အခန်း ၁၅
Vol. 2 Ch. 15
- လက်နက်သစ်၏ ပထမဆုံးတိုက်ပွဲ
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ထောင်၏ ကျောရိုးထဲအထိ အေးစိမ့်သွားသည်။
သူ သေချာပေါက်ယူဆသည်မှာ ဤအိမ်မှ အိမ်ရှင်အမျိုးသားမှာ ဤဇမ်ဘီမ၏ စားသောက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
"ဟဲ..."
အသက်ရှိသော လူသားတစ်ဦးကို မြင်သည်နှင့် ဇမ်ဘီမသည် သူမလက်ထဲရှိ ဦးခေါင်းခွံကို ချက်ချင်းလွှတ်ချလိုက်ပြီး ဟိန်းသံနှင့်အတူ ဝမ်ထောင်ရှိရာသို့ ယိမ်းယိုင်ကာ ပြေးဝင်လာသည်။
ဝမ်ထောင်သည် သံပိုက်ကို လက်နှစ်ဖက်ဖြင့် မြဲမြဲဆုပ်ကိုင်ကာ ဇမ်ဘီမကို စူးစိုက်ကြည့်နေလိုက်သည်။
【၅၁၀/၅၁၀】
ဤဇမ်ဘီမတွင် သွေး ၅၀၀ မဟုတ်ဘဲ ၁၀ မှတ် ပိုများနေသည်..
၎င်းမှာ သူမ၏ မွေးရာပါ ခွန်အားကြောင့်လား သို့မဟုတ် ထိုအမျိုးသားကို စားပြီးနောက် တိုးလာခြင်းလားတော့ သူ မသိပေ။
ဂါး..
ဇမ်ဘီမသည် ဝမ်ထောင်အနားသို့ ရောက်သည်နှင့် လက်သည်းဖြင့် လှမ်းအုပ်လိုက်သည်။ ဝမ်ထောင်က ဘေးသို့ အသာအယာ ရှောင်လိုက်ရုံဖြင့် အလွယ်တကူ လွတ်သွားပြီးနောက် သံပိုက်ကို ဝှေ့ယမ်းကာ ဇမ်ဘီ၏ ဦးခေါင်းကို အားကုန် ရိုက်ချလိုက်သည်။
ဒုန်း...
အရိုးကွဲသံနှင့်အတူ ဇမ်ဘီ၏ ဦးခေါင်းမှ သွေးမည်းများ စင်ထွက်သွားသည်။
【-၁၀၂】
【၄၀၈/၅၁၀】
ဤထိခိုက်မှုပမာဏကို မြင်လိုက်ရသောအခါ ဝမ်ထောင် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
မျှော်လင့်ထားသည့်အတိုင်းပင် လက်နက်ပြောင်းလိုက်ခြင်းက ကွာခြားမှု ရှိလှ၏။
ယခင်က သူ၏ ကိုယ်တိုင်လုပ် လှံတိုကို သုံးစဉ်က ဇမ်ဘီ၏ ဦးခေါင်းခွံ အကာအကွယ်ကို မနည်း ဖောက်ထွက်အောင် လုပ်ခဲ့ရပြီး လက်နက်မှာလည်း အကြိမ်အနည်းငယ် သုံးပြီးလျှင် ကျိုးပျက်သွားတတ်သည်။
သို့သော် ယခုမူ သံပိုက်ဖြင့် တစ်ချက်ရိုက်လိုက်ရုံဖြင့် ဇမ်ဘီ၏ သွေးငါးပုံတစ်ပုံကို တိုက်ရိုက် လျော့ကျသွားစေခဲ့သည်။
တစ်ဖက်တွင်လည်း သံပိုက်မှာ ဘာမှမဖြစ်ဘဲ အကောင်းတိုင်း ရှိနေပြီး ဇမ်ဘီမှာမူ သူ၏ ရိုက်ချက်ကြောင့် မူးဝေသွားသည်။
၎င်းမှာ သူ၏ ခွန်အား တဖြည်းဖြည်း တိုးလာခြင်းနှင့်လည်း သက်ဆိုင်သော်လည်း လက်နက်မှာ အရေးကြီးဆုံး အချက်ပင် ။
ဤရိုက်ချက်၏ ရလဒ်က ဝမ်ထောင်ကို ယုံကြည်ချက် ပိုရှိသွားစေသည်။
ဇမ်ဘီမှာ မူးဝေနေဆဲဖြစ်သည်ကို အခွင့်ကောင်းယူကာ သူသည် သံပိုက်ဖြင့် ဦးခေါင်းကို နောက်တစ်ချက် ထပ်မံ ရိုက်လိုက်ပြန်သည်။
ဒုန်း..
