အခန်း (၁၀၃၉-၁၀၄၀)
Vol. 100 Ch. 1039-1040
အခန်း ၁၀၃၉ ဧကရာဇ်နှင့် ရင်ဆိုင်ခြင်း
"ဒါဆိုရင် အဆင့်သတ်မှတ်ချက်ကို ဘယ်လိုများ ဆုံးဖြတ်မှာလဲ" ကျိချင်းက နားမလည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်သည်။
"ဧကရာဇ်တစ်ပါးရဲ့ ဖိအားအောက်မှာ ဘယ်သူက အချိန်ပိုဆွဲနိုင်မလဲဆိုတဲ့ အချက်အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ငါထင်တယ်။ အရင်က ဝိညာဉ်နက်ဂိုဏ်းမှာတုန်းကလည်း ဒီလိုမျိုး ကြုံခဲ့ဖူးတယ်။ အစွမ်းထက်လှတဲ့ ရုပ်သေးရုပ်တွေနဲ့ တိုက်ခိုက်ခိုင်းပြီး အချိန်အကြာဆုံး ခံနိုင်တဲ့သူက အမှတ်အများဆုံး ရတာမျိုးလေ။ အဲဒီလိုမျိုး ဖြစ်မှာပါ" လုံချန်းက တွေးတောရင်း ဖြေသည်။ "ဒါမှမဟုတ်လည်း တခြားတစ်ခုခု ဖြစ်နေမလားပဲ"
လုံချန်းက သူ၏ ခန့်မှန်းချက်များကို ပြောဆိုနေစဉ်မှာပင် ဗိုလ်ချုပ်ဝူကီက စည်းကမ်းချက်များအား စတင်ရှင်းပြတော့သည်။
သူ့အဆိုအရ ဧကရာဇ်တိုင်းကို ဤအခိုက်အတန့်အတွက် ကြိုတင်ပြင်ဆင်ထားသော နံပါတ်နှစ်ခုစီ ပေးအပ်ထားခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင် သုံးဦးစလုံးမှာလည်း မိမိတို့ ရပ်တည်နေသည့် ကုန်းပတ်ငယ်များအပေါ် မူတည်ပြီး ကံစမ်းရသော နံပါတ်များကို ရရှိကြသည်။ စည်းကမ်းချက်များမှာ ပရိသတ်များအတွက် ရှုပ်ထွေးနေပုံရသော်လည်း ဝူကီ၏ အတိုချုပ် ရှင်းပြချက်ကြောင့် အားလုံး နားလည်သွားကြသည်။
"နောက်ဆုံးရလဒ်အနေနဲ့ မင်းသား တုလျန်က ဧကရာဇ်မုန့်နဲ့ ယှဉ်ပြိုင်ရမယ်။ ကျိရှန်းက ဧကရာဇ်တုနဲ့ ယှဉ်ပြိုင်ရမယ်"
"ချန်းယုအတွက်ကတော့ သူရဲ့ အဖေ ဒါမှမဟုတ် သုံးလောက ဧကရာဇ်တို့နဲ့ ယှဉ်ပြိုင်ရင် တစ်ဖက်စောင်းနင်း ဖြစ်မည်ကို စိုးရိမ်တဲ့အတွက် အခြားကမ္ဘာမှ ဧကရာဇ်ဧည့်သည်တော် သွန်နဲ့ ယှဉ်ပြိုင်ရမယ်"
စကားအဆုံးတွင် ဝူကီ၏ ရှေ့မှောက်၌ တံခါး တစ်ပေါက် ပွင့်လာပြီး အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ "အမှောင်ကမ္ဘာ အရှင်သခင်၊ ဧကရာဇ်သွန်က မင်းသမီးချန်းယုနဲ့ ယှဉ်ပြိုင်ပါမယ်။ ပြိုင်ပွဲဝင်တစ်ဦးချင်းစီ ဘယ်လောက်ကြာကြာ အသက်ရှင်သန်နိုင်မလဲဆိုတာကပဲ အနိုင်အရှုံးကို ဆုံးဖြတ်ပေးပါလိမ့်မယ်"
