အခန်း - ၁
Vol. 1 Ch. 1
- ကမ္ဘာပျက်နေ့ ရောက်ရှိလာခြင်း
"အောင်ပြီ"
မျက်နှာပြင်ပေါ်ရှိ ဂိမ်းဇာတ်ကောင်က နောက်ဆုံးဘောစ့်ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်ကို ကြည့်ရင်း ဝမ်ထောင် ကျေနပ်သွားသည်။
သူသည် အမှန်တကယ်တော့ ဂိမ်းအလွန်အကျွံစွဲလမ်းသူတော့ မဟုတ်ပါ။ အလုပ်များသောကြောင့် ဖြစ်သည်။ သို့သော် သူကစားလျှင်တော့ ထိခိုက်ဒဏ်ရာမရဘဲ အနိုင်ရခြင်းနှင့် အောင်မြင်မှုအားလုံးကို ရယူခြင်း စသည့် ပြီးပြည့်စုံမှုကိုသာ လိုလားသူဖြစ်သည်။
သို့သော် ၎င်းမှာ တစ်ဦးတည်းကစားရသော ဂိမ်းများအတွက်သာ ဖြစ်သည်။ သူ၏ ငွေရေးကြေးရေးအခြေအနေအရ အွန်လိုင်းဂိမ်းများတွင် ငွေသုံး၍ မကစားနိုင်ပေ။
ဝမ်ထောင် ယခုကစားနေသောဂိမ်းမှာ "ကမ္ဘာပျက်ကပ် သတ် သတ် သတ် " ဖြစ်သည်။ ၎င်းမှာ အချိန်ဖြုန်းရန်အတွက်သာ ကစားသည့် တိုက်ခိုက်ရေးဂိမ်းအသေးစားလေးတစ်ခု ဖြစ်သည်။ ထိုဂိမ်းကို မည်သည့်အချိန်က ဒေါင်းလုဒ်လုပ်ထားသည်ကိုပင် သူ မမှတ်မိတော့သော်လည်း တစ်ရက်ကြာကစားပြီးနောက် အောင်မြင်မှုအားလုံးကို ရရှိသွားခဲ့သည်။
"အပြင်ထွက်ပြီး ကောင်းကောင်းစားဦးမှပဲ၊ ကိုယ့်ကိုယ်ကိုယ် ဆုချရမယ်"
ပြတင်းပေါက်အပြင်ဘက်မှ သည်းထန်စွာရွာနေသော မိုးကို ကြည့်ရင်း ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်သည်။
"မိုးက ရွာနေတုန်းပါလား..."
သူသည် ရုပ်ရှင်နောက်ခံ လူစားထိုး စတန့်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ယနေ့ အလုပ်မသွားဘဲ ဂိမ်းကစားနေရခြင်းမှာ မိုးသည်းထန်လွန်းသဖြင့် ရိုက်ကူးရေးများအားလုံး ဖျက်သိမ်းလိုက်သောကြောင့် ဖြစ်သည်။
"တစ်နေကုန် ပင်ပန်းနေပြီ၊ ထမင်းမချက်ချင်တော့ဘူး... အောက်ထပ်မှာ စားသောက်ဆိုင်လေးရှိတယ်၊ သိပ်မဝေးဘူး..."
