← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃) ကိုယ်ဝန်က အတုလား အစစ်လား

ဧကရီသည် ကြည့်ပင် မကြည့်ရက်တော့ပေ။

သူမ၏ ယောက်မဖြစ်သူသည် ယွင်မိသားစုထံ ပြေးသွားကာ မိန်းကလေးငယ်အား လုယူပြီး ကိုယ်ပိုင်သမီးအဖြစ် အိမ်သို့ခေါ်သွားမည်ကို သူမ အလွန်ကြောက်ရွံ့နေလေသည်။ ထို့နောက် သူမ၏ ကိုယ်ပိုင်သားကို ယွင်မိသားစုထံ စွန့်ပစ်ခဲ့မည်ကိုလည်း စိုးရိမ်နေ၏။

သူမသည် သက်ပြင်းချလိုက်ပြီး ကိုယ်လုပ်တော်များအား ကြည့်လိုက်လေသည်။

ချန်နင်း ကောင်တီမင်းသမီး ရှိနေသဖြင့် လူတိုင်းက ပါးနပ်စွာပင် တိတ်ဆိတ်စွာ စကားပြောဆိုရင်း မက်မွန်ပန်းများကိုသာ အေးချမ်းစွာ ကြည့်ရှုခံစားနေကြပြီး မည်သူကမျှ ပြဿနာ မရှာကြပေ။

သို့သော်ငြားလည်း...

ကိစ္စရပ်များက ထင်ထားသလို ဖြစ်မလာတတ်ပေ။

"အစ်မတော်ရှူ... ဆောင်းရာသီမှာ ကင်ထားသော တည်သီးမုန့်တွေက တကယ့်ကို အရသာရှိလှတယ်... ဒါပေမယ့် အစ်မတော်က ကိုယ်ဝန်ရှိစဆိုတော့ သတိထားရမယ်... တည်သီးတွေက သဘာဝအရ အေးတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ အများကြီး မစားသင့်ဘူး..."

ကိုယ်လုပ်တော်အန်းက ပြုံးယောင်သန်းလျက် ပြောလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် များစွာ စိုးရိမ်ပူပန်နေဟန်များ ပေါ်လွင်နေ၏။

ကိုယ်လုပ်တော်ရှူ၏ လက်များက တုန်ယင်သွားပြီး တည်သီးကို ချက်ချင်း ပြန်ချထားလိုက်လေသည်။

ကိုယ်လုပ်တော်များအားလုံး လှမ်းကြည့်လိုက်ကြရာ သူတို့၏ မျက်နှာအမူအရာများမှာ အတော်လေး စိတ်ဝင်စားဖွယ်ကောင်းလှသဖြင့် ယွင်ဟွားပင် အံ့ဩတကြီး စုတ်သပ်မိသွားလေသည်။

မိန်းမများပြားသော နေရာတိုင်းတွင် ပဋိပက္ခများ ရှိတတ်စမြဲပင်ဖြစ်၏။ ယွင်ဟွားက ကင်ထားသော တည်သီးတစ်ချပ်ကို ပါးစပ်ထဲ သွင်းလိုက်ရာ တကယ့်ကို အရသာရှိလှပေသည်။

မယ်တော်ကြီးက ကိုယ်လုပ်တော်ရှူအား တစ်ချက်ကြည့်လိုက်ရာ သူမမှာ ချက်ချင်းပင် တောင့်တင်းသွားလေသည်။

"မယ်တော်ကြီး... ကျွန်တော်မျိုးမက အချိုစားချင်စိတ်ဖြစ်လာလို့ နည်းနည်းလေးပဲ မြည်းကြည့်လိုက်တာပါ..."

ကိုယ်လုပ်တော်ရှူက အနည်းငယ် ပြာယာခတ်သွား၏။ ကင်ထားသော တည်သီးများ၏ မွှေးရနံ့က သူမ၏ နှာခေါင်းထဲသို့ တသုန်သုန် ဝင်ရောက်လာရာ သူမ မခံစားနိုင်တော့ပေ။

"ကိုယ်ဝန်ရှိနေချိန်မှာ စားသောက်တဲ့အရာတွေကို သတိထားရမယ်... ပါးစပ်ထဲထည့်မယ့် အရာမှန်သမျှကို သေချာစစ်ဆေးပြီး အရမ်းသတိထားသင့်တယ်..."

နန်းဆောင်အတွင်းရှိ ကိုယ်ဝန်ဆောင် ကိုယ်လုပ်တော်များဆိုသည်မှာ လူတိုင်းအတွက် မျက်စိဆံပင်မွေး ဆူးစရာများပင် ဖြစ်လေသည်။

မယ်တော်ကြီးသည် ခဏရပ်လိုက်ပြီး သူမ၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွား၏။

"ဧကရီ... ကိုယ်လုပ်တော်ရှူကို မျက်ခြည်မပြတ် စောင့်ကြည့်ပေးပါ..."

မယ်တော်ကြီးက ဧကရီအတွက် အနည်းငယ် သနားမိသွား၏။ မိန်းမတစ်ဦးအနေဖြင့် မိမိခင်ပွန်း၏ ကိုယ်လုပ်တော်နှင့် မမွေးဖွားသေးသော ကလေးကို စောင့်ရှောက်ပေးရခြင်းမှာ လွယ်ကူလှသည် မဟုတ်ပေ။

သို့သော်လည်း ဧကရီတစ်ဦးအနေဖြင့် သူမ၏ ပခုံးပေါ်ရှိ တာဝန်များကို ထမ်းဆောင်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

"မှန်လှပါ..."

ဧကရီသည် ယခုအခါတွင် အတော်လေး တည်ငြိမ်နေလေပြီ။ အိမ်ရှေ့စံ၏ နေရာမှာ လှုပ်ခတ်၍ မရနိုင်တော့သဖြင့် နန်းဆောင်အတွင်းသို့ ကလေးငယ်အချို့ ထပ်တိုးလာခြင်းက ကောင်းမွန်သောအရာပင် ဖြစ်၏။ သူမ ယခု စိုးရိမ်နေသည်မှာ အိမ်ရှေ့စံကြင်ယာတော်ထံမှ သတင်းကောင်း မကြားရသေးခြင်းပင် ဖြစ်သည်။

သူမက မြေးလေးကို ပွေ့ချီချင်စိတ် ပြင်းပြနေလေပြီ။

ကိုယ်လုပ်တော်ရှူ၏ မျက်နှာအမူအရာ မှောင်မိုက်သွားပြီး ရိုသေစွာ ပြန်လည်ဖြေကြားလိုက်၏။

"မယ်တော်ကြီး... ဧကရီရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်လှပါတယ်..."