ဗြစ်—
【-၁၃၅】
【၂၇၃/၅၁၀】
ဤရိုက်ချက်က ၎င်း၏ မျက်လုံးတစ်လုံးကို ပင် တိုက်ရိုက် ပေါက်ထွက်သွားစေသည်။
"ဂရား...."
ဒေါသထွက်သွားဟန်ဖြင့် ဇမ်ဘီမှာ ဟိန်းဟောက်လိုက်ပြီးနောက် ဝမ်ထောင်၏ လည်ပင်းကို ကိုက်ရန် ရှေ့သို့ ရုတ်တရက် ခုန်အုပ်လာသည်။
ဝမ်ထောင်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သံပိုက်ကို မြှောက်ကာ ဇမ်ဘီမ၏ ပါးစပ်ထဲသို့ အလျားလိုက် ထိုးထည့်လိုက်သည်။
"ဇုတ်"
လက်တစ်ကမ်းအကွာရှိ ရွံရှာဖွေရာ မျက်နှာကြီးကို ကြည့်ရင်း ဝမ်ထောင်သည် သံပိုက်ကို အောက်သို့ အားကုန် ဖိချလိုက်သည်။
ဂျွတ်~
အရိုးကျိုးသံနှင့်အတူ ဇမ်ဘီ၏ မေးရိုးမှာ သံပိုက်ကြောင့် တိုက်ရိုက် ပြုတ်ထွက်သွားကာ ကြမ်းပြင်ပေါ်တွင် သွေးမည်းများ အိုင်ထွန်းသွားသည်။
【-၅၉】
ဇမ်ဘီသည် ခေါင်းမော့လာကာ ကျန်ရှိနေသော ငါးမျက်စိကဲ့သို့ ဖြူဖတ်ဖြူလျော် မျက်လုံးဖြင့် ဝမ်ထောင်ကို စိုက်ကြည့်ရင်း သူ့ကို ဖမ်းရန် လက်နှစ်ဖက်ကို ဆန့်တန်းကာ ပွေ့ဖက်ရန် ကြိုးစားသည်။
ဝမ်ထောင်သည် ငုံ့လိုက်ခြင်းဖြင့် ဇမ်ဘီမ၏ 'အချစ်မပါသော ပွေ့ဖက်မှု' ကို ရှောင်လိုက်ပြီး တစ်လက်စတည်း သူမ၏ ခြေထောက်များကို သံပိုက်ဖြင့် ရိုက်လိုက်သည်။
ဒုန်း..
【-၃】
ဇမ်ဘီမမှာ သေးသွယ်သော ကိုယ်လုံးရှိပြီး အောက်ပိုင်း မခိုင်လှပေ။ ဝမ်ထောင်၏ အားပါသော ရိုက်ချက်က သူမကို ကြမ်းပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားစေသည်။
ဇမ်ဘီမ လဲကျနေစဉ်မှာပင် ဝမ်ထောင် လျင်မြန်စွာ ထရပ်လိုက်သည်။ သံပိုက်မှာ သူ၏ လက်ဖဝါးထဲတွင် ၁၈၀ ဒီဂရီ လည်သွားပြီး ချက်ချင်းပင် လက်ကို ပြောင်းပြန်ကိုင်လိုက်သည်။ ထို့နောက် သံပိုက်ကို လက်နှစ်ဖက်ဖြင့် အမြင့်သို့ မြှောက်ကာ ဇမ်ဘီမ၏ နဖူးတည့်တည့်သို့ အားကုန် ထိုးချလိုက်သည်။
ဗြစ်..
