငြင်းဆန်နိုင်ရန် ခက်ခဲလှသော မြင်ကွင်း ဖြစ်နေသည်။ ထို့အပြင် ဤနေရာတွင် အထူးတလည် စိတ်ကို လှုံ့ဆော်သည့် အငွေ့အသက်များ ရှိနေသဖြင့် 'သွားလိုက်ပါ... ပျော်ပျော်ပါးပါး နေလိုက်စမ်းပါ၊ ဝူရှဲ့ရဟန်းက စိတ်ဆိုးမှာ မဟုတ်ဘူး၊ မင်းက ဒီမိန်းမတွေကို နှိမ်နင်းပေးတာကို သူက ကျေးဇူးတောင် တင်ဦးမှာ' ဆိုသည့် အသံတစ်ခု လီယန်ချူ၏ စိတ်ထဲတွင် ပေါ်လာသည်။
လီယန်ချူက ပြုံးလိုက်ပြီး ထိုအသံကို
"မင်းအမေကိုပဲ သွားပြောလိုက်စမ်းပါ" ဟု ပြန်အော်လိုက်သည်။
သူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လှပြီး
"ငါ့ကို မနူးမနပ်လေးလို့ ထင်နေတာလား အပြင်ကို ထွက်ခဲ့စမ်း "
ဟု ငေါက်လိုက်သည်။
ပြင်းထန်သော တုန်ခါမှုတစ်ခု ထွက်ပေါ်လာပြီး ကခုန်နေသည့် အမျိုးသမီးများ အားလုံးမှာ လဲကျသွားကြသည်။ ထိုစဉ် ဟင်းလင်းပြင်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာလည်း ဝူရှဲ့ရဟန်းနှင့် ဆင်တူသော ရုပ်ရည်ရှိပြီး ညှိုးငယ်သော မျက်နှာရှိသော်လည်း ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။
သူက လီယန်ချူကို ကြည့်ကာ
"တာအိုဆရာလေးအတွက် ဒီအမျိုးသမီးတွေကို စေတနာနဲ့ ပေးတာကို၊ ကျေးဇူးမတင်တဲ့အပြင် ငါ့ကိုတောင် လာအပြစ်တင်နေသေးတယ် "
ခုနက အသံမှာ စိတ်ထဲမှ ပေါ်လာခြင်းမဟုတ်ဘဲ စိတ်မိစ္ဆာက လီယန်ချူ၏ နားနားတွင် လာ၍ ဖြားယောင်းခြင်း ဖြစ်သည်။ စိတ်အာရုံထဲတွင် အမှားအမှန် ခွဲခြားရန် ခက်ခဲလှသော်လည်း လီယန်ချူမှာ စိတ်ဓာတ်ခိုင်မာသူ ဖြစ်သလို သူ၏ ကိုယ်ပေါ်တွင် ကုသိုလ်မှတ် ခုနစ်သိန်းတန် စိတ်ကြည်လင် ကျောက်စိမ်း ပါရှိသဖြင့် ဝိညာဉ်ကို ကာကွယ်ထားနိုင်သည်။ အကယ်၍ စိတ်မိစ္ဆာသာ လီယန်ချူကို တိုက်ရိုက် လွှမ်းမိုးနိုင်ပါက သူသည် ကျောင်းတော်တစ်ခုလုံးကို ဖျက်ဆီးပြီးသား ဖြစ်ပေလိမ့်မည်။
လီယန်ချူက မိစ္ဆာ၏ စကားကို ကြားသည့်အခါ
"မြေးလေး... မင်းက တကယ်ကို ကစားတတ်တာပဲနော်"
ဟု လှောင်ပြောင်လိုက်သည်။
စိတ်မိစ္ဆာက ဝူရှဲ့ရဟန်းကို လက်ညှိုးထိုးပြကာ
"ဒါတွေအားလုံးက သူ အရင်က တွေးထားခဲ့တဲ့ အရာတွေကြီးပဲ"
ဝူစေ့ရဟန်းမှာ - "............"
သူက အမြန်ပင်
"မင်းအမေကိုပဲ သွားပြောစမ်း ငါ မဟုတ်ဘူး၊ ငါ မတွေးဘူး၊ လျှောက်မပြောနဲ့ "
စိတ်မိစ္ဆာက တည်တည်ငြိမ်ငြိမ်ဖြင့်
"ငါ့အမေက မင်းအမေပဲလေ"
ဝူရှဲ့ရဟန်း - "............"
လီယန်ချူ၏ နှုတ်ခမ်းမှာလည်း တွန့်သွားမိသည်။ ဤစိတ်မိစ္ဆာမှာ ဝူရှဲ့ရဟန်းနှင့် နှစ်ပေါင်းများစွာ ဘာကြောင့် ရန်ဖြစ်နိုင်ရသနည်း ဆိုသည်မှာ အမှန်တကယ်ပင် အကြောင်းရှိပေတော့သည်။
အခန်း (၈၅၂) အသွင်မဲ့ကံကြွေးမီးတောက် ၊ စိတ်ဓား၏ အသုံးချနိုင်စွမ်း ၊ စိမ်းပြာနတ်ဘုရားနွယ်ပင် ၊ ပထမတန်းစား အဆောင်
ဝူရှဲ့ရဟန်းနှင့် ရုပ်ချင်းတစ်ပုံစံတည်း တူညီသော်လည်း ထူးဆန်းစွာ ပြုံးနေသည့်၊ မိစ္ဆာအငွေ့အသက်များ လွှမ်းခြုံထားသော စိတ်မိစ္ဆာသည် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားတော့သည်။
ထိုအချိန်တွင် လီယန်ချူ၏ ပြင်းထန်သော ငေါက်သံကြောင့် လဲကျသွားခဲ့သည့် ငယ်ရွယ်လှပသော အမျိုးသမီးများမှာ တစ်ဦးပြီးတစ်ဦး ပြန်လည်ထိုင်ထလာကြပြီး "အား... အမလေး" ဟု မြည်တမ်းနေကြသည်။ အချို့က လက်မောင်းကို အသာအယာ ပွတ်သပ်နေပြီး၊ အချို့က သူတို့၏ လှပသော တင်ပါးလေးများကို ပွတ်သပ်ကာ လီယန်ချူကို အပြစ်တင်သလို၊ စိတ်ဆိုးသလို မျက်လုံးလေးများဖြင့် ကြည့်ရင်း ညည်းညူလိုက်ကြသည်။
"ဒီတာအိုဆရာလေးကတော့ တကယ်ပဲ စိတ်မြန်တာပဲ၊ ကျွန်မတို့မှာ နာလိုက်တာ... သေတော့မှာပဲ"
"ဟုတ်ပါ့... ဘာမှတောင် အဆင်သင့်မဖြစ်သေးဘူး၊ ဒီအတိုင်း တိုက်ရိုက်ကြီး လုပ်လိုက်တာပဲ၊ နာတယ်... အရမ်းနာတယ်"
"ငါကတော့ ဒီဆရာလေးရဲ့ ကြမ်းတမ်းတဲ့ ပုံစံကို သဘောကျတယ်၊ လာပါ... တာအိုဆရာလေး၊ ကျွန်မကို ပြင်းပြင်းထန်ထန်လေး ရိုက်နှက်ပေးစမ်းပါဦး"
ပိန်ပိန်ပါးပါး၊ ဝဝဖြိုးဖြိုး၊ သန့်ရှင်းစင်ကြယ်သူ၊ ဆွဲဆောင်မှုရှိသူ၊ ဂုဏ်သရေရှိ အမျိုးသမီးနှင့် ရိုးသားသည့် တောသူမလေးများ အစရှိသဖြင့်... အမျိုးသမီး တစ်ဦးချင်းစီမှာ လူတို့၏ စိတ်အခံတွင်ရှိသော အခြေခံအကျဆုံး ကာမရာဂစိတ်ကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိကြသည်။ အထူးသဖြင့် ယခုကဲ့သို့ အသံတိုးတိုးလေးဖြင့် ချွဲနွဲ့နေသည့် အမူအရာမှာ လူကို ပို၍ စိတ်လှုပ်ရှားစေသည်။
