အခန်း (၁၀၃၇-၁၀၃၈)
Vol. 100 Ch. 1037-1038
အခန်း ၁၀၃၇ မျက်လုံးများ
ဗိုလ်ချုပ်ဝူကီသည် သူ့လက်ထဲမှ အစွမ်းမြှင့်ကျောက်တုံးကို အသုံးပြုကာ စစ်တလင်း၏ ပတ်ဝန်းကျင်အား တစ်ဖက်တစ်လမ်းမှ ထပ်မံပြောင်းလဲလိုက်ပြန်သည်။ အသုံးပြုလိုက်တိုင်း ထိုကျောက်တုံး၏ တောက်ပမှုမှာ တဖြည်းဖြည်း မှေးမှိန်သွားရမြဲ ဖြစ်၏။
စစ်တလင်းအတွင်းရှိ ရေများမှာ မြေအောက်သို့ နိမ့်ဆင်းကွယ်ပျောက်သွားပြီး ထိုနေရာတွင် ပူပြင်းနီရဲလှသော ချော်ရည်ပူများ အစားထိုး ဝင်ရောက်လာလေတော့သည်။ ကုန်းပတ်ငယ် သုံးခုမှာမူ ယခင်အတိုင်းပင် ရှိနေဆဲ ဖြစ်သော်လည်း ယခုမူ ထိုကုန်းပတ်များမှာ ချော်ရည်ပူများအလယ်တွင် ကျွန်းငယ်လေးများသဖွယ် ဖြစ်နေ၏။
"ချော်ရည်ပူတွေလား..." တုလျန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။
သူသည် ဤမြင်ကွင်းကို စိတ်ဝင်တစား ရှိနေ၏။ ချော်ရည်ပြင်ကို စစ်တလင်းအဖြစ် သုံးလိုက်ခြင်းမှာ အမှားအယွင်းမရှိစေရန် သတိပေးနေသကဲ့သို့ပင်။ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုချော်ရည်ထဲသို့ ခြေချော်ကျသွားပါက သေဆုံးခြင်းမှတစ်ပါး အခြားမရှိနိုင်ချေ။ ထိုသည်က အသက်နှင့်ရင်းရမည့် တိုက်ပွဲတစ်ပွဲပင်လော။
မုန့်ဟူလင်ကမူ ပတ်ဝန်းကျင်ကို ကြည့်ကာ ပြုံးနေလေသည်။ သူသည် ဤပတ်ဝန်းကျင်အခြေအနေကို သဘောကျနေပုံရ၏။
"တောက်... ကံကောင်းလှချည်လား။ ဒီလောကကြီးက ဘာလို့ ဒီလောက်တောင် မတရားရတာလဲ"
မုန့်ချန်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ကြိတ်မနိုင်ခဲမရ ဖြစ်နေတော့သည်။ "ငါ့အလှည့်တုန်းကကျတော့ ငါ့ရဲ့ အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်ကို သုံးလို့မရတဲ့ ရေပြင်ကြီးဖြစ်နေပြီး ရေနိယာမ သုံးတဲ့သူနဲ့ တိုက်ခဲ့ရတယ်။ အခု ဒီကောင့်အလှည့်ကျတော့ သူက အဝေးကနေ တိုက်ခိုက်ရတာကို နှစ်သက်တဲ့သူဖြစ်နေတဲ့အပြင် သူ့ရဲ့ နိယာမနဲ့ လုံးဝကိုက်ညီနေတဲ့ ချော်ရည်ပြင်ကြီး ဖြစ်နေပြန်ပြီ။ မတရားလိုက်တာ..."
