အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
အခန်း ၂၁၉: သူက ဘယ်အချိန်ကတည်းက ရောက်နေတာလဲ...
ရွှီကူမြို့ ရင်ပြင်တစ်ခုလုံး အေးစက်ပြီး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။
ဤစကားများကို ကြားလိုက်ရသော လူသားမျိုးနွယ်စု ကျင့်ကြံသူတိုင်းသည် သူတို့၏ခြေဖဝါးမှ ငယ်ထိပ်အထိ အေးစက်မှုတစ်ခု ပြေးတက်သွားသည်ကို ခံစားမိလေ၏။
သူတို့သည် မျက်လုံးအပြူးသားဖြင့်လသွေးအိုင်ထဲမှ မင်ကျိုးယိုကို ထိတ်လန့်တကြား ကြည့်ပြီးနောက် မိစ္ဆာ တစ်ကောင်အလား တီးတိုးပြောဆိုနေသော ရှင်းချန်ယောင်ကို ကြည့်လိုက်သည်။
မင်ကျိုးယိုကို မသေဆုံးမီ သူ၏ကိုယ်ပိုင် မျိုးနွယ်တူများကို သတ်ဖြတ်ခိုင်းနေသလော....
ဤအချိန်အခိုက်အတန့်တွင် မင်ကျိုးယိုက သွေးအိုင်ထဲတွင် လဲလျောင်းနေသည်။
သူ၏ခန္ဓာကိုယ်က အေးစက်နေပြီး သူ၏အသိစိတ် တဖြည်းဖြည်း ဝေဝါးလာသည်။
သူ မုန်းတီးရသည့် မျိုးနွယ်တူများကို သေဖော်သေဖက်အဖြစ်နှင့်လော...
ဤသည်မှာ အမှန်တကယ်ကို ရယ်စရာကောင်းလှသည်။
လူတစ်ယောက်သည် သေတော့မည့်အချိန်၌ ဤကဲ့သို့သော ကိစ္စများကို မည်သည်ကြောင့် ဂရုစိုက်နေရမည်နည်း။
ထို့ကြောင့် သူက ဤအတိုင်း ပြောလိုက်သည်။
"ထွက်သွားစမ်း..."
ရှင်းချန်ယောင်၏ ကြယ်မျက်လုံးများထဲရှိ နောက်ဆုံးလှောင်ပြောင်မှု အရိပ်အယောင်လေးက လုံးဝ ပျောက်ကွယ်သွားပြီး နှစ်တစ်သောင်းသက်တမ်းရှိ နက်နဲသိမ်မွေ့ရေခဲအလား အေးစက်သော ဂရုမစိုက်မှုသာ ကျန်ရှိတော့သည်။
သူ မည်သည့်စကားမျှ ထပ်မပြောတော့ချေ။
သူက သူ၏လက်ကို အနည်းငယ် မြှောက်လိုက်ရာ ကြယ်ရောင်အလင်းတန်းက သူ၏လက်ချောင်းထိပ်များတွင် စုစည်းသွားပြီး ပင့်ကူမျှင်အလား ပါးလွှာသော်လည်း ယှဉ်ပြိုင်၍မရနိုင်လောက်အောင် ထက်ရှသည့် ကြယ်ရောင်ဓားချီအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။
သို့ရာတွင် ဤအချိန်အခိုက်အတန့်၌....
"နေအုံး..."
အနည်းငယ် တုန်ယင်နေသော်လည်း အလွန် ခိုင်မာပြတ်သားသော အသံတစ်သံက ရင်ပြင်၏အစွန်းမှ ထွက်ပေါ်လာသည်။
ရှင်းချန်ယောင်က မျက်မှောင် မသိမသာ ကြုတ်လိုက်ပြီး သူ၏ကြယ်မျက်လုံးများက အသံလာရာဆီသို့ ကျရောက်သွားသည်။
အင်္ကျီလက်များတွင် တိမ်တိုက်ပုံစံများ ပန်းထိုးထားသည့် ရိုးရှင်းသော အဖြူရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ငယ်ရွယ်နုနယ်သေးသော မျက်နှာ ရှိသည့် လူငယ်ကျင့်ကြံသူတစ်ဦးက လူအုပ်အကြားမှ ထွက်လာခဲ့သည်။
သူ၏မျက်နှာ ဖြူရော်နေပြီး သူ၏ဓားကို ကိုင်ထားသော လက်မှာ အနည်းငယ် တုန်ယင်နေပေ၏။ သူ၏ ကျင့်ကြံခြင်းမှာ သူတော်စင်နယ်ပယ် အစောပိုင်း အဆင့်တွင်သာ ရှိပြီး ဤကဲ့သို့ နေရာမျိုးတွင် သူ့ကို ပုရွက်ဆိတ်တစ်ကောင်အလား အရေးမပါဖြစ်စေသည်။
သို့သော် သူသည် သူ၏ ကျောကို မတ်ထားပြီး ရှင်းချန်ယောင်ကို တိုက်ရိုက်ကြည့်လိုက်ကာ သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့သော စိတ်ပိုင်းဖြတ်ထားမှုများဖြင့် ပြည့်နှက်နေသည်။
"နတ်ဘုရား မျိုးနွယ်စု ... ဒီလောက်ထိ မောက်မာမနေနဲ့... ငါက ကမ္ဘာအသင်္ချေရဲ့ ထျန်းယွမ်နယ်မြေက ဝမ်သိုဂိုဏ်းရဲ့ သူတော်စင်ပဲ... ငါတို့လူသားမျိုးနွယ်စုရဲ့ လူငယ်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကို မင်း အလိုကျ စော်ကားဖို့ ငါ ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ..."
လူငယ်ကျင့်ကြံသူ၏အသံက အကြောက်တရားကြောင့် တုန်ယင်နေသော်လည်း သူ၏စကားလုံးတိုင်းက ကြည်လင်နေပေ၏။
"ဟက်..."
