အခန်း - ၃
Vol. 1 Ch. 3
- သွေးဘားတန်းများကို မြင်နိုင်စွမ်း
ထမင်းစားပြီးနောက် ဝမ်ထောင်သည် ပြတင်းပေါက်နားသို့ သွားကာ အပြင်ဘက်ကို အတော်ကြာ အကဲခတ်နေမိသည်။
တောင်ဘက်ရှိ လူနေရပ်ကွက်ဝင်းထဲတွင် ဇမ်ဘီ တစ်ဆယ်ကျော်ခန့် ရှိနေသည်။ ၎င်းမှာ သူမြင်ရသလောက်သာ ဖြစ်ပြီး မမြင်ရသည့် နေရာများတွင် ပိုရှိနိုင်သေးသည်။
ဤတိုက်လေးလုံးအတွင်းမှာလည်း ဇမ်ဘီများ ရှိနေမည်မှာ သေချာ၏။
သို့သော် ဇမ်ဘီဗိုင်းရပ်စ် စတင်ပေါ်ပေါက်သည့်နေ့မှာ ရုံးပိတ်ရက် မဟုတ်သည့်အပြင် မိုးလည်း သည်းနေခဲ့သည်။ လူနေရပ်ကွက်အတွင်းရှိ အလုပ်သမား အတော်များများမှာ အပြင်ရောက်နေကြလောက်မည်... ၎င်းမှာ တစ်ခုတည်းသော သတင်းကောင်းပင် ဖြစ်သည်။
မြောက်ဘက် ပြတင်းပေါက်အပြင်ဘက်ရှိ လမ်းမကြီးမှာမူ သွေးပျက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေသည်။
ကားအများအပြား တိုက်မိထားကြပြီး နေရာအနှံ့ သွေးများ ပေကျံနေသည်။ အလောင်းများကိုတော့ မတွေ့ရဘဲ ကြောက်မက်ဖွယ်ကောင်းသော ဇမ်ဘီအချို့သာ လျှောက်သွားနေကြ၏။
ဝမ်ထောင်သည် လမ်းမပေါ်တွင် ဤဇမ်ဘီအနည်းငယ်သာ ရှိမည်ဟု မထင်ပါ။
ပြတင်းပေါက်မှ မြင်ရသည့်ထောင့်မှာ ကန့်သတ်ချက်ရှိသဖြင့် မမြင်ရသည့် နေရာများစွာ ရှိနေသည်။ ကားများထဲတွင်လည်းကောင်း၊ ဆိုင်များထဲတွင်လည်းကောင်း၊ အရိပ်ထဲတွင်လည်းကောင်း၊ သို့မဟုတ် သူ၏ တိုက်အောက်တည့်တည့်မှာပင် ဇမ်ဘီများစွာ ရှိနေနိုင်သည်။
ဝမ်ထောင်သည် ခေါင်းကို အသာခါယမ်းရင်း လက်ရှိအခြေအနေကို စတင်သုံးသပ်လိုက်သည်။
ကယ်ဆယ်ရေးကို စောင့်ရမည်မှာ မှန်သော်လည်း ကယ်ဆယ်ရေးမရောက်မီ အိမ်ရှိ စားစရာများ ပြတ်လပ်သွားနိုင်၏။
အခြားသူများထံမှ ရိက္ခာသွားချေးရမည်လား။
ထိုသို့လုပ်ရန် မဖြစ်နိုင်ပေ။
ဝမ်ထောင်သည် အခြားသူ၏ ကရုဏာအပေါ်တွင် မည်သည့်အခါမျှ မျှော်လင့်ချက်မထားတတ်သလို ယခုကဲ့သို့ အခြေအနေမျိုးတွင် ချေးငှားနိုင်ရန် ဖြစ်နိုင်ခြေမှာ သုညနီးပါးပင်။
ထိုသို့ဆိုလျှင် နည်းလမ်းတစ်ခုသာ ရှိတော့သည်။
အပြင်ထွက်၍ စားစရာ ရှာဖွေရန်ပင်..