【-၂၁၁】
【၀/၅၁၀】
ဇမ်ဘီမသည် နှစ်ချက်မျှ တွန့်လိမ်သွားပြီးနောက် ငြိမ်သက်သွားတော့သည်။
ဖော်ပြရသည်မှာ ကြာသော်လည်း အမှန်တကယ် တိုက်ပွဲမှာမူ တစ်မိနစ်ပင် မပြည့်ဘဲ အလွန်တိုတောင်းလှသည်။
"ဟူး~"
ဝမ်ထောင် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ တိုက်ပွဲက တိုသော်လည်း ရိုက်ချက်တိုင်းကို သူ အားကုန် သုံးခဲ့ရသဖြင့် အတော်လေး ပင်ပန်းသွားသည်။
အမှန်တကယ်တော့ ဝမ်ထောင်သည် ရိုက်ချက် အနည်းငယ်ဖြင့် အသေသတ်နိုင်မလားဟု စမ်းသပ်ကြည့်ချင်ခြင်း ဖြစ်သည်။
အကြောင်းမှာ တစ်ချက်ရိုက်တိုင်း ဇမ်ဘီ၏ သွေးငါးပုံတစ်ပုံကျော် လျော့ကျသွားသောကြောင့် ဖြစ်သည်။ သို့သော် တိုက်ပွဲ၏ အလှည့်အပြောင်းမှာ စက္ကန့်နှင့်အမျှ ပြောင်းလဲနေသည်။
ဝမ်ထောင်၏ အရှိန်မှာ အနည်းငယ် နှေးနေသေးသဖြင့် အခွင့်အရေးတိုင်းကို အမိအရ မဆုပ်ကိုင်နိုင်သေးပေ။ ထို့ပြင် သူ၏ ခွန်အားမှာလည်း ဇမ်ဘီကို အမြဲတမ်း မူးဝေနေအောင် မလုပ်နိုင်သေးပေ။
ထို့ကြောင့် သူ၏ အစီအစဉ်မှာ ယခုလောလောဆယ်တွင် အပြည့်အဝ မအောင်မြင်သေးပါ။
မည်သို့ပင်ဖြစ်စေ ရလဒ်ကတော့ ကောင်းမွန်ပါသည်။ သူသည် ဇမ်ဘီကို အတော်လေး လွယ်လွယ်ကူကူ သတ်နိုင်ခဲ့သည်။
ဝမ်ထောင်သည် ယခုအချိန်အထိ ဇမ်ဘီအတော်များများကို သတ်ခဲ့ပြီးပြီ ဖြစ်ရာ ဤတစ်ကြိမ်မှာ ဒုတိယမြောက် အလွယ်ကူဆုံးဟု ခံစားရသည်။ ပထမဆုံး အလွယ်ဆုံးကတော့ ကိုယ်ခန္ဓာ ထက်ဝက်ပြတ်နေသော ကံဆိုးသူ ဇမ်ဘီပင် ဖြစ်သည်။
သို့သော် ဤဇမ်ဘီမမှာ အားနည်းသည်ဟု မဆိုလိုပေ။ ဝမ်ထောင် ခံစားရသည်မှာ သူမ၏ ခွန်အားမှာ လမ်းလျှောက်လမ်းရှိ ဇမ်ဘီနှင့် ဆင်တူလိမ့်မည်ဟုပင် ထင်၏။
မျှော်လင့်ထားသည့်အတိုင်းပင် ဝမ်ထောင် သူ၏ သွေးတန်းကို ကြည့်လိုက်သောအခါ ၁၀ မှတ် တိုးလာသည်ကို တွေ့ရသည်။
၎င်းမှာ လမ်းလျှောက်လမ်းရှိ ဇမ်ဘီကို သတ်စဉ်က ရရှိသော ပမာဏနှင့် အတူတူပင် ဖြစ်သည်။
【၁၃၀/၁၃၀】
အရင်က ၁၂၀ ဖြစ်ပြီး ယခု ၁၃၀ ဖြစ်သွားပြီ..