ရှင်းချန်ယောင်က လောကကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး ပြက်လုံးကို ကြားလိုက်ရသည့်အလား အလွန်တိုးညှင်းသော လှောင်ပြောင်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။
"အမှန်ပဲ... နတ်ဘုရား မျိုးနွယ်စု... ငါတို့ရဲ့ကမ္ဘာအသင်္ချေမှာ လူမရှိတော့ဘူးလို့ နင် ထင်နေတာလား..."
နောက်ထပ်ပုံရိပ်တစ်ခု ရှေ့ထွက်လာသည်။
သူမသည် ကြက်သွေးရောင် တိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်ထားပြီး မီးတောက်လှံကို ကိုင်ဆောင်ထားကာ သူရဲကောင်းဆန်သော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေသည့် သူတော်စင်နယ်ပယ် အလယ်အလတ် အဆင့် ကျင့်ကြံခြင်းရှိသော အမျိုးသမီးတစ်ဦးပင်။
သူမ၏မျက်နှာတွင် အမာရွတ်များ ရှိသော်လည်း သူမ၏မျက်လုံးများတွင် မီးတောက်များ လောင်ကျွမ်းနေပေ၏။
"မြေအောက်ကမ္ဘာသားတော်က ရက်စက်ကြမ်းကြုတ်စွာ ပြုမူပေမဲ့ သူက နောက်ဆုံးတော့ ငါတို့ ကမ္ဘာအသင်္ချေက လူတစ်ယောက်ပဲ... နတ်ဘုရား မျိုးနွယ်စု ဖြစ်တဲ့ မင်းတို့က ငါတို့နယ်မြေရဲ့ ပါရမီရှင်ကို ဒီမှာ သတ်ဖြတ်ပြီး ငါတို့ရဲ့ ဂုဏ်သိက္ခာကို နင်းချေဖို့ ငါတို့ ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ..."
ကူချင်းတစ်ခုကို သယ်ဆောင်လာသော လိမ်မာယဉ်ကျေးပုံပေါက်သည့် သက်လတ်ပိုင်းကျောင်းတော်သားတစ်ဦးက ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သူ၏ အသံမှာ တည်ငြိမ်နေပြီး သူ၏ကျင့်ကြံခြင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင်ပင် သူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
"ငါလည်း ပါတယ်..."
ကျယ်ပြန့်သော ပခုံးများရှိကာ ဧရာမပုဆိန်တစ်လက် ထမ်းထားသော ကြွက်သားတောင့်တင်းသည့် အမျိုးသားတစ်ဦးက အော်ဟစ်ပြီး ခုန်ထွက်လာပေ၏။ သူ၏ကျင့်ကြံဆင့်သည် အစစ်အမှန်သူတော်စင်နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း သူ၏အရှိန်အဝါမှာ အံ့အားသင့်စရာကောင်းသည်။
တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်... ဆယ်ယောက်၊ အယောက်နှစ်ဆယ်၊ ငါးဆယ်... ပို၍များပြားသော လူသားမျိုးနွယ်စုကျင့်ကြံသူများက ရင်ပြင်၏ ထောင့်တိုင်းမှ၊ ပျက်စီးနေသော အဆောက်အအုံများ နောက်မှနှင့် ထိတ်လန့်နေသော လူအုပ်အကြားမှ ထွက်လာခဲ့ကြသည်။
သူတို့၏ကျင့်ကြံဆင့်များမှာ တူညီခြင်းမရှိချေ။ သူတို့အနက်မှအများစုသည် အတုအယောင် သူတော်စင်နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိကြပြီး နှစ်ယောက် သို့မဟုတ် သုံးယောက်သာ အစစ်အမှန်သူတော်စင် နယ်ပယ်တွင်ရှိကာ သူတို့အားလုံး အစောပိုင်းအဆင့်တွင်သာ ဖြစ်ကြသည်။
သူတို့သည် မတူညီသော ဂိုဏ်းများနှင့်အင်အားစုများမှ လာကြပြီး သူတို့အချင်းချင်းကြားတွင် ရန်ငြိုးများပင် ရှိကောင်းရှိနိုင်လေ၏။
သို့သော် ဤအချိန်အခိုက်အတန့်တွင် သူတို့သည် ကြိုတင်တိုင်ပင်ထားသည့်အလား မင်ကျိုးယို လဲကျနေသော အရပ်မျက်နှာဆီသို့ စုစည်းသွားကြသည်။
သူတို့သည် မင်ကျိုးယိုနှင့် ရှင်းချန်ယောင်တို့ ကြားတွင် လူသားတံတိုင်းတစ်ခုကို အလိုအလျောက် ဖွဲ့စည်းလိုက်သည်။
လူသားတံတိုင်း၏ရှေ့ဆုံးတွင် အားကောင်းသော အရှိန်အဝါများရှိသည့် လူငယ်ပါရမီရှင် အနည်းငယ် ရှိနေသည်။ ခရမ်းရွှေရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းသရဖူကို ဆောင်းထားသော ရှေးဟောင်းမြင့်မြတ်နယ်မြေတစ်ခုမှ သူတော်စင် တစ်ပါးက ရှေ့သို့ထွက်လာလေ၏။ သူသည် သွေးအိုင်ထဲမှ မင်ကျိုးယိုကို တည်ကြည်လေးနက်စွာ ကြည့်လိုက်ပြီးနောက် ရှင်းချန်ယောင်ထံသို့ လှည့်ကာ နက်ရှိုင်းသော လေသံဖြင့် ပြောလိုက်သည်။
"ရှင်းချန်ယောင်... မင်းရဲ့ နတ်ဘုရား မျိုးနွယ်စုက အစွမ်းထက်နိုင်ပေမဲ့...တကယ်လို့ မင်းက ဒီနေရာမှာ ကိုယ်လုပ်ချင်တာကိုလုပ်ပြီး ငါတို့ ကမ္ဘာအသင်္ချေရဲ့ ပါရမီရှင်တွေကို သတ်ချင်တယ်ဆိုရင် ငါတို့ လူသား မျိုးနွယ်စု ကျင့်ကြံသူတွေက သဘောတူရဲ့လားဆိုတာ မင်း အရင်မေးရလိမ့်မယ်..."
