← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇) အရှင်မင်းကြီး... အမတ်ငယ်ယွင်က အရှေ့နန်းဆောင်ကို ဝင်ရောက်စီးနင်းလိုက်ပါပြီ

လူတိုင်း…..

သေခြင်းရှင်ခြင်းစာအုပ်မှာ အလွန်တရာ မောပန်းနွမ်းနယ်နေလေသည်။

“ပန်းကလေး... နင် မိန်းကလေးဖြစ်နေလို့ တော်သေးတာပေါ့... မဟုတ်ရင် နင့်ရဲ့ နောက်ဆုံးစကားကြောင့် အိမ်ရှေ့စံက ဓားဆွဲထုတ်ပြီး နင့်ခေါင်းကို ဖြတ်သွားလောက်ပြီ…”

မနက်ဖြန်ကစပြီး ပန်းကလေးကို စာလုပ်ဖို့ သူ စတင်တိုက်တွန်းသင့်ပြီလား။

“ဟွားဟွား... စိတ်မပူပါနှင့်... ပေပေ့ ရှိနေသရွေ့ အိမ်ရှေ့စံ ဓားမဆွဲထုတ်ခင်မှာတင် သူ့ကို ယမမင်းဆီ ရောက်သွားအောင် ပို့ပေးလိုက်မယ်..”

အိမ်ရှေ့စံ : ကျေးဇူးတင်ပါတယ်…

အိမ်ရှေ့စံကြင်ယာတော်သည် မျက်ရည်များ စီးကျလာလျက် ယွင်ဟွားအား ရုတ်တရက် ဖက်ထားလိုက်လေသည်။

ဪ…အဲ့လိုကိုး... အဲ့လိုကိုး...။

လွန်ခဲ့သော နှစ်လအတွင်းက ကောလာဟလများနှင့် အတင်းအဖျင်းများကြောင့် သူမမှာ အသက်ရှူကျပ်လုနီးပါးဖြစ်ခဲ့ရပြီး သူမ၏ ကျန်းမာရေးကို ကောင်းမွန်စွာ ဂရုမစိုက်နိုင်ခဲ့ခြင်းကြောင့်ဟုသာ တကယ်တမ်း ထင်မြင်နေခဲ့ခြင်း ဖြစ်သည်။

အလှပန်းလေး မျက်ရည်ကျနေသည်ကို မြင်သောအခါ ယွင်ဟွားမှာ ရင်ကွဲမတတ် ဖြစ်သွားရပြီး သူမ၏ ကျောကို နှစ်သိမ့်သည့်အနေဖြင့် ပုတ်ပေးလိုက်၏။

"အို... အိမ်ရှေ့စံကြင်ယာတော်... မငိုပါနှင့်... ကျွန်မ ရှိနေသရွေ့ ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ပါဘူး... တစ်ယောက်ယောက်က အနိုင်ကျင့်လာခဲ့ရင် သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်လိုက်ပါ့မယ်..."

အိမ်ရှေ့စံ၏ မျက်နှာမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားလေသည်။

နေပါဦး... ဤစကားကို သူက ပြောရမည် မဟုတ်ပါလား။

“စာအုပ်လေး... မြန်မြန် ပြောစမ်းပါ... အိမ်ရှေ့စံကြင်ယာတော်ကို ဘယ်သူ ဆေးခတ်ခဲ့တာလဲ... နင့်ရဲ့ အဘွားက အရှေ့နန်းဆောင်ကို ဝင်ရောက်စီးနင်းပြီး အဲ့သည်လူရဲ့ ဦးခေါင်းခွံကို ဆွဲခွာပစ်လိုက်မယ်…”

ထိုသို့ပြောပြီးနောက် ယွင်ဟွားက အိမ်ရှေ့စံကို စွေကြည့်လိုက်၏။

“အသုံးမကျတဲ့ ယောက်ျား... ကိုယ့်မိန်းမကိုယ်တောင် ကာကွယ်မပေးနိုင်ဘူး... ဒါက ဘယ်လို အိမ်ထောင်ရေးမျိုးလဲ... သူ တစ်ယောက်တည်း နေတာကမှ ပိုကောင်းဦးမယ်…”

သေခြင်းရှင်ခြင်းစာအုပ်က သူမကို အလိုလိုက်ကာ

“အမှန်ပဲ ပန်းကလေး... ဒီအိမ်ရှေ့စံက ဧကရာဇ်ကြီးလိုပဲ... ဘာမှအသုံးမကျဘူး... အရာအားလုံးအတွက် နင့်ကိုပဲ အားကိုးနေရတာ..”

“ဟွားဟွား ကြိုးစားခဲ့ရပြီ... ဟွားဟွား ပင်ပန်းနေပြီ... အိမ်ရှေ့စံအတွက် အိမ်ရှေ့စံကြင်ယာတော်ကို ငါတို့ပဲ စောင့်ရှောက်ပေးလိုက်ရအောင်... ပြီးတော့ သူမကို အိမ်ရှေ့စံရဲ့ ဘဏ္ဍာတိုက်ထဲ ဝင်ခိုင်းပြီး ရွှေတွေအကုန်လုံး နင့်ကို ပေးခိုင်းလိုက်…”

တရားသူကြီး၏စုတ်တံက မီးလောင်ရာ လေပင့်ပေးလေသည်။

အိမ်ရှေ့စံမှာ သတိလစ်လုမတတ် ဖြစ်သွားလေသည်။

“ပန်းကလေး... သူကတော့ အိမ်ရှေ့စံရဲ့ ကိုယ်လုပ်တော်လုပဲ... အိမ်ရှေ့စံကြင်ယာတော်က ကျန်းမာရေး ဂရုစိုက်ပြီး ကလေးယူဖို့ ပြင်ဆင်နေတာကို သူ သိတယ်လေ... ဒါပေမဲ့ တစ်နှစ်ကျော်ကြာတဲ့အထိ ကိုယ်ဝန်ရှိမလာတော့ သူရဲ့လောဘတွေက ပေါ်ထွက်လာတာပေါ့..”