သူသည် ဝမ်းနည်းလွန်းသဖြင့် ငိုချင်စိတ်ပင် ပေါက်နေသော်လည်း အောင့်ထားရုံသာ တတ်နိုင်၏။ သူသည် သူတို့ကမ္ဘာ၏ ပထမဆုံးသော ကိုယ်စားလှယ်ဖြစ်ပြီး အဆင့်အတန်းလည်း အမြင့်ဆုံး ဖြစ်ခဲ့သဖြင့် လူတိုင်းက သူ့ကို အထင်ကြီးခဲ့ကြသည်။ သို့သော် ယခုမူ သူသည် လူရယ်စရာကြီး တစ်ယောက် ဖြစ်သွားခဲ့ရသည်။ အကယ်၍ သူတို့ အမိမြေက လူတွေသာ ဤမြင်ကွင်းကို သိသွားပါက သူ့ကို ဝိုင်းဝန်း လှောင်ပြောင်ကြပေလိမ့်မည်။
"မင်းကို ငါ ကြိုပြီး တောင်းပန်ထားပါရစေ" မုန့်ဟူလင်က တုလျန်ကို တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဘာအတွက် တောင်းပန်ချင်တာလဲ" တုလျန်က စိတ်ဝင်တစား မေးလိုက်၏။
"ဘာလို့လဲဆိုတော့ ဒီစစ်တလင်းဟာ ငါ့ရဲ့ နိယာမအတွက် အခွင့်သာတဲ့ နေရာဖြစ်နေလို့ပဲ။ ကံမကောင်းစွာနဲ့ပဲ ငါ မင်းကို ညှာမှာ မဟုတ်ဘူး။ မင်းရဲ့ သူငယ်ချင်းကလည်း ပတ်ဝန်းကျင်ကို အကျိုးရှိရှိ အသုံးချသွားသလို ငါလည်း အဲဒီလိုပဲ လုပ်မှာပဲ။ ရှုံးနိမ့်သွားရင်လည်း ဝမ်းမနည်းပါနဲ့"
ထိုစကားကို ကြားသောအခါ တုလျန်သည် တဟားဟား ရယ်မောတော့သည်။
"ဟားဟား... မင်းက တကယ်ကို ရယ်ရတဲ့ကောင်ပဲ။ ငါ မင်းကို သဘောကျသွားပြီ။ မင်းအစ်ကိုရဲ့ ပြက်လုံးတွေကို ကြည့်ပြီး ဝအောင် ရယ်ထားတာတောင် မင်းစကားကို ကြားတော့ ငါ ထပ်ရယ်ချင်လာပြန်ပြီ"
သူသည် အတော်ကြာအောင် ရယ်မောပြီးနောက်မှ ပြန်လည် တည်ငြိမ်သွား၏။
"ဒါပေမဲ့ မင်းကို တစ်ခုတော့ ပြောထားမယ်။ ငါ့ကို ညှာဖို့ မစဉ်းစားနဲ့။ မင်းရဲ့ နိယာမက ဒီမှာ အသာစီးရတယ်လို့ ဆိုတယ် မဟုတ်လား။ အဲဒါကို အစွမ်းကုန် သုံးစမ်းပါ။ ငါ့ကို မရှုံးအောင် ကြိုးစားပြီး ဒီတိုက်ပွဲကို ငါ့အတွက် ပျော်စရာဖြစ်အောင် လုပ်ပေးစမ်းပါ" တုလျန်က လှောင်ပြုံးဖြင့် ပြောလိုက်လေသည်။
"မင်းက မောက်မာလွန်းတာပဲ။ ဒါဟာ မင်းအတွက် မကောင်းဘူး။ ငါက စေတနာနဲ့ အကြံပေးနေတာပါ။ အခုပဲ အရှုံးပေးလိုက်တာက မင်းအတွက် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ဒီချော်ရည်ပြင်ဟာ မင်းအတွက် သေတွင်း ဖြစ်သွားလိမ့်မယ်" မုန့်ဟူလင်က သက်ပြင်းချရင်း ဆို၏။
"စိတ်ဝင်စားစရာပဲ။ အရင် စစ်တလင်းက ချန်းယုအတွက် အခွင့်သာသလို အခုတစ်ခုကတော့ မုန့်ဟူလင်းအတွက် အခွင့်သာနေပြန်ပြီ"
လုံချန်းသည် အဝေးမှနေ၍ သူတို့၏ စကားများကို အကဲခတ်နေမိသည်။ "သူ့မှာ ဘယ်လို နိယာမမျိုး ရှိနေတာလဲ။ မီးလား၊ ဒါမှမဟုတ် တခြားတစ်ခုခုလား"