နောက်ဆုံးတွင် ဝမ်ထောင် အပြင်ထွက်စားရန် ဆုံးဖြတ်လိုက်၏။
သူ တံခါးဖွင့်လိုက်စဉ်မှာပင် တစ်ဖက်ခန်းမှ တံခါးမှာလည်း ပွင့်လာသည်။
ဂါဝန်အမည်းရောင် ဝတ်ထားသော အမျိုးသမီးငယ်တစ်ဦး ထွက်လာ၏။ သူမသည် ဘယ်ဘက်လက်တွင် ဖုန်းကိုကိုင်ကာ အိတ်ကို ချိုင်းကြားညှပ်ထားပြီး ညာဘက်လက်ဖြင့် ဒေါက်ဖိနပ်ကို စီးနေသည်။ အမည်းရောင် ခြေအိတ်ရှည် ဝတ်ထားသော သူမ၏ လှပသည့် ခြေတံများကြောင့် ဝမ်ထောင် ငေးကြည့်မိသွားသည်။
"နေကောင်းလား မရီး"
ဝမ်ထောင် သူမကို မြင်သဖြင့် အံ့သြသွားသော်လည်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ထိုအမျိုးသမီးငယ်မှာ တင်ယွီချင် ဖြစ်၏။
သူမသည် ဒါရိုက်တာ ကျောက်ယွမ်၏ ဇနီးဖြစ်သည်။ သူတို့ လင်မယားမှာ လက်ထပ်ပြီးကာစဖြစ်၍ အလွန်ချစ်ကြသည်။ ဝမ်ထောင်နှင့် ဒါရိုက်တာကျောက်မှာ နေရပ်တူသူများဖြစ်ပြီး ရုပ်ရှင်လောကသားများလည်း ဖြစ်ကြသည်။ ရင်းနှီးမှု အလွန်အမင်းမရှိသော်လည်း တွေ့သည့်အခါ "အစ်ကိုကျောက်" ဟု ခေါ်လေ့ရှိသည်။
သူတို့လင်မယားမှာ ပြီးခဲ့သောလက နေရပ်သို့ ပြန်သွားကြသည်ကို ဝမ်ထောင် မှတ်မိနေသည်။ မည်သည့်အချိန်က ပြန်ရောက်လာသည်ကိုတော့ သူ မသိပေ။
ဝမ်ထောင်၏ အသံကို ကြားသောအခါ အမျိုးသမီးငယ်က ချက်ချင်း မော့ကြည့်လိုက်သည်။ မိတ်ကပ်ပါးပါး လိမ်းထားသော သူမ၏ မျက်နှာမှာ အလွန်လှပ၏။
"ဪ ဝမ်လေးပဲ၊ နေကောင်းလား"
တင်ယွီချင်က ဆံပင်ကို နားနောက်သို့ သပ်ရင်း ပြုံးပြသည်။
ဝမ်ထောင်က ဓာတ်လှေကားခလုတ်ကို နှိပ်ထားပေးသော်လည်း တင်ယွီချင်က ဝင်မလာဘဲ ရုတ်တရက် ပြောလိုက်သည်။
"တစ်ခုခုယူဖို့ မေ့သွားလို့၊ မင်း အရင်သွားနှင့်လိုက်ပါ..."
ဝမ်ထောင်၏ မျက်နှာ အနည်းငယ် တင်းမာသွားသော်လည်း ယဉ်ကျေးစွာပင် ပြောလိုက်သည်။
"ကောင်းပါပြီ၊ ကျွန်တော် အရင်သွားပါ့မယ်"
သူ့ကို ရှောင်နေပြန်ပြီဖြစ်သော်လည်း သူ ကျင့်သားရနေပြီ ဖြစ်သည်။
တင်း..
