← Chapters

အခန်း - ၇

Vol. 1 Ch. 7

အခန်း - ၇

Vol. 1 Ch. 7

- မရီးက စားစရာလာချေးခြင်း

ယနေ့ တင်ယွီချင်သည် ပန်းရောင်ဖျော့ဖျော့ အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ လှပကျော့ရှင်းသော ခန္ဓာကိုယ်အလှကို လုံခြုံစွာ ဖုံးကွယ်ထားသည်။

သူမ၏ ဆံပင်များကို အမြင့် စည်းထားသော်လည်း ရှုပ်ပွနေကာ မိမိကိုယ်ကိုယ် ပြင်ဆင်ခြယ်သရန် စိတ်မပါသည်မှာ သိသာလှသည်။ သူမ၏ မျက်နှာမှာ အလွန်ဖြူဖျော့ကာ နွမ်းနယ်နေပုံရပြီး ဆွဲဆောင်မှုရှိသော မျက်လုံးကြီးများအောက်တွင် ညိုမည်းကွင်းများ ထင်နေ၏။

တင်ယွီချင် အတော်လေး ပိန်သွားသည်ဟု ဝမ်ထောင် ခံစားရသော်လည်း ၎င်းမှာ သူမ ဝတ်ထားသည့် အဝတ်အစားများက ပွနေ၍လားတော့ သူ မသေချာပေ။

သူမ၏ ခေါင်းပေါ်တွင်လည်း သွေးတန်းတစ်ခု ရှိနေသော်လည်း ၎င်းမှာ အစိမ်းရောင် ဖြစ်သည်။

【၆၃/၁၀၀】

"စားစရာ လာချေးတာလား"

ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်မိပြီး တင်ယွီချင်ကို စောင့်ရှောက်ပေးရန် ဒါရိုက်တာ ကျောက်ယွမ် ပို့ထားခဲ့သော မက်ဆေ့ဂျ်ကို ရုတ်တရက် သတိရသွားသည်။

အကယ်၍ ယခင်ကဆိုလျှင် ဝမ်ထောင် တွန့်ဆုတ်နေမိမည် ဖြစ်သည်။ သို့သော် ယခုမူ သူ့တွင် စားစရာများ ပိုရှိလာပြီဖြစ်ရာ အခြားသူကို ကူညီရန် ယုံကြည်ချက် ရှိလာသည်။

ဝမ်ထောင် မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ တင်ယွီချင်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

ရက်အတော်ကြာ ငတ်မွတ်ခဲ့ရပြီးနောက် စားစရာ၏ အရေးပါမှုကို သူမ အသည်းအသန် နားလည်သွားပြီ ဖြစ်သည်။ အကယ်၍ ဝမ်ထောင်ကသာ သူမကို မကူညီလျှင် သူမ အပြင်ထွက်၍လည်း ရှာရဲမည်မဟုတ်ရာ အမှန်တကယ် ငတ်သေရတော့မည် ဖြစ်သည်။

"ဝမ်လေး... မရီးက အစား သိပ်မစားပါဘူး၊ နည်းနည်းလေးဆို ရပါပြီ! မင်းအစ်ကိုကြီး ကျောက် ပြန်လာရင် မင်းကို သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်! တောင်းပန်ပါတယ်..."

တင်ယွီချင်သည် လက်အုပ်လေးချီကာ အားနာဟန်နှင့် တောင်းပန်နေရှာသည်။

ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အိတ်ကပ်ထဲသို့ အမြန်နှိုက်လိုက်၏။

"ဪ... မရီးမှာ ပိုက်ဆံပါတယ်၊ ပိုက်ဆံပေးပါ့မယ်"

တင်ယွီချင် ထုတ်ပေးလာသော ငွေရာဂဏန်းအချို့ကို ကြည့်ပြီး ဝမ်ထောင် ခေါင်းခါလိုက်သည်။

"ပိုက်ဆံ မလိုပါဘူး။ အိမ်နီးချင်းချင်းပဲ၊ ကူညီရမှာပေါ့။ မရီး ခဏစောင့်ဦး၊ ကျွန်တော် စားစရာ သွားယူပေးမယ်။"

