အခန်း (၁၀၄၁-၁၀၄၂)
Vol. 100 Ch. 1041-1042
အခန်း ၁၀၄၁ အရှုံးပေးခြင်း
ပထမဆုံး တိုက်ပွဲကား ကုန်ဆုံးသွားခဲ့လေပြီ။ စစ်တလင်းတစ်ခုလုံး၌ ဗိုလ်ချုပ်ဝူကီ၏ ဟိန်းထွက်လာသော အသံက ပဲ့တင်ထပ်သွားတော့သည်။
"ပထမပွဲ ပြီးဆုံးသွားပြီ။ မင်းသားတုလျန်ဟာ ခြောက်မိနစ်တိတိ ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ နောက်ထပ် ဘယ်ပြိုင်ပွဲဝင်မှ ခြောက်မိနစ်ထက် ပိုပြီး မခံနိုင်ဘူးဆိုရင်တော့ မင်းသားတုလျန်ဟာ အဆင့်အမြင့်ဆုံး အနိုင်ရရှိသူ ဖြစ်လာလိမ့်မယ်"
ဝူကီက အနိုင်ရရှိသူကို ကြေညာပြီးနောက် တုလျန်နှင့် ဧကရာဇ်မုန့်တို့ကို ကွင်းပြင်မှ ထွက်ခွာရန် အချက်ပေးလိုက်သည်။ ဧကရာဇ်မုန့်သည် ထွက်ခွာသွားသော တုလျန်၏ ကျောပြင်ကို ကြည့်ရင်း ရင်ထဲ၌ တငြိမ့်ငြိမ့် တောက်လောင်နေသော သိလိုစိတ်အား မအောင့်နိုင်တော့ဘဲ လှမ်း၍ ခေါ်လိုက်လေသည်။
"ခဏလေး နေပါဦး..."
တုလျန် ခြေလှမ်းတို့ ရပ်တန့်သွားသည်။ သူသည် ကိုယ်ကို တစ်ပတ်လှည့်ကာ ဧကရာဇ်အား တည်ငြိမ်စွာ ကြည့်လိုက်၏။
"မင်း မသွားခင် ငါ့ကို တစ်ခုလောက် ပြောပြလို့ ရမလား။ ဘာဖြစ်လို့ ငါ့ရဲ့ တိုက်ခိုက်မှုတွေက မင်းကို တစ်ချက်ကလေးတောင် မထိမှန်ရတာလဲ။ ဒါဟာ မင်းရဲ့ အတတ်ပညာ တစ်ခုခုလား၊ ဒါမှမဟုတ် ငါ တိုက်ခိုက်နေမိတာက မင်းရဲ့ ပုံရိပ်ယောင် တစ်ခုပဲလား။ တကယ်လို့ ဒါဟာ ပုံရိပ်ယောင် ဆိုရင်လည်း ငါ့ရဲ့ စိတ်အာရုံကို လှည့်စားနိုင်လောက်အောင် ဘာလို့ ဒီလောက်အထိ လက်တွေ့ကျနေရတာလဲ။ မင်းရဲ့ ခန္ဓာကိုယ်အစစ်က ဘယ်နေရာမှာ ပုန်းနေခဲ့တာလဲ"
ဧကရာဇ်မုန့်၏ မေးခွန်းများက သူ၏ စိတ်မအေးနိုင်မှုကို ဖော်ပြနေသည်။ ဤအဖြေကို မရရှိဘဲ သူ စိတ်လက်ချ နားနေနိုင်မည် မဟုတ်ချေ။ သို့သော် တုလျန်က ခပ်အေးအေးပင် ပြန်ဖြေလိုက်၏။
"ကျွန်တော့်ကို ခွင့်လွှတ်ပါ အရှင်။ ကျွန်တော် ဒါကို မဖြေနိုင်ပါဘူး။ ဒီလျှို့ဝှက်ချက်ကို ဘယ်တော့မှ ထုတ်မပြောဖို့ ကျွန်တော့်ခမည်းတော်ကို ကတိပေးထားလို့ပါ"
စကားအဆုံးတွင် တုလျန်သည် လှည့်ထွက်သွားပြီး သူ၏ ခမည်းတော် ဧကရာဇ်တု ဘေးတွင် ဝင်၍ ထိုင်လိုက်လေသည်။