မင်ကျိုးယိုက မြေကြီးပေါ်တွင် လဲလျောင်းနေပြီး သူ၏ မှုန်ဝါးနေသော အမြင်အာရုံက သွေးမြူခိုးများမှတဆင့် သူ့ရှေ့တွင် ရပ်နေသော ထိုကျောပြင်များကို မြင်နေရသည်။
ဤသည်က သူ့အတွက် အလွန်စိမ်းသက်သည်။
သူတို့၏ကျင့်ကြံခြင်းက လူအများစုမှာ ရယ်စရာကောင်းလောက်အောင် နိမ့်ကျနေလေ၏။
သူ၏ အထွတ်အထိပ်အချိန်တုန်းက ထိုလူများအနက် အများစုကို သူ မျက်လုံးထဲပင် ထည့်ကြည့်မည် မဟုတ်ပေ။
သူတို့ မည်သည်ကြောင့် ရှေ့သို့ ထွက်လာကြသနည်း။
သူ့ကို ကယ်တင်ရန်လော....
ဤသည်က ရယ်စရာကောင်းလှသည်။
သူ မင်ကျိုးယိုက သူ့ကို ကယ်တင်ရန် တခြားသူများကို မည်သည့်အချိန်က လိုအပ်ခဲ့ဖူးသနည်း။
ထို့ပြင် ဤပုရွက်ဆိတ်များ၏အသက်ကို သူ မည်သည့်အချိန်က ဂရုစိုက်ခဲ့ဖူးသနည်း။
ဤသည်က သူ၏ဒဏ်ရာများကို ပိုဆိုးစေပြီး သွေးအနည်းငယ် ယိုစီးကျလာစေခဲ့သည်။
သူ၏ကျန်ရှိနေသော စွမ်းအားများအားလုံးကို အသုံးပြု၍ သူက အက်ရှပြီး အားနည်းသော အသံဖြင့် ပြောလိုက်၏။ သူ၏အသံတွင် အေးစက်သော မောက်မာမှုကို သယ်ဆောင်ထားဆဲပင်။
"မင်းတို့ရဲ့ ကျင့်ကြံခြင်းက နိမ့်ကျတယ်... သေလမ်းရှာနေတာနဲ့ ဘာမှ မကွာဘူး... ထွက်သွားကြစမ်း... လာမရှုပ်နဲ့..."
သူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ရှေ့တွင်ရှိနေသူများ၏ နားများထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။
ရှေးဟောင်းမြင့်မြတ်နယ်မြေမှ သူတော်စင်၏ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသော်လည်း သူ နောက်သို့လှည့်မကြည့်ခဲ့ချေ။ မင်ကျိုးယိုကို ကျောခိုင်းထားပြီး သူ၏အသံက ပို၍ပင် ပြတ်သားလာကာ ဖော်ပြ၍မရနိုင်သော ရှုပ်ထွေးသည့် စိတ်ခံစားမှု အရိပ်အယောင်တစ်ခုပင် ပါဝင်လာခဲ့သည်။
"မြေအောက်ကမ္ဘာ သားတော်... မင်း မှားနေပြီ..."
"ဒါက မင်း တစ်ယောက်တည်းအတွက် မဟုတ်သလို အတိတ်က မင်း ဘယ်လို နေခဲ့တယ် ဆိုတာကြောင့်လည်း မဟုတ်ဘူး..."
သူက ခဏရပ်လိုက်ပြီး သူ၏ ရင်ဘတ်ထဲရှိ အကြောက်တရားအားလုံးကို ရှင်းထုတ်လိုက်သည့်အလား အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ သူ၏ အသံက ရုတ်တရက် ကျယ်လောင်လာပေ၏။
"တကယ်လို့ ငါတို့က ဒီနေ့ ဆုတ်ခွာမယ်ဆိုရင် အဲ့ဒါက ငါတို့ ကမ္ဘာအသင်္ချေရဲ့ ကျောရိုး ဆုတ်ခွာသွားတာပဲ... တကယ်လို့ ငါတို့က ဒီနေ့ ကြောက်ရွံ့မယ်ဆိုရင် အဲ့ဒါက ငါတို့ လူသားမျိုးနွယ်စုရဲ့ စိတ်ဓာတ် ယိုင်နဲ့သွားတာပဲ... နတ်ဘုရား မျိုးနွယ်စုက ငါတို့ရဲ့ရှေ့မှာ ရှိနေတဲ့အချိန်မှာ အတွင်းရေးပဋိပက္ခတွေကို ဘေးဖယ်ထားလို့ရတယ်... မင်းက ဘာပဲဖြစ်နေနေ...မင်ကျိုးယို မင်းက ငါတို့ ကမ္ဘာအသင်္ချေက ပါရမီရှင် တစ်ယောက်ဖြစ်ပြီးတော့ ငါတို့ ကမ္ဘာအသင်္ချေက လူငယ် မျိုးဆက်ရဲ့ မျက်နှာကို ကိုယ်စားပြုတယ်... ငါတို့က ဘယ်လိုလုပ်ပြီးတော့ ဒီအတိုင်း ရပ်ကြည့်နေနိုင်မှာလဲ..."
"ငါတို့ရဲ့ ကျင့်ကြံခြင်းက မင်းနဲ့တန်းတူ မဟုတ်နိုင်ဘူး... ပြီးတော့ ငါတို့ရဲ့ ပါရမီက မင်းထက် နိမ့်ပါးနိုင်တယ်...ဒါပေမဲ့..."
