← Chapters

သက်စောင့်မီးတောက်ရွှမ်ယောက်၊ ကောင်းကင်နန်းတော်ကို အလင်းဆောင်အံ့

Vol. 12 Ch. 178

သက်စောင့်မီးတောက်ရွှမ်ယောက်၊ ကောင်းကင်နန်းတော်ကို အလင်းဆောင်အံ့

Vol. 12 Ch. 178

ထိုညက ရွှီချင်း များစွာ ရရှိခဲ့သည်။

စုစုပေါင်း ကျူးရှစ်ကောင်ရှစ်ရာခန့် သူ ဖမ်းယူနိုင်ခဲ့၏။

သိုလှောင်အိတ်ထဲရှိ ရေခဲဖြင့် ပိတ်လှောင်ထားသော ကျူးရှစ်ကောင်များကို သူ ကြည့်၍ ၎င်းတို့နှင့် ဖော်စပ်နိုင်သည့် အဆိပ်ခုနစ်မျိုး၊ ရှစ်မျိုးခန့် သူ့ခေါင်းထဲ ပေါ်လာသည်။ ထိုအဆိပ်ဆေးတစ်မျိုးစီ၏ အစွမ်းက ကြောက်စရာကောင်းလှသည်။

“ တစ္ဆေဆန္ဒလည်း ရှိသေးတယ်။ အဲဒါကို ဒီကျူးရှစ်ကောင်တွေရယ်၊ ဆေးပင်နည်းနည်းပါးပါးရယ် ပေါင်းလိုက်ပြီး ယင်ယန်အစွန်းရောက်ပညာနဲ့ ဖော်လိုက်ရင် အခြေတည်အဆင့် ကျင့်ကြံသူတွေကိုတောင် သေစေနိုင်တဲ့ အဆိပ်မှုန့် ထွက်လာလောက်တယ် ”

ရွှီချင်းက အတန်ငယ် တွေးတောကြည့်ပြီး သူ့အတွေးများက အနည်းငယ် အကောင်းမြင်စိတ် ရှိနေသေးသလို ခံစားလိုက်ရသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် တိုက်ပွဲကို သူ ပြန်စဉ်းစားကြည့်မိလိုက်ပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အဆိပ်ခံနိုင်ရည်က အလွန်မြင့်မားနေသည်။

တစ္ဆေဆန္ဒနှင့် ကျူးရှစ်ကောင်ကို ပေါင်းစပ်ခြင်းအရ ရက်စက်ကြမ်းကြုတ်သော သားရဲများကို ဆွဲဆောင်နိုင်သည့် ဆေးသစ်ဖြစ်လာနိုင်သည်။ အမှန်စင်စစ် ကျူးရှစ်ကောင်နှင့်ဆိုပါက စွဲဆောင်နိုင်သည့်အဆင့်ကိုလည်း သူ ထိန်းချုပ်နိုင်မည် ဖြစ်သည်။

“ ငါ ပိုပြင်းတဲ့အဆိပ်လိုတယ် ”

ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ နောင်တွင် ပင်လယ်ပြင်သို့ ထွက်၍ သူ၏ အဆိပ်လမ်းစဉ်အတွက် အဆိပ်ပစ္စည်းများကို ရှာဖွေရန် သူ ဆုံးဖြတ်ချက်ချလိုက်သည်။

သူက သိုလှောင်အိတ်မှ အကြည့်လွှဲလိုပြီး တင်းရွှယ်ပေးခဲ့သည့် ကျောက်စိမ်းပေလွှာသုံးခုကို ကောက်ယူလိုက်သည်။ ဝိညာဉ်စွမ်းအားများကို ကျောက်စိမ်းပေလွှာထဲ ထည့်သွင်း၍ သူ စစ်ဆေးကြည့်လိုက်၏။

အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏မျက်နှာက တစ်မျိုး ဖြစ်သွားသည်။

“ ရက်တစ်ရာ အခြေတည်အဆင့်ဆိုပါလား ”

ရွှီချင်းက ထိုအကြောင်း တွေးတောကြည့်လိုက်ပြီး စစ်ဆေးကြည့်ရန် ဒုတိယတစ်ခုကို ယူလိုက်သည်။ ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး တစ်ရက် ကုန်သွားသည်။

ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးပေါ်သို့ ဆည်းဆာချိန် ထပ်မံကျရောက်လာသောအခါတွင် ကျောက်စိမ်းပေလွှာသုံးခုထဲရှိ စာသားများကို ရွှီချင်း ကောင်းစွာ နားလည်သွားသည်။ သူက ကျောက်စိမ်းပေလွှာများကို အောက်သို့ ချလိုက်ပြီး နဖူးကို ပွတ်လိုက်သည်။ သူ၏မျက်လုံးများက အံ့အားသင့်ခြင်းများဖြင့် ဝင်းလက်နေ၏။

“ သက်စောင့်မီးတောက်ရွှမ်ယောက်၊ ကောင်းကင်နန်းတော်ကို အလင်းဆောင်အံ့ ”

