အခန်း ၂၄
Vol. 3 Ch. 24
ရှင်သန်သူများ အခြေစိုက်စခန်းမှ သတင်းစကား
ဒေါက် ဒေါက် ဒေါက်..
"မရီး.. ကျွန်တော် ပါ"
ဝမ်ထောင်သည် တင်ယွီချင်၏ တံခါးကို ခေါက်လိုက်သည်။ အပေါ်ထပ်မှ ပစ္စည်းများကို ကူရွှေ့ခိုင်းရန် ဖြစ်သည်။ အကူအညီပေးမည့်သူ ရှိနေမှတော့ သူ အသုံးချရပေမည်။
အသံကြားသည်နှင့် တင်ယွီချင်သည် တံခါးကို အမြန်ဖွင့်ပေးလိုက်၏။ ဝမ်ထောင်၏ ကိုယ်ပေါ်တွင် အနက်ရောင် သွေးများ ပေကျံနေသည်ကို မြင်ရသောအခါ သူမက စိုးရိမ်တကြီးဖြင့် မေးရှာသည်။
"ဝမ်လေး.. မင်း ဘာမှမဖြစ်ဘူး မဟုတ်လား။"
"ဘာမှမဖြစ်ပါဘူး။ ကံကောင်းလို့ပါ။ ဒါပေမဲ့ အသက်နဲ့ ထပ်လဲလိုက်ရမလို ဖြစ်သွားသေးတယ်"
ဝမ်ထောင်၏ အသံမှာ မျက်နှာဖုံးအောက်တွင် အနည်းငယ် အက်ရှရှ ထွက်ပေါ်လာသည်။
ဇမ်ဘီ၏ လုံးထွေးခြင်းကို ခံလိုက်ရသဖြင့် သူ၏ လက်ကောက်ဝတ်များမှာ အနည်းငယ် နာကျင်နေသော်လည်း သွေးတန်း သိပ်မလျော့သွားသဖြင့် ကြီးကြီးမားမား ပြဿနာ မဟုတ်မှန်း သူ သိသည်။
"မရီး ဆေးသေတ္တာ သွားယူပေးရမလား..."
တင်ယွီချင် အတော်လေး စိုးရိမ်နေသည်။ ဝမ်ထောင်က ခေါင်းခါပြလိုက်သည်။
"မလိုပါဘူး။ အရင်ဆုံး ပစ္စည်းအချို့ ကူရွှေ့ပေးပါဦး"
"ကောင်းပါပြီ။"
တင်ယွီချင်သည် ဝမ်ထောင်နောက်မှ လိုက်၍ အခန်း ၆၀၁ သို့ သွားလိုက်သည်။ တံခါးဝရှိ အနက်ရောင် သွေးကွက်များနှင့် ဧည့်ခန်းထဲတွင် ရုန်းရင်းဆန်ခတ် ဖြစ်ထားသည့် လက္ခဏာများကို မြင်သောအခါ သူမသည် မသိစိတ်ဖြင့် တံတွေးကို မျိုချလိုက်မိပြီး တိုးတိုးလေး မေးလိုက်သည်။
"ဒီမှာ ဇမ်ဘီ နှစ်ကောင်တောင် ရှိနေတာလား။"
"ဟုတ်တယ်"
ဝမ်ထောင် ခေါင်းငြိမ့်ပြလိုက်သည်။
တင်ယွီချင်သည် ဝမ်ထောင်၏ ကျောပြင်ကို ကြည့်ကာ တိတ်တဆိတ် အံ့သြနေမိ၏။ ဇမ်ဘီ နှစ်ကောင်တောင်ကို သူတစ်ယောက်တည်း ရှင်းပစ်နိုင်ခဲ့သည် မဟုတ်ပါလား။
"ဒီပစ္စည်းတွေ အားလုံး အထုပ်ပြင်ထားပြီးပြီ။ ဒါတွေ ရွှေ့ကြစို့"
ဝမ်ထောင်က ကြမ်းပြင်ပေါ်ရှိ ပစ္စည်းများကို ညွှန်ပြလိုက်သည်။
"အင်း.."