ထိုစဉ် မျက်နှာကြည်လင်ပြီး နှုတ်ခမ်းနီရဲနေသည့် သီလရှင်လေးတစ်ဦးမှာ ရှက်သွေးဖြာနေသော မျက်နှာဖြင့် လီယန်ချူထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူမ၏ 'ငြင်းသလိုလိုနှင့် လက်ခံချင်နေသည့်' အမူအရာမှာ ရွှံ့နွံထဲမှ ပေါက်ဖွားလာသော ကြာပန်းလေးတစ်ပွင့်ကဲ့သို့ သနားကရုဏာ သက်စရာ ကောင်းလှသည်။ သူမသည် နှုတ်ခမ်းလေးကို ခပ်ဖွဖွ ကိုက်ထားပြီး ရေစိုနေသကဲ့သို့ တောက်ပသော မျက်လုံးကြီးများဖြင့် ကြည့်နေတော့သည်။
လီယန်ချူ မျက်မှောင်ကြုံ့လိုက်မိသည်။ ဤမြင်ကွင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းသော်လည်း၊ ဤအမျိုးသမီးများသည် နာကျည်းနေသော ဝိညာဉ်များ သို့မဟုတ် မိစ္ဆာများထက် ပို၍ ကြောက်စရာကောင်းကြောင်း သူသိသည်။ ဝူရှဲ့ရဟန်းသည်သာ ဤနေရာတွင် စိတ်ညွတ်သွားပါက မိစ္ဆာလမ်းစဉ်သို့ လုံးဝ ရောက်သွားပေလိမ့်မည်။
'နဂါးနှိမ်နင်းခြင်း၊ ကျားကို အောင်နိုင်ခြင်း၊ မိစ္ဆာများကို သတ်ဖြတ်ခြင်းနှင့် မိစ္ဆာလမ်းစဉ်ကို ဆန့်ကျင်ခြင်း'
ဆိုသည်မှာ ဝူရှဲ့ရဟန်း၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အရာများ ဖြစ်သည်။ သူ့ကို အတင်းအကျပ် အစွမ်းဖြင့် တိုက်ခိုက်ခြင်းမှာ အကျိုးမရှိသော်လည်း၊ ယခုကဲ့သို့သော ကာမဂုဏ် အလှတရားများမှာမူ ဝူရှဲ့ရဟန်း၏ အသိစိတ်ကို ပျော့ညံ့သွားအောင် လုပ်ရန် ပို၍ လွယ်ကူပေလိမ့်မည်။ လီယန်ချူသည် ဤအမျိုးသမီးများကို သတ်ဖြတ်လိုက်လျှင်ပင် တစ်ဖန် ပြန်လည် ပေါ်လာလိမ့်မည်ဟု သံသယရှိနေသည်။
သူ့ထံသို့ အကြည့်များဖြင့် ဖိတ်ခေါ်နေသော ထိုသီလရှင်ချောလေးကို ကြည့်ရင်း လီယန်ချူသည် လက်ညှိုးဖြင့် အသာအယာ တောက်လိုက်ရာ အကုသိုလ်မီးတောက် မှာ ချက်ချင်းပင် လောင်ကျွမ်းသွားတော့သည်။ အကုသိုလ်မီးတောက်မှာ စိတ်အတွင်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ရာ ရှောင်တိမ်း၍ မရနိုင်ပေ။
ထိုသီလရှင်လေးမှာ ရုတ်တရက် မျက်လုံးများ ဝေဝါးသွားပြီး အသက်ရှူသံများ ပြင်းထန်လာကာ မျက်နှာတစ်ခုလုံး ရဲတက်သွားသည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ခွေခေါက်လဲကျသွားပြီး ခြေထောက်နှစ်ဖက်မှာလည်း အလိုအလျောက် တွန့်လိမ်နေတော့သည်။
ဤထူးခြားသော အဖြစ်အပျက်ကြောင့် ဘေးပတ်လည်ရှိ လှပျိုဖြူလေးများမှာ ကြောက်လန့်မသွားဘဲ အချို့ကပင် နှာခေါင်းရှုံ့ကာ ကဲ့ရဲ့လိုက်ကြသည်။
"ဒီကောင်မလေးက မကပ်ရသေးဘူး၊ ကိုယ့်ဖာသာကိုယ် မခံနိုင်တော့တာပဲ"
"ဒီသီလရှင်လေးက ကာမစိတ် နိုးကြားလာတာဆိုတော့ ပိုတောင် ဆိုးနေဦးမယ်"
စကားပြောနေစဉ်မှာပင် အမျိုးသမီးအုပ်စုမှာ လီယန်ချူထံသို့ အမွှေးနံ့သာများဖြင့် တိုးဝင်လာကြပြန်သည်။ လီယန်ချူက လက်ညှိုးဖြင့် ဝေ့ယမ်းလိုက်ရာ အကုသိုလ်မီးတောက်မှာ ထိုအမျိုးသမီးများထံသို့ ကူးစက်လောင်ကျွမ်းသွားတော့သည်။
ခဏချင်းမှာပင် လူကို မျက်နှာပူစေလောက်သည့် အော်ဟစ်သံများမှာ ဝူရှဲ့ရဟန်း၏ စိတ်အာရုံအတွင်း၌ တစ်သံပြီးတစ်သံ ဟိန်းထွက်လာတော့သည်။ ယခုတစ်ကြိမ်တွင် လီယန်ချူသည် ယန်ဝိညာဉ်စွမ်းအားဖြင့် အတင်းအကျပ် နှိမ်နင်းခြင်း မပြုဘဲ အကုသိုလ်မီးတောက်ကိုသာ တိုက်ရိုက် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် ဤ အကုသိုလ်မီးတောက်သည် စိတ်မိစ္ဆာနှင့် သဘောတရားချင်း ဆင်တူသည်။ သို့သော် စိတ်မိစ္ဆာမှာ အသိစိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတစ်ခုကဲ့သို့ ဆန်းကြယ်သော်လည်း၊ အကုသိုလ်မီးတောက်မှာမူ လူတို့၏ စိတ်ထဲတွင် အနက်ရှိုင်းဆုံး ပုန်းကွယ်နေသော တပ်မက်မှုများကို တိုက်ရိုက် ပစ်မှတ်ထားခြင်း ဖြစ်သည်။ ၎င်းသည် စတင်လောင်ကျွမ်းပြီဆိုသည်နှင့် ထိန်းမနိုင်သိမ်းမရသော တောမီးကဲ့သို့ ပြင်းထန်လှသည်။
ဝူရှဲ့ရဟန်း၏ မျက်နှာ ပျက်သွားခဲ့သည်။ လီတာအိုဆရာ၏ ထိုမီးတောက်မှာ သူ့ပေါ်သို့ လောင်ကျွမ်းခြင်း မဟုတ်သော်လည်း၊ နန်းတော်အတွင်းရှိ ရမ္မက်ဇော် ထကြွနေသော အငွေ့အသက်များကြောင့် ရဟန်းပျို၏ မျက်နှာမှာ နီမြန်းလာပြီး သူ၏ တရားစိတ်မှာ ပျက်ပြားလုနီးပါး ဖြစ်သွားခဲ့သည်။
"အမိတာဘ၊ ရုပ်ရှိလျှင် ဆိတ်သုဉ်းခြင်း ရှိ၏၊ ဆိတ်သုဉ်းခြင်းသည်သာ ရုပ်ဖြစ်၏"
ဝူရှဲ့ရဟန်းသည် သူ၏ စိတ်ထဲမှ အတွေးများကို နှိမ်နင်းရန် ဗုဒ္ဓဘွဲ့တော်ကို အမြန် ရွတ်ဆိုလိုက်ရသည်။
ဘေးနားရှိ သူနှင့် တစ်ပုံစံတည်းတူသော စိတ်မိစ္ဆာမှာမူ ခဏမျှ ကြောင်သွားပြီးနောက် သဘောကျသည့် အမူအရာဖြင့် ပြုံးလိုက်သည်။ ဤတာအိုဆရာလေးမှာ သူ့ထက်ပင် ပို၍ ကစားတတ်သည်ဟု သူထင်နေပုံရသည်။
သူက ရယ်မောရင်း
"တာအိုဆရာက ငါတို့ဘက်တော်သားပဲကိုး၊ လာပါ... ငါနဲ့အတူ ဝူရှဲ့ကို မိစ္ဆာလမ်းထဲ ရောက်အောင် ပို့ကြစို့"
ဟု ဆိုလိုက်သည်။
လီယန်ချူ - "................."