“ဘာလို့များ အိမ်ရှေ့စံကြင်ယာတော် ကလေးမွေးပြီးမှသာ ကိုယ်လုပ်တော်တွေကို ကိုယ်ဝန်ဆောင်ခွင့်ပြုရမှာလဲတဲ့... ဒါကြောင့် အိမ်ရှေ့စံကြင်ယာတော်ရဲ့ ဆေးထဲမှာ နောက်ထပ် ပါဝင်ပစ္စည်းတစ်ခုထည့်ဖို့ သူက အထိန်းတော်တစ်ယောက်ကို လာဘ်ထိုးခဲ့တယ်... ဆေးစွမ်းကို ပျက်ပြယ်စေရုံသာမက အိမ်ရှေ့စံကြင်ယာတော်ကိုပါ ကလေးမရနိုင်တော့အောင် လုပ်ပစ်ခဲ့တာ..”

“ဒါ့အပြင် အိမ်ရှေ့စံကြင်ယာတော် ကလေးမမွေးနိုင်ဘူးဆိုတဲ့ ကောလာဟလတွေကို အပြင်မှာ ဖြန့်ခဲ့တာကလည်း သူပါပဲ..”

ထိုအခိုက်အတန့်တွင် အိမ်ရှေ့စံထံမှ အလွန်တရာ အေးစက်ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာလေသည်။

မယ်တော်ကြီးသာ သူ့ကို စောင့်ကြည့်မနေခဲ့လျှင် သူသည် အရှေ့နန်းဆောင်သို့ ချက်ချင်း ပြန်သွားကာ ထိုယုတ်မာသော မိန်းမကို ရှင်းလင်းပစ်ပြီးလောက်ပြီ ဖြစ်သည်။

ရှောင်ရှူးရှူး၏ စကားများကို နားထောင်ပြီးနောက် ယွင်ဟွားသည် သူမ၏ လက်ငယ်လေးများ ထပ်မံ၍ ယားယံလာသလို ခံစားလိုက်ရ၏။

“မိန်းမတွေရဲ့ မနာလိုမှုဆိုတာ..”

ထို့ကြောင့် အခြေခံအကြောင်းရင်းမှာ အိမ်ရှေ့စံကြောင့်သာ ဖြစ်သည်။

အိမ်ရှေ့စံ...

ယွင်ဟွားက သက်ပြင်းချလိုက်ပြီး ငိုယိုကာ ထိန်းမရသိမ်းမရ ဖြစ်နေသော အိမ်ရှေ့စံကြင်ယာတော်အား ဆက်လက်၍ နှစ်သိမ့်ပေးလိုက်လေသည်။

"ရှောင်မိန်... အဟွတ် အဟွတ်... အိမ်ရှေ့စံကြင်ယာတော်... ဆက်ငိုနေမယ်ဆိုရင် မျက်လုံးတွေ ဖောင်းအစ်လာပြီး ကြည့်မကောင်းဖြစ်သွားလိမ့်မည်... ဝမ်းနည်းပူဆွေးမနေပါနှင့်... ယောက်ျားတွေဆိုတာ ဘဝရဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါပဲ... မရှိလည်း ဖြစ်ပါတယ်... ကျွန်မတို့ကိုယ်ကျွန်မတို့ ခိုင်မာအားကောင်းအောင် လုပ်ကြတာပေါ့..."

"ကလေးကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ သဘောတူပါတယ်... ရှင့်ဆီ ကလေးတစ်ယောက် ပို့ပေးပြီး ကုသဖို့အတွက် အရည်အချင်းပြည့်ဝတဲ့ သမားတော်တစ်ယောက်ကိုပါ ရှာပေးပါ့မယ်..."

လူတိုင်း…...

ထိုမိန်းမငယ်လေးက ကလေးတစ်ယောက် ပို့ပေးမည်ဟု ပြောလိုက်သံကို ကြားလိုက်ရသလိုပင် မဟုတ်ပါလား။

သေခြင်းရှင်ခြင်းစာအုပ်မှာ ထိတ်လန့်တကြားဖြင့် ယွင်ဟွားအား အထက်အောက် ခုန်ပေါက်နေစေလျက်

“နင်က သားဆုပန်တဲ့နတ်သမီး မဟုတ်ဘူးလေ... ဘာတွေလုပ်ချင်နေတာလဲ... အဲ့တာက ကလေးနော်... ပစ္စည်းတစ်ခု မဟုတ်ဘူး... နင်က ဝိညာဉ်ကလေးတစ်ယောက်ကို ဖမ်းဆွဲပြီး သူမရဲ့ ဗိုက်ထဲ ထည့်လိုက်ရင်တောင်မှ အိမ်ရှေ့စံကြင်ယာတော်ရဲ့ ခန္ဓာကိုယ်က ထိခိုက်ပျက်စီးသွားပြီး သဘာဝအတိုင်း ကိုယ်ဝန်ပျက်ကျသွားမှာပဲ..”

ဤစကားကို ကြားသောအခါ အိမ်ရှေ့စံကြင်ယာတော်သည် ထပ်မံ၍ မျက်ရည်ပေါက်ပေါက်ကျလာလေသည်။

သူမသည် အိမ်ရှေ့စံနှင့် ကွာရှင်းသင့်၊ မကွာရှင်းသင့်ဆိုသည်ကို စဉ်းစားနေလေသည်။

“ဒါပေမဲ့လည်း..”