ဓာတ်လှေကားမှန်ထဲရှိ အရပ် ၆ ပေကျော်၊ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းပြီး မျက်နှာတွင် ကြောက်စရာ အမာရွတ်ရှိသော မိမိကိုယ်ကိုယ် ကြည့်ကာ ဝမ်ထောင် သက်ပြင်းချလိုက်မိသည်။
ရိုက်ကူးရေးတစ်ခုတွင် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ သူ၏ ကြံ့ခိုင်သော ကိုယ်ခန္ဓာနှင့် ထိုအမာရွတ်ကြောင့် လူအများက သူ့ကို မြင်သည်နှင့် ကြောက်ကြ၏။
ယခင်က သူသည်လည်း မင်းသားဖြစ်နိုင်သည့် ရုပ်ရည်ရှိခဲ့သည်ကို သတိရမိသည်။ ယခုမူ သူသည် လူကြမ်းများအတွက် လူစားထိုးသရုပ်ဆောင်သာ ဖြစ်တော့သည်။ ဝမ်ထောင်က မိမိကိုယ်ကိုယ် ရယ်မောရင်း ဓာတ်လှေကားထဲမှ ထွက်ကာ "ဟာတီး အသားစားသောက်ဆိုင်" ထဲသို့ ပြေးဝင်လိုက်သည်။
ဆိုင်ထဲတွင် လူမရှိပေ။ ရုပ်မြင်သံကြားတွင် မိုးလေဝသသတင်း ထုတ်ပြန်နေ၏။
မိုးသည်းထန်မှုမှာ မနက်ဖြန်တွင် ရပ်တန့်သွားမည်ဖြစ်သဖြင့် မစိုးရိမ်ကြရန် တင်ဆက်သူက ပြောနေသည်။
"သူဌေးလီ၊ ဘယ်သူရှိလဲ"
ဝမ်ထောင် ခေါ်လိုက်သည်။
"လာပြီ"
ဘေးတံခါးမှ အသံထွက်လာသည်။
ခဏအကြာတွင် မိုးကာဝတ်ထားသော ဆိုင်ရှင်က ဆီပုံးတစ်ပုံးကို သယ်ပြီး ထွက်လာသည်။
"ကားကို ဆီဖြည့်နေလို့ပါ၊ ဘာစားမလဲ ဝမ်လေး"
"ခေါက်ဆွဲကြော် အကြီးတစ်ပွဲ ပေးပါ"
"ရပြီ၊ ခဏစောင့်ဦး"
မကြာမီတွင် ဆိုင်ရှင်က ခေါက်ဆွဲကြော် လာချပေးရင်း ညည်းညူသည်။
"ဒီမိုးစုတ်ကလည်း ကွာ၊ ဒီနေ့ မင်းအပါအဝင် ဖောက်သည် နှစ်ဆယ်တောင် မပြည့်ဘူး၊ အိမ်ငှားခတောင် ရမှာမဟုတ်ဘူး..."
ဝမ်ထောင်က ပြုံးပြီး ခေါင်းခါပြလိုက်သည်။ ထို့နောက် သိလိုစိတ်ဖြင့် မေးလိုက်၏။
"မမလျူရော၊ ဒီနေ့ မလာဘူးလား"
သူတို့မှာ လင်မယားနှစ်ဦး တွဲဖွင့်ထားခြင်း ဖြစ်ပြီး မမလျူမှာ သူဌေးလီ၏ ဇနီးဖြစ်သည်။
"သူ ဖျားပြီး အနောက်မှာ အိပ်နေတယ်၊ ဝယ်လူသိပ်မရှိတော့ ငါတစ်ယောက်တည်း လုပ်နိုင်ပါတယ်"
သူဌေးလီက ပခုံးတွန့်ပြသည်။
ဝမ်ထောင်လည်း ဘာမျှ ဆက်မပြောတော့ပေ။
"ကျွန်တော် သွားပြီ သူဌေး၊ ပိုက်ဆံလွှဲလိုက်ပြီနော်"
"ရပြီ၊ ကောင်းကောင်းသွားပါ"
ဝမ်ထောင်နေသော "ဟက်ပီးနက်စ် လူနေရပ်ကွက်" မှာ သက်တမ်းရင့်သော "အပါတ်မန့် ကွန်ပလက်စ်" ဖြစ်သည်။ ခြံဝင်းငယ်တစ်ခုနှင့် ခြောက်ထပ်တိုက် လေးလုံးသာ ရှိသည်။ လူဦးရေ သိပ်မများလှပေ။ ဓာတ်လှေကားကို နောက်မှ ထပ်တိုးတပ်ဆင်ထားခြင်း ဖြစ်သည်။ ဝမ်ထောင်မှာ အမှတ် ၄ တိုက်၊ အခန်း ၅၀၁ တွင် နေ၏။
