အခန်း ၁၈
Vol. 2 Ch. 18
- ညမှောင်လျှင် အပြင်မထွက်နှင့်
"ဟူး~"
အတန်ကြာ အားထုတ်ပြီးနောက် ဝမ်ထောင်သည် ဆိတ်ခွာတူ၏ သစ်သားလက်ကိုင်တိုကို အနည်းငယ် ဖြတ်ထုတ်လိုက်ပြီး သံပိုက်ထဲသို့ အတင်းရိုက်ထည့်ကာ ကျပ်လိုက်သည်။
ပို၍ခိုင်ခံ့စေရန်အတွက် အတွင်းပိုင်းတွင် ကော်ကိုပါ အသုံးပြုထား၏။
ခဏမျှ စမ်းသပ်ကြည့်ရာ လုံးဝ လှုပ်ရှားခြင်းမရှိဘဲ မြဲမြံနေတော့သည်။
"အတော်လေးတော့ ပိုလေးသွားတယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ အနေတော်ပဲ။ ဖျက်အားကလည်း အရင်ထက် အများကြီး ပိုကောင်းလာမှာ"
ခေါင်းကို တူနှင့်ထုခြင်းမှာ သံပိုက်နှင့်ထုခြင်းထက် များစွာကွာခြားလှသည်။ အထူးသဖြင့် ဆိတ်ခွာတူ၏ ချွန်ထက်သော အစွန်းဖြင့် ဆိုပါက ဖျက်အားမှာ အဆမတန် ကြီးမားပေလိမ့်မည်။
"ဝမ်လေး... ထမင်းအဆင်သင့်ဖြစ်ပြီနော်..."
တင်ယွီချင်၏ တံခါးခေါက်သံမှာ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့။"
ဝမ်ထောင် ထမင်းစားပွဲသို့ ရောက်လာသောအခါ တင်ယွီချင်သည် သူ့အတွက် ထမင်းတစ်ပန်းကန် အပြည့်ခူးပေးပြီး ဆေးကြောထားသော ပန်းကန်နှင့် တူကို ကမ်းပေးလိုက်သည်။
ဝမ်ထောင်က ၎င်းတို့ကို လှမ်းယူလိုက်ရင်း ပြုံး၍ပြောလိုက်သည်။
"မရီးလည်း အတူတူစားလေ။"
"အင်း"
တင်ယွီချင်မှာ ထိုစကားကို စောင့်နေခြင်း ဖြစ်သည်။ ဝမ်ထောင်၏ ခွင့်ပြုချက် ရသည်နှင့် သူမသည် သူမ၏ ပန်းကန်နှင့် တူကို သွားယူရန် မီးဖိုချောင်သို့ ချက်ချင်း ပြေးတော့သည်။
ဝမ်ထောင်က သူမကို ခေါ်ကျွေးလိမ့်မည်ဟု သူမ ခန့်မှန်းထားသော်လည်း သူ မပြောမချင်းတော့ စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် ပန်းကန်ကို ကြိုယူမထားခဲ့ပေ။
ညစာမှာ ဟင်းသုံးမျိုးနှင့် ဟင်းချိုတစ်မျိုးဖြစ်ပြီး ရိုးရှင်းသော်လည်း ပမာဏမှာ များပြားလှသည်။ မည်သို့ပင်ဖြစ်စေ ဝမ်ထောင်မှာ ဇမ်ဘီသတ်သည်ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်သည်ဖြစ်စေ အာဟာရဓာတ် ပြည့်ဝရန် လိုအပ်သည် မဟုတ်ပါလား။
တင်ယွီချင်မှာ ဝမ်ထောင် စတင်စားသောက်မှသာ သူမ၏ တူကို ကိုင်လိုက်၏။