ယွင်ဟွား မျက်မှောင်ကြုတ်လိုက်၏။

“အိမ်ရှေ့စံက အနာဂတ် ဧကရာဇ်ဖြစ်ပြီး အိမ်ရှေ့စံကြင်ယာတော်ကလည်း လူကောင်းတစ်ယောက်ပါ... တုံလင်ရဲ့ နောက်မျိုးဆက်အတွက် ဒီအခြေအနေကို ငါ လျစ်လျူရှုထားလို့ မရဘူး..”

“ဟူး...ဒါက တကယ့်ကို ပင်ပန်းလွန်းပါတယ်... မနက်ပိုင်းကျ ဧကရာဇ်ကို စောင့်ကြည့်ရတယ်... မွန်းလွဲပိုင်းကျ အိမ်ရှေ့စံကို စောင့်ကြည့်ရပြန်ရော... ပြီးတော့ တော်ဝင်ညီလာခံခန်းမကို စောင့်ကြည့်ဖို့ အချိန်ရှာရသေးတယ်... အခုတော့ သားဆုပန်တဲ့ နတ်သမီးလိုတောင် သဘောထားခံနေရပြီ... ဒီအလုပ်က အရမ်းကို ခက်ခဲလွန်းတယ်..”

သူမက သေခြင်းရှင်ခြင်းစာအုပ်အား တွေဝေသော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်လေသည်။

“နင် ဒါကို လျစ်လျူရှုထားလို့ ရပါတယ်..”

ယွင်ဟွားမှာ တစ်ခဏမျှ ဆွံ့အသွားပြီးနောက် အိမ်ရှေ့စံကြင်ယာတော်အား နှစ်သိမ့်ပေးရန် လှည့်လိုက်လေသည်။

"လာပါ... ကြင်ယာတော်အတွက် ကျွန်မ ကလဲ့စားချေပေးပါ့မယ်... ကျွန်မ ခုလေးတင် ဗေဒင်တွက်ကြည့်လိုက်တော့ ရှင့်ကို ဒုက္ခပေးနေတဲ့ လူယုတ်မာတစ်ယောက် ရှိနေတာကို သိလိုက်ရတယ်... အခုချက်ချင်း သွားပြီး ရှင့်ဘက်ကနေ ရပ်တည်ပေးမယ်..."

"ဒါ့အပြင် ရှင့်ကိုယ်ရှင်လည်း ရပ်တည်နိုင်ဖို့ လိုပြီး အဲ့မကောင်းတဲ့လူတွေကို ကိုင်တွယ်ဖြေရှင်းရမယ်... စိတ်မပျော့ရဘူး... တရားဝင်ဇနီးသည်တစ်ယောက်ရဲ့ လက္ခဏာကို ပြသလိုက်ပါ... ဘာပဲဖြစ်ဖြစ် အိမ်ရှေ့စံက ရှင့်ယောက်ျားပဲလေ... တစ်ခုခုဖြစ်ခဲ့ရင် သူ့ကိုသာ တာဝန်ယူခိုင်းလိုက်ပါ..."

“ဟွန့်... အကယ်၍ အိမ်ရှေ့စံက ခုကိစ္စကိုတောင် မဖြေရှင်းနိုင်ရင် အိမ်ရှေ့စံကြင်ယာတော်ကို ငါ့ဘက်ပါအောင် သိမ်းသွင်းပြီး ငါနဲ့အတူ လာနေခိုင်းလိုက်မယ်…”

“ပြီးရင် မယ်တော်ကြီးရယ်... ဧကရီရယ်... တော်ဝင်ကြင်ယာတော်စုရယ်... ငါ့အမေရယ်ကိုပါ ခေါ်သွားပြီး အတူတူ စွန့်စားခန်းတွေ ဖွင့်ကြမယ်... ယောက်ျားတွေက ငါတို့ရဲ့ တိုးတက်မှုအတွက် အဟန့်အတားတွေပဲ ဖြစ်လိမ့်မယ်…”

ယွင်ဟွား၏ ရည်ညွှန်းခြင်းခံရသူများ၏ မျက်လုံးများမှာ အရောင်လက်သွားလေသည်။

အိမ်ရှေ့စံ၏ နှလုံးသားမှာ တစ်ချက်ခုန်သွား၏။

ဤအတင်းအဖျင်းပြောတတ်သူက သူ့ဇနီးကို ဖြားယောင်းသွေးဆောင်ဖို့ ကြိုးစားနေတာလား။

အိမ်ရှေ့စံကြင်ယာတော်သည် မျက်ရည်များကို သုတ်လိုက်ကာ ယွင်ဟွား၏ လက်ငယ်လေးကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ကျေးဇူးတင်မှု အရိပ်အယောင်များ ပေါ်လွင်လာလျက်

“ဟုတ်ကဲ့ပါ... ချန်နင်းကောင်တီမင်းသမီး... ဒါဆိုရင် ချူချူက ကြိုပြီး ကျေးဇူးတင်ပါတယ်နော်..."

မယ်တော်ကြီးရယ်၊ ခမည်းတော် ဧကရာဇ်ရယ်၊ မယ်တော် ဧကရီရယ်က ဤမိန်းကလေးကို သဘောကျနေတာ အံ့ဩစရာ မရှိပါဘူးလေ။

အိမ်ရှေ့စံက သူမ၏ အားကိုးရာဖြစ်သော်လည်း ယခုအခါတွင်မူ သူက ချန်နင်း ကောင်တီမင်းသမီးလောက်ပင် အားကိုးမရတော့ပေ။

"ကျွန်မအိမ်တော်မှာ ရွှေစေ့လေးတွေ အများကြီးရှိတယ်... ပြီးတော့ အိမ်ရှေ့စံရဲ့ ဘဏ္ဍာတိုက်ထဲမှာလည်း ရွှေဝက်တစ်စုံ ရှိတယ်... အဲ့ဒါတွေ အကုန်လုံးကို မင်းကို ပေးပါ့မယ်..."