“ ရက်တစ်ရာ ဓမ္မတံခါးလွှာ ဖန်တီးပါ၊ ကောင်းကင်အမြင်ကို ဖုံးကွယ်အံ့ ”

ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ကျောက်စိမ်းပေလွှာထဲမှ စာသားများအရ ဤလောကကြီးထဲရှိ ကျင့်ကြံသူများက ချီစုစည်းခြင်းအဆင့်မှ အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် ကြီးမားသော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ရသည်။

ကျင့်ကြံသူများ၏ အဆင့်တက်လှမ်းခြင်းကို မမြင်နိုင်သော နတ်ဆိုးတစ်ပါးက ဝင်ရောက်စွက်ဖက်နေသည့်အလားပင်။

တချိန်တည်းမှာပင် အခြေတည်အဆင့်ကာလသည်လည်း အလွန် ကြာမြင့်ပြီး ရက်တစ်ရာအခြေတည်အဆင့်ဟူ၍ သိကြသည်။

ယင်းက အခြေတည်အဆင့် ပြီးမြောက်ရန် ရက်တစ်ရာအချိန်ယူရမည်ဟု မဆိုလိုပေ။ သို့သော်လည်း လူတစ်ယောက်က အခြေတည်အဆင့်ကို စတင်ဖောက်ဖျက်ရန် ကြိုးစားလိုက်သည်နှင့် အလွန်ဆုံး ရက်တစ်ရာထက် မကျော်လွန်ရပေ။ အချိန်ကြာလေလေ ကြီးမားသော အန္တရာယ်များကို ကြုံတွေ့ရမည် ဖြစ်သည်။

ကြုံတွေ့ရမည့်ကပ်ဘေးများကို ကျောက်စိမ်းပေလွှာသုံးခုထဲတွင် အသေးစိတ် ရှင်းပြမထားပေ။ သို့သော်လည်း ကျင့်ကြံသူများ အခြေတည်အဆင့်သို့ ဖောက်ဖျက်ရန် ကြိုးစားသည့်အခါ မကောင်းဆိုးဝါးများကို ဆွဲဆောင်သွားနိုင်ကြောင်း အကြမ်းဖျင်း ဖော်ပြထားသည်။ သေရေးရှင်ရေးအခြေအနေတစ်ရပ်ကို သူတို့ ကြုံတွေ့လိုက်ရသည်နှင့် အလွန် ဆိုးဝါးသောအခြေအနေသို့ ရောက်သွားရမည်သာ ဖြစ်သည်။

သို့ဖြစ်၍ ဤလောကကြီးထဲရှိ ကျင့်ကြံသူများက အခြေတည်အဆင့်ကို ဖောက်ဖျက်ရာတွင် အပြောင်းအလဲများကို အချိန်နှင့်အမျှ ဂရုစိုက်နေရသည်။ သူတို့က သူတို့ဆရာ သတိမထားမိစေဘဲ အခွင့်အရေးများအား ခိုးယူနေရသည့်အလားပင်။

တချိန်တည်းမှာပင် ထိုကဲ့သို့ ကြီးမားသော ကပ်ဘေးများ ပေါ်လာခြင်းမှ တားဆီးရန် အလို့ငှာ ကျင့်ကြံသူများက အဆင့်တက်သည့်အခါ တချို့မှော်ပစ္စည်းများကို သုံး၍ သူတို့ကိုယ်သူတို့ ဖုံးအုပ်ကာ ကာကွယ်ကြသည်။

ထိုကဲ့သို့ မှော်ပစ္စည်းအမျိုးအစားက မရှားပါးသော်လည်း အများစုက ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုကြီးများတွင်သာ ရှိတတ်သည်။ ချီရွှဲ့ထုံဂိုဏ်းတွင်လည်း ထိုကဲ့သို့ မှော်ပစ္စည်းမျိုးရှိပြီး ၎င်းကို သတ်မှတ်ထားသောနေရာတွင် ထားသည်။ ပြောရမည်ဆိုလျှင် ချီရွှဲ့ထုံဂိုဏ်းသားများ အဆင့်တက်ချင်ပါက ထိုနေရာသို့ သွားရသည်။

သို့သော်လည်း အခကြေးငွေက ခေါင်ခိုက်နေသည်။ အခကြေးငွေကို အချိန်နှင့် လိုက်၍ တောင်းခံပါက တစ်နာရီလျှင် ဝိညာဉ်ကျောက်တုံးတစ်ရာ ရှိသည်။

မှော်ရတနာများ ငှားရန် မတတ်နိုင်သော ဂိုဏ်းသားများ သို့မဟုတ် လေလွင့်ကျင့်ကြံသူများအတွက် အခြေတည်အဆင့်ကို ရောက်ချင်ပါက အသက်နှင့်ရင်း၍ စွန့်စားရမည် ဖြစ်သည်။