အကုသိုလ်မီးတောက်မှာ အသွင်အပြင် မရှိဘဲ စိတ်ထဲမှ လောင်ကျွမ်းခြင်း ဖြစ်သည်။ သူသည် ဤမီးဖြင့် ဝူရှဲ့ရဟန်း၏ စိတ်မိစ္ဆာကို နှိမ်နင်းရန် ကြံရွယ်ခဲ့သော်လည်း ယခုမူ ပြောင်းပြန် အကျိုးသက်ရောက်မှု ရှိနေပုံရသည်။
လီယန်ချူသည် သူ၏ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများကို တွန့်လိုက်ပြီး၊ မောက်မာနေသော စိတ်မိစ္ဆာကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် ဝူရှဲ့ရဟန်းဘက်သို့ လှည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော် ကျင်းကွမ်းကျောင်းကို လာတာက တစ်ခုက မိတ်ဆွေ လာတွေ့တာ ဖြစ်သလို၊ နောက်တစ်ခုကတော့ အရောင်းအဝယ် လာလုပ်တာပါ။ အခုတော့... ဒီရတနာကို အရင် လက်ဆောင်ပေးလိုက်ရမှာပဲ"
စိတ်မိစ္ဆာက ထိုစကားကို ကြားသည့်အခါ ဟားဟားတိုက် ရယ်မောလိုက်သည်။
"ခုနက အကုသိုလ်မီးတောက်ကြောင့် ဝူရှဲ့က မိစ္ဆာလမ်းထဲ ရောက်ခါနီးနေပြီ၊ တာအိုဆရာက ရတနာ မြန်မြန် ပေးလိုက်စမ်းပါ။ ဝူရှဲ့ တစ်ဟုန်ထိုး မိစ္ဆာဖြစ်သွားမှာကို ငါတောင် ကြိုပြီး ရင်ခုန်နေပြီ"
စိတ်မိစ္ဆာ၏ အမူအရာမှာ အလွန် မောက်မာလှသည်။ သူသည် ဝူရှဲ့ရဟန်းနှင့် ရန်ဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်ရာ သာမန် စိတ်မိစ္ဆာကာကွယ်သည့် ရတနာများမှာ သူ့အပေါ်တွင် အကျိုးသက်ရောက်မှု မရှိကြောင်း သူသိသည်။
လီယန်ချူ၏ စကားအဆုံးတွင် အလင်းတန်းတစ်ခုမှာ ဝူရှဲ့ရဟန်း၏ လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားသည်။ ဝူရှဲ့ရဟန်းမှာ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး အံ့အားသင့်သွားကာ သူ၏ လက်ထဲရှိ ပုတီးကုံးကို ကြည့်ရင်း မျက်လုံးများ ပြူးသွားတော့သည်။
"ဒါ... ဒါက ဘိုးဘေးကြီးရဲ့ အမွေအနှစ်ပဲ"
ဝူရှဲ့ရဟန်း၏ စကားအဆုံးတွင် စိတ်မိစ္ဆာမှာ မကောင်းသော ခံစားချက်တစ်ခု ဝင်လာသည်။ ချက်ချင်းဆိုသလိုပင် ဝူရှဲ့ရဟန်း၏ ကိုယ်ပေါ်မှ တောက်ပသော ဗုဒ္ဓအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး စိတ်အာရုံ တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ဤပုတီးလုံးထဲတွင် ကိန်းဝပ်နေသော ပြင်းထန်သည့် ဗုဒ္ဓအလင်းတန်းမှာ ကျင်းကွမ်းကျောင်း၏ ကျင့်စဉ်များနှင့် အရင်းအမြစ် တစ်ခုတည်း ဖြစ်သဖြင့် အလွန် စွမ်းအားကြီးလှသည်။ ၎င်းသည် သဘာဝ သစ်ပင်ဝိညာဉ်ဖြစ်သည့် ယွန်းနျန်းကိုပင် သာသနာ့ဘောင်သို့ သွတ်သွင်းနိုင်စွမ်း ရှိသည့်အရာ ဖြစ်သည်။ ယခုအခါ ဝူရှဲ့ရဟန်း၏ လက်ထဲသို့ ရောက်သွားသည့်အခါ ကျင်းကွမ်းကျောင်း၏ အသက်အငယ်ဆုံး တတိယအဆင့် ပညာရှင်မှာ သူ၏ စိတ်ကို ချက်ချင်းပင် တည်ငြိမ်သွားစေနိုင်ခဲ့သည်။
ရှပ်
ပြင်းထန်သော ဗုဒ္ဓအလင်းတန်းတစ်ခုမှာ အပြင်ဘက်သို့ ပြန့်နှံ့သွားပြီး၊ နားထဲတွင်လည်း ခမ်းနားထည်ဝါသော ကျမ်းစာရွတ်ဆိုသံများမှာ သန့်ရှင်းမြင့်မြတ်ပြီး အရှိန်အဝါကြီးစွာ ထွက်ပေါ်လာတော့သည်။
ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေကြသော လှပသည့် အမျိုးသမီးများမှာ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာလည်း အေးချမ်းသွားတော့သည်။ သူတို့၏ ကာမရာဂ အမူအရာများ ပျောက်ကွယ်သွားပြီး၊ အရာအားလုံးကို စွန့်လွှတ်ထားသကဲ့သို့ တည်ငြိမ်အေးမြသော မျက်လုံးများ၊ သနားကရုဏာစိတ်များဖြင့် ပြည့်နှက်သွားသည်။ ထို့နောက်တွင် အမျိုးသမီးအားလုံးမှာ ဝူရှဲ့ရဟန်း ရှိရာသို့ တညီတညွတ်တည်း ဦးခိုက်လိုက်ကြသည်။ သူတို့သည် အလွန်ပင် ကြည်ညိုလေးစားပုံ ရနေသည်။
စိတ်မိစ္ဆာသည် သွားများကို ကြိတ်ကာ လီယန်ချူကို အေးစက်စွာ ကြည့်လိုက်သည်။
"ဗုဒ္ဓဘာသာရဲ့ သွတ်သွင်းခြင်း အတတ်နဲ့ အရာအားလုံးကို ဆိတ်သုဉ်းစေတာလား! တာအိုဆရာလေး... မင်း ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးလိုက်တာပဲ "
ဝူရှဲ့ရဟန်းသည် ယခုအခါ ရွှေရောင် ဗုဒ္ဓအလင်းတန်းများ လွှမ်းခြုံခံထားရပြီး၊ ဤနေရာရှိ အမျိုးသမီးအားလုံးကို သာသနာ့ဘောင်သို့ သွတ်သွင်းလိုက်ခြင်းဖြင့် သူ၏ စိတ်ထဲတွင် မည်သည့် ကာမစိတ်မျှ မကျန်တော့ဘဲ အရာအားလုံးမှာ ဆိတ်သုဉ်းသွားခဲ့သည်။ ဤမြင်ကွင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ စိတ်မိစ္ဆာ ပြောပုံအရဆိုလျှင် ဤအမျိုးသမီးများသည် ဝူရှဲ့ရဟန်း၏ စိတ်ကူးထဲမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယခုကဲ့သို့ အမျိုးသမီးများကို သွတ်သွင်းလိုက်ခြင်းမှာ အမှန်တကယ်တွင် သူ၏ စိတ်ထဲမှ တပ်မက်မှုများကို ပြန်လည် ချေဖျက်လိုက်ခြင်းသာ ဖြစ်သည်။
