← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

သော့ဖွင့်နည်းပညာကို လေ့လာခြင်း

ဝမ်ထောင် ခေါင်းခါလိုက်သည်ကို မြင်သောအခါ ထိပ်ပြောင်ဦးလေးကြီး၏ မျက်နှာမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားသည်။

"အစ်ကိုကြီး... ဇမ်ဘီတွေကို တိုက်ခိုက်တာက အသက်နဲ့ရင်းရမှန်း ကျုပ်သိပါတယ်၊ ဒါပေမဲ့ ကျုပ်တို့က ဇမ်ဘီတွေ မဟုတ်ဘူးလေ၊ ထမင်းစားရဦးမယ်မဟုတ်လား.. စွန့်စားရမှာပေါ့... ဒီလိုလုပ်ပါ၊ ကျုပ်က လေးပုံတစ်ပုံပဲ ယူမယ်၊ ကျန်တာ အားလုံး အစ်ကိုကြီးပဲ ယူလိုက်ပါ"

ထိပ်ပြောင်ဦးလေးကြီးသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ၏ တောင်းဆိုချက်ကို ထပ်မံလျှော့ချလိုက်သည်။

ဆန်ပေါင်ငါးဆယ်၏ လေးပုံတစ်ပုံမှာ ၁၂.၅ ပေါင် ရှိသည်။ အကယ်၍ သူ ချွေတာစားမည်ဆိုလျှင် ဘာပြဿနာမှမရှိဘဲ လဝက် သို့မဟုတ် တစ်လခန့် စားနိုင်သည်။ ထို့အပြင် အခန်း (၂၀၁) ထဲတွင် အခြားအစားအစာများလည်း ရှိနေနိုင်သေးရာ စုစုပေါင်းလိုက်လျှင် အနည်းဆုံး နှစ်လခန့်တော့ အေးအေးဆေးဆေး စားနိုင်ပေလိမ့်မည်။

ကယ်ဆယ်ရေးကသာ နှစ်လအတွင်း ရောက်မလာခဲ့လျှင် သူ ရူးသွားနိုင်သည်ဟု တွေးမိသော်လည်း အနာဂတ်ကို နောက်မှ စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ လောလောဆယ်တွင် အစားအစာ ရရှိရန်မှာ ပထမဖြစ်သည်။

ဝမ်ထောင်က ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသဖြင့် ထိပ်ပြောင်ဦးလေးကြီးမှာ ပို၍ပင် ပြာယာခတ်လာသည်။ သူသာ ဇမ်ဘီများကို သတ်နိုင်စွမ်းရှိမည်ဆိုပါက သူကိုယ်တိုင် သွားယူသည်မှာ ကြာလှပြီဖြစ်သည်။

ဝမ်ထောင်က စွန့်စားရန် လုံးဝဆန္ဒမရှိဟု သူ ထင်လိုက်ချိန်မှာပင် ဝမ်ထောင်က ရုတ်တရက် စကားပြောလာသည်။

"လေးပုံတစ်ပုံဆိုတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျုပ်မှာ အခြေအနေတစ်ခုရှိတယ်"

"အစ်ကိုကြီး ပြောပါ! ကျုပ် သဘောတူမယ်လို့ ကတိပေးပါတယ်"

ထိပ်ပြောင်ဦးလေးကြီးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ကတိပေးရန် အလျင်စလို ပြောလိုက်သည်။ သူ လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ အရင်ဆုံး သဘောတူထားရန်သာ စဉ်းစားလိုက်သည်။

ဝမ်ထောင်က သူ့ကို တည်ကြည်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။

"ကျုပ်ကို သော့ဖွင့်နည်း သင်ပေး"

"ဟင်"

ထိပ်ပြောင်ဦးလေးကြီး ခဏမျှ ကြောင်သွားပြီး စိတ်ရှုပ်ထွေးသွားသည်။

"သော့ဖွင့်နည်းဆိုတာက စိတ်ထင်တိုင်း သင်ပေးလို့ရတာ မဟုတ်ဘူးဗျ၊ ကျုပ်တို့က ရဲစခန်းမှာ မှတ်ပုံတင်ထားရတာ... အကယ်၍—"

