အခန်း - ၈
Vol. 1 Ch. 8
- နှစ်ကောင်ပြိုင်သတ်ခြင်း
ဂျောက်။
သူ့တံခါးကို သူ သော့ခတ်လိုက်သည်။
လက်နက်အပြည့်အစုံဖြင့် ဝမ်ထောင် အပြင်သို့ ထွက်လာခဲ့၏။
သူ့ရဲ့ ယနေ့ပစ်မှတ်က အခန်း ၃၀၁ ဖြစ်သော်လည်း ၃၀၁ ထဲမဝင်မီ ၄၀၂ နှင့် ၃၀၂ တံခါးရှေ့တို့တွင် ခေတ္တရပ်နားခဲ့သည်။
လေးထပ်မှ ၄၀၂ နှင့် သုံးထပ်မှ ၃၀၂ တို့၏ အတွင်းပိုင်းမှာ တိတ်ဆိတ်နေပြီး ဘာအသံမျှ မကြားရပေ။ ဝမ်ထောင် တံခါးကို အသာအယာ ခေါက်ကြည့်သော်လည်း လှုပ်ရှားမှု မရှိပေ။ ထိုအခန်းနှစ်ခန်းမှာ အားလပ်ရက် မဟုတ်ဘဲ အလုပ်သွားချိန်တွင် ဗိုင်းရပ်စ်ဖြစ်ပွားခဲ့ခြင်းကြောင့် လူမရှိဘဲ အလွတ်ဖြစ်နေနိုင်သည်ဟု သူ ယူဆလိုက်သည်။
သူ၏အောက်ထပ် ၄၀၁ တွင်မူ အသက်ရှင်ကျန်ရစ်သူ ရှိနေသင့်သည်။ အကြောင်းမှာ အင်တာနက်လိုင်း ပြတ်တောက်သွားစဉ်က အတွင်းမှ ဆဲဆိုသံကို သူ ကြားခဲ့ရသောကြောင့် ဖြစ်၏။ ယခုတစ်ကြိမ်တွင်မူ ဝမ်ထောင် သူတို့ကို သွားရောက် မနှောင့်ယှက်တော့ပေ။
သူ၏ ပစ်မှတ်ဖြစ်သော ၃၀၁ နှင့် ပတ်သက်၍မူ... ဝမ်ထောင်သည် မီတာပုံးကြားမှ သော့ကို အရင်ယူလိုက်ရာ အမှန်တကယ်ပင် သော့ရှိနေသည်။ သူသည် တံခါးတွင် နားကပ်၍ နားထောင်ကြည့်သော်လည်း ဘာအသံမျှ မကြားရပေ။
ထို့နောက် သူ ၃၀၁ တံခါးကို ခေါက်ရန် ပြင်ဆင်လိုက်၏။
တကယ်လို့ ငါခေါက်လို့ အထဲမှာ လူမရှိရင် တုံ့ပြန်မှု ရှိမှာ မဟုတ်ဘူး။
အကယ်၍ လူရှိနေရင်လည်း ကြောက်လို့ ဒါမှမဟုတ် တခြားအကြောင်းကြောင့် ပြန်ထူးချင်မှ ထူးလိမ့်မယ်။ သတ္တိရှိတဲ့သူဆိုရင်တော့ ဘယ်သူလဲလို့ မေးကောင်းမေးနိုင်တယ်။
အကယ်၍ ဇမ်ဘီရှိနေရင်တော့ အသံကို အာရုံခံနိုင်စွမ်းရှိလို့ ဟိန်းသံ ဒါမှမဟုတ် တံခါးကို ကုတ်ခြစ်သံတွေ ကြားရနိုင်တယ်။ ဒါပေမဲ့ ဇမ်ဘီက အခန်းထဲမှာ ပိတ်မိနေတာဆိုရင်တော့ သူ ပြန်တုံ့ပြန်ရင်တောင် မကြားရတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခန်းထဲမှာ ပိတ်မိနေတာဆိုရင်တော့ ကြောက်စရာ မလိုပဘူး။
ခြုံငုံသုံးသပ်ရလျှင်—
အကယ်၍ ခေါက်လို့ ဘာသံမှ ပြန်မကြားရရင် အထဲဝင်ဖို့ ဘေးကင်းနိုင်ခြေ များတယ်၊ အနည်းဆုံးတော့ ဧည့်ခန်းက ဘေးကင်းလိမ့်မယ်။