ဝမ်ထောင် ပစ္စည်းသွားယူသည်ကိုမြင်မှ တင်ယွီချင်ခမျာ သက်ပြင်းချနိုင်တော့သည်။

ဝမ်ထောင်က ကြည့်ရသည်မှာ စိတ်နှလုံး ကောင်းသူတစ်ဦး ဖြစ်ကြောင်းနှင့် သူမကသာ သူ့ရုပ်ရည်ကိုကြည့်ပြီး အကဲဖြတ်မိခဲ့ခြင်း ဖြစ်ကြောင်း တွေးမိသည်။

သို့သော် ဝမ်ထောင် ထွက်သွားသည်နှင့် မွှေးပျံ့သော ဟင်းနံ့ကြီး လွင့်ထွက်လာသည်။ တင်ယွီချင်သည် ဝမ်ထောင်၏ နောက်ကျောကို လှမ်းကြည့်ရင်း မျက်တောင်ပင် မခတ်နိုင်တော့ပေ။

ဂလု~

တင်ယွီချင်သည် တံတွေးကို အားပါပါ မျိုချလိုက်မိသည်။

သူမ ဘာကို မြင်လိုက်ရသနည်း။

၎င်းမှာ ဟင်းအိုးကြီးတစ်အိုးနှင့် ထမင်းဇလုံကြီး တစ်လုံးပင် မဟုတ်ပါလား

ထိုစားစရာ ပမာဏမှာ လူလေးငါးယောက်စာခန့် ရှိသည်။

ဝမ်ထောင်၏ ထမင်းဝိုင်းက ဤမျှ ကောင်းလှသလား။ ဒါဆို ဝမ်ထောင်က သူမကို ဟင်းတစ်ပန်းကန်လောက်တော့ ပေးလိမ့်မည် မဟုတ်ပါလား။

တင်ယွီချင်၏ စိတ်ကူးများ ယဉ်နေမိသည်။

သူမသည် သိစိတ်မရှိဘဲ တံခါးကို တွန်းဖွင့်ရန် ကြိုးစားလိုက်သော်လည်း တံခါးဂျိတ်က တားဆီးထားသည်။

ထိုအသံကြောင့် ဝမ်ထောင် နောက်လှည့်ကြည့်လိုက်ရာ တင်ယွီချင်မှာ သတိပြန်ဝင်လာပြီး ရှက်ကိုးရှက်ကန်းဖြင့် လက်ကို အမြန်ပြန်ရုပ်လိုက်ရသည်။ သို့သော် စိတ်ထဲတွင်တော့ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

'တံခါးတော့ ဖွင့်ပေးပြီး တံခါးဂျိတ်ကိုတော့ ချိတ်ထားတုန်းပဲ။ ငါကပဲ အရှက်မရှိ အတင်းဝင်မယ့်သူကျနေတာပဲ...'

ဝမ်ထောင် ပေါင်မုန့်တစ်ထုပ်ကိုင်၍ ပြန်လာသည့်တိုင်အောင် တင်ယွီချင်၏ မျက်လုံးများက ဟင်းအိုးကြီးဆီမှ မခွာနိုင်သေးပေ။

"မရီး... ကျွန်တော့်မှာလည်း စားစရာ သိပ်မရှိတော့ဘူး။ ဒီပေါင်မုန့်ထုပ်ကိုပဲ အရေးပေါ်အတွက် ယူထားလိုက်ပါ။"

တံခါးကြားမှ ထိုးပေးလိုက်သော ၂၅၀ ဂရမ်ရှိ ပေါင်မုန့်ထုပ်ကို တင်ယွီချင် အမြန်လှမ်းယူလိုက်သည်။ စားစရာရသဖြင့် ဝမ်းသာသော်လည်း သူမ မျှော်လင့်ထားသလောက်တော့ စိတ်မလှုပ်ရှားမိတော့ပေ။