ဝူရှဲ့ရဟန်းသည် မူလကတည်းက ထူးချွန်သော ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပြီး ကျင်းကွမ်းကျောင်း၏ မျိုးဆက်လည်း ဖြစ်သည်။ သူသည် ဤပုတီးကို ဝတ်ဆင်ပြီး အတွင်းမှ ဗုဒ္ဓအလင်းတန်းကို စုပ်ယူလိုက်သည့်အခါ သူ၏ စိတ်နေစိတ်ထား ပြောင်းလဲသွားခြင်း မရှိဘဲ၊ အညစ်အကြေး စိတ်များကိုသာ ဖယ်ရှားလိုက်ကာ သူ၏ မူလကျင့်စဉ်ကို ပိုမို အားကောင်းစေခဲ့သည်။
ယခုအခါ စိတ်အာရုံ တစ်ခုလုံးမှာ ပြင်းထန်သော ဗုဒ္ဓအလင်းတန်းများဖြင့် ပြည့်နှက်နေပြီး၊ စိတ်မိစ္ဆာသည် ဝူရှဲ့ရဟန်းနှင့် သူ၏ ဆက်နွှယ်မှုမှာ တဖြည်းဖြည်း ပြတ်တောက်သွားသည်ကို ခံစားလိုက်ရသည်။ သူသည် ဤစိတ်အာရုံကို သူ၏ အလိုအတိုင်း မလှုပ်ရှားနိုင်တော့သလို၊ ဝူရှဲ့ရဟန်း၏ စိတ်ကိုလည်း မနှောက်ယှက်နိုင်တော့ပေ။
ရုတ်တရက်...
စိတ်မိစ္ဆာသည် သူ၏ ရှေ့တွင် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သော တာအိုဆရာ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူက အေးစက်စွာ ပြုံးရင်း
"ခုနက မင်း အရမ်း မောက်မာနေတယ် မဟုတ်လား"
တောင်တန်းများပမာ ကြီးမားလှသော အရှိန်အဝါကြောင့် စိတ်မိစ္ဆာမှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားမိသည်။ သို့သော် သူက ချက်ချင်းပင် စဉ်းစားလိုက်ကာ
"ဒါက ဝူရှဲ့ရဟန်းရဲ့ စိတ်အာရုံပဲ၊ ငါကလည်း အသွင်မဲ့တဲ့အရာပဲ၊ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ"
ဟု တွေးကာ ရင်ကိုကော့ပြီး မောက်မာစွာ ပြောလိုက်သည်။
"တာအိုဆရာလေး... မင်းက လက်ဦးမှု ရသွားတာပဲ ရှိတာပါ။ နောက်တစ်ကြိမ် အခွင့်အရေး ရရင် ငါ ပြန်ထွက်လာပြီး ဝူရှဲ့ကို မိစ္ဆာလမ်းထဲ ပို့ဦးမှာပဲ၊ အဲဒီအခါ မင်း ဒီနေ့ လုပ်ခဲ့သမျှ အကုန်လုံးက အလကား ဖြစ်သွားလိမ့်မယ်"
လီယန်ချူက လှောင်ပြုံးပြုံးလိုက်ပြီး "မင်းက တကယ်ကို မောက်မာတာပဲ" ဟု ဆိုလိုက်သည်။
ထို့နောက် စိတ်ဓား ကို ထုတ်ဖော်ကာ ခုတ်ချလိုက်ရာ စိတ်မိစ္ဆာ၏ လက်မောင်းတစ်ခုမှာ ရုတ်တရက် ပြတ်တောက်သွားတော့သည်။
"အား... အား... အား"
စိတ်မိစ္ဆာမှာ ပြင်းထန်သော နာကျင်မှုကြောင့် အော်ဟစ်ကာ နောက်သို့ ဆုတ်သွားပြီး မျက်ရည်များ၊ နှပ်များ ကျလာသည်အထိ မျက်နှာပျက်သွားတော့သည်။
"မဖြစ်နိုင်တာ ဒါက ဝူရှဲ့ရဟန်းရဲ့ စိတ်အာရုံလေ၊ မင်း ဘာလို့ ဒီနေရာမှာ အတတ်ပညာတွေကို သုံးနိုင်ရတာလဲ"
စိတ်မိစ္ဆာက အော်ဟစ်မေးမြန်းလိုက်သည်။
စိတ်အာရုံဆိုသည်မှာ အခြားနေရာများနှင့် မတူပေ၊ ဝိညာဉ်စွမ်းအားကိုသာ အသုံးပြု၍ အတင်းအကျပ် နှိမ်နင်းခြင်းသာ ပြုလုပ်နိုင်သည်။ ဝူရှဲ့ရဟန်း၏ စိတ်အာရုံမှာ ပို၍ပင် ထူးခြားပြီး စိတ်မိစ္ဆာနှင့် ရောယှက်နေသော နယ်ပယ်တစ်ခု ဖြစ်ရာ မည်သူမျှ ဝိညာဉ်အစွမ်းဖြင့် သတ်ဖြတ်ခြင်း မပြုနိုင်ပေ။ လီယန်ချူကမူ စကားများမနေဘဲ စိတ်ဓားဖြင့် ထပ်မံ၍ ခုတ်ချလိုက်ပြန်သည်။
ဖူး
ဝူရှဲ့ရဟန်း (စိတ်မိစ္ဆာ) ၏ ခြေထောက်နှစ်ဖက်စလုံးမှာ ဒူးဆစ်မှ ပြတ်တောက်သွားပြီး တစ်ကိုယ်လုံး နိမ့်ဆင်းသွားသည်။ လီယန်ချူသည် ရှေ့သို့ တိုးသွားကာ သူ၏ ခေါင်းကို ခြေထောက်ဖြင့် နင်းခြေလိုက်ရာ အရိုးသံများပင် ထွက်ပေါ်လာတော့သည်။ ဝူရှဲ့ရဟန်း၏ စိတ်မိစ္ဆာမှာ နာကျင်စွာ မအော်ဟစ်နိုင်မီမှာပင် သူ၏ ခေါင်းမှာ လီယန်ချူ၏ ခြေထောက်အောက်တွင် ဖိချခြင်း ခံလိုက်ရပြီး မျက်လုံးများပင် ပြူးထွက်လုနီးပါး ဖြစ်သွားသည်။
စိတ်မိစ္ဆာမှာ အလွန်ပင် ထိတ်လန့်သွားတော့သည်။ ဤတာအိုဆရာလေးတွင် ဤမျှလောက်သော သတ်ဖြတ်နိုင်စွမ်း ရှိနေပါက ဘာကြောင့် စောစောက မသုံးခဲ့သနည်း။
ဤသည်မှာ လီယန်ချူကို အပြစ်တင်၍ မရပေ။ စိတ်ဓားကို ရရှိပြီးနောက် သူသည် တစ်ကြိမ်သာ အသုံးပြုခဲ့ဖူးပြီး ဓားသမား ကျန်းရှိုယီ ၏ ဝိညာဉ်ကို အသံတိတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤစိတ်ဓားမှာ ဝူရှဲ့ရဟန်း၏ စိတ်မိစ္ဆာအပေါ်တွင်ပါ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု သူကိုယ်တိုင်လည်း မထင်ထားခဲ့ပေ။
"ငါ မှားသွားပြီ၊ ဟိုပုတီးကို စောစောစီးစီး ပေးလိုက်မိတယ် "
လီယန်ချူ စိတ်ထဲမှ တွေးလိုက်မိသည်။ ဤစိတ်မိစ္ဆာက ဤမျှအထိ ပျော့ညံ့လိမ့်မည်ဟု သူ မထင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့တွေးမိသည့်အခါ ခြေထောက်ကို ပို၍ အားထည့်ကာ နင်းခြေလိုက်တော့သည်။