သူက ရုတ်တရက် နောက်လှည့်ပြီး မင်ကျိုးယိုကို ကြည့်ကာ နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။
"တကယ်လို့ ငါတို့ရဲ့ သေဆုံးမှုက မင်းအတွက် ခဏတာ အနားယူချိန်ကို ရစေနိုင်မယ်ဆိုရင်.. ငါတို့ထက် ပါရမီအများကြီး သာလွန်တဲ့ မင်းလိုလူမျိုးကို ရှင်သန်ဖို့နဲ့ ရှေ့ဆက်သွားဖို့ မျှော်လင့်ချက်တစ်ခု ရစေနိုင်မယ် ဆိုရင်... အနာဂတ်မှာ နတ်ဘုရား မျိုးနွယ်စုကို နည်းနည်းလောက် ပိုသတ်နိုင်မယ်ဆိုရင်... ဒါဆိုရင် ငါတို့ရဲ့သေဆုံးမှုက ထိုက်တန်တယ်..."
"အမှန်ပဲ... ဒါက ထိုက်တန်တယ်..."
"မြေအောက်ကမ္ဘာ သားတော်...အသက်ရှင်ပါ..."
"နတ်ဘုရားမျိုးနွယ်စုဝင်တွေကို သတ်..."
"ကမ္ဘာအသင်္ချေက တစ်သားတည်းပဲ..."
မင်ကျိုးယို၏ရှေ့ရှိ ပိန်လှီသော်လည်း မတ်မတ်ဖြစ်နေသော ပုံရိပ်များက တပြိုင်နက်တည်း ဟစ်ကြွေးလိုက်ကြလေ၏။
သူတို့သည် ရထားလုံးတစ်စီးကို တားဆီးရန် ကြိုးစားနေသည့် ပုရစ်များအလား ဖြစ်နေမှန်း သူတို့ သိထားကြသည်။ ထို့ပြင် ရှင်းချန်ယောင်က လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် သူတို့ကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်ကြောင်းကိုလည်း သူတို့ သိထားသည်။
သို့သော် သူတို့သည် ရှေ့သို့ ထွက်လာခဲ့ကြ၏။
မင်ကျိုးယိုသည် သွေးအိုင်ထဲတွင် လဲနေပြီး သူ၏ ကျိုးပဲ့နေသော ခန္ဓာကိုယ်က အချိန်တခဏကြာမျှ တောင့်တင်းသွားပုံရသည်။
သူ၏ပြူးကျယ်နေသော သူငယ်အိမ်များတွင် ထိုစိမ်းသက်သက် ကျောပြင်များ ထင်ဟပ်နေသည်။
သူ၏နားထဲတွင် သူ တစ်ချိန်က လှောင်ပြောင်ခဲ့ဖူးသော ဖြောင့်မတ်ခြင်း၊ ကျောရိုးရှိခြင်းနှင့် စည်းလုံးခြင်းတို့နှင့် ပတ်သက်သည့် စကားများ ပဲ့တင်ထပ်နေပေ၏။
"ငတုံးငအအုပ်စုပဲ..."
မင်ကျိုးယိုက နောက်တစ်ကြိမ် တီးတိုးရေရွတ်လိုက်သည်။ သူ၏အသံသည် အက်ရှပြီး အေးစက်နေဆဲ ဖြစ်သော်လည်း ထိုအေးစက်မှု၏ နက်ရှိုင်းသော နေရာတွင် အလွန်ရှုပ်ထွေးသော စိတ်ခံစားမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
သူ့ကဲ့သို့ လူစားမျိုး အတွက်လော...
ဤသည်က ထိုက်တန်ပါသလော...
သူ နားမလည်ခဲ့ချေ။
သို့သော် သေခြင်းတရားကို ဂရုမစိုက်စွာ စောင့်ဆိုင်းနေခဲ့သော သူ၏ နှလုံးသားရေကန်သည် ဤရုတ်တရက်ဆန်ပြီး တုံးအမိုက်မဲကာ ကြေကွဲဖွယ်ကောင်းသော မြင်ကွင်းကြောင့် နောက်ဆုံးတွင် လှုပ်ခတ်သွားခဲ့သည်။
ရှင်းချန်ယောင်က ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့လေ၏။
ကျင့်ကြံခြင်းနိမ့်ကျပြီး သူ၏မျက်လုံးထဲတွင် ပုရွက်ဆိတ်များနှင့် ဘာမှမကွာသော ဤလူသားမျိုးနွယ်စု ကျင့်ကြံသူအုပ်စုက အမှန်တကယ်ပင် ရှေ့သို့ ထွက်လာရဲသည်ကို သူ ကြည့်နေခဲ့သည်။
သူ၏မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် မနှစ်မြို့မှု အမူအရာတစ်ခု ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
သူ နားမလည်နိုင်ခဲ့ချေ။
ဤလူသားများက အချင်းချင်း အမြဲတစေ တိုက်ခိုက်နေကြသည်မှာ သိသာရှင်းလင်းနေသည်။ သူတို့အချင်းချင်း အကွက်ဆင်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် သစ္စာဖောက်ခြင်းတို့က နတ်ဘုရားမျိုးနွယ်စုထက် များစွာပို၍ရက်စက်ကာ သွေးပျက်ဖွယ်ကောင်းသည်။
ပြည်ပရန်သူကို ရင်ဆိုင်ရချိန်၌ သူတို့သည် အလွန်စည်းလုံးညီညွတ်နေပုံရသော်လည်း အမှန်အားဖြင့် အလွန် မိုက်မဲသော ဤကဲ့သို့သော လုပ်ရပ်မျိုးကို မည်သည်ကြောင့် မကြာခဏ ပေါက်ကွဲထွက်တတ်ကြသနည်း။
ကမ္ဘာအသင်္ချေကို အောင်နိုင်ရန် နတ်ဘုရားမျိုးနွယ်စု ၏ အစီအစဉ်များကို ဤလူသားများက မရေမတွက်နိုင်အောင် အကြိမ်ကြိမ်အနှောင့်အယှက် ဖြစ်စေခဲ့ပေ၏။ ဤသည်မှာ အလွန်အားနည်းသော ထိုလူသား အင်အားစုများကို မျှော်လင့်ချက်မဲ့သော အခြေအနေများတွင် မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိမှုဖြင့် ပေါက်ကွဲထွက်စေခဲ့သည်မှာ ဤနားမလည်နိုင်သော ခန့်မှန်း၍မရနိုင်သောနှင့် မိုက်မဲသော စည်းလုံးညီညွှတ်မှုပင်။
ထိုအရာက သူ့ကို အလွန်မနှစ်မြို့မှုအား ခံစားရစေသည်။
"ရှင်းချန်ယောင်... မင်း ဘာလုပ်နေတာလဲ... မင်း အချိန်ဆွဲနေတာ တော်တော်ကြာနေပြီ... ကောင်းကင်တက်လှမ်းခြင်း လှေကားဆီကို မြန်မြန်သွားတော့... အချိန်မဆွဲနဲ့..."
ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံက သူ၏ နားထဲတွင် ရုတ်တရက် မြည်ဟီးလာသည်။ ရှင်းချန်ယောင်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီးနောက် သူသည် ဤနေရာတွင် အချိန်အတော်ဖြုန်းခဲ့မိသည်ကို သိရှိသွားသည်။
သို့သော် သူ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည့် အချိန်အခိုက်အတန့်မှာပင်...
သေခြင်းတရားဖြင့်ဖုံးလွှမ်းနေသော အန္တရာယ်အသိ တစ်ခုက သူ၏စိတ်နှလုံးသားထဲတွင် ရုတ်တရက် လှိုင်းထလာပေ၏။
ရှင်းချန်ယောင်၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့ဝက်သွားပြီး သူက တခြားအရပ်မျက်နှာတစ်ခုသို့ မသိစိတ်ဖြင့် ကြည့်လိုက်မိသည်။
"သူ ဘယ်အချိန်ကတည်းက ရောက်နေတာလဲ..."
"သူက ဘယ်သူလဲ..."
အခန်း ၂၂၀: ဖရိုဖရဲ .. ကြယ်ခူးဆွတ်ခြင်း
ရင်ပြင်၏အစွန်းတွင် အစိမ်းရောင်ဝတ်ရုံဝတ် ပုံရိပ်တစ်ခုက သူတစ်ယောက်တည်း တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။
သူ၏အစိမ်းရောင်ဝတ်ရုံမှာ သေသပ်နေပြီး အပြစ်အနာအဆာ ကင်းစင်လှသည်။
သူ၏မျက်နှာမှာ ပြိုင်ဘက်ကင်းအောင် ချောမောခန့်ညားပြီး သူ၏အမူအရာမှာ ဂရုမစိုက်သည့် အသွင်ဆောင်ကာ အလွန်တည်ငြိမ်နေပေ၏။
သူသည် လောကကြီးကို ထိတ်လန့်တုန်လှုပ်စေမည့် အရှိန်အဝါ သို့မဟုတ် သူ၏တည်ရှိမှုကို ပြသရန် အတင်းအကြပ် မလုပ်ဆောင်ဘဲ နေရာတွင် ပေါ့ပေါ့ပါးပါး မတ်တတ်ရပ်နေရုံသာဖြစ်သည်။
"မိစ္ဆာတစ်ယောက်ကို နောက်ထပ်မိစ္ဆာတစ်ယောက်က တိုက်ခိုက်နေတာပဲ..."
"ဒါက ရှားပါးတဲ့ မြင်ကွင်းပါလား..."
"ဒါပေမဲ့ ဒီလိုမျိုး အထူးကူညီပေးတဲ့ကိစ္စက ငါလုပ်ရမယ့် အလုပ်တော့ မဟုတ်လောက်ဘူးမလား..."
စူးချန်ကဲက တည်ငြိမ်စွာ တွေးတောလိုက်သော်လည်း အချိန်တခဏကြာမျှ စောင့်ကြည့်ပြီးနောက် တခြားမည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်လာခြင်း မရှိသည်ကို မြင်တွေ့လိုက်ရသည်။
ဒါက တကယ်ပဲ ငါလုပ်ရမယ့် အလုပ်လား...
ခဏလေး...
ငါက မိစ္ဆာတစ်ယောက်ကို ကယ်တင်ရမှာဆိုတော့ အဲ့ဒါက အဓိပ္ပာယ် ရှိသားပဲ... ကောင်းတာပေါ့... ငါ့ရဲ့ မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်နဲ့ နတ်ဘုရားမျိုးနွယ်စုရဲ့ နတ်ဘုရား ရုပ်ခန္ဓာကိုယ်တို့ကြားမှာ ဘယ်အရာက ပိုမို အစွမ်းထက်သလဲ ဆိုတာကို စမ်းသပ်ကြည့်ရမှာပေါ့...
ရှင်းချန်ယောင်သည် ထိုအစိမ်းရောင်ဝတ်စုံဝတ်လူငယ်ကို မြင်တွေ့လိုက်သည့် အချိန်အခိုက်အတန့်တွင် စိတ်ဝိညာဉ်ကို တုန်ခါသွားစေသော အေးစိမ့်မှုတစ်ခုက ရုတ်တရက် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
"သူက ဘယ်သူလဲ..."
ရှင်းချန်ယောင်၏စိတ်နှလုံးသား ပြင်းထန်စွာ တုန်ရီသွားပေ၏။
သူ၏ကျင့်ကြံခြင်းနှင့် နတ်ဘုရားစိတ်အာရုံအရ ဤမြို့အတွင်းရှိ မည်သည့်အရာမျှ သူ၏အာရုံခံမှုအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဒါပေမဲ့ ဒီလူက ဘယ်အချိန်ကတည်းက ရောက်နေတာလဲ...