"အကယ်၍တွေ မလုပ်နဲ့တော့။ သင်ပေးမှာလား၊ မသင်ပေးဘူးလားပဲ ပြော။ အခန်း (၂၀၁) ထဲက အစားအစာ လေးပုံတစ်ပုံဆိုရင် မင်း အကြာကြီး အသက်ဆက်နိုင်ဖို့ လုံလောက်တယ်"

ဝမ်ထောင်က စကားဖြတ်ပြောလိုက်သည်။

"မင်း သေသေချာချာ စဉ်းစားကြည့်ပါ။ ကျုပ်က အခန်း (၅၀၁) မှာ နေတယ်။ ဆုံးဖြတ်ပြီးရင် လာရှာလိုက်ပါ"

ဝမ်ထောင်သည် ဘာမှဂရုမစိုက်သလိုပုံစံဖြင့် လှည့်ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် သူ ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးခင်မှာပင် နောက်ကွယ်မှ ထိပ်ပြောင်ဦးလေးကြီးက အသည်းအသန် အော်ပြောလိုက်သည်။

"အစ်ကိုကြီး၊ မသွားပါနဲ့ဦး! သင်ပေးပါ့မယ်..သင်ပေးပါ့မယ်"

ထိပ်ပြောင်ဦးလေးကြီးမှာ လူ့ပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာဦးမည်ဟူသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူ၏ အနာဂတ်ကို ဖျက်ဆီးမည့်အလုပ်မျိုး မလုပ်ချင်ပေ။ သို့သော် မျှော်လင့်ချက်က မျှော်လင့်ချက်သာဖြစ်ပြီး လက်တွေ့က လက်တွေ့ပင် ဖြစ်နေသဖြင့် သူ ရွေးချယ်စရာ မရှိတော့ပေ။

"အရမ်းကောင်းတယ်။ ဒါဆို တံခါးဖွင့်လိုက်၊ ကျုပ် ဝင်လာခဲ့မယ်"

ဝမ်ထောင် လှည့်လာပြီး မျက်နှာတွင် အပြုံးအနည်းငယ် ရှိနေသည်။

"ကြွပါ၊ ဝင်ခဲ့ပါ"

ထိပ်ပြောင်ဦးလေးကြီးသည် တံခါးကို အမြန်ဖွင့်ပေးလိုက်သည်။

သူ၏ အခန်းမှာ တင်ယွီချင်၏ အခန်းကဲ့သို့ပင် အိပ်ခန်းသုံးခန်းပါ ပုံစံဖြစ်သဖြင့် ဝမ်ထောင်၏ အခန်းထက် အတော်လေး ပိုကျယ်သည်။

သို့သော် သူသည် ပရိဘောဂများကို ဖျက်ဆီးထားပုံရသည်။ အခန်းထဲတွင် ကိရိယာမျိုးစုံ၊ သစ်သားပြားများနှင့် အခြားအရာများမှာ နေရာအနှံ့ ပြန့်ကျဲနေပြီး ရှုပ်ပွနေသည်။

"ပြတင်းပေါက်တွေကို ပိတ်ဖို့ ပစ္စည်းတွေ လိုက်ရှာနေတာနဲ့ နည်းနည်းရှုပ်နေတာ။ အားမနာပါနဲ့ အစ်ကိုကြီး။ ထိုင်ပါဦး"

ဝမ်ထောင်က ဂရုမစိုက်ပေ။

သူသည် သက်သောင့်သက်သာ ထိုင်လိုက်ပြီးနောက် ကျောပိုးအိတ်ထဲသို့ စတီးပိုက်ကို ထည့်လိုက်ကာ လက်အိတ်၊ နှာခေါင်းစည်းနှင့် ကာကွယ်ရေးမျက်မှန်များကို ချွတ်လိုက်ရာ နုပျိုသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။

"..."