"တော်တယ် ငါ့သား..." ဧကရာဇ်တုက ဂုဏ်ယူဝင့်ကြွားစွာ ဆိုသည်။
တုလျန်ကမူ မျက်လုံးကို တစ်ချက်ဝှေ့လိုက်ရုံမှတစ်ပါး စကားတစ်ခွန်းမျှ ပြန်မပြောချေ။
"မင်းကို ငါ အစွမ်းကုန် တိုက်ခိုက်ခွင့်မပေးလို့ စိတ်ဆိုးနေတာလား။ ငါ့မှာ အကြောင်းပြချက် ရှိပါတယ်ကွာ။ ဒီအဖေကို ခွင့်လွှတ်ပါဦး" ဧကရာဇ်တုက သားဖြစ်သူကို မျက်နှာချိုသွေးကာ ချော့မော့နေရှာသည်။
"ကောင်းပြီလေ... ဒီတစ်ခါတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ ခမည်းတော်က ကျွန်တော်နဲ့ ပြန်တိုက်ရမယ်။ အဲဒီအခါကျရင်တော့ ကျွန်တော် လျှော့ပေးမှာ မဟုတ်ဘူးနော်"
"ဟေ..." ဧကရာဇ်တုမှာ အနည်းငယ် တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်ရတော့သည်။
တုလျန်က သူ၏ဖခင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း မေးလိုက်ပြန်သည်။ "ခမည်းတော်... ကျွန်တော့်ကို ဘာလို့ ငါးမိနစ်ပြည့်တာနဲ့ အရှုံးပေးခိုင်းတာလဲ။ ကျွန်တော် ဒီထက်ပိုပြီး ခံနိုင်ရည် ရှိနေတာပဲလေ"
"ငါးမိနစ်ဆိုတာ လုံလောက်နေပြီ ငါ့သားရဲ့။ ကျိရှန်းကို အနိုင်ယူဖို့ ငါ အချိန်အကြာကြီး ယူစရာ မလိုဘူး။ တိုက်ပွဲကို အချိန်ဆွဲနေတာက အလကားပါပဲ။ ငါးမိနစ်ဆိုတာတောင် တော်တော်ကြာနေပါပြီ။ ချန်းယုဆိုတဲ့ ကောင်မလေးက သုံးမိနစ်ထက် ပိုခံမှာ မဟုတ်ဘူး။ ကျိရှန်းအတွက်ကတော့ သူ့ရဲ့ ပြိုင်ဘက်က ငါကိုယ်တိုင် ဖြစ်နေတော့ မင်းပဲ စဉ်းစားကြည့်တော့လေ"
"ခမည်းတော်ရဲ့ ခန့်မှန်းချက် မှန်၊ မမှန်ဆိုတာ ကျွန်တော် စောင့်ကြည့်ပါ့မယ်။ ဒါပေမဲ့ ခမည်းတော် သူတို့ကို အထင်သေးနေသလိုပဲ။ အဲဒီ ကျိရှန်ဆိုတဲ့ လူက တစ်မျိုးပဲ။ ဘာလဲဆိုတာ ကျွန်တော် အတိအကျ မပြောတတ်ပေမဲ့ သူ့ကိုတော့ သတိထားပါ။ သူက သာမန်လူတစ်ယောက် မဟုတ်သလို ခံစားရတယ်။ ကျန်တဲ့နှစ်ယောက်ထက် သူက ပိုပြီး အန္တရာယ်ကြီးတယ်လို့ ကျွန်တော် ထင်တယ်"
"စိတ်မပူပါနဲ့... ငါ ဘာလုပ်ရမလဲဆိုတာ ငါသိပါတယ်" ဧကရာဇ်တုက ယုံကြည်ချက်အပြည့်ဖြင့် ဆိုလိုက်သည်။