ဗိုလ်ချုပ်ဝူကီသည် လေထုထဲမှနေ၍ အမိန့်ပေးလိုက်ပြန်သည်။ "စည်းကမ်းတွေကတော့ အရင်အတိုင်းပါပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ မင်းတို့နှစ်ယောက်လုံးအတွက် ပိုပြီး အန္တရာယ်ကြီးတယ်။ ဒါကြောင့် မနိုင်တော့ဘူးလို့ ထင်ရင် အရှုံးပေးလိုက်ကြပါ။ ချော်ရည်ထဲ ကျသွားရင်တော့ ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ကန့်သတ်ချက်ကို ကိုယ်တိုင် သိထားကြပါ"
"ကဲ... စတင်ကြ၊ သုံး... နှစ်... တစ်... စ"
တိုက်ပွဲစသည်နှင့် မုန့်ဟူလင်သည် သူ၏အစ်ကိုကဲ့သို့ စကားများပြီး အချိန်မဖြုန်းတော့ဘဲ သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်ကာ ချက်ချင်းပင် တိုက်ခိုက်တော့သည်။
"ဟင်... သူက ဒါကို လုပ်နိုင်တာလား။ မီးနိယာမ ဆိုရင်တောင် ဒါက မဖြစ်နိုင်ဘူး။ သူ ဘာနိယာမကို ကိုင်ဆောင်ထားတာလဲ" လုံချန်းသည် အံ့အားသင့်သွား၏။
ယခင်က ချန်းယုသည် ရေလှိုင်းကြီးများကို အမိန့်ပေးစေခိုင်းသကဲ့သို့ပင် ယခု မုန့်ဟူလင်းသည်လည်း ချော်ရည်ပူများကို အမိန့်ပေးစေခိုင်းနေခြင်း ဖြစ်သည်။ ကောင်းကင်ယံသို့ မြင့်တက်လာသည်မှာ ရေများ မဟုတ်တော့ဘဲ ပူပြင်းနီရဲလှသော ချော်ရည်ပူလှိုင်းကြီးများ ဖြစ်နေတော့သည်။
"စိတ်ဝင်စားစရာပဲ။ မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာသလဲဆိုတာ ငါ အခုမှ နားလည်တော့တယ်။ မင်းရဲ့ တိုက်ခိုက်မှုက တကယ့်ကို ထူးခြားတာပဲ။ မင်းအစ်ကိုကို အနိုင်ယူခဲ့တဲ့ ချန်းယုရဲ့ တိုက်ခိုက်မှုထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်။ ဒါပေမဲ့ ကံမကောင်းတာက... မင်းက ချန်းယု မဟုတ်သလို ငါကလည်း မင်းအစ်ကို မဟုတ်ဘူး" တုလျန်က စိတ်ပျက်ဟန်ဖြင့် ဆိုလိုက်၏။
"မင်းက ငါ့ကို အခက်တွေ့အောင် လုပ်နိုင်မယ့် တစ်ခုခု ပြလိမ့်မယ်လို့ ငါ မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ မင်းမှာ ရှိတာက ဒါလေးတင်ပဲလား။ တကယ်ကို စိတ်ပျက်စရာကောင်းလိုက်တာ။ ကြည့်ရတာ ဒီတိုက်ပွဲက အခုပဲ ပြီးဆုံးသွားပြီ ထင်တယ်"
တုလျန်သည် သူ၏ လက်ကို မြှောက်လိုက်ပြီး စကားအဆုံးတွင် သူ၏ မျက်လုံးနှစ်လုံးမှာ အရောင်များ ပြောင်းလဲသွားတော့သည်။
"အား..."
တုလျန်၏ မျက်လုံးများ အရောင်ပြောင်းသွားသည်နှင့် တစ်ပြိုင်နက် မုန့်ဟူလင်သည် မည်သည့် တိုက်ခိုက်မှုမှ မလုပ်နိုင်တော့ဘဲ ကုန်းပတ်ပေါ်သို့ သတိလစ်ကာ လဲကျသွားလေတော့သည်။ မြင့်တက်လာသော ချော်ရည်လှိုင်းကြီးမှာလည်း ထိန်းချုပ်သူမဲ့သွားသဖြင့် အောက်သို့ ပြန်လည် ကျဆင်းသွား၏။
"တိုက်ပွဲကတော့ ပြီးသွားပြီ" တုလျန်က ခေါင်းခါရင်း ရေရွတ်လိုက်သည်။