သေဆုံးသည့်နှုန်းနှင့် ကျရှုံးသည့်နှုန်းက အလွန်မြင့်မားသည့်အတွက်ကြောင့် မှော်ပစ္စည်းအကာအကွယ်မပါဘဲ အဆင့်တက်ခြင်းသည် တခြားရွေးချယ်စရာမရှိသောအခါမှသာ ရွေးချယ်သည့်နည်းလမ်း ဖြစ်သည်။

ရွှီချင်းက နတ်ဘုရား၏မျက်နှာပျက်ကြီးကို တွေးမိလိုက်ပြီး ယခုကိစ္စက ထိုမျက်နှာပျက်ကြီးနှင့် ဆက်နွယ်နေသည်ကို သိရန် ဆန်းစစ်နိုင်မည့်အကြောင်းအရာ ရှိမနေပေ။

ခဏအကြာ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများကို မှိတ်၍ ခေါင်းထဲရှိ ကျောက်စိမ်းပေလွှာသုံးခုထဲမှ အချက်အလက်ကို ဆက်လက်တွေးတောလိုက်သည်။

အခြေတည်အဆင့်စည်းမျဉ်းမှာ စုစည်းထားသော ဝိညာဉ်ပင်လယ်ကို သံုံး၍ ဓမ္မတံခါးကို တွန်းဖွင့်ရခြင်းဖြစ်သည်။

ဓမ္မတံခါးဆိုသည်မှာ လူ့ခန္ဓာကိုယ်ပေါ်မှ မမြင်နိုင်သော ဝိညာဉ်အမှတ်အသား ဖြစ်သည်။ ယင်းတွင် မှော်စွမ်းအားများ ရှိနေပြီး ဖွင့်လိုက်သည်နှင့် ဘဝကလည်း ပြောင်းသွားမည်ဖြစ်သည်။

ချီစုစည်းခြင်းအဆင့်နှင့် အခြေတည်အဆင့်က အခြေခံအားဖြင့် ကွဲပြားသည်။ ချီစုစည်းခြင်းအဆင့်၌ ကျင့်ကြံသူများက ဝိညာဉ်ပင်လယ်များကို စုစည်းကြရပြီး အခြေတည်အဆင့် ကျင့်ကြံသူများက ဓမ္မတံခါးများကို ဖွင့်ကြရသည်။

ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်သွားပြီးနောက် အခြေတည်အဆင့်သု့ိ တက်လှမ်းသည့် ပထမအဆင့်တွင် ခန္ဓာကိုယ်ပေါ်ရှိ ဓမ္မတံခါးများ၏ အရေအတွက်နှင့် တည်နေရာကို အာရုံခံရခြင်း ဖြစ်သည်။

ပြီးသည်နှင့် ကျင့်ကြံသူက ဝိညာဉ်ပင်လယ်ကို အသုံးချ၍ ဓမ္မတံခါးကို တိုက်ခိုက်ရန် လိုအပ်သည်။ ဓမ္မတံခါး ပွင့်သွားပြီးနောက် ထိုပွင့်သွားသည့်ဓမ္မတံခါးက ပထမဓမ္မတံခါး ဖြစ်လာမည်ဖြစ်သည်။

ဝိညာဉ်စွမ်းအားများက ထိုဓမ္မတံခါးနှင့် ပေါင်းစပ်သွားမည်ဖြစ်ပြီး လေပွေကြီးအဖြစ် စုစည်းသွားကာ ဝိညာဉ်စွမ်းအားများထက် သာလွန်သော ဓမ္မစွမ်းအားကို ထုတ်လွှတ်ပေးမည်ဖြစ်သည်။

ချီစုစည်းခြင်းအဆင့်တွင် ဝိညာဉ်စွမ်းအားများ ပါဝင်ပြီး အခြေတည်အဆင့်တွင် ဓမ္မစွမ်းအားများ ပါဝင်သည်။

ထိုစွမ်းအားနှစ်ခုကြား ကွာခြားချက်သည် မိုးနှင့်မြေပမာပင်။

ကျင့်ကြံသူများအကြား ဝိညာဉ်စွမ်းအား ကွာခြားချက်ကြောင့် ဓမ္မတံခါးများမှ ထုတ်လွှတ်ပေးသော ဓမ္မစွမ်းအားများသည်လည်း ကွာခြားခြင်း ရှိသည်။ ချီစုစည်းခြင်းအဆင့်တွင် သိပ်သည်းသော ဝိညာဉ်စွမ်းအားများကို ပိုင်ဆိုင်ထားပါက အခြေတည်အဆင့်သို့ ရောက်သည့်အခါ ပို၍များပြားသော ဓမ္မစွမ်းအားများကို ပိုင်ဆိုင်မည် ဖြစ်သည်။ ထို့ပြင် ထိုအချက်က ဓမ္မတံခါးတိုင်းအပေါ်တွင် သက်ရောက်နေမည်ဖြစ်၍ ကွာခြားချက်က တဖြည်းဖြည်းနှင့် ကြီးမားသွားမည်ဖြစ်သည်။