အဝေးတစ်နေရာတွင် လုံချန်းသည် အတွေးကမ္ဘာထဲ၌ နစ်မျောနေဆဲ ဖြစ်သည်။ တုလျန် အသုံးပြုလိုက်သော ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်း ပညာရပ်က သူ့ကို အတော်ပင် တုန်လှုပ်စေခဲ့သည်။ ထိုပညာရပ်၏ အားနည်းချက်ကို သူ ရှာမတွေ့နိုင်သေးချေ။
ဒုတိယမြောက် တိုက်ပွဲဖြစ်သော ချန်းယု၏ တိုက်ပွဲ စတင်နေပြီ ဖြစ်သော်လည်း လုံချန်းကမူ စိတ်ဝင်စားခြင်း မရှိဘဲ တုလျန်၏ အစွမ်းကို မည်သို့ တုံ့ပြန်ရမည်ကိုသာ အကြိတ်အနယ် စဉ်းစားနေမိသည်။
'သူ အသုံးပြုသွားတာ ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းပဲ ဖြစ်ရမယ်။ ငါ့ရဲ့ အချိန်ဓားကလည်း အဲဒီလိုပဲ လုပ်နိုင်တာပဲ။ တကယ်လို့ သူ့ကို ပြန်တိုက်မယ်ဆိုရင် အချိန်ဓားကို သုံးရမလား။ သာမန်တိုက်ခိုက်မှုတွေက အချည်းနှီးဖြစ်ပေမဲ့ ဟင်းလင်းပြင်နဲ့ အချိန်ကာလကို ဖြတ်တောက်နိုင်တဲ့ နတ်ဘုရားအဆင့်ဓားကတော့ အဖြေဖြစ်နိုင်မလား'
အတော်ကြာအောင် တွေးတောပြီးနောက်မှ လုံချန်း၏ ခေါင်းထဲသို့ အတွေးတစ်ခု လက်ခနဲ ဝင်လာသည်။ ဤသည်မှာ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
"ရွှင်း... နင် ဘယ်လိုထင်လဲ။ ဒါ အလုပ်ဖြစ်ပါ့မလား" သူက ရွှင်းကို အကြံဉာဏ် တောင်းလိုက်သည်။
"ဖြစ်ရင်လည်း ဖြစ်မယ်... မဖြစ်ရင်လည်း မဖြစ်ဘူးပေါ့။ ဒါပေမဲ့ ငါကတော့ နင့်ကို အချိန်ဓား မသုံးစေချင်ဘူး။ တုလျန်နဲ့ တိုက်မနေပါနဲ့။ နင်နဲ့ သူနဲ့က ရန်ငြိုးလည်း မရှိဘူးလေ"
"အမှန်ပဲ။ ဒါပေမဲ့ အခြေအနေတိုင်းအတွက် ပြင်ဆင်ထားတာက အကောင်းဆုံးပဲ မဟုတ်လား" လုံချန်းက ပြန်ဖြေလိုက်၏။
မင်းသမီးချန်းယုနှင့် ဒုတိယဧကရာဇ်တို့၏ တိုက်ပွဲမှာလည်း ကြာရှည်မခံခဲ့ချေ။ သုံးမိနစ်ခန့်တွင် ချန်းယု အရှုံးပေးလိုက်ရပြီး စည်းကမ်းအရ နောက်ထပ် တစ်မိနစ်ခန့် ကြံ့ကြံ့ခံကာ တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။ ယခုစာရင်းအရ တုလျန်က ၆ မိနစ်ဖြင့် ပထမ၊ ချန်းယုက ၄ မိနစ်ဖြင့် ဒုတိယ နေရာတွင် ရှိနေသည်။
"မင်းသမီးချန်းယုက ၄ မိနစ် ခံနိုင်ခဲ့တယ်။ မင်းသားတုလျန်ကတော့ ဦးဆောင်နေတုန်းပဲ။ တကယ်လို့ ကျိရှန်ဟာ ၆ မိနစ်အတွင်းမှာ ရှုံးနိမ့်သွားမယ် ဒါမှမဟုတ် အသတ်ခံရမယ်ဆိုရင်တော့ မင်းသားတုလျန်က အနိုင်ရရှိသူ ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးတိုက်ပွဲ မစတင်ခင်မှာ နှစ်ဖက်စလုံးကို နည်းဗျူဟာ ပြင်ဆင်ဖို့အတွက် ၃ မိနစ် အချိန်ပေးပါ့မယ်" ဗိုလ်ချုပ်ဝူကီက ကြေညာလိုက်သည်။