ဝမ်ထောင်က ဤမျှ ငယ်ရွယ်နေသည်ကို မြင်သောအခါ ထိပ်ပြောင်ဦးလေးကြီးမှာ အနည်းငယ် အနေရခက်သွားသည်။ ဤမျှကြာအောင် လူငယ်တစ်ယောက်ကို 'အစ်ကိုကြီး' ဟု တကောက်ကောက် ခေါ်နေခဲ့မိသည်ကိုး။

"အစ်... လူငယ်လေး၊ ခဏစောင့်ဦးနော်၊ ကျုပ် ကိရိယာတွေ သွားယူလိုက်ဦးမယ်"

ဝမ်ထောင်ကတော့ အခေါ်အဝေါ်ကို ဂရုမစိုက်ပေ။ မကြာမီမှာပင် ထိပ်ပြောင်ဦးလေးကြီးသည် သော့ဖွင့်ရာတွင် သုံးသော ကိရိယာမျိုးစုံ ပါဝင်သည့် အိတ်တစ်အိတ်ကို ယူလာခဲ့သည်။

"လူငယ်လေး၊ ကျုပ်တို့ အရိုးရှင်းဆုံးကနေ စကြမလား"

"ရပါတယ်"

သော့အမျိုးအစားများစွာ ရှိသော်လည်း ရိုးရှင်းသော သော့များကို ဖွင့်ရန်မှာ အမှန်တကယ်ပင် အလွန်လွယ်ကူသည်။ သာမန်လူများမှာ ထိုအရာမျိုးနှင့် မထိတွေ့ဖူးသဖြင့်သာ အထင်ကြီးစရာဟု ထင်နေကြခြင်းဖြစ်သည်။

ထိပ်ပြောင်ဦးလေးကြီးက ဝမ်ထောင်ကို အခြေခံသဘောတရားများကို အရင်ရှင်းပြပြီးနောက် သော့တစ်ခုကို လက်တွေ့ဖွင့်ပြကာ ဝမ်ထောင်ကို ကိုယ်တိုင် စမ်းသပ်စေသည်။

မကြာမီမှာပင် 'ကလစ်' ခနဲ အသံနှင့်အတူ ဝမ်ထောင်သည် ကိရိယာများကို သုံး၍ သော့တစ်ခုကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့သည်။

"မင်း တကယ်တော်တာပဲ လူငယ်လေး"

ထိပ်ပြောင်ဦးလေးကြီးက အနည်းငယ် ချီးကျူးပြီးနောက် အခြားသော သော့ဖွင့်နည်းလမ်းများကို သင်ပြပေးသည်။

သံကြိုးလေးတစ်ချောင်းတည်းဖြင့် သော့ဖွင့်ပြသည်ကို မြင်သောအခါ ဝမ်ထောင်က ချက်ချင်းပင် "ဆရာ၊ ကျုပ် အဲဒါကို သင်ချင်တယ်" ဟု အားတက်သရော ပြောလိုက်သည်။

ဝမ်ထောင်သည် မနက်ပိုင်းတွင် အိမ်မှ ထွက်လာခဲ့ခြင်းဖြစ်ပြီး နေ့လယ်အထိ စိတ်ပါလက်ပါ လေ့လာခဲ့သည်။

သူသည် ကျောင်းတက်စဉ်ကသာ ဤမျှ အာရုံစိုက်ခဲ့မည်ဆိုလျှင် ယခုကဲ့သို့ သနားစရာကောင်းသော အခြေအနေမျိုး ရောက်မည်မဟုတ်ဟု ခံစားလိုက်ရသည်။

ဂွီ~ ဂွီ~

ထိပ်ပြောင်ဦးလေးကြီးက ဗိုက်ကို အားနာသလို ဖိလိုက်သည်။ သူ ထမင်းမစားရသည်မှာ တစ်နေ့လုံး ရှိပြီဖြစ်သည်။

၎င်းကို မြင်သောအခါ ဝမ်ထောင်က သူ၏ အိတ်ကပ်ထဲမှ ဖိသိပ်ထားသော ပေါင်မုန့်အချို့ကို ထုတ်ပေးလိုက်၏။

"ကျေးဇူးတင်ပါတယ်! ကျေးဇူးအများကြီး တင်ပါတယ်"