ဓမ္မတံခါးများကို အာရုံခံရာတွင်လည်း အရေးကြီးသောအချက် ရှိနေသည်။

ကျင့်ကြံသူက ပထမဦးစွာ သူ ဖွင့်ချင်သည့် ဓမ္မတံခါးကို အာရုံခံရသည်။ နောက်ထပ်ဓမ္မတံခါးကို ဖွင့်ချင်ပါက ဓမ္မတံခါးများ၏ တည်နေရာကို ထပ်၍ အာရုံခံရမည်ဖြစ်သည်။ ဤနေရာတွင် အခြေတည်အဆင့်ဆေးလုံးများ၏ အခန်းကဏ္ဍ ပါဝင်လာသည်။

ယင်းသည် နောင်တချိန်တွင် ကျင့်ကြံသူတစ်ယောက်က မည်မျှအဆင့်အထိ သွားနိုင်မည်ကို သတ်မှတ်ပေးမည်ဖြစ်ပြီး ကျင့်ကြံသူတိုင်းအတွက် အလွန် အရေးကြီးသည်။

ဓာတ်နှောများသည်လည်း ဓမ္မတံခါးများကို အာရုံခံရာတွင် ကြီးစွာသော အဟန့်အတား ဖြစ်သည်။

နတ်ဘုရား၏ အငွေ့အသက်များ စွဲထင်နေသည့် ဤလောကကြီးထဲတွင် ကိုးဆယ့်ကိုးရာခိုင်နှုန်းသော သက်ရှိများတွင် ဓာတ်နှောများ ရှိကြပေသည်။

ကျင့်ကြံသူတစ်ယောက်က အခြေတည်အဆင့်သို့ တက်လှမ်းရန် အသင့်ဖြစ်နေသည့်အချိန်တွင် ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောများက ဓမ္မတံခါးများကို ဖုံးကွယ်ပေးထားမည်ဖြစ်သည်။

ယေဘုယျဆိုရလျှင် ဓမ္မတံခါး ရှစ်ဆယ်ကို အာရုံခံနိုင်လျှင် ထူးချွန်ပြီဟု သတ်မှတ်နိုင်သည်။

ဓမ္မတံခါး ကိုးဆယ်ကို အာရုံခံနိုင်ပါက ထူးခြားသော ပါရမီရှင်တစ်ယောက်ဖြစ်မည်မှာ သေချာသည်။ ဂိုဏ်းကြီးများမှ ဂိုဏ်းသားများသည်သာ ထိုသို့ အောင်မြင်နိုင်ကြသည်။

ဓမ္မတံခါးများကို အာရုံခံရခြင်းသည် ညအမှောင်ထုထဲ လမ်းလျှောက်နေရသည်နှင့် ဆင်တူပြီး ကြောက်မက်ဖွယ်အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်သည်။

ထို့ကြောင့်လည်း “ ရက်တစ်ရာ ဓမ္မတံခါးလွှာ ဖန်တီးပါ၊ ကောင်းကင်အမြင်ကို ဖုံးကွယ်အံ့ ” ဟူ၍ ဆိုခြင်း ဖြစ်သည်။

ဓမ္မတံခါးများ၏ ကန့်သတ်ချက်မှာ တစ်ရာ့နှစ်ဆယ်ရှိသည်။ သို့သော်လည်း ယင်းသည် အယူအဆသာ ဖြစ်သည်။ ထိုတံခါးအားလုံးကို အာရုံခံနိုင်သည့်လူများမှာ အလွန့်အလွန် ရှားပါးသည်။

လူသားမျိုးနွယ်စတင်ရာ ဝမ်ကူးဒေသကြီးထဲ၌ ထူးခြားသောနည်းလမ်းများကို အသုံးပြု၍ ဓာတ်နှောများ ကင်းစင်အောင် လုပ်နိုင်သူများသည်သာ ထိုကဲ့သို့ ဓမ္မတံခါးအားလုံးကို ဖွင့်နိုင်ကြသည်ဟု ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားသည်။

သို့သော်လည်း ထိုသို့ဖွင့်နိုင်ရန် ဝိညာဉ်စွမ်းအား အမြောက်အမြား လိုအပ်သည်။ ထို့ပြင် ဓာတ်နှောများ မရှိသည့်တိုင်အောင် ပါရမီကိုလိုက်၍ အာရုံခံနိုင်သည့်နေရာတွင်လည်း ကွဲပြားသွားနိုင်သေးသည်။

ထိုကဲ့သို့ လူများက ကြောက်မက်ဖွယ် နောက်ခံအင်အားနှင့် ခွန်အားများ ရှိနေမည်ဖြစ်သည်။ ထိပ်တန်းအဆင့်ဂိုဏ်းကြီးများနှင့် လူသားမျိုးနွယ်စပေါ်ကတည်းက တည်ရှိနေခဲ့သည့် ရှေးဟောင်းမျိုးနွယ်ကြီးများတွင်သာ ရှေးဘုရင်များနှင့် အရှင်သခင်များ၏ လမ်းစဉ်ကို လျှောက်လှမ်းရန် ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့လူများကို ပြုစုပျိုးထောင်ကြသည်။