သူ လုံးဝသတိမထားမိခဲ့ချေ။
ထိုလူထံမှ စတင်လာသော ထိုကြောက်မက်ဖွယ်ကောင်းသည့် သတိပေးချက်သာ မရှိပါက သူသည် ဤလူ၏ တည်ရှိမှုကိုပင် လျစ်လျူရှုမိလောက်သည်။
ဤသည်မှာ လုံးလုံးလျားလျား မယုံကြည်နိုင်စရာ ကိစ္စတစ်ရပ်ပင်။
အောက်ဘက်တွင် မင်ကျိုးယို၏ရှေ့၌ ပိတ်ဆို့ဟန့်တားထားသော ရှေးဟောင်းမြင့်မြတ်နယ်မြေမှ သူတော်စင်နှင့် တခြားသူများလည်း ရှင်းချန်ယောင်၏ ပုံမှန်မဟုတ်သော အမူအရာကို သတိပြုမိသွားသည်။
သူတို့သည် ရှင်းချန်ယောင်၏ ထိတ်လန့်နေသော အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ အစိမ်းရောင် ဝတ်ရုံဝတ်ပုံရိပ်ကို မြင်တွေ့မိလေ၏။
"သူပဲလား..."
"ဖရိုဖရဲ ဧရာမဂိတ်တံခါးထဲကို ဝင်သွားတဲ့ သူပဲ..."
"သူလည်း ဒီနေရာကို ရောက်နေတာပဲ..."
"သူက ဘယ်သူလဲ... သူ ဘယ်နယ်မြေက လာတာလဲဆိုတာ ဘယ်သူ သိလဲ..."
မြေပြင်ပေါ်တွင် မင်ကျိုးယို၏အမူအရာ တင်းမာခက်ထန်သွားကာ သူ၏မျက်လုံးများတွင် မနှစ်မြို့မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
သူ အာရုံစိုက်နေသော ဖရိုဖရဲ အခွင့်အရေးကို ရရှိသွားသူမှာ သူ၏ရှေ့တွင် ရှိနေသည်။
နှမြောစရာကောင်းလိုက်တာ... ဒီကောင်လေးက တကယ့်ကို ကံဆိုးတာပဲ...
ဒီလူက မြို့ထဲကို ဝင်လာလာချင်း နတ်ဘုရား မျိုးနွယ်စုရဲ့ နတ်ဘုရားသားတော်နဲ့ တွေ့ဆုံသွားခဲ့တယ်...ဒါက..
ထိုသို့ တွေးတောရင်း မင်ကျိုးယိုသည် ရယ်မောချင်သော်လည်း ချက်ချင်းဆိုသလိုပင် အေးခဲတောင့်တင်းသွားတော့သည်။
ဘာလို့လဲ...
ရှင်းချန်ယောင်က ပြိုင်ဘက်တစ်ဦးနဲ့ ရင်ဆိုင်နေရတဲ့ အမူအရာကို ဘာလို့ ပြသနေတာလဲ...
ဤအချိန်အခိုက်အတန့်တွင် ယွဲ့ယီသည် စူးချန်ကဲ၏ နောက် မလှမ်းမကမ်းအကွာ၌ မတ်တတ်ရပ်နေပြီး သူမ၏ ကျောက်စိမ်းအလား နူးညံချောမွတ်သောလက်ဖြင့် သူမ၏အနီရောင်နှုတ်ခမ်းများကို တင်းကြပ်စွာ ဖုံးအုပ်ထားသည်။ သူမ၏ လှပသော မျက်လုံးများမှာ အဆုံးစွန်အထိ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး သူမကိုယ်တိုင်ပင် သတိမထားမိသည့် တက်ကြွမှု အရိပ်အယောင်တစ်ခုလည်း ရှိနေခဲ့၏။
သခင်လေးစူးက နောက်ဆုံးတော့ လှုပ်ရှားတော့မှာလား...
ဒါပေမဲ့ အဲ့ဒီနတ်ဘုရား မျိုးနွယ်စုဝင်က အရမ်းကြောက်စရာကောင်းတယ်... လူငယ်အမြင့်မြတ်ဆုံး စာရင်းဝင်တွေတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး... သခင်လေးစူး နိုင်ပါ့မလား... အင်း..
သူက သေချာပေါက် နိုင်မှာပါ...
နောက်တစ်စက္ကန့်တွင် စူးချန်ကဲ၏ အကြည့်က လူအုပ်ကြီး၏ အမျိုးမျိုးသော အမူအရာများကို တည်ငြိမ်စွာ ဝေ့ဝိုက်၍ ကြည့်ရှုလိုက်သည်။ ထို့နောက် သူ၏အကြည့်သည် မင်ကျိုးယို၏ရှေ့တွင် မတ်တတ်ရပ်နေသော လူများကို ဖြတ်ကျော်သွားကာ နောက်ဆုံးတွင် ရှင်းချန်ယောင်အပေါ်သို့ ကျရောက်သွားပေ၏။
သူ၏ မျက်လုံးများသည် ရှေးဟောင်းရေတွင်းတစ်ခုအလား နက်ရှိုင်းနေပြီး လှိုင်းဂယက်များထမနေခဲ့ပေ။
သို့သော် ဤတည်ငြိမ်သောအကြည့်က ရှင်းချန်ယောင်အား အိပ်ပျော်နေသော ရှေးဦးသားရဲတစ်ကောင်က သူ့ကို ဂရုမစိုက်စွာ ကြည့်လိုက်သကဲ့သို့ ခံစားရစေသည်။
"မင်းက ဘယ်သူလဲ..."
