အခန်း - ၁၀
Vol. 1 Ch. 10
- မင်း ဒဏ်ရာရထားတာလား
"ဟူး..."
ဝမ်ထောင် သဘောတူလိုက်သည်ကို မြင်မှ တင်ယွီချင် သက်ပြင်းချနိုင်တော့သည်။
သူမကို ငြင်းပယ်လိမ့်မည်ဟု သူမ ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ မနေ့က ဝမ်ထောင်က သူမကို အိမ်ထဲပင် အဝင်မခံခဲ့သောကြောင့် ဖြစ်ရာ ထိုအချက်က သူမအတွက် အနည်းငယ် အငြိုးအတေး ဖြစ်စေခဲ့သည်။
ဝမ်ထောင်က တံခါးဖွင့်ပေးပြီး အထုပ်ငယ်တစ်ထုပ်ကို တင်ယွီချင်ထံ ကမ်းပေးလိုက်သည်။
"မရီး... ဒါလေးကို အထဲ ကူသယ်ပေးပါဦး။"
"အင်း... အား"
တင်ယွီချင် လှမ်းယူလိုက်သောအခါ လက်ထဲတွင် အတော်လေး လေးလံနေသည်ကို ခံစားလိုက်ရသည်။ သူမသည် အလွန်အမင်း အားအင်ချည့်နဲ့နေပြီ ဖြစ်သည်။
ဝမ်ထောင်က အထုပ်ကို ဝိုင်းထိန်းပေးလိုက်ပြီး အားမလိုအားမရ ပြောလိုက်၏။
"မရီး... မနိုင်ရင်လည်း ထားလိုက်ပါ၊ ကျွန်တော်ပဲ လုပ်ပါ့မယ်..."
"အဟမ်း... ရပါတယ်။ မရီး... မရီး နိုင်ပါတယ်"
သူမသည် ဝမ်ထောင်၏ အိမ်ထဲသို့ ဝင်ရန် အကြောင်းပြချက် တစ်ခု ရထားပြီဖြစ်ရာ ဤအခွင့်အရေးကို အလဟဿ အဖြစ်မခံလိုပေ။
"ဒါဆိုလည်း ပြီးရောဗျာ။"
ဝမ်ထောင် လက်လွှတ်ပေးလိုက်ပြီး တင်ယွီချင် တစ်ယောက် ယိမ်းယိုင်လျက် အထုပ်ကို သယ်သွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် ကျန်ရှိသော ပစ္စည်းများကို အိမ်ထဲသို့ အမြန်သယ်ကာ တံခါးပိတ်လိုက်တော့သည်။
"ဝါး..."
ဝမ်ထောင်တွင် ရိက္ခာများစွာ ရှိနေမည်ကို တင်ယွီချင် သိသော်လည်း သူမ၏ မျက်စိရှေ့တွင် မြင်လိုက်ရသောအခါ အံ့သြမှုကို မထိန်းနိုင်ပေ။
"ဟူး... အသုံးမဝင်တဲ့ အမှိုက်တွေချည်းပါပဲ..."