တင်ယွီချင်တွင် ခွန်အား အများကြီး မရှိသော်လည်း အကွာအဝေးမှာ မဝေးလှသဖြင့် သယ်နိုင်၏။ သူတို့နှစ်ဦး တစ်ခေါက်တည်းနှင့် ပစ္စည်းအားလုံးကို အခန်း ၅၀၁ သို့ ရွှေ့နိုင်ခဲ့ကြသည်။
ရိက္ခာများကို သေချာစွာ အမျိုးအစားခွဲ၍ စနစ်တကျ စီစဉ်ပြီးနောက် ဝမ်ထောင်သည် သူ၏ အခန်းမှာ အနည်းငယ် ကျဉ်းမြောင်းနေသည်ဟု ခံစားလိုက်ရသည်။
အကြောင်းမှာ ယခုနှင့် နောင်တွင် အသုံးဝင်နိုင်မည်ဟု သူ ထင်မှတ်သမျှ အဝတ်အစားများ၊ စာအုပ်များ၊ အီလက်ထရွန်နစ် ပစ္စည်းများနှင့် အခြားအရာ အားလုံးကို သူ သယ်ဆောင်လာခဲ့ခြင်းကြောင့် ဖြစ်သည်။
သူသည် အခြားသူများ၏ အိမ်မှ ပရိဘောဂများကိုပင် ယူရန် စဉ်းစားနေသေးသည်။ ပရိဘောဂများမှာ သယ်ယူရန် ခက်ခဲသော်လည်း အရင်ဆုံး ဖျက်ဆီးလိုက်၍ ရသည်။ နောင်တွင် ဂတ်စ်များ ကုန်သွားပါက ထိုသစ်သားများကို ထမင်းချက်ရန် မီးမွှေး၍ ရနိုင်သည် မဟုတ်ပါလား။
တင်ယွီချင်က ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းပေးနေချိန်တွင် ဝမ်ထောင်မှာမူ ရေချိုးရန် ဝင်သွားလိုက်သည်။
အေးစက်နေသော ရေများနှင့် ထိတွေ့လိုက်ရသောအခါ သူ အနည်းငယ် တုန်တက်သွား၏။ ဇမ်ဘီများကို သတ်ပြီးနောက် သူ၏ အာရုံကြောများမှာ တင်းမာနေဆဲပင်။ ချောင်းမြောင်း တိုက်ခိုက်တတ်သော ဇမ်ဘီမ၏ ရန်ကို ကြုံခဲ့ရသဖြင့် သူ၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်မှု ရှိနေခဲ့သည်။
သူ၏ ဦးခေါင်းပေါ်သို့ ရေအေးများ လောင်းချလိုက်ခြင်းက စိတ်ကို တည်ငြိမ်သွားစေရန် များစွာ အထောက်အကူ ဖြစ်စေသည်။ ကံဆိုးသည်မှာ မီးအပူပေးစက်ကို သုံးရန် သူ ဝန်လေးနေခြင်းပင် ဖြစ်သည်။ ရေနွေးဖြင့် ရေချိုးရလျှင်မူ ပို၍ သက်သောင့်သက်သာ ရှိပေလိမ့်မည်။
ရေချိုးရင်း ဝမ်ထောင်သည် သူ၏ လက်ကောက်ဝတ်ကို စစ်ဆေးကြည့်သည်။ ညိုမည်းစွဲနေသော ဒဏ်ရာ ရှိသော်လည်း မပြင်းထန်လှပေ။ ရက်အနည်းငယ် အတွင်း ပြန်ကောင်းသွားပေလိမ့်မည်။ ယခင်က လက်မောင်းရှိ ဒဏ်ရာမှာမူ ပျောက်ကင်းသွားသည်မှာ ကြာပြီ ဖြစ်သည်။
သူ ရေချိုးပြီးချိန်တွင် တင်ယွီချင်သည် ပစ္စည်းများကို သိမ်းဆည်းပြီးသွားလေပြီ ။
ဝမ်ထောင်၏ လက်ကောက်ဝတ်ရှိ ညိုမည်းနေသော ဒဏ်ရာကို သူမ ချက်ချင်း သတိပြုမိသွား၏။ မနေ့ကတည်းက အံ့သြခဲ့ရဖူးသဖြင့် သူမ အလန့်တကြား မဖြစ်တော့သော်လည်း စိုးရိမ်တကြီး မေးလိုက်သည်။