အကယ်၍ လှုပ်ရှားသံကြားရရင်တော့ ဧည့်ခန်းထဲမှာ ဇမ်ဘီရှိနေပြီ။
နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ အသက်ရှင်ကျန်ရစ်သူက တံခါးနောက်မှာ ပုန်းနေပြီး သူ့ကို ချောင်းတိုက်ဖို့ စောင့်နေတာမျိုးပါ။ ဒါပေမဲ့ ဒါကတော့ ဖြစ်နိုင်ခြေ နည်းပါတယ်။ အဲ့ဒီလူတွေသာ အဲ့လောက် သတ္တိရှိရင် အထဲမှာ ကြောက်ပြီး ပုန်းနေမှာ မဟုတ်ဘူး။
ဒါပေမဲ့လည်း အစစအရာရာ သတိထားတာ အကောင်းဆုံးမို့ ဝမ်ထောင် ဂရုစိုက်ရပါမည်။
အသင့်ဖြစ်သောအခါ ဝမ်ထောင် အသက်ကို ပြင်းပြင်းရှူပြီး ၃၀၁ တံခါးကို အသာလေး ခေါက်လိုက်သည်။
"ဂါး~"
အတွင်းမှ ဟိန်းသံနှင့်အတူ ခြေသံများကို ကြားလိုက်ရသဖြင့် ဝမ်ထောင် အနည်းငယ် ခေါင်းခဲသွားသည်။
အဆိုးဆုံး အခြေအနေ ဖြစ်လာပြီ— အတွင်းမှာ ဇမ်ဘီ ရှိနေ၏။
ထို့ပြင် ဤအခန်းမှာ လူနှစ်ယောက် ငှားနေသည့် အခန်းဖြစ်ရာ ဇမ်ဘီ မည်မျှ ရှိနေမည်ကို သူ မသေချာပေ။
စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ဝမ်ထောင် တံခါးမှတစ်ဆင့် ပြန်နားထောင်ကြည့်သည်။
"ဒုန်း... ဒုန်း~"
"ဂါး"
"ဒုန်း... ဒုန်း~"
"ဂါး"
လက်ထဲမှ ကိုယ်တိုင်လုပ် လှံတိုကို မြဲမြဲဆုပ်ကိုင်ရင်း ဝမ်ထောင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
"အသံအရဆိုရင် ဇမ်ဘီ တစ်ကောင်ပဲ ရှိရမယ်၊ ဒုတိယတစ်ကောင်ရဲ့ အသံကို မကြားရဘူး။ ဒါပေမဲ့... တကယ်လို့ နှစ်ကောင်ရှိနေရင် ငါ ကိုင်တွယ်နိုင်ပါ့မလား။ ငါ့မှာ အမှားခံလို့ မဖြစ်ဘူး၊ ကူးစက်ခံရရင် ငါ သေမှာ..."
ဝမ်ထောင် ဝေခွဲမရ ဖြစ်နေသော်လည်း သူသည် ဆုံးဖြတ်ချက် မပြတ်သားသူ မဟုတ်ပေ။
"ငါ ဒီအထိ ရောက်လာပြီပဲ... လုပ်လိုက်မယ်"
ယခု ဇမ်ဘီမှာ အထဲတွင် ပိတ်မိနေပြီး သူ့လက်ထဲတွင် သော့ရှိသည်။ သူကသာ အသာစီး ရထားခြင်း ဖြစ်သည် ။
အကယ်၍ တံခါးဖွင့်လိုက်လို့ ဇမ်ဘီ နှစ်ကောင် တွေ့ရင် ချက်ချင်း တံခါးပြန်ပိတ်ပြီး ဆုတ်ခွာမည်။
သူက ကြောက်တတ်လို့ မဟုတ်ပါ၊ လက်နက်ကောင်းကောင်းရှိရင် နှစ်ကောင်ကို ရင်ဆိုင်ဖို့ ကြိုးစားကြည့်မှာပင်။
ဒါပေမဲ့ အခု လက်နက်ကတော့ မဟုတ်သေးဘူး၊ ခေါင်းကို တစ်ချက်ထိုးလိုက်တာနဲ့ ပျက်စီးသွားမှာ...
