← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅) - သိုင်းသခင်ခုနစ်ပါး တောင်ပေါ်မှ ဆင်းလာခြင်း

ဆိုင်ရှင်လူငယ်လေးက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

“ကျိန်စာသင့်မယ့်ကောင်တွေ။ အဲဒီ လူယုတ်မာတွေ ရောက်လာပြန်ပြီ”

ကျိုးရီက အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။

“အဲဒီလူတွေက ဘယ်သူတွေလဲ”

ဆိုင်ရှင်လူငယ်လေးက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေသည်။

“သူတို့က မဟူရာလေပြင်းခံတပ်က ဓားပြတွေလေ၊ သိုင်းပညာနည်းနည်းပါးပါး တတ်တာကို အားကိုးပြီး နေ့တိုင်း တောင်ပေါ်ကဆင်းလာ၊ အိမ်တွေကို လုယက်ပြီး ဆက်ကြေးတောင်းကြတယ်၊ ကျွန်တော်တို့မြို့က သာမန်ပြည်သူတွေနဲ့ ကုန်သည်တွေက သူတို့ ခေါင်းပုံဖြတ်တာကို နေ့စဉ်နဲ့အမျှ ခံနေရတယ်”

“ပြီးတော့ သူတို့က ယောကျာ်း၊ မိန်းမ မရွေး အနိုင်ကျင့်ကြသေးတယ်၊ သူတို့လက်ချက်နဲ့ လူဘယ်လောက်တောင် သေခဲ့ရလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး”

ကျိုးရီက နားမလည်နိုင်စွာဖြင့် ထပ်မေးလိုက်သည်။

“အရာရှိတွေက ဂရုမစိုက်ဘူးလား”

ဆိုင်ရှင်လေးက ခါးသီးစွာ ရယ်မောလိုက်သည်။

“ဘယ်လိုလုပ် ဂရုစိုက်မလဲ။ စုံစမ်းစစ်ဆေးရေးမှူးက ဘုရင့်အမှုထမ်းတွေကို ခေါ်လာတဲ့အခါ ဟိုဘက်က ထွက်ပြေးသွားတယ်၊ သူတို့ ပြန်သွားတာနဲ့ ဓားပြတွေက ချက်ချင်း ပြန်လာပြီး လူတွေကိုတောင် သတ်ပစ်ကြတာ၊ ပြည်သူတွေအားလုံးက သူတို့မှာ ရုံးတော်ထဲမှာ မျက်စိနဲ့ နားတွေ ရှိတယ်ဆိုတာ သိကြတယ်”

“ပြီးတော့ သူတို့က ငွေညှစ်လို့ရတဲ့ ရွှေနဲ့ ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို အရာရှိရုံးကိုတောင် ပေးသေးတယ်။ တစ်ခါတလေကျရင် ထောင်စောင့်တွေ၊ တပ်သားတွေ မရောက်လာခင်မှာတင် ဓားပြတွေက အရင်ရောက်လာပြီး သူတို့ကို တိုင်ကြားခဲ့တဲ့ လူတွေကို ဖမ်းခေါ်သွားကြတယ်”

“သူတို့က အားလုံး ပူးပေါင်းနေကြတာ၊ တစ်ကြိတ်တည်း တစ်ဉာဏ်တည်း‌တွေပဲ”

သူက ဆက်ရှင်းပြသည်။

“ပြီးတော့ ဝမ်ရှီးဂိုဏ်းက မဟူရာလေပြင်းခံတပ်ကို နောက်ခံပေးထားတော့ ကျန်းဟူလောကက တရားမျှတတဲ့ သူရဲကောင်း တော်တော်များများတောင် သူတို့ကို မစော်ကားရဲကြဘူး"

“ဒီနှစ်တွေအတွင်းမှာ သာမန်ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့ဆီက လုယက်ပြီး ရွှေနဲ့ ငွေတွေ ဘယ်လောက်များများ စုဆောင်းထားပြီးပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ ဒီလို ဒုက္ခရောက်ရတဲ့ နေ့ရက်တွေ ဘယ်တော့မှ ပြီးဆုံးမလဲဆိုတာ ဘယ်သူသိနိုင်မလဲ”

ကျိုးရီသည် မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ရှီးဂိုဏ်းဆိုသည်မှာ သူ ယခုလေးတင် သတ်ဖြတ်ခဲ့သော လျှိုရူယန်း၏ အသိုက်အမြုံ မဟုတ်လော။

‘အင်း... မျက်နှာကို နှစ်ကြိမ်ဆက်တိုက် အရိုက်ခံရရင် ဒေါသကို ထိန်းဖို့ ခက်သွားလိမ့်မယ်'

အားကောင်းသူများက သူတို့၏ နှလုံးသားဆန္ဒအတိုင်းသာ ပြုမူကြသည်။ မနှစ်မြို့ဖွယ်ကောင်းသော အရာတစ်ခုခုနှင့် ကြုံတွေ့ရပါက စိတ်ငြိမ်းချမ်းမှုနှင့် ကြည်လင်လန်းဆန်းမှု ရရှိစေရန် ၎င်းကို ဖယ်ရှားပစ်သင့်ပေသည်။

ဓားပြအနည်းငယ် ဆိုင်အတွင်းသို့ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် ဆိုင်ရှင်လေးက ချက်ချင်းအကြံပေးလိုက်သည်။

“ဧည့်သည်တော်၊ ခင်ဗျား နောက်နေ့မှပဲ အရက်လာဝယ်တာ ပိုကောင်းမယ်။ ပြဿနာတွေ ခေါ်မလာမိအောင် သတိထားပါ”

ကျိုးရီ ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ တိုက်ရိုက်လှည့်ထွက်လာခဲ့သည်။

နာရီအနည်းငယ်ကြာပြီးနောက် မဟူရာလေပြင်းခံတပ်မှာ လုံးဝ ချေမှုန်းခံလိုက်ရသည်။ ခံတပ်တစ်ခုလုံးရှိ ဓားပြတိုင်း အသတ်ခံလိုက်ရပြီး တစ်ယောက်မျှအသက်မရှင်ခဲ့ချေ။

အစပိုင်းတွင် လူအများက ဤသည်မှာ မဟူရာလေပြင်းခံတပ်မှ အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးကို ပြစ်မှားမိ၍ဟု ထင်မှတ်ခဲ့ကြသော်လည်း မကြာမီမှာပင် တစ်ခုခု မှားယွင်းနေကြောင်း အားလုံး သတိပြုမိသွားကြသည်။

နောက်တစ်နေ့တွင် ချူပြည်နယ်ကို ရာစုနှစ်တစ်ခုတိုင်အောင် စိုးမိုးလာခဲ့သော ဝမ်ရှီးဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသဖြင့် ကျန်းဟူလောကတစ်ခွင် တုန်လှုပ်သွားခဲ့သည်။ မည်သူက ပြုလုပ်ခဲ့သည်ကိုမူ မသိရသေးချေ။