"ဝမ်လေး.. မရီး ဆေးထည့်ပေးမယ်လေ။ ဒါမှ မြန်မြန် ပျောက်မှာ။"
"ကောင်းသားပဲ"
ဝမ်ထောင် ခေါင်းငြိမ့်လိုက်သောအခါ တင်ယွီချင်သည် သူမ၏ ဆေးသေတ္တာကို ယူရန် အိမ်သို့ အမြန် ပြန်သွားတော့သည်။ အမှန်တကယ်တော့ တင်ယွီချင်သည် ထိုဆေးသေတ္တာကို ဝမ်ထောင်အား ပေးပစ်ရန် စဉ်းစားခဲ့ဖူးသော်လည်း ဝေခွဲမရ ဖြစ်နေခဲ့သည်။ သူမ ကပ်စေးနဲခြင်းကြောင့် မဟုတ်ဘဲ ယခုအချိန်တွင် သူမဘက်မှ ဝမ်ထောင်အတွက် ပေးဆပ်နိုင်သည့် တန်ဖိုးမှာ အလွန် နည်းပါးနေမှန်း သူမ သိသည်။ အကယ်၍ ဆေးသေတ္တာကိုပါ ပေးလိုက်လျှင် သူမတွင် ဘာမှ ကျန်တော့မည် မဟုတ်ပေ။
ဝမ်ထောင်သည် ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး တင်ယွီချင်က သူ၏ ဘေးတွင် ထိုင်ကာ ဆေးထည့်ပေးနေသည်။
ဆေးဆီမှာ အေးမြပြီး စိတ်ကို ကြည်လင်သွားစေ၏။ ဝမ်ထောင်၏ ကြွက်သားများကို ကြည့်ရင်း တင်ယွီချင်သည် သူ၏ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန် နှိပ်နယ်ပေးချင်စိတ်များပင် အလိုလို ပေါ်လာသည်။ သူမတွင် ထိုပညာရပ်လည်း ရှိထားသည် မဟုတ်ပါလား။
သို့သော်လည်း မသင့်တော်ဟု သူမ ထင်မြင်မိသဖြင့် ဘာမှ မပြောဖြစ်ခဲ့ပေ။
ခဏမျှ ဆေးထည့်ပေးပြီးနောက် တင်ယွီချင်က ရုတ်တရက် မေးလိုက်သည်။
"ဟို... ဝမ်လေး.. မင်း ရှင်သန်သူများ အခြေစိုက်စခန်းကို သွားမှာလား။"
အင်တာနက် မပြတ်ခင်က အစိုးရ၏ ကြေညာချက်ကို သူမ တွေ့ခဲ့ဖူးသည်။ ဟွမ်ဖုန်းမြို့တွင် အစိုးရက ကြီးမှူးဖွင့်လှစ်ထားသော အကြီးစား ရှင်သန်သူများ အခြေစိုက်စခန်း တစ်ခု ရှိကြောင်း သူမ သိထားသည်။
သူမမှာတော့ ထိုနေရာသို့ သွားချင်သည်မှာ သေချာသည်။ ထိုနေရာတွင် ဘဝမှာ သာမန် လူမှုပတ်ဝန်းကျင်ကဲ့သို့ပင် စည်းကမ်းစနစ်များ ရှိနေသေးကြောင်းနှင့် ရှင်သန်သူတိုင်းကို အခြေခံ ထောက်ပံ့ကြေးများပင် ပေးသည်ဟု သူမ ကြားခဲ့ရသည်။ ကမ္ဘာပျက်ကပ်တွင် ရှင်သန်နေရသော လူများအတွက် ထိုနေရာမှာ နိဗ္ဗာန်ဘုံနှင့် မခြားလှပေ။
ပြဿနာမှာ ထိုအခြေစိုက်စခန်းသည် သူတို့၏ တိုက်ခန်းဝင်းနှင့် အလွန် ဝေးကွာနေခြင်းပင် ဖြစ်သည်။ သူမ တစ်ယောက်တည်း သွားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဝမ်ထောင်တွင် သွားရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက သူမကိုပါ ခေါ်သွားနိုင်မလားဟု သူမ စူးစမ်းကြည့်ခြင်း ဖြစ်သည်။