ဖုန်းရှူကမ္ဘာဘက်ကမူ နည်းဗျူဟာ ပြင်ဆင်ရန် စိတ်မဝင်စားကြချေ။ ဧကရာဇ်တုသည် ၅ မိနစ်မတိုင်ခင်မှာပင် ကျိရှန်ကို အပြတ်ရှင်းနိုင်မည်ဟု သူတို့ အခိုင်အမာ ယုံကြည်နေကြသည်။
အခြားတစ်ဖက်တွင်မူ ဧကရာဇ်မုန့်သည် ကျိရှန်ကို တစ်ခုတည်းသာ မှာကြားလိုက်လေသည်။
"မင်း ဘယ်လိုနည်းနဲ့မဆို အနိုင်ရအောင် လုပ်ရမယ်။ မင်းကို အရှုံးပေးဖို့ ငါ ခွင့်မပြုဘူး... နားလည်လား"
ကျိရှန်က မည်သည့် ခံစားချက်မှ မရှိသော မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဧကရာဇ်က အောင်ပွဲအတွက် မျှော်လင့်ချက် ရှိနေသော်လည်း သူ့သားဖြစ်သူ မုန့်ချန်းကမူ အထင်သေးလျက် ရှိ၏။
'ဘာတွေ အကြာကြီး မှာနေတာလဲ။ ဘယ်သူက သူ့ကို အရှုံးပေးအောင် စောင့်နေမှာမို့လို့လဲ။ စက္ကန့်ပိုင်းအတွင်းမှာတင် ပြိုင်ဘက်က သူ့ကို သတ်ပစ်တော့မှာပဲကို'
"၃ မိနစ် ပြည့်ပြီ။ စစ်တလင်းထဲကို ဆင်းခဲ့ကြတော့"
ဧကရာဇ်တုနှင့် ကျိရှန်းတို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ လုံချန်းသည်လည်း သူ၏ သူငယ်ချင်းဟောင်းအတွက် စိတ်ပူစွာဖြင့် မတ်မတ်ထိုင်ကာ အကဲခတ်နေမိသည်။ ကျိရှန်း အသတ်မခံရဘဲ ရှုံးနိမ့်သွားလျှင်ပင် တော်သေးသည်ဟု သူ တွေးနေမိ၏။ သို့မဟုတ် ၆ မိနစ်ထက် ပိုခံနိုင်လျှင်လည်း အောင်ပွဲရမည် မဟုတ်လော။
"ငါ နားမလည်နိုင်ဘူး။ သူက ဘာဖြစ်လို့ နင့်ရဲ့ ရန်သူတွေအတွက်နဲ့ သူ့အသက်ကို အန္တရာယ်ထဲ အသွင်းခံနေရတာလဲ။ နင် သူ့ကို သူ့ချစ်သူနဲ့အတူ ဧကရာဇ်နဲ့ ဝေးရာမှာ ထားခဲ့တာ မဟုတ်လား။ သူ ဘယ်လိုလုပ်ပြီး ဒီထဲမှာ ပါလာရတာလဲ" ကျိချင်းက မျက်မှောင်ကြုတ်လျက် မေးသည်။
"ဒါကိုပဲ ငါလည်း စဉ်းစားနေတာ" လုံချန်းက ပြန်ဖြေလိုက်၏။
သူ့စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေရသည်။ အရာအားလုံးက မည်သို့ဖြစ်ပြီး ဤလမ်းကြောင်းပေါ် ရောက်လာရသနည်း။ ကျိရှန်းနှင့် သီးသန့်တွေ့ဆုံပြီး အကျိုးအကြောင်း မေးမြန်းချင်သော်လည်း ယခုအချိန်အထိ အခွင့်အရေး မရသေးချေ။