ချီရွှဲ့ထုံဂိုဏ်းက အင်အားကြီးမားသည် ဆိုပါသော်လည်း နန်းဟွမ်ဒေသကြီးထဲတွင်သာ ဖြစ်သည်။ ခုနစ်ဂိုဏ်းမဟာမိတ်ကိုသာ ဝမ်ကူးဒေသကြီးထဲတွင် အင်အားကြီးဂိုဏ်းတစ်ဂိုဏ်းအဖြစ် အကြမ်းဖျင်း ယူဆနိုင်သည်။

ချီရွှဲ့ထုံဂိုဏ်းတွင် ထိုကဲ့သို့ ဂိုဏ်းသားတစ်ယောက်ကို ပိုင်ဆိုင်နိုင်သည့်အရည်အချင်း မရှိပေ။ ရှေးကတည်းက ချီရွှဲ့ထုံဂိုဏ်း၌ ထိုကဲ့သို့ ဂိုဏ်းသားမျိုး တစ်ခါမှ မပေါ်လာခဲ့ဖူးချေ။

“ မဟုတ်ဘူး ”

ရွှီချင်းက ကျောက်စိမ်းပေလွှာမှ အကြည့်လွှဲ၍ မည်းမှောင်နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ယနေ့ည ကောင်းကင်ကြီးက ယမန်နေ့ကထက် ပို၍ မည်းမှောင်နေပါသော်လည်း တလက်လက်တောက်ပနေသော ကြယ်အနည်းငယ်ကို သူ မြင်နေရသေးသည်။

ထိုကြယ်ကလေးများကို ကြည့်ရင်း အခြေတည်အဆင့် တက်လှမ်းခြင်း၏ ဒုတိယမြောက်အဆင့်အကြောင်း သူ့ခေါင်းထဲတွင် ပေါ်လာသည်။

ပထမအဆင့်က ဓမ္မတံခါးများကို အာရုံခံခြင်း ဖြစ်သည်။

ဒုတိယအဆင့်က ဓမ္မတံခါးများကို ဖွင့်ပြီး ဓမ္မစွမ်းအားများကို ထုတ်ဖော်ရန် ဖြစ်သည်။ ထိုဓမ္မစွမ်းအားများက ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားမည်ဖြစ်ပြီး အသက်ကို ပြောင်းလဲပေးမည် ဖြစ်သည်။

ထိုအခြေအနေသို့ ရောက်ပါက အခြေတည်အဆင့်အောင်မြင်ပြီဟူ၍ ယူဆနိုင်သည်။

ဓမ္မတံခါးများကို ဖွင့်ပြီးနောက် ကျင့်ကြံခြင်းနည်းလမ်းသည် ဂိုဏ်းအသီးသီးမှ ကျင့်ကြံခြင်းပညာရပ်များနှင့် နည်းလမ်းမျိုးစုံကို အသုံးချ၍ နောက်ထပ် ဓမ္မတံခါးများကို ဖွင့်ရခြင်း ဖြစ်သည်။ ဓမ္မတံခါးသုံးဆယ်ကို ဖွင့်ပြီးပါက ထိုဓမ္မတံခါးသုံးဆယ်မှ ထုတ်လွှတ်ပေးမည့် ဓမ္မစွမ်းအားက အခြေတည်အဆင့်ကျင့်ကြံသူများအတွက် ပထမသက်စောင့်မီးလုံး ဖြစ်ပေါ်လာမည်ဖြစ်သည်။

ခြောက်ဆယ်မြောက်ဓမ္မတံခါးက ဒုတိယမြောက်သက်စောင့်မီးလုံး ဖြစ်လာမည်ဖြစ်သည်။

ကိုးဆယ်မြောက်ဓမ္မတံခါးက တတိယမြောက်သက်စောင့်မီးလုံး ဖြစ်လာမည်ဖြစ်သည်။

ထိုအဆင့်တွင် ရွှေအမြုတေအဆင့်ကို တက်လှမ်းရန် ကြိုးစားနိုင်သည်။ စတုတ္ထမြောက်သက်စောင့်မီးလုံးနှင့် ပတ်သက်၍ အခွင့်အရေးကောင်းများနှင့် ကြီးမားသော ပါရမီရှိရန် လိုအပ်သည်။

သက်စောင့်မီးတောက် ပေါ်လာသည်နှင့် အလုံးတစ်လုံးပုံစံသာ ဖြစ်နေသည့်တိုင်အောင် တစ်ကိုယ်လုံးကို လွှမ်းခြုံရန် လုံလောက်မည်ဖြစ်ပြီး ညအခါ ကောင်းကင်နန်းတော်ကို အလင်းပေးနေသကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။