ဝူရှဲ့ရဟန်း၏ တရားစိတ် တည်ငြိမ်လာပြီး ဗုဒ္ဓအလင်းတန်းများက စိတ်မိစ္ဆာနှင့် ဆက်နွှယ်မှုကို ဖြတ်တောက်နေသည်နှင့်အမျှ၊ လီယန်ချူ၏ ခြေထောက်အောက်မှ နာကျင်မှုမှာလည်း ပို၍ ပြင်းထန်လာသည်။
"ဟေ့ကောင်... မင်းက အရမ်း ခုန်ချင်နေတာ မဟုတ်လား ကဲ... မောက်မာဦးလေ "
လီယန်ချူသည် သူ၏ ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ထပ်မံ နင်းခြေလိုက်ပြန်သည်။
တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်တစ်ဦးကို နှောက်ယှက်နိုင်သည့် ဤစိတ်မိစ္ဆာမှာ သာမန်အဆင့်တော့ မဟုတ်ပေ။ လီယန်ချူသည် အကြိမ်ပေါင်းများစွာ နင်းခြေသော်လည်း စိတ်မိစ္ဆာ၏ ခေါင်းမှာ ပေါက်ကွက်မသွားဘဲ မျက်နှာတစ်ခုလုံး ပုံပျက်သွားကာ အလွန်အမင်း နာကျင်နေရရုံသာ ဖြစ်သည်။
စိတ်မိစ္ဆာက စိတ်ထဲမှ ကြုံးဝါးနေမိသည်
"ငါ့ကို ဒီလို နှိပ်စက်နေမယ့်အစား တစ်ချက်တည်းနဲ့ သတ်လိုက်ပါလား ဒါက လူကို အရမ်း စော်ကားတာပဲ"
ယခင်က သူသည် တတိယအဆင့် ပညာရှင်တစ်ဦး၏ စိတ်ကို ကစားနိုင်သူအဖြစ် ဂုဏ်ယူနေခဲ့သော်လည်း၊ ယခုမူ လီယန်ချူ၏ ခြေထောက်အောက်တွင် အလူးအလဲ ခံနေရသည်။ စိတ်မိစ္ဆာမှာ ရုန်းကန်၍ နောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း လီယန်ချူ၏ ခြေလှမ်းများကို မည်သို့ ရှောင်နိုင်ပါမည်နည်း။
ဘုန်း ဘုန်း ဘုန်း
"အား... အား... အား"
ဝူရှဲ့ရဟန်းသည် ဘိုးဘေးကြီး ချန်ရစ်ခဲ့သော ထိုဗုဒ္ဓအလင်းတန်းကို ဖော်စပ်ပြီးနောက် စိတ်ထဲမှ အညစ်အကြေးများကို ဖယ်ရှားနိုင်ခဲ့သည်။ သူ၏ တရားစိတ်မှာ ပိုမို ခိုင်မာလာပြီး ၎င်းမှာ သူ၏ ကျင့်ကြံမှုအတွက် များစွာ အကျိုးရှိပေလိမ့်မည်။ သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည့်အခါ လီယန်ချူအပေါ်တွင် အလွန် ကျေးဇူးတင်စိတ်များ ပေါ်ပေါက်လာသည်။ ဤသည်မှာ သူ့အတွက် ဒုတိယအကြိမ် အသက်ပေးခြင်းနှင့်ပင် တူလှသည်။
သို့သော် ဝူရှဲ့ရဟန်းသည် သူ၏ အာရုံများ ပြန်လည် ရရှိလာသည်နှင့် နားထဲတွင် အလွန် ကြောက်စရာကောင်းသော အော်ဟစ်သံများကို ကြားလိုက်ရသည်။ ထိုအသံမှာ သူ့အတွက် ရင်းနှီးနေသကဲ့သို့ ခံစားရသည်။ ဝူရှဲ့ရဟန်းသည် အသံလာရာသို့ ကြည့်လိုက်သည့်အခါ ခန့်ညားထည်ဝါသော တာအိုဆရာလေးတစ်ဦးမှာ "လူသားတုတ်" တစ်ခုကို ပြင်းပြင်းထန်ထန် ကန်ကျောက်နေသည်ကို တွေ့လိုက်ရသည်။ ဟုတ်ပါသည်၊ ၎င်းမှာ လက်ခြေ ပြတ်တောက်နေသည့် လူသားတုတ် ဖြစ်နေပြီး၊ ခေါင်းမှာလည်း ပြောင်စင်ကာ ခန္ဓာကိုယ်၏ အခြား အင်္ဂါအစိတ်အပိုင်းများလည်း ပြတ်တောက်နေသည်။ ကြည့်ရသည်မှာ စိတ်မိစ္ဆာပင် ဖြစ်ပေလိမ့်မည်။
"ဟူး" ဝူရှဲ့ရဟန်း အသက်ရှူ အောင့်ထားမိသည်။ သူ၏ တရားစိတ်မှာ တစ်ဆင့် မြင့်တက်သွားပြီ ဖြစ်သော်လည်း ဤမြင်ကွင်းကို မြင်သည့်အခါ အံ့အားသင့်နေဆဲ ဖြစ်သည်။
"မရိုက်ပါနဲ့တော့ အား ကျိန်ဆဲလိုက်မယ် မရိုက်ပါနဲ့တော့ အား... အား "
စိတ်မိစ္ဆာ၏ အော်ဟစ်သံများမှာ အလွန် ကြောက်ရွံ့နေသည့် ပုံစံဖြင့် ထွက်ပေါ်လာနေသည်။ လီယန်ချူ၏ လုပ်ရပ်မှာ သူ၏ သိရှိနားလည်မှုထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ဝူရှဲ့ရဟန်းမှာမူ စိတ်ထဲတွင် ကျေနပ်မှုကို ခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာ သူသည် ဤစိတ်မိစ္ဆာနှင့် ရုန်းကန်လာခဲ့ရပြီး မိစ္ဆာလမ်းသို့ ကျဆင်းလုနီးပါး ဖြစ်ခဲ့ရသည်မှာ မရေမတွက်နိုင်ပေ။ ခေတ်၏ ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်သော်လည်း အချိန်မရွေး သေခြင်းတရားနှင့် လဲလှယ်၍ မိစ္ဆာကို နှိမ်နင်းရန် ကြိုးစားခဲ့ရသည့် ဒုက္ခမှာ အလွန်ကြီးမားသည်။ ယခုမူ အရာအားလုံးကို လုပ်နိုင်သည်ဟု ထင်ရသော စိတ်မိစ္ဆာမှာ လီတာအိုဆရာ၏ ခြေထောက်အောက်တွင် အပြင်းအထန် အရိုက်ခံနေရသည်ကို မြင်ရခြင်းမှာ အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။
ဘုန်း
လီယန်ချူသည် စိတ်မိစ္ဆာ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ထပ်မံ နင်းခြေလိုက်ပြန်သည်။ ထိုစဉ် တစ်စုံတစ်ဦး ကြည့်နေသည်ကို သိသဖြင့် လှည့်ကြည့်လိုက်ရာ ဝူရှဲ့ရဟန်း တရားထိုင်ရာမှ နိုးလာသည်ကို တွေ့လိုက်ရသည်။
သူက ဝူရှဲ့ရဟန်းကို ပြုံးပြရင်း
"ဂုဏ်ယူပါတယ် ဆရာတော်၊ တရားစိတ် တစ်ဆင့် မြင့်သွားပြီဆိုတော့ နောင်မှာ အောင်မြင်မှုတွေ ကြီးမားလာတော့မှာပါ" ဟု ဆိုလိုက်သည်။
ဝူရှဲ့ရဟန်းသည် ထိုင်ရာမှ ထ၍ လီယန်ချူကို ဦးညွှတ်လိုက်သည်။
"ဒီနေ့ ဒီလို ကံကောင်းခြင်းတွေ ရတာဟာ လီတာအိုဆရာကြောင့်ပါပဲ"
ဝူရှဲ့ရဟန်း၏ စကားမှာ စိတ်ရင်းအမှန် ဖြစ်သည်။