တိုက်ပွဲစတင်ရန် အချက်ပေးသံ ထွက်ပေါ်လာတော့မည်။ ကျိရှန်း၏ ကံကြမ္မာက ဤတိုက်ပွဲအပေါ်တွင် မူတည်နေပြီ ဖြစ်သည်။
အခန်း ၁၀၄၂ ကျိရှန်၏ ကိုယ်တွင်းမှ ဝိညာဉ်နက်
ကျိရှန်နှင့် ဧကရာဇ်တုတို့၏ တိုက်ပွဲကို စတင်ရန် ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ကျိရှန်သည် လျှပ်စစ်မီးပမာ ပြင်းထန်သော အရှိန်ဖြင့် ဧကရာဇ်ထံသို့ ပြေးဝင်သွားတော့သည်။ သူ၏ ရည်ရွယ်ချက်ကား ရှင်းလင်းလှ၏။ ပြိုင်ဘက်ကို အပြတ်ရှင်းရန်ပင် ဖြစ်သည်။
"မင်းကတော့ တကယ့်ကို ကလေးကလားနိုင်လွန်းသေးတာပဲ ကောင်လေးရာ..."
ဧကရာဇ်တုက လှောင်ပြုံးဖြင့် ဆိုရင်း သူ၏ လက်သီးကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်သည်။ သူ့အတွက်မူ နောက်ထပ် ငါးမိနစ်မျှ အချိန်ပိုရှိနေသေးသဖြင့် ဤတိုက်ပွဲကို အလေးအနက်ထားရန်ပင် မလိုဟု ထင်မှတ်ထားခဲ့ပုံရသည်။ သို့သော် သူတို့နှစ်ဦး၏ လက်သီးချင်း ထိတွေ့သွားသည့် ခဏ၌ နှစ်ဦးစလုံး နောက်သို့ တစ်လှမ်းစီ ဆုတ်သွားရလေသည်။
"ဟင်"
ဧကရာဇ်တု၏ မျက်ဝန်းတို့မှာ အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားသည်။ ထိုသူငယ်၏ အစွမ်းထက်လှသော ခွန်အားကို မြင်လိုက်ရ၍သာမက ထိုထက် ပိုမို ထူးခြားလှသော အရာတစ်ခုကို သူ ခံစားမိလိုက်သောကြောင့်တည်း။ သူသည် ဧကရာဇ်မုန့် ဘက်သို့ လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။
"ဧကရာဇ်မုန့်... မင်း ဒါကို သိနေတာလား။ မိစ္ဆာဝိညာဉ်နက် တစ်ခု ပူးကပ်နေတဲ့သူကို မင်း တမင်တကာ ခေါ်လာတာပေါ့။ ဒီလိုနည်းနဲ့ အနိုင်ရနိုင်မယ်လို့ မင်း ထင်နေတာလား"
"မိစ္ဆာဝိညာဉ်နက် ဟုတ်လား"
"ဘာ... သူ့ကိုယ်ထဲမှာ မိစ္ဆာဝိညာဉ်နက် ရှိနေတာလား။ ဒါဆိုရင် ဒါဟာ လိမ်လည်မှုပဲ မဟုတ်လား"
"ရှက်ဖို့ကောင်းလိုက်တဲ့ လူတွေ"
ပရိသတ်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ မိစ္ဆာဝိညာဉ်နက်ဟူသော စကားလုံးက လူတိုင်းကို တုန်လှုပ်စေခဲ့၏။ ဧကရာဇ်အချင်းချင်းပင် အံ့အားသင့်နေကြသည်။