ထိပ်ပြောင်ဦးလေးကြီးသည် ၎င်းတို့ကို အလွန်စိတ်လှုပ်ရှားစွာ ယူလိုက်သည်။ သူသည် အမှန်တကယ်တော့ ပေါင်မုန့်ထက် ပေါက်စီကို ပိုကြိုက်သူဖြစ်သော်လည်း ယခုအချိန်တွင်မူ ဤပေါင်မုန့်မှာ သူစားဖူးသမျှ မည်သည့်ပေါက်စီထက်မဆို ပို၍ အရသာရှိနေသည်။

【+၁၀】

【၃၅/၁၀၀】

ထိပ်ပြောင်ဦးလေးကြီး၏ သွေးတန်းမှာလည်း အနည်းငယ် ပြန်တက်လာသည်။

ဝမ်ထောင်လည်း အဆာပြေအဖြစ် ပေါင်မုန့်နှစ်ချပ် စားလိုက်သည်။ သူသည် မနက်စာ စားလာခဲ့ပြီး ပြင်းထန်သော လှုပ်ရှားမှုလည်း မလုပ်ရသေးသဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ပင် ဗိုက်သိပ်မဆာသေးပေ။

ခဏမျှ စားသောက်ပြီးနောက် ဝမ်ထောင်သည် ထိပ်ပြောင်ဦးလေးကြီးထံမှ နောက်ထပ် အနည်းငယ် သင်ယူပြီး ထရပ်ကာ ပြောလိုက်သည် ။

"ဒီနေ့အတွက်တော့ ဒီလောက်ဆို ရပါပြီ။ ကျုပ် အခန်း (၂၀၁) က ကိစ္စကို သွားရှင်းလိုက်ဦးမယ်"

"အာ.. ကောင်းပြီ၊ ကောင်းပြီ.. ကံကောင်းပါစေ လူငယ်လေး၊ ဘေးကင်းအောင်လည်း ဂရုစိုက်နော်"

ဝမ်ထောင် နောက်ဆုံးတွင် စတင်တော့မည်ကို ကြားသောအခါ ထိပ်ပြောင်ဦးလေးကြီးမှာ စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။

"အခန်း (၂၀၁) ထဲမှာ တစ်ယောက်တည်း ရှိတာ သေချာလား"

ဝမ်ထောင်က လက်အိတ်များကို စွပ်ရင်း မေးလိုက်သည်။

"သေချာပါတယ်.. သူက တစ်ယောက်တည်း နေတာ။ သူ့ဆီကို လူလာတာလည်း အတော်ကို ခဲယဉ်းပါတယ်..."

ဝမ်ထောင်၏ လှုပ်ရှားမှုများ ခဏရပ်တန့်သွားသည်။

"ခဲယဉ်းတယ်ဆိုတော့... လူလာတာကို မြင်ဖူးတယ်ပေါ့"

"သူ မိန်းကလေးတွေကို ခေါ်ခေါ်လာတာတော့ အကြိမ်အနည်းငယ် မြင်ဖူးတယ်"

ထိပ်ပြောင်ဦးလေးကြီးက ခေါင်းကို ကုတ်လိုက်သည်။

"မိန်းကလေးတွေလား ..သူ့ရည်းစားလား၊ ဇနီးလား"

"အဟမ်း... တစ်ခါလာရင် တစ်ယောက်စီပဲ"

"နားလည်ပြီ။ ဒါဆို အတွင်းမှာ တစ်ယောက်တည်း ရှိတယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း မသေချာဘူးပေါ့"

"...ဟုတ်ပါတယ်။ ဒါပေမဲ့ သူက မိန်းကလေးတွေကို ခဏခဏ ခေါ်လာတာ မဟုတ်ဘူးလေ၊ တစ်လမှ တစ်ခါလောက်ပဲဆိုတော့ သူ တစ်ယောက်တည်း ရှိဖို့က ပိုများပါတယ်..."