နှစ်ရက်ကြာပြီးနောက် ဟူဝေတောင်မှ တာအိုဂိုဏ်း၊ လန်ရှန်မှ ဝံပုလွေနတ်ဘုရားကျောင်း၊ ကျင်းပြည်နယ်မှ မြွေအရိပ်ဂိုဏ်းနှင့် ကျီးပြည်နယ်မှ လုံဝေလုံခြုံရေးအဖွဲ့တို့မှာလည်း ဆက်တိုက်ဖျက်ဆီးခံလိုက်ရသည်။

ခဏတာမျှ သိုင်းလောကရှိလူတိုင်း အန္တရာယ်ကျရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ အင်အားကြီး ဂိုဏ်းများမှာ သူတို့၏တံခါးများကို တင်းကြပ်စွာ ပိတ်ထားကြသော်လည်း သူတို့သည် နတ်ဆိုးတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည့်အလား သွေးထွက်သံယိုဖြစ်မှုများကို မတားဆီးနိုင်ခဲ့ကြချေ။

ထိုသူသည် ဂိုဏ်းအသီးသီးမှ သိုင်းပညာရှင်များကိုသာ သတ်ဖြတ်ပြီး သူတို့ ပြန်ပေးဆွဲထားသော သာမန်ပြည်သူများကို အန္တရာယ်မပြုသောကြောင့် အချက်အလက်အချို့ ပေါက်ကြားသွားခဲ့သည်။

ဂိုဏ်းတစ်ခု မဖျက်ဆီးခံရမီတွင် သူတို့သည် ထူးဆန်းသော အသံအချို့ကို အမြဲကြားရလေ့ရှိသည်ဟု ဆိုသည်။

ဥပမာအားဖြင့် - “တောသားတွေ၊ တံခါးဖွင့်ပေးပါ၊ နန်းတော်က နွေးထွေးမှုတွေ ယူဆောင်လာပါပြီ”

သို့မဟုတ် - “တောသားတွေ၊ တံခါးဖွင့်ပေးပါ၊ အချင်းချင်းတွေပဲကို”

ထို့အပြင် - “ခွေးမသားတွေ၊ မင်းတို့က အရိပ်အကဲ မသိဘူးဆိုမှတော့ ငါ့ဓားကိုပဲ မြည်းကြည့်လိုက်တော့”

သူပစ်မှတ်ထားသူများမှာ သေဘေးမှ မလွတ်မြောက်နိုင်သောကြောင့် ကျန်းဟူလောကမှလူများက သူ့ကို ‘သေမင်းတမန်’ ဟု ခေါ်ဆိုလာကြသည်။

မူလက ကျန်းဟူလောကရှိ မာရ်နတ်ကိုးပါးစာရင်းတွင် သူ့ကို ဆယ်ပါးမြောက် မာရ်နတ်အဖြစ် ထပ်မံထည့်သွင်းလိုက်ပြီး အဆင့်လေးတွင် သတ်မှတ်ထားကြသည်။

အင်အားကြီးဂိုဏ်းများက ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပြီး ဆုကြေးငွေအဖြစ် ငွေစ တစ်သန်းကို ကမ်းလှမ်းခဲ့ကာ တွေ့ရှိပါက သူ့ကို သတ်ဖြတ်ရန် အစွမ်းကုန်ကြိုးစားရမည်ဟု ဆိုထားသည်။

မြို့တော်၊ တားမြစ်ဧရိယာအတွင်း၌။

အိုမင်းနေသော မိန်းမစိုးတစ်ဦးသည် ယန်ရှင်းခန်းမသို့ တည်ငြိမ်စွာ ဝင်ရောက်လာပြီး ထိုင်ခုံပေါ်တွင် ထိုင်ကာ အာရုံစူးစိုက်စွာ လေ့ကျင့်နေသော လီချင်းရွှမ်ကို တစ်ချက်ကြည့်လိုက်ရင်း လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး... ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ ညွှန်ကြားချက်အတိုင်း မိဖုရားခေါင်ကြီးနဲ့ သခင်လေးကို ခေါ်ဆောင်သွားပြီးပါပြီ”

လီချင်းရွှမ်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မတွေ့ရချေ။

“အဲဒီ မိစ္ဆာမကြီးက ဘာတွေလှုပ်ရှားသေးလဲ”

မိန်းမစိုးက ဖြေကြားသည်။

“သူမက လှုပ်ရှားမှုတချို့တော့ လုပ်ပါတယ်။ ကျန်းဝူတပ်ဖွဲ့က တပ်မှူးတချို့ကို နောက်ယောင်ခံလိုက်ဖို့ စေလွှတ်ခဲ့ပေမယ့် သူတို့ကို ငရဲမင်းဆီသွားဖို့ ကျွန်တော်မျိုး စေလွှတ်လိုက်ပါပြီ”

လီချင်းရွှမ်က ခေါင်းညိတ်ပြလိုက်သည်။

“မိန်းမစိုးချန်၊ မင်း ပင်ပန်းသွားရပြီ၊ ကျေးဇူးတင်ပါတယ်”

မိန်းမစိုးက ဦးညွှတ်ကာ ပြန်လည်လျှောက်တင်သည်။

“အရှင်မင်းကြီးက အရမ်းကြင်နာလွန်းနေပါပြီ၊ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အစေခံဖြစ်ပြီး အရှင်မင်းကြီးအတွက် စိုးရိမ်ပူပန်မှုတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရတာက ကျွန်တော်မျိုးရဲ့ တာဝန်ပါပဲ”

လီချင်းရွှမ်က ဆက်မေးလိုက်သည်။

“ငါ မင်းကို တည်ထောင်ဖို့ အမိန့်ပေးထားတဲ့ အရှေ့ဘက်စခန်းကော တည်ထောင်ပြီးပြီလား”

မိန်းမစိုးက အစီရင်ခံသည်။

“ပုံပေါ်စပြုနေပါပြီ၊ အစောပိုင်းအဆင့်တွေမှာတော့ အရှေ့ဘက်စခန်း ကျန်းဟူလောကက လူတွေကို အားကိုးပြီး အခြေအနေကို ထိန်းချုပ်နေရပါတယ်၊ ကျွန်တော်မျိုးက ပါရမီနဲ့ အရိုးတည်ဆောက်ပုံ ကောင်းတဲ့ ကလေးတွေကို စတင်ရှာဖွေနေပါပြီ”

