အခန်း ၂၅
Vol. 3 Ch. 25
သုံးရက်အတွင်း အမြန်သင်တန်း
"ဟင်...စခန်းကလား.."
ဝမ်ထောင်သည် တစ်ဖက်သို့ လှည့်ကာ ထိုင်လိုက်သည်။
သူသည် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ရေဒီယို၏ အသံဖမ်းခလုတ်ကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
"တီ... ဟုန်းရှီ ရှင်သန်သူများ အခြေစိုက်စခန်း... တီတီ... ရေနှင့် ရိက္ခာများ ထောက်ပံ့ပေးနေသည်... တီ.. ဘေးကင်းလုံခြုံသည်... ကျိကျိ... ထပ်မံ ကြေညာအပ်ပါသည်... ဟုန်းရှီ ရှင်သန်သူများ အခြေစိုက်စခန်း...တီ..."
"ဟုန်းရှီ ရှင်သန်သူများ အခြေစိုက်စခန်း..."
ဝမ်ထောင်သည် မေးစေ့ရှိ မုတ်ဆိတ်တိုများကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။ အမည်ကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ဟုန်းရှီခရိုင်ရှိ ရှင်သန်သူများ အခြေစိုက်စခန်း ဖြစ်ရပေမည်။
ယခင်က အင်တာနက်ပေါ်တွင် တရားဝင် ထုတ်ပြန်ခဲ့သော သတင်းများအရ ရုတ်တရက် ဖြစ်ပွားခဲ့သော ကပ်ရောဂါကြောင့် ကြိုတင်ပြင်ဆင်ရန် အချိန်မရခဲ့သဖြင့် အစိုးရသည် မြို့တိုင်းတွင် ရှင်သန်သူများ အခြေစိုက်စခန်း တစ်ခုစီ တည်ဆောက်ရန် စီစဉ်ခဲ့သည်။
ဟွမ်ဖုန်းမြို့အတွက် ရှင်သန်သူများ အခြေစိုက်စခန်းကို ဟုန်းရှီခရိုင်တွင် တည်ထားခြင်း ဖြစ်ပုံရသည်။
ထိုနေရာကို ရွေးချယ်ရခြင်းမှာ ထိုနေရာတွင် စစ်တပ်တစ်ခု စခန်းချထားပြီးသား ဖြစ်ခြင်းကြောင့်နှင့် လက်ရှိရှိနေသော ကာကွယ်ရေး အစီအမံများကို ချက်ချင်း အသုံးချနိုင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ဗိုင်းရပ်စ် စတင်ပျံ့နှံ့သည့် ပထမ ရက်အနည်းငယ်အတွင်း စစ်တပ်ထဲတွင်လည်း ကူးစက်မှုများ ဖြစ်ပွားခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ခဲ့သည်။
အထူးသဖြင့် ဆက်သွယ်ရေးများ ပြတ်တောက်သွားပြီးနောက် ဟုန်းရှီခရိုင်မှ အခြေစိုက်စခန်း တည်ရှိနေသေးခြင်း ရှိ၊ မရှိကို ဝမ်ထောင် မသေချာခဲ့ပေ။
ယခုအခါ ရေဒီယိုမှတစ်ဆင့် ဟုန်းရှီခရိုင် အခြေစိုက်စခန်း၏ သတင်းကို ကြားရသဖြင့် ဝမ်ထောင်မှာ အတော်လေး ဝမ်းသာသွားသည်။ ရေဒီယိုလှိုင်းများ လွှင့်ထုတ်နိုင်သေးသည်ဆိုပါက ၎င်းတို့သည် အခြေအနေကို တစ်စုံတစ်ရာ ထိန်းချုပ်နိုင်ပြီဟု အဓိပ္ပာယ်ရသည်။
သို့သော် ပြန်လည် တိုက်ခိုက်ခြင်း သို့မဟုတ် ကယ်ဆယ်ရေး လုပ်ငန်းများအကြောင်း ဘာမှမကြားရသေးခြင်းက ၎င်းတို့သည် လောလောဆယ်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရုံသာ ရှိသေးကြောင်း ညွှန်ပြနေ၏။
မည်သို့ပင်ဖြစ်စေ ၎င်းမှာ သတင်းကောင်းပင် ဖြစ်သည်။ ၎င်းက ဝမ်ထောင်အတွက် တွန်းအား သို့မဟုတ် ပန်းတိုင်တစ်ခု ဖြစ်လာသည်။ အနည်းဆုံးတော့ ရှင်သန်သူ အများအပြား အသက်ရှင်နေကြသေးသည် မဟုတ်ပါလား၊ သူက ဘာလို့ အရင် အသေခံရမည်နည်း။
"ကျွီ.. တီ.."