“ဝိုး... ဒီလောက် လှပပြီး သဘောကောင်းတဲ့ မိန်းကလေးကို အိမ်ရှေ့စံက ဘာလို့များ ယူသွားရတာလဲ... ငါ သဘောမတူဘူး…”

လူတိုင်း……

သေခြင်းရှင်ခြင်းစာအုပ်မှာ ခုခံရန် အင်အားမဲ့နေလေပြီ။

“ပန်းကလေး... စိတ်အေးအေးထားပါ... နင်က မိန်းကလေးတစ်ယောက်နော်... မိန်းကလေးပါလို့…”

ပေပေ့က ထပ်ပြောလိုက်၏။

“မိန်းမတွေအကြောင်း တွေးမနေနဲ့.. အိမ်ရှေ့စံကြင်ယာတော်ကို နောက်ဘဝမှာ ယောက်ျားလေးအဖြစ် ဝင်စားနိုင်ဖို့အတွက် အမှတ်အသားတစ်ခု ချန်ထားခဲ့လိုက်…”

သေခြင်းရှင်ခြင်းစာအုပ်က ဟဲ့ ဟူ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ဆံပင်စုစုလေးကို ဆွဲကာ စတင်၍ ထုရိုက်တော့သည်။

“လျှောက်မပြောတတ်ဖို့ နင့်ကို ငါ အရင်သင်ပေးမယ်... အဲ့လို စကားမျိုးကို ဒီအတိုင်း ပြောလို့ရတယ်လို့ နင် ထင်နေတာလား..”

“ဝါး…”

“နင် ငါ့ကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီ... ငါက စကားကြီးစကားကျယ်တွေ ပြောခဲ့ပေမယ့် ငါက စုတ်တံနဲ့ တကယ် လုပ်ခဲ့တာမှ မဟုတ်တာ... နင်ကိုယ်တိုင်လည်း ကမ္ဘာကြီးကို ပေါင်းစည်းပြီး ဧကရာဇ်ကို ဖြုတ်ချချင်တယ်လို့ ပြောနေတာပဲဟာ…”

“ရှူးရှူး...ဒါက မတရားမှုဖြစ်နေပြီ... အရာရှိတွေကိုတော့ မီးရှို့ခွင့်ပြုပြီး သာမန်ပြည်သူတွေကိုကျတော့ မီးအိမ်လေးတောင် ထွန်းခွင့်မပြုဘူးဆိုတဲ့ သဘောမျိုးပဲ…”

သေခြင်းရှင်ခြင်းစာအုပ်မှာ... ၎င်းကို ဖျက်ဆီးပစ်လိုက်ချင်သည်။

ယွင်ဟွားက ထိုကလေးနှစ်ဦးကို လျစ်လျူရှုလိုက်ပြီး မယ်တော်ကြီးထံမှ ခွင့်ပြုချက်တောင်းခံကာ အိမ်ရှေ့စံကြင်ယာတော်အား အရှေ့နန်းဆောင်ဘက်သို့ ဆွဲခေါ်သွားလေသည်။

"ချစ်လှစွာသော ညီမလေး... ညီမလေးနဲ့အတူ ငါ လိုက်ခဲ့မယ်... ငါ ညီမလေးကို အားဖြည့်ပေးမယ်..."

"ငါလည်း လိုက်မယ်… ငါ့ဖိနပ်နှစ်ရံက အချိန်မရွေး အသင့်ရှိနေတယ်..."

တော်ဝင်ကြင်ယာတော်စုက ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်လေသည်။

ယနေ့တွင် အချက်အလက်များကို အများအပြား စုဆောင်းရရှိခဲ့ပြီ ဖြစ်သည်။ သူတို့၏ အတင်းအဖျင်းစာစောင်မှာ ပြီးစီးလုနီးပါးပင် ဖြစ်နေပြီ မဟုတ်ပါလား။

"ငါလည်း နင့်ဘက်က ရပ်တည်ပေးမယ်..."

ဤကိစ္စက သူမအား ဤနှစ်အတွင်း မြေးတစ်ယောက်မရရှိအောင် တားဆီးထားခဲ့သဖြင့် ဧကရီသည် ယခုအခါ အလွန်တရာ ဒေါသထွက်နေပြီး လူသတ်ချင်စိတ်များပင် ပေါက်နေလေပြီ။

ချက်ချင်းဆိုသလိုပင်။

သူမသည် ပြဿနာကောင် အိမ်ရှေ့စံကို ဘေးသို့ တွန်းထုတ်လိုက်ပြီး သူ့အား စွေကြည့်ကာ ပြောလိုက်၏။

“ဒါက ငါတို့ မိန်းမတွေရဲ့ စစ်မြေပြင်ပဲ... မင်းက ဒီနေရာမှာ ဝင်ပြီး ဘာလုပ်ချင်နေတာလဲ..."

"ကိုယ့်မိန်းမကိုယ်တောင် မကာကွယ်နိုင်ဘဲ ငါ့မြေးလေး အချိန်မီ ရောက်မလာအောင် မင်းက လုပ်လိုက်တာပဲ... မင်းက ဘာအသုံးကျလို့လဲ..."