ကိုယ်လုပ်တော်များသည် ၎င်းတို့၏ ပဝါများကို လိမ်ချိုးနေကြသည် သို့မဟုတ် အံကြိတ်နေကြလေသည်။ သူတို့၏ ပီပြင်လှသော မျက်နှာထားများက ယွင်ဟွားအား ရယ်မောစေခဲ့၏။

“ဟွားဟွား... သူတို့က မျက်နှာအမူအရာ ပြောင်းလဲတဲ့နေရာမှာ တကယ့်ကို တော်ကြတာပဲ... မုန့်ပိုရေးထားတဲ့ ရုပ်ပြစာအုပ်ထက်တောင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသေးတယ်…”

တရားသူကြီး၏စုတ်တံက မည်သူ့ကို ကြည့်ရမည်မှန်း မသိဘဲ ၎င်း၏ ခေါင်းလေးကို ချာချာလည်အောင် လှည့်နေလေသည်။

ဘေးဘက်တွင် ထိုင်နေသော ကိုယ်လုပ်တော်အန်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး သေခြင်းရှင်ခြင်းစာအုပ်ကလည်း သူမကို ကြည့်ကာ နှုတ်ခမ်းများ ကွေးတက်သွားလေသည်။

"မယ်တော်ကြီး... ကိုယ်လုပ်တော်ရှူက ကင်ထားတဲ့ တည်သီးတွေ အများကြီး စားနေတာကို ကျွန်တော်မျိုးမ တွေ့လိုက်တယ်... စိတ်ချရအောင် နန်းတွင်းသမားတော် တစ်ယောက်လောက် ခေါ်ပြီး စစ်ဆေးခိုင်းလိုက်ရင် ကောင်းမယ်..."

ကိုယ်လုပ်တော်ရှူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

"မယ်တော်ကြီး... ကျွန်တော်မျိုးမ ဘာမှ မဖြစ်ပါဘူး... နန်းတွင်းသမားတော်ကို အလုပ်ရှုပ်ခံပြီး ခေါ်စရာမလိုပါဘူး..."

ကိုယ်လုပ်တော်အန်းက အေးစက်စက် ပြုံးလိုက်လေသည်။

"ဘာအလုပ်ရှုပ်တာလဲ... အစ်မတော်ရှူက ကိုယ့်ဝမ်းဗိုက်ထဲက ကလေးအတွက် မတွေးဘူးလား... တစ်ခုခု ဖြစ်သွားရင် အစ်မတော် တာဝန်ယူရဲလား..."

"နင်..."

ကိုယ်လုပ်တော်ရှူက သူမအား စိုက်ကြည့်နေစဉ် ကိုယ်လုပ်တော်အန်း၏ လှောင်ပြောင်နေသော မျက်လုံးများက သူမအား ဖောက်ထွင်းတော့မတတ် ထိုးဖောက်ဝင်ရောက်လာပြီး သူမ၏ အင်္ကျီလက်ထဲတွင် ဖုံးကွယ်ထားသော လက်များမှာ ဖြူလျော်သွားသည်အထိ ဆုပ်ကိုင်ထားမိလေသည်။

မယ်တော်ကြီးက မျက်လုံးများကို ကျဉ်းလိုက်၏။ ယခင် နန်းတွင်းအရှုပ်တော်ပုံများ၏ အနိုင်ရသူတစ်ဦးအနေဖြင့် ဤအခြေအနေ၏ ရှုပ်ထွေးမှုများကို သူမ မည်သို့များ နားမလည်ဘဲ နေမည်နည်း။

"တစ်ယောက်ယောက် နန်းတွင်းသမားတော်ကို သွားခေါ်ချေ..."

သို့သော်လည်း…

ယနေ့ သူမ၏ သူငယ်ချင်းမလေးက အဘယ်ကြောင့် ဤမျှတိတ်ဆိတ်နေကြပြီး ရှောင်ရှူးရှူးနှင့် စကားမပြောကြသနည်း။

ဧကရာဇ်ဝမ်ရွှမ်းသည် ညီလာခံအပြီးတွင် တိုက်ဆိုင်စွာ ရောက်ရှိလာပြီး နန်းတွင်းသမားတော်အား ခေါ်ယူနေကြောင်း ကြားလိုက်ရသဖြင့် ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားလေသည်။

"ဘာတွေဖြစ်နေတာလဲ... ဘယ်သူက နန်းတွင်းသမားတော်ကို ခေါ်ခိုင်းတာလဲ..."

ကိုယ်လုပ်တော်အန်းက ချက်ချင်းပင် ဒူးထောက်ချလိုက်၏။

"အရှင်မင်းကြီး... ကိုယ်လုပ်တော်ရှူက တည်သီးမုန့်တွေ အများကြီးစားလိုက်လို့ မမွေးသေးတဲ့ ကလေးကို ထိခိုက်မှာ မယ်တော်ကြီးက စိုးရိမ်သွားလို့ပါ... ဒါ့ကြောင့် ကိုယ်လုပ်တော်ရှူကို စစ်ဆေးဖို့ နန်းတွင်းသမားတော်ကို ခေါ်ခိုင်းလိုက်တာပါ..."

"ဘာ..."

ဧကရာဇ်ဝမ်ရွှမ်းသည် ကိုယ်လုပ်တော်ရှူ၏ ဝမ်းဗိုက်အား စိုးရိမ်တကြီး ကြည့်လိုက်လေသည်။

"သွား... နန်းတွင်းသမားတော်ကို အမြန်သွားခေါ်ချေ..."

သူသည် သူ့အား "ခမည်းတော်" ဟု အဆက်မပြတ် ခေါ်နေသော၊ သူ့အား ချစ်ခင်မြတ်နိုးသည့် နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသော မင်းသမီးလေးတစ်ပါးကို အိပ်မက်မက်ခဲ့ဖူးလေသည်။

ထိုနောက်ဆုံးတစ်ချက်ကမူ...