ဝမ်ထောင်က ဟင်းတစ်ခုချင်းစီကို မြည်းစမ်းကြည့်လိုက်သည်။ တင်ယွီချင်၏ လက်ရာမှာ အမှန်တကယ်ပင် ကောင်းမွန်လှပြီး သာမန်စားသောက်ဆိုင်မှ စားဖိုမှူးတစ်ဦးထက် မနိမ့်ကျကြောင်း ဝန်ခံရပေလိမ့်မည်။ သူကဲ့သို့သော ယောက်ျားကြမ်းကြီး တစ်ယောက်ထက်စာလျှင် များစွာ သာလွန်လှသည်။
စားသောက်နေစဉ်အတွင်း တင်ယွီချင်မှာ ဝမ်ထောင်ကို တိတ်တဆိတ် အကဲခတ်နေသည်။
သူမ၏ လက်ရာကို သူမ ယုံကြည်မှုရှိသော်လည်း လူတစ်ဦးနှင့်တစ်ဦး အကြိုက်ချင်း မတူနိုင်ပေ။ ယနေ့ ဝမ်ထောင်အတွက် ချက်ပေးထားသော ဟင်းများမှာ မနေ့ကနှင့် မတူသဖြင့် သူ ကြိုက်ပါ့မလားဟု ရာနှုန်းပြည့် မသေချာပေ။ ဝမ်ထောင်၏ မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်ကို မြင်ရမှသာ သူမ စိတ်အေးသွားတော့သည်။
တင်ယွီချင်မှာ မနေ့က အဝစားထားသဖြင့် ယနေ့တွင် ဆာလောင်မှုမှာ အလွန်အမင်း မပြင်းထန်တော့ပေ။ ထို့ကြောင့် သူမ၏ စားပုံသောက်ပုံမှာ အတော်လေး ယဉ်ကျေးသိမ်မွေ့နေပြီး ပညာတတ်အမျိုးသမီးတစ်ဦး၏ အသွင်အပြင်ကို ပေးစွမ်းနေသည်။
ဝမ်ထောင်၏ ပန်းကန်ထဲမှ ထမင်းများ ကုန်ခါနီးသည်ကို မြင်သောအခါ သူမသည် တူကို ချက်ချင်းချကာ ထရပ်လိုက်သည်။
"ဝမ်လေး... မရီး ထမင်းထပ်ခူးပေးမယ်နော်"
ဝမ်ထောင်ကလည်း အားမနာတော့ပေ။
"ဒါဆိုလည်း အားမနာတော့ဘူး မရီးရာ။"
တင်ယွီချင်သည် ယနေ့တွင် မီးခိုးရောင် ရုံးဝတ်စုံ စကတ်ကို ဝတ်ထားသည်။ အဝတ်အစားများမှာ ခန္ဓာကိုယ်နှင့် ကပ်နေသဖြင့် သူမ၏ ကောက်ကြောင်းများမှာ အထင်းသား ပေါ်လွင်နေသည်။ အထူးသဖြင့် အနက်ရောင် ခြေအိတ်ရှည် ဝတ်ထားသော ခြေတံများမှာ အင်တာနက်ပေါ်မှ 'တူချောင်းခြေတံ' များကဲ့သို့ မဟုတ်ဘဲ ပြည့်ဖြိုးသွယ်လျကာ အလွန် ကျန်းမာသန်စွမ်းသော အလှကို ဆောင်နေသည်။
၎င်းမှာ ဝမ်ထောင်၏ အကြည့်များကို ခဏမျှ ဖမ်းစားထားလိုက်သည်။ လှပသော အရာများကို ခံစားကြည့်ရှုခြင်းမှာ သဘာဝဖြစ်ရာ ဝမ်ထောင်မှာလည်း တမင်တကာ ဖုံးကွယ်မထားပေ။
တင်ယွီချင် ထမင်းခူးပြီး ပြန်လာသောအခါ ဝမ်ထောင်၏ အကြည့်ကို ခံစားမိလိုက်၏။ သူမ၏ ခြေလှမ်းများ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ဘာမှမသိသလို ဟန်ဆောင်ကာ ဝမ်ထောင်ထံသို့ ထမင်းပန်းကန် ကမ်းပေးလိုက်သည်။
"ဝမ်လေး... ရပြီ။"