"ကျေးဇူးတင်ပါတယ်၊ တကယ် ကျေးဇူးတင်ပါတယ်..မရီး ပြန်တော့မယ်နော်။ ဝမ်လေးလည်း... သတိထားဦး၊ အဲ့ဒီ ဇမ်ဘီတွေက အရမ်း အန္တရာယ်များတယ်"

တင်ယွီချင်က ပေါင်မုန့်ထုပ်ကို ရင်ခွင်ထဲ ကျစ်ကျစ်ပါအောင် ပွေ့ပိုက်ရင်း စိတ်ရင်းဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော် သတိထားပါ့မယ်။"

ဝမ်ထောင် ခေါင်းညိတ်ပြလိုက်သည်။

တင်ယွီချင် သူမအခန်းထဲ ပြန်ဝင်သွားသည်ကို ကြည့်ပြီးမှ သူ၏ တံခါးကို သေချာ ပြန်ပိတ်လိုက်၏။

ကမ္ဘာပျက်ကပ် ကာလတွင် လူတိုင်းအတွက် စားစရာမှာ ရတနာပင် ဖြစ်သည်။ အိမ်နီးချင်း အစ်ကိုကြီး ကျောက်ကို ထောက်ထားပြီး ပေါင်မုန့်တစ်ထုပ် ပေးလိုက်ခြင်းကပင် အလွန် ရက်ရောရာ ကျလှပြီ ဖြစ်သည်။

အနည်းဆုံးတော့ သူမ ငတ်မသေနိုင်တော့ပေ။သူမကို ကောင်းကောင်းမွန်မွန် ကျွေးမွေးထားရန်ဆိုသည်မှာတော့ မဖြစ်နိုင်ပေ။

ဝမ်ထောင်မှာ အစားအသောက် အလွန်ကြီးသူဖြစ်ပြီး ဤရိက္ခာမှာ သူတစ်ယောက်တည်းအတွက်သာ ဖြစ်သည်။ အဆုံးတွင်တော့ သူသည် အိမ်မှာ ထိုင်နေရုံသာမက လေ့ကျင့်ခန်းလုပ်ကာ အပြင်ထွက်၍ ဇမ်ဘီများကို သတ်ရဦးမည် မဟုတ်ပါလား။

ဝမ်ထောင်သည် ဟင်းအိုးတစ်ဝက်နှင့် ထမင်းဇလုံ တစ်ဝက်ကို တစ်ယောက်တည်း ကုန်အောင် စားလိုက်သည်။

"အဆင်ပြေတယ်၊ ခုနစ်ပုံလောက် ဗိုက်ပြည့်သွားပြီ။ လေ့ကျင့်ခန်း လုပ်ရဦးမှာဆိုတော့ အများကြီး စားလို့မဖြစ်ဘူး။"

သူသည် စားပွဲကို အမြန်သိမ်းဆည်းလိုက်ပြီး ကျန်ရှိသော ဟင်းများကို မနက်ဖြန်အတွက် ချန်ထားလိုက်သည်။

ယခု ည ၇ နာရီ ရှိပြီ ဖြစ်ရာ အိပ်ရန် အချိန်အများကြီး လိုသေးသဖြင့် လေ့ကျင့်ခန်းကို ပိုလုပ်ရန် သူ စီစဉ်လိုက်သည်။ သို့မဟုတ်ပါက ဖုန်းနှင့် ကွန်ပျူတာ မရှိသော ဤညရှည်ကြီးကို ဖြတ်သန်းရန် အလွန် ခက်ခဲပေလိမ့်မည် ။