လူနေရပ်ကွက်အပြင်ဘက်ရှိ စားသောက်ဆိုင်ငယ်များတွင် စားစရာ အမြောက်အမြား ရှိမည်ဖြစ်ပြီး အိမ်နှင့်လည်း အလွန်နီးသည်။
သို့သော် မည်မျှပင် နီးပါစေ ရပ်ကွက်ဝင်းကို တော့ဖြတ်ကျော်ရမည် ဖြစ်သည်။ ဝမ်ထောင်သည် ခွန်အားကြီးသူ ဖြစ်သော်လည်း ထိုဇမ်ဘီတစ်ဆယ်ကျော်ကို အနိုင်ယူနိုင်လိမ့်မည်ဟု မိမိကိုယ်ကိုယ် မယုံကြည်ပေ။
ရုတ်တရက်...
ဒုတ်၊ ဒုတ်၊ ဒုတ်..
တံခါးအပြင်ဘက်မှ တိုးညင်းသော တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။
"ဘေးခန်းက မရီးလား၊ ဒါမှမဟုတ်..."
ဝမ်ထောင် စကားမပြောဘဲ တိတ်တဆိတ် ခြေဖျားထောက်ကာ တံခါးနားသို့ သွားလိုက်သည်။ တံခါးမှန်ပြောင်းမှတစ်ဆင့် အပြင်ကို ကြည့်လိုက်သောအခါ သူ၏ ဦးရေပြားများပင် စိမ့်တက်သွားသည်။
အပြင်ဘက်တွင် သွေးများ ပေကျံနေပြီး လည်ပင်းနှင့် မျက်နှာပေါ်ရှိ သွေးကြောများမှာ အစိမ်းပုပ်ရောင်သို့ ပြောင်းလဲကာ ဖောင်းကြွနေသော၊ မျက်လုံးများမှာ ဖြူဖျော့နေသော ဇမ်ဘီတစ်ကောင်သည် ဝမ်ထောင်၏ တံခါးကို သတိလက်လွတ် ရိုက်ပုတ်နေခြင်း ဖြစ်သည်။
ဒုတ်၊ ဒုတ်၊ ဒုတ်..
ဝမ်ထောင် ထိုလူကို သိသည်။ အပေါ်ထပ်မှ အသက် ၃၀ ကျော် လူပျိုကြီး ဖြစ်ဟန်တူသည်။
"ငါ့ကို ဇမ်ဘီက တွေ့သွားတာလား"
ဝမ်ထောင်သည် ချက်ချင်းပင် မီးဖိုချောင်သုံးဓားကို ဆွဲကိုင်ကာ တံခါးနောက်တွင် စိုးရိမ်တကြီး စောင့်နေလိုက်သည်။ ဇမ်ဘီက သူ၏ သံတံခါးကို ဖွင့်နိုင်မည်ဟု မထင်သော်လည်း လက်နက်မပါဘဲနှင့်တော့ သူ စိတ်မလုံခြုံပေ။
သို့သော် ဝမ်ထောင် တံခါးမှန်ပြောင်းမှ ထပ်ကြည့်လိုက်သောအခါ သူ အံ့အားသင့်သွားရသည်။
"ဟမ်... ဒါက ဘာကြီးလဲ"
ဇမ်ဘီ၏ ခေါင်းပေါ်တွင် နီရဲသော ဘားတန်းလေးတစ်ခုနှင့် စာသားတစ်ကြောင်းကို သူ တွေ့လိုက်ရသည်— ၅၀၀/၅၀၀။
ထိုအနီရောင်တန်းမှာ ဇမ်ဘီ၏ ခေါင်းပေါ်တွင် လွင့်ပျံနေခြင်း ဖြစ်ပြီး အစစ်အမှန် ပစ္စည်းတစ်ခုနှင့် မတူပေ။
ခဏအကြာတွင် ထိုဇမ်ဘီသည် ဝမ်ထောင်၏ အခန်းကို လက်လျှော့ကာ မျက်စိတစ်ဖက်ရှိ အခန်း ၅၀၂ ကို သွားရောက်ခေါက်သည်။
ထိုအနီရောင်တန်းမှာ ဝမ်ထောင်ဘက်သို့သာ အမြဲမျက်နှာမူနေပြီး အရွယ်အစားမှာလည်း မပြောင်းလဲပေ။
"ဒါက... ငါကစားနေကျ ဂိမ်းထဲက မိစ္ဆာကောင်တွေရဲ့ သွေးတန်း (Health Bar) နဲ့ တူလှချည်လား"
ဝမ်ထောင် အံ့သြနေမိသည်။
"အား..."