ထားလိုက်ပါတော့... ဤသည်မှာ အတုသာဖြစ်၏။

ကိုယ်လုပ်တော်များသည် အလွန်မနာလိုဖြစ်ကာ သေလုမတတ်ပင် ခံစားနေကြရပြီး ချက်ချင်း မတ်တပ်ရပ်ကာ ဧကရာဇ်ထံသို့ လျှောက်သွားကြလေသည်။ ယွင်ဟွားသည်လည်း ထိုအချဉ်ပေါက်နေသော လေထုကြောင့် တုန်လှုပ်သွားလေသည်။

“ဘုရားရေ... ဒီလောက် မိန်းမတွေ အများကြီးနဲ့ ဧကရာဇ်က ဘယ်လိုလုပ်ပြီး အားလုံးကို အချိန်ပေးနိုင်မှာလဲ... တခြားကိုယ်လုပ်တော်တွေရဲ့ မျက်လုံးထဲက ဝံပုလွေလို အရောင်လက်နေတာကို မမြင်ဘူးလား..”

မယ်တော်ကြီး၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်မှုများ လင်းလက်သွားလေသည်။

လာပြီ... လာလေပြီ... မိန်းကလေးများ၏ ညည်းညူသံများက နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“စာအုပ်ထဲကအတိုင်းဆိုရင် ဧကရာဇ်က အတော်လေး ပျော်ရွှင်နေပုံရတယ်... ဘာပဲဖြစ်ဖြစ် ဒါက နူးညံ့သိမ်မွေ့တဲ့ သာယာမှုတွေအတွက် နိဗ္ဗာန်ဘုံပဲလေ... ငါသာဆိုရင်လည်း ပျော်နေမိမှာပဲ…”

ယွင်ဟွားက ခေါင်းညိတ်လိုက်၏။

“ငါသာ ရွှေငါးလေးတွေ ဝိုင်းရံခံရရင် ညတိုင်း သူတို့နဲ့ အတူအိပ်ချင်မှာပဲ... တစ်ဖက်ကို တစ်ကောင်စီထားပြီး ကုတင်ပေါ်ကနေ ဘယ်တော့မှ မဆင်းဘဲ သူတို့ကို ဖက်ထားမိမှာပဲ…”

ဧကရာဇ်ဝမ်ရွှမ်း…

သူက လုံးဝ စိတ်ပျက်အားငယ်သွားလေသည်။

*ငါ့ရဲ့ချစ်လှစွာသော ဘိုးဘေးငယ်လေး...အဲ့လိုဖော်ပြရတာ မဟုတ်ဘူးလေ..*

“ပေပေ့က လောဘမကြီးပါဘူး... ငါက ပန်းတွေနဲ့ စာအုပ်တွေကိုပဲ လိုချင်တာပါ... အရမ်းများလွန်းရင် ငါ့နှလုံးသားက အားလုံးကို မဆံ့မှာ ကြောက်လို့ပါ…”

တရားသူကြီး၏စုတ်တံက ချက်ချင်းပင် သစ္စာခံလိုက်၏။

“ငါတို့က ဧကရာဇ်ရဲ့ စံနမူနာကို မလိုက်နာသင့်ဘူး... သူက မိန်းမလိုက်စားတဲ့သူ သက်သက်ပဲ…”

မယ်တော်ကြီးက ရယ်ချင်စိတ်ကို အောင့်ထားလိုက်လေသည်။

ဧကရီသည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး တော်ဝင်ကြင်ယာတော်စုကမူ အသံထွက်မရယ်မိစေရန် သူမ၏ ပေါင်ကို ဆိတ်ထားလိုက်လေသည်။

ဧကရာဇ်ဝမ်ရွှမ်းမှာ မျက်နှာကြီး နီရဲလာကာ မယ်တော်ကြီး၏ ဘေးတွင် ထိုင်လိုက်ပြီး မိန်းကလေးငယ်အား တိတ်တဆိတ် စိုက်ကြည့်လိုက်လေသည်။

တကယ့်ကို ပြီးပြည့်စုံလှပေသည်။

နန်းတွင်းသမားတော်ဝမ်သည် ၎င်း၏ ဆေးသေတ္တာကို သယ်ဆောင်ကာ ရောက်ရှိလာ၏။

"ကိုယ်လုပ်တော်ရှူရဲ့ ဝမ်းဗိုက်ထဲက ကလေး ဘာဖြစ်နေလဲဆိုတာ အမြန်စစ်ဆေးကြည့်စမ်း..."

ဧကရာဇ်ဝမ်ရွှမ်းက သူ့ရင်သွေးအတွက် အလွန်စိုးရိမ်နေဆဲ ဖြစ်လေသည်။

ကိုယ်လုပ်တော်ရှူက သက်ပြင်းချလိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို ကြည်ကြည်ဖြူဖြူပင် ကမ်းပေးလိုက်လေသည်။

ကိုယ်လုပ်တော်အန်းက ထိုသိမ်မွေ့သော ပြောင်းလဲမှုကို သတိပြုမိလိုက်သေး၏။

ဂရုတစိုက် စစ်ဆေးပြီးနောက် နန်းတွင်းသမားတော်ဝမ်က အရိုအသေပေးကာ ပြောလိုက်လေသည်။

"အရှင်မင်းကြီး... မယ်တော်ကြီး... ကိုယ်လုပ်တော်ရှူက ဘာမှမဖြစ်ပါဘူး... မမွေးသေးတဲ့ ကလေးလည်း ဘေးကင်းပါတယ်..."

ဧကရာဇ်ဝမ်ရွှမ်း သက်ပြင်းမချနိုင်မီမှာပင် ကိုယ်လုပ်တော်အန်းက ချက်ချင်း ထွက်လာခဲ့၏။

"အဲ့တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

လူတိုင်းက အံ့အားသင့်သွားကြပြီး ကိုယ်လုပ်တော်အန်းထံသို့ လှမ်းကြည့်လိုက်ကြလေသည်။

ကိုယ်လုပ်တော်ရှူက အေးစက်စွာ နှာမှုတ်လိုက်၏။

"ကိုယ်လုပ်တော်အန်း... ရှင်က ဘာကိုဆိုလိုတာလဲ... ကျွန်မရဲ့ ဝမ်းဗိုက်ထဲက ကလေးကို တစ်ခုခုဖြစ်စေချင်နေတာလား..."