စိတ်လှုပ်ရှားမှုကို ဘေးဖယ်ထားကာ ဇမ်ဘီ၏ အလောင်းမှ လွင့်ထွက်လာသော လင်းလက်နေသည့် အထုပ်ကို ဝမ်ထောင် အမြန် သိမ်းလိုက်သည်။
【ရရှိသောပစ္စည်း: သံကြိုး *၁】
【သံကြိုး: ပစ္စည်းပြုလုပ်ရန် ကုန်ကြမ်း】
နောက်ထပ် 'ကုန်ကြမ်း' တစ်ခုပင်။ ဤကုန်ကြမ်းများကို ဘာလုပ်ရမည်ကို သူ မသိသေးပေ။ သိမ်းဆည်းပြီးနောက် သူသည် အလောင်းကို ရှာဖွေတော့သည်။
ခေတ္တမျှ ရှာဖွေပြီးနောက် ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်ကောက်တစ်ကွင်းနှင့် ကွန်ဒုံးအချို့ကို တွေ့ရသည်။ ဝမ်ထောင်သည် ကွန်ဒုံးများကို ချက်ချင်း လွှင့်ပစ်လိုက်သည်။ ဇမ်ဘီထံမှ ရသော မည်သည့်အရာကိုမျှ သူ မသုံးရဲပေ။
ထို့နောက် ဝမ်ထောင်သည် အခန်းထဲရှိ အမျိုးသားအလောင်းကို ကြည့်လိုက်သည်။
သူသည် ဇမ်ဘီမ၏ စားသောက်ခြင်းကို ခံခဲ့ရသဖြင့် ဦးခေါင်း ထက်ဝက်ခန့်သာ ကျန်ရှိတော့ပြီး ကြမ်းပြင်ပေါ်တွင် သွေးစွန်းနေသော အရိုးအချို့သာ ကျန်တော့သည်။
ဝမ်ထောင် ၎င်းကို ကြည့်ရင်း စိတ်ထဲတွင် မသက်မသာ ဖြစ်လာကာ သူ၏ ခေါင်းပေါ်တွင် 【-၁】 ပင် ပေါ်လာသည်။
စိတ်ဓာတ် တိုက်ခိုက်မှုပင်..
ဝမ်ထောင် အိပ်ခန်းကို အမြန်မွှေနှောက်ပြီးနောက် ထွက်လာခဲ့သည်။ အမျိုးသားတွင် ပိုက်ဆံအိတ်နှင့် ဖုန်းတစ်လုံးသာ ရှိသည်။ ဇမ်ဘီမတွင်မူ လက်ကိုင်အိတ် တစ်လုံးရှိပြီး အထဲတွင် အကြွေစေ့အချို့၊ ဖုန်းတစ်လုံး၊ ဆေးဝါးအချို့နှင့် အလှကုန်များ ပါရှိသည်။
ဝမ်ထောင်မှာ ၎င်းတို့ အသုံးဝင်သည်၊ မဝင်သည်ကို ဂရုမစိုက်ဘဲ အကုန်ယူလိုက်၏။
အကယ်၍ အနာဂတ်တွင် သူ ရှင်သန်နိုင်ခဲ့ပါက အခြားသော ရှင်သန်သူများနှင့် တွေ့ဆုံရမည် သို့မဟုတ် အခြေစိုက်စခန်းသို့ သွားရပေလိမ့်မည်။ လူများစွာ ရှိသည့်နေရာတွင် ကုန်သွယ်မှုမှာ ရှောင်လွှဲ၍မရပေ။
သူ ရှာဖွေထားသော ဤအရာများမှာ သူ့အတွက် အသုံးမဝင်သော်လည်း အခြားသူတစ်ဦးအတွက် လိုအပ်နေသည့်အရာ ဖြစ်နိုင်ပေသည်။ ၎င်းတို့ကို လဲလှယ်ရန် အသုံးပြုနိုင်၏။
ပိုက်ဆံအိတ်ထဲမှ ငွေစက္ကူများနှင့် ပတ်သက်၍မူ ၎င်းတို့မှာ အသုံးဝင်နေသေးသည်လား သို့မဟုတ် တန်ဖိုးမရှိတော့ဘူးလား သူ မသိပေ။ သို့သော် သိမ်းထားခြင်းမှာ အပြစ်မရှိပေ။ တန်ဖိုးမရှိတော့လျှင်ပင် အနွေးဓာတ်ရရန် ထင်းအဖြစ် မီးရှို့နိုင်သည် မဟုတ်ပါလား။
အမြန်ရှာဖွေပြီးနောက် ဝမ်ထောင် အပြင်သို့ ထွက်လာကာ ၂၀၂ တံခါးကို ခေါက်လိုက်သည်။
"အားလုံး ရှင်းသွားပြီ၊ ထွက်လာခဲ့တော့။"
အထဲမှ ထိပ်ပြောင်ဦးလေးကြီးမှာ တံခါးမှန်ပေါက်မှတစ်ဆင့် တစ်ချိန်လုံး စောင့်ကြည့်နေခြင်း ဖြစ်သည်။ ဝမ်ထောင် အထဲဝင်သွားသည်ကို မြင်ရပြီးနောက် ဆူညံသံအချို့ ကြားရကာ မကြာမီမှာပင် ပြန်ထွက်လာသည်ကို တွေ့ရသဖြင့် သူ အတော်လေး အံ့သြသွားသည်။
ဝမ်ထောင် ဤမျှ မြန်မြန် ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ..