ဝမ်ထောင်က သက်ပြင်းချရင်း ဆိုသည်။
ဤပစ္စည်း အများစုမှာ အထွေထွေပစ္စည်းများသာ ဖြစ်သည်။ အစားအသောက်ကဲ့သို့ အရေးကြီးသော အရာများမှာမူ အလွန်နည်းပါးသည်။ လက်နက်အနေဖြင့်လည်း သံပိုက် သုံးလုံးသာ စံမီသည်ဟု ပြောနိုင်ရာ လောလောဆယ်တွင်တော့ သိပ်အသုံးမဝင်သေးပေ။
"...အဟမ်း၊ ဝမ်လေး... မရီး ကူညီပြီး သိမ်းဆည်းပေးရမလား။ မင်းအိမ်က အတော်လေး ရှုပ်နေတာပဲ"
တင်ယွီချင်သည် ဝမ်ထောင်၏ စကားကို ဂရုမစိုက်ဘဲ ပြောပြောဆိုဆိုနှင့်ပင် စတင် အလုပ်လုပ်တော့သည်။
"ဟုတ်ကဲ့၊ အဆင်ပြေပါတယ်။"
ဝမ်ထောင်လည်း မငြင်းနေတော့ပေ။
အိမ်က တကယ်ပင် ရှုပ်ပွနေခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်အတွင်း သူသည် စားလိုက်၊ အိပ်လိုက်၊ လေ့ကျင့်ခန်းလုပ်လိုက်၊ ဇမ်ဘီထွက်သတ်လိုက်နှင့်သာ အချိန်ကုန်နေသဖြင့် အိမ်သန့်ရှင်းရေး လုပ်ရန် အချိန်မရခဲ့ပေ။
ယနေ့ တင်ယွီချင်သည် သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသော အဖြူရောင် စကတ်အကြပ်လေးကို ဝတ်ထားသည်။ ဆံပင်ကို အမြင့် စည်းထားသဖြင့် ဖြူဖွေးသွယ်လျသော လည်တိုင်လေးမှာ ပေါ်လွင်နေပြီး လည်ပင်းတွင် ပလက်တီနမ် ဆွဲကြိုးလေး ဆွဲထားသည်။
လမ်းလျှောက်လမ်းတွင် ဇမ်ဘီအန္တရာယ် မရှိတော့ကြောင်း သိထားသဖြင့်လား မသိ၊ သူမသည် ပြေးလွှားရန် ခက်ခဲသော ကော်ဖီရောင် ဒေါက်မြင့်ဖိနပ်ကိုပင် စီးထားသည်။
အသားရောင် ခြေအိတ်ရှည်နှင့် တွဲဖက်ဝတ်ဆင်ထားသဖြင့် သူမကို ကြည့်ရသည်မှာ အလွန် ဆွဲဆောင်မှု ရှိလှသည်။
ဝမ်ထောင်သည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ပစ္စည်းများကို ကျွမ်းကျင်စွာ ခွဲခြားနေသော သူမကို ခေတ္တမျှ ကြည့်နေပြီးမှ သူမ၏ ခြေထောက်များပေါ်မှ အကြည့်ကို ခွာလိုက်၏။
ဝမ်ထောင်၏ နောက်ကျောကို မြင်လိုက်ရမှ တင်ယွီချင်၏ တင်းမာနေသော ခန္ဓာကိုယ်မှာ အနည်းငယ် လျော့ပါးသွားသည်။
ဝမ်ထောင်၏ အကြည့်များမှာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဝဲပျံနေသည်ကို သူမ ခံစားမိသည်။ သူမ အခုနက အလှပြင်လိုက်မိသည်ကို အနည်းငယ် နောင်တရမိသွားသည်။