ပထမဆုံးအကြိမ်အဖြစ် ရှင်းချန်ယောင်၏အသံမှာ တည်ငြိမ်မှုနှင့် အထက်စီးဆန်မှုများ ပျောက်ကွယ်သွားပြီး သူကိုယ်တိုင်ပင် သတိမထားမိသော လေးနက်မှုနှင့် သတိထားမှုတို့ ပါဝင်လာသည်။
သူ၏လက်ချောင်းထိပ်ရှိ ကြယ်ရောင်ဓားချီအလင်းတန်းသည် ပျောက်ကွယ်မသွားဘဲ သူ၏ မြင့်မားသော နိုးကြားမှုကြောင့် ပို၍ခိုင်မာလာပေ၏။
စူးချန်ကဲသည် ပြန်မဖြေခဲ့ပေ။ ထို့နောက် သူ၏ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး သူ၏စိတ်ထဲတွင် ရွတ်ဆိုလိုက်သည်။
"ဖရိုဖရဲ .. ကြယ်ခူးဆွတ်ခြင်း..."
ဤသည်မှာ သူ၏ မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ် နိုးထလာပြီးနောက် သူ နားလည်သဘောပေါက်ခဲ့သော နတ်ဘုရား ရုပ်ခန္ဓာကိုယ်၏ နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်ကာ ကျင့်ကြံရန် မလိုအပ်ဘဲ တိုက်ရိုက်အသုံးပြုနိုင်သည်။
တလိမ့်လိမ့်ထနေသော ဖရိုဖရဲချီများမရှိ၊ ဟိန်းဟောက်နေသော မဟာတာအိုမရှိ၊ လောကကြီးကို တုန်လှုပ်စေမည့် ဖြစ်စဉ်များ မရှိခဲ့ပေ။
သို့သော် သူ၏ ညာလက်ကို မြှောက်လိုက်သည်နှင့် တပြိုင်နက် ရွှီကူမြို့ ရင်ပြင်တစ်ခုလုံး၏ ပေထောင်ပေါင်းများစွာပတ်လည်ရှိ ဟင်းလင်းပြင်သည် အေးခဲတောင့်တင်းသွားပေ၏။
ဤအင်မော်တယ် ရှေးဟောင်းကမ္ဘာတွင် ဤအရာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းမှာ အံ့အားသင့်ဖွယ် ကိစ္စတစ်ခုပင်။
ပျံသန်းနေသော ဖုန်မှုန့်များက လေထဲတွင် အေးခဲသွားသည်။
စီးဆင်းနေသော သွေးများက ပျံ့နှံ့ခြင်း ရပ်တန့်သွားသည်။
လူများ၏ မျက်နှာပေါ်ရှိ အမူအရာများ အေးခဲတောင့်တင်းသွားခဲ့လေ၏။
လေတိုက်ခတ်မှု ရပ်တန့်သွားပြီး အသံများအားလုံး ပျောက်ကွယ်သွားကာ ရှေးဟောင်းကြယ်သုံးစင်းမှ ထွက်ပေါ်လာသော အလင်းရောင်ပင်လျှင် ဤအချိန်အခိုက်အတန့်တွင် မှေးမှိန်ပြီး တုံ့ဆိုင်းသွားပုံရသည်။
ရှင်းချန်ယောင်၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူ၏ နတ်ဘုရားနယ်ပယ်မှာ သူ၏ ကိုယ်ပိုင်နယ်မြေတစ်ခုအလား ဖြစ်ပြီး သူ၏ ပြီးပြည့်စုံသော ထိန်းချုပ်မှု အောက်တွင် ရှိနေသော်လည်း ရုတ်တရက် အလွန် တုံ့ဆိုင်းသွားသည်။
ဤသည်မှာ သူသည် အဆုံးအစမဲ့ပြီး လေးလံသော ဖရိုဖရဲ ရွှံ့နွံတစ်ခုထဲသို့ ကျရောက်သွားသည့်အလား ပင်။ နတ်ဘုရားနယ်ပယ်အတွင်း၌ လည်ပတ်နေသော ကြယ်များ၏စွမ်းအားမှာ တုံ့ဆိုင်းသွားပြီး သူ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားမည့် လက္ခဏာများပင် ပြသနေသည်။
"လှည့်ကွက်တွေ လုပ်နေတာလား..."
ရှင်းချန်ယောင်က တုန်လှုပ်မှုနှင့် ဒေါသတို့ဖြင့် အော်ဟစ်လိုက်သည်။
"မင်းက ဘယ်သူပဲဖြစ်ဖြစ်... မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ..."
သူသည် နောက်ထပ်တုံ့ဆိုင်းမနေတော့ဘဲ သူ၏ နှလုံးသားထဲရှိ မရှင်းလင်းသော အနေရခက်မှုနှင့် ကြောက်ရွံ့မှုကို လျစ်လျူရှုလိုက်၏။
ကောင်းကင်တက်လှမ်းခြင်းလှေကားအတွက် အလျင်လိုမှုနှင့် သူ့ရှေ့ရှိ ထူးဆန်းသောလူငယ်၏ ဖိအားတို့က သူ့ကို တိုက်ပွဲအား အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်စေခဲ့သည်။
"ကြယ်ကြွေ .. တရားစီရင်ခြင်း..."