၈ နာရီအထိ အနားယူပြီးနောက် သူ အားအင်ပြည့်ဝလာကာ ဒိုက်ထိုးခြင်းကို စတင်လိုက်သည်။ မနေ့က နှစ်နာရီအတွင်း အကြိမ် တစ်ထောင် လုပ်နိုင်ခဲ့ရာ ယနေ့တွင် ပို၍ တိုးတက်လာမလားဟု သူ စမ်းသပ်ကြည့်ချင်သည်။

"၁၊ ၂၊ ၃..." ဝမ်ထောင် အလောတကြီး မလုပ်ဘဲ ယခင်အတိုင်း မှန်မှန်လေး လုပ်သွားသည်။

"၉၉၉၊ ၁၀၀၀"

ဝမ်ထောင် ထရပ်ကာ ဖုန်းဖြင့် အချိန်ကို စစ်ဆေးလိုက်သည်။

"တိုးတက်လာတာ သေချာတယ်။ ဒိုက်ထိုး အကြိမ် တစ်ထောင်က အရင်ကထက် မိနစ်အနည်းငယ် ပိုမြန်သွားတယ်..."

ဝမ်ထောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကျေနပ်နေမိသည်။ တိုးတက်မှုက သိပ်မသိသာသော်လည်း တိုးတက်နေသည်ကို မြင်ရခြင်းကပင် အင်အားတစ်ရပ် ဖြစ်သည်။

ရေအမြန်ချိုးပြီးနောက် ဝမ်ထောင်သည် ဝေါ်ကီတော်ကီ လေးလုံးနှင့် ရေဒီယိုကို ထုတ်ယူလိုက်သည်။ ဝေါ်ကီတော်ကီ ဘူးထဲတွင် လမ်းညွှန်စာအုပ် ပါရှိသည်။ ခေတ္တလေ့လာပြီးနောက် ဝမ်ထောင်သည် ဝေါ်ကီတော်ကီကို ဖွင့်ကာ လိုင်းများကို လိုက်ရှာကြည့်သည်။

"တီ တီ ကျီ.."

အသံများက တစီစီနှင့်ပင်၊ ဘာသတင်းမျှ မရသေးပေ။

ဝမ်ထောင်သည် ရေဒီယိုကို ဖွင့်ကာ လိုင်းဖမ်းသည့် ခလုတ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။

"တီတီ... အစိုးရက... တီ..."

"ဟမ်! အသံကြားရပြီ"ယ

ဝမ်ထောင်သည် ခလုတ်ကို ချက်ချင်း ပြန်လှည့်လိုက်ကာ အိမ်ရှိ မီးများကို ပိတ်ပြီး ဝရံတာ ပြတင်းပေါက်နားသို့ သွားလိုက်သည်။ ထို့နောက် လိုက်ကာနှင့် ပြတင်းပေါက်ကို အသာဖွင့်လိုက်သည်။

ဇမ်ဘီများမှာ အလင်းရောင်ကို တုံ့ပြန်တတ်ကြောင်း ကြားဖူးသဖြင့် သူသည် ပြတင်းပေါက်များကို အဝတ်ထူထူဖြင့် ဖုံးထားကာ ညဘက်တွင် မီးအလင်းရောင် အကျယ်ကြီး မသုံးပေ။ သူ ငါးထပ်တွင် ရှိသော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင် အစစအရာရာ သတိထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

"တီတီ... အစိုးရအနေနဲ့ အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်... တီတီ.. စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးကြပါ... ကျိကျိ တီ ... ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ရိက္ခာထုပ်တွေကို လေထီးနဲ့ စတင်ချပေးမှာ ဖြစ်ပါတယ်... တီတီ... တစ်မြို့လုံး အနှံ့... ထပ်မံ ကြေညာပါသည်... အစိုးရအနေနဲ့ အမြန်ဆုံး..."