အကယ်၍ ဝမ်ထောင်သာ စိတ်မထိန်းနိုင်ဘဲ တစ်ခုခု လုပ်ခဲ့လျှင် သူမ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။
ထိုစဉ်က သူမ စဉ်းစားခဲ့သည်မှာ အကူအညီ တောင်းခံမည့်သူဖြစ်သဖြင့် သပ်သပ်ရပ်ရပ် ရှိနေသင့်သည်ဟု ထင်ခဲ့ခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ထောင်သည် ခဏမျှ ကြည့်ပြီးနောက် ထွက်သွားခဲ့ရာ ဘောင်ကျော်သည့် ကိစ္စမျိုး မလုပ်ခဲ့ပေ။
'ငါ ဝမ်ထောင်ကို ဘာလို့ သံသယဝင်နေမိတာလဲ။ သူသာ မရှိရင် ငါ ငတ်သေနေလောက်ပြီ။ သူက လူကောင်းတစ်ယောက်ပါ'
...ဝမ်ထောင် ရေချိုးခန်းထဲတွင် သူ၏ အကာအကွယ်များကို ချွတ်လိုက်သည်။ အထဲတွင် ထည့်ထားသော စာအုပ်များကို သီးသန့် ဖယ်ထားလိုက်သည်၊ ၎င်းတို့မှာ အသက်ကယ်ပစ္စည်းများဖြစ်သဖြင့် ရေစို၍မရပေ။
ထို့နောက် ဇမ်ဘီသွေးများ ပေကျံနေသော အပေါ်အင်္ကျီကို ချွတ်ကာ သီးသန့် ဆေးကြောလိုက်သည်။ ကျန်ရှိသော အဝတ်များကိုမူ အဝတ်လျှော်စက်ထဲ ထည့်လိုက်သည်။
ရေချိုးနေစဉ် ဝမ်ထောင်သည် သူ၏ ညာဘက်လက်မောင်းမှ ညိုမည်းနေသော ဒဏ်ရာကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနေရာမှာ ယနေ့ သူ ဒဏ်ရာရခဲ့သည့် နေရာဖြစ်သည်။ ဇမ်ဘီ၏ ရိုက်ချက်တစ်ချက်က သူ၏ သွေးတန်းမှ ၅ မှတ်ကို လျော့ကျစေခဲ့သည်။
တိုက်ပွဲဖြစ်နေစဉ်နှင့် ပစ္စည်းရှာနေစဉ်က သိပ်မနာသော်လည်း ယခု ရေပူနှင့် ထိတွေ့မိသောအခါ သို့မဟုတ် အသာအယာ ထိမိသောအခါတွင်မူ စူးစူးရှရှ နာကျင်မှုကို ခံစားရသည်။ အရိုးများ ထိခိုက်သွားသလားဟုပင် သူ တွေးမိသည်။
ဝမ်ထောင် စောစောက စဉ်းစားနေမိသည်မှာ— ဇမ်ဘီ၏ ရိုက်ချက် တစ်ချက်တည်း၊ ဒဏ်ရာလည်း မရှိ၊ အဲ့လောက်လည်း မနာဘဲ ဘာလို့ သွေး ၅ မှတ် လျော့သွားရတာလဲ။ သူ၏ သွေးအမှတ်မှာ စုစုပေါင်း တစ်ရာကျော်သာ ရှိရာ ဇမ်ဘီ၏ ရိုက်ချက် အနည်းငယ်က သူ့ကို အမှန်တကယ် သေစေနိုင်သလား။
၎င်းမှာ အဓိပ္ပာယ် မရှိသလို သူ ခံစားရသော်လည်း ယခု လက်တွေ့ ကြည့်လိုက်သောအခါ အလွန် ယုတ္တိတန်နေသည်။
အကြောင်းမှာ လူသားတို့၏ နာကျင်မှုကို တောင့်ခံနိုင်စွမ်းမှာ ကန့်သတ်ချက် ရှိသောကြောင့် ဖြစ်သည်။
ဦးခေါင်းဖြတ်ခံရခြင်း သို့မဟုတ် နှလုံးထိုးခံရခြင်းမှသာ သေစေနိုင်သည် မဟုတ်ပေ။ အချို့သော အရေပြား နာကျင်မှုများကပင် လူတစ်ဦးကို နာကျင်လွန်း၍ သေဆုံးသွားစေနိုင်သည်။