လီယန်ချူသည် စိတ်မိစ္ဆာကို ထပ်မံ၍ တစ်ချက် ကန်လိုက်ပြန်သည်။
ဘုန်း
စိတ်မိစ္ဆာ၏ မျက်လုံးတစ်ဖက်မှာ ပေါက်ထွက်သွားတော့သည်။ ဒီကောင့်မှာ အမှန်တကယ် အရိုက်ခံနိုင်စွမ်း ရှိသည်ဟု ဆိုရမည်။ သို့သော် အရိုက်ခံနိုင်လေလေ၊ အချိန်ကြာကြာ အရိုက်ခံရလေလေ၊ ပို၍ ဒုက္ခရောက်လေလေပင်။
လီယန်ချူ တစ်ခုခုကို သတိရသွားပြီး ဝူရှဲ့ရဟန်းကို ပြုံး၍ ပြောလိုက်သည်။
"ဆရာတော်... အထင်မမှားပါနဲ့၊ ဒီကောင်က အရမ်း မောက်မာနေလို့ ကျွန်တော် ဆုံးမနေတာပါ၊ ဆရာတော့်အပေါ် ရန်ငြိုးရှိလို့ မဟုတ်ပါဘူး"
ဤစိတ်မိစ္ဆာမှာ ထူးဆန်းသော အပြုံးမှအပ ဝူရှဲ့ရဟန်းနှင့် ရုပ်ချင်း တစ်ပုံစံတည်း ဖြစ်နေသည်။ အကယ်၍ အပြင်လူတစ်ဦး မြင်ပါက ဤတာအိုဆရာလေးသည် ဝူရှဲ့ကျောင်းထိုင်ဆရာတော်ကို အရမ်းကာရော ရိုက်နှက်နေသည်ဟု ထင်သွားပေလိမ့်မည်။
ဝူရှဲ့ရဟန်း - "................."
စိတ်မိစ္ဆာ၏ အော်ဟစ်သံမှာ အလွန် ကြောက်စရာကောင်းလှသဖြင့် အပြင်ဘက်ရှိ ကျင်းကွမ်းကျောင်းမှ ရဟန်းများမှာ မျက်နှာများ ပျက်နေကြသည်။ ဝူရှဲ့ရဟန်း၏ ခန္ဓာကိုယ်အတွင်းမှ အဆက်မပြတ် အော်ဟစ်နေသော အသံမှာ အလွန် ထူးဆန်းနေသည်။
"အား... အား... အား"
သို့သော် အော်သံမှအပ အခြားစကားလုံးများမှာ ဝေဝါးနေသဖြင့် အလွန်ပင် ကြောက်စရာ ကောင်းနေတော့သည်။ ရဟန်းများမှာ စိုးရိမ်တကြီးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေမိကြသည်။ ဤသည်မှာ ကျင်းကွမ်းကျောင်း၏ အမွေအနှစ်နှင့် အသက်အငယ်ဆုံး တတိယအဆင့် ပညာရှင်၏ ကံကြမ္မာနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
ရုတ်တရက်...
စိတ်မိစ္ဆာ၏ အော်သံမှာ ချက်ချင်း ရပ်တန့်သွားသည်။ ထို့နောက်တွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သော တာအိုဆရာသည် ဝူရှဲ့ရဟန်း၏ နဖူးအလယ်မှ ပျံထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။ ၎င်းမှာ ယခင်ကအတိုင်း အေးချမ်းတည်ငြိမ်ပြီး ခန့်ညားလှပသော တာအိုဆရာပင် ဖြစ်သည်။
ထိုအချိန်တွင် ဝူရှဲ့ရဟန်း၏ ကိုယ်ပေါ်မှ မိစ္ဆာအငွေ့အသက်များ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည့်အခါ မျက်လုံးများအတွင်း၌ ပြင်းထန်သော ဗုဒ္ဓအလင်းတန်းများ ပါရှိနေပြီး သူ၏ အရှိန်အဝါမှာလည်း အလွန်ပင် တည်ငြိမ် လေးနက်လှသည်။
အဘိုးအို ရဟန်းကြီးတစ်ပါးမှာ ပထမဆုံး သတိဝင်လာပြီး ဝမ်းသာအားရဖြင့် မေးလိုက်သည်။
"ကျောင်းထိုင်ဆရာတော်"
ဝူရှဲ့ရဟန်းက ပြုံး၍ ပြန်ပြောလိုက်သည်
"ဒီလီတာအိုဆရာရဲ့ အကူအညီကြောင့် စိတ်မိစ္ဆာကို သတ်ဖြတ်နိုင်ခဲ့ပါပြီ၊ အခုကစပြီး စိုးရိမ်စရာ မရှိတော့ပါဘူး"
ထိုစကားကို ကြားသည့်အခါ အဘိုးအိုရဟန်းကြီး၏ ကိုယ်မှာ တုန်လှုပ်သွားပြီး ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ကျလာတော့သည်။ သူတစ်ဦးတည်း မဟုတ်ဘဲ ကျင်းကွမ်းကျောင်းမှ ရဟန်းအားလုံး စိတ်သက်သာရာ ရသွားကြသည်။ ဤမျိုးဆက်တွင် ကျင်းကွမ်းကျောင်းမှ အသက်အငယ်ဆုံး တတိယအဆင့် ပညာရှင် ပေါ်ထွက်လာခြင်းမှာ ဂုဏ်ယူစရာဖြစ်သော်လည်း၊ သူသည် စိတ်မိစ္ဆာကြောင့် အမြဲတမ်း အန္တရာယ်ရှိနေခဲ့သည်။ ယနေ့တွင် ကျင်းကွမ်းကျောင်း၏ ကြီးမားသော ဘေးဒုက္ခမှာ နောက်ဆုံးတွင် ပြေလည်သွားခဲ့ပြီ ဖြစ်သည်။
ရဟန်းအားလုံးမှာ အလွန် စိတ်လှုပ်ရှားစွာဖြင့် လီယန်ချူ၏ ရှေ့တွင် တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။
"တာအိုဆရာရဲ့ ကျေးဇူးတရားက အရမ်းကြီးမားလှပါတယ် ကျင်းကွမ်းကျောင်း တစ်ခုလုံးက အမြဲတမ်း အောက်မေ့ သတိရနေပါ့မယ် "
ယွီစုဆရာတော် ရှိရာသို့ လီယန်ချူ သွားကြည့်ခဲ့သည်။ ဆရာတော်မှာ ဝူရှဲ့ရဟန်း၏ စိတ်မိစ္ဆာကို နှိမ်နင်းစဉ်က ဝိညာဉ်စွမ်းအား အလွန်အမင်း ကုန်ခွာသွားခဲ့သဖြင့် သတိမေ့မြောနေခြင်း ဖြစ်သည်။ လီယန်ချူသည် သူ၏ ဝိညာဉ်အတွင်းသို့ အလင်းတန်းတစ်ခု ပေးလိုက်သည့်အခါ ဆရာတော်မှာ ဖြည်းဖြည်းချင်း နိုးလာခဲ့သည်။ လီယန်ချူက ဝူရှဲ့ရဟန်းကို ကူညီပြီး စိတ်မိစ္ဆာကို သတ်ပေးခဲ့သည်ဟု ကြားသည့်အခါ အဘိုးအိုမှာလည်း ဝမ်းသာလွန်း၍ မျက်ရည်ကျပြန်သည်။ ဤကိစ္စသာ မပြေလည်ပါက သူကိုယ်တိုင်ပင် စိတ်မိစ္ဆာဝင်မည့် အခြေအနေ ဖြစ်နေသောကြောင့်ပင်။
ရဟန်းအိုကြီးမှာလည်း မလွယ်ကူပေ။ ယခင်က နဂါးကြီး အစီရင်ကို ဖောက်ထွက်လာသည့် ကိစ္စ၊ ယခု တတိယအဆင့် ပညာရှင် စိတ်မိစ္ဆာဝင်သည့် ကိစ္စ စသည့် ကြီးမားသော ဒုက္ခများကို သူ၏ သက်တမ်းတွင် အများကြီး ခံစားခဲ့ရပြီ ဖြစ်သည်။
ကျင်းကွမ်းကျောင်း၏ အဆောင်တစ်ခုအတွင်း၌...