ဤသို့ပြောပြီးနောက် ဧကရီက အခြားသူများ၏ နောက်မှ ကပ်လျက် လိုက်ပါသွားကာ အရှေ့နန်းဆောင်ဘက်သို့ လျှောက်သွားလေသည်။

အိမ်ရှေ့စံမှာ သူတို့၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ရင်ဘတ်ကို လက်ဖြင့်ဖိကာ အံ့ဩမှင်တက်စွာ ရပ်နေလေတော့သည်။

အရာအားလုံး ပြီးဆုံးသွားလေပြီ။

မနက်ဖြန်တွင် သူ၏ ညီအစ်ကိုများ၏ လှောင်ပြောင်ခြင်းကို ခံရမည့် မြင်ကွင်းအား သူ ကြိုတင်မြင်ယောင်နေမိပြီဖြစ်သည်။

တော်ဝင်စာကြည့်ဆောင်၌

ဧကရာဇ်ဝမ်ရွှမ်းသည် ကိစ္စတစ်ခုကို ဖြေရှင်းပြီးခါစဖြစ်ပြီး သူ၏ နာကျင်နေသော ပခုံးများကို ပွတ်သပ်နေလေသည်။

အထိန်းတော်ချောင်သည် စိုးရိမ်တကြီးဖြင့် အပြေးအလွှား ဝင်လာ၏။

"အရှင်မင်းကြီး... အမတ်ငယ်ယွင်က မယ်တော်ကြီး၊ ဧကရီ၊ ပြီးတော့ တော်ဝင်ကြင်ယာတော်စုတို့နဲ့အတူ အရှေ့နန်းဆောင်ကို ဝင်ရောက်စီးနင်းလိုက်ပါပြီ..."

အခန်း (၁၅၈) အားလုံး တံခါးဝတွင် ဆောင့်ကြောင့်ထိုင်နေကြခြင်း

ဧကရာဇ်ဝမ်ရွှမ်းသည် ခြေချော်ကာ ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။ သူ၏ မျက်နှာတွင် ထိတ်လန့်နေသော အမူအရာများ ပေါ်လွင်နေ၏။

“စီးနင်း... အရှေ့နန်းဆောင်အထိ သွားစီးနင်းကြမလို့လား..."

အသုံးမကျသော ထိုအိမ်ရှေ့စံက တစ်ခုခု မိုက်မဲသည့်အလုပ်ကို ထပ်လုပ်မိပြန်ပြီလား။

"မဟုတ်... မဟုတ်ပါဘူး... အိမ်ရှေ့စံကြင်ယာတော်ကို... အားဖြည့်ကူညီပေးဖို့လို့ ကျွန်တော်မျိုး ကြား... ကြားလိုက်ပါတယ်..."

သတင်းလာပို့သော မိန်းမစိုးလေးထံမှ စကားကို အထိန်းတော်ချောင်လည်း ကြားလိုက်ရလေသည်။ အရေးပါသော ပုဂ္ဂိုလ်ကြီးများအားလုံး၏ မျက်နှာများမှာ မကောင်းကြပေ။

"အိမ်ရှေ့စံကြင်ယာတော်ကို အားဖြည့်ကူညီပေးတယ်ဆိုတာ အိမ်ရှေ့စံ အမှားလုပ်မိတယ်လို့ ဆိုလိုတာပဲ..."

ဧကရာဇ်ဝမ်ရွှမ်းက ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။

"မဖြစ်ဘူး..."

"ကြီးမားတဲ့ ပြဿနာတွေ ထပ်မဖြစ်ရအောင် ငါကိုယ်တော် သွားပြီး စောင့်ကြည့်နေမှ ဖြစ်မယ်..."

ဧကရာဇ်ဝမ်ရွှမ်းသည် ပြာယာခတ်နေဟန်ရှိသော်လည်း သူ၏ မျက်လုံးများထဲရှိ အပြုံးများက ပြဇာတ်ကြည့်ချင်နေသည့် သူ၏ စိတ်အားထက်သန်မှုကို ဖော်ပြနေလေသည်။

အရှေ့နန်းဆောင်။

အိမ်တော်အတွင်း၌ မီးသွေးများ လောင်ကျွမ်းနေ၏။ နူးညံ့သော ဆိုဖာပေါ်တွင် လှပသော မိန်းမပျိုလေးတစ်ဦးသည် လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားလျက် သူမ၏ အစေခံကျွေးသော သရေစာများကို စားသုံးနေလေသည်။ အလွန်ပင် သာယာနေ၏။

"ကိုယ်လုပ်တော်..."

ကိုယ်လုပ်တော်လုသည် လာသူကို မျက်လုံးပင့်ကြည့်လိုက်ပြီးနောက် အစေခံများကို ထွက်သွားစေကာ မတ်မတ် ထိုင်လိုက်လေသည်။

ရောက်လာသူမှာ အိမ်ရှေ့စံကြင်ယာတော်၏ အိမ်တော်မှ အထိန်းတော်ကြီးတစ်ဦးဖြစ်၏။

"ပြောပါ... ဘာကိစ္စလဲ..."

အဘွားအို၏ မျက်နှာပေါ်တွင် ဖားယားလိုသော အပြုံးတစ်ခု ရှိနေလေသည်။

"သခင်မလေး... သခင်မလေး ခိုင်းထားသော ကိစ္စများကို ဒီအစေခံကြီး လုပ်ဆောင်ပြီးပါပြီ... ကျန်နေသေးသော ငွေကြေးများအတွက်ကတော့..."