ထိုမေးခွန်းကို ကြားသောအခါ ဝမ်ထောင် ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။
"သွားဖို့တော့ စဉ်းစားထားပါတယ်။ ဒါပေမဲ့ ဘယ်တော့ ဖြစ်မလဲဆိုတာတော့ မသေချာသေးဘူး"
ယခုအခါ သူသည် ဇမ်ဘီများကို သတ်နိုင်ပြီး ရိက္ခာများကို ရှာဖွေနိုင်သဖြင့် ကမ္ဘာပျက်ကပ်တွင် ရှင်သန်နိုင်စွမ်း ရှိနေပြီဟု ထင်ရသော်လည်း နောင်အနာဂတ်တွင် ဘာဖြစ်လာမည်ကို မည်သူမျှ အသေအချာ မပြောနိုင်ပေ။
ထို့ပြင် ရှင်သန်သူများ အခြေစိုက်စခန်းမှာ အမှန်တကယ် မည်သို့ ရှိနေမည်ကိုလည်း ဝမ်ထောင် သိလိုသည်။ အကယ်၍ ပြောသကဲ့သို့ အမှန်တကယ် ကောင်းမွန်ပါက သူ ထိုနေရာတွင် နေထိုင်လိုသည်။
သို့သော် ယခုချက်ချင်း သွားရန်မှာမူ မဖြစ်နိုင်သေးပေ။ သူ၏ လက်ရှိ တည်နေရာမှာ ဟွမ်ဖုန်းမြို့အတွင်းရှိ ဆွေကျဲခရိုင် ဖြစ်ပြီး အခြေစိုက်စခန်းမှာ ဟုန်းရှီခရိုင်တွင် ရှိသည်။
အကွာအဝေးမှာ ကီလိုမီတာ ငါးဆယ်ခန့် ဝေးကွာနေသည်။ အတောင်ပံသာ မရှိပါက သူ၏ လက်ရှိ အင်အားဖြင့် ထိုမျှဝေးသော ခရီးကို သွားခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် မခြားလှပေ။
"ဟို... တကယ်လို့ မင်း သွားဖြစ်ရင် မရီးကိုပါ တစ်ခါတည်း ခေါ်သွားပေးလို့ ရမလား။"
တင်ယွီချင်သည် အားတင်းကာ ပြုံးလိုက်ရင်း ဝမ်ထောင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ဒါကတော့ နောက်မှပဲ ကြည့်ကြသေးတာပေါ့။ ပြောဖို့ စောလွန်းပါသေးတယ်"
ဝမ်ထောင်က တိုက်ရိုက် အဖြေမပေးခဲ့ပေ။ သူ၏ သဘောထားကြောင့် တင်ယွီချင်၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားတော့သည်။
လူကြီးများ၏ ကမ္ဘာတွင် တစ်ဖက်လူကို တိုက်ရိုက် ငြင်းဆိုလေ့ မရှိကြဘဲ မျက်နှာသာ ပေးတတ်ကြသည်။ ယခု အခြေအနေတွင် ဝမ်ထောင်၏ စကားမှာ ငြင်းဆိုလိုက်ခြင်း ဖြစ်မှန်း သိသာလှသည်။
မည်သို့ပင်ဖြစ်စေ သူမသည် ဇမ်ဘီများကို မသတ်နိုင်သလို ခွန်အားလည်း အများကြီး မရှိပေ။ ဝမ်ထောင်အတွက် သူမသည် ဝန်ထုပ်ဝန်ပိုး တစ်ခုသာ ဖြစ်ပေလိမ့်မည်။
သူမ မပါဘဲ သွားခြင်းက သူ၏ ခရီးကို ပို၍ လျင်မြန်စေမည်မှာ သေချာ၏။
"ဪ... အင်းပါ။"
တင်ယွီချင်သည် ဘာပြန်ပြောရမှန်း မသိဘဲ နှုတ်ခမ်းကိုသာ ကိုက်ထားမိသည်။