သက်စောင့်မီးတောက် ပေါ်ထွက်လာအောင် လုပ်နိုင်သည့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က သက်စောင့်မီးတောက် မရှိသည့် ကျင့်ကြံသူများနှင့် လုံးဝကွဲပြားခြားနားသွားသည်။

မည်သည့်အတွက်ကြောင့်ဆိုရသော် သက်စောင့်မီးတောက်တွင် အခြေတည်အဆင့် ကျင့်ကြံသူများ၏ သရုပ်သကန်ဖြစ်သော ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းပေးနိုင်မည့် အစွမ်းရှိသောကြောင့် ဖြစ်သည်။

ထိုရွှမ်ယောက်အသွင်သဏ္ဍာန် ပေါ်ထွက်လာသည်နှင့် သက်စောင့်မီးတောက်များစွာ ကုန်ခမ်းသွားမည်ဖြစ်ပြီး ကြောက်မက်ဖွယ်အစွမ်းလည်း ရှိသည့်အတွက်ကြောင့် များသောအားဖြင့် တမြေ့မြေ့ လောင်ကျွမ်းနေသည့်အခြေအနေသို့ ရောက်သွားမည်ဖြစ်သည်။ ရေကုန်ရေခမ်း တိုက်ခိုက်သည့် အခြေတည်အဆင့် ကျင့်ကြံသူများသည်သာ သက်စောင့်မီးတောက်ကို ထွန်းညှိကြသည်။

သက်စောင့်မီးတောက်ကို တောက်လောင်စေလိုက်သည်နှင့် ခွန်အားက သိသိသာသာ ကြီးမားလာမည်ဖြစ်သည်။ ထိုအခြေအနေက သာမန်ထက် ကျော်လွန်နေသည်ဖြစ်၍ ယင်းကို ရွှမ်ယောက်အသွင်သဏ္ဍာန်ဟူ၍ ခေါ်ဆိုကြသည်။

ယေဘုယျဆိုရလျှင် ပေတစ်ထောင်အမြင့် ဝိညာဉ်ပင်လယ်ရှိသော ကျင့်ကြံသူတစ်ယောက်က သုံးဆယ်မြောက် ဓမ္မတံခါးကို ဖွင့်ပြီး သက်စောင့်မီးတောက် ဖြစ်လာပါက ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်တစ်ထောင့်ရှစ်ရာရှူကြိမ်အထိ ထိန်းထားနိုင်စွမ်း ရှိမည်ဖြစ်သည်။

အသက်တစ်ချက်ရှူကြိမ်တိုင်းတွင် ဓမ္မတန်ခိုးများစွာကို စုပ်ယူသွားမည်ဖြစ်သည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အခြေတည်အဆင့်အကြောင်း အတွေးစများကို ဖိနှိပ်လိုက်သည်။

တင်းရွှယ်ပေးခဲ့သည့် အချက်အလက်က ပြည့်စုံပါသော်လည်း ရွှီချင်းက သတိကြီးသော စရိုက်ရှိသူဖြစ်သည်။ ထိုအချက်အလက်က အတုအယောင် မဟုတ်ပါသော်လည်း သူ စိတ်ချလက်ချ မရှိသေးဘဲ နောက်ထပ်စစ်ဆေးရန် စောင့်မည်ဖြစ်သည်။

ထို့ပြင် ယခင်ရက်က သူ့ဝိညာဉ်ပင်လယ်က ပေနှစ်ထောင့်ခုနစ်ရာသို့ ရောက်သွားခဲ့ပြီ ဖြစ်ပါသော်လည်း နောက်ရက်များတွင် ဝိညာဉ်ပင်လယ်က ဆက်လက်ရှည်ထွက်လာနေသည်ကို သူ အာရုံခံမိခဲ့သည်။ ယခုတွင် ဝိညာဉ်ပင်လယ်က ပေနှစ်ထောင့်ကိုးရာသို့ ရောက်နေပြီ ဖြစ်သည်။

သို့သော်လည်း ယင်းက သူ့ကန့်သတ်ချက်နှင့် ဝေးကွာနေသေးသည်။ တောင်တန်းပင်လယ်ပညာရပ်တွင်လည်း အတူတူပင်။ ထို့ကြောင့် ရွှီချင်းက အခြေတည်အဆင့်မရောခင် ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်ကို အဆုံးစွန်ထိ ရောက်အောင် လေ့ကျင့်ရန် ပြင်ဆင်ထားသည်။

အခြေတည်အဆင့်ဆေးလုံးများကဲ့သို့ အခြေတည်အဆင့်အတွက် ပြင်ဆင်ရန် ဝိညာဉ်ကျောက်တုံးများ စုဆောင်းမည့်နည်းလမ်းကိုလည်း သူ စဉ်းစားထားရမည်ဖြစ်သည်။