ရုတ်တရက် တစ်ဖက်ခန်းမှ စူးစူးဝါးဝါး အမျိုးသမီး အော်သံတစ်ခု ထွက်ပေါ်လာသည်။ ဝမ်ထောင်သည် ဇမ်ဘီကို မကြောက်သော်လည်း ထိုအော်သံကြောင့် ထိတ်လန့်သွားရသည်။
"ဟိန်း..."
ဒိုင်း ဒိုင်း ဒိုင်း..
အော်သံကို ကြားသည်နှင့် ဇမ်ဘီသည် ငါးညှီနံ့ရသော ကြောင်တစ်ကောင်ကဲ့သို့ အခန်း ၅၀၂ ၏ တံခါးကို အသည်းအသန် ရိုက်ပုတ်တော့သည်။
"ဇမ်ဘီတွေက ဘာလှုပ်ရှားမှုမျှ မရှိရင် နှေးကွေးပေမဲ့ တစ်ခုခုကို သတိပြုမိသွားရင်တော့ သောင်းကျန်းတော့တာပဲ။ မရီးကတော့ ဒီလောက် အော်နိုင်သေးတာဆိုတော့ လောလောဆယ်တော့ ဘေးကင်းပုံရပါတယ်..."
ဝမ်ထောင်သည် ဇမ်ဘီကို မှန်ပြောင်းမှ ဆက်ကြည့်နေလိုက်သည်။
တစ်ဖက်ခန်း၏ တံခါးမှာလည်း အလွန်ခိုင်ခံ့သည်။
ဇမ်ဘီက နှစ်မိနစ်၊ သုံးမိနစ်ခန့် ရိုက်ပုတ်ပြီးနောက်တွင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ အောက်ထပ်သို့ ဖြည်းဖြည်းချင်း ဆင်းသွားသည်။
"သူ တံခါးကို အကြာကြီး ရိုက်ပုတ်နေတာတောင် အခြားဇမ်ဘီတွေ ရောက်မလာဘူးဆိုတော့ ဒီတိုက်ရဲ့ လူဝင်ပေါက်မှာ ဒီတစ်ကောင်ပဲ ရှိတာလား။ ဇမ်ဘီ တစ်ကောင်တည်းဆိုရင်တော့ ငါ စမ်းကြည့်လို့ ရနိုင်တယ်..."