"အသက်ရှင်သန်နိုင်မလဲ... ဟုတ်လား။ စကားလုံးတွေက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းသား" လုံချန်းက တိုးတိတ်စွာ ရေရွတ်လိုက်သည်။ ထိုစကားလုံးများက ဤပြိုင်ပွဲမှာ သူထင်ထားသည်ထက် ပိုမိုနက်နဲပြီး အန္တရာယ်များလှကြောင်း သတိပေးနေသယောင်။
"တစ်ခုတော့ ပြောဖို့ ကျန်သေးတယ်။ ဒီတိုက်ပွဲတွေက အသက်သေဆုံးတဲ့အထိ တိုက်ရမှာ။ ပြိုင်ပွဲဝင်တစ်ဦးက အရှုံးပေးနိုင်တယ်၊ ဒါပေမဲ့ အရှုံးပေးပြီးတာနဲ့ နောက်ထပ် စက္ကန့် ၆၀ အထိ ဆက်တိုက်ခိုက်ရဦးမှာ။ ဒါကြောင့် အရှုံးပေးမယ့်အချိန်ကို ရွေးတဲ့နေရာမှာ အမှားမခံနဲ့။ ကိုယ့်ကို သတ်မယ့်တိုက်ခိုက်မှုမျိုး လုပ်လာတဲ့အချိန်မှ အရှုံးပေးရင်တော့ ကယ်နိုင်မှာ မဟုတ်ဘူး။ သေချာပေါက် သေမှာပဲ။ ကံကောင်းပါစေ"
"ကဲ... ပထမဆုံးပွဲကတော့ တုလျန်နဲ့ ဧကရာဇ်မုန့်တို့ပဲ"
ဝူကီသည် အစွမ်းမြှင့် ကျောက်တုံးကို အသုံးပြုကာ စစ်တလင်းအား ပြောင်းလဲလိုက်ရာ ချော်ရည်ပြင်များ ပျောက်ကွယ်သွားပြီး ပုံမှန်မြေပြင် ဖြစ်သွားတော့သည်။
...
တိုက်ပွဲမှာ အသက်နှင့်ရင်းရမည် ဖြစ်သောကြောင့် လုံချန်း အနည်းငယ် စိုးရိမ်မိသည်။ ကျိရှန်အတွက်မူ အလွန်ပင် စိုးရိမ်စရာကောင်းသည်။ သူ့ရှေ့ကရန်သူမှာ အင်အားအကြီးဆုံး ဧကရာဇ်တစ်ပါး မဟုတ်လော။ ကျိရှန်တစ်ယောက် အရင်ကထက် ပိုမိုတည်ငြိမ်သွားပုံရပြီး သေခြင်းတရားကိုပင် ဂရုမစိုက်တော့သယောင်။
"ပထမဆုံး ပြိုင်ပွဲဝင် မင်းသားတုလျန်၊ မင်းက ကွင်းထဲမှာပဲ နေခဲ့ပါ။ ကျန်တဲ့သူတွေ ပြန်ကြပါ" ဗိုလ်ချုပ်ဝူကီက အမိန့်ပေးလိုက်သည်။
ချန်းယုနှင့် ကျိရှန်းတို့ ထွက်ခွာသွားကြပြီး ဧကရာဇ်မုန့်က တုလျန်၏ ရှေ့သို့ ထွက်လာသည်။ "ကောင်လေး... ငါ မင်းကို လျှော့ပေးမှာ မဟုတ်ဘူး။ စက္ကန့် ၆၀ တောင် မင်း ခံနိုင်ပါ့မလားတောင် မသေချာဘူး။ ဒါကြောင့် အခုပဲ အရှုံးပေးလိုက်တာ ကောင်းမယ်။ ကိုယ့်အသက်နဲ့ ကစားမနေနဲ့" ဧကရာဇ်မုန့်က အေးစက်စက် လေသံဖြင့် သတိပေးသည်။
သူသည် အမှန်တကယ်ပင် တုလျန်ကို သတ်ပစ်ရန် ဆုံးဖြတ်ထားသည်။ တုလျန်ကို မြန်မြန်သတ်နိုင်လေ ကျိရှန်အတွက် ပိုပြီး အခွင့်အရေးရှိလေဖြစ်သည်။
"ဧကရာဇ်မုန့်... ကျွန်တော့်အတွက် စိုးရိမ်ပေးစရာ မလိုပါဘူး။ ခင်ဗျားကိုယ်ခင်ဗျားသာ ဂရုစိုက်ပါ" လျန်က ပြုံးလျက် ပြန်ဖြေသည်။