"ကျေးဇူးပါ မရီး။"
ခဏမျှ စားပြီးနောက် ဝမ်ထောင်က ရုတ်တရက် မေးလိုက်သည်။
"ဒါနဲ့ မရီး... အရင်က ဘာအလုပ်လုပ်တာလဲ"
အစ်ကိုကျောက်မှာ ဒါရိုက်တာတစ်ဦး ဖြစ်ကြောင်းသာ သူ သိထားပြီး အစ်ကိုကျောက်၏ ဇနီး ဘာလုပ်သည်ကိုတော့ သူ သေချာ မသိပေ။
"ဟင်.. မရီးလား..မင်းရဲ့ အစ်ကိုကြီး ကျောက်က မရီးကို သူ့ဇာတိမြို့မှာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ပေးခဲ့တာလေ။"
ဝမ်ထောင်၏ မေးခွန်းကို ကြားသောအခါ တင်ယွီချင်မှာ ပါးစပ်ထဲမှ အစားအသောက်များကို အမြန်မြိုချကာ ပြန်ဖြေလိုက်သည်။
"မရီးရဲ့ လက်ရာက ဘာလို့ ဒီလောက်ကောင်းနေရတာလဲဆိုတာ အခုမှ သိတော့တယ်"
ဝမ်ထောင် သဘောပေါက်သွားသည်။
"ဟူး... စားသောက်ဆိုင် ဖွင့်မှာဆိုတော့ ကိုယ့်ဟင်းရဲ့ အရည်အသွေးကို သိထားရမယ်လို့ မရီး ထင်ခဲ့တာပေါ့။ ဒါကြောင့် ချက်ပြုတ်နည်းတွေကို သေချာသင်ယူခဲ့တာ၊ တစ်သိန်းကျော်တောင် ကုန်တယ်! နောက်ဆုံးတော့ ဆိုင်ဖွင့်ပြီး မကြာခင်မှာပဲ ကမ္ဘာပျက်ကပ်ကြီး ဖြစ်လာတော့တာပဲ..."
တင်ယွီချင်၏ မျက်နှာမှာ ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်... ထမင်းစားပြီးနောက် သူမသည် ထမင်းစားပွဲနှင့် မီးဖိုချောင်ကို သိမ်းဆည်းပေးကာ ဝမ်ထောင်၏ အိမ်ကိုပါ ကြမ်းတိုက်ပေးလိုက်သည်။
"ဟူး~"
သူမ အလုပ်အများကြီး မလုပ်ရသည်မှာ ကြာပြီဖြစ်သဖြင့် ခါးနှင့် ခြေထောက်များမှာ အနည်းငယ် နာကျင်နေသည်။ ထို့ကြောင့် သူမသည် ဆိုဖာပေါ်တွင် ထိုင်ကာ ဒေါက်မြင့်ဖိနပ်ကို ချွတ်လိုက်ပြီး နာကျင်နေသော ခြေကျင်းဝတ်ကို နှိပ်နယ်နေမိ၏။
မနက်ဖြန်ကျလျှင် ဒေါက်မြင့်ဖိနပ် မစီးတော့ဟုလည်း သူမ ဆုံးဖြတ်လိုက်သည်၊ အလွန် ပင်ပန်းလွန်းသောကြောင့် ဖြစ်သည်။
"ဝမ်လေး... မနက်ဖြန် မနက်ကျရင် မရီး ဘယ်အချိန်လာရမလဲ"
မြေပုံကို လေ့လာနေသော ဝမ်ထောင်က မော့ကြည့်လိုက်သည်။ အနက်ရောင် ခြေအိတ်ရှည်များ ဝတ်ထားသော သူမ၏ ခြေဖဝါးလေးများကို ပင်ပန်းစွာ နှိပ်နယ်နေသည့် တင်ယွီချင်ကို ကြည့်ရင်း ဝမ်ထောင်သည် ကူညီပေးချင်သည့် စိတ်ဆန္ဒတစ်ခု ရုတ်တရက် ပေါ်လာသည်။
ခဏမျှ စောင့်ဆိုင်းပြီးနောက် ဝမ်ထောင်က ပြောလိုက်သည်။
"ခြောက်နာရီပါ။"