"သူ့ကိုယ်ထဲမှာ မိစ္ဆာဝိညာဉ်နက် ရှိနေတာကို ငါတို့တောင် သတိမထားမိခဲ့ပါလား။ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါဟာ အဆင့်မြင့်လှတဲ့ မိစ္ဆာဝိညာဉ်တစ်ခုပဲ ဖြစ်ရမယ်" သုံးလောက ဧကရာဇ်က တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"ဒါဟာ ဖြစ်နိုင်ပါတယ်။ ကျင့်ကြံသူတွေရဲ့ ကိုယ်ထဲမှာ မိစ္ဆာဝိညာဉ်တွေ ပုန်းကွယ်နေတဲ့အခါ အထူးသဖြင့် အဲဒီဝိညာဉ်က အားကြီးနေမယ်ဆိုရင် ရှာဖွေဖို့ ခဲယဉ်းလှတယ်။ ဧကရာဇ်တုတောင်မှ ကျိရှန်နဲ့ လက်ချင်းထိမိတဲ့အခါကျမှ သိသွားတာပဲ မဟုတ်လား" ဧကရာဇ်ချန်းက တည်ငြိမ်စွာ မှတ်ချက်ပြုသည်။
"ဪ... အဲဒါကြောင့်ကိုး။ ဒီလူကို မြင်ကတည်းက ငါ့မှာ တစ်မျိုးကြီး ခံစားနေရတာ။ မိစ္ဆာဝိညာဉ်နက် တဲ့လား..."
တုလျန်က မေးစေ့ကို ပွတ်ရင်း တွေးတောနေမိသည်။ ကျိရှန်ကို မြင်လျှင် အဘယ်ကြောင့် ခြိမ်းခြောက်မှုကို ခံစားနေရသနည်းဟူသော မေးခွန်းအတွက် ယခုမူ အဖြေရသွားလေပြီ။
အဝေးတစ်နေရာမှ ကြည့်နေသော လုံချန်းသည်လည်း သူ၏ အတွင်းစိတ်မှ ရွှင်းကို ထပ်တူပင် မေးမြန်းနေမိသည်။
"မိစ္ဆာဝိညာဉ်နက်နဲ့ မကောင်းဆိုးဝါးဝိညာဉ်က အတူတူပဲလား"
"လုံးဝ မတူပါဘူး။ မိစ္ဆာဝိညာဉ်နက်က ပိုပြီး ရှားပါးတယ်" ရွှင်းက ရှင်းပြလိုက်သည်။ "သူတို့နှစ်ကောင်စလုံးဟာ သေခြင်းတရားကို လက်မခံနိုင်တဲ့ ကျင့်ကြံသူတွေရဲ့ ပြင်းထန်လှတဲ့ အာဃာတတွေကနေ ဖြစ်ပေါ်လာတာ မှန်ပေမဲ့ ကွဲပြားခြားနားမှု တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ မိစ္ဆာဝိညာဉ်နက်တွေဟာ သူတို့ အသက်ရှင်စဉ်က ရှိခဲ့တဲ့ ခွန်အားတွေကို ဝိညာဉ်ဘဝမှာပါ သယ်ဆောင်လာနိုင်တာပဲ။"
"ဆိုလိုတာက... မကောင်းဆိုးဝါးဝိညာဉ် တစ်ခုက ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူရဲ့ ဝိညာဉ်ဖြစ်နေပါစေ သူက သာမန်လူတစ်ယောက်ရဲ့ ကိုယ်ထဲကို ပူးကပ်လိုက်ရင် အဲဒီလူရဲ့ ခွန်အားလောက်ပဲ သုံးလို့ရမယ်။ ဒါပေမဲ့ မိစ္ဆာဝိညာဉ်နက် ကတော့ မတူဘူး။ သူဟာ အဲဒီကိုယ်ထဲမှာ ရှိနေပေမဲ့ သူ့ရဲ့ မူလခွန်အားဖြစ်တဲ့ ကောင်းကင်ဘုံ အဆင့် ခွန်အားကို ထုတ်သုံးနိုင်တယ်..."