“သူတို့ကို အမြန်သင်ယူနိုင်တဲ့ သိုင်းပညာတွေ သင်ပေးပြီး အရှင်မင်းကြီးအမိန့်ကိုသာ နာခံရမယ်ဆိုတဲ့ အယူအဆတွေကို သွတ်သွင်းပေးနေပါတယ်။ ဆယ်နှစ်အတွင်းမှာ အရှေ့ဘက်စခန်း တစ်ခုလုံးက အရှင်မင်းကြီးရဲ့ လက်ထဲမှာ ထက်ရှတဲ့ ဓားတစ်လက် ဖြစ်လာနိုင်ပါလိမ့်မယ်”

လီချင်းရွှမ်၏မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။

“မိန်းမစိုးချန်၊ မင်းက တကယ်ကို ငါ့ရဲ့ကျောရိုးပဲ”

မိန်းမစိုးက လေးနက်သော လေသံဖြင့် ဆက်ပြောသည်။

“ဒါနဲ့ပတ်သက်ပြီး ကျွန်တော်မျိုး အရေးကြီးတဲ့ ကိစ္စတစ်ခု တင်ပြစရာရှိပါတယ်။ ဒီမနက်တင် ချူပြည်နယ်က အရှေ့ဘက်စခန်းရဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်က စာပို့ခိုကနေတစ်ဆင့် သတင်းပို့လာပါတယ်"

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချူပြည်နယ် လုံထန်ရေကန်မှာ သိုင်းသူတော်စင်အဆင့်ရှိတဲ့ ကျွမ်းကျင်သူတစ်ယောက် ပေါ်လာပြီး ပေတစ်ထောင်မြင့်တဲ့ တောင်ထွတ်တစ်ခုကို ဓားတစ်ချက်တည်းနဲ့ ထက်ပိုင်းဖြတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်”

လီချင်းရွှမ် အံ့အားသင့်စွာ မေးလိုက်သည်။

“မင်း ဘာပြောလိုက်တယ်”

လီချင်းရွှမ်၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး သူ့တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများအားလုံး ထောင်မတ်သွားတော့သည်။

“ဒါ တကယ်လား”

မိန်းမစိုးက အတည်ပြုပေးလိုက်သည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ဒီကိစ္စက အကြွင်းမဲ့မှန်ကန်ပါတယ်”

လီချင်းရွှမ်က ဒေါသတကြီး ရေရွတ်လိုက်သည်။

“အဲဒီ လူယုတ်မာကောင်၊ ချူမင်းသား၊ သူက ဒီကိစ္စကို တကယ်ကြီး သတင်းမပို့ဘူးပဲ”

မိန်းမစိုးက ရှင်းပြသည်။

“ချူမင်းသားက သတင်းပို့ပြီးသားပါ။ ဒါပေမဲ့ သူက မိဖုရားခေါင်ကြီးဆီကို သတင်းပို့ခဲ့တာပါ”

လီချင်းရွှမ်က အံကြိတ်ကာ ကြိမ်းဝါးလိုက်သည်။

“အဲဒီ ကျိန်စာသင့်နေတဲ့ မိစ္ဆာမိဖုရားပဲ၊ သူ့ကို အပိုင်းပိုင်း အတစ်တစ် ဖြစ်အောင် ဆုတ်ဖြဲပစ်မယ်။ သွားစုံစမ်းချေ၊ ဘာပဲဖြစ်ဖြစ် အဲဒီသိုင်းသူတော်စင်ကို ရှာဖွေဖို့ နည်းလမ်းရှာရမယ်"

“အဲဒီသိုင်းသူတော်စင်ရဲ့ ထောက်ခံမှုကို ငါတို့ ရနိုင်သမျှ ကာလပတ်လုံး အဲဒီမိစ္ဆာဘွားတော်ကြီး ဘာပြဿနာမှ ဖန်တီးနိုင်မှာ မဟုတ်တော့ဘူး”

“မှန်လှပါ”

ရက်အနည်းငယ် ထပ်မံကြာမြင့်သွားပြီးနောက် ကျိုးရီသည် မြို့တော်အပြင်ဘက် မိုင်နှစ်ရာအကွာရှိ၊ မြို့တော်နှင့် ဟဲပေပြည်နယ်တို့၏ နယ်စပ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

ဤနေရာတွင် ချီလင်တောင် တစ်တောင်ရှိပြီး ထိုတောင်ပေါ်တွင် ချီလင်ဂိုဏ်း ရှိလေ၏။ ၎င်းမှာလည်း ကောင်းမွန်သော နေရာတစ်ခုတော့ မဟုတ်ချေ။

သူသည် မြည်းငယ်လေး၏ ကျောပေါ်တွင် အေးအေးဆေးဆေး လှဲလျောင်းနေပြီး လက်တစ်ဖက်က အင်မော်တယ်ဘူးသီးကိုကိုင်ကာ အရက်သောက်နေရင်း ကျန်လက်တစ်ဖက်က ကျန်းဟူသတင်းစာတစ်စောင်ကို ကိုင်ကာ နောက်ဆုံးရကျန်းဟူသတင်းများကို ဖတ်ရှုရင်း အလွန်တရာ သက်သောင့်သက်သာ ရှိနေလေသည်။

သတင်းစာခေါင်းစဉ်များက သူ့ကို စိတ်ဝင်စားစေသည်။

‘သေမင်းတမန် ပြန်လည်ပေါ်ထွက်လာပြီး ကျီးပြည်နယ်မှ လုံဝေလုံခြုံရေးအဖွဲ့ လုံးဝ ချေမှုန်းခံလိုက်ရခြင်း’

‘သတ်ဖြတ်မိန့် ထပ်မံထုတ်ပြန်လိုက်ပြီး သေမင်းတမန်၏ ဆုကြေးငွေ ငွေစ ၁.၂ သန်းအထိ တိုးမြှင့်လိုက်ကာ သိုင်းလောက မာရ်နတ်စာရင်းတွင် အဆင့်သုံးသို့ တက်လှမ်းသွားသည်။’

‘တုန်လှုပ်ဖွယ် သတင်း၊ သိုင်းပညာရှင်လျန်ကျန်းက ဦးဆောင်သည့် သိုင်းသခင်ခုနစ်ပါးတို့သည် မာရ်နတ်ဆယ်ပါးကို နှိမ်နင်းရန် တောင်ပေါ်မှ ဆင်းသက်လာကာ သေမင်းတမန်ကို ဓားများဖြင့် ချိန်ရွယ်ထားကြ’

ကျိုးရီက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“ငါ့ရဲ့ ဆုကြေးငွေက ထပ်တိုးသွားပြန်ပြီပဲ”