ဝမ်ထောင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
မကြာမီ သူသည် ရိက္ခာအတွက် အပြင်ထွက်ရမည် ဖြစ်ရာ ဇမ်ဘီများနှင့် တွေ့ရန် ရာခိုင်နှုန်း များသည်။ ထို့ကြောင့် ဤဇမ်ဘီများ မည်မျှ သန်မာသနည်း၊ သူ ရင်ဆိုင်နိုင်ပါ့မလား ဆိုသည်ကို သူ သိထားရမည်။
ထို့ပြင် သူသည် ဇမ်ဘီများ၏ သွေးတန်းကိုလည်း မြင်နေရသည် မဟုတ်ပါလား၊
"နေဦး... ဒါက တကယ်ပဲ သွေးတန်းဆိုရင် ငါ့မှာလည်း ရှိရမှာပေါ့"
ဝမ်ထောင်သည် မှန်သွားကြည့်ရန် ပြင်လိုက်စဉ်မှာပင် မိမိ၏ သွေးတန်းကို တွေးလိုက်မိသည်နှင့် သူ၏ အမြင်အာရုံထဲတွင် ရွှေရောင်သွေးတန်းတစ်ခု ရုတ်တရက် ပေါ်လာ၏။
ထိုသွေးတန်းပေါ်တွင်လည်း စာသားတစ်ကြောင်း ပါရှိသည်— ၁၀၀/၁၀၀။
သူက စိတ်ဖြင့် တွေးလိုက်သောအခါ ကိန်းဂဏန်းမှာ ၁၀၀% ဟု ပြောင်းလဲသွားသည်။
၎င်းမှာ သူ၏ ကိုယ်ပိုင်သွေးတန်း ဖြစ်ကြောင်း သူ ချက်ချင်း နားလည်သွားသည်။
"၁၀၀/၁၀၀" ဆိုသည်မှာ သူ၏ အမြင့်ဆုံး သွေးပမာဏမှာ ၁၀၀ ဖြစ်ပြီး လက်ရှိတွင် ၁၀၀ အပြည့် ရှိနေခြင်း ဖြစ်သည်။
"ငါ တကယ်ပဲ သွေးတန်းတွေကို မြင်နေရတာပဲ"
ဝမ်ထောင် စိတ်လှုပ်ရှားသွားသည်။ ယခင်က သတင်းများ ဖတ်စဉ်က မည်သူမျှ ဤကဲ့သို့ စွမ်းရည်ရှိကြောင်း ရေးထားသည်ကို သူ မတွေ့ခဲ့ပေ။
"လောလောဆယ် လမ်းလျှောက်လမ်းမှာ ဇမ်ဘီ တစ်ကောင်ပဲ ရှိတယ်။ သူက သွေး ၅၀၀ ရှိပြီး ငါက ၁၀၀ ပဲ ရှိပေမဲ့ ဒါက တစ်ယောက်ချင်း ရင်ဆိုင်ရမယ့် အခွင့်အရေးပဲ ၊ ငါ့ရဲ့ ဒီကြွက်သားတွေကို အလကား အဖြစ်မခံနိုင်ဘူး၊ စမ်းကြည့်ရမယ်"
အခွင့်အရေးမှာ ရှားပါးလှသဖြင့် ဇမ်ဘီ၏ သန်မာမှုကို စမ်းသပ်ရန် ဝမ်ထောင် ဆုံးဖြတ်လိုက်သည်။
သို့သော် ယခုချက်ချင်း မဟုတ်ပေ။
သူသည် ခွန်အားကို စုဆောင်းရမည်ဖြစ်ပြီး အကာအကွယ်များကိုလည်း ပြင်ဆင်ရမည်။ ဇမ်ဘီများမှာ ကူးစက်တတ်သဖြင့် တစ်ချက်အမှားခံ၍ မရပေ။
"အရင်ဆုံး လေ့ကျင့်ခန်း လုပ်ရမယ်"
ဝမ်ထောင်သည် ဧည့်ခန်းသို့ သွားကာ ဒိုက်ထိုး လုပ်လိုက်သည်။
"၁၊ ၂... ဟမ် .. ငါ့ရဲ့ ခံနိုင်ရည်က ပိုကောင်းလာသလိုပဲ၊ စိတ်ထင်လို့လား"
"ဆက်လုပ်ဦးမယ်... ၃၊ ၄... ၄၉၈၊ ၄၉၉၊ ၅၀၀.."
"ဟူး..."
တောင့်တင်းသော ကြွက်သားများပေါ်မှ ချွေးများမှာ ကြမ်းပြင်ပေါ်သို့ အိုင်ထွန်းကျနေသည်။ နောက်ဆုံးအကြိမ်ပြီးနောက် ဝမ်ထောင်သည် ချက်ချင်းပင် ဖျတ်လတ်စွာ ထရပ်လိုက်သည်။
ဂလု... ဂလု...