ဗိုလ်ချုပ်ဝူကီသည် မလှုပ်မယှက် လဲကျနေသော မုန့်ဟူလင်းကို စစ်ဆေးရန် ဆင်းလာပြီးနောက် ကြေညာလိုက်သည်။ "သူ သတိလစ်သွားပြီ။ တိုက်ပွဲ ပြီးဆုံးသွားပါပြီ။ ဒုတိယအဆင့်ရဲ့ အနိုင်ရရှိသူကတော့ တုလျန်ပဲ ဖြစ်တယ်"
"ဟက်... အဲဒီအရူး၊ သူက ငါ့ထက်တောင် ပိုပြီး မြန်မြန် ရှုံးသွားတာပဲ။ ပြီးတော့ သူ့ရဲ့ ရှုံးနိမ့်မှုက ပိုတောင် အရှက်ရဖို့ ကောင်းသေးတယ်။ ငါက ငါ့အတွက် အခွင့်မသာတဲ့ နေရာမှာ ရှုံးခဲ့တာ။ သူကတော့ သူ့အတွက် အခွင့်သာတဲ့ နေရာမှာတောင် တိုက်ခိုက်မှုတစ်ခုမှ မခံရဘဲ ရှုံးသွားတာပဲ။ တကယ်ကို အရှက်မရှိတာ" မုန့်ချန်းသည် သူ၏ ညီငယ် ရှုံးနိမ့်သွားသည်ကို ကြည့်ကာ လှောင်ပြောင်နေတော့သည်။
သူတို့ကမ္ဘာ ရှုံးနိမ့်သွားသည်မှာ မှန်သော်လည်း ယခုမူ သူသည် ရှုံးနိမ့်မှု၏ အဓိက တရားခံ မဟုတ်တော့သည့်အတွက် သူ ကျေနပ်နေခြင်း ဖြစ်၏။ အကယ်၍ သူ၏ ညီငယ်သာ အနိုင်ရသွားပါက သူ့အတွက် ပို၍ပင် အရှက်ရစရာ ဖြစ်နေပေလိမ့်မည်။
"ဒီအစွမ်းကတော့... စိတ်ဝင်စားစရာပဲ" လုံချန်းသည် တုလျန် အသုံးပြုလိုက်သော အစွမ်းကို နားလည်ရန် ခက်ခဲနေသော်လည်း ၎င်းမှာ တကယ့်ကို ကြောက်စရာကောင်းလှ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် သူ့အပေါ် ဤအစွမ်းကို သုံးလိုက်ပါက သူသည် သတိလစ်နေစဉ်အတွင်း အသတ်ခံရနိုင်သည် မဟုတ်ပါလား။
"ရွှင်း... အဲဒါ ဘာအစွမ်းလဲဆိုတာ နင် သိလား" သူက မေးလိုက်သည်။
"အဲဒါက အစွမ်းတစ်ခု မဟုတ်ပါဘူး။ သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးတွေကြောင့်ပဲ။ ငါ နင့်ကို သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးတွေအကြောင်း ပြောပြဖူးတယ် မဟုတ်လား။ သူက အဲဒီမျက်လုံးတွေကို သုံးပြီး ရန်သူကို သတိလစ်သွားအောင် လုပ်လိုက်တာ" ရွှင်းက ပြန်ဖြေလေသည်။
"ဒီအစွမ်းကနေ ကာကွယ်ဖို့ နည်းလမ်း ရှိလား" လုံချန်းက စပ်စုလိုက်ပြန်သည်။
"လွယ်ပါတယ်။ သူ့မျက်လုံးတွေကို တစ်စက္ကန့်ထက် ပိုပြီး စိုက်မကြည့်မိဖို့ပဲ လိုတယ်။ ဟိုအရူးကတော့ သူ့ရဲ့ တောက်ပနေတဲ့ မျက်လုံးတွေကို အကြာကြီး စိုက်ကြည့်နေမိလို့ သတိလစ်သွားတာပဲ။ ဒီအစွမ်းက အလုပ်လုပ်ဖို့အတွက် နှစ်စက္ကန့်လောက် ကြာတတ်တယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ရဲ့ မျက်လုံးတွေ တောက်ပလာတာကို မြင်ရင် တိုက်ရိုက် စိုက်မကြည့်မိအောင် သတိထားပါ။ အဲဒါက အကောင်းဆုံး ကာကွယ်နည်းပဲ" ရွှင်းက ရှင်းပြလိုက်၏။
"ဒါဆို လှည့်ကွက်က ဒါပဲပေါ့။ သတိမလစ်ဘဲ စိုက်ကြည့်လို့ရမယ့် တခြားနည်းလမ်းရော မရှိတော့ဘူးလား..."