"မင်းက မောက်မာလွန်းတယ်။ ငါ့လက်ချက်နဲ့ သေသွားတဲ့သူတွေ အကုန်လုံး မင်းလိုပဲ မောက်မာခဲ့ကြတာပဲ။ ကဲ... တိုက်ပွဲကို စကြရအောင်"
"ဟုတ်ကဲ့... စတင်ကြရအောင်"
ဝူကီက အချက်ပေးလိုက်သည်နှင့် ဧကရာဇ်မုန့်၏ အရှိန်အဝါများ တက်လာသည်။ တုလျန်၏ ပတ်ဝန်းကျင်၌ ဒြပ်ဆွဲအားများ ရုတ်တရက် မြင့်တက်လာပြီး ဒူးထောက်သွားစေရန် ဖိအားပေးနေသည်။
"ဒါလောက်ပဲလား" တုလျန်က ဧကရာဇ်မုန့်ကို တည့်တည့်ကြည့်ကာ မေးလိုက်သည်။ ထိုအခိုက်အတန့်တွင် တုလျန်၏ မျက်လုံးများ တောက်ပလာသည်။ ထိုအခါ တုလျန်အပေါ် ဖိအားပေးနေသော အရှိန်အဝါများမှာ လေထဲတွင် အရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွား၏။
"အဲဒီလှည့်ကွက်မျိုး ငါ့ဆီမှာ မသုံးနဲ့ကောင်လေး"
ဧကရာဇ်မုန့်သည် တုလျန်၏ မျက်လုံးကို စိုက်မကြည့်တော့ဘဲ တုလျန်ထံသို့ လျင်မြန်စွာ ပျံသန်းဝင်ရောက်သွားသည်။ သူ၏ပတ်ဝန်းကျင်တွင် ချီစွမ်းအင်ဖြင့် ပြုလုပ်ထားသော မြားထောင်ပေါင်းများစွာ ပေါ်ပေါက်လာပြီး တုလျန်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားစေရန် ပြေးဝင်သွားတော့သည်။
မြားများမှာ မျက်စိတစ်မှိတ်အတွင်း တုလျန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားသော်လည်း တုလျန်မှာ မည်သို့မျှ မဖြစ်ဘဲ အရိပ်တစ်ခုကဲ့သို့ ဖောက်ထွက်သွားသည်။
"ဟင်"
ဧကရာဇ်မုန့် မင်သက်သွားသည်။ " ပုံရိပ်ယောင် အစွမ်းလား"
သူ့ရှေ့တွင် ရပ်နေသည်မှာ တုလျန်အစစ်လား၊ သို့မဟုတ် ပုံရိပ်ယောင်လားဟု သူ မဝေခွဲနိုင်တော့။ သူ၏ စိတ်စွမ်းအင် အရဆိုလျှင် ဤသည်မှာ တုလျန်အစစ် ဖြစ်နေသည်။ သို့သော် အဘယ်ကြောင့် မြားများ မထိမှန်သနည်း။ လုံချန်းကိုယ်တိုင်ပင် အံ့အားသင့်နေမိသည်။ သူ၏ စိတ်စွမ်းအင်အရလည်း တုလျန်မှာ အစစ်ဖြစ်နေ၏။
"ရွှင်း... နင် ဘယ်လိုထင်လဲ။ သူ ဘာသုံးလိုက်တာလဲ" လုံချန်း မေးမြန်းလိုက်သည်။
"ငါလည်း မသိဘူး" ရွှင်းက ချက်ချင်း ပြန်ဖြေသည်။
လုံချန်း အံ့အားသင့်သွားသည်။ သူမလို အရာရာကို အကဲဖြတ်နိုင်သည့်သူပင် မသိပါက တစ်ခုခုတော့ အမှန်တကယ် လွဲနေပြီ ဖြစ်သည်။
အခန်း ၁၀၄၀ မဖြစ်နိုင်သောအရာ
"ငါက အရာရာကို သိမြင်နိုင်စွမ်းရှိတဲ့ နတ်ဘုရားမတစ်ပါးမှ မဟုတ်တာပဲ..."