“ ငါက ဓာတ်နှောတွေ မရှိဘူးဆိုပေမဲ့ ဘေးကင်းဖို့ အခြေတည်အဆင့်ဆေးလုံးတွေ ပြင်ဆင်ဖို့ လိုသေးတယ်။ ဆေးလုံးနှစ်လုံးလောက် ရှိနေရင် ပိုကောင်းတယ်။ ဒါပေမဲ့ အဲဒါကလည်း ဈေးကြီးလွန်းတယ် ”

ရွှီချင်းက သိုလှောင်အိတ်ကို ဖွင့်ကာ တွက်ကြည့်ပြီးနောက် အနည်းငယ် စိတ်ပူသွားသည်။

“ ပြီးတော့ အခြေတည်အဆင့်တက်ဖို့ နေရာငှားခကလည်း ခေါင်ခိုက်နေတာပဲ။ ကျောက်စိမ်းပေလွှာထဲမှာတော့ အခြေတည်အဆင့်တက်မယ့် ဂိုဏ်းသားတွေကို ဂိုဏ်းက အားပေးတဲ့အနေနဲ့ နေရာငှားခကို ချေးပေးတယ်ပြောတာပဲ။ ရက်တစ်ရာငှားခကို သုံးနှစ်အတွင်း အတိုးရောအရင်းရော ပြန်ဆပ်ရမှာတဲ့ ”

“ ဒါပေမဲ့ အခြေတည်ဆေးလုံးကို ငါ ကိုယ်တိုင် ပြင်ထားမှရမယ် ”

ရွှီချင်း ငြိမ်ကျသွားသည်။ ရက်တစ်ရာငှားခကို အတိုးပါပေးရမည့်ကိစ္စကြောင့် သူ အနည်းငယ် သွေးတက်နေရသည်။ ကျောက်စိမ်းပေလွှာထဲတွင် အတိုးက အရင်း၏ တစ်ဝက် ရှိမည်ဖြစ်သည်။

“ ရက်တစ်ရာငှားခက ဝိညာဉ်ကျောက်တုံးတစ်သိန်းနှစ်သောင်းပဲ။ အတိုးပါ တွက်လိုက်ရင် ဝိညာဉ်ကျောက်တုံး တစ်သိန်းရှစ်သောင်း ရှိသွားမှာဆိုတော့ တစ်လကို ဝိညာဉ်ကျောက်တုံး ငါးထောင် ကျတာပဲ။ မတန်ဘူး ”

ရွှီချင်း သက်ပြင်းချလိုက်သည်။ အခြေတည်အဆင့်သို့ ရောက်ရန် အလွန် ခက်ခဲနေရသည်ကို သူ နားလည်သွားသည်။

ခေါင်းဆောင် ပြောခဲ့သည့် ပြိုင်ပွဲကြောင့် ဂိုဏ်းသားအများစုက သူတို့ကျင့်ကြံခြင်းအဆင့်များကို ဖိနှိပ်ကာ အဆင့်မတက်ကြသည့် အကြောင်းရင်းကို သူ ရုတ်ခြည်း နားလည်သွားရသည်။

သူတို့က ဝိညာဉ်ကျောက်တုံးအလုံအလောက်မရှိ၍ ကံကြမ္မာကောင်းတစ်ခုနှင့် ကြုံတွေ့ရန် ပြိုင်ပွဲကို စောင့်မျှော်နေခြင်းသာ ဖြစ်ပေသည်။

ထို့ကြောင့် ရွှီချင်းသည်လည်း မကြာခင် ကျင်းပတော့မည့် သတ္တမမြောက်တောင်ထိပ်ပြိုင်ပွဲကို အလွန် မျှော်လင့်ထားသည်။

အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်း၍ မျက်လုံးများကို မှိတ်ကာ စတင်ကျင့်ကြံလိုက်သည်။

တစ်ညတာ ကုန်လွန်သွားသည်။ နောက်တစ်နေ့ မနက်ခင်း၌ အပြင်းအထန် လေ့ကျင့်နေသော ရွှီချင်းမှာ ရုတ်တရက် စိတ်ထဲတွင် တုန်ရီသွားသလို ခံစားလိုက်ရသည်။ သူ့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး အခန်းငယ်လေးအပြင်ဘက်သို့ လျှောက်လာသည်။ သူက ကောင်းကင်ကြီးကို မော့ကြည့်၍ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို လှည့်ပတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဝိညာဉ်စွမ်းအားများ ဖြန့်ကျက်လိုက်သည်။

သူ လှမ်းကြည့်လိုက်သည့်အချိန်မှာပင် သက်တန့်တစ်စင်း အလျင်အမြန် ပျံသန်းလာ၏။ ၎င်း၏ ပစ်မှတ်က ရွှီချင်း၏လှေဖြစ်ပြီး ဗြုန်းခနဲ နီးကပ်လာသည်။