ဒါရိုက်တာကျောက်တို့နှင့် မတူသည်မှာ ဝမ်ထောင်က အခန်းငှားနေခြင်း ဖြစ်သည်။
အိပ်ခန်းနှစ်ခန်းပါသော ထိုအခန်းမှာ တစ်လလျှင် ယွမ် ၃၀၀၀ ပေးရသည်။ ဟွမ်ဖုန်းမြို့၏ မြို့လယ်ခေါင် မဟုတ်သော်လည်း ရုပ်ရှင်မြို့တော်နှင့် နီးသဖြင့် ဈေးမချိုပေ။
ယခင်က အခန်းဖော်တစ်ဦး ရှိသော်လည်း ထိုသူက လက်လျှော့ကာ နေရပ်ပြန်သွားပြီ ဖြစ်သည်။ ဝမ်ထောင်သည်လည်း အိမ်ငှားခ မတတ်နိုင်တော့သဖြင့် ပြောင်းရွှေ့ရန် စဉ်းစားနေသည်။
ဧည့်ခန်းထဲတွင် အလေးများနှင့် ထိုးအိတ်တစ်ခု ရှိပြီး သူက နေ့တိုင်း လေ့ကျင့်ခန်း လုပ်သည်။
သို့သော် ယနေ့တော့ သူ နားလိုက်သည်။
"ကွန်ပျူတာ ခဏကစားပြီး ၁၂ နာရီကျမှ အိပ်တော့မယ်"
သူ ထိုင်လိုက်စဉ်မှာပင် တစ်ကိုယ်လုံးတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
ကျစ် ကျစ်...
ခြေထောက်အောက်မှ မီးပွားထွက်နေသော ဝိုင်ယာကြိုးများကို ကြည့်ရင်း ဝမ်ထောင် မျက်လုံးပြူးသွားသည်။ ထို့နောက် အမြင်များ မှောင်မည်းသွားကာ သတိလစ်သွားတော့သည်။
"...ဗိုက်ဆာလိုက်တာ"
ဝမ်ထောင် ဗိုက်ဆာသဖြင့် နိုးလာသည်။ သူ ကြမ်းပြင်ပေါ်တွင် လဲနေသည်။
သူ ချက်ချင်း ထရပ်လိုက်ပြီး လောင်ကျွမ်းနေသော ဝိုင်ယာကြိုးများနှင့် ကွန်ပျူတာကို ကြည့်ကာ အံ့သြသွားသည်။
"ငါ တကယ် ဓာတ်လိုက်သွားတာလား၊ အိပ်မက်မဟုတ်ဘူးလား၊ ငါ အသက်ရှင်နေတုန်းပဲလား"
စားပွဲပေါ်ရှိ မုန့်များကို သူ အငမ်းမရ စားလိုက်သည်။
"အား..."
ရုတ်တရက် အပြင်ဘက်မှ စူးစူးဝါးဝါး အော်သံတစ်ခု ကြားလိုက်ရသည်။
သူ ပြတင်းပေါက်မှ ကြည့်လိုက်သောအခါ မျက်လုံးများ ပြူးသွားသည်။
"ဒါ ဘာကြီးလဲ"
အောက်ထပ် ခြံဝင်းထဲတွင် သွေးများပေနေသော လူတစ်ယောက်က လူလတ်ပိုင်းအမျိုးသားတစ်ဦးကို ဖိထားပြီး အသားများကို ရက်စက်စွာ ကိုက်ဖြတ်စားသောက်နေသည်။
ထိုအမျိုးသားမှာ အသက်ရှင်ရန် လမ်းမရှိတော့ပေ။
သွေးပေနေသောသူက မော့ကြည့်လိုက်သောအခါ ကြောက်စရာကောင်းသော မျက်နှာကို မြင်လိုက်ရ၏။
"ဇမ်... ဇမ်ဘီလား"
ဝမ်ထောင် မယုံနိုင်ဘဲ ကြည့်နေမိသည်။
ရိုက်ကူးရေးလား၊
မဖြစ်နိုင်ပေ။
သူက ရိုက်ကူးရေးနှင့် ရင်းနှီးသူဖြစ်သော်လည်း ဤနေရာတွင် ကင်မရာနှင့် အဖွဲ့သားများ မရှိပေ။
ထို့ပြင် အခြားဇမ်ဘီများလည်း ရောက်လာကာ ဝိုင်းစားကြသည်။
"အော့..."