ရွှင်းက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ "သူ ဘယ်လို လုပ်လိုက်တယ်ဆိုတာ ငါလည်း အသေအချာတော့ မပြောနိုင်ဘူး။ ဖြစ်နိုင်တာကတော့ ဟင်းလင်းပြင်နဲ့ အချိန်နိယာမကို တစ်စွန်းတစ်စ နားလည်သဘောပေါက်ထားတဲ့ အတတ်ပညာတစ်ခုခုကို သူ သုံးနေတာ ဖြစ်လိမ့်မယ်"
"ငါ့ရဲ့ အချိန်ဓား သုံးသလိုမျိုးလား။ တစ်ခါတုန်းက ရှုလျန်ရဲ့ တိုက်ခိုက်မှုကို ရှောင်ဖို့ အဲဒီဓားက ငါ့ကို ဟင်းလင်းပြင်နဲ့ အချိန်ကာလ မျဉ်းပြိုင်တစ်ခုထဲ ပို့ပေးခဲ့ဖူးတယ်လေ။ အခု သူလုပ်တာကလည်း အဲဒီလိုမျိုးဆိုရင်တော့ ဖြစ်နိုင်ခြေရှိတာပဲ။ ဒါပေမဲ့... သူက ဘယ်လိုလုပ်ပြီး ဒါကို တတ်မြောက်နေတာလဲ" လုံချန်းက သံသယစိတ်ဖြင့် ထပ်မံမေးမြန်းမိသည်။
"အချိန်ဓားက နတ်ဘုရားအဆင့် လက်နက်မို့လို့ ဒါကို လုပ်နိုင်တာ။ စကြဝဠာရဲ့ အင်အားအကြီးဆုံး နိယာမတွေနဲ့ သွန်းလုပ်ထားတာကိုး။ ဒါပေမဲ့ တုလျန်ကတော့ မတူဘူး။ သူက နတ်ဘုရား စစ်သည်တစ်ယောက် မဟုတ်ဘူး၊ ငါတို့လိုပဲ သာမန်လူသားတစ်ယောက်ပဲ။ သူက ဘယ်လိုလုပ်ပြီး ဒီလိုအစွမ်းမျိုး ရှိနေရတာလဲ"
လုံချန်းအတွက်မူ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မရှိသော ကိစ္စဖြစ်နေသည်။ သာမန်လူသားတစ်ဦးက နတ်ဘုရားအဆင့် လက်နက်တစ်လက်၏ အစွမ်းနှင့် ထပ်တူကျသော အတတ်ပညာကို ပိုင်ဆိုင်ထားသည်ဆိုခြင်းမှာ မယုံကြည်နိုင်စရာပင်။
"ဒါက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ။ အမှန်တရားကတော့ ဒါနဲ့ လုံးဝခြားနားနေတာလည်း ဖြစ်နိုင်တာပဲ" ရွှင်းက ဆိုသည်။
"သူက ဟင်းလင်းပြင် နိယာမကိုပါ နားလည်ထားတာလား" လုံချန်းက မေးစေ့ကို ပွတ်ရင်း တွေးတောနေမိသည်။ "ငါ့မှာလည်း ဟင်းလင်းပြင် နိယာမ ရှိတာပဲ။ ဒါပေမဲ့ ငါ ဒါကို မလုပ်နိုင်ဘူး"
"အဲဒါကတော့ ဟင်းလင်းပြင် နိယာမတင်မကဘဲ အချိန်နိယာမကိုပါ ပေါင်းစပ်နားလည်ဖို့ လိုအပ်လို့ပဲ" ရွှင်းက ရှင်းပြလိုက်၏။
"ဒါဆို သူက အထွတ်အထိပ် နိယာမနှစ်ခုလုံးကို ပိုင်ဆိုင်ထားတာပေါ့... ဘယ်လိုနည်းနဲ့လဲ"
"နင်က ငါ့ကို လူတိုင်းရဲ့ စိတ်ကို ဖတ်နိုင်တယ်လို့ ထင်နေတာလား။ သူ ဘာသိတယ်၊ ဘာမသိဘူးဆိုတာ ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ။ နင့်ရဲ့ စိတ်ကိုတောင် နင့်ခွင့်ပြုချက် မပါဘဲ ငါမဖတ်နိုင်တာ။ အဖြေကို သိချင်ရင်တော့ သူ အဲဒီနိယာမတွေကို ထင်ထင်ရှားရှား ထုတ်သုံးတဲ့အထိ စောင့်ကြည့်ရုံပဲ ရှိတယ်။ ဒါမှမဟုတ်လည်း သူ့ဆီသွားပြီး ကိုယ်တိုင်ပဲ မေးလိုက်တော့" ရွှင်းက မေးခွန်းများလွန်းလှသဖြင့် စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။