အခန်း ၁၀၃၈ ဗိုလ်လုပွဲ
"နောက်တစ်နည်းကတော့ နင့်ရဲ့ မျက်လုံးတစ်ဝိုက်မှာ မူလစွမ်းအင်နဲ့ အကာအကွယ်တစ်ခု ဖန်တီးထားဖို့ပဲ။ ဒါပေမဲ့ ကံမကောင်းတာက နင်က မူလစွမ်းအင်ကို အသုံးမပြုနိုင်တော့ ဒါက နင့်အတွက် မဖြစ်နိုင်ဘူး။ ဒါကြောင့် ငါပြောတာကိုပဲ နားထောင်ပါ။ တစ်စုံတစ်ယောက်ရဲ့ မျက်လုံးတွေ တောက်ပလာတာကို မြင်ရင် အဲဒီမျက်လုံးတွေကို စိုက်မကြည့်ပါနဲ့။ နဖူးကိုကြည့်မလား၊ နှာခေါင်းကိုကြည့်မလား၊ နှုတ်ခမ်းကိုကြည့်မလား... ကြိုက်တဲ့နေရာကိုကြည့်၊ မျက်လုံးကိုတော့ ရှောင်ပေါ့"
ရွှင်းက လုံချန်းကို မိမိကိုယ်ကိုယ် ကာကွယ်နိုင်မယ့် နည်းလမ်းများအား အကြံပေးနေလေသည်။
"ပြီးတော့... အရင်တစ်ခါက ငါ့စကားကို နားထောင်ပြီး အဲဒီဓားကို ပြန်သိမ်းခဲ့လို့သာ အခု ငါက စေတနာနဲ့ ပြောပြနေတာနော်။ တကယ်လို့ အရေးပေါ် အခြေအနေမဟုတ်ဘဲ အဲဒီဓားကို ထပ်ထုတ်သုံးမယ်ဆိုရင်တော့ ငါ တကယ် စိတ်ဆိုးမိမှာပဲ" သူမက လုံချန်းကို သတိပေးလိုက်၏။
"စိတ်မပူပါနဲ့။ အခုကစပြီး တကယ့် အရေးပေါ် အခြေအနေမျိုးကျမှပဲ သုံးပါ့မယ်" လုံချန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။
သို့သော် သူ၏ စိတ်ထဲတွင်မူ တစ်မျိုး ကြံစည်နေ၏။
'ငါ့အတွက် ဘယ်အချိန်က အရေးပေါ် အခြေအနေလဲဆိုတာ ငါကိုယ်တိုင်ပဲ ဆုံးဖြတ်မှာပါ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး' သူ တွေးလိုက်မိသည်။
စစ်တလင်းအတွင်းမှ တိုက်ပွဲမှာမူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဗိုလ်ချုပ်ဝူကီသည် သတိလစ်နေသော မုန့်ဟူလင်ကို ပွေ့ချီကာ သူ၏ဖခင်ထံသို့ ပြန်လည် ပို့ဆောင်ပေးလိုက်၏။ တုလျန်မှာမူ မိမိဘာသာပင် ပွဲကြည့်စင်သို့ ပြန်လာခဲ့သည်။
"မင်းကတော့ တော်တော်မြန်မြန် ပွဲသိမ်းလိုက်တာပဲ။ မင်းရဲ့ စွမ်းဆောင်ချက်တွေကို ဒီထက်ပိုပြီး မြင်ရလိမ့်မယ်လို့ ငါ မျှော်လင့်ထားတာ။ ဒါပေမဲ့ မင်းက တကယ့်ကို တော်ပါတယ်။ ငါ မင်းအတွက် ဂုဏ်ယူတယ်"
ဧကရာဇ်တုက သူ၏သားကို ချီးမွမ်းလိုက်ရင်း နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်မှုကို ခါးစည်းခံထားရသော ဧကရာဇ်မုန့်အား အကဲခတ်လိုက်သည်။
ယခုမူ သူတို့သည် အောင်ပွဲနှင့် တစ်လှမ်းချင်း နီးကပ်လာပြီ ဖြစ်၏။ တတိယမြောက် တိုက်ပွဲပြီးလျှင် ဗိုလ်လုပွဲ စတင်တော့မည်။ ထိုအဆင့်တွင် အနိုင်ရခြင်းသည် သူတို့အတွက် အောင်ပွဲအစစ်အမှန် ဖြစ်ပေလိမ့်မည်။ ကမ္ဘာပေါင်းနှစ်ဆယ်၏ သယံဇာတ တူးဖော်ခွင့် အခွင့်အရေးများကို ရရှိကြမည်ဖြစ်ပြီး ပထမရရှိသူမှာ အခွင့်အရေး အများဆုံးကို ပိုင်ဆိုင်ရမည် ဖြစ်သည်။