ဝမ်ထောင်၏ ကိုယ်ပေါ်မှ ညိုမည်းဒဏ်ရာမှာ သေလောက်သည်မဟုတ်သော်လည်း ဤကဲ့သို့သော ဒဏ်ရာများ များပြားလာလျှင် သို့မဟုတ် အရိုးများ ပျက်စီးသွားလျှင် သူ အမှန်တကယ်ပင် သေဆုံးနိုင်ပေသည်။
ထို့ကြောင့် ထိုရိုက်ချက်ကြောင့် သွေး ၅ မှတ် လျော့သွားခြင်းမှာ အလွန်ပင် ယုတ္တိရှိလှသည်။
ဤသွေးတန်းမှာ ဂိမ်းများထဲကကဲ့သို့ HP သက်သက်ကိုသာ ကိုယ်စားပြုသည်မဟုတ်ဘဲ လူတစ်ဦး၏ ကျန်းမာရေး အခြေအနေကိုပါ ကိုယ်စားပြုနေခြင်း ဖြစ်သည်။
တင်ယွီချင်၏ သွေးတန်းမှာ ဘာကြောင့် ၁၅ မှတ်သာ ရှိတော့သည်ကိုလည်း ယခုမူ ရှင်းလင်းသွားပြီ ဖြစ်သည်။
သူမသည် တိုက်ခိုက်မခံရသော်လည်း ငတ်မွတ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အခြားသော အခြေအနေများကြောင့် ကျန်းမာရေး ကျဆင်းနေခြင်း ဖြစ်သည်။ အကယ်၍ မည်သူမျှ မကူညီပါက သူမ၏ အဆုံးသတ်မှာ ငတ်သေခြင်း သို့မဟုတ် ထိတ်လန့်ကာ သေဆုံးသွားခြင်းသာ ဖြစ်လိမ့်မည်။
ရေချိုးပြီးနောက် ဝမ်ထောင်သည် ဘောင်းဘီရှည်နှင့် စပို့ရှပ် လက်ပြတ်ကို ဝတ်လိုက်သည်။ သူ၏ ဒဏ်ရာမှာ ထိမိတိုင်း နာနေသဖြင့် အင်္ကျီလက်ရှည် ဝတ်ပြီး မိမိကိုယ်ကိုယ် နှိပ်စက်ရန် မလိုအပ်တော့ပေ။
တင်ယွီချင်မှာ အိမ်မှုကိစ္စ အလွန်ကျွမ်းကျင်သူဟု ပြောရမည်။ ဝမ်ထောင် ရေချိုးနေသည့် အချိန်အတွင်း သူမသည် ပစ္စည်းများစွာကို စနစ်တကျ ခွဲခြားပေးထားပြီးလေပြီ ။
အရာအားလုံး အစီအစဉ်တကျ ရှိနေသည်ကို မြင်ရသည်မှာ စိတ်ချမ်းသာစရာ ကောင်းလှသည်။
"မရီး... အလောတကြီး မလုပ်ပါနဲ့၊ အနားယူဦး။"
ဝမ်ထောင်က ပြောလိုက်သည်။
"ဟင် ရပါတယ်၊ ရပါတယ်... ခဏနေရင် ပြီးပါပြီ"
တင်ယွီချင် အမှတ်တမဲ့ မော့ကြည့်လိုက်ရာ ဝမ်ထောင်၏ ထွားကျိုင်းသော ကြွက်သားများနှင့် အနည်းငယ် စိမ်းသော်လည်း ခန့်ညားသော မျက်နှာကို မြင်လိုက်ရသဖြင့် သူမ မျက်နှာကို အမြန် ပြန်ငုံ့လိုက်ရသည်။
မကြာမီတွင် အရာအားလုံးကို ရိုးရှင်းစွာ ခွဲခြားပြီးသွားသည်။ ပစ္စည်း သိပ်မများသဖြင့် အသေးစိတ် ခွဲခြားနေရန် မလိုပေ။ ဝမ်ထောင်မှာ အလဟဿ အဖြစ်မခံလိုသည့် စိတ်ဖြင့် အကုန်သယ်လာခြင်းသာ ဖြစ်ပြီး အသုံးဝင် မဝင်ဆိုသည်ကတော့ နောက်ကိစ္စ ဖြစ်သည်။