ဝမ်ထောင် ဘာမှ ထပ်မပြောတော့ပေ။

အတွင်း၌ ဇမ်ဘီ နှစ်ကောင် ရှိနေလျှင်ပင် သူ မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပါ။

ဘာပဲဖြစ်ဖြစ် သူ့တွင် အဆင့်မြှင့်ထားသော လက်နက် ရှိနေသည်။ အကယ်၍ အခြေအနေ တကယ်ဆိုးလာလျှင်လည်း သူ ထွက်ပြေးနိုင်သည်မဟုတ်လား။

ဇမ်ဘီများသည် သူ၏ အရှိန်လောက်ဖြင့် လှေကားပေါ်သို့ အမှီလိုက်နိုင်မည်မဟုတ်ဟု သူ ယုံကြည်သည်။

ဝမ်ထောင်သည် မိမိကိုယ်ကိုယ် အပြည့်အစုံ ပြန်လည်ပြင်ဆင်ပြီးနောက် ထိပ်ပြောင်ဦးလေးကြီးနှင့်အတူ အခန်း (၂၀၁) ၏ တံခါးရှေ့သို့ ရောက်လာသည်။

" သော့ဖွင့်ပေးပြီးရင် အိမ်ထဲဝင်ပြီး စောင့်နေတော့"

ဝမ်ထောင်သည် ဇမ်ဘီကို နှိမ်နင်းရာတွင် သူ့ကို မပါဝင်စေချင်ပေ။

ထိပ်ပြောင်ဦးလေးကြီး၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ဖြင့်ဆိုလျှင် ဇမ်ဘီ၏ ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူ ပါလာလျှင် အလုပ်ပိုရှုပ်ရုံသာ ရှိမည်ဖြစ်ရာ ဝမ်ထောင် တစ်ယောက်တည်း ဝင်သွားခြင်းက ပို၍ လွယ်ကူ၏။

ဝမ်ထောင်သည် သူ့ကို အသေမခံနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ သော့ဖွင့်နည်းကို အကုန်အစင် မတတ်မြောက်သေးသောကြောင့် ဖြစ်သည်။

"စိတ်ချပါ"

ထိပ်ပြောင်ဦးလေးကြီးသည် သော့ကို ခဏမျှ ကလိလိုက်ရာ 'ကလစ်' ခနဲ အသံနှင့်အတူ တံခါးပွင့်သွားသည်။

ပြီးသည်နှင့် သူသည် ဘာစကားမှ မပြောဘဲ လှည့်ပြေးကာ သူ၏ အိမ်ထဲသို့ ဝင်ပြီး တံခါးကို ပိတ်လိုက်သည်။

ဝမ်ထောင်သည် စတီးပိုက်ကို တင်းတင်းဆုပ်ကာ တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်ပြီး အခန်းတွင်းကို အမြန်အကဲခတ်လိုက်သည်။

ဧည့်ခန်းထဲတွင် ဘယ်သူမှ မရှိသော်လည်း မည်းနက်နေသော သွေးကွက်များစွာကို တွေ့ရသည်။

"ဒီအိမ်ထဲမှာ တစ်ယောက်ထက်ပိုပြီး ရှိခဲ့တာပဲ"

ဝမ်ထောင်သည် စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းနေသည်။

လူတစ်ယောက်တည်း ဇမ်ဘီဖြစ်သွားရုံနှင့် ဤမျှ သွေးကွက်များစွာ မကျန်ရစ်နိုင်ပေ..

ထင်ရှားသည်မှာ အခြားတစ်ဦးဦးသည် ဇမ်ဘီ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

အခန်းတွင်းရှိ တံခါးများအားလုံး ပွင့်နေသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဝမ်ထောင်သည် ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦးကို အိပ်ခန်းထဲတွင် ကျောပေးကာ ဒူးထောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးမှာ တစ်စုံတစ်ခုကို စားနေသကဲ့သို့ ခေါင်းကို အနည်းငယ် ငုံ့ထား၏။

အသံတစ်ခု ကြားလိုက်ရပုံရသဖြင့် ထိုအမျိုးသမီးသည် သူမ၏ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လာရာ ဖြူဖျော့သော မျက်နှာလေးနှင့်အတူ မျက်ရည်ကြည်မရှိသည့် မျက်လုံးဖြူဖြူများ၊ မည်းနက်နေသော သွေးကြောများကို တွေ့လိုက်ရသည်။

ထို့ပြင် သူမ၏ လက်ထဲတွင်မူ... လူဦးခေါင်းခွံ တစ်ဝက်ကို ကိုင်ထားလေသည်..။

…………

All Chapters