"ဪ... ။ ဒါဆို ခြောက်နာရီကျရင် မရီး လာခဲ့မယ်။ မရီး အရင်ပြန်နှင့်တော့မယ်နော်"
ဝမ်ထောင်၏ အကြည့်အောက်တွင် အနည်းငယ် မသက်မသာ ဖြစ်လာသဖြင့် တင်ယွီချင်မှာ ဖိနပ်ကို အမြန်စီးကာ အိမ်ပြန်သွားတော့သည်။
တင်ယွီချင် ထွက်သွားသည်ကို ကြည့်ပြီးနောက် ဝမ်ထောင်သည် သူ၏ နေ့စဉ် လေ့ကျင့်ခန်းများကို စတင်လိုက်သည်။
သုံးရက်ကြာ သတိမေ့မြောရာမှ နိုးလာကတည်းက သူ၏ ကိုယ်ကာယ ကြံ့ခိုင်မှုမှာ ယခင်ထက် များစွာ သန်မာလာရုံသာမက လေ့ကျင့်ခန်း လုပ်တိုင်းတွင်လည်း တိုးတက်မှု အနည်းငယ်ရှိနေသည်ကို ခံစားနေရသည်။
လူအများစုမှာ ဇွဲမရှိရခြင်း အကြောင်းရင်းမှာ မိမိ၏ အောင်မြင်မှုအပေါ် မျှော်လင့်ချက်ကို မမြင်ရ၊ မခံစားရသောကြောင့် ဖြစ်သည်။
သို့သော် ဝမ်ထောင်အတွက်မူ လေ့ကျင့်ခန်း လုပ်ပြီးတိုင်း သူ၏ ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲမှု အနည်းငယ်ကို သိသိသာသာ ခံစားနေရသည်။ များများစားစား မဟုတ်သော်လည်း တိုးတက်မှုကတော့ အမှန်တကယ် ရှိနေသည်။
ထို့ပြင် ဝမ်ထောင်မှာ မွေးရာပါ စည်းကမ်းရှိသူတစ်ဦး ဖြစ်သဖြင့် ထူးခြားသည့် အခြေအနေမျိုး မရှိလျှင် လေ့ကျင့်ခန်း လုပ်ခြင်းမှာ သူ၏ နေ့စဉ် အလုပ်တစ်ခု ဖြစ်သည်။
ဇမ်ဘီများကို တိုက်ရိုက်သတ်ခြင်းက ပို၍ လျင်မြန်သော တိုးတက်မှုကို ရရှိစေနိုင်သော်လည်း (ဇမ်ဘီသတ်ခြင်းက သွေးတန်းကို တိုက်ရိုက်တိုးစေပြီး သွေးတန်းတိုးခြင်းက ကိုယ်ကာယ ကြံ့ခိုင်မှုကိုလည်း အနည်းငယ် မြှင့်တင်ပေးသောကြောင့် ဖြစ်သည်)၊ ဇမ်ဘီသတ်ခြင်းမှာ အလွန် အန္တရာယ်များပြီး မှားယွင်းမှုများ ဖြစ်လာနိုင်ခြေ ရှိသည်။
ထို့ပြင် ဝမ်ထောင်မှာ စက်ရုပ်တစ်ရုပ် မဟုတ်သဖြင့် ဇမ်ဘီများကို အမြဲတမ်း မသတ်နိုင်ပေ။ သူ နားနားနေနေ စားသောက်ရန် အချိန်လိုအပ်သည်။ ထို့ကြောင့် ဇမ်ဘီလည်း သတ်ရမည်၊ လေ့ကျင့်ခန်းလည်း မပြတ်ရပေ။ နှစ်ခုလုံးကို ဟန်ချက်ညီညီ လုပ်ဆောင်ရမည် ဖြစ်သည်။
လေ့ကျင့်ခန်း လုပ်ပြီးနောက် ဝမ်ထောင်သည် အမြန် ရေချိုးလိုက်ကာ အိမ်ရှိ မီးအားလုံးကို ပိတ်လိုက်၏။ သူသည် ပြတင်းပေါက်သို့ သွားကာ ထူထဲသော လိုက်ကာများကို ဖယ်လိုက်သည်။