ကိုယ်လုပ်တော်အန်းက သူမအား တံတွေးနှင့်ပင် ထွေးချင်စိတ် ပေါက်သွားလေသည်။

သူမ၏ ဝမ်းဗိုက်ထဲတွင် နဂါး၏ ရင်သွေးရှိနေလေသည်။

သံသယဖြစ်စရာမလိုဘဲ ဤနန်းတွင်းသမားတော်ဝမ်ကို သူမ လာဘ်ထိုးထားခြင်းပင် ဖြစ်ရမည်။

ကိုယ်လုပ်တော်အန်းက သူမ၏ စိတ်ကို ခိုင်မာစွာထားကာ ရှေ့သို့ထွက်၍ ဧကရာဇ်ဝမ်ရွှမ်းရှေ့တွင် ဒူးထောက်ကာ အမှန်တရားကို ဖွင့်ဟလိုက်လေသည်။

"အရှင်မင်းကြီး... ကိုယ်လုပ်တော်ရှူက အရှင်မင်းကြီးရဲ့ ရင်သွေးကို ကိုယ်ဝန်ဆောင်ထားတာ လုံးဝ မဟုတ်ပါဘူး... သူမနဲ့ နန်းတွင်းသမားတော်ဝမ်တို့က အရှင်မင်းကြီးကို လှည့်စားဖို့ ကြံစည်ထားကြတာပါ... သူမ မွေးဖွားမယ့်အချိန်ကျရင် အစားထိုးဖို့ ဘယ်ကလေးကိုမဆို ရှာဖွေဖို့ စီစဉ်ထားကြတာပါ..."

"ကိုယ်လုပ်တော်အန်း... နင်က ငါ့ကို စွပ်စွဲရဲတယ်ပေါ့လေ.."

ကိုယ်လုပ်တော်ရှူမှာ ဒေါသကြောင့် တုန်ယင်နေသော်လည်း တကယ်တမ်းတွင်မူ အနည်းငယ် ပြာယာခတ်နေလေသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမ ကိုယ်ဝန်ရှိတယ်ဆိုတဲ့အချက်ကို အစတုန်းက နန်းတွင်းသမားတော်ဝမ်က စစ်ဆေးပေးခဲ့တာ မဟုတ်ပါဘူး... ကျွန်တော်မျိုးမက နန်းတွင်းသမားတော် နှစ်ယောက်စလုံးကို လာဘ်ထိုးနိုင်တဲ့ စွမ်းရည်ရှိနေလို့လား..."

ကိုယ်လုပ်တော်ရှူ၏ မျက်လုံးများ ချက်ချင်းပင် နီရဲလာလေသည်။

"ကျွန်တော်မျိုးမ သိသားပဲ... ကိုယ်လုပ်တော်အန်းက ကျွန်တော်မျိုးမ အရှင်မင်းကြီးရဲ့ ရင်သွေးကို ကိုယ်ဝန်ဆောင်ထားတာကို မနာလိုဖြစ်ပြီး တမင်သက်သက် သိက္ခာချဖို့ ကြိုးစားနေတာပါ... ကျွန်တော်မျိုးမက တော်ဝင်သွေးသားကို ဘယ်လိုလုပ်ပြီး ရောထွေးအောင် လုပ်ရဲမှာလဲ..."

ထိုအချိန်တွင် နန်းတွင်းသမားတော်ဝမ်က အသံကျယ်လောင်စွာဖြင့် ခေါင်းလောင်းကာ ဦးညွှတ်လိုက်၏။

"အရှင်မင်းကြီး... ကျွန်တော်မျိုး လိမ်ညာဖို့ မဝံ့ရဲပါဘူး... ကိုယ်လုပ်တော်ရှူက တကယ်ပဲ ကိုယ်ဝန်ရှိနေတာပါ... အရှင်မင်းကြီး မယုံကြည်ဘူးဆိုရင် သူမကို စစ်ဆေးဖို့ တခြားနန်းတွင်းသမားတော်တွေကို ခေါ်ယူနိုင်ပါတယ်..."

ဧကရာဇ်ဝမ်ရွှမ်းက ယွင်ဟွားအား တစ်ချက်ကြည့်လိုက်ရာ မိန်းကလေးငယ်မှာ စားသောက်ရင်း ပြဇာတ်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏ နဖူးကို ပွတ်သပ်လိုက်လေသည်။

"တစ်ယောက်ယောက်... နန်းတွင်းသမားတော်ကို သွားခေါ်ချေ..."

ကိုယ်လုပ်တော်အန်း၏ နှုတ်ခမ်းများပေါ်တွင် သဲ့သဲ့ပြုံးယောင်သန်းနေ၏။ ကိုယ်လုပ်တော်ရှူကဲ့သို့သော မိန်းမယုတ်မျိုး ဤတစ်ကြိမ်တွင် လွတ်မြောက်သွားနိုင်မည်ကို သူမ မယုံကြည်ပေ။

သေခြင်းရှင်ခြင်းစာအုပ်မှာ ယွင်ဟွား၏ ခေါင်းပေါ်တွင် လူးလှိမ့်နေသည်အထိ ရယ်မောနေလေသည်။

“ပန်းကလေး... နန်းတွင်းသမားတော် ဘယ်လောက်ပဲ ခေါ်ခေါ် ရောဂါအဖြေကတော့ အမြဲတမ်း အတူတူပဲ... သူမမှာ ကိုယ်ဝန်ရှိတယ်ဆိုတာပဲ…”

အခန်း (၁၅၄) အမှန်တရား၊ မည်သူက ပို၍ အစွမ်းထက်သနည်း

နန်းတွင်းသမားတော်ဝမ်က စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက် ချလိုက်လေ၏။

ဤစကားကို ကြားသောအခါ ဧကရာဇ်ဝမ်ရွှမ်းက ဝမ်းသာအားရ ဖြစ်သွားလေသည်။

ထို့နောက် ကိုယ်လုပ်တော်အန်းအား ချက်ချင်းပင် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေ၏။

"ရိုင်းစိုင်းလှချည်လား..."