ကျိုးရီ ခေါင်းခါယမ်းလိုက်ပြီး အတော်လေးဆွံ့အသွားမိသည်။

အချိန်တိုတိုလေးအတွင်းမှာပင် သူက မိစ္ဆာလမ်းစဉ်၌ နာမည်ကြီးသွားပြီး ထိပ်တန်း မာရ်နတ်နှစ်ပါးနှင့်တောင် နာမည်ချင်း ယှဉ်လာနိုင်ပေသည်။

‘ဒါက တကယ်ကို အထင်ကြီးစရာပဲ’

သို့သော် အမှန်တကယ်တွင်မူ သူ့ကို မာရ်နတ်ဟု ခေါ်ဆိုခြင်းအား ကျိုးရီလက်မခံပေ။ အဘယ်ကြောင့်ဆိုသော် သူ သတ်ဖြတ်ခဲ့သူတိုင်းမှာ လူဆိုးများသာ ဖြစ်သောကြောင့်ဖြစ်လေသည်။

လုံဝေလုံခြုံရေးအဖွဲ့ကို ဥပမာအနေဖြင့် ကြည့်နိုင်ပေသည်။ သူတို့သည် မူလက အလွန်ကောင်းမွန်သော ဂုဏ်သတင်းရှိသော ကျန်းဟူလောက၏ မဏ္ဍိုင်တစ်ခုဖြစ်ပြီး လူအများက လုံဝေလုံခြုံရေးအဖွဲ့ကို အသုံးပြု၍ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရသည်ကို ကြိုက်နှစ်သက်ကြသည်။

သို့သော် သူတို့က ယုတ်မာကောက်ကျစ်သော သားရဲများ ဖြစ်နေလိမ့်မည်ဟု မည်သူမှမထင်ထားကြချေ။

သူတို့က မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းကာ သာမန်ပြည်သူများကို အန္တရာယ်ပြုပြီး လူ့အသက်ကို မြက်ပင်လေးများအလား သဘောထားကြသည်။

ကျိုးရီတွင် သေဆုံးသွားသူများ၏ မှတ်ဉာဏ်များကို စုပ်ယူနိုင်သော နတ်ဘုရားစွမ်းရည်တစ်ခု ရှိနေသည်။

လူတစ်ယောက် သေဆုံးသွားသရွေ့ သူတို့၏မှတ်ဉာဏ်များ သူ့ထံသို့ စုပ်ယူခံရရာ အခြားသူများမသိရှိသော ထိုရာဇဝတ်မှုများမှာ သူ့ရှေ့တွင်မူ ပုန်းကွယ်စရာ နေရာမရှိတော့ချေ။

လုံဝေလုံခြုံရေးအဖွဲ့၏ ခေါင်းဆောင်က သူ့ကိုလွှတ်ပေးရန် ငိုယိုကာ ခေါင်းငုံ့တောင်းပန်ခဲ့စဉ်က ထိုသူ၏ မျှော်လင့်ချက်မဲ့မှုနှင့် သနားစဖွယ် အခြေအနေတို့ကို ပြန်လည်အမှတ်ရမိလေသည်။

ထို့နောက် သူ့မှတ်ဉာဏ်များကို စစ်ဆေးကြည့်သောအခါ သာမန်ပြည်သူများကို သတ်ဖြတ်ရာတွင် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည်ကို တွေ့ခဲ့ရသည်။

ထိုသည်ကို ပြန်တွေးမိကာ လူတို့၏ မျက်နှာများစွာရှိနေတတ်သည့် သဘာဝကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။

ကျိုးရီက သူကိုယ်သူ ဤကမ္ဘာကြီးကို ခွဲစိတ်ကုသမှုတစ်ခု ပြုလုပ်ပေးနေပြီး ပြည်တည်နာ အနည်းငယ်ကို ဖယ်ရှားပေးလိုက်သည်ဟုသာ ယူဆထားသည်။

သေချာသည်မှာ သူရရှိသော ခွဲစိတ်ခမှာလည်း မနည်းလှပေ။ သူ၏ သိုလှောင်လက်စွပ်အတွင်း၌ ရွှေနှင့် ငွေတောင်ကြီးများ စုပုံနေပြီဖြစ်သည်။

ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်း၏ အာနိသင်ကြောင့် နတ်ဆင်နဂါးခွန်အားမှာလည်း သုံးဆယ့်သုံးမျှင်မှ လေးဆယ့်ကိုးမျှင်အထိ တိုးလာခဲ့ပြီး အလွန်တရာအားကောင်းလာခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် ကျိုးရီက ရဲရဲဝံ့ဝံ့ ပြောရဲပေသည်။ သူ၏ မူလဝိညာဉ်က လုံလောက်သောအဆင့်သို့ မရောက်သေးသဖြင့် သိုင်းသူတော်စင်အဆင့်သို့ မရောက်ရှိသေးခြင်းသာ ဖြစ်သည်။

အကယ်၍ သူ့ရှေ့တွင် သိုင်းသူတော်စင်တစ်ပါးကို တကယ်ကြီး ရပ်ခိုင်းထားမည်ဆိုပါက သူသည် ထိုသိုင်းသူတော်စင်ကို သေလုမြောပါးဖြစ်အောင် ရိုက်နှက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

ထိုအချိန်မှာပင် မြည်းငယ်လေး ရုတ်တရက်ရပ်တန့်သွားရာ ကျိုးရီသည် ရှေ့တွင် လူရိပ်တစ်ခုရှိကြောင်း ခံစားမိလိုက်သည်။

သူသည် မြည်း၏ကျောပေါ်မှ ဖြည်းညင်းစွာ ထထိုင်လိုက်ပြီး ထိုသူကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ထိုသူမှာ အသက်လေးဆယ်အရွယ် လူလတ်ပိုင်းယောက်ျားတစ်ဦးဖြစ်၏။ မုတ်ဆိတ်မွှေးပါရှိကာ အပြာရင့်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သံယပ်တောင်ကို ကိုင်ဆောင်ထားလေသည်။

သူသည် မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ဦးအလား တောင်တက်လမ်းပေါ်တွင် မတ်တတ်ရပ်ကာ သူ့ကို စိုက်ကြည့်နေသည်။

ကျိုးရီ ခန့်မှန်းလိုက်သည်။

“သိုင်းသခင်အဆင့်အထွတ်အထိပ်၊ ဒီအဝတ်အစားနဲ့ဆိုရင် ရှူစန်းက သိုင်းပညာရှင် လျန်ကျန်း ဖြစ်ရမယ်”

သူသည် လမ်းတစ်လျှောက်တွင် သိုင်းလောကမှ လူအများအပြားကို သတ်ဖြတ်ခဲ့သောကြောင့် မှတ်ဉာဏ်များစွာကို စုပ်ယူထားပြီးချေပြီ။