သူမသည် သူမ၏ တွန့်လိမ်နေသော လက်များကို ပွတ်သပ်ရင်း အနည်းငယ် အနေရခက်နေပုံပေါ်၏။

ကိုယ်လုပ်တော်လုသည် သူမ၏ အနီးကပ်အစေခံမလေးကို တစ်ချက် ကြည့်လိုက်လေသည်။ အစေခံမလေးက ချက်ချင်း နားလည်သွားကာ သူမ၏ ရင်ခွင်ထဲမှ ငွေတစ်ရာတန်ကို မျက်နှာသေဖြင့် ထုတ်ယူ၍ ကမ်းပေးလိုက်၏။

အဘွားအိုသည် ၎င်းကို လှမ်းယူလိုက်ပြီး သူမ၏ အိုမင်းနေသော မျက်နှာမှာ ချက်ချင်း တောင့်တင်းသွားလေသည်။

အိမ်တော်အပြင်ဘက်တွင်။

ဝင်းအတွင်းရှိ အစေခံများအားလုံးကို မယ်တော်ကြီး ခေါ်လာသော လူများက ထိန်းချုပ်ထားပြီး ယွင်ဟွားနှင့် မယ်တော်ကြီးတို့မှာ တံခါးဝတွင် မှောက်ခုံနေခြင်း သို့မဟုတ် ပြတင်းပေါက်တွင် နားကပ်၍ နားထောင်နေကြလေသည်။

ဧကရာဇ်ဝမ်ရွှမ်း ဝင်လာသည်နှင့်တစ်ပြိုင်နက် ခိုးနားထောင်နေသော လူအုပ်ကို မြင်လိုက်ရပြီး သူ၏ နှုတ်ခမ်းများ ပြင်းထန်စွာ တွန့်လိမ်သွားလေသည်။

သူသည် ကောင်မလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ နဂါးဝတ်ရုံကို မကာ သူမ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်၏။

ယွင်ဟွားမှာ လန့်သွားသဖြင့် အော်ဟစ်လုနီးပါး ဖြစ်သွားလေသည်။

"အရှင်မင်းကြီး... ဘာကိစ္စရှိလို့ ရောက်လာတာလဲ..."

ယွင်ဟွားက အသံကို နှိမ့်လိုက်ပြီး သူမ၏ စိတ်သည် အခန်းထဲသို့သာ အာရုံရောက်နေဆဲ ဖြစ်၏။

"ဒီနေရာက ငါကိုယ်တော်ရဲ့ နန်းတော်ပဲ... ဘာလဲ... မင်းတို့က ထောင့်မှာ ဝပ်နေလို့ရပြီး ငါကိုယ်တော်က ဝပ်နေလို့ မရဘူးလား..."

အိမ်ရှေ့စံသည် သူ့အကြည့်ကို တိတ်ဆိတ်စွာ ရုပ်သိမ်းလိုက်ပြီး သူ၏ဘေးတွင် သွားဖြီးပြနေသော သူ၏ ဒုတိယညီတော်ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

ဤကောင်မလေး ကျွန်ုပ်တို့၏ ဘဝထဲသို့ ရောက်လာကတည်းက သူမသည် နန်းတော်ထဲရှိ လူတိုင်းကို လမ်းလွဲစေခဲ့သည်။

ထို့နောက် သူသည် သတိမထားမိဘဲ တံခါးပေါက်ဆီသို့ ခြေလှမ်းအနည်းငယ် တိုးသွားလေသည်။

အိမ်တော်အတွင်း၌။

အဘွားအိုသည် အလေးချိန် မလောက်သည်ကို ခံစားမိသဖြင့် သတိထားကာ မေးလိုက်၏။

"မိန်းကလေးချိုးထန်... ဒီငွေတွေက... မမှန်ဘူး မဟုတ်လား..."

ထိုငွေအိတ်ထဲတွင် ငွေတစ်ရာတန်သာ ရှိလေသည်။

ချိုးထန်က ပေါ့ပါးစွာ ရယ်မောလိုက်လေသည်။

"မှန်တာပေါ့... အရင်က နင့်ကို ငွေတစ်ရာတန် ပေးခဲ့တယ်လေ... ဒါတွေနဲ့ပေါင်းရင် စုစုပေါင်း ငွေနှစ်ရာတန် ဖြစ်သွားပြီ..."

အဘွားအို၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။

“မိန်းကလေးချိုးထန်... ကိစ္စပြီးစီးသွားရင် နောက်ထပ် ငွေငါးရာတန် ထပ်ပေးမယ်လို့ ကျွန်မတို့ ကြိုတင် သဘောတူထားခဲ့တယ်လေ... ဒီကိစ္စက... မတရားဘူး..."

သူမ၏ သားသည် လောင်းကစားကြွေး ငွေငါးရာတန် တင်နေပြီး အသက်ကယ်ရန်အတွက် ထိုငွေကို အလွန်အမင်း လိုအပ်နေခြင်းဖြစ်၏။

ချိုးထန်၏ မျက်လုံးများ မှောင်မိုက်သွားပြီး အဘွားအိုထံ ချဉ်းကပ်ကာ အေးစက်စွာ ပြောလိုက်လေသည်။

"အဘွားကြီး... လောဘသိပ်မကြီးတာ အကောင်းဆုံးပဲ... ငွေနှစ်ရာတန်ဆိုတာ နင့်ရဲ့ နှစ်အတော်ကြာ လုပ်အားခနဲ့ ညီမျှနေပြီ..."

သူမ ငွေရရန် အသေအလဲ ကြိုးစားနေသည်ကို မတွေ့ခဲ့ရလျှင် ထိုအခွင့်အရေးကို ပေးခဲ့မည် မဟုတ်ပေ။

အဘွားအိုသည် ကိုယ်လုပ်တော်လုအား ကြည့်လိုက်ရာ သူမသည် လက်ထဲရှိ စာအုပ်ထဲတွင်သာ အာရုံစိုက်နေပြီး မိမိကို လုံးဝ အာရုံမစိုက်ကြောင်း မြင်လိုက်ရသဖြင့် အနည်းငယ် နာကြည်းမှုကို မထိန်းနိုင်အောင် ဖြစ်သွားလေသည်။

“သခင်နဲ့ အစေခံက တော်တော် မိုက်မဲတာပဲ..”