"ကိုယ်လုပ်တော်အန်း... မင်းက ဘယ်လိုတောင် ရဲတင်းနေရတာလဲ... ဘာသက်သေမှမရှိဘဲ ယောင်ယမ်းပြီး လုပ်ကြံပြောဆိုနေတယ်..."

ကံကောင်းထောက်မစွာဖြင့် ကိုယ်လုပ်တော်ရှူမှာ အမှန်တကယ် ကိုယ်ဝန်ရှိနေပေသည်။ သူ၏ မင်းသမီးလေးမှာ ပျောက်ကွယ်သွားခြင်း မရှိပေ။

"အရှင်မင်းကြီး..."

ကိုယ်လုပ်တော်အန်းက မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကာ ကြည့်နေလေ၏။ နန်းတွင်းသမားတော်များက ရောဂါရှာဖွေစစ်ဆေးခြင်းပင် မပြုလုပ်ရသေးသော်လည်း ဧကရာဇ်မှာ ကိုယ်လုပ်တော်ရှူတွင် တော်ဝင်သွေးတော် ကိုယ်ဝန်ရှိနေသည်ဟု အလွန်အမင်း သေချာနေလေသည်။

ယွင်ဟွားသည် သေခြင်းရှင်ခြင်းစာအုပ်၏ သဘာဝကို နားလည်ထားပေသည်။ ၎င်းက ထိုမျှလောက် ရူးသွပ်စွာ ရယ်မောနေခြင်းကို ကြည့်လျှင် ဇာတ်လမ်းထဲတွင် အလှည့်အပြောင်းတစ်ခုခု ကျိန်းသေပေါက် ရှိနေမည်ဖြစ်ကြောင်း သိလိုက်၏။

“ရှောင်ရှူးရှူး... ကိုယ်လုပ်တော်ရှူမှာ ကိုယ်ဝန် မရှိလောက်ဘူး မဟုတ်လား..”

ရယ်မောသံများ ရုတ်တရက် ရပ်တန့်သွားလေသည်။

“ပန်းကလေး... နင် ခန့်မှန်းတာ မှန်တယ်... ကိုယ်လုပ်တော်ရှူမှာ တကယ်တော့ ကိုယ်ဝန် မရှိဘူး…”

လူတိုင်းမှာ အလွန်အမင်း အံ့သြတုန်လှုပ်သွားကြလေသည်။

ဧကရာဇ်ဝမ်ရွှမ်းက ချောင်းအကြိမ်အနည်းငယ် ဆိုးလိုက်ပြီး ကိုယ်လုပ်တော်ရှူ၏ ဗိုက်ကို ထိတ်လန့်တကြား ကြည့်လိုက်လေ၏။

သူမမှာ ကိုယ်ဝန် မရှိဘူးလား။

သို့သော် ယခုလေးတင် ရှောင်ရှူးရှူးက နန်းတွင်းသမားတော်များ၏ စစ်ဆေးချက်များအားလုံးသည် ကိုယ်ဝန်ရှိနေကြောင်း ပြသနေသည်ဟု ပြောခဲ့သည် မဟုတ်ပါလား။ ဤသည်မှာ ရှေ့နောက်မညီ ဖြစ်မနေဘူးလား။

မယ်တော်ကြီးမှာ တုံးအသူ မဟုတ်ပေ။

ယွင်ဟွားသည် သူမ၏ အတိတ်ဘဝက နှစ်ပေါင်းရာချီ၍ အသက်ရှင်ခဲ့ပြီး ဤကဲ့သို့သော အသေးအဖွဲ အကြံအစည်မျိုးစုံကို မြင်တွေ့ခဲ့ဖူးလေသည်။

“ရှောင်ရှူးရှူး... ကိုယ်ဝန်တုဆေးလုံးလို့ခေါ်တဲ့ လျှို့ဝှက်ဆေးတစ်မျိုးအကြောင်းကို ငါ ကြားဖူးတယ်... အဲ့ဆေးကို သောက်လိုက်ရင် တကယ်ကိုယ်ဝန်ရှိနေသလို ခံစားရတယ်... ကိုယ်ဝန်လွယ်ရတဲ့ ဆယ်လပြည့်လို့ အဆိပ်ပျံ့နှံ့လာချိန်မှာ ဖြေဆေးမသောက်ဘူးဆိုရင် ခန္ဓာကိုယ် ပေါက်ကွဲပြီး သေဆုံးသွားနိုင်တယ်..”

“သူမက အဲ့နည်းလမ်းကို အသုံးပြုခဲ့တာများလား..”

သေခြင်းရှင်ခြင်းစာအုပ်က ရယ်မောကာ ပြောလိုက်လေ၏။

“မှန်တယ်..”

ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာက ချက်ချင်းပင် မှောင်မိုက်သွားလေသည်။ နန်းတွင်းရှိ အမျိုးသမီးများသည် သူ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် ဤမျှလောက် ယုတ်မာသော နည်းလမ်းများကို အသုံးပြုလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ခဲ့ပေ။

မယ်တော်ကြီးသည် ဧကရာဇ်ဝမ်ရွှမ်းကို တစ်ချက် လှမ်းကြည့်လိုက်လေ၏။

အလွန်ကောင်းလစွ။

သူမ၏ အသက်အရွယ်နှင့် သားတော်များစွာ ရှိနေခြင်းကြောင့် မျိုးဆက်ပြတ်တောက်သွားမည်ကို သူမ စိုးရိမ်ပူပန်နေခြင်းမရှိပေ။ လူများက တော်ဝင်သွေးတော်ကို တစ်ကြိမ်တစ်ခါမျှ ရှုပ်ထွေးအောင် မလုပ်နိုင်စေရန် ပြဿနာကို အမြစ်ပြတ် ဖြေရှင်းရန် အချိန်တစ်ချိန် ရှာဖွေရမည်ဖြစ်သည်။

ခဏတာမျှ ဧကရာဇ်ဝမ်ရွှမ်း၏ ခန္ဓာကိုယ်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရလေသည်။

ယွင်ဟွားသည် သူမ၏ လျှာကို နှစ်ချက်ခန့် စုပ်သပ်လိုက်လေ၏။

“သတ္တိကောင်းတဲ့ နောက်ထပ်တစ်ယောက်ပဲ... အဲ့မင်းသမီးအတုက သတိပေးချက်တစ်ခုပဲလေ... သူမက ကျရှုံးမှာကို မကြောက်ဘူး... အတုလုပ်မယ့်အစား ဧကရာဇ်ကို ဖြားယောင်းပြီး အစစ်အမှန် ကိုယ်ဝန်ရအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားတာက ပိုကောင်းတယ်..”