သူ့သားသည် ဤအောင်ပွဲကို ဆွတ်ခူးနိုင်လိမ့်မည်ဟု သူ ယုံကြည်ထား၏။ ၎င်းက သူ၏ အင်ပါယာကို ယခင်ကထက် ပိုမို အင်အားတောင့်တင်းစေကာ ကြွယ်ဝချမ်းသာစေပေလိမ့်မည်။
"မင်းသားကျန့်ကတော့ အခုထိ ပြန်မလာသေးဘူးလား" ဗိုလ်ချုပ်ဝူကီက သုံးလောက ဧကရာဇ်ကို မေးမြန်းရာ ဧကရာဇ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါပြလေသည်။
"တတိယအဆင့် တိုက်ပွဲအတွက် ငါတို့ နောက်ထပ် ဆယ်မိနစ်လောက် စောင့်ကြည့်မယ်။ တကယ်လို့ မင်းသားဖေ ပြန်မလာရင်တော့ ငါတို့ တိုက်ပွဲကို စတင်မယ်" ဗိုလ်ချုပ်က ကြေညာလိုက်၏။
ဤမျှ အရေးကြီးလှသော ပြိုင်ပွဲကြီးကို သူတို့ အကန့်အသတ်မရှိ ဆွဲဆန့်ထား၍ မရနိုင်ချေ။ ဤသည်မှာ ကမ္ဘာပေါင်းနှစ်ဆယ်၏ ခေါင်းဆောင်များဆီသို့ တိုက်ရိုက်ထုတ်လွှင့်နေရသော အရေးပါလှသည့် ပွဲကြီး ဖြစ်နေသောကြောင့်တည်း။
အချိန်မှာ အလွန်တန်ဖိုးရှိလှ၏။ ပုံမှန်ဆိုလျှင် သူသည် ကျိရှန်ကို အနိုင်ပေးလိုက်ပြီ ဖြစ်သော်လည်း ဖေကျန်မှာ သူ့ကိုယ်ပိုင် အင်ပါယာမှ မင်းသားတစ်ပါး ဖြစ်နေသဖြင့် နောက်ထပ် ဆယ်မိနစ်မျှ အချိန်ထပ်ပေးလိုက်ခြင်း ဖြစ်သည်။
"ဘာလို့ ဆယ်မိနစ်တောင် ထပ်စောင့်ရမှာလဲ။ သူ အခုထိ ရောက်မလာရင် ငါတို့ကို အနိုင်ပေးမယ်လို့ မင်း ပြောခဲ့တာပဲလေ"
အချိန်ဆွဲနေသည်ကို မြင်ရသောအခါ ဧကရာဇ်မုန့်က ကန့်ကွက်လေတော့သည်။
"ဧကရာဇ်မုန့်... မင်းရဲ့သားက ငါတို့ကို အကြိမ်ကြိမ် လူလိမ်လို့ စွပ်စွဲခဲ့တာလေ။ အဲဒီအတွက် အချိန်တွေ ဘယ်လောက်တောင် ကုန်သွားခဲ့လဲ မင်း သိလား။ အတိအကျပြောရရင် ဆယ်မိနစ်ပဲ။ ဒါကြောင့် ဒီဘက်ကလည်း ဆယ်မိနစ် အချိန်ရတာဟာ မျှတတယ်လို့ ငါ ထင်တယ်" သုံးလောက ဧကရာဇ်က ပျင်းရိစွာ ပြန်ပြောလိုက်သည်။
မိမိသားအကြောင်း ပြန်ပါလာသောအခါ ဧကရာဇ်မုန့်မှာ ပါးစပ်ပိတ်သွားရုံမှတစ်ပါး အခြားမရှိချေ။ သူ့သား အချိန်ဖြုန်းခဲ့သည်မှာ အမှန်ပင် ဖြစ်သောကြောင့်တည်း။
"ကောင်းပြီလေ... ဆယ်မိနစ်ပဲ စောင့်မယ်။ ဒါပေမဲ့ သူ ပြန်မလာရင်တော့ ထပ်မစောင့်တော့ဘူး" ဧကရာဇ်မုန့်က လက်မှိုင်ချရင်း ဆိုလိုက်၏။
"ငါ သဘောတူတယ်"
သဘောတူညီချက် ရသွားသည်နှင့် လူတိုင်း စောင့်ဆိုင်းနေကြတော့သည်။ ဖေကျန်တစ်ယောက် အချိန်မီ ရောက်လာမည်လား သို့မဟုတ် နောက်ကျသွားသဖြင့် အခွင့်အရေး ဆုံးရှုံးရမည်လား ဆိုသည်မှာ မည်သူမှ မသိနိုင်ချေ။
အမှန်တရားကို သိနေသူမှာမူ လုံချန်းနှင့် ချန်းယုတို့ နှစ်ဦးသာ ရှိ၏။ သို့သော် သူတို့ကလည်း ထုတ်ဖော်ပြောဆိုရန် စိတ်ကူးမရှိကြချေ။