ထို့ကြောင့် လက်ရှိ သိုင်းလောကရှိ နာမည်ကြီးလူများအကြောင်းကို အနည်းငယ် ကြားဖူးထားပြီး သူတို့၏အသွင်အပြင်ကို ကြည့်ကာ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းနိုင်စွမ်း ရှိနေပြီဖြစ်သည်။

လူအချို့ကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားသိရှိနိုင်ပေသည်။

ဒဏ္ဍာရီများအရ သိုင်းပညာရှင် လျန်ကျန်းမှာ ကျန်းဟူလောကရှိ ထိပ်တန်း သိုင်းပညာရှင်များထဲမှ တစ်ဦးဖြစ်ပြီး သူ၏ ကွန်ဖြူးရှပ် မက်မွန်ဆွတ်ခူးကျင့်စဉ်မှာ လောကတွင် ပြိုင်ဘက်ကင်းကာ လူဆိုးမည်မျှကို သတ်ဖြတ်ခဲ့သည်ကိုပင် မသိနိုင်ချေ။

သူ့ဆရာမှာ လက်ရှိ သိုင်းလောက၏ မဏ္ဍိုင်ကြီး တစ်ခုဖြစ်ပြီး အမြင့်ဆုံးသော ဒဏ္ဍာရီတစ်ပါးပင် ဖြစ်ပေသည်။

သူ့ကို အဘယ်ကြောင့် ရှာတွေ့ကာ တားဆီးနိုင်ခဲ့သည်လဲ ဆိုသည်နှင့် ပတ်သက်၍မူ ကျိုးရီ အံ့အားသင့်ခြင်းမရှိချေ။ သတိထားခြင်း ဆိုသည်မှာ သတ္တိကြောင်ခြင်းမဟုတ်ပေ။

သူသည် လိပ်တစ်ကောင်ကဲ့သို့ တမင်တကာ ပုန်းကွယ်မနေခဲ့ချေ။

ဂရုတစိုက် လေ့လာသူ တစ်ဦးရှိနေသရွေ့ သူ၏ လမ်းကြောင်းကို သိရှိနိုင်ပြီး ၎င်းမှာ ယေဘုယျအားဖြင့် ချူပြည်နယ်မှ မြို့တော်သို့ ဦးတည်နေကာ တွေ့သမျှတောင်တိုင်းတွင် သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။

ဓားပြများ ပြည့်နှက်နေသော တောင်ထွတ်တစ်ခုကို ရှာဖွေတွေ့ရှိရုံဖြင့် ထိုနေရာတွင် စောင့်နေလိုက်ပါက သူ့ကို မြင်နိုင်ရန် အလားအလာ အလွန်များပြားလှပေသည်။

အခန်း (၂၆) - သိုင်းသခင်အဆင့် အထွတ်အထိပ်

လျန်ကျန်းက တည်ငြိမ်အေးဆေးစွာ စကားစလိုက်သည်။ ထို့နောက် သူ၏ လေသံတွင် နှမြောတသဖြစ်သည့် အရိပ်အယောင်တစ်ခု စွက်ဖက်လာသည်။

“နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ သေမင်းတမန်က ဒီလောက် ငယ်ရွယ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ တကယ်ပဲ ခေတ်အဆက်ဆက်မှာ ပါရမီရှင်အသစ်တွေ ပေါ်ထွက်လာတာပဲ"

“မင်းရဲ့ ပါရမီကို ထောက်ရှုရင် ငါ့ဆရာနဲ့ ငါ့ပြီးရင် မင်းကို ကျန်းဟူလောကရဲ့ တတိယမြောက်လူလို့ ငါ ခေါ်ဆိုရလိမ့်မယ်၊ နှမြောစရာပဲ၊ မင်းမှာ ပါရမီတော့ ရှိပါရဲ့၊ ဒါပေမဲ့ မေတ္တာတရားနဲ့ တရားမျှတမှုတော့ ကင်းမဲ့နေတယ်"

“နောက်ဆုံးတော့လည်း... ခရီးဝေးကို လျှောက်လှမ်းနိုင်ဖို့ ခက်ခဲလိမ့်မယ်”

ကျိုးရီက ချက်ချင်းဝင်မတိုက်သေးဘဲ သိချင်စိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

“ငါ သိပ်နားမလည်တဲ့ ကိစ္စတစ်ခု ရှိတယ်”

လျန်ကျန်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ မာနထောင်လွှားစွာဖြင့် မတ်မတ်ရပ်နေပြီး သူ့မျက်လုံးများထဲတွင် ယုံကြည်မှုများ လျှံကျနေကာ ကျိုးရီကို လူသေတစ်ယောက်အလား ကြည့်ရှုနေသည်။

“မင်းက သေတော့မယ့်လူပဲ၊ သိချင်တာရှိရင်လည်း မေးလို့ရပါတယ်”

ကျိုးရီက လုံးဝ ဂရုစိုက်ခြင်းမရှိဘဲ သူ့လက်ထဲရှိ စာအုပ်ငယ်လေးကို လက်ညှိုးထိုးကာ ရင်တွင်းမှ သံသယကို ဖွင့်ဟလိုက်သည်။

“ဒီစာအုပ်ထဲမှာ ငါ့ကိုသတ်ဖို့ သိုင်းသခင်ခုနစ်ပါး တောင်ပေါ်က ဆင်းလာတယ်လို့ ရှင်းရှင်းလင်းလင်း ရေးထားတယ်။ ဘာဖြစ်လို့ မင်းတစ်ယောက်တည်း ဖြစ်နေရတာလဲ”

လျန်ကျန်းက မေးစေ့ကို အနည်းငယ်ပင့်တင်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်လည်ဖြေကြားသည်။

“မင်းက မြို့တော်ဘက်ကို ဦးတည်ပြီး သတ်ဖြတ်နေတယ်ဆိုတာကိုပဲ ငါတို့ ခန့်မှန်းနိုင်တယ်၊ ဒါပေမဲ့ ဘယ်လမ်းကြောင်းကနေ လာမယ်၊ ဘယ်တောင်ကြားကို ဖြတ်မယ်ဆိုတာကိုတော့ ငါတို့မသိနိုင်ဘူး"

“ဒါကြောင့် ကျီးပြည်နယ်ကနေ မြို့တော်ဆီကို ဦးတည်နေတဲ့ တောင်ထွတ် ခုနစ်ခုကို စောင့်ကြပ်ဖို့ သိုင်းသခင်ခုနစ်ပါးကို သီးခြားစီခွဲပြီး တာဝန်ပေးထားတာပဲ။ အဲဒီလိုဆိုတော့ မင်း ဘယ်တောင်တက်လမ်းကနေပဲ လာလာ၊ ငါတို့ မင်းကို သေချာပေါက် တွေ့နိုင်မှာပေါ့”

ကျိုးရီက နားလည်သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ တစ်ဖက်လူတွင် ဦးနှောက်အနည်းငယ်တော့ ရှိပေသည်။

သို့သော် ကံမကောင်းစွာဖြင့် အနည်းငယ်မျှသာ။

“အော်... ဒါက ဒီလိုကိုး”

လျန်ကျန်းက သံယပ်တောင်ကို ဖွင့်ကာ အေးဆေးတည်ငြိမ်စွာ ယပ်ခတ်ရင်း ကျိုးရီကို ရေပြင်အလား တည်ငြိမ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“စလှုပ်ရှားတော့”

သူ့အသံက ဩဇာအပြည့်ဖြင့် ထွက်ပေါ်လာသည်။

“မင်းက မာရ်နတ်တစ်ကောင် ဖြစ်နေလို့ မင်းနဲ့ ကျန်းဟူလောကရဲ့ တရားမျှတမှုအကြောင်း ပြောစရာမလိုဘူးဆိုပေမယ့်၊ ငါက သိုင်းပညာရှင်တစ်ယောက် ဖြစ်သလို ငါ့ဆရာကလည်း သိုင်းလောကရဲ့ ဒဏ္ဍာရီတစ်ပါးပဲ"

“တကယ်လို့ ငါက အရင် တိုက်ခိုက်လိုက်မယ်ဆိုရင် မင်းကို အရမ်းအနိုင်ကျင့်ရာ ကျသွားလိမ့်မယ်၊ မင်း သေသွားရင်တောင်မှ မင်းအနေနဲ့ ကျေနပ်နိုင်မှာ မဟုတ်ဘဲ နောက်ဘဝမှာလည်း မကောင်းမှုတွေ ဆက်လုပ်နေမှာကို ငါ စိုးရိမ်တယ်။”

ကျိုးရီ ဆွံ့အသွားသည်။

ထိုသူက တကယ်ကို ကြွားလုံးထုတ်လွန်းသည်။ သူသည် ကျိုးရီလောက် မချောမောသော်လည်း သူ့ထံတွင် အလွန် ထူးခြားသော အငွေ့အသက်တစ်ခု ရှိနေပေသည်။

ထိုလူ၏ ကိုယ်ပေါ်တွင် ‘ချန်’ ဟူသော နာမည်နှင့် အသိဟောင်းတစ်ယောက်၏ အရိပ်အယောင်ကိုပင် ကျိုးရီမြင်ယောင်သွားမိသည်။

‘ငါ့ဘဝရဲ့ လုပ်ရပ်တွေကို... မင်းကို ဘာဖြစ်လို့ ရှင်းပြနေဖို့လိုမှာလဲ'

‘ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ မှန်ကန်တဲ့ ပြုမူနေထိုင်နည်းများ ဖြစ်နေမလား၊ ထင်တဲ့အတိုင်းပဲ၊ ငါက ဇာတ်လိုက် မဟုတ်လောက်ဘူး'

ကျိုးရီသည် ခေါင်းခါယမ်းလိုက်ပြီး ဓားအလင်းတန်းတစ်ခုကို ပေါ့ပေါ့ပါးပါးပင် ထုတ်လွှတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားအလင်းတန်းမှာ ပေတစ်ထောင်ခန့်အထိ ကျယ်ပြန့်သွားပြီး လောကကြီးတစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။

လျန်ကျန်း မျက်လုံးပြူးသွားသည်။ “… …”

သူ မတုံ့ပြန်နိုင်မီမှာပင် ဓားအလင်းတန်းက သူ့ကို ချက်ချင်း ဝါးမျိုသွားလေသည်။

၎င်း၏ အားကောင်းသော အဆုံးစွန်စွမ်းအားများက သူ့ကို ယမမင်းဆီသို့ တိုက်ရိုက် ပို့ဆောင်ပေးလိုက်ပြီး ခန္ဓာကိုယ်ကို ထက်ပိုင်း ပိုင်းဖြတ်သွားတော့သည်။

ဝုန်း။

ကျောက်မြေပြင်ပေါ်တွင် မီတာတစ်ထောင်ခန့် ရှည်လျားပြီး မီတာတစ်ဆယ်ကျော် နက်ရှိုင်းသော ဧရာမအက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားသည်။

လျန်ကျန်း၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာလည်း လွင့်စင်သွားလေသည်။

ဤသည်မှာ ကျိုးရီက သူ့စွမ်းအား နှစ်ဆယ်ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သူသာ နှစ်ဆယ်ရာခိုင်နှုန်း ထပ်မံပေါင်းထည့်လိုက်မည်ဆိုပါက လျန်ကျန်း၏ ခန္ဓာကိုယ်မှာ အမှုန့်အဖြစ်သို့ ပြောင်းလဲသွားလောက်ပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျိုးရီ၏ လက်ရှိစွမ်းအားမှာ မြင့်မားလွန်းလှပြီး သိုင်းသူတော်စင်အဆင့်သို့ ယခုမှ ခြေချခါစ တည်ရှိမှုတစ်ခုထက်ပင် သာလွန်နေသောကြောင့် ဖြစ်သည်။

သိုင်းသူတော်စင်အဆင့်၏ အောက်တွင် သိုင်းသခင်အဆင့် အထွတ်အထိပ်ဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်ပေသည်။ ကျိုးရီက သာမန် သိုင်းသူတော်စင်အဆင့်ထက် များစွာ ကျော်လွန်နေပြီဆိုသည့် အချက်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

သေချာသည်မှာ လျန်ကျန်းကိုယ်တိုင်ကလည်း သိုင်းသခင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးဖြစ်ရာ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ သံမဏိထက်ပင် များစွာမာကျောနေ၏။

ထိုအရာက အမှုန့်အဖြစ်သို့ မပြောင်းလဲသွားရခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပေသည်။

ကျိုးရီ လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသုံးပြုလိုက်ရာ နှစ်ပိုင်းပြတ်သွားသော ခန္ဓာကိုယ်မှာ ကျိုးရီထံသို့ ချက်ချင်းဆွဲငင်ခံရလေသည်။

ကျန်ရှိနေသော စွမ်းအင်များကို စုပ်ယူနေစဉ်အတွင်း ကျိုးရီသည် ရုပ်အလောင်းကို ထိတွေ့ကာ တစ်ဖက်လူ၏မှတ်ဉာဏ်များကို ဖတ်ရှုလိုက်သည်။

[သိုင်းပညာရှင်လျန်ကျန်း... ခင်ဗျားရဲ့ ဆရာက ငါတို့သိုင်းလောကတစ်ခုလုံးရဲ့ မဏ္ဍိုင်ကြီးပဲ၊ ခင်ဗျား သူ့အတွက် မျက်နှာပျက်ခံလို့မဖြစ်ဘူးနော်]

[သိုင်းပညာရှင်လျန်ကျန်း... အားတင်းထားပါ။ သိုင်းပညာရှင်တစ်ယောက်၊ ပြီးတော့ သိုင်းသခင်အဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့သူ တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ မက်မွန်ဆွတ်ခူးကျင့်စဥ်က ကွန်ဖြူးရှပ်နဲ့ တာအိုလမ်းစဉ်တွေရဲ့ အကောင်းဆုံး အရာတွေကို စုစည်းထားတဲ့ အံ့မခန်းကျင့်စဉ်ပဲလေ]

[သူ့လို သာမန် မာရ်နတ်ကောင်လေးတစ်ကောင်ကို ကိုင်တွယ်ရတာက လွယ်ကူမှာပါ၊ ဟုတ်တယ်မလား]

[သိုင်းပညာရှင်လျန်ကျန်း... လုပ်တာကောင်းတယ်။ ခင်ဗျား ဒီလိုစိတ်ဓာတ်မျိုး ပြသင့်တာပေါ့၊ သေမင်းတမန်ကိုသာ ခင်ဗျား ဖယ်ရှားလိုက်နိုင်ရင် သိုင်းလောကဒဏ္ဍာရီဆိုတဲ့ ရာထူးက ခင်ဗျားအတွက် သေချာပေါက် ဖြစ်လာမှာပဲ]

[အဲဒီကောင်လေးက ငါ့လမ်းကြောင်းပေါ်ကို ရောက်လာမလားမသိဘူး။ တကယ်လို့ သူမလာဘူးဆိုရင် သိုင်းလောကသားတွေရှေ့မှာ ငါ့ရဲ့ နတ်ဘုရားစွမ်းအားကို ပြသခွင့်ရတော့မှာ မဟုတ်ဘူး]

[ဟားဟားဟား။ ဒီကောင်လေး တကယ်ကြီး ငါ့လမ်းကြောင်းပေါ်ကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မဆိုးဘူး၊ တကယ်ကို မဆိုးဘူး။ ငါ သူ့ကို သတ်လိုက်နိုင်တာနဲ့ ကျန်းဟူလောကမှာ ငါ့ရဲ့ ဂုဏ်သတင်းက နောက်ထပ်တစ်ဆင့် ပိုမြင့်သွားမှာပဲ]

[ငါ့ဆရာလို လုံလောက်တဲ့ဂုဏ်သတင်း အရှိန်အဝါတွေကို စုဆောင်းနိုင်သမျှကာလပတ်လုံး ငါက နောက်ထပ် အမြင့်ဆုံးဒဏ္ဍာရီ၊ သိုင်းလောကရဲ့ မဏ္ဍိုင်ကြီး ဖြစ်လာမှာပဲ]

[ဒီကောင်လေးကို အရင် တိုက်ခိုက်ခိုင်းလိုက်မယ်။ ပြီးမှ သူ့ရဲ့ ခွန်အားနဲ့ သိုင်းကွက်တွေကို အကဲခတ်ပြီး တစ်ချက်တည်းနဲ့သတ်ပစ်လိုက်မယ်]

[သောက်ကျိုးနည်း… ဘာတွေ ဖြစ်ကုန်တာလဲ၊ ဒီ ဓားအလင်းတန်းက ဘာဖြစ်လို့ ဒီလောက်တောင်ကြီးနေရတာလဲ။ ငါ့ဆရာရဲ့ ဓားအလင်းတန်းလောက်ကို ကြီးနေတာပဲ]

[သောက်ကျိုးနည်း သူက သိုင်းသူတော်စင်တစ်ပါးပဲ။ အခုမှ အသက်ချမ်းသာပေးဖို့ တောင်းပန်ရင် နောက်ကျသွားပြီလား]

[တောက်... ငါ ဘာလို့ လှုပ်မရတော့တာလဲ။ သောက်ကျိုးနည်း ဓားအရှိန်အဝါပဲ။ ဒီဓားအရှိန်အဝါက အရမ်း အားကောင်းလွန်းတော့ ငါ့ကိုယ်တွင်းက စစ်မှန်တဲ့ချီစွမ်းအင်စီးဆင်းမှုကိုပါ ဖိနှိပ်ထားနိုင်တယ်]

[ပြီးပြီ... ပြီးသွားပြီ... အားလုံး ပြီးဆုံးသွားပြီ... ငါ သေရတော့မယ်၊ ငါ သိုင်း‌လောကဒဏ္ဍာရီတောင် မဖြစ်ရသေးဘူးလေ၊ သိုင်းသူတော်စင်ဖြစ်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာ၊ သမိုင်းမှာ နာမည်တွင်အောင် လုပ်နိုင်ခဲ့ရမှာ]

[အား... ငါ မကျေနပ်ဘူး]

ကျိုးရီမှာ အတော်လေး ဆွံ့အသွားရသည်။

‘ဒီလူတွေက တကယ်ကို ပြဿနာရှာရတာ ကြိုက်ကြတာပဲ၊ သူတို့ကိုယ်တိုင်တော့ မလာဘဲနဲ့ ဒီအတွေ့အကြုံမရှိတဲ့ လူငယ်လေးကို ငါ့ဆီလွှတ်ပြီး ဒုက္ခပေးကြတယ်။ လျန်ကျန်းဆိုတဲ့သူကလည်း နည်းနည်းတော့ ရူးတယ်၊ စာတွေ အရမ်းဖတ်လွန်းလို့ အရူးဖြစ်သွားတာပဲ နေမှာပါ'

သို့သော်လည်း သူသည် အခြားကျင့်စဉ်အချို့နှင့်အတူ မက်မွန်ဆွတ်ခူးကျင့်စဉ်ကို ရရှိခဲ့ရာ မဆိုးလှဟု ဆိုရပေမည်။ ဤကျင့်စဉ်များက သူ၏ ကြီးမားသော ရည်မှန်းချက်အတွက် အုတ်မြစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

လျန်ကျန်း၏ မှတ်ဉာဏ်များထဲတွင် သူ့ဆရာဖြစ်သူ ခေတ်တစ်ခေတ်၏ သိုင်းလောကဒဏ္ဍာရီ ချင်ရွှမ်ယွီနှင့် ပတ်သက်သော အချက်အလက်များလည်း ပါဝင်နေလေသည်။

သူ၏ မှတ်ဉာဏ်များအရ သူ့ဆရာမှာ အလွန်တရာအားကောင်းပြီး သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ကာ ပိုမိုအားကောင်းသော အဆင့်တစ်ခုသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် တံခါးပိတ်ကျင့်ကြံမှုကိုပင် စတင်နေပြီ ဖြစ်သည်။

သူကိုယ်တိုင်ပင်လျှင် သူ့ဆရာကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။

ကျိုးရီ စိတ်ထဲတွင် မှန်းဆလိုက်သည်။

‘သူ့ဆရာက မြေကမ္ဘာအင်မော်တယ်အဆင့်ကို ထိုးဖောက်ဖို့ လုပ်နေတာများလား'

‘ဘာပဲဖြစ်ဖြစ်လေ၊ အဲဒါက ဘာအရေးကြီးလို့လဲ'

လက်ရှိ သူ့စွမ်းအားမှာ အားနည်းမနေသည့်အပြင် တိုးတက်မှုအမြန်နှုန်းကလည်း မြန်ဆန်လွနလှရာ ထိုသူကို စိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။

ထို့အပြင် မြို့တော်သို့ပြန်ရောက်ပါက အကျဉ်းထောင်သို့ ပြန်သွားပြီး အလောင်းစစ်ဆေးသူ အရာရှိငယ်လေးတစ်ယောက်အဖြစ် နေထိုင်လိုက်ရုံပင်။

သူကိုယ်တိုင်က တစ်ခုမျှ ထုတ်ဖော်မပြောသရွေ့ လူ့အသိုင်းအဝိုင်း၏ အောက်ခြေမှ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သော ရုပ်အလောင်းစစ်ဆေးသူ အရာရှိငယ်လေးတစ်ယောက်က တာ့ချန်နိုင်ငံ၏ နာမည်ကျော် ဂူသင်္ချိုင်းဖောက်သူတော်စင်နှင့် သေမင်းတမန် ဖြစ်နေမည်ဟု မည်သူကမှ ထင်မည်မဟုတ်ချေ။

စည်းမျဉ်းဟောင်း အတိုင်းပင်။

နိုင်အောင် တိုက်နိုင်လျှင် ချက်ချင်းသတ်ပစ်မည်။ မနိုင်လျှင် ပုန်းအောင်းနေမည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ကိုယ့်ဂုဏ်သိက္ခာကို အရမ်းဂရုစိုက်တတ်သူတစ်ဦး မဟုတ်ပေ၊ သူ့အတွက် အရေးကြီးဆုံးမှာ အသက်ရှည်ရန်နှင့် ဘေးကင်းလုံခြုံရေးသာ ဖြစ်သည်။

တောင်ပေါ်တွင် မည်သည့်အရှိန်အဝါမျှ ရှိမနေတော့ချေ။ ဓားပြများမှာ ပြဿနာစတင်သည်ကို သိလိုက်သည်နှင့် ချက်ချင်း ထွက်ပြေးသွားကြပုံရသည်။

‘သောက်ကျိုးနည်းကောင်တွေ’

‘ထားလိုက်ပါတော့၊ မြို့တော်ကိုပဲ ပြန်တော့မယ်၊ ထမင်းစားချိန်လည်း နီးနေပြီဆိုတော့ ချက်စားရမယ်'

သူက မြည်းငယ်လေး၏ တင်ပါးကို လက်ဝါးဖြင့် တစ်ချက်ပုတ်လိုက်ပြီး စစ်မှန်သောချီစွမ်းအင်များဖြင့် ရစ်ပတ်ကာ တောင်ကြောကို ဖြတ်ကျော်ရင်း မြို့တော်ဆီသို့ တိုက်ရိုက် ပျံသန်းသွားလေတော့သည်။

ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီးနောက် အနီးအနား တောင်ထွတ်များမှ လူရိပ်အချို့မှာ ပေါက်ကွဲသံကြားရာသို့ တစ်ပြိုင်နက်တည်း ပျံသန်းလာကြသည်။

လူတစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည်။

“ချီလင်တောင်မှာ တစ်ခုခုဖြစ်သွားပြီ”

နောက်တစ်ဦးက မှန်းဆလိုက်သည်။

“ဟိုသိုင်းပညာရှင်နဲ့ အဲဒီ သေမင်းတမန်တို့ ထိပ်တိုက်ရင်ဆိုင်နေကြတာ ဖြစ်ရမယ်”

“အသံကြားရတာ တော်တော် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပုံပဲ၊ သေမင်းတမန်က တကယ်ပဲ အစွမ်းတချို့ရှိနေပုံရတယ်”

ကျန်တစ်ဦးက မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။

“ဟမ့်... သူက အစွမ်းရှိတော့ရော ဘာဖြစ်လဲ၊ အဲဒါက လက်ရှိ သိုင်းလောကဒဏ္ဍာရီရဲ့ အကြီးဆုံးတပည့်၊ သိုင်းသခင်အဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့သူ၊ သိုင်းသူတော်စင်အဆင့်ကို ခြေတစ်ဖက်ချထားတဲ့ မဟာစွမ်းအားရှင်ကြီးလေ”

“နာမည်ကြီး မာရ်နတ်တွေကို မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့တဲ့ ကျန်းဟူသိုင်းပညာရှင် လျန်ကျန်းကွ”

သူတို့က လျန်ကျန်း၏စွမ်းအားကို လုံးဝ ယုံကြည်နေကြသည်။

“ဒီလောကမှာ တခြားဘယ်သူမဆို သေမင်းတမန်ကို မဖမ်းနိုင်ဘူးဆိုရင်တောင်မှ သူ ကိုယ်တိုင်လှုပ်ရှားလိုက်ပြီဆိုတော့ အဲဒီသေမင်းတမန်က သေချာပေါက်သေသွားပြီပဲ”

“ဘာလို့လဲဆိုတော့ သူ့ဆရာ၊ လက်ရှိ သိုင်းလောကဒဏ္ဍာရီ ချင်ရွှမ်ယွီကလွဲရင် သူ့ကို ဘယ်သူမှ တစ်ကြိမ်တောင်မနိုင်ခဲ့ဖူးလို့ပဲ”

“မှန်တာပေါ့... ဒီဘဝမှာ သိုင်းပညာရှင်လျန်ကျင်းနဲ့အတူတူ အလုပ်လုပ်ခွင့်ရတာက ငါတို့အတွက် ကံကောင်းမှုကြီးပဲ”

သို့သော် ထိုလူများ အသံကြားရာနေရာသို့ ရောက်ရှိလာပြီး မြေပြင်ပေါ်ရှိ ဧရာမဓားရာကြီးနှင့်တကွ ထက်ပိုင်းပြတ်နေသော လျန်ကျန်းကို မြင်လိုက်ရချိန်တွင် မျက်လုံးများ ပြူးကျယ်သွားကြကာ ထိုနေရာမှာပင် ကျောက်ရုပ်များအလား မှင်သက်သွားကြတော့သည်။

တုန်လှုပ်ချောက်ချားနေသော အသံများ ထွက်ပေါ်လာ၏။

“အဲဒါ... လျန်ကျန်းလား”

“မဖြစ်... မဖြစ်နိုင်ဘူး”

All Chapters