"ဪ... နောက်ပြီးတော့ ဖြစ်နိုင်ခြေ တစ်ခုတော့ ရှိသေးတယ်" သူမက တစ်ခုခု သတိရသွားသလို ထပ်ပြောလိုက်၏။
"ဘာဖြစ်နိုင်ခြေလဲ"
"ရှေးဟောင်း ပါရမီရှင်တွေရဲ့ အတတ်ပညာတစ်ခုခုကို သူ ရှာဖွေတွေ့ရှိထားတာမျိုးပေါ့။ ရှေးခေတ် ကျင့်ကြံသူတွေထဲမှာ ဟင်းလင်းပြင်နဲ့ အချိန်နိယာမကို နည်းနည်းစီ နားလည်ထားတဲ့သူတွေ ရှိခဲ့ဖူးတယ်။ တကယ်လို့ အဲဒီလူက သူနားလည်သမျှကို စာအုပ်ထဲမှာ မှတ်တမ်းတင်ခဲ့ပြီး သာမန်လူတွေ နားလည်နိုင်မယ့် အတတ်ပညာတစ်ခုအဖြစ် ပြောင်းလဲထားခဲ့မယ်ဆိုရင်တော့ ဒါဟာ ဖြစ်နိုင်ပါတယ်"
"စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီတုလျန်ကတော့ တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုပြီး ခြိမ်းခြောက်မှုကြီးလာတာတော့ အမှန်ပဲ။ သူ့ရဲ့ ဒီလို ထူးထူးဆန်းဆန်း အတတ်ပညာတွေက တကယ့်ကို ဒုက္ခပေးနိုင်တယ်" လုံချန်းက တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"သူတောင် ဒီလောက် ထူးခြားနေရင် သူ့အဖေကရော ဘယ်လောက်တောင် အစွမ်းထက်မလဲ။ ငါ ဧကရာဇ်တွေကို အထင်သေးခဲ့မိတာလား..."
သူသည် ဤလူများနှင့် တစ်နေ့တွင် ရင်ဆိုင်ရလိမ့်မည်ဟု ခံစားနေမိသည်။ ထို့ကြောင့် သူ မြင်သမျှ ပညာရပ်များကို မည်သို့ ပြန်လည် တုံ့ပြန်ရမည်အား အမြဲတစေ တွေးတောနေတတ်၏။ စိတ်ကူးထဲတွင်မူ တုလျန်နှင့် တိုက်ခိုက်နေသူမှာ ဧကရာဇ်မုန့် မဟုတ်ဘဲ သူကိုယ်တိုင်ပင် ဖြစ်နေတော့သည်။
စစ်တလင်းအတွင်း၌မူ အမှန်တကယ် တိုက်ခိုက်နေသော ဧကရာဇ်မုန့်မှာမူ လုံချန်းထက်ပင် ပို၍ ဇဝေဇဝါ ဖြစ်နေရသည်။ တုလျန်က မည်သို့သော ပညာရပ်မျိုးကို သုံးနေသနည်း။ အဘယ်ကြောင့် သူ၏ တိုက်ခိုက်မှုများမှာ တုလျန်၏ ကိုယ်ပေါ်သို့ ရောက်သွားတိုင်း လေဟာနယ်ကို ထိုးနှက်နေရသကဲ့သို့ ဖြစ်နေရသနည်း။
"ကောင်းပြီလေ... ငါ့ရဲ့ ဒီတိုက်ခိုက်မှုကိုရော မင်း ဘယ်လိုရှောင်မလဲ ကြည့်ရအောင်"
သူသည် ဟိန်းဟောက်လိုက်ရင်း တုလျန် အနီးသို့ ပြေးဝင်သွားကာ ရင်ဘတ်ကို အားကုန် သုံး၍ ထိုးနှက်လိုက်လေသည်။
"ဟင်..."