ရေတစ်ဝက်ခန့် သောက်ပြီးနောက် ဝမ်ထောင် စိတ်လှုပ်ရှားနေမိသည်။
"စိတ်ထင်တာ မဟုတ်ဘူး! ငါ့ရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုက တကယ်ကို ပိုသန်မာလာတာပဲ"
သူ၏ ကြံ့ခိုင်မှုမှာ မူလကပင် ကောင်းမွန်ပြီး ယခင်က ဒိုက်ထိုးလျှင် အကြိမ် တစ်ရာကျော်ကို တစ်ဆက်တည်း လုပ်နိုင်သည်။ ၎င်းမှာပင် သာမန်လူထက် သာလွန်နေခြင်း ဖြစ်သည်။
ယခုမူ သူသည် အကြိမ် ငါးရာကို တစ်ဆက်တည်း လုပ်နိုင်ခဲ့သည် ၊ငါးရာ ပြည့်သော်လည်း အားအင် ကျန်ရှိနေသေးသလို ခံစားရသည်။
သို့သော် အချိန်အကန့်အသတ်ရှိသော ဤအခြေအနေတွင် လေ့ကျင့်ခန်းကို အလွန်အကျွံ မလုပ်ဘဲ အသင့်အတင့်သာ လုပ်ရန် သူ ဆုံးဖြတ်လိုက်၏။
"ဂါး...."
လမ်းလျှောက်လမ်းဘက်မှ ဟိန်းသံကို ထပ်ကြားရပြန်သည်။
မှန်ပြောင်းမှ ကြည့်လိုက်သောအခါ ဇမ်ဘီသည် အပေါ်ထပ်သို့ ပြန်တက်လာသည်ကို တွေ့ရသည်။
ယခင်က ဝမ်ထောင်သည် ဇမ်ဘီဟိန်းသံကို ကြောက်ခဲ့သော်လည်း အကြိမ်ကြိမ် ကြားရပြီးနောက်တွင်တော့ သူ ကျင့်သားရလာ၏။
"ဒီနေ့တော့ အနားယူလိုက်ဦးမယ်၊ မနက်ဖြန်ကျမှ မင်းကို ရှင်းပစ်မယ်"
မိမိကိုယ်ကိုယ် ရေရွတ်ပြီးနောက် ဝမ်ထောင်သည် တစ်ခုခု စားကာ လေ့ကျင့်ခန်း ဆက်လုပ်နေလိုက်သည်။
ညနေစောင်းမှသာ သူ လေ့ကျင့်ခန်းရပ်ပြီး ရေချိုးလိုက်သည်။
ရေချိုးခန်း မှန်ရှေ့တွင်...
"ဟမ်... ငါ့မျက်နှာက အမာရွတ်တွေ ဘယ်ရောက်ကုန်တာလဲ"
ဝမ်ထောင်၏ မျက်နှာပေါ်ရှိ ကြောက်စရာကောင်းသော အမာရွတ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည် ၊ထို့ပြင် ကိုယ်ပေါ်ရှိ အခြားဒဏ်ရာဟောင်းများလည်း မရှိတော့ပေ။
သူ၏ ကြွက်သားများမှာလည်း အနည်းငယ် ပိုမို ဖွံ့ဖြိုးလာသလို သူ ခံစားရသည်။
မှန်ထဲရှိ ခန့်ညားသော မျက်နှာနှင့် တောင့်တင်းသော ကြွက်သားများကို ကြည့်ရင်း ဝမ်ထောင် စိတ်လှုပ်ရှားနေမိသည်။
ရုပ်ရည်က ဒုတိယဖြစ်ပြီး အဓိကမှာ ကြံ့ခိုင်မှု ပိုကောင်းလာခြင်းနှင့် ဇမ်ဘီ၏ သွေးတန်းကို မြင်နိုင်စွမ်းရှိခြင်း ဖြစ်သည်... "ဒါဟာ ငါ့အတွက် အခွင့်အရေးပဲ"
```............