ရေဒီယိုမှာ ခဏမျှ လွှင့်ထုတ်ပြီးနောက် ပြန်လည် တိတ်ဆိတ်သွားသည်။ ၎င်းမှာ ရည်ရွယ်ချက်ရှိရှိ ပိတ်လိုက်ခြင်းလား သို့မဟုတ် တစ်စုံတစ်ခု ချို့ယွင်းသွားခြင်းလား သူ မသိပေ။ ထိုအရာမှာ ပထမအချက် ဖြစ်ပါစေဟုသာ သူ ဆုတောင်းလိုက်သည်။
ဆုတောင်းပြီးနောက် ဝမ်ထောင်သည် ဝေါကီတော်ကီကို ဖွင့်လိုက်၏။ ရေဒီယိုကဲ့သို့ပင် သူသည် ညတိုင်း ဝေါကီတော်ကီကို ဖွင့်ထားလေ့ ရှိသည်။ ရေဒီယိုမှ အသံကို နှစ်ကြိမ် ကြားခဲ့ရသော်လည်း ဝေါကီတော်ကီမှတော့ ဘာအသံမှ မကြားခဲ့ရပေ။
၎င်းမှာလည်း နားလည်ပေး၍ ရပါသည်။
အချက်ပြလှိုင်း ထပ်ဆင့်လွှင့်စခန်း မရှိပါက ဤသာမန် ဝေါကီတော်ကီများ၏ အကွာအဝေးမှာ နှစ်ကီလိုမီတာ သို့မဟုတ် သုံးကီလိုမီတာခန့်သာ ရှိသည်။ ဘာမှ မကြားရခြင်းမှာ ပုံမှန်ပင် ။
သို့သော် ယနေ့ညတွင် သူ၏ ကံမှာ အမှန်တကယ်ပင် ကောင်းနေပုံရသည်။
ရေဒီယိုမှ သတင်းရပြီးနောက်တွင် သူ၏ ဝေါကီတော်ကီမှ လှုပ်ရှားမှုအချို့ကို နောက်ဆုံးတွင် ဖမ်းယူရရှိခဲ့သည်။
"ကျီ... ဤနေရာမှာ... တီတီ... ဆွေကျဲ တက္ကသိုလ်... ရှင်သန်သူများ အခြေစိုက်စခန်း... ... ဤသတင်းကို ရရှိပါက ကျေးဇူးပြု၍ ပြန်လည် ဖြေကြားပေးပါ... ကျေးဇူးပြု၍...တူတူ..."
အတွင်းမှ ပြတ်တောင်းပြတ်တောင်း ထွက်လာသော အသံကို ကြားရသောအခါ ဝမ်ထောင်၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။
ဆွေကျဲ တက္ကသိုလ်မှာ သူ၏ ဟက်ပီးလူနေရပ်ကွက်နှင့် ငါးကီလိုမီတာခန့်သာ ဝေးသော အနီးအနားရှိ ကျောင်းတစ်ခု ဖြစ်သည်။
ယခုသတင်းစကားအရ ဆိုပါက တစ်စုံတစ်ယောက်သည် ဆွေကျဲ တက္ကသိုလ်အတွင်း၌ ရှင်သန်သူများ အခြေစိုက်စခန်း တစ်ခု တည်ဆောက်ထားခြင်း ဖြစ်နိုင်သလား။
ဆွေကျဲ တက္ကသိုလ်မှာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှ တည်ဆောက်ထားသော ကျောင်းတစ်ခု ဖြစ်သည်။ ၎င်း၏ တည်နေရာမှာ အတော်လေး ဝေးလံပြီး လူဦးရေ ကျဲပါးသော်လည်း ဟွမ်ဖုန်း ရုပ်ရှင်ရိုက်ကွင်းနှင့် နီးကပ်လှသည်။ တက္ကသိုလ် ကျောင်းသား အများအပြားမှာ အားလပ်ချိန်တွင် ထိုရုပ်ရှင်ရိုက်ကွင်းသို့ အချိန်ပိုင်းအလုပ် သွားလုပ်လေ့ ရှိကြ၏။
ဝမ်ထောင်သည် ဆွေကျဲ တက္ကသိုလ်သို့ အကြိမ်အနည်းငယ် ရောက်ဖူးသည်။ သူ၏ အမြင်မှာတော့ သာမန် ကျောင်းတစ်ကျောင်းမျှသာ ဖြစ်သည်။ ဆွေကျဲ တက္ကသိုလ်အနီးတွင် လူဦးရေ ဒါဇင်အနည်းငယ်ရှိသော လုံခြုံရေး တပ်ခွဲတစ်ခု ရှိသည်။ အကယ်၍ ထိုစစ်သားများမှာ အကြီးအကျယ် ကူးစက်ခံရခြင်း သို့မဟုတ် သေဆုံးခြင်း မရှိခဲ့ပါက ၎င်းတို့တွင် အခြေစိုက်စခန်း အသေးစားတစ်ခု တည်ဆောက်နိုင်သော စွမ်းရည် ရှိပေလိမ့်မည်။
ဝမ်ထောင်သည် ဝေါကီတော်ကီရှိ PTT ခလုတ်ကို နှိပ်လိုက်သည်။
"ကျွန်တော် ကြားရပါတယ်၊ ကြားရပါတယ်"
ဝမ်ထောင်သည် သူ၏ အသေးစိတ် အချက်အလက်များကိုတော့ မပြောခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ထိုဘက်မှ အခြေအနေကို သူ မသိသေးသဖြင့် သတိထားခြင်းကသာ အကောင်းဆုံး ဖြစ်သည်။
သို့သော် သူ၏ စကားကို ပြန်လည် တုံ့ပြန်သံ မကြားရပေ။
"တီ.. ဆွေကျဲ တက္ကသိုလ်... အခြေစိုက်စခန်း... ကျေးဇူးပြု၍... ပြန်လည် ဖြေကြားပေးပါ... ထပ်မံ ကြေညာအပ်ပါသည်..."
"ကျွန်တော် ကြားရပါတယ်၊ ကြားရပါတယ်၊ ကြားရပါတယ်"
ဝမ်ထောင်သည် အကြိမ်အနည်းငယ် ထပ်မံ ပြောဆိုခဲ့သော်လည်း ခဏမျှ စောင့်ကြည့်ပြီးနောက်တွင်တော့ တစ်ဖက်