သူ၏ လက်သီးမှာ တုလျန်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြန်သည်။ တုလျန်ဟူသော လူသားမှာ ထိုနေရာတွင် တည်ရှိမနေသကဲ့သို့ပင်။
"ဘာ..."
သူသည် တုလျန်၏ နောက်ကျောဘက်သို့ ရောက်သွားပြီး အကြိမ်ကြိမ် ဆက်တိုက် ထိုးနှက်သော်လည်း တုလျန်ကမူ တုံ့ပြန်ခြင်း မရှိချေ။ တုလျန်သည် လက်ပိုက်လျက် တည်ငြိမ်စွာ ရပ်နေပြီး ဧကရာဇ်ကို လှောင်ပြုံးဖြင့် ကြည့်နေ၏။ သူ၏ မျက်လုံးများမှာ တောက်ပနေဆဲ ဖြစ်သဖြင့် ဧကရာဇ်က စိုက်မကြည့်မိအောင် သတိထားနေရသည်။
"တောက်... မင်းက တကယ့်ကို ပုံရိပ်ယောင် တစ်ခုလား။ သူရဲဘောကြောင်ပြီး ပုန်းမနေနဲ့၊ မင်းရဲ့ ရုပ်အစစ်ကို ပြစမ်း"
တစ်မိနစ်ကျော်ကျော်မျှ အဆက်မပြတ် တိုက်ခိုက်သော်လည်း တစ်ချက်မျှ မထိမှန်သဖြင့် ဧကရာဇ်မှာ လက်လျှော့လိုက်ရတော့သည်။ ဤသည်မှာ အတတ်ပညာတစ်ခု မဟုတ်နိုင်တော့ချေ။ မည်သည့် အတတ်ပညာမျှ ဤမျှလောက်ကြာအောင် အစွမ်းမပြနိုင်ပါ။ ဤသည်က ပုံရိပ်ယောင် တစ်ခုသာ ဖြစ်ရမည်။
သို့သော် တုလျန်အစစ်က အဘယ်တွင်နည်း။ သူ၏ စိတ်စွမ်းအင်မှာ တစ်ကွင်းလုံးကို ခြုံငုံမိနေသော်လည်း တုလျန်မှာမူ သူ၏ ရှေ့တွင် တစ်ဦးတည်းသာ ရှိနေ၏။
"ခင်ဗျားကလည်း ခင်ဗျားသားနဲ့ အတူတူပါပဲလား" တုလျန်က လှောင်ပြုံးဖြင့် ဆိုလိုက်သည်။ "စောစောက သူလုပ်တာတွေကို အရှက်ရနေတယ်ဆိုပြီး အခု ခင်ဗျားကိုယ်တိုင်လည်း အဲဒီအတိုင်း လုပ်နေတာပဲ မဟုတ်လား"
"မင်း ဘာပြောချင်တာလဲ" ဧကရာဇ်မုန့်က ဒေါသတကြီး မေးလိုက်သည်။
"ကျွန်တော် ပြောချင်တာက... ခင်ဗျားသားလည်း ချန်းယုကို ရှုံးတော့မယ့်အချိန်မှာ သူအားသာတဲ့ အစွမ်းတွေကို မသုံးဖို့ ယောက်ျားပီပီ တိုက်ဖို့ ပြောခဲ့သေးတယ်လေ။ အခု ခင်ဗျားလည်း ကျွန်တော့်ကို အဲဒီလိုပဲ တောင်းဆိုနေတာ မဟုတ်လား။ ကျွန်တော့်အစွမ်းတွေကို မသုံးဘဲ ခင်ဗျားအရိုက်ခံဖို့လေ" တုလျန်က ဆိုသည်။