“သူက နင်တို့အတွက် အလုပ်လုပ်ပေးတာကို နင်က သူ့ရဲ့ လုပ်အားခကို ဖြတ်ထားတယ်ပေါ့... သူက ပြန်လှည့်ပြီး ကိုက်မှာကို မကြောက်ဘူးလား..”

တရားသူကြီးက ကျိန်ဆဲစကားကို ထွေးထုတ်လိုက်လေသည်။

ဤမြင်ကွင်းက နေ့စဉ် အလုပ်တွေ အများကြီးခိုင်းပြီး အကျိုးခံစားခွင့်တစ်ခုမှ မပေးသော ဆိုးသွမ်းသည့် ယမမင်းကို သတိရစေလေသည်။

ထို့ကြောင့်…

၎င်းသည် ယမမင်းကို ပုန်ကန်ကာ ရတနာကို ခိုးယူပြီး ပန်းများကို ရှာဖွေရန် လူ့ပြည်သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်၏။

သေခြင်းရှင်ခြင်းစာအုပ်က ၎င်းကို ရိုက်ချလိုက်လေသည်။

“နင့်ပြဇာတ်ကိုပဲ ဆက်ကြည့်စမ်းပါ..”

အဘွားအိုသည် အရှုံးပေးရန် ဆန္ဒမရှိပေ။ သူမသည် ရှေ့သို့ တိုးသွားကာ ကိုယ်လုပ်တော်လု၏ အရှေ့တွင် ဒူးထောက်လိုက်ပြီး သူမအား ကျေနပ်စေရန် ကြိုးစားနေဆဲ ဖြစ်၏။

“ကိုယ်လုပ်တော်... ဒီအစေခံကြီးကို သနားတော်မူပါ… ကိုယ်လုပ်တော် ခိုင်းထားတဲ့အတိုင်း အိမ်ရှေ့စံကြင်ယာတော်ကို ဆေးခတ်ဖို့ အသက်စွန့်ခဲ့ရလို့ သူမရဲ့ ခန္ဓာကိုယ် ပျက်စီးသွားခဲ့ပြီလေ... ဒီငွေက ဒီအစေခံကြီး ရသင့်ရထိုက်တဲ့အရာပါ..."

"ပြီးတော့... ဒါ့အပြင်... ဒီအစေခံကြီးက သားဖြစ်သူရဲ့ အသက်ကို ကယ်ဖို့ ဒီငွေကို စောင့်နေရတာပါ... ကျေးဇူးပြုပြီး သနားညှာတာသောအားဖြင့် ကျန်နေသေးတဲ့ ငွေလေးရာကို ဒီအစေခံကြီးကို ပေးသနားတော်မူပါ..."

အဘွားအိုက အကြိမ်ကြိမ် ဦးညွှတ်ခစားလေသည်။

ချိုးထန်၏ မျက်နှာမှာ ဖြူလျော့သွား၏။ ဤအဘွားကြီးသည် လူစကားကို နားမလည်နိုင်ဘူးလား။

"အဘွားကြီး... ငွေယူပြီး အခုချက်ချင်း အောက်ကို ဆင်းသွားလိုက်တော့... ကိုယ်လုပ်တော်ကို ထပ်ပြီး အနှောင့်အယှက်ပေးမယ်ဆိုရင် ဒုက္ခကြီးကြီးမားမား ရောက်သွားလိမ့်မယ်..."

ဦးခေါင်းမှာ မြေပြင်ပေါ်တွင် ရှိနေဆဲဖြစ်သော အဘွားအိုက ပို၍ မှုန်ကုပ်ကုပ် ဖြစ်လာလေသည်။

သူမသည် ရုတ်တရက် ခေါင်းမော့လိုက်၏။

"ကိုယ်လုပ်တော်... မိန်းကလေးချိုးထန်... တကယ်ပဲ အဲ့လောက် ရက်စက်ကြတော့မလို့လား... အိမ်ရှေ့စံကို သွားတိုင်မှာကို မကြောက်ကြဘူးလား..."

“ဝါး... အခြေအနေတွေက ပျက်စီးတော့မယ့်ပုံပဲ..”

ယွင်ဟွားသည် သူမ၏ ရင်ခွင်ထဲမှ ကိတ်မုန့်တစ်ပိုင်းကို ထုတ်ယူကာ အရသာခံ၍ စားလိုက်လေသည်။

“ငါ့ကို ခြိမ်းခြောက်နေတာလား…”

ကိုယ်လုပ်တော်လု၏ မျက်နှာအမူအရာ တင်းမာသွားပြီး သူမသည် စာအုပ်ကို ပေါ့ပေါ့ပါးပါး ချထားလိုက်လေသည်။

ရေခဲကဲ့သို့ အေးစက်နေသော အသံတွင် ဒေါသသံများ ရောယှက်နေပြီး အဘွားအို၏ ပါးကို ဆွဲညှစ်လိုက်၏။

"ငါ့ကို တိုင်မယ်... အဘွားကြီး... အိမ်ရှေ့စံကြင်ယာတော်ကို ကိုယ်တိုင်ကိုယ်ကျ ဆေးပေးခဲ့တာ နင်ဆိုတာကို မမေ့နဲ့လေ... နင်ကကော ဘာအပြစ်မှ မခံရဘဲ လွတ်သွားမယ် ထင်နေတာလား..."

"ငွေယူပြီး ပါးစပ်ပိတ်ထားလိုက်တော့... ငါ သင်ပေးစရာမလိုဘဲ ဘာပြောရမယ်၊ ဘာမပြောရဘူးဆိုတာ နင် သိမှာပါ..."