လူတိုင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။ ထိုအရာက လုံးဝ မှန်ကန်ပေသည်။

သေခြင်းရှင်ခြင်းစာအုပ်က ကိုယ်လုပ်တော်ရှူကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ ကိုယ်လုပ်တော်အန်းကိုပါ တစ်ချက် ကြည့်လိုက်လေ၏။

ဤနှစ်ဦးမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ သူတို့နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး လျှို့ဝှက်ကြံစည်နေကြခြင်း ဖြစ်၏။

“ပန်းကလေး... ကိုယ်လုပ်တော်ရှူရဲ့ ကိုယ်ဝန်က အတုဖြစ်နေပေမယ့် သူမက တုံးအတဲ့သူ မဟုတ်ဘူး... သူမက အစစ်အမှန် နဂါးမျိုးဆက်ကို လွယ်ထားတာပဲ..”

ယွင်ဟွားသည် ပါးစပ်ထဲရှိ လက်ဖက်ရည်ကို သီးသွားကာ ပါးစပ်ကိုအုပ်လျက် အဆက်မပြတ် ချောင်းဆိုးနေလေတော့သည်။

“ဘုရားရေ... ကိုယ်လုပ်တော်ရှူက တကယ့်ကို ပါရမီရှင်ပဲ..”

ယွင်ဟွားမှာ သူမကို လက်မထောင်မပြဘဲ မနေနိုင်တော့ပေ။ သူမသည် အမှန်တကယ်ပင် ထက်မြက်သော ဉာဏ်ရည်ရှိပြီး တစ်စုံတစ်ခုကို အစစ်အမှန်ဖြစ်အောင် မည်သို့ လုပ်ဆောင်ရမည်ကိုပင် သိရှိနေလေသည်။

အနည်းဆုံးတော့ အနာဂတ်တွင် တော်ဝင်သွေးတော်ကို ရှုပ်ထွေးစေမှုဖြင့် အပြစ်ပေးခံရမည် မဟုတ်ပေ။

“ရှောင်ရှူးရှူး... သူမက အဲ့ကလေးကို ဘယ်လို ရလာတာလဲ..”

လူတိုင်းက ဘေးဘက်သို့ လှည့်ကြည့်လိုက်ကြပြီး လွန်ခဲ့သော စက္ကန့်အနည်းငယ်က မျက်လုံးများမှ မီးပွင့်မတတ် ဒေါသထွက်နေခဲ့သော ဧကရာဇ်ဝမ်ရွှမ်းပင်လျှင် ခိုးနားထောင်ရန် သူ၏ နားများကို ချက်ချင်း စွင့်ထားလိုက်လေသည်။

“ပန်းကလေး... ကိုယ်လုပ်တော်ရှူနဲ့ ကိုယ်လုပ်တော်အန်းတို့က နန်းတော်ထဲကို တစ်ချိန်တည်း ဝင်ရောက်လာကြပြီး မိသားစုနောက်ခံကလည်း ဆင်တူကြတယ်... သူတို့က အမြဲတမ်း သဘောထားကွဲလွဲနေကြပြီး တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ကြံစည်နေကြတာ..”

“ကိုယ်လုပ်တော်ရှူ ကိုယ်ဝန်မရနိုင်အောင် လုပ်ခဲ့တာက ကိုယ်လုပ်တော်အန်းပဲလေ... မဟုတ်ရင် သူမက ကိုယ်လုပ်တော်ရှူရဲ့ ကိုယ်ဝန်ကို အတုပါလို့ ဘာလို့ အဲ့လောက် ယုံကြည်ချက်ရှိရှိနဲ့ အခိုင်အမာ ပြောဆိုနေရမှာလဲ..”

ယွင်ဟွား၏ မျက်လုံးများက အရောင်လက်သွားလေသည်။

“ဒါက စိတ်လှုပ်ရှားစရာပဲ... ကိုယ်လုပ်တော်ရှူက အမှန်တရားကို သိနေတာလား..”

အကယ်၍ သူမသာ သိရှိခဲ့ပါက သူမကို သတ်ပစ်ချင်နေလောက်ပေမည်။

“သူမမှာ သံသယတွေ ရှိနေခဲ့ပေမယ့် ကိုယ်လုပ်တော်အန်းကို ဖြုတ်ချပစ်ချင်ခဲ့တာ... ကိုယ်လုပ်တော်အန်းက သူမကို ဆေးခတ်ခဲ့သည်ဖြစ်စေ၊ မခတ်ခဲ့သည်ဖြစ်စေ၊ သူမကိုယ်တိုင် ကိုယ်ဝန်မရနိုင်တော့ဘူးလို့ ကိုယ်လုပ်တော်အန်းကို ပြောပြခဲ့ပြီးနောက်မှာ ကိုယ်ဝန်အတုအတွက် သေချာ ဂရုတစိုက် စီစဉ်ခဲ့တာပဲ... အကယ်၍ သူမသာ ကိုယ်ဝန်ရှိလာခဲ့ရင် ကိုယ်လုပ်တော်အန်းက သူမကို ပထမဆုံး ဖော်ထုတ်မယ့်သူ ဖြစ်လိမ့်မယ်…”

“ကလေးကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ကိုယ်လုပ်တော်ရှူက ဧကရာဇ်ကို ရက်အတော်ကြာ တမင်တကာ မူးယစ်နေအောင် လုပ်ခဲ့ပြီး သူမရဲ့ အစေခံမလေးတွေကို သူမယောင်ဆောင်ကာ အလုပ်အကျွေးပြုစေခဲ့တာ... ကိုယ်ဝန်ရှိနေပြီလို့ အတည်ပြုလိုက်တာနဲ့ ကိုယ်လုပ်တော်ရှူက ဆေးကို ချက်ချင်း သောက်လိုက်တာပဲ..”

“ဒါ့ကြောင့် သူမက လုံးဝ ကြောက်ရွံ့နေခဲ့ခြင်း မရှိဘူး... ဘယ်သူကပဲ သူမကို စစ်ဆေးကုသပေးသည်ဖြစ်စေ သူမရဲ့ သွေးကြောစမ်းသပ်မှုက ကိုယ်ဝန်ရှိနေကြောင်း ပြသနေလိမ့်မယ်... ကလေးမွေးဖွားလာပြီးနောက် သွေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရင်တောင်မှ ဧကရာဇ်ရဲ့ တရားဝင်သွေးတော် ဖြစ်နေဦးမှာပဲ..”

ယွင်ဟွားမှာ အံ့ဩမှင်တက်သွားလေသည်။

“ပါးနပ်တဲ့ အကြံအစည်ပဲ... မိခင်ကို ရှင်းလင်းပြီး ကလေးကို သိမ်းထားခြင်းအားဖြင့် လူတစ်ယောက်ဟာ သူတို့ရဲ့ နေရာကို ခိုင်မာအောင် လုပ်နိုင်တဲ့အပြင် ရန်သူကိုပါ ဖယ်ရှားနိုင်တယ်..”

“နန်းတွင်းထဲက အမျိုးသမီးတွေဟာ အကြံအစည် အနည်းငယ်လောက်မှ မရှိဘူးဆိုရင် အဆုံးတိုင်အောင် အမှန်တကယ် အသက်ရှင်ကျန်ရစ်နိုင်မှာ မဟုတ်ဘူး..”

ယွင်ဟွားက ဧကရာဇ်ဝမ်ရွှမ်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေ၏။

“ဧကရာဇ်တစ်ပါးဖြစ်ရတာက တကယ့်ကို သနားစရာကောင်းတယ်... သူက အမျိုးသမီးတစ်ယောက်မဟုတ် တစ်ယောက်ရဲ့ လျှို့ဝှက်ကြံစည်မှုကို အမြဲတမ်း ခံနေရတာပဲ... ကံကောင်းလို့ သူတို့က သူ့ကို မူးယစ်အောင်ပဲ လုပ်ခဲ့လို့... အဆိပ်ခတ်တာ မဟုတ်လို့ပေါ့..”

“ဟူး... ဒီကိစ္စက ငါ့ကို တကယ် ခေါင်းကိုက်စေတယ်... ငါ သူတို့ကို ဖော်ထုတ်သင့်သလား... ဒါမှမဟုတ် မဖော်ထုတ်သင့်ဘူးလား..”

စုတ်တံလေးက ယွင်ဟွား၏ ပခုံးပေါ်တွင် ထိုင်နေလျက် သူ၏ မျက်နှာလေးမှာ ရှုံ့မဲ့နေလေ၏။

“ဟွားဟွား... ဘာပဲဖြစ်ဖြစ်လေ... ဧကရာဇ်ရဲ့ အသက်အန္တရာယ်မှ မရှိတာ... ပြီးတော့ ကလေးကလည်း သူ့ကလေးပဲလေ... ဒါကို ပြဇာတ်တစ်ပုဒ်လို သဘောထားပြီး ဖရဲသီးစားရင်း ပျော်ပျော်ရွှင်ရွှင်ပဲ နေလိုက်ကြရအောင်..”

“ပန်းကလေး... ငါလည်း သဘောတူတယ်... အကျင့်ပျက်ခြစားတဲ့ အရာရှိတွေနဲ့ သူလျှိုတွေကို ဖမ်းဖို့ပဲ အာရုံစိုက်လိုက်ကြရအောင်... ကျန်တဲ့ကိစ္စတွေအတွက်ကတော့ ဧကရာဇ်ကိုပဲ ပူပန်ခိုင်းလိုက်ပေါ့..”

သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းညိတ်ပြလိုက်လေသည်။

ဧကရာဇ်ဝမ်ရွှမ်းမှာ သတိလစ်မတတ် ဖြစ်သွားလေ၏။

ထိုအချိန်တွင် ထပ်မံဆင့်ခေါ်ခံထားရသော နန်းတွင်းသမားတော်သုံးဦးမှာ ရောက်ရှိလာကြလေသည်။

ကိုယ်လုပ်တော်အန်းက မိမိကိုယ်ကိုယ် ကျေနပ်နေသော အပြုံးတစ်ခုဖြင့် နှုတ်ခမ်းကို တွန့်ကွေးလိုက်လေ၏။

"သမားတော်တို့... ရှင်တို့ ကိုယ်လုပ်တော်ရှူကို သေချာစစ်ဆေးပေးရမယ်... ဧကရာဇ်ကို လှည့်စားတာက သေဒဏ်ထိုက်တဲ့ ပြစ်မှုပဲ..."

သူမ၏ စကားလုံးများတွင် ခြိမ်းခြောက်မှု အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။

အမှန်တရားကို သိရှိထားသူများသည် ကိုယ်လုပ်တော်အန်းကို သနားကြင်နာသော အကြည့်ဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

ကိုယ်လုပ်တော်ရှူသည် သူမ၏ လက်ကို ရက်ရက်ရောရော ဆန့်တန်းပေးလိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ ယခင်က ဟန်ဆောင်ထားခဲ့သော အပြစ်ရှိသည့် အသွင်အပြင်ကို မပြသတော့ပေ။

သွေးကြောများကို အလှည့်ကျ စမ်းသပ်စစ်ဆေးပြီးနောက် နန်းတွင်းသမားတော်များသည် ယခင် နန်းတွင်းသမားတော်ဝမ်၏ စစ်ဆေးတွေ့ရှိချက်နှင့် တူညီသော ကောက်ချက်တစ်ခုတည်းကိုသာ ရရှိခဲ့ကြလေသည်။

ယခုမူကား...

ကိုယ်လုပ်တော်အန်းမှာ လုံးဝ စိတ်ဓာတ်ကျသွားဟန်ရှိပြီး ယိမ်းယိုင်နေလေ၏။

ကိုယ်ဝန်တားဆေးသည် သူမ လျှို့ဝှက်ကြံစည်ခဲ့သော အရာတစ်ခု ဖြစ်ပေသည်။

ကိုယ်လုပ်တော်ရှူသည် သူမအား နန်းတွင်းသမားတော်ကို သွေးကြောစမ်းသပ်ခွင့် မပေးရဲကြောင်းနှင့် အမျိုးသမီးသမားတော်များကို နန်းတော်ထဲသို့ ခေါ်ဆောင်လာရန် သူမ၏ မိသားစုဝင်များကို စေလွှတ်ခဲ့ကြောင်း သိရှိထားလေသည်။

နောက်ဆုံးရလဒ်မှာ သူမသည် နောက်ထပ်တစ်ကြိမ် ကိုယ်ဝန် ဘယ်တော့မှ မဆောင်နိုင်တော့မည်မှာ အမှန်ပင် ဖြစ်သည်။

မဟုတ်ဘူး... မဟုတ်ဘူး။

အရာအားလုံးက ဤသို့ ဖြစ်မလာသင့်ပေ။

သူမက ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရနိုင်မှာလဲ။

ကိုယ်လုပ်တော်ရှူက မယုံကြည်နိုင်ဖြစ်နေသော ကိုယ်လုပ်တော်အန်းကို ကြည့်ကာ သရော်သလို ပြောလိုက်လေ၏။

"ကိုယ်လုပ်တော်အန်းရဲ့ မျက်နှာအမူအရာက နည်းနည်း ထူးဆန်းနေသလိုပဲ... ကျွန်မက ကိုယ်ဝန်အတု လုပ်ထားတယ်လို့ ရှင် သံသယဝင်နေတုန်းပဲလား..."

"နန်းတွင်းသမားတော် လေးယောက်တောင် ရှင်တို့ကို စစ်ဆေးပြီးပြီလေ... ကျွန်မက သူတို့ကို လာဘ်ထိုးနိုင်တယ်လို့ ရှင် တကယ် ထင်နေတာလား..."

ကိုယ်လုပ်တော်ရှူက သူမ၏ ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး သူမ၏ အောက်စိုက်ထားသော မျက်လုံးများထဲတွင် ရက်စက်ယုတ်မာသော အရောင်တစ်ခု လက်လပ်သွားလေသည်။

ချက်ချင်းပင် ကိုယ်လုပ်တော်ရှူသည် ဧကရာဇ်ဝမ်ရွှမ်း၏ ရှေ့တွင် ဒူးထောက်ချလိုက်ပြီး မျက်ရည်များ ဝဲတက်လာကာ သူ့ကို သနားစရာကောင်းအောင် ကြည့်လိုက်လေ၏။

ယွင်ဟွားမှာ တုန်လှုပ်သွားလေသည်။

“ဘုရားရေ... အမျိုးသမီးတွေက သူတို့ရဲ့ အမူအရာတွေကို အဲ့လောက်မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ကြတာလား... သူမရဲ့ မျက်လုံးထဲမှာ မကောင်းတဲ့ အကြံအစည် အရိပ်အယောင်လေးကို ခုနလေးတင် ငါ မြင်လိုက်ရတယ်..”

"အရှင်မင်းကြီး..."

ကိုယ်လုပ်တော်ရှူက မျက်ထောင့်မှ စီးကျလာသော မျက်ရည်တစ်ပေါက်ကို ဖြည်းညင်းစွာ သုတ်ဖယ်လိုက်လေ၏။

"အရှင်မင်းကြီး... ကိုယ်လုပ်တော်အန်းက ကျွန်တော်မျိုးမကို ဘာလို့ အသရေဖျက်ရတာလဲဆိုတာ ကျွန်တော်မျိုးမ မသိပါဘူး... ဒါပေမဲ့ ကျွန်တော်မျိုးမမှာ အမှန်တကယ် ကိုယ်ဝန်ရှိနေပါတယ်... သူမ ပြောသလို ကျွန်တော်မျိုးမက ကလေးကို တော်ဝင်အမွေဆက်ခံသူအဖြစ် အစားထိုးဖို့ သုံးတယ်ဆိုတာက လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားပါ..."

"ဒီကလေးက ဧကရာဇ်ရဲ့ သွေးတော်ဖြစ်ကြောင်း ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျွန်တော်မျိုးမ ကျိန်ဆိုရဲပါတယ်... အကယ်၍ ကျွန်တော်မျိုးမ နည်းနည်းလေးများ လိမ်ညာပြောဆိုခဲ့မယ်ဆိုရင် မိုးကြိုးပစ်ခံရပြီး ဆိုးရွားစွာ သေဆုံးရပါစေ..."

“အိုး... ဒါက အတော်လေး ပြင်းထန်တဲ့ ကျိန်စာပဲ... ဒါပေမဲ့ ကလေးက ဧကရာဇ်ရဲ့ သွေးတော်ဆိုတာတော့ မှန်တယ်... မိခင်က သူမ မဟုတ်တာလေး တစ်ခုပါပဲ..”

ယွင်ဟွားသည် ပါးစပ်ထဲသို့ နောက်ထပ် ကိတ်မုန့်တစ်တုံးကို ထိုးထည့်လိုက်လေ၏။ ဤအရာက ပြဇာတ်ရုံထဲရှိ မည်သည့် ပြဇာတ်ထက်မဆို ပို၍ စိတ်လှုပ်ရှားစရာ ကောင်းနေလေသည်။

လူတိုင်းမှာ ဆွံ့အသွားကြလေသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမအပေါ် သံသယဝင်နေသေးတယ်ဆိုရင် ကလေးမွေးဖွားလာပြီးတဲ့အခါ ကျွန်တော်မျိုးမရဲ့ အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့ သွေးစစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်..."

ကိုယ်လုပ်တော်ရှူက ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုလိုက်ပြီး မသိနားမလည်သော လူအုပ်ကြီးက ကိုယ်လုပ်တော်အန်းကို အပြစ်တင်သော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

“ဟူး... ကိုယ်လုပ်တော်ရှူက တခြားသူတွေထက် အဆင့်တစ်ဆင့် ပိုမြင့်နေတုန်းပဲ... ကိုယ်လုပ်တော်အန်းကတော့ ဖယ်ရှားခံရတော့မယ်..”

All Chapters