"ဘာပဲဖြစ်ဖြစ်... ကျွန်တော်လည်း ပုန်းလျှိုးကွယ်လျှိုး လုပ်ရတာကို မနှစ်သက်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အဖေက ခင်ဗျားနဲ့ အသေအလဲ မတိုက်ဖို့ ကျွန်တော့်ကို ကတိတောင်းထားတယ်။ သူက အကြောင်းမရှိဘဲ စိုးရိမ်နေတာပါ။ ဒါပေမဲ့ လူကြီးစကားမို့ ကျွန်တော် နားထောင်ရမှာပေါ့။ ဒါကြောင့် ဧကရာဇ်တစ်ပါးနဲ့ အားရပါးရ တိုက်ခိုက်ခွင့်ရမယ့် အခွင့်အရေးကို ကျွန်တော် လက်လွှတ်လိုက်ရတာပေါ့ဗျာ"
"သူရဲဘောကြောင်တဲ့ကောင်၊ ငါ့ကို ငါ့သားနဲ့ နှိုင်းရဲတယ်ပေါ့။ မင်းက ပုန်းနေရုံပဲ တတ်တာပဲ။ ဟိုမိန်းကလေးကမှ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရဲသေးတယ်။ မင်းရဲ့ အခွံထဲကနေ ထွက်ခဲ့စမ်း" ဧကရာဇ်က ထပ်မံ၍ တိုက်ခိုက်ပြန်သော်လည်း လေကိုသာ ရိုက်မိပြန်သည်။
"လျန်အာ... တိုက်ပွဲစတာ ငါးမိနစ် ပြည့်သွားပြီ။ အခု ပြန်လာခဲ့တော့"
ဧကရာဇ်မုန့်၏ အချည်းနှီးသော အားထုတ်မှုများကို ကြည့်နေစဉ် တုလျန်သည် သူ့ဖခင်ဆီမှ အသံကို ကြားလိုက်ရသည်။
"ကောင်းပြီ... အခုတော့ အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ ထင်တယ်။ တကယ်တမ်း တိုက်ခိုက်ချင်ခဲ့ပေမဲ့လည်း... ခင်ဗျားကို တောင်းပန်ပါတယ်" တုလျန်သည် ဧကရာဇ်မုန့်ကို ပြောလိုက်ပြီးနောက် လက်ကို မြှောက်လိုက်၏။
"ကျွန်တော် အရှုံးပေးပါတယ်"
သူသည် အရှုံးပေးကြောင်း ကြေညာလိုက်ပြီးနောက် စည်းကမ်းချက်အရ စက္ကန့် ၆၀ စောင့်ဆိုင်းနေရသည်။ ထိုအချိန်အတွင်း ဧကရာဇ်မုန့်သည် ရှိသမျှ အစွမ်းကုန်သုံး၍ တိုက်ခိုက်သော်လည်း တစ်ချက်မျှ မထိမှန်ခဲ့ချေ။
"ကဲ... တိုက်ပွဲ ပြီးဆုံးသွားပြီ။ ရပ်လိုက်ကြတော့"
စက္ကန့် ၆၀ ပြည့်သည်နှင့် ဗိုလ်ချုပ်ဝူကီက တိုက်ပွဲကို ရပ်တန့်စေလိုက်သည်။
ဧကရာဇ်မုန့်သည် အသက်ကို ပြင်းပြင်းရှူရင်း တိုက်ခိုက်မှုကို ရပ်လိုက်ရတော့သည်။ ဤခြောက်မိနစ်အတွင်း သူသည် ရှိသမျှ အစွမ်းကုန် ထုတ်သုံးခဲ့သော်လည်း ရန်သူကို တစ်ချက်မျှ မထိမှန်ခဲ့ခြင်းက သူ့အား အလွန်ပင် ပင်ပန်း နွမ်းနယ်စေခဲ့လေသည်။