ဝမ်ထောင် သော့ကို အသာလှည့်လိုက်ပြီး တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် တံခါးကို ဆွဲဖွင့်ကာ အားပါပါ ကန်လိုက်သည်။
ဒုန်း..
ထုံထိုင်းသော အသံနှင့်အတူ အရုပ်ဆိုးပြီး ကြောက်စရာကောင်းသော သွေးရောင်လွှမ်းနေသည့် ခန္ဓာကိုယ်အသေးလေးတစ်ခုမှာ ဝမ်ထောင်၏ ကန်ချက်ကြောင့် လွင့်ထွက်သွားသည်။
【-၃】
【၄၈၂/၅၀၀】
ဂလောက်—
လွင့်ထွက်သွားသော ဇမ်ဘီမှာ ကြမ်းပြင်ပေါ်ရှိ ပစ္စည်းများကို တိုက်မိသွားသည်။
ဝမ်ထောင်သည် အထဲသို့ ချက်ချင်းဝင်၍ အဆုံးမသတ်သေးဘဲ ပတ်ဝန်းကျင်ကို အရင်အကဲခတ်လိုက်၏။
အိပ်ခန်းတံခါး တစ်ခုမှာ ပိတ်ထားသဖြင့် ထိုနေရာတွင် အန္တရာယ် ရှိ၊ မရှိ သူ မသေချာသေးပေ။ သို့သော် ဧည့်ခန်းထဲတွင်မူ ဇမ်ဘီ တစ်ကောင်တည်းသာ ရှိသည်။
အခွင့်အရေးက ငါ့ဘက်မှာပဲ..
ဝမ်ထောင်သည် လှံတိုကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ နောက်ခြေဖြင့် အားယူပြီး အရှိန်မြှင့် ဝင်လိုက်သည်။
"ဂါး~"
ဇမ်ဘီမမှာ သူမ၏ ကိုယ်ခန္ဓာကို လိမ်ယှက်ကာ ထရပ်လိုက်ပြီး ပါးစပ်မှ ဟိန်းဟောက်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလျက် ဝမ်ထောင်ထံသို့ ယိမ်းယိုင်ကာ ပြေးဝင်လာသည်။
ဝမ်ထောင်သည် မူလက လှံတိုဖြင့် လည်ပင်းကို ထိုးရန် ကြံသော်လည်း ဇမ်ဘီမှာ ရုတ်တရက် ရှေ့သို့ တိုးဝင်လာသဖြင့် သူ၏ ထိုးချက် လွဲသွားသည်။
ဝမ်ထောင်သည် အန္တရာယ်နှင့် ရင်ဆိုင်ရသော်လည်း တည်ငြိမ်စွာဖြင့် လှံကို ပြောင်းပြန်လှည့်ကာ ဇမ်ဘီ၏ ဘယ်ဘက်လက်မောင်းကို ခုတ်လိုက်သည်။
ဒုတ်..
【-၃၅】
【၄၄၇/၅၀၀】
မီးဖိုချောင်သုံးဓားက သိပ်မထက်သော်လည်း ဝမ်ထောင်၏ ခွန်အားမှာ အံ့မခန်း ဖြစ်သည်။ ဇမ်ဘီ၏ ဘယ်ဘက်လက်မောင်းတွင် ကြီးမားသော ဒဏ်ရာကြီး ပေါ်လာပြီး သွေးမည်းများ စင်ထွက်သွားသည်။
ထိုစဉ်မှာပင် ဇမ်ဘီ၏ ညာလက်က ဝမ်ထောင်၏ ညာလက်မောင်းကို အားပါပါ ရိုက်လိုက်သည်။
ဒုန်း..