"တတိယအဆင့်မှာတော့ ကျိရှန်၊ တုလျန်နဲ့ ချန်းယုတို့ ပါဝင်လာမယ်။ သူတို့ ဘယ်လို တိုက်ခိုက်ကြမလဲဆိုတာ ငါ သိချင်မိတယ်။ နှစ်ယောက်တစ်ယောက်လား ဒါမှမဟုတ် သုံးပွင့်ဆိုင်လား။ ဘာပဲဖြစ်ဖြစ် ကျိရှန်ကတော့ အပယ်ခံရမှာ သေချာတယ်"
လုံချန်းက လက်ပိုက်လျက် တည်ငြိမ်စွာ ရပ်နေသော ကျိရှန်ကို ကြည့်ကာ ပြောလိုက်သည်။ ကျိရှန်၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ အနာဂတ်အတွက် စိုးရိမ်ပူပန်နေဟန်လည်း မတွေ့ရချေ။
"အနည်းဆုံးတော့ အခုထိ မြင်ရသလောက် ဒီတိုက်ပွဲတွေမှာ အသက်အန္တရာယ်တော့ မရှိသေးဘူးပဲ" လုံချန်းက မျက်လုံးမှိတ်ရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။
ယခုအချိန်အထိ တိုက်ပွဲများမှာ ဘေးကင်းလုနီးပါး ရှိနေပြီး မည်သူမျှ ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်း မရှိခဲ့ချေ။ ပြိုင်ပွဲဝင်တစ်ယောက်မှ သေဆုံးသွားခြင်း မရှိအောင် ဤလူကြီးများက ကာကွယ်ပေးထားလိမ့်မည်ဟုလည်း သူ ခံစားနေမိသည်။
"ဆယ်မိနစ် ပြည့်သွားပြီ။ ဘယ်သူမှ ရောက်မလာဘူး။ ဒါကြောင့် တတိယအဆင့်ရဲ့ အနိုင်ရရှိသူကတော့ ကျိရှန်ပဲ ဖြစ်တယ်" ဆယ်မိနစ် ပြည့်သည်နှင့် ဗိုလ်ချုပ်ဝူကီက ကြေညာလိုက်လေသည်။
သူတို့ အချိန်အတော်ကြာအောင် စောင့်ခဲ့ရသော်လည်း ဗိုလ်ချုပ်မှာမူ တစ်ဖက်တွင် ကျေနပ်နေမိ၏။ တတိယအဆင့်အတွက် သူ၏ အစွမ်းမြှင့်ကျောက်တုံးကို အသုံးမပြုလိုက်ရသောကြောင့် ဖြစ်သည်။
"အခုတော့ ငါတို့ ဗိုလ်လုပွဲကို သွားကြမယ်။ ဗိုလ်လုပွဲရဲ့ ကိုယ်စားလှယ် သုံးဦးကတော့ မင်းသားတုလျန်၊ မင်းသမီးချန်းယုနဲ့ ကျိရှန်တို့ ဖြစ်ကြတယ်။ ဒီနောက်ဆုံးအဆင့်ဟာ ထိပ်သီးသုံးဦးရဲ့ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ပေးမှာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ အဆုံးသတ်လည်း ဖြစ်လာလိမ့်မယ်" ဗိုလ်ချုပ်ဝူကီက ကောင်းကင်ယံသို့ ပျံတက်ရင်း ကြေညာလိုက်သည်။
"ကိုယ်စားလှယ် သုံးဦးစလုံး ရှေ့ကို ထွက်ခဲ့ကြ"
အမိန့်ပေးသံနှင့်အတူ လူငယ်သုံးဦးစလုံးမှာ ရှေ့သို့ ပျံထွက်သွားကြပြီး ချော်ရည်ပြင်ပေါ်ရှိ ကုန်းပတ်ငယ် တစ်ခုစီပေါ်သို့ ဆင်းသက်လိုက်ကြလေသည်။
ကျိရှန်း ရှေ့သို့ ထွက်လာသည်ကို ကြည့်ကာ မနာလိုဖြစ်နေသူမှာ မုန့်ချန်းပင် ဖြစ်၏။
"တောက်... ဒီကံကောင်းတဲ့ကောင်၊ ငါသာ နောက်ဆုံးသေတ္တာကို ရွေးခဲ့ရင် ဒီလောက် အရှက်ရမှာ မဟုတ်ဘူး။ ဒါတွေအားလုံး သူ့ကြောင့်ပဲ" သူက ကျိရှန်ကို ကြည့်ကာ ကြိတ်မနိုင်ခဲမရ ရေရွတ်နေတော့သည်။ သူသည် အလွန်ဒေါသထွက်နေသဖြင့် ထိုလူကို သတ်ပစ်ချင်စိတ်ပင် ပေါက်နေသော်လည်း ယခုအချိန်တွင်မူ သူ မည်သို့မျှ မတတ်နိုင်ချေ။ အနည်းဆုံးတော့ လူပုံအလယ်တွင် ဖြစ်သည်။