ဝမ်ထောင် ပျို့တက်လာပြီး စားထားသမျှ ပြန်အန်ထုတ်လိုက်တော့၏။
"မကြောက်နဲ့၊ ရဲတိုင်ရမယ်"
သူ့ကိုယ်သူ စိတ်ထိန်းကာ ဖုန်းဆက်သော်လည်း လိုင်းများအားလုံး မအားပေ။
သူ အင်တာနက်တွင် ရှာဖွေကြည့်လိုက်သောအခါ တုန်လှုပ်ဖွယ် သတင်းများကို မြင်လိုက်ရသည်။
《အဆုံးသတ် ရောက်လာပြီ》
《ဇမ်ဘီများ နေရာအနှံ့ ရှိနေသည်》
《ဇမ်ဘီဗိုင်းရပ်စ်မှာ အလွန်ကူးစက်မြန်သည်၊ ဘေးကင်းရာတွင် ပုန်းနေကြပါ》
《တစ်ကမ္ဘာလုံး ဇမ်ဘီဗိုင်းရပ်စ် တိုက်ခိုက်ခံနေရသည်》
《ဗိုင်းရပ်စ်မှာ ကိုယ်ခန္ဓာမှ ထွက်သော အရည်များ၊ ကုတ်မိခြင်း၊ ကိုက်မိခြင်းနှင့် လေထုမှတစ်ဆင့် ကူးစက်နိုင်သည်ဟု ယူဆရသည်》
《ရောဂါလက္ခဏာပြရန် အချိန်မှာ ၁ မိနစ်မှ ၂၄ နာရီအထိ ကြာနိုင်သည် ၊ ကူးစက်ခံရပါက ချက်ချင်း သီးသန့်နေပါ》
《ရေအရင်းအမြစ်များ မထိခိုက်သေးသော်လည်း ကျိုချက်သောက်ရန် အကြံပြုသည် ရေအရောင် ပြောင်းနေပါက မသောက်ပါနှင့်》
《ဇန်ဘီအချို့တွင် လူဘဝက အမူအကျင့်အချို့ ကျန်ရှိနေနိုင်သည်》
《အချို့နေရာများတွင် ရေနှင့် မီး ပြတ်တောက်နေပြီ...》
《ပညာရှင်တစ်ဦး - ဂန်နိုင်ငံသည် ဇမ်ဘီဗိုင်းရပ်စ် ဆေးရည် ထုတ်လုပ်ရန် တိုးတက်မှုများ ရှိနေသော်လည်း အချိန်အနည်းငယ် ထပ်လိုသေးသည်》
ဝမ်ထောင် ဆွံ့အသွားသည်။
ကမ္ဘာပျက်နေ့က ဒီလိုပဲ ရောက်လာတာလား!
သူ သတိလစ်နေသည်မှာ နာရီအနည်းငယ် မဟုတ်လောက်ပေ။
ဝမ်ထောင် အချိန်ကို ကြည့်လိုက်သည်။ စားသောက်ဆိုင်တွင် ပိုက်ဆံလွှဲခဲ့သည့်အချိန်မှာ ဧပြီ ၃ ရက် ည ၈ နာရီ ဖြစ်သည်။ ယခုမူ ဧပြီ ၇ ရက် မနက် ၉ နာရီ ဖြစ်နေပြီ။
ဆိုလိုသည်မှာ သူ သုံးရက်တိုင်တိုင် သတိလစ်နေခဲ့ခြင်း ဖြစ်သည်။
……………..