【-၅】
【၁၀၅/၁၁၀】
စာအုပ်အကာအကွယ်များ ရှိနေသော်လည်း ဝမ်ထောင်၏ လက်မောင်းမှာ ထုံသွားရပြီး သူ၏ သွေး (HP) မှာ ၅ မှတ် လျော့သွားသည်။
ငါ ဒဏ်ရာရသွားပြီ..
ဝမ်ထောင်၏ စိတ်မှာ ပို၍ တည်ငြိမ်လာသည်။ ဇမ်ဘီက ပါးစပ်ကြီးကို ဖြဲကာ ဝမ်ထောင်ကို ကိုက်ရန် ခုန်အုပ်လိုက်၏။
ဝမ်ထောင်သည် သူ၏ ဘယ်ဘက်လက်မောင်းမှ အကာအကွယ်ကို ဇမ်ဘီ၏ ပါးစပ်ထဲသို့ ထိုးထည့်ကာ မေးရိုးကို ထိန်းထားလိုက်သည်။ ထို့နောက် ညာလက်ရှိ လှံတိုဖြင့် ဇမ်ဘီ၏ ဝမ်းဗိုက်ကို အားကုန် ထိုးလိုက်သည်။
【-၅】
【၄၄၂/၅၀၀】
ဤထိခိုက်မှုမှာ ဇမ်ဘီအတွက် ယားကျိကျိသာ ရှိသော်လည်း ဝမ်ထောင်သည် ဇမ်ဘီ၏ လှုပ်ရှားမှုကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည်။
ထို့နောက် ဝမ်ထောင်၏ ကြွက်သားများမှာ ဖောင်းတက်လာပြီး ညာခြေတွင် အားစုကာ ဇမ်ဘီ၏ ခါးကို ဝှေ့ယမ်းကန်ထည့်လိုက်သည်။
ဒုန်း..
ဇမ်ဘီမှာ ကြမ်းပြင်ပေါ်တွင် မီတာအတော်များများအထိ လျှောထွက်သွားပြီး တံတိုင်းနှင့် ခေါင်းကို ဆောင့်မိသွားသည်။ ခေတ္တမျှ မိန်းမောသွားကာ ပြန်မထနိုင်တော့ပေ။
【-၁၅】
【၄၂၇/၅၀၀】
ခေါင်းနှင့် တံတိုင်း ဆောင့်မိသွားသောကြောင့် ဤကန်ချက်၏ အစွမ်းမှာ ဝမ်ထောင် ထင်ထားသည်ထက် ပိုကြီးမားသွားသည်။
အချိန်ဆွဲမနေဘဲ ဝမ်ထောင် အခွင့်ကောင်းကို ယူကာ တံတိုင်းနားသို့ အမြန်ပြေးသွားသည်။ ဇမ်ဘီ၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ဖိထားလိုက်ရာ ဇမ်ဘီမှာ မလှုပ်နိုင်တော့ပေ။
ထို့နောက် လှံတိုကို လက်နှစ်ဖက်ဖြင့် ပြောင်းပြန်ကိုင်ကာ အမြင့်သို့ မြှောက်လိုက်သည်။
ဒုတ်...
【-၄၂၇】
【၀/၅၀၀】
ဦးခေါင်းကို ထိုးခွဲ၍ အသေသတ်လိုက်၏။
သွေးစွန်းနေသော လင်းလက်နေသည့် အထုပ်လေးတစ်ခု ချက်ချင်း ပေါ်လာသည်။ ဝမ်ထောင် ၎င်းကို ယူလိုက်သော်လည်း ချက်ချင်း မကြည့်သေးဘဲ သူ၏ သွေးတန်းကို အရင်ကြည့်လိုက်သည်။
【၁၁၀/၁၁၅】
အမှန်ပင်.. သွေးတန်း၏ အမြင့်ဆုံး ကန့်သတ်ချက်မှာ ၅ မှတ် တိုးလာပြီး လက်ရှိ သွေး (HP) မှာလည်း ၅ မှတ် ပြန်ပြည့်သွားသည်။
ဇမ်ဘီများကို သတ်ခြင်းက သွေးတန်းအမြင့်ဆုံး ကန့်သတ်ချက်ကို တိုးစေသလို လျော့သွားသော သွေးကိုလည်း ပြန်ပြည့်စေ၏။
အရမ်းကောင်းတယ်။
စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီးနောက် အထုပ်ထဲမှ ပစ္စည်းများကို ကြည့်လိုက်သည်။
【ရရှိသောပစ္စည်း: သံအပိုင်းအစ *၁】
【သံအပိုင်းအစ: ပစ္စည်းပြုလုပ်ရန် ကုန်ကြမ်း】
သံအပိုင်းအစတဲ့လား။
ကျောပိုးအိတ်ထဲမှ သံအပိုင်းအစလေးကို ကြည့်ရင်း ဝမ်ထောင် ယခုလောလောဆယ်တော့ အချိန်ပေး မလေ့လာနိုင်သေးပေ။
သူသည် ဇမ်ဘီမ၏ အလောင်းကို ရှာဖွေရာ ပုလဲဆွဲကြိုးတစ်ကုံး၊ ပိုက်ဆံအိတ်တစ်ခုနှင့် ကြေမွနေသော အမျိုးသမီးသုံး စီးကရက်တစ်ထုပ်ကို တွေ့ရသော်လည်း မီးခြစ်တော့ မတွေ့ပေ။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဝမ်ထောင် အခန်းကို ချက်ချင်း မမွှေသေးပေ။ ခေတ္တမျှ အနားယူပြီးနောက် သူ၏ အကြည့်များမှာ ပိတ်ထားသော အိပ်ခန်းတံခါးဆီသို့ ရောက်သွားသည်။
သူ မှတ်မိသလောက်ဆိုလျှင် သူ စဝင်လာချိန်က ဇမ်ဘီမ၏ သွေးတန်းမှာ 【၄၈၂/၅၀၀】 ဖြစ်ပြီး သူ၏ ကန်ချက်က ၃ မှတ်သာ ထိခိုက်စေခဲ့သည်။ ဆိုလိုသည်မှာ ဤဇမ်ဘီမမှာ သွေးအပြည့် မရှိခဲ့ပေ!
သူမက အိမ်မှာတင် ဇမ်ဘီဖြစ်သွားတာဆိုတော့ သီအိုရီအရ သွေးအပြည့် ရှိနေရမှာ၊ အဲ့ဒါဆိုရင်... ဝမ်ထောင် လှံတိုကို မြဲမြဲဆုပ်ကိုင်ကာ ထိုအိပ်ခန်းတံခါးကို အားကုန် ကန်လိုက်သည်။
ဒုန်း...
အိပ်ခန်းတံခါးမှာ ဝမ်ထောင်၏ ကန်ချက်ကို ခံနိုင်ရည်ရှိသော်လည်း တံခါးသော့မှာတော့ ပျက်စီးသွားပြီး ပွင့်သွားတော့သည်။
တံခါးပွင့်သွားသည်နှင့် ဝမ်ထောင် မြင်လိုက်ရသည်မှာ ကိုယ်ခန္ဓာ ထက်ဝက်ခန့် ပျောက်ဆုံးနေပြီး မလှုပ်ရှားနိုင်ဘဲ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ဇမ်ဘီအထီးတစ်ကောင်ပင် ဖြစ်သည်။
"ဂါး~"
"ဂါး မနေနဲ့ ရော့ ..."
【-၂၈၆】
【၀/၅၀၀】
………….