အပြာရောင် တောသူမဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ထုံးဖွဲ့ထားသော၊ နူးညံ့သိမ်မွေ့သည့် အသွင်ရှိသည့် ယွန်းနျန်းသည် သူမ၏ လက်ထဲမှ စိမ်းပြာနတ်ဘုရားနွယ်ပင် ကို သေချာစွာ ကြည့်နေသည်။ ထိုနွယ်ပင်မှ နတ်ဘုရားအငွေ့အသက်များ ဖြည်းဖြည်းချင်း ထွက်ပေါ်နေသည်။ ဤသည်မှာ အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်ပြီး အတွင်း၌ နတ်ဘုရားစွမ်းအားများ ကိန်းဝပ်နေသည်။ ၎င်းကို ဆေးဖော်စပ်ရန် ခက်ခဲသော်လည်း သစ်ပင်ဝိညာဉ်ဖြစ်သည့် ယွန်းနျန်းအတွက်မူ အသင့်တော်ဆုံး ဖြစ်သည်။
လီယန်ချူ၏ လက်ထဲတွင်မူ အဆောင်လက်ဖွဲ့ တစ်ခုကို သေချာကြည့်နေသည်။ သူသည် ကျင်းကွမ်းကျောင်းကို ဘေးဒုက္ခမှ နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ဖူးရာ ကျေးဇူးတရားမှာ အလွန်ကြီးမားလှသည်။ ထို့ကြောင့် ယွီစုဆရာတော်က လီယန်ချူကို ဘဏ္ဍာတိုက်သို့ ခေါ်သွားကာ ကြိုက်နှစ်သက်ရာ တစ်ခုကို ယူရန် ပြောခဲ့သည်။ ၎င်းမှာ ကျေးဇူးဆပ်ခြင်း ဖြစ်သလို၊ လီယန်ချူနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ထားခြင်းမှာ ကျင်းကွမ်းကျောင်းအတွက် အရေးကြီးသော မဟာဗျူဟာလည်း ဖြစ်သည်။
ကျင်းကွမ်းကျောင်း၏ ဘဏ္ဍာတိုက်ထဲတွင် အစွမ်းထက်သော ဗုဒ္ဓဘာသာကျင့်စဉ်များ၊ အတတ်ပညာများနှင့် အမျိုးမျိုးသော ရတနာများမှာ ကျင့်ကြံသူများကို ရူးသွပ်စေလောက်အောင် များပြားလှသည်။ သို့သော် လီယန်ချူသည် ဤအဆောင်လက်ဖွဲ့ တစ်ခုကိုသာ ရွေးချယ်ခဲ့သည်။ ဤအဆောင်မှာ စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေသော်လည်း အတွင်း၌ သန့်စင်သော ယန်အရှိန်အဝါများ ရှိနေဆဲ ဖြစ်သဖြင့် ဘဏ္ဍာတိုက်တွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။
သူသည် ယခုအခါ အဖိုးတန်ပစ္စည်းများကို ရှာဖွေရသည်ကို ပို၍ သဘောကျလာသည်။ ဤအဆောင်၏ စွမ်းအားမှာ လက်ရှိတွင် မကြီးမားသော်လည်း၊ လီယန်ချူ မြင်လိုက်ရသည့်အခါတွင်မူ မျက်လုံးများ ပြူးသွားရသည်။ ဤကဲ့သို့သော အဆောင် အမျိုးအစားမှာ ရှေးယခင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး မဟာရှ ခေတ်ကတည်းက ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
လီယန်ချူသည် ထိုအဆောင်ကို ကိုင်ထားရင်း စိတ်ကြည်လင် ကျောက်စိမ်း မှ ကြီးမားသော စွမ်းအားများကို ထည့်သွင်းပေးလိုက်ရာ အတွင်းရှိ တရားအငွေ့အသက်များ ပြန်လည် ပြည့်ဝလာခဲ့သည်။ သာမန် ကျင့်ကြံသူများအတွက်မူ ဤအဆောင်မှာ အသုံးမရတော့သည့် အမှိုက်ကဲ့သို့ ဖြစ်နေသော်လည်း၊ လီယန်ချူအတွက်မူ စွမ်းအားကုန်ခမ်းခြင်းမှာ ပြဿနာမဟုတ်ပေ၊ အဓိကမှာ အဆောင်၏ အဆင့်အတန်းသာ ဖြစ်သည်။
မဟာရှခေတ်က ဆိုလျှင်မူ ဤအဆောင်ကို ပထမတန်းစား အဆောင် ဟု ခေါ်ဆိုကြသည်။ ၎င်းသည် ပထမတန်းစား ပညာရှင်များကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိရာ ယခုခေတ်၏ တတိယအဆင့် နောက်ဆုံးအဆင့် ပညာရှင်များနှင့် အဆင့်တူသည်။ ယခုအခါ ဤအဆောင်မှာ တစ်ကြိမ် အသုံးပြုပြီးနောက် ပျက်စီးလုနီးပါး ဖြစ်နေသော်လည်း၊ စိတ်ကြည်လင် ကျောက်စိမ်း ရှိသော လီယန်ချူအတွက်မူ ၎င်းကို စွမ်းအား ပြန်လည် ဖြည့်သွင်းပေးနိုင်သည်။
"ကျင်းကွမ်းကျောင်းမှာ ဒီလို ပထမတန်းစား အဆောင်တစ်ခုကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
လီယန်ချူ ရေရွတ်လိုက်မိသည်။
၎င်းမှာ ကိုးပါးကောင်းကင် ဘေးဒုက္ခဖယ်ရှား မိစ္ဆာနှိမ်နင်းခြင်း အဆောင် ဖြစ်သည်။ စွမ်းအားအပြည့်ရှိချိန်တွင် ကုသိုလ်မှတ် သုံးသိန်းတန် မိုးကြိုးအဆောင် ထက်ပင် အစွမ်းထက်ပြီး၊ အဆင့်မြှင့်တင်မှု ၁၁ ကြိမ် ပြုလုပ်ထားသော ပထမတန်းစား အဆောင်ဖြစ်သည်။ ၎င်းသည် တတိယအဆင့် နောက်ဆုံးအဆင့် ပညာရှင်များကိုပင် သတ်ဖြတ်နိုင်သည့် အစွမ်းထက် လက်နက်တစ်ခု ဖြစ်သည်။