အစကတည်းက သူမ၏ လျှို့ဝှက်ချက်များကို သိထားသော ဤအထိန်းတော်ကို လွှတ်ပေးရန် သူမတွင် ရည်ရွယ်ချက် မရှိခဲ့ပေ။

ယခုအချိန်တွင် သူမကို အသက် နည်းနည်းပိုရှည်ခွင့် ပေးထားရုံသာဖြစ်၏။

"နင် သေချင်သေးတယ်ဆိုရင်လည်း..."

ကိုယ်လုပ်တော်လုသည် သူမအား အေးစက်စွာ စိုက်ကြည့်ကာ သူမ၏ လေသံတွင် ခြိမ်းခြောက်မှုများ အပြည့်ပါဝင်နေလေသည်။

"အရှေ့နန်းဆောင်ကနေ အသက်ရှင်လျက် ထွက်သွားရမယ်လို့ ငါ အာမမခံနိုင်ဘူး..."

အဘွားအိုမှာ တုန်ရီသွားလေသည်။

သူမသည် အေးစက်ကာ ခြိမ်းခြောက်နေသော မျက်နှာဖြင့် ကိုယ်လုပ်တော်လုအား ထိတ်လန့်တကြား ကြည့်လိုက်ပြီး ဒွိဟဖြစ်လာလေသည်။

သို့သော် သားဖြစ်သူ၏ လောင်းကစားကြွေးများကို တွေးမိသောအခါ သူမသည် ဆက်လက် ငိုကြွေးကာ တောင်းပန်ရန် ဖိအားပေးခံရသကဲ့သို့ ဖြစ်သွား၏။

"သခင်မလေး... ဒီအစေခံကြီးက သခင်မလေးကို ဘယ်လိုလုပ် ခြိမ်းခြောက်ရဲမှာလဲ... အပြင်မှာ အကြွေးတွေ တင်နေတာက ကျွန်မရဲ့ အသုံးမကျတဲ့ သားပါ... အကြွေးမဆပ်ရင် သူ့ရဲ့ လက်တွေ ခြေထောက်တွေ ကျိုးသွားလိမ့်မယ်..."

"ဒီအစေခံကြီးက သခင်မလေးကို တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ကျန်နေသေးတဲ့ ငွေတွေကို ပေးသနားတော်မူပါ..."

ကိုယ်လုပ်တော်လုသည် ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။ သူမသည် ဘေးရှိ ချိုးထန်အား မော့ကြည့်ကာ ပြောလိုက်၏။

"သူမကို နောက်ထပ် ငွေတစ်ရာတန် ပေးလိုက်…”

အဘွားအိုမှာ အံ့အားသင့်သွားလေသည်။

ငွေတစ်ရာတန်...

"သခင်မလေး... အဲ့ငွေက... အဲ့ငွေက မလောက်သေးဘူးလေ... ကျွန်မရဲ့ သား..."

"ငါတော့ တော်တော် စိတ်မရှည်တော့ဘူး..."

ယွင်ဟွားက တံခါးဝတွင် အကျယ်ကြီး အော်ဟစ်လိုက်လေသည်။

"အဲ့မိန်းမက နင့်ကို ငွေမပေးဘူးဆိုရင် သွားပြီး ဆွဲထိုးလိုက်လေ... နင့်ဆီမှာ သူမကို ခြိမ်းခြောက်စရာ ရှိနေတာပဲ... ဘာကို ကြောက်နေရတာလဲ... အဆိုးဆုံးကတော့ နှစ်ယောက်စလုံး သေဖို့ပဲရှိတာကို..."

ယွင်ဟွား၏ အသံသည် အခန်းထဲရှိ လူများ၏ နားထဲသို့ ရောက်သွားပြီး သူတို့ကို လန့်သွားစေလေသည်။

အပြင်ဘက်တွင် ခိုးနားထောင်နေသူများအားလုံးသည်လည်း သူမကို လှည့်ကြည့်လိုက်ကြ၏။

ချိုးထန်၏ မျက်လုံးများက အေးစက်သွားလေသည်။

သူမသည် ရှေ့သို့ တိုးသွားကာ တံခါးကို ဆွဲဖွင့်လိုက်ပြီး ထိုနေရာတွင် ရပ်နေသော လူအုပ်ကြီးကိုကြည့်ကာ သူမ၏ သူငယ်အိမ်များ ချက်ချင်း ကျယ်လာလေသည်။

သူမ၏ ဒူးများ ခွေကျသွား၏။

သူမသည် "ဒူး" ဟူသော အသံနှင့်အတူ ဒူးထောက်ကျသွားလေသည်။

"အရှင်မင်းကြီး... အရှင်မင်းကြီး... မယ်တော်ကြီး..."

ချိုးထန်သည် ခေါင်းမူးသွားသလို ခံစားလိုက်ရပြီး သူမ၏ စိတ်ထဲတွင် စကားလုံး နှစ်လုံးသာ ဖြတ်ပြေးသွားလေသည်။

ပြီးပြီ...။

ဧကရာဇ်ဝမ်ရွှမ်းက သူမအား အေးစက်စွာ ကြည့်လိုက်ပြီး သူ၏ ခြေထောက်ကို မြှောက်လိုက်ချိန်တွင် ယွင်ဟွားက လက်ဦးမှုရယူကာ ချိုးထန်အား အခန်းထဲရှိ အဘွားအိုအပေါ်သို့ ကန်ချလိုက်လေသည်။

“ကတိတစ်ခုပေးထားတယ်... ငါ့ရဲ့ အလှလေးအတွက် တရားမျှတမှုကို ရှာဖွေပေးမယ်လို့လေ... ဧကရာဇ်ကို ဘယ်လိုလုပ် ငါ့အခွင့်အရေး အလုခံနိုင်ပါ့မလဲ…”

All Chapters