သူ၏နဖူးပေါ်ရှိ ကြယ်တွင်းနက်ငယ်က တစ်ဖန်ပြန်၍ လည်ပတ်သွားပြီး ယခင်က မှေးမှိန်သွားခဲ့သော နတ်ဘုရားအဆင့် ပုံရိပ်ယောင်က ပြန်လည်ထွက်ပေါ်လာသည်။ ထိုပုံရိပ်ယောင်သည် ယခင်ကထက် ပို၍မှေးမှိန်သော်လည်း ထိုအရာ၏စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။
သူက မည်သည့်အရာကိုမျှ ထိန်ချန်မထားတော့ဘဲ နတ်ဘုရားအဆင့် ပုံရိပ်ယောင်၏ ကျန်ရှိနေသော စွမ်းအားနှင့် သူ၏ကိုယ်ပိုင်ကြယ်မဟာတာအိုတို့ကို သူ၏ကန့်သတ်ချက်အထိ တွန်းအားပေးလိုက်သည်။ သူ၏လက်ချောင်းထိပ်ရှိ ကြယ်ရောင်ဓားချီအလင်းတန်းသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းသွားသည့် တောက်ပသော ကြယ်ရောင်လှံတစ်လက်အဖြစ် ပြောင်းလဲသွားလေ၏။ ထိုလှံပေါ်တွင် မရေမတွက်နိုင်သော ကြယ်ငယ်လေးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး အရာအားလုံးကို တရားစီရင်ကာ အရာအားလုံးကို သန့်စင်ပေးနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။
ဤတိုက်ခိုက်မှု၏စွမ်းအားမှာ မင်ကျိုးယိုကို တိုက်ခိုက်ရန် အသုံးပြုခဲ့သော ကြယ်ကြွေအလင်းတန်းထက် များစွာပို၍ သာလွန်သည်။
ထိုအရာမှာ နတ်ဘုရားအဆင့် ပုံရိပ်ယောင်၏ စွမ်းအားကို အမှန်တကယ် အသုံးပြုထားပြီး နတ်ဘုရား ပြစ်ဒဏ်ခတ်မှု၏ စိတ်ဆန္ဒ အရိပ်အယောင်တချို့ ပါဝင်နေသော သတ်ဖြတ်ခြင်း နည်းစနစ်တစ်ခုပင်။
ကြယ်အလင်းလှံက အေးခဲတောင့်တင်းနေသော ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး နားစည်ကွဲနိုင်လောက်အောင် စူးရှသော ကြယ်ကြွေသံတစ်သံ ထုတ်လွှတ်လိုက်သည်။ ထိုအရာကို စူးချန်ကဲနှင့် သူ၏နောက်တွင် ရှိနေသော လူသား မျိုးနွယ်စု ကျင့်ကြံသူအားလုံး၊ မင်ကျိုးယို အပါအဝင် သူတို့ဆီသို့ ခွဲခြားခြင်းမရှိဘဲ ထိုးစိုက်လိုက်၏။
သူသည်ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်နှင့်အတူ ရင်ပြင်ရှိ လူသားမျိုးနွယ်စု ပုရွက်ဆိတ် များအားလုံးကို လောကကြီးပေါ်မှ လုံးလုံးလျားလျား ဖျက်ဆီးပစ်ချင်ခဲ့သည်။
ကြယ်အလင်းလှံ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင် ပျောက်ကွယ်သွားရုံသာမက သန့်စင်ပြီး အကြမ်းတမ်းဆုံး ကြယ်နတ်ဘုရား စွမ်းအားကြောင့် လုံးဝဖျက်ဆီးခံလိုက်ရပြီး တောက်ပပြီး ထာဝရတည်ရှိနေသော ပျက်သုဉ်းခြင်း လမ်းကြောင်းတစ်ခုကိုသာ ချန်ရစ်ထားခဲ့သည်။
အောက်ဘက်တွင် ရှေးဟောင်းမြင့်မြတ်နယ်မြေများမှ သူတော်စင်များနှင့် တခြားသူများမှာ သနားစရာကောင်းလောက်အောင် ဖြစ်နေခဲ့လေ၏။ ဤကဲ့သို့ တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရသောအခါ သူတို့သည် ခုခံရန် အတွေးပင် မတွေးနိုင်တော့ဘဲ သူတို့၏မျက်လုံးများကိုသာ မှိတ်ကာ သေခြင်းတရားကို စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။
ယွဲ့ယီ၏မျက်နှာသည် ကြောက်လန့်မှုကြောင့် ဖြူရော်သွားခဲ့သော်လည်း သူ၏ရှေ့ရှိ တည်ငြိမ်နေဆဲဖြစ်သော အစိမ်းရောင်ဝတ်ရုံဝတ်ပုံရိပ်၏ ကျောပြင်ကို ကြည့်လိုက်ရာ သူမ၏စိတ်နှလုံးသား ထူးဆန်းစွာ တည်ငြိမ်သွားတော့သည်။
ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းနိုင်သည်ဟု ထင်ရသော ဤကြယ်တရားစီရင်ခြင်းလှံချက်ကို ရင်ဆိုင်ရသောအခါ စူးချန်ကဲက နောက်ဆုံးတွင် လှုပ်ရှားလိုက်၏။
သူသည် သူ၏ မြှောက်ထားသော ညာလက်၏ လက်ချောင်း ငါးချောင်းကို ဖြည်းညင်းစွာ ဖြန့်လိုက်ပြီးနောက်...
ထိုးစိုက်လာသော ကြယ်အလင်းလှံကို ဆန့်ကျင်ကာ ညင်သာစွာ ဖိနှိပ်လိုက်သည်။
အမှန်တကယ်ကို ဤသည်မှာ ဖိနှိပ်လိုက်ခြင်း သက်သက်ပင်။
"ဘုန်း..."
ဖော်ပြ၍မရနိုင်လောက်အောင် ကျယ်လောင်သော အသံမှာ တိုက်ခတ်မိခြင်းမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများက နားမလည်နိုင်သော စွမ်းအား တစ်ခုကို ခံစားလိုက်ရပြီး ငိုကြွေးနေခြင်းမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
လူတိုင်း၏ ထိတ်လန့်တကြား အကြည့်များအောက်တွင် ထိုရှည်လျားပြီး ဖြူဖွေးကာ စွမ်းအားမရှိဟု ထင်ရသော လက်ဝါး၏အောက်ရှိ ဟင်းလင်းပြင် တိတ်ဆိတ်စွာ ပြိုကျသွားတော့သည်။
Book 22 end.