"ရိက္ခာထုပ်လား"

အဓိက စကားလုံးကို ကြားလိုက်ရသဖြင့် ဝမ်ထောင်၏ မျက်လုံးများ ဝင်းလက်သွားသည်။

အစိုးရက ရိက္ခာထုပ် ချပေးမည့်အကြောင်း Group ထဲတွင် ပြောထားသော်လည်း အချိန်ကို အတိအကျ မပြောခဲ့ပေ။

ယခုမူ သူ သိသွားပြီ ဖြစ်သည်၊ ယနေ့မှာ ဧပြီ ၈ ရက် ဖြစ်ရာ ၁၈ ရက်နေ့ဆိုလျှင် ၁၀ ရက်သာ လိုတော့သည်။

ဝမ်ထောင်သည် ထိုရိက္ခာထုပ်ကို အတော်လေး မျှော်လင့်နေမိသည်။

အစိုးရက လေထီးဖြင့် ရိက္ခာချပေးနိုင်စွမ်း ရှိသည်ဆိုလျှင် သူတို့တွင် လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေသေးသည်ဟု ဆိုလိုရာ ခုခံစစ် သို့မဟုတ် ပြန်လည် တိုက်စစ်ဆင်ရန် ဖြစ်နိုင်ခြေ ရှိနေသေးသည်။

ဝမ်ထောင်သည် ထိုရိက္ခာထုပ်ကိုလည်း အလွန် စိတ်ဝင်စားသည်။ အာဏာပိုင်များ ပြင်ဆင်ထားသည့် အရေးပေါ်ရိက္ခာများမှာ သေချာပေါက် များပြားမှာ အသေအချာပင်။

"ဆယ်ရက်... သေချာ ပြင်ဆင်ရမယ်"

အကယ်၍ အခွင့်အရေး ရခဲ့လျှင်... ဥပမာ ရိက္ခာထုပ်က သူနှင့် အလွန်နီးကပ်သော နေရာ သို့မဟုတ် ရပ်ကွက်ဝင်းထဲသို့ ကျလာလျှင် သူ သွားယူရန် နည်းလမ်းရှာမည် ဖြစ်သည်။

အကယ်၍ အလွန်ဝေးကွာနေပါက သူ မသွားတော့ပေ။ ဆယ်ရက်အတွင်း သူ၏ ခွန်အားက အဆမတန် တိုးတက်လာပြီး မိမိကိုယ်ကိုယ် အကာအကွယ်ပေးနိုင်စွမ်း ရှိလာမှသာ စဉ်းစားမည် ဖြစ်သည်။

နောက်တစ်နေ့။

ဝမ်ထောင်သည် မနက် ၆ နာရီကျော်တွင် နိုးလာသည်။ အင်တာနက် မရှိတော့ကတည်းက သူ၏ အိပ်ချိန်နိုးချိန်မှာ ပို၍ မှန်လာ၏။

သူသည် ရိုးရှင်းသော သွေးပူလေ့ကျင့်ခန်း လုပ်ကာ မနေ့က ကျန်ခဲ့သော စားစရာများကို စားလိုက်သည်။ ထို့နောက် ယခင်ကအတိုင်း အကာအကွယ်များကို အပြည့်အစုံ ဝတ်ဆင်လိုက်သည်။

ယနေ့တွင် သူသည် သုံးထပ်ရှိ အခန်း ၃၀၁ ကို သွားရောက် စစ်ဆေးရန် စီစဉ်ထားသည်။

အကြောင်းမှာ ထိုအခန်းတွင် လူနှစ်ဦး နေထိုင်ကြပြီး သူတို့သည် အိမ်တံခါးသော့ကို လျှပ်စစ်မီတာပုံး၏ ကြားတွင် ထည့်ထားလေ့ရှိသည်ကို ဝမ်ထောင် တွေ့ဖူးသောကြောင့် ဖြစ်သည်။

သာမန်အခြေအနေတွင် သော့ရှိမှန်း သိသော်လည်း မည်သူမျှ ဝင်မည်မဟုတ်ပေ။ သို့သော် ယခုမူ လောကကြီးမှာ သာမန် မဟုတ်တော့ပေ။

………..

All Chapters