ကြားဖူးသည်မှာ ဤအဆောင်မှာ ကျင်းကွမ်းဘိုးဘေးကြီး၏ အမွေအနှစ် ဖြစ်သည်ဟု ဆိုကြရာ၊ ထိုစဉ်က ဤအဆောင်ကို အသုံးပြုခဲ့သည့် တိုက်ပွဲမှာ အလွန်ပင် ကြီးမားခဲ့ပေလိမ့်မည်။
ယွန်းနျန်း၏ စရိုက်မှာ နူးညံ့သိမ်မွေ့ပြီး ကြည့်ရသည်မှာ အိမ်ထောင်ရှင်မကောင်း တစ်ဦးနှင့် တူလှသည်။ သူမ၏ နူးညံ့သော အရှိန်အဝါနှင့် အပြာရောင် တောသူမဝတ်စုံမှာ ကြည့်ရသည်မှာ တစ်ခုခု လိုအပ်နေသကဲ့သို့ သို့မဟုတ် ကြင်ဖော်မဲ့ ဇနီးသည်တစ်ဦးနှင့် ဆင်တူနေသည်။
လီယန်ချူ၏ အကြည့်မှာ ယွန်းနျန်း၏ ဖြူစင်သော မျက်နှာလေးပေါ်သို့ ကျရောက်သွားသည့်အခါ သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြာသွားပြီး ခေါင်းလေး ငုံ့သွားတော့သည်။ လီယန်ချူသည် ဝိညာဉ်မျက်စိအတတ်ဖြင့် ယွန်းနျန်းကို ကြည့်လိုက်ရာ သူမ၏ လက်ရှိ အဆင့်အတန်းကို သိချင်နေမိသည်။ ရတနာနှစ်ခုကို သူမက ချက်ချင်း သန့်စင် နိုင်ပါမည်လော။
မမျှော်လင့်ဘဲ ယခုအခါ ယွန်းနျန်း၏ အရှိန်အဝါမှာ အလွန်ပင် ခိုင်မာနေပြီး စွမ်းအားများမှာ မြစ်ကြီးတစ်စင်းပမာ စီးဆင်းနေသည်။ ကြည့်ရသည်မှာ သူမသည် တတိယအဆင့်သို့ စတင်ဝင်ရောက်ကာစ မဟုတ်ဘဲ တတိယအဆင့် အလယ်ပိုင်းသို့ပင် ရောက်ရှိလုနီးပါး ဖြစ်နေသည်။
လီယန်ချူ အံ့အားသင့်သွားကာ
"မင်း ဘယ်တုန်းက တတိယအဆင့်ကို ရောက်သွားတာလဲ" ဟု မေးလိုက်သည်။
ယွန်းနျန်း၏ မျက်တောင်လေးများ တုန်ခါသွားပြီး ရိုးသားသော မျက်လုံးကြီးများဖြင့် ကြည့်ကာ
"လွန်ခဲ့တဲ့ သုံးရက်က ကျင့်နေရင်းနဲ့ပဲ အဆင့်တက်သွားတာပါ"
လီယန်ချူ - "................."
သူသည် ယခင်က ထိုပုတီးကုံးကိုသာ ကြည့်ခဲ့မိသဖြင့် ယွန်းနျန်းသည်လည်း ယခုအခါ တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။
"သွားစို့၊ အခုတော့ ရတနာတွေကို သန့်စင်ဖို့ မလောပါနဲ့ဦး၊ ကျင်းကွမ်းကျောင်းရဲ့ စေတီပုထိုးတွေကြားထဲ လမ်းလျှောက်ကြည့်ကြရအောင်"
လီယန်ချူက ဆိုလိုက်သည်။
ယွန်းနျန်းသည် လူများနှင့် တိုက်ခိုက်ရမည်ဆိုလျှင် ကြောက်တတ်သော ပုံစံလေးကို သတိရမိသည့်အခါ လီယန်ချူ အသာအယာ ပြုံးလိုက်မိသည်။
"ကောင်းပါပြီ"
ယွန်းနျန်းသည် လှပစွာ ပြုံးလိုက်ပြီး လီယန်ချူ၏ ဘေးတွင် လိုက်ပါလာခဲ့သည်။ သူမ၏ မျက်နှာတွင် ပျော်ရွှင်မှုများမှာ ဖုံးဖိ၍ မရနိုင်လောက်အောင် ဖြစ်နေပြီး၊ လီယန်ချူနှင့်အတူ လမ်းလျှောက်ရရုံမျှဖြင့်ပင် သူမအတွက် အလွန်ပင် ပျော်စရာ ကောင်းနေပုံရသည်။
နောက်ဖက်တောင်ကုန်းရှိ စေတီပုထိုးများမှာ ကျင်းကွမ်းကျောင်းမှ ရဟန်းမြတ်ကြီးများ ပျံလွန်တော်မူရာ နေရာဖြစ်သည်။ ယခင်က ဝူရှဲ့ရဟန်းမှာ ထိုနေရာရှိ စေတီတစ်ခုတွင် စိတ်မိစ္ဆာကို နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။ လီယန်ချူသည် ထိုနေရာသို့ မသွားဘဲ၊ ယခင်က နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော နဂါးကြီးကို ချုပ်နှောင်ထားခဲ့သည့် မြင့်မားသော စေတီကြီးရှိရာသို့ လျှောက်လှမ်းခဲ့သည်။
ယခင်က သူသည် ကျင်းကွမ်းကျောင်းတွင် အမှတ်မထင် ရွှေရောင်အလင်းဓား ကို ရရှိခဲ့ဖူးသည်။ နောက်ပိုင်းတွင် ထိုရတနာဖြင့် နာမည်ကြီးသော လက်နက်များစွာကို ချေမှုန်းနိုင်ခဲ့ရာ၊ ၎င်း၏ အစမှာလည်း ဤနဂါးကြီးနှင့် သက်ဆိုင်နေသဖြင့် နေရာဟောင်းသို့ သွားရောက်ကြည့်ရှုကာ အမှတ်တရများ ပြန်လည် ဖော်ထုတ်ချင်နေခြင်း ဖြစ်သည်။
သို့သော် နဂါးကြီးကို ချုပ်နှောင်ထားခဲ့သော ထိုစေတီကြီး၏ အောက်ခြေသို့ ရောက်ရှိလာသည့်အခါ လီယန်ချူမှာ ရုတ်တရက် ကြောင်သွားမိသည်။ သူ၏ ကောင်းကင်နှင့်လူသား ဆက်သွယ်မှုအာရုံ မှ အန္တရာယ်ရှိကြောင်း သတိပေးနေခြင်း ဖြစ်သည်။ ၎င်းက သူ့ကို ရင်တုန်ပန်းတုန် ဖြစ်သွားစေတော့သည်။