လုံချန်းသည် ရွှင်း၏ စကားကို နားလည်သွားသည်။ "ဒါဆိုရင် ကျိရှန်က အခု သူ့ကိုယ်သူ မဟုတ်တော့ဘူးပေါ့။ တစ်စုံတစ်ယောက်က သူ့ကို ပူးကပ်ထားတာပေါ့။ ဒါပေမဲ့... ကျိရှန်ရဲ့ မူလဝိညာဉ်ကရော ဘာဖြစ်သွားပြီလဲ။ သူ သေသွားပြီလား"
"မသေပါဘူး။ မိစ္ဆာဝိညာဉ်နက်တွေ ပူးကပ်လိုက်တဲ့အခါ မူလဝိညာဉ်က အိပ်ပျော်သွားရုံပဲ ရှိတယ်။ သူတို့က ခန္ဓာကိုယ်ကို လုံးလုံးလျားလျား သိမ်းပိုက်တာမျိုး မဟုတ်ဘူး။ တကယ်လို့ ဒါဟာ မကောင်းဆိုးဝါးဝိညာဉ်သာ ဖြစ်မယ်ဆိုရင်တော့ ကျိရှန်ရဲ့ ဝိညာဉ်ဟာ ပျက်စီးသွားတာ ကြာလှပြီ"
"ဒါဆိုရင် သူ့ကို ငါ ဘယ်လို ကယ်ရမလဲ။ အဲဒီ မိစ္ဆာဝိညာဉ်ကို သူ့ကိုယ်ထဲက ထွက်သွားအောင် ဘယ်လိုလုပ်ရမလဲ" လုံချန်းက စိုးရိမ်တကြီး မေးလိုက်သည်။
"နင် မလုပ်နိုင်ဘူး လုံချန်း။ အခု ကျိရှန်းကိုယ်ထဲက မိစ္ဆာဝိညာဉ်က သူတော်စင်အဆင့် ဧကရာဇ်တစ်ပါးနဲ့ တူညီတဲ့ ခွန်အားမျိုး ရှိနေတာ။ နင့်မှာ အဲဒီလောက် ခွန်အား မရှိသေးဘူး။ သူ့ကို ကယ်ချင်တယ်ဆိုရင် တစ်ခုတည်းသော နည်းလမ်းကတော့ သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းပစ်ဖို့ပဲ။ အဲဒီအခါကျမှ ဝိညာဉ်က ထွက်သွားလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာဟာ ကျိရှန်ကိုပါ သတ်လိုက်တာနဲ့ အတူတူပဲ မဟုတ်လား။ သူ့ရဲ့ မူလဝိညာဉ်က အခုထိတော့ ဘေးကင်းပါသေးတယ်။ နင့်ရဲ့ အစီအစဉ်က သူ့ကို တကယ် သေစေလိမ့်မယ်။ ဘာမှ မလုပ်နဲ့"
လုံချန်းသည် ကျိရှန်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ထားမိသည်။ သူငယ်ချင်းဖြစ်သူကို ဘေးဒုက္ခမှ ကယ်တင်လိုသော်လည်း မိမိ၏ အားနည်းချက်က သူ့အား လက်မှိုင်ချစေခဲ့လေပြီ။