"တတိယအဆင့် တိုက်ပွဲကတော့ ရိုးရှင်းပေမဲ့ ပိုပြီး အသက်အန္တရာယ် ရှိတယ်။ မင်းတို့အားလုံး ကုန်းပတ်တစ်ခုစီပေါ်မှာ ရပ်ကြပါ။ သေချာကြည့်မယ်ဆိုရင် အဲဒီကုန်းပတ်ပေါ်မှာ နံပါတ်တစ်ခုစီ ရေးထားတာကို တွေ့ရလိမ့်မယ်" ဗိုလ်ချုပ်ဝူကီက လမ်းညွှန်လိုက်သည်။ "မင်းတို့ ရရှိတဲ့ နံပါတ်တွေကို တစ်ယောက်ချင်းစီ ပြောပြကြပါ"
"နံပါတ်တစ်ပါ" တုလျန်က ဆိုသည်။
"နံပါတ်နှစ်ပါ" ကျိရှန်းက ဖြေသည်။
"နံပါတ်သုံးပါ" ချန်းယုက ပြောလိုက်၏။
"ကောင်းပြီ" ဗိုလ်ချုပ်ဝူကီက ခေါင်းညိတ်ပြလိုက်သည်။ "သတ်မှတ်ထားတဲ့ စည်းကမ်းအရ မင်းတို့ ရရှိထားတဲ့ နံပါတ်တွေကပဲ နောက်ထပ် အလှည့်ကို ဆုံးဖြတ်ပေးလိမ့်မယ်"
သူသည် ဧကရာဇ်များဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ "ဧကရာဇ်တု... ကျေးဇူးပြုပြီး မတ်တပ်ရပ်ပေးပါ"
ဧကရာဇ်တုသည် မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုဖြင့် မတ်တပ်ရပ်လိုက်၏။
"ဒီမှာရှိတဲ့ ဧကရာဇ် လေးပါးလုံးကို နံပါတ်တစ်ကနေ သုံးအထိ နံပါတ်နှစ်ခုစီ ပေးထားပါတယ်။ ဒါဟာ ဘယ်ဖခင်ကမှ မိမိရဲ့ သား ဒါမှမဟုတ် သမီးနဲ့ တိုက်ပွဲမှာ မဆုံစေဖို့အတွက် စီစဉ်ထားတာပါ။ အခုဆိုရင် မင်းတို့ သုံးယောက်စလုံး နောက်ဆုံးအဆင့်က ဘာလဲဆိုတာ နားလည်လောက်ပြီ မဟုတ်လား" ဗိုလ်ချုပ်ဝူကီက ပြုံးလျက် မေးလိုက်လေသည်။
"သူတို့က ဧကရာဇ်နဲ့ တိုက်ရမှာလား။ သူ ပြောချင်တာက ဒါလား"
ကျိချင်းက လုံချန်းကို အံ့အားသင့်စွာ မေးလိုက်သည်။ "ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ ဧကရာဇ်တစ်ပါးကို မအနိုင်ယူနိုင်ဘူး မဟုတ်လား"
"ဧကရာဇ်ကိုတော့ မအနိုင်ယူနိုင်ကြပါဘူး။ ဒါပေမဲ့... ဖြစ်နိုင်ရင်လည်း ဖြစ်နိုင်မှာပေါ့။ ဒါက အဲဒီဧကရာဇ်က ဘယ်လောက် အင်အားကြီးလဲ၊ ဘယ်လောက် အားနည်းလဲ ဆိုတာပေါ်မှာ မူတည်တာပဲ။ တုလျန်ကတော့ အနိုင်ရဖို့ အခွင့်အရေး အများဆုံးပဲ။ ပြီးတော့ သူ့အဖေနဲ့ ဆုံရမယ့်သူကတော့ ရှုံးဖို့ အခွင့်အရေး အများဆုံးပဲပေါ့" လုံချန်းက ပြန်ဖြေလိုက်သည်။
"တကယ်လို့ ဘယ်သူမှ မနိုင်ခဲ့ရင်ရော... အနိုင်ရသူကို ဘယ်လို ဆုံးဖြတ်မလဲ" ကျိချင်းက ထပ်မံ စပ်စုလိုက်ပြန်၏။
"ဧကရာဇ်တွေဘက်ကတော့ သူတို့ ရှုံးလိမ့်မယ်လို့ ဘယ်သူမှ တွေးထားပုံ မရဘူး။ ဒါကြောင့် အနိုင်ရတဲ့ စံနှုန်းက သူတို့ကို အနိုင်ယူဖို့ မဟုတ်လောက်ဘူးလို့ ငါ ထင်တယ်" လုံချန်းက ကောက်ချက်ချလိုက်လေတော့သည်။