တောက်ပသော အလင်းရောင်မှာ ဇမ်ဘီများကို ဆွဲဆောင်နိုင်သည်။ ဝမ်ထောင်မှာ ငါးထပ်တွင် နေထိုင်သော်လည်း ဘေးကင်းရေး အစီအမံများနှင့် ပတ်သက်၍ ဘယ်သောအခါမှ သတိလျော့ရဲခြင်း မရှိပေ။
ယနေ့ည ရာသီဥတုမှာ ကောင်းမွန်လှသည်။
လမင်းကို မမြင်ရသော်လည်း ကောင်းကင်ယံတွင် ကြယ်များ လင်းလက်နေသည်။ ကြယ်ရောင်အောက်တွင် ဝမ်ထောင်သည် ဝင်းအတွင်းရှိ အခြေအနေများနှင့် လှည့်လည်သွားလာနေသော ဇမ်ဘီများကို အကြမ်းဖျင်း မြင်နေရသည်။
"ဟူး~"
စိတ်ထင်လို့လား မသိသော်လည်း ညဘက်ရှိ ဇမ်ဘီများမှာ နေ့ဘက်ထက်စာလျှင် ပို၍ တက်ကြွနေသလို ဝမ်ထောင် ခံစားရသည်။
ခဏမျှ စဉ်းစားပြီးနောက် ဝမ်ထောင်သည် သံစ အသေးစားလေးတစ်ခုကို ယူကာ အသက်ပြင်းပြင်းရှူပြီး ဆန့်ကျင်ဘက် အဆောက်အဦးအောက်ရှိ ဇမ်ဘီသုံးကောင်ရှိရာသို့ အားကုန် ပစ်ပေါက်လိုက်သည်။
ဂလောက်~
"ဟဲ ဟဲ—"
"ဂါး—"
ချက်ချင်းဆိုသလိုပင် သံစကျသည့်နေရာအနီးရှိ ဇမ်ဘီသုံးကောင်မှာ ရူးသွပ်သွားကာ ကျောချမ်းဖွယ် ဟိန်းဟောက်သံများ လွှတ်လျက် ထိုနေရာတဝိုက်တွင် အသည်းအသန် ပြေးလွှားနေကြတော့သည်။
သူတို့၏ ဖျတ်လတ်သော အသွင်အပြင်ကို ကြည့်ပြီး နေ့ဘက်က ဇမ်ဘီများနှင့် မည်သို့ တူနိုင်တော့မည်နည်း။
တစ်စုံတစ်ယောက်က သူတို့ကို အားကစားသမားများဟု ပြောလျှင်ပင် ဝမ်ထောင် ယုံမိလိမ့်မည်။
ဝင်းအတွင်းရှိ အခြားဇမ်ဘီများမှာလည်း ထိုသုံးကောင်ရှိရာသို့ စတင် ရွေ့လျားလာကြသည်။ သူတို့၏ အရှိန်မှာ ရူးသွပ်နေသော သုံးကောင်ကဲ့သို့ မမြန်သော်လည်း နေ့ဘက်က နှေးကွေးလေးလံသော အရှိန်ထက်စာလျှင် များစွာ ပိုမြန်လှသည်။
"မနေ့ညက ငါမြင်ခဲ့တဲ့ ဖျတ်လတ်တဲ့ ဇမ်ဘီတွေက မျိုးဗီဇပြောင်းမျိုးစိတ်တွေ မဟုတ်ဘူး၊ သူတို့ကိုယ်တိုင်ပဲ ဖြစ်ရမယ်"
"ဖြစ်နိုင်တာက... ဇမ်ဘီတွေရဲ့ အခြေအနေက နေ့နဲ့ည မတူတာပဲ"
"သူတို့က နေ့ဘက်မှာ နှေးကွေးပြီး တောင့်တင်းနေပေမဲ့ ညဘက်ရောက်တာနဲ့ ပိုမြန်လာတယ်၊ ပိုပြီး ရူးသွပ်လွယ်လာတယ်၊ ပြီးတော့ ပိုပြီး ဖျတ်လတ်လာတယ်! သူတို့က မှောင်တဲ့နေရာကို ကြိုက်တယ်ဆိုတာ မဆန်းတော့ပါဘူး"
"တခြား ကွာခြားချက်တွေ ရှိသေးလားဆိုတာတော့ ငါ မသိသေးဘူး..."
"အတိုချုပ်ပြောရရင် ညဘက်မှာ ဇမ်ဘီတွေက ပိုကြောက်ဖို့ကောင်းတယ်..ညမှောင်ရင် အပြင်မထွက်နဲ့"
………..