တစ်ဖက်လူက ရပ်တန့်ရန် ရည်ရွယ်ချက်မရှိသည့်အလားပင်။ ၎င်းက ရွှီချင်း၏ မှော်လှေအကာအကွယ်ကို လျစ်လျူရှု၍ မှော်လှေထဲသို့ အတင်းအကြပ် ဝင်ရောက်နေချင်နေသည့်အလားပင်။

သို့သော်လည်း ရွှီချင်းကို သတိထားမိပြီးနောက် သက်တန့်အတွင်းမှ အံ့အားတသင့် ရေရွတ်သံ ထွက်ပေါ်လာသည်။ ၎င်းက မှော်လှေအပြင်ဘက်ရှိ လေထဲတွင် ရုတ်တရက် ရပ်လိုက်ပြီး လူငယ်တစ်ယောက်၏ပုံရိပ်ပေါ်လာသည်။

ထိုလူငယ်သည် နက်မှောင်သော ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး အခြေတည်အဆင့်ကျင့်ကြံခြင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။ သူက လေထဲတွင် ရပ်၍ မှော်လှေ၏ အကာအကွယ်အတွင်းရှိ ရွှီချင်းကို ငုံ့ကြည့်ကာ သူ့မျက်လုံးများထဲ အံ့အားသင့်သွားသည့်် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

“ ဂိုဏ်းထောက်လီကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းသည် တည်ငြိမ်နေဟန်ရှိပါသော်လည်း စိတ်ထဲတွင် သတိထားနေသည်။ ဤနေရာသို့ ဂိုဏ်းထောက်လီ ရောက်လာရသည့်အကြောင်းရင်းကို သူ အလျင်အမြန် စဉ်းစားကြည့်လိုက်သည်။

ဂိုဏ်းထောက်လီကို သူ မှတ်မိထား၏။ ဂိုဏ်းထောက်လီသည် အကြီးအကဲကျောက်၏ အချစ်တော်ဖြစ်ပြီး စေလွှတ်ရေးဌာနဖြစ်ရပ်တွင် ကျောက်ကျုံးဟန်ကို အဝေးသို့ ခေါ်ဆောင်သွားခဲ့သူ ဖြစ်သည်။

‘ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ သူက ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကိုတောင် ရောက်နေပြီး အချိန်မရွေး အဆင့်တက်နိုင်တဲ့အခြေအနေမှာ ရှိနေတာပဲ ’

ဂိုဏ်းထောက်လီက ရွှီချင်းကို ကြည့်၍ ပြုံးပြလိုက်သည်။ သူ့ဆက်ဆံပုံက ယခင်ထက်စာလျှင် ကောင်းမွန်နေသည်မှာ ထင်ရှားသည်။

“ မင်း အများကြီး တွေးမနေပါနဲ့။ မင်း တင်ပြထားတဲ့ လူ့ဘီလူးကြီးနဲ့ နဂါးလှည်းအကြောင်းကို မေးမြန်းဖို့ အကြီးအကဲကျောက်ရဲ့ အမိန့်အရ ငါ ဒီကို ရောက်လာတာ။ တခြား ဘာကိစ္စမှမရှိဘူး။ မင်း စိတ်အေးလက်အေး နေနိုင်တယ် ”

ဂိုဏ်းထောက်လီက ရွှီချင်း၏ သတိထားနေပုံကို မြင်နိုင်သည်။ သူသည်လည်း အခြေတည်အဆင့်သို့ အခွင့်ထူးခံ၍ တက်ရောက်နိုင်ခဲ့သည့် အဓိကဂိုဏ်းသားတစ်ယောက်မဟုတ်ဘဲ တောင်ခြေမှနေ၍ တိုက်ခိုက်ကာ တက်ရောက်ခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် တောင်ခြေရှိ အနှီဝံပုလွေပေါက်လေးများ၏ စရိုက်သဘာဝကို သူ ကောင်းစွာ နားလည်သည်။

တခြားဂိုဏ်းသားတစ်ယောက်ဆိုပါက သူ ဂရုစိုက်မည် မဟုတ်ပေ။ သို့သော်လည်း အခြေတည်အဆင့်သို့ အချိန်မရွေး ဖောက်ထွက်နိုင်ရန် အလားအလာကောင်းသော ဂိုဏ်းသားတစ်ယောက်ဖြစ်နေ၍ သူ့ဆက်ဆံပုံ ကွဲပြားသွားရသည်မှာ ပုံမှန်သာဖြစ်သည်။

https://mmxianxia.com/wp-content/uploads/2023/02/download-4.jpeg

ဘာသာပြန်သူမှတ်စု၊ ခန္ဓာကိုယ်ပေါ်က ဓမ္မတံခါးသဘောတရားကို နာရူတိုထဲက ဂိတ်တံခါးရှစ်ခုပုံစံနဲ့ ဖော်ပြလိုက်ရပါတယ်။ အချိန်ကို ကျော်လွန်၍ စာစဉ်ထဲမှာတော့ ဓမ္မတံခါးက တစ်ရာ့နှစ်ဆယ်အထိ ရှိတာပါ။

All Chapters