တင်ယွီချင်မှာ ထိုင်ရလွန်းသဖြင့် ခြေထောက်များ ထုံနေပြီ ဖြစ်သည်။ သူမ ထရပ်ရန် ကြိုးစားလိုက်စဉ် မျက်စိရှေ့တွင် မှောင်ကနဲ ဖြစ်သွားပြီး ခန္ဓာကိုယ်မှာ နောက်သို့ ယိုင်လဲသွားတော့သည်။
ဝမ်ထောင်မှာ တုံ့ပြန်မှု မြန်ဆန်သူဖြစ်သဖြင့် တင်ယွီချင်၏ ခါးကို အချိန်မီလှမ်းဖမ်းလိုက်နိုင်သည်။
"မရီး... အဆင်ပြေရဲ့လား"
တင်ယွီချင်၏ မျက်နှာမှာ အလွန် ဖြူဖျော့နေသည်။ သူမ၏ ခေါင်းပေါ်တွင် သွေးလျော့သွားသည့် အသိပေးချက်ပင် ပေါ်လာသည်။
【-၅】
【၁၀/၁၀၀】
'ဘုရားရေ... ပစ္စည်းလေး သိမ်းတာတောင် သွေးလျော့တာလား။ ဒါ ငါ့ကို ဒဏ်ရာရအောင် တမင်လုပ်နေတာလား'
သူမတွင် သွေးအနည်းငယ်သာ ကျန်တော့ရာ ရိုက်ချက်တစ်ချက်တည်းနှင့် သေသွားနိုင်မလားဟု ဝမ်ထောင် နောက်ပြောင်၍ တွေးမိလိုက်သည်။
"မရီး အဆင်ပြေပါတယ်... သွေးအားနည်းသွားလို့ ထင်တယ်..."
ဝမ်ထောင်၏ ရင်ခွင်ထဲတွင် ခေတ္တမျှ မှီနားပြီးနောက် တင်ယွီချင် အမြန်ပင် ခွာလိုက်သည်။ သူမသည် ရှက်ကိုးရှက်ကန်းဖြင့် ဆံပင်ကို သပ်လိုက်ရာ ဖြူဖျော့သော မျက်နှာလေးတွင် အနီရောင်သန်းလာသည်။
"ဟင် မင်း ဒဏ်ရာရထားတာလား"
သို့သော် ဝမ်ထောင်၏ လက်မောင်းမှ ညိုမည်းဒဏ်ရာကို မြင်သွားသောအခါ သူမ လန့်သွားပြီး သိသိသာသာ နောက်သို့ ဆုတ်လိုက်မိသည်။
"ဟုတ်ကဲ့။"
ဝမ်ထောင် ခေါင်းညိတ်ပြလိုက်ပြီး ဘာမျှ ထပ်မပြောတော့ပေ။ ဒဏ်ရာရခြင်းမှာ ဂုဏ်ယူစရာ ကိစ္စမဟုတ်ပေ။
တင်ယွီချင်မှာ ဝမ်ထောင် ကူးစက်ခံရပြီဟု ထင်ခဲ့မိခြင်းဖြစ်သည်။ သို့သော် ဒဏ်ရာမှာ အညိုအမည်းစွဲခြင်းသာ ဖြစ်ပြီး အနာအဆာ မရှိသည်ကို မြင်ရသလို ဝမ်ထောင်မှာလည်း အေးဆေးတည်ငြိမ်နေသဖြင့် သူမ သက်ပြင်းချနိုင်တော့သည်။
စောစောက သူမ နောက်ဆုတ်လိုက်မိခြင်းမှာ မသင့်တော်ဟု ခံစားရသဖြင့် သူမ အမြန် ရှေ့တိုးကာ ဝမ်ထောင်၏ လက်မောင်းကို ကိုင်လိုက်သည်။ ဒဏ်ရာတဝိုက်မှ ကြွက်သားများကို အသာအယာ ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
"အညိုအမည်းစွဲတာတွေ ကုသတဲ့နေရာမှာ မရီးမှာ အတွေ့အကြုံ နည်းနည်း ရှိပါတယ်..."