သို့သော် သူ တံခါးကို ချက်ချင်း မဖွင့်သေးပေ။ ဝမ်ထောင် တံခါးလာခေါက်သည်အထိ စောင့်ကာ ဝမ်ထောင်၏ အသံမှာ ပုံမှန်အတိုင်း ဖြစ်ပြီး ဒဏ်ရာရထားပုံ မရသည်ကို သေချာမှသာ တံခါးကို ဖွင့်လိုက်သည်။
"လူငယ်လေး... မင်း တကယ် တော်တာပဲ... မင်း ဒဏ်ရာ မရဘူးမလား"
ဦးလေးကြီးက ချီးကျူးစကား ဆိုသည်။ ဝမ်ထောင် သူ၏ အတွေးကို သိပါသည်၊ သူသည် ဝမ်ထောင် ကူးစက်ခံရမည်ကို ကြောက်နေခြင်းသာ ဖြစ်သည်။
"စိတ်မပူပါနဲ့၊ ဇမ်ဘီ တစ်ကောင်တည်းပါ။ အထဲက စားစရာတွေကို ကျွန်တော် မထိရသေးဘူး။ အတူတူ သွားမလား"
ဝမ်ထောင်မှာ စကားတည်သူ ဖြစ်သည်။ ဦးလေးကြီး၏ သော့ဖွင့်သည့် ပညာအတွက် စားစရာ လေးပုံတစ်ပုံ ပေးမည်ဟု သူ ပြောခဲ့ဖူးရာ ကတိဖျက်မည် မဟုတ်ပေ။ အထဲတွင် စားစရာ မည်မျှရှိသည်ကိုပင် သူ မကြည့်ရသေးပေ။
"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ"
ဦးလေးကြီးသည် ဝမ်ထောင်၏ နောက်မှနေ၍ ၂၀၁ ထဲသို့ ပျော်ရွှင်စွာ လိုက်ပါလာသည်။
ဝမ်ထောင်၏ လက်ထဲရှိ အမျိုးသမီး လက်ကိုင်အိတ်ကို သူ မြင်သော်လည်း ဂရုမစိုက်ပေ။ ဝမ်ထောင်က ဇမ်ဘီကို သတ်ခဲ့ခြင်းဖြစ်ရာ ပစ္စည်းယူပိုင်ခွင့်မှာ ဝမ်ထောင်၌သာ ရှိသည်။ ထို့ပြင် ထိုအရာများမှာ သူ့အတွက် အသုံးမဝင်ပေ၊ သူ လိုချင်သည်မှာ စားစရာသာ ဖြစ်သည်။
နေဦး... တစ်ခုခုတော့ မှားနေပြီ။ အခန်း ၂၀၁ ထဲမှာ အမျိုးသမီး လက်ကိုင်အိတ်က ဘာလို့ ရှိနေတာလဲ။
"အန်..."
သွေးများ ပေကျံနေသော အခန်း၊ ဇမ်ဘီမနှင့် သူ၏ အိမ်နီးချင်း၏ ဦးခေါင်းတစ်ခြမ်းကို မြင်လိုက်ရသောအခါ ဦးလေးကြီး၏ မျက်ဆန်များ ကျုံ့သွားကာ ရင်ထဲတွင် မအီမသာ ဖြစ်လာတော့သည်။
သို့သော် စောစောက စားထားသော ပေါင်မုန့်များ ပြန်ထွက်လာမည်ကို စိုးသဖြင့် သူ အတင်း အောင့်ထားလိုက်ရ၏။
သို့သော် သူ၏ ခေါင်းပေါ်တွင် ဂဏန်းတစ်ခု ခုန်တက်လာသည်။
【-၁၀】
【၂၅/၁၀၀】
ဝမ်ထောင် ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ ဤမြင်ကွင်းမှာ ထိုလူကြီးအတွက် အတော်လေး တုန်လှုပ်စရာ ဖြစ်သွားပုံရသည်။
ဦးလေးကြီး စိတ်ဓာတ်မကျဆင်းစေရန် ဝမ်ထောင်က သူ့ကို အာရုံပြောင်းသည့်အနေဖြင့် စားစရာများကို သွားကြည့်ရန် ပြောလိုက်သည်။ ရလဒ်အနေဖြင့် မီးဖိုချောင်ထဲရှိ ဆန်များကို မြင်လိုက်ရသောအခါ ဦးလေးကြီးမှာ အော်ဟစ်လိုက်တော့သည်...
"မဖြစ်နိုင်ဘူး~"
…………….