ဝမ်ထောင်က တိုက်ရိုက် ငြင်းလိုက်ခြင်း မဟုတ်သဖြင့် သူမအနေဖြင့် အတင်းအကျပ် တောင်းဆို၍ မရပေ။ အကယ်၍ သူက ဝေခွဲမရ ဖြစ်နေချိန်တွင် သူမဘက်မှ အတင်းလုပ်မိပါက သူမကို လုံးဝ မခေါ်သွားရန် ယခုပင် ဆုံးဖြတ်လိုက်နိုင်သည် မဟုတ်ပါလား။
ညစာအတွက် တင်ယွီချင် ပြင်ဆင်ပေးရန် မလိုပေ။ နေ့လယ်စာမှ ကျန်သည်များကို အပူပေးလိုက်လျှင်ပင် ဝမ်ထောင်အတွက် လုံလောက်လှသည်။ မွန်းလွဲပိုင်းတွင် သူမ ကူညီခဲ့သည်ကို ထောက်ထားသောအားဖြင့် ဝမ်ထောင်သည် သူမကို အသင့်စား ခေါက်ဆွဲခြောက် တစ်ထုပ် ပေးလိုက်သည်။
ဤခေါက်ဆွဲထုပ်မှာ အပိုဆုလာဘ် တစ်ခုဖြစ်ော။ တင်ယွီချင်သည် သူမ ပျော်ရွှင်သင့်သည်ဟု ထင်သော်လည်း ရင်ထဲတွင်တော့ ဘယ်လိုမှ မပျော်နိုင်ခဲ့ပေ။
တင်ယွီချင် ထွက်သွားပြီးနောက် ဝမ်ထောင်သည် ရိုးရှင်းသော ညစာကို စားကာ အနည်းငယ် အနားယူပြီးမှ နေ့စဉ်ပြုလုပ်နေကျ လေ့ကျင့်ခန်းများကို စတင်လိုက်သည်။
"ဒီနေ့ ဇမ်ဘီ နှစ်ကောင်ကို သတ်ပြီးနောက်မှာ ငါ့ရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုက အနည်းငယ် ထပ်တိုးလာသလိုပဲ။ ဒါက စိတ်ထင်တာ မဟုတ်လောက်ဘူး။ ဇမ်ဘီတွေကို သတ်ခြင်းက ကြံ့ခိုင်မှုကို တကယ်ပဲ အနည်းငယ် တိုးတက်စေတာပဲ။ တစ်ကောင်၊ နှစ်ကောင်ဆိုရင် မသိသာပေမဲ့ အရေအတွက် တစ်ခုအထိ ရောက်သွားရင်တော့ တိုးတက်မှုက သိသိသာသာ ဖြစ်လာမှာပဲ..."
နာရီအနည်းငယ်ကြာ လေ့ကျင့်ခန်း လုပ်ပြီးနောက် ဝမ်ထောင် ရေပြန်ချိုးရန် ပြင်ဆင်လိုက်သော်လည်း ရေပြတ်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ အမှန်တော့ အစောပိုင်းက ရေချိုးစဉ်ကပင် ရေအားနည်းနေသည်ကို သူ သတိပြုမိခဲ့သဖြင့် ရေပြတ်သွားခြင်းမှာ မထူးဆန်းလှပေ။
သို့သော် သူ၏ လုပ်ဆောင်ရမည့် စာရင်းတွင် ရေရှာဖွေခြင်း ဆိုသည့် အလုပ်တစ်ခု တိုးလာသဖြင့် စိတ်ညစ်သွားရသည်။
ကြိုတင် စုဆောင်းထားသော ရေအချို့ကို သုံး၍ ကိုယ်ပေါ်မှ ချွေးများကိုသာ ဆေးကြောလိုက်သည်။ ညစ်ပတ်သွားသော ရေများကိုလည်း သွန်မပစ်ဘဲ နောက်မှ အိမ်သာလောင်းရန် သိမ်းထားလိုက်သည်။
ထို့နောက် သူသည် ခုတင်ပေါ်တွင် လဲလျောင်းရင်း ထုံးစံအတိုင်း ရေဒီယိုကို ဖွင့်ကာ သတင်းများ နားထောင်လိုက်သည်။
“တီ ..တီ ... ဤသည်မှာ ဟုန်းရှီ ရှင်သန်သူများ အခြေစိုက်စခန်း...တီ…”
……..