← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

သော့ပြင်သမား

ဝမ်ထောင် မနေ့ညက ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။

အနီးအနားရှိ အသက်ရှင်ကျန်ရစ်သူများလည်း ထိုနည်းတူပင်ဖြစ်မည်ဟု သူ သံသယရှိမိသည်။

ဘာပဲဖြစ်ဖြစ် မနေ့ညက ပေါက်ကွဲမှုမှာ ကြောက်စရာကောင်းလှသည်။ ပေါက်ကွဲသံကြောင့် သောင်းကျန်းနေသော ဇမ်ဘီများ၏ သွေးပျက်ဖွယ် ဟိန်းဟောက်သံများက အိပ်စက်ရန် မဖြစ်နိုင်အောင် ပြုလုပ်ခဲ့၏။

ဝမ်ထောင် အိပ်ရာထလျှင် ပထမဆုံးလုပ်သည့်အလုပ်မှာ သူ၏ သွေးတန်းကို စစ်ဆေးခြင်းဖြစ်သည်။

သွေးတန်းက ပြည့်နေပြီဖြစ်သည်။

လက်မောင်းတွင် အညိုအမဲစွဲခြင်းအချို့ ရှိနေသေးသော်လည်း အရင်လို သိပ်မနာတော့ပေ။ ကမ္ဘာပျက်ပြီးနောက် သူ၏ ပြန်လည်နာလန်ထူနိုင်စွမ်းမှာလည်း ပို၍ အားကောင်းလာခဲ့သည်။

ထို့နောက် သူသည် တံခါးနှင့် ပြတင်းပေါက်များကို စစ်ဆေးသည်။ မနေ့ညက သောင်းကျန်းနေသော ဇမ်ဘီများကြောင့် သူ စိုးရိမ်နေခဲ့မိသည်။ ထိုမျှ လျင်မြန်ဖြတ်လတ်နေပါက နံရံများကိုပါ တက်လာနိုင်မလားဟု တွေးပူမိခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် အိမ်တွင်းရှိ အရာအားလုံးမှာ ဘေးကင်းနေဆဲပင်။

ဝမ်ထောင်သည် အပါတ်မန့် ကွန်ပလက်စ်အတွင်းရှိ ဇမ်ဘီများကို တစ်ဖန် လှမ်းကြည့်လိုက်သည်။

"ဇမ်ဘီတွေ တကယ်ပဲ ပိုများလာတာပဲ.. အပြင်ကနေ ဝင်လာကြတာ ဖြစ်မယ်၊ ဒါပေမဲ့ သူတို့က ကြောင်တောင်တောင် ဖြစ်နေကြတာပဲ။ မနေ့ညကနဲ့ ယှဉ်ရင် လုံးဝ တခြား သတ္တဝါတွေလိုပဲ... ဘာတွေဖြစ်နေတာလဲ"

မနေ့ညက ဝင်းထဲတွင် လျင်မြန်စွာ ပြေးလွှားနေသော ဇမ်ဘီများကို ကြည့်ပြီး သူတို့ မျိုးဗီဇပြောင်းလဲသွားပြီဟု ဝမ်ထောင် ထင်ခဲ့မိသည်။ သို့သော် ယခုအခါ ဇမ်ဘီများသည် မူလအတိုင်း တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဝင်းအတွင်း လမ်းသလားနေကြပြန်သည်။

"မဟုတ်သေးဘူး၊ ဒီညတော့ ပိုပြီး စောင့်ကြည့်ရမယ်! ဒီဇမ်ဘီတွေ ဘာဖြစ်နေတာလဲဆိုတာ ငါ သိအောင်လုပ်ရမယ်။ ဒီည ရာသီဥတု ကောင်းပါစေလို့ပဲ ဆုတောင်းရမှာပဲ..."

သူသည် ခပ်တိုးတိုး ရေရွတ်ပြီးနောက် မနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့သည့် ဘေးလမ်းမဘက်သို့ လှမ်းကြည့်လိုက်သည်။

မီးက လောင်နေဆဲပင်။ ပြတင်းပေါက် ဖွင့်လိုက်လျှင်ပင် ပုပ်စော်နံသော အလောင်းပုပ်နံ့များကို ရနေရသည်။

ဝမ်ထောင်သည် ပြတင်းပေါက်ကို အမြန် ပြန်ပိတ်လိုက်သည်။

သူသည် ရိုးရှင်းသော မနက်စာတစ်ခုကို ပြင်ဆင်လိုက်၏။

ထမင်းစားပြီးနောက် ဝမ်ထောင် ခဏမျှ စဉ်းစားပြီး ဒုတိယထပ်နှင့် ပထမထပ်တို့ကို ယနေ့ သွားရောက်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ထိုအထပ်နှစ်ခုမှာလည်း အိမ်ငှားများ ရှိနေခဲ့သည်။ အခန်း (၃၀၁) က လူကဲ့သို့ပင် တစ်စုံတစ်ယောက်သည် မီတာသေတ္တာထဲတွင် သော့ချန်ထားခဲ့တန်ကောင်းပါရဲ့ဟု သူ တွေးမိသည်။

အပြင်မထွက်မီ သူသည် မိမိကိုယ်ကိုယ် လက်နက်အပြည့်အစုံဖြင့် ပြင်ဆင်လိုက်သည်။စင်္ကြံလမ်းတွင် ဇမ်ဘီများ မရှိသော်လည်း ဘေးကင်းရေးမှာ ပထမဖြစ်သည်။

ဒုတိယထပ်သို့ ရောက်သောအခါ ဝမ်ထောင်သည် မီတာသေတ္တာ နှစ်ခုလုံးကို ရှာဖွေသော်လည်း သော့မတွေ့ခဲ့ပေ။

သို့သော် စိတ်ဝင်စားစရာကောင်းသည်မှာ အခန်း (၂၀၁) ၏ တံခါးတွင် သူ၏တံခါးကဲ့သို့ပင် သော့ပြင်သမား ကြော်ငြာအသေးလေးများစွာ ကပ်ထားသည်ကို တွေ့ရသော်လည်း အခန်း (၂၀၂) ၏ တံခါးမှာမူ လုံးဝ သန့်ရှင်းနေခြင်းဖြစ်သည်။

ဝမ်ထောင်သည် အင်တာနက်ပေါ်က ဟာသတစ်ခုကို ရုတ်တရက် သတိရသွားသည် - ထိုကြော်ငြာလေးများကို တံခါး၏ အတွင်းဘက်တွင် ကပ်ထားနိုင်မလားဟုပင်။

သူသည် တဟားဟားရယ်ပြီး ခေါင်းခါကာ ပထမထပ်သို့ ဆင်းသွားသည်။

ပထမထပ်ရှိ မီတာသေတ္တာများထဲတွင်လည်း သော့များ မရှိသဖြင့် ဝမ်ထောင် အနည်းငယ် စိတ်ပျက်သွားသည်။

သော့မရှိသောကြောင့် သူသည် ဤတံခါးများကို ခေါက်ရန် မရည်ရွယ်ပေ။

သူ့တွင် သော့မရှိသဖြင့် အတွင်း၌ လူရှိသည်ဖြစ်စေ၊ ဇမ်ဘီရှိသည်ဖြစ်စေ သူ ဝင်၍မရနိုင်ပေ။

ဝမ်ထောင်သည် ခြေသံကို ဖွဖွနင်းပြီး အဆောက်အဦး၏ လုံခြုံရေးတံခါးထံသို့ သွားရောက် အကဲခတ်သည်။

အဆောက်အဦး တံခါးမှ မှန်မှာ အနည်းငယ် ကွဲအက်နေသော်လည်း မှန်နောက်ကွယ်တွင် သံဇကာပါရှိသဖြင့် တံခါးမှာ ခိုင်ခံ့နေဆဲပင်။

မှန်မှတစ်ဆင့် ကြည့်လိုက်လျှင် အပြင်ဘက်တွင် လမ်းသလားနေသော ဇမ်ဘီအုပ်စုကို တွေ့ရသည်။ အနည်းဆုံး နှစ်ဆယ်ခန့် ရှိမည်ဖြစ်သည်။

"ဇမ်ဘီတွေ ဒီလောက်များနေရင် အပြင်ထွက်ဖို့ ခက်လိမ့်မယ်..."

ယခုဆိုလျှင် ကမ္ဘာပျက်ကပ်၏ သတ္တမမြောက်နေ့သို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း ကယ်ဆယ်ရေးအရိပ်အယောင် လုံးဝမတွေ့ရသေးပေ။ ဝမ်ထောင်သည် ကယ်ဆယ်ရေးအပေါ် မျှော်လင့်ချက် သိပ်မထားတော့ပေ။

သို့သော် သူ၏ လက်ကျန် အစားအစာများဖြင့်ဆိုလျှင် သူ အပြင်ထွက်ရန် အမှန်တကယ် လိုအပ်နေပြီဖြစ်သည်။

သူ့တွင် ထွက်ပေါက် နှစ်ခုသာ ရှိသည် - အပါတ်မန့် ကွန်ပလက်စ်ဝင်းကို ဖြတ်သွားခြင်း သို့မဟုတ် မြောက်ဘက် ပြတင်းပေါက်မှတစ်ဆင့် တက်ထွက်ခြင်းတို့ ဖြစ်သည်။

သို့သော် မြောက်ဘက်မှာ လမ်းမဖြစ်ပြီး ဇမ်ဘီများမှာ ထိုနေရာတွင် ပို၍ပင် များပြားလှသည်။

ထို့ကြောင့် သူသည် အပါတ်မန့် ဝင်းကိုသာ ဖြတ်သွားရမည်ဖြစ်သည်။ ထိုဇမ်ဘီ နှစ်ဆယ်ကျော်မှာ သူ ရင်ဆိုင်ရမည့်အရာများ ဖြစ်သည်။

သူတို့အား တစ်နေရာရာသို့ မျှားခေါ်ပြီး တစ်ကောင်ချင်း သတ်နိုင်လျှင် ကောင်းမှာပဲ...

စဉ်းစားရင်းဖြင့် ဝမ်ထောင်သည် အခြားသော လူနေဆောင်များကို လှမ်းကြည့်လိုက်သည်။

သူသည် အဆောက်အဦး (၄) တွင် ရှိနေခြင်းဖြစ်သည်။ ယခုနေရာမှကြည့်လျှင် သူ၏ မျက်နှာချင်းဆိုင်ရှိ အဆောက်အဦး (၂) နှင့် စောင်းစောင်းတွင်ရှိသော အဆောက်အဦး (၁) တို့ကိုသာ မြင်ရသည်။

အဆောက်အဦး (၁) နှင့် (၂) တို့၏ အခြေအနေမှာ မကောင်းပေ။ ထိုအဆောက်အဦးများ၏ တံခါးများမှာ ဟင်းလင်းပွင့်နေသည်ကို ဝမ်ထောင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဇမ်ဘီများမှာ စိတ်ကြိုက်အဝင်အထွက် လုပ်နေကြသည်။

အတွင်း၌ အသက်ရှင်ကျန်ရစ်သူများ ရှိနေသေးသလားတော့ သူ မသိပေ။

ဝမ်ထောင်သည် မိမိကိုယ်ကိုယ် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ သူတို့ အဆောက်အဦးတံခါး မပွင့်ရခြင်းမှာ ဤအဆောက်အဦးတွင် ရုံးဝန်ထမ်းများ များပြားသောကြောင့်ဟု သူ ခန့်မှန်းလိုက်သည်။ ဇမ်ဘီဗိုင်းရပ်စ် စတင်ပျံ့နှံ့သည့်နေ့မှာ မနက်ပိုင်းဖြစ်ပြီး ဝန်ထမ်းများမှာ အလုပ်သို့ စောစောစီးစီး သွားနှင့်ကြသောကြောင့် ဖြစ်နိုင်သည်။

ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော မျက်နှာချင်းဆိုင်ရှိ အဆောက်အဦး (၁) နှင့် (၂) တို့တွင်မူ အနားယူထားသော သက်ကြီးရွယ်အိုများ များပြားသည်။ သူတို့သည် အောက်ထပ်တွင် စုဝေးကာ စကားပြောခြင်း၊ စစ်တုရင်ကစားခြင်းတို့ ပြုလုပ်လေ့ရှိကြသည်။ အဝင်အထွက် လွယ်ကူစေရန် အချို့က လုံခြုံရေးတံခါးများကို အုတ်ခဲများဖြင့်ပင် တမင် ခုထားတတ်ကြသဖြင့် တံခါးများ ပိတ်မသွားနိုင်တော့ပေ။

ထိုကဲ့သို့ အခြေအနေမျိုးတွင် ဇမ်ဘီများ ပေါ်လာပါက သူတို့ ရှင်သန်ရန် အလွန်ခက်ခဲပေလိမ့်မည်။

လက်ရှိ အခြေအနေကို ယေဘုယျအားဖြင့် သိရှိပြီးနောက် ဝမ်ထောင်သည် ပြန်တက်ရန် ပြင်လိုက်သည်။

သို့သော် သူ ဒုတိယထပ်သို့ ရောက်သောအခါ အခန်း (၂၀၂) ၏ တံခါးမှာ ရုတ်တရက် ဟဟလေး ပွင့်လာသည်။

ဝမ်ထောင်သည် သူ၏ စတီးပိုက်ကို ချက်ချင်း တင်းတင်းဆုပ်ကာ သတိဖြင့် လှမ်းကြည့်လိုက်သည်။

"အစ်ကိုကြီး... ကျုပ် ဇမ်ဘီ မဟုတ်ပါဘူး"

ယောင်္ကျားတစ်ဦး၏ အသံမှာ အတွင်းမှ တိုးတိုးလေး ထွက်ပေါ်လာသည်။

တံခါးအဟလေးမှတစ်ဆင့် ဝမ်ထောင် ကြည့်လိုက်ရာ အတွင်း၌ ပိန်ပိန်ပါးပါး၊ ထိပ်ပြောင်ပြောင်နှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့ရသည်။ သူ၏ အရပ်မှာ ၁.၆ မီတာခန့်သာ ရှိသည်။

【၂၅/၁၀၀】

သူ၏ ခေါင်းပေါ်ရှိ အစိမ်းရောင် သွေးတန်းကို ကြည့်ခြင်းအားဖြင့် သူ၏ ကျန်းမာရေး အခြေအနေမှာ သိပ်မကောင်းလှပေ။

"အစ်ကိုကြီးက စင်္ကြံလမ်းက ဇမ်ဘီတွေကို သတ်လိုက်တဲ့ အစ်ကိုကြီး မဟုတ်လား။ အစ်ကိုကြီး တကယ် တော်တာပဲ"

ဝမ်ထောင်မှာ မိမိကိုယ်ကိုယ် အပြည့်အစုံ ဖုံးအုပ်ထားသဖြင့် ထိပ်ပြောင်ဦးလေးကြီးမှာ သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် ဝမ်ထောင် လက်ထဲက စတီးပိုက်နှင့် ထွားကြိုင်းသော ခန္ဓာကိုယ်ကို မြင်ရသောအခါ သူက အလိုအလျောက်ပင် 'အစ်ကိုကြီး' ဟု ခေါ်လိုက်ခြင်းဖြစ်သည်။

"တစ်ခုခု ကိစ္စရှိလို့လား"

ဝမ်ထောင်က အနည်းငယ် အေးစက်စက် ပြောလိုက်သည်။

အကယ်၍ သူ တတ်နိုင်ပါက အသက်ရှင်ကျန်ရစ်သူများကို ကူညီရန် ဝန်မလေးပေ။ သို့သော် ကယ်ဆယ်ရေးအရိပ်အယောင် မရှိသည့်အချိန်တွင် သူသည် လူစိမ်းတစ်ယောက်အပေါ် သဘောကောင်းလွန်းရန် မဖြစ်နိုင်ပေ။

"အဟမ်း... အဲဒါက... ကျုပ်အိမ်မှာ စားစရာတွေ ကုန်သွားလို့ပါ..."

ထိပ်ပြောင်ဦးလေးကြီးက သူ၏ ခေါင်းကို အားနာသလို ကုတ်လိုက်သည်။

"စိတ်မကောင်းပါဘူး၊ ကျုပ်မှာလည်း စားစရာ အလုံအလောက် မရှိဘူး။ စားစရာရှိရင် ကျုပ် ဒီအပြင်ကို ထွက်လာမှာ မဟုတ်ဘူး။"

ဝမ်ထောင်က ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အစ်ကိုကြီး... အစ်ကိုကြီး နားလည်မှု လွဲနေပြီ! ကျုပ် ဆိုလိုတာက ကျုပ်တို့ ပူးပေါင်းကြရင် ဘယ်လိုလဲ။ ကျုပ် စားစရာ ဘယ်မှာရှိလဲဆိုတာ သိတယ်၊ ဒါပေမဲ့ သွားယူဖို့ မရဲလို့ပါ..."

ထိပ်ပြောင်ဦးလေးကြီးက အပြုသဘောရှင်းပြလိုက်သည်။

"ဩော်... ပြောကြည့်ပါဦး။"

ဤစကားကို ကြားသောအခါ ဝမ်ထောင် မျက်ခုံးပင့်လိုက်မိသည်။

ဤလူမှာ လူအလူနပုံစံ မဟုတ်သဖြင့် အပြင်ဘက်ကို ဆိုလိုခြင်း မဟုတ်လောက်ပေ။ အပြင်ဘက်တွင် ပစ္စည်းများစွာ ရှိသော်လည်း ၎င်းတို့ကို ရယူရန် အသက်ရှင်နေဖို့ လိုအပ်သည်။

မျှော်လင့်ထားသည့်အတိုင်း ထိပ်ပြောင်ဦးလေးကြီးက အမြန်ပြောလာသည် ။

"ကျုပ် မျက်နှာချင်းဆိုင်က အခန်း (၂၀၁) လေ.. ကမ္ဘာမပျက်ခင် နှစ်ရက်အလိုမှာ သူ ပေါင် ၅၀ ပါတဲ့ ဆန်အိတ်ကြီး တစ်အိတ် သယ်သွားတာ ကျုပ် မြင်လိုက်တယ်။ သူက တစ်ယောက်တည်း နေတာဆိုတော့ အများကြီး ကျန်နေဦးမှာပဲ"

ပေါင် ၅၀ ပါသော ဆန်အိတ်..

တစ်နေ့ သုံးနပ် ပုံမှန်စားလျှင် လူတစ်ယောက်သည် တစ်လ သို့မဟုတ် နှစ်လခန့် စားနိုင်သည်။

အကယ်၍ ချွေတာစားမည်ဆိုလျှင် သို့မဟုတ် အနိမ့်ဆုံး ရှင်သန်မှု စံနှုန်းဖြင့် စားမည်ဆိုလျှင် လပေါင်းများစွာ ခံနိုင်တန်ကောင်းပါရဲ့...

"ဒါပေမဲ့ အခန်း (၂၀၁) တံခါးက သော့ခတ်ထားတယ်လေ။"

ဝမ်ထောင်က ထိပ်ပြောင်ဦးလေးကြီးကို ကြည့်လိုက်သည်။ သူက မျက်နှာချင်းဆိုင်တွင် နေသည်ဖြစ်ရာ အခန်း (၂၀၁) တံခါး သော့ခတ်ထားသည်ကို သူ မသိဘဲ မနေပေ။ သူက ဤအကြံကို ပေးသည်ဆိုကတည်းက သူ့တွင် အခန်း (၂၀၁) ၏ သော့ ရှိနိုင်မလား..

"ကျုပ်... ကျုပ် သော့ဖွင့်တတ်တယ်၊ ကျုပ်က သော့ပြင်သမားလေ"

ထိပ်ပြောင်ဦးလေးကြီးက ချက်ချင်း ပြန်ဖြေသည်။

"..."

သူ့တံခါးမှာ သော့ပြင်သမား ကြော်ငြာလေးတွေ မရှိတာ အံ့ဩစရာ မရှိတော့ဘူး။ သူကိုယ်တိုင်က သော့ပြင်သမားကိုး..

"အစ်ကိုကြီး၊ ဒီလိုလုပ်ရအောင်လေ။ ကျုပ်က သော့ဖွင့်ပေးမယ်၊ အစ်ကိုကြီးက အတွင်းက ဇမ်ဘီတွေကို ရှင်းပေး..ရလာတဲ့ စားစရာကို တစ်ယောက်တစ်ဝက် ခွဲကြတာပေါ့... မဟုတ်ဘူး၊ ကျုပ်က သုံးပုံတစ်ပုံပဲ ယူပါ့မယ်၊ ကျန်တာ အားလုံးက အစ်ကိုကြီးအတွက်ပဲ"

ပြောပြီးနောက် သူသည် ဝမ်ထောင်ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသည်။

ခဏမျှ စဉ်းစားပြီးနောက် ဝမ်ထောင်က ခေါင်းခါလိုက်သည်။

…………

All Chapters