← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁) အဘိုးဖြစ်သူက တံခါးဝတွင် ထိုင်စောင့်နေပြီး နောက်ဆုံး၌ သူမကိုယ်တိုင် အိမ်စာလုပ်ရခြင်း

“အိုး…”

“သူက ဘာလို့ ဟွားဟွားလေးရဲ့ အဘိုး ဖြစ်နေရတာလဲ... ပြီးတော့ ဒီဟာတွေကို သူ့အပေါ်မှာ အသုံးပြုလို့ မရဘူးလေ... ရှောင်ပေပေ့ကို ရူးအောင်လုပ်နေတာပဲ…”

တရားသူကြီး၏စုတ်တံသည် သူ့ခေါင်းပေါ်ရှိ ဆံပင်အမွေးစုလေးကို ဆွဲဖွလိုက်၏။

“ဟွားဟွားလေး... ငါတို့ ရှောင်ရှူးရှူး စကားကို နားထောင်ကြမလား... ငါတို့တွေ ပြန်မသွားဘဲ သိုင်းလောကထဲ လှည့်လည်ကြမယ်လေ…”

ချွေ့ဟုန်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်သား..."

"အဘိုး ငါ့မြေးလေးအတွက် စုဆောင်းပေးထားတဲ့ လက်ရေးမူတွေက အားလုံး အရည်အသွေး ကောင်းမွန်တယ် အခု မြေးလေး ရေးလို့ပြီးသွားပြီဆိုတော့ မြေးလေးရဲ့ လက်ရေးတွေလည်း တိုးတက်လာမှာ အသေအချာပဲ..."

"အချိန်ကိုက်ပဲ... အရှင်မင်းကြီးဆီကနေ ဆုလာဘ် တောင်းချင်တယ်လို့ မြေးလေး ပြောထားတယ် မဟုတ်လား… ဒါဆိုရငါ ဒီစာကို မြေးလေး ရေးလိုက်ပါ... အကယ်၍ မြေးလေးရဲ့ လက်ရေးက အရင်ကထက် တကယ်ပဲ ပိုကောင်းလာခဲ့ရင် အဘိုးက မြေးလေးကို လက်ရေးလေ့ကျင့်ခိုင်းတော့မှာ မဟုတ်ဘူး..."

ထိုသို့ပြောပြီးနောက် သူက ယွင်ဟွား၏ လက်ထဲသို့ စုတ်တံကို ထည့်ပေးလိုက်လေသည်။

ယွင်ဟွားခမျာ သူမကိုယ်သူမ ပါးနှစ်ချက်ခန့် ရိုက်ချင်စိတ် ပေါက်သွား၏။

သူမသည် မျက်နှာလိုမျက်နှာရလုပ်ရန် အရှင်မင်းကြီးထံ စာရေးပေးဖို့ ရှောင်ယွမ်ယွမ်ကို အဘယ်ကြောင့် အကူအညီတောင်းဖို့ လိုအပ်မည်နည်း။

မည်သို့ပင်ဖြစ်စေ မည်သူကမျှ ဤအခွင့်အရေးကို လုယူရဲမည် မဟုတ်ပေ။

နန်ကုန်းယွမ်သည် မိန်းကလေး၏ နာကျင်နေသော မျက်နှာထားကို ကြည့်လိုက်ရာ သူ၏ အေးစက်စက်နှင့် အထီးကျန်ဆန်သော မျက်လုံးများထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာလေသည်။

"အမတ်ကြီး... သခင်မလေးယွင်က ဓားပြတွေကို နှိမ်နင်းထားပြီး ခရီးပန်းလာတာလည်း ရက်အနည်းငယ် ရှိနေပြီဆိုတော့... သူမကို စောစော အနားယူခိုင်းလိုက်ရင် မကောင်းဘူးလား..."

"ဒီစာကိုတော့ ဒီမင်းသားမှာလည်း ဦးရီးတော်ထံ လျှောက်တင်စရာ ကိစ္စရှိနေလို့ တစ်ပြိုင်နက်တည်း ရေးလိုက်ပါမယ်..."

“ပန်းကလေး... နင့်ရဲ့ မောင်လေးက တော်တော်လေး ကောင်းမွန်တယ်... လက်မထောင်ပေးဖို့ ထိုက်တန်တယ်…”

သေခြင်းရှင်ခြင်းစာအုပ်က သူ့လုပ်ဆောင်မှုကို အလွန်ကျေနပ်သွားပြီး ပန်းကလေးက သူ၏ အပြစ်ကင်းစင်မှုကို ကာကွယ်ရန် ခရီးရှည်ကြီး လာခဲ့ရသည်မှာ တန်ပေသည်။

“သေချာတာပေါ့.”

ယွင်ဟွားသည် စုတ်တံကို အလျင်အမြန် ကမ်းပေးလိုက်ပြီး သူမ၏ အဘိုးကို ပြုံးဖြဲဖြဲဖြင့် ကြည့်လိုက်၏။

"အဘိုးနဲ့ အဘွားတို့ ပင်ပန်းနေလောက်ပြီ... သွားအနားယူကြပါလား... မနက်ဖြန်ကျရင် မြေးတို့ မြို့တော်ကို ပြန်ကြမယ်လေ..."

ချွေ့ဟုန်ယွမ်က တည်ငြိမ်သော မျက်နှာထားဖြင့် ဆက်လက် ဆုံးမချင်နေသော်လည်း သူ၏ ဇနီးဖြစ်သူက သူ့ကို ရိုက်ချလိုက်လေသည်။

"ရှင် မပင်ပန်းပေမယ့် ကျုပ်က ပင်ပန်းနေပြီ... ပြီးတော့ ရှောင်ဟွားအာလည်း ပင်ပန်းနေရှာပြီ... မြို့တော်ကို ပြန်ရောက်မှပဲ ဆက်ပြောကြတာပေါ့..."

သူသည် မြေးဖြစ်သူ၏ အတွေးများကို ကြားနေရပြီး သူမ၏ မျက်ရည်ဝဲနေသော မျက်နှာလေးကိုပင် သတိမထားမိဘဲ ဆက်တိုက် ဖိအားပေးနေခဲ့သည်။

“ငါကတော့ ပြန်မယ်မပြောဘူး..”

“ငါ ပြန်သွားရမယ့်အစား သေလိုက်တာကမှ ပိုကောင်းဦးမယ်... ရှောင်ရှူးရှူး... သန်းခေါင်ယံကျရင် ငါ့ကို နှိုးဖို့ မမေ့နဲ့နော်... ငါတို့ ထွက်ပြေးကြမယ်…”

အချိန်ဆွဲထားခြင်းက ကောင်းမွန်ပြီး သူမ ပြန်ရောက်မည့် အချိန်တွင် ဤကိစ္စ ပြီးဆုံးသွားလောက်ပေသည်။

“စိတ်ချထားလိုက်…”

သေခြင်းရှင်ခြင်းစာအုပ်က အာမခံလိုက်၏။

“စိတ်မပူပါနဲ့ ဟွားဟွားလေး... ပေပေ့လည်း ဒီညမှာ အနားယူမှာ မဟုတ်ဘူး..”

နန်ကုန်းယွမ်က ရယ်ချင်စိတ်ကို အောင့်ထားလိုက်သည်။

မိန်းကလေး၏ အစီအစဉ်မှာ ကျရှုံးရန် သေချာနေသည်ဟု သူ ထင်မြင်မိလေသည်။

ချွေ့ဟုန်ယွမ်၏ လက်များက အင်္ကျီလက်အတွင်း၌ တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက်ရှိ၏။

သည်းခံရမည်။

သူ့ဇနီးဖြစ်သူက ကာကွယ်ပေးမထားလျှင် ထိုကလေးမလေးကို သူက စကားတစ်ခွန်းမျှ မဆိုဘဲ ရိုက်နှက်မိမည် ဖြစ်သည်။

အလွန်ကောင်းမွန်သည်။

သူမသည် စာတစ်လုံးမှမရေးဘဲ ထွက်ပြေးရန် ရဲတင်းနေလေသည်။

သန်းခေါင်ယံအချိန် ရောက်ရှိလာ၏။

"သခင်လေး... နင်းအန်းနယ်စားက တော်တော်လေး တက်ကြွနေဆဲပဲ..."

ရှောင်လီဟွာက သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူနှင့် သူမ၏ သခင်တို့သည် ထောင့်တစ်နေရာတွင် ပုန်းကွယ်နေကြ၏။ ယခုအချိန်တွင် နင်းအန်းနယ်စားသည် သခင်မလေးယွင်၏ အခန်းရှေ့၌ ထိုင်နေပြီး လက်တစ်ဖက်တွင် လက်ဖက်ရည်ခွက်ကို ကိုင်ကာ အခြားလက်တစ်ဖက်တွင် စာအုပ်တစ်အုပ်ကို ကိုင်ထားလျက် အလွန် တက်ကြွနေပုံပေါ်လေသည်။

ဤလုပ်ရပ်ကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

နန်ကုန်းယွမ်၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။

သူသည် ယနေ့ညတွင် ထိုမိန်းကလေးကို တားဆီးကာ အကြံဉာဏ်ပေးရန်နှင့် အဆိုးဆုံးအခြေအနေတွင် သူမ၏ လက်ရေးကို အတုခိုး၍ ဤကိစ္စကို ကျော်ဖြတ်နိုင်ရန် ကူညီပေးဖို့ မူလက စီစဉ်ထားခဲ့သည်။

သို့သော် နင်းအန်းနယ်စားက ဤမျှအထိ ရက်စက်လိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။

အိမ်တော်အတွင်း၌။

ယွင်ဟွားသည် အဝတ်အစားများ လဲလှယ်ပြီးနောက် တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ထိတ်လန့်တကြား ခုန်ဆုတ်သွားလေသည်။

"အမလေး..အဘိုး..."

"အဘိုး..."

ယွင်ဟွားက တည်ငြိမ်နေသော သူမ၏ အဘိုးကို ကြည့်ရင်း တုန်လှုပ်သွား၏။

“ငါတို့တော့ သွားပါပြီ..”

ယွင်ဟွား၏ ခေါင်းပေါ်ရှိ သေခြင်းရှင်ခြင်းစာအုပ်သည်လညါး မျက်လုံးပြူးကာ ကြည့်နေလေသည်။ ရှောင်ဟွားဟွား၏ အဘိုးက အဘယ်ကြောင့်

ဤမျှ မှန်းဆရခက်အောင် ပြုမူနေရသနည်း။

“အား... ဒီအဘိုးကြီးက ဘယ်လိုလုပ်ပြီး ဒီလောက်ပါးနပ်နေရတာလဲ…”

တရားသူကြီး၏စုတ်တံလည်း လန့်သွားလေသည်။

ချွေ့ဟုန်ယွမ်က ထိတ်လန့်နေသော သူ၏ မြေးဖြစ်သူကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာ၏။

"မြေးလေး... ညနက်နေပြီကို မအိပ်ဘဲ ဘယ်သွားမလို့လဲ..."

သူက ပြောလိုက်ရင်း လက်ဖက်ရည်ခွက်ထဲမှ အငွေ့များကို ဖြည်းညင်းစွာ မှုတ်ထုတ်ကာ တစ်ငုံသောက်လိုက်ပြီး အလွန် သက်တောင့်သက်သာ ရှိနေပုံရသည်။

ဤမြင်ကွင်းကြောင့် ယွင်ဟွားမှာ တင်းမာသွားလေသည်။

"အဘိုး... ညဘက် မအိပ်ဘဲ မြေးရဲ့ တံခါးဝမှာ လာထိုင်ပြီး လက်ဖက်ရည် သောက်နေတာလား... အဘိုးက မြေးကို ငရဲပြည် ပို့ချင်နေတာလား..."

ကံကောင်းထောက်မစွာဖြင့် သူမသည် ဖိအားများကို ကောင်းစွာ ခံနိုင်ရည်ရှိပေသည်။ သို့မဟုတ်ပါက သူမမှာ ကြောက်လန့်တကြား သေဆုံးသွားနိုင်ပေသည်။

ချွေ့ဟုန်ယွမ်သည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ဒီနေ့ညနေ မြေးရဲ့ မျက်နှာထားက တစ်မျိုးဖြစ်နေတယ်... အဘိုး ပေးထားတဲ့ အိမ်စာတွေကို မြေး မပြီးသေးဘူးလို့ အဘိုး သံသယဝင်နေတာ..."

"အဲ့ကိစ္စကို မသေချာမချင်း အဘိုး အိပ်လို့ မပျော်နိုင်ဘူး... ဒါ့ကြောင့် မြေးလေး ထွက်ပြေးမပြေးဆိုတာ စောင့်ကြည့်နေမလို့ တွေးထားတာ..."

"အကယ်၍ မြေးလေး ထွက်မပြေးဘူးဆိုရင် အဘိုးက လွန်လွန်ကျူးကျူး တွေးမိတာပေါ့... အကယ်၍ ထွက်ပြေးတယ်ဆိုရင်တော့ မြေးလေးမှာ ဖုံးကွယ်ထားစရာ တစ်ခုခု ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ..."

ယွင်ဟွား...

“ဘုရားရေ... ဘာလို့ ငါ့အဘိုးက ငါ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်တွေကို လုပ်နေရတာလဲ... ငါလည်း ထွက်မပြေးဘဲ နေခဲ့ရမှာ…”

"အဘိုးက လွန်လွန်ကျူးကျူး တွေးနေတာပါ... မြေးက သန်းခေါင်ယံမှာ သေးသွားပေါက်ချင်ရုံလေးပါ..."

ယွင်ဟွားက ငိုလုနီးပါး ဖြစ်နေ၏။ သူမသည် သူ့ကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် တိုက်ခိုက်ခဲ့သော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရသည်။

အရမ်းကောင်းမွန်သည်။

အဘိုးဖြစ်သူသည် သူမ၏ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေတွင် အိပ်စက်ရမည့်သူများစာရင်းထဲသို့ ထည့်သွင်းခံလိုက်ရလေပြီ။

"ဟုတ်ရဲ့လား..."

ချွေ့ဟုန်ယွမ်က ပြုံးလျက် မေးလိုက်သည်။

"ဟုတ်ပါတယ်..."

ယွင်ဟွားက ပြတ်သားစွာ ပြောလိုက်၏။ ဤအခြေအနေရောက်နေလျှင်တောင်မှ သူမသည် ဆက်လက်၍ သေချာပေါက် တိုက်ပွဲဝင်သွားမည် ဖြစ်သည်။

"ကောင်းပြီလေ..."

ယွင်ဟွားက အလွန် ဝမ်းသာသွားသည်။

"ဒါဆိုရင် လက်သုံးချောင်း မြှောက်ပြီး ချက်ချင်း သစ္စာဆိုလိုက်ပါ... အဘိုး ယုံပေးမယ်..."

ဤမိန်းကလေးက အလွယ်တကူ သစ္စာမဆိုတတ်ကြောင်း သူ မှတ်မိနေ၏။

ယွင်ဟွား၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု မပေါ်လာနိုင်မီ သူမ အဘိုး၏ စကားများက သူမအား စိတ်ပျက်အားငယ်မှုထဲသို့ တွန်းပို့လိုက်လေသည်။

သစ္စာဆိုရမည်။

သူမကို သတ်ပစ်လျှင်တောင်မှ ထိုသို့ ပြုလုပ်ရဲမည် မဟုတ်ပေ။

"ဘာဖြစ်လို့လဲ... ယုံကြည်ချက် အပြည့်ရှိနေတဲ့ မြေးက သစ္စာဆိုဖို့တောင် မရဲဘူးလား..."

"အဘိုး ပေးထားတဲ့ အိမ်စာတွေကို ငါ့မြေးက တကယ် မလုပ်ရသေးဘူး ထင်တယ်..."

ချွေ့ဟုန်ယွမ်က သူမ၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ ဤမိန်းကလေးတွင် မည်သို့သော ဆင်ခြေများ ရှိနေမည်ကို သိရှိလိုနေ၏။

“သွားစမ်း... ဟွားဟွားလေး... နင် ကံကောင်းဖို့ပဲလိုတယ်... အဘိုးက နင့်ကို အထင်သေးအောင် လုပ်လို့ မရဘူး... ပေပေ့... နင့်ရဲ့ ရတနာတွေကို အခုပဲ ထုတ်လိုက်စမ်း... မိုးကြိုးပစ်ခတ်မှုကို ခံယူဖို့ ပြင်ဆင်ထားကြစို့…”

“ပါးစပ်ပိတ်ထားစမ်း…”

ယွင်ဟွားက သေခြင်းရှင်ခြင်းစာအုပ်ကို စိတ်ရှုပ်လာသဖြင့် တရားသူကြီး၏စုတ်တံပေါ်ရှိ ဆံပင်အမွေးစုလေးကို ဆွဲကိုင်ကာ သူမ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဆွဲသွင်းသွားလေသည်။

အပြစ်ပေးမိုးကြိုး ကျဆင်းလာပါက ကျန်ရစ်နေသော အကျိုးသက်ရောက်မှုများက သာမန်လူများကို ထိခိုက်စေနိုင်ခြင်းရှိမရှိကို အဘယ်ကြောင့် ထည့်သွင်းမစဉ်းစားရသနည်း။

ယွင်ဟွားက နှုတ်ခမ်းစူကာ ငိုတော့မည့်ပုံ ပေါ်နေလေသည်။

ချွေ့ဟုန်ယွမ်သည် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။ ဤသည်မှာ မိန်းကလေး မကြာခဏ အသုံးပြုလေ့ရှိသော လှည့်ကွက်လေးတစ်ခု ဖြစ်၏။

"နှစ်ကုန်ခါနီးနေပြီ... ထွက်ပြေးဖို့ မစဉ်းစားနဲ့... အဘိုးနဲ့အတူ မြို့တော်ကို လိမ္မာရေးခြားရှိစွာ ပြန်လိုက်ခဲ့..."

"သနားစရာကောင်းအောင် မလုပ်နဲ့... မနက်ဖြန်ကစပြီး မြေးလေးရဲ့ လက်ရေးလေ့ကျင့်မှုကို အဘိုးကိုယ်တိုင် ကြီးကြပ်မည်..."

ယွင်ဟွား၏ မျက်လုံးများထဲမှ အလင်းရောင်မှာ ချက်ချင်း မှေးမှိန်သွားရာ နန်ကုန်းယွမ်အား မျက်မှောင်ကြုတ်သွားစေသည်။

ချွေ့ဟုန်ယွမ်သည် သူ၏ မြေးဖြစ်သူ စိတ်ပျက်အားငယ်နေပုံကို မကြည့်ရက်နိုင်ပေ။

သို့သော် သူမနှင့် မရင်းနှီးပါက သူမ၏ လက်ရေးကို မှတ်မိမည့်သူမှာ အလွန် နည်းပါးလှသည်။

"ရှောင်ဟွားအာ... အဘိုးက အများကြီး မတောင်းဆိုပါဘူး... မြေးလေးရဲ့ လက်ရေး နည်းနည်းလေး တိုးတက်လာတာနဲ့ နောက်နောင် လက်ရေးလေ့ကျင့်ဖို့ ဘယ်တော့မှ အတင်းအကျပ် ခိုင်းတော့မှာ မဟုတ်ဘူးလို့ အဘိုး ကတိပေးပါတယ်..."

ချွေ့ဟုန်ယွမ်သည် သူ၏ လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်၏။

တကယ်ပင်။

သူ၏ တောင်းဆိုချက်များက တကယ့်ကို မများပြားလှပေ။

မည်သို့ပင်ဖြစ်စေ...

အဆုံးတွင် ယွင်ဟွားသည် သူမ၏ အိမ်စာများကို ဖြည့်စွက်ရေးသားရမည့် အခြေအနေမှ မလွတ်မြောက်နိုင်ခဲ့ပေ။

"မောင်လေး... ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး..."

ယွင်ဟွားသည် မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် နန်ကုန်းယွမ်အား သနားစရာကောင်းစွာ ကြည့်လိုက်သည်။

နန်ကုန်းယွမ်က စိတ်ရှုပ်ထွေးနေပုံရသည်။

နောက်တစ်နေ့တွင် မိန်းကလေး၏ လက်ရေးကို မြင်တွေ့ပြီးနောက် သူမအား ကူညီပေးမည့် အတွေးကို သူ စွန့်လွှတ်လိုက်လေသည်။

ထိုလက်ရေးမှာ တကယ်ကို ဖော်ပြ၍မရနိုင်အောင်ပင်။ နင်းအန်းနယ်စားက သူမကို လက်ရေးလေ့ကျင့်စေရန် ဤမျှအထိ ကြိုးပမ်းအားထုတ်နေခြင်းမှာ မဆန်းပေ။ သူသည် ဤကိစ္စအတွက် တကယ့်ကို အချိန်များစွာ ပေးခဲ့ခြင်းဖြစ်သည်။

"အမတ်ငယ်ယွင်… မင်းအတွက် အရသာရှိတဲ့ အစားအစာတွေ ထပ်ပြင်ဆင်ပေးဖို့ ရှောင်လီဟွာကို ခိုင်းလိုက်ရင်ရော..."

မလှမ်းမကမ်းမှ သူ့အား မျက်လုံးမှေးကာ ကြည့်နေသော နင်းအန်းနယ်စားကို သူက တစ်ချက် လှမ်းကြည့်လိုက်ပြီး ရက်စက်စွာ ငြင်းဆန်လိုက်လေသည်။

"ဟွန့်..."

ယွင်ဟွားက ညည်းညူလိုက်ပြီး ဤမောင်လေးကို သူမ ဆက်၍ မလိုအပ်တော့ကြောင်း ညွှန်ပြလိုက်၏။

ခရီးစဉ်မှာ လေးငါးရက်ခန့် ကြာမြင့်ခဲ့ပြီး ထိုအချိန်အတွင်း ယွင်ဟွားသည် သူမ၏ အဘိုးဖြစ်သူထံမှ ကြီးကြပ်မှုကို ခံခဲ့ရကာ အဘွားဖြစ်သူက သူမအား ကာကွယ်ပေးခဲ့သည်။

အိမ်စာကိုးဆယ်၏ တစ်ဝက်ကို သူမ အောင်မြင်စွာ ပြီးစီးခဲ့သည်။

သူမ၏ လက်သေးသေးလေးများသည် စာရေးရလွန်းသဖြင့် အားနည်းနေကာ တူကိုပင် ကောင်းစွာ မကိုင်နိုင်တော့ပေ။ ဤသည်က သူမအား အလွန်ဒေါသထွက်စေခဲ့ပြီး သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့က နေ့စဉ်နေ့တိုင်း ချွေ့ဟုန်ယွမ်၏ ခေါင်းပေါ်သို့ ခုန်တက်နေကြသည်။

တရားသူကြီး၏စုတ်တံမှာ အထူးသဖြင့် စကားကြမ်းကြမ်းတမ်းတမ်း ပြောဆိုတတ်လေသည်။

တော်ဝင်စာကြည့်ဆောင်၌။

ဧကရာဇ်ဝမ်ရွှမ်းသည် မင်းသားစု၏ ဆက်ခံသူထံမှ စာကို လက်ခံရရှိချိန်တွင် သူသည်လည်း စိုးရိမ်နေပုံပေါ်လေသည်။

အခန်း (၁၅၂) ဆုလာဘ်များ၊ ယွင်ဟွားက လက်ရေးမူကို လက်ဆောင်ပေးအပ်ခြင်း

"အထိန်းတော်ချောင်... ဒီမိန်းကလေးကို ဆုလာဘ်အနေနဲ့ အခြားဘာများ ပေးသင့်တယ်လို့ ထင်သလဲ..."

သူသည် မကြာမီ ကျရောက်တော့မည့် နှင်းမုန်တိုင်းကပ်ဘေးအတွက် အစီအစဉ်များ ပြုလုပ်လို့ ပြီးစီးရုံသာ ရှိသေးပြီး ရွှေဆုလာဘ်လေးများကို ပြင်ဆင်နေချိန်တွင် ဤမိန်းကလေးက သူ၏ အခြားသော ပြဿနာတစ်ခုကို မထင်မှတ်ဘဲ ဖြေရှင်းပေးခဲ့လေသည်။

အထိန်းတော်ချောင်သည် မှင်သွေးနေခြင်းကို ဆက်လုပ်နေပြီး ဧကရာဇ်ဝမ်ရွှမ်းအတွက် ဝမ်းသာပီတိ ဖြစ်နေမိ၏။ ထို့နောက် သူက

လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး... သခင်မလေးယွင်က ရှောင်ကျင်းဇီကို သဘောကျပါတယ်... အနည်းငယ်လောက် ထပ်ပေါင်းထည့်ပေးလိုက်ရင် မကောင်းဘူးလား... သူမ သေချာပေါက် ကျေနပ်သွားမှာပါ..."

"ရှောင်ကျင်းဇီ ထပ်ပေးရဦးမလို့လား..."

ဧကရာဇ်ဝမ်ရွှမ်းက သက်ပြင်းချလိုက်လေသည်။

"အဲ့မိန်းကလေးက ငါကိုယ်တော်ကို အကုန်ခွာစားနေတာပဲ... ငွေက ပမာဏနည်းနည်းလေးပဲ ရှိတာ... လက်ဝတ်ရတနာတွေဆိုတာကလည်း တန်ဖိုးမရှိဘူးလေ... အိမ်တွေနဲ့ ဆိုင်ခန်းတွေကကော မကောင်းဘူးလား..."

အထိန်းတော်ချောင်မှာ အံ့အားသင့်သွား၏။

"ဒါပေမယ့် အမတ်ငယ်ယွင်က ရှောင်ကျင်းဇီကိုပဲ သဘောကျတာလေ..."

ဟုတ်ပေသည်။ ထိုမိန်းကလေးက အဘယ်ကြောင့် ရှောင်ကျင်းဇီကိုသာ သဘောကျနေရသနည်း။

ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ ခေါင်းကို ပွတ်သပ်လိုက်လေသည်။

“သူမက မကြာသေးမီကမှ ကောင်တီမင်းသမီးအဆင့်ကို ရာထူးတိုးမြှင့်ခံထားရတာ မဟုတ်ဘူးဆိုရင် အခုချက်ချင်း သူမကို မင်းသမီးဘွဲ့ ချီးမြှင့်လိုက်ချင်တယ်..."

"ကောင်းပြီလေ... ငါကိုယ်တော် အနောက်နန်းဆောင်ကို သွားပြီး ကိုယ်လုပ်တော်တွေဆီက ရွှေတချို့ သွားလဲလိုက်ဦးမယ်..."

ဧကရာဇ်ဝမ်ရွှမ်းက ထိုင်ရာမှထကာ နန်းတွင်းဆောင်ဆီသို့ လျှောက်သွားလေသည်။

ယွင်ဟွားသည် လွန်ခဲ့သောဆယ်နှစ်စာ ပေါင်းထားသည်ထက်ပင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း စာများကို ပို၍ ရေးခဲ့ရသည်။ သို့သော် သူမ၏ လက်ရေးမှာ တကယ့်ကို နည်းနည်းလေးမှ တိုးတက်မလာခဲ့ပေ။

နန်ကုန်းယွမ်သည် တိတ်ဆိတ်စွာနေပြီး သူမ စိတ်ပျော်ရွှင်စေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားပေးရုံသာ တတ်နိုင်လေသည်။ သို့သော်... အကျိုးသက်ရောက်မှုက အလွန်နည်းပါးလှ၏။

မြို့တော်သို့ ပြန်ရောက်ပြီးနောက် ယွင်ဟွားက သူမ၏ အဘိုးဖြစ်သူနှင့် လမ်းခွဲကာ ယွင်မိသားစု ဘိုးဘေးခန်းမသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

တံခါးပိတ်သွားသည်နှင့် တစ်ပြိုင်နက် သူမသည် ဘိုးဘွားများ၏ ကမ္ပည်းပြားများကို ဆွဲကိုင်ကာ ညည်းညူတော့လေသည်။

"ဝါး..."

"အဘိုး... အဘိုးရဲ့ ချစ်စရာကောင်းတဲ့ မြေးလေးက အဘိုးရဲ့ ခမည်းခမက်တွေဆီမှာ လက်ပူးလက်ကျပ် မိသွားခဲ့တယ်... ငါးရက်အတွင်း အိမ်စာလေးဆယ့်သုံးခုကို ဖြည့်စွက်ရေးသားရဦးမယ်..."

ထိုသို့ပြောပြီးနောက် သူမသည် အနည်းငယ် တုန်ယင်နေသော သူမ၏ လက်သေးသေးလေးကို မြှောက်ပြလိုက်၏။

"ကြည့်ပါဦး... လက်တွေက ပျော့ခွေနေတုန်းပဲ..."

ယွင်ကျန်းရှန်သည် ကမ္ပည်းပြားထဲမှ လွင့်မျောထွက်လာပြီး လုံးဝ ဇဝေဇဝါဖြစ်နေပုံ ပေါ်လေသည်။

"မြေးလေး ဘယ်တွေကို သွားနေခဲ့တာလဲ... ချွေ့မိသားစုက အဘိုးကြီးနဲ့ ဘယ်လိုလုပ် သွားဆုံရတာလဲ..."

ယွင်ဟွားသည် ပြီးခဲ့သည့် ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်မပြောပြမီ ခဏတာမျှ စဉ်းစားလိုက်သည်။

ဘိုးဘေးများ...

ယွင်ကျန်းရှန်သည် ပါးစပ်ဟလိုက်သော်လည်း မည်သို့ ပြောရမည်ကို မသိတော့ပေ။ သူမသည် သူမ၏ အဘိုးအဘွားများကို ကယ်တင်ခဲ့သော်လည်း လက်ပူးလက်ကျပ်လည်း မိသွားခဲ့လေသည်။

သူသည် မြေးဖြစ်သူအတွက် ထက်မြက်သော အကြံဉာဏ်များစွာကို ဖန်တီးပေးခဲ့သော်လည်း တစ်ခုမျှ အသုံးမဝင်ခဲ့ပေ။

"မြေးလေးရယ်.. ကံကြမ္မာကိုသာ လက်ခံလိုက်ပါတော့..."

ယွင်ဟွားသည် မတရားခံရသည်ဟုသယ ခံစားလိုက်ရ၏။

သို့သော် သူမတွင် အရေးကြီးသော လုပ်စရာများ ရှိသေးကြောင်းကိုတော့ မမေ့ခဲ့ပေ။

ထို့နောက် ချက်ချင်းပင် သူမသည် လက်သင်္ကေတများ ပြုလုပ်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ယင်စွမ်းအင်များကို စုစည်းပြီး ယွင်မိသားစု ဘိုးဘေးထံသို့ အားလုံး ပြန်လည်ပေးပို့လိုက်လေသည်။

သေခြင်းရှင်ခြင်းစာအုပ်က နှလုံးသားထဲမှ နာကျင်မှုကို ခံစားလိုက်ရသော်လည်း အဆုံးတွင် တိတ်ဆိတ်စွာသာ နေလိုက်၏။

တွမ့်ယွင်တောင်ထွတ်တွင် ဓားပြများကို နှိမ်နင်းစဉ်အတွင်း သူ၏ ပန်းကလေးက ကုသိုလ်အချို့ကို ရရှိခဲ့သေးသည်။

တရားသူကြီး၏စုတ်တံသာလျှင် မျက်ရည်များ ဆက်တိုက် ကျဆင်းနေပြီး ပန်းကလေး၏ မှိုင်းညို့နေသော အငွေ့အသက်များ ပျောက်ကွယ်သွားခဲ့လေပြီ။

"ဘိုးဘေးတို့... ကြိုးကြိုးစားစား ကျင့်ကြံရမယ်နော်..."

ပူဇော်ပွဲစားပွဲပေါ်ရှိ ဖယောင်းတိုင်မီးရောင်မှာ အနည်းငယ် တုန်ခါသွားပြီး ယွင်ကျန်းရှန်သည်လည်း သူ၏ ကမ္ပည်းပြားဆီသို့ ပြန်သွားလေသည်။

"ဒုန်း" ဟူသော အသံတစ်သံနှင့်အတူ။

ဘိုးဘေးခန်းမ၏ တံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး ယွင်ဟွား တစ်ုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် တစ်စုံတစ်ဦး၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရလေသည်။

"ဟွားအာ... ကျေးဇူးတင်ပါတယ်..."

“အမေ့ မိဘတွေကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ချွေ့ဝမ်ရှင်း၏ အသံမှာ အနည်းငယ် အက်ကွဲနေပြီး ယွင်ဟွားအား တင်းကျပ်စွာ ဖက်ထားကာ လွှတ်မပေးရန် ငြင်းဆန်နေ၏။

"အမေ..."

ယွင်ဟွား၏ မျက်နှာထားမှာ အနည်းငယ် တစ်မျိုးဖြစ်နေလေသည်။

အပြင်ဘက်ရှိ လူများသည် ဤအရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြပြီး မည်သူကမျှ သူတို့ကို အနှောင့်အယှက်ဖြစ်စေရန် အသံမထွက်ခဲ့ကြပေ။

"အင်း..."

ချွေ့ဝမ်ရှင်း၏ မျက်လုံးများ နီရဲလာသော်လည်း မျက်ရည်များ မကျလာစေရန် သူမ အစွမ်းကုန် ကြိုးစားထားလေသည်။

"အမေ... လွှတ်မပေးဘူးဆိုရင် သမီး အသက်ရှူကျပ်ပြီး သေတော့မယ်..."

သူမ၏ မိခင်က ဤမျှ ခွန်အားကြီးမားကြောင်းကို ယခင်က တစ်ခါမျှ သတိမထားမိခဲ့ပေ။ သူမမှာ အသက်ရှူမဝဘဲ သေလုနီးပါး ဖြစ်သွားခဲ့သည်။

ချွေ့ဝမ်ရှင်းလည်း ချက်ချင်းပင် လက်ကို လျော့လိုက်လေသည်။

သမီးဖြစ်သူ၏ ပါးပြင်ပေါ်ရှိ ဖျော့တော့သော ပြာနှမ်းနှမ်းအရောင်ကို မြင်လိုက်ရသောအခါ သူမသည် ရှက်ရွံ့စွာ ပြုံးလိုက်၏။ သူမ အနည်းငယ် စိတ်လှုပ်ရှားလွန်းသွားခဲ့ခြင်း ဖြစ်သည်။

လူတိုင်း...

ယွင်ဟွားအား ဂရုတစိုက် စစ်ဆေးပြီးနောက် သူမ အဆင်ပြေကြောင်း မြင်လိုက်ရမှ ချွေ့ဝမ်ရှင်းက သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ထို့နောက် သူမသည် ယွင်ဟွား၏ လက်သေးသေးလေးကို ကိုင်လိုက်ပြီး သူမအတွက် အနည်းငယ် စိတ်မကောင်းဖြစ်ကာ ပြောလိုက်၏။

"အဘိုးက သမီးကို အိမ်စာလုပ်စေချင်တယ်ဆိုပေမယ့် အမေက သမီးအတွက် ဆုံးဖြတ်ပေးမှာပါ... သမီး လုပ်စရာ မလိုဘူး..."

"အခုမှစပြီး အဲ့စာလုံးတွေကို ဖြည်းဖြည်းချင်း လေ့ကျင့်လို့ ရပါတယ်... အမေ နားလည်နိုင်သရွေ့ သမီး တတ်နိုင်တဲ့ အတိုင်းအတာအထိ လေ့ကျင့်နိုင်ပါတယ်..."

"အဘိုးရဲ့ စိတ်ကူးတွေကို အမေတို့ နားထောင်မှာ မဟုတ်ဘူး... ကောင်းကင်ကြီး ပြိုကျလာရင်တောင် အမေက သမီးအတွက် တားဆီးပေးထားမှာပါ..."

ယွင်ဟွား၏ နှလုံးသားမှာ ပူနွေးသွားလေသည်။

"အမေ... သမီးက အမေ့ကို အချစ်ဆုံး... အချစ်ဆုံး... အချစ်ဆုံးပဲ..."

"အမေလည်း သမီးကို ချစ်ပါတယ်..."

ချွေ့ဝမ်ရှင်းသည် ယွင်ဟွားအား ဘိုးဘေးခန်းမထဲမှ ဆွဲထုတ်လာခဲ့၏။

"လာပါ... သမီးအတွက် ကောင်းတာတစ်ခုခု ပြင်ဆင်ပေးဖို့ အစေခံတွေကို အမေ ခိုင်းလိုက်မယ်... ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သမီး ဘယ်လောက်တောင် ဒုက္ခခံခဲ့ရလဲဆိုတာ ကြည့်ပါဦး... သမီး မျက်နှာလေး တော်တော် ပိန်သွားတာပဲ..."

လူတိုင်းသည် စကားတစ်ခွန်းမျှမဆိုဘဲ တိတ်ဆိတ်စွာ နေကြလေသည်။

ယခင်က သူမကို ထိန်းချုပ်နိုင်သည့် ဇနီး/မိခင်တစ်ဦး ရှိခဲ့သည်။

ယခုမူ ဟီးဟီး…

ယွင်ဟွား၏ ဆုလာဘ်က သူမ၏ အခန်းသို့ အလျင်အမြန် ရောက်ရှိလာခဲ့လေသည်။

၎င်းတို့အားလုံးမှာ ရွှေစသေးသေးလေးများဖြစ်ပြီး သူမက အလွန်အမင်းရယ်မောမှုကြောင်ြ မျက်လုံးများပင် ပျောက်ကွယ်သွားလေသည်။

နောက်တစ်နေ့ နံနက်စောစော။

ယွင်ဟွားသည် ဝမ်ရှူစာသင်ဆောင်တွင် လိမ္မာရေးခြားရှိစွာ ထိုင်နေပြီး အာရုံစိုက်ကာ နားထောင်နေရင်း... စားသောက်နေလေသည်။

ယခင်က ဖြစ်ပွားခဲ့သော အတန်းတွင်း ခိုက်ရန်ဖြစ်ပွားမှုနှင့် "ခေါင်းခွဲတတ်သော အနိုင်ကျင့်သူ" ဟူသော ကောလာဟလ ဂုဏ်ပုဒ်များကြောင့် လူတိုင်းသည် ယဉ်ကျေးစွာ နေထိုင်ကြပြီး ယွင်ဟွားအတွက် ပြဿနာ မဖန်တီးကြပေ။

ယွင်ဟွားက တော်ဝင်ဆရာကြီးနင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။

အချိန်အနည်းငယ် ကြာပြီးနောက်။

ယွင်ဟွားက သူမ၏ လက်သေးသေးလေးကို တိတ်ဆိတ်စွာ မြှောက်လိုက်၏။

တော်ဝင်ဆရာကြီးနင်း၏ နှလုံးသားမှာ မိုးကြိုးပမာ တဒိုင်းဒိုင်း ခုန်ပေါက်နေလေသည်။

"မင်းသမီး... ကိစ္စတစ်ခုခုရှိလို့လား..."

*ငါ့ရဲ့ အသည်းအသက်လေးရယ်... ကျေးဇူးပြုပြီး ပြဿနာမရှာပါနဲ့*

"တော်ဝင်ဆရာကြီးနင်း..."

"ကျွန်မ မျက်နှာပေါ်မှာ တစ်ခုခုရှိနေလို့လား... အထဲရောက်ကတည်းက ဆရာကြီးက ကျွန်မကို ဆယ့်ခုနစ်ကြိမ်တောင် ကြည့်ပြီးပြီလေ..."

ယွင်ဟွားက အားလုံးကို မှတ်မိနေ၏။ သူ၏ မျက်လုံးများထဲမှ မကျေမနပ်ဖြစ်နေသော အကြည့်ကို သူမ လျစ်လျူရှုရန် ခက်ခဲနေလေသည်။

တော်ဝင်ဆရာကြီးနင်း၏ နဖူးပေါ်တွင် ချွေးစေးများ ချက်ချင်း ပေါ်လာခဲ့သည်။

"မင်းသမီး... မြင်တာမှားနေတာ ဖြစ်ရမယ်..."

ပြီးခဲ့သည့်အကြိမ်က သူ နိုးလာပြီးနောက် ယွင်ကျန်းရှန်၏ လက်ရေးမူမှာ ပျောက်ဆုံးသွားခဲ့သည်။ သူသည် ထိုအရာကို အကြိမ်ကြိမ် ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် အမတ်ကြီးယွင်က ယူဆောင်သွားခဲ့ကြောင်း ကိုယ်ရံတော်တစ်ဦးထံမှ အမှန်တရားကို သိရှိရန် ငွေအမြောက်အမြား အကုန်အကျခံခဲ့ရလေသည်။

ထိုအရာက သူ၏ နှလုံးသားကို ကြေကွဲစေခဲ့၏။

အကယ်၍ သူသာ သိခဲ့လျှင် ထိုအချိန်က ၎င်းကို သူ၏ ရင်ခွင်ထဲတွင် သိမ်းထားသင့်ပေသည်။ သူမက သူ၏ အဝတ်အစားများကို ဆွဲဖြဲမည်ဟု သူ မယုံကြည်ခဲ့ပေ။

"တကယ်လား..."

ယွင်ဟွားက သူ့အား သံသယဖြင့် ကြည့်လိုက်သည်။

တော်ဝင်ဆရာကြီးနင်းသည် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်၏။

"ဟုတ်ပါတယ်... မင်းသမီးရဲ့ စားပွဲပေါ်မှာ သရေစာတွေ သိပ်မကျန်တော့တာကို သတိထားမိလို့ နောက်ထပ် နည်းနည်း ထပ်ယူပေးဖို့ စဉ်းစားနေတာပါ..."

*အသည်းအသက်လေးရယ်... ကျေးဇူးပြုပြီး သနားညှာတာပေးပါ*

ယွင်ဟွားသည် သံသယအချို့ ရှိနေဆဲပင်။

"ရှောင်ရှူးရှူး... တော်ဝင်ဆရာကြီးနင်းက တစ်ခုခုများ ကြံစည်နေသလား... ဒါမှမဟုတ် မကောင်းတာတစ်ခုခုကိုများ စီစဉ်နေသလားဆိုတာ ငါ့ကို ကူညီပြီး ကြည့်ပေးနိုင်မလား..."

“ရှူးရှူး... အကယ်၍ သူသာ ပြဿနာရှာဖို့ ကြိုးစားနေတယ်ဆိုရင် ငါတို့ သူ့ကို ချေမှုန်းပစ်လိုက်ရုံပဲ…”

တရားသူကြီးပေပေ့က သူ၏ လက်သီးသေးသေးလေးကို ဆုပ်ထားလိုက်၏။

တော်ဝင်ဆရာကြီးနင်း၏ ခေါင်းမှာ ထူပူနေလေသည်။

ရိုးရိုးသားသား ပြောရလျှင် သူ ဘာမျှ မလုပ်ချင်ပါပေ။

“ပန်းကလေး... သူက တော်တော်လေး ရိုးသားပုံပေါ်ပါတယ်... နင် ရေးခဲ့တဲ့ အဲ့ဒီ လက်ရေးမူကို သူ လိုက်ရှာနေတာ ငါ သတိထားမိတယ်..”

ယွင်ဟွားက ရုတ်တရက် နားလည်သွားလေသည်။

“ဪ ဒါကြောင့်ကိုး... တော်ဝင်ဆရာကြီးနင်းက တုံ့ဆိုင်းနေပြီး မကျေမနပ်ဖြစ်နေပုံရတာ အံ့ဩစရာ မရှိပါဘူးလေ…”

“နင် စောစောကတည်းက ပြောသင့်တာပေါ့... ဒီနေ့ည သူ့အတွက် ငါ့လက်ရေးမူတချို့ ရေးပေးလိုက်မှာပေါ့…”

“ငါ့ရဲ့ အဘိုးက ငါ့လက်ရေးကို ပြင်းပြင်းထန်ထန် မုန်းတီးခဲ့ပေမယ့် တော်ဝင်ဆရာကြီးနင်းက ငါ့လက်ရေးရဲ့ အနှစ်သာရကို နားလည်နိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး..”

“တကယ့်ကို သဘောကောင်းတဲ့သူပါလား…”

သေခြင်းရှင်ခြင်းစာအုပ်၏ နှုတ်ခမ်းထောင့်စွန်းမှာ ပြင်းထန်စွာ တုန်ခါသွားလေသည်။

တော်ဝင်ဆရာကြီးနင်း တန်ဖိုးထားသည့်အရာမှာ နင် "အထူးတလည်" စွမ်းဆောင်ပြခဲ့သည့် တစ်ကြိမ်သာဖြစ်ကြောင်း ပန်းကလေးအား သူ တကယ်ကို ပြောပြချင်နေခဲ့၏။

သို့သော် ထိုညနေခင်းမှာပင် တော်ဝင်ဆရာကြီးနင်းသည် ယွင်ဟွားထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့လေသည်။ သူသည် ၎င်းကို ဘယ်သောအခါမှ ပြန်မထုတ်တော့ရန် ဗီရို၏ အောက်ခြေအနက်ဆုံးတွင် သော့ခတ်ကာ မျက်ရည်များဖြင့် သိမ်းဆည်းထားရုံသာ တတ်နိုင်လေတော့သည်။

ယနေ့ ကျောင်းတက်ချိန်က အေးချမ်းစွာ ကုန်ဆုံးသွားခဲ့သည်။

ဆောင်းရာသီတွင် ပွင့်လန်းနေသော ဆီးနှင်းပန်းများသည် အေးစက်ပြီး အထီးကျန်ဆန်သော နန်းတော်အတွက် ပျော်ရွှင်မှုတစ်စိတ်တစ်ပိုင်းကို ပေါင်းထည့်ပေးနေလေသည်။

မိဖုရားဆောင်ရှိ အမျိုးသမီးများသည် ဆီးနှင်းပန်းများကို ကြည့်ရှုခံစားရန် တော်ဝင်ဥယျာဉ်တွင် စုဝေးနေကြသည်။

"ယွင်ဟွားက မယ်တော်ကြီးကို ဂါရဝပြုပါတယ်..."

ရက်အနည်းငယ်မျှ မတွေ့ရပြီးနောက် သူမ၏ သူငယ်ချင်းဟောင်းမှာ ပို၍ပင် နုပျိုနေပုံရလေသည်။

"ငါ့ရဲ့ ညီမငယ်လေး... မြန်မြန် ဒီကိုလာခဲ့..."

မယ်တော်ကြီးသည် ကျယ်လောင်စွာ ပြုံးလိုက်ပြီး ယွင်ဟွား၏ လက်သေးသေးလေးကိုကိုင်ကာ သူမ၏ ဘေးတွင် ထိုင်စေလေသည်။

တစ်ချိန်တည်းမှာပင် အထိန်းတော်ကူက ရေနွေးဘူးတစ်ဘူးကို ယွင်ဟွားထံ ကမ်းပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။

"မင်းသမီး... ရာသီဥတုက အေးတယ်... နွေးထွေးအောင် ဒါလေး ယူထားလိုက်ပါ..."

ယွင်ဟွားက သူမကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူမသည် အအေးဒဏ်ကို မကြောက်သော်လည်း ၎င်းမှာ အထိန်းတော်၏ ကြင်နာမှု ဖြစ်ပေသည်။

မိဖုရားဆောင်ရှိ ကိုယ်လုပ်တော်များသည် ဤအရာနှင့် အသားကျနေကြပြီဖြစ်ပြီး ဩဇာကြီးမားသော ပုဂ္ဂိုလ်များစွာက သူမကို ကာကွယ်ပေးထားသဖြင့် သူတို့အနက်မှ မည်သူကမျှ သူမကို မရန်စရဲကြပေ။

တော်ဝင်ကြင်ယာတော်စုသည် ယွင်ဟွားအပေါ် တဖြည်းဖြည်း ပို၍ သံယောဇဉ်တွယ်လာပြီး သူမအား မွေးစားသမီးအဖြစ် အသိအမှတ်ပြုလိုစိတ်မှာလည်း ပိုမို ပြင်းပြလာလေသည်။

"ဟွားလေး... ငါ့ဆီမှာ အရသာရှိတဲ့ အစားအစာတွေ ရှိသေးတယ်..."

ထိုသို့ပြောပြီးနောက် သူမက ရှေ့ရှိ အရာအားလုံးကို တွန်းပို့ပေးလိုက်၏။

သူမသည် ရတနာများစွာကိုလည်း ပြင်ဆင်ထားပြီး အားလုံးမှာ ဤမိန်းကလေးအတွက်ဖြစ်သည်။ သူမ၏ သားဖြစ်သူမှာ တကယ့်ကို အသုံးမကျပေ။ မိန်းကလေးက သူ၏ အသက်ကို ကယ်တင်ပေးခဲ့သော်လည်း သူက သူမကို အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှပင် မပေးခဲ့ပေ။

သူ၏ ဖခင်ဖြစ်သူကဲ့သို့ပင် သူသည် မည်သည့်အရာကိုမျှ နားမလည်ဘဲ ၎င်းက သူမကို တကယ်ပင် များစွာ စိုးရိမ်ပူပန်စေသည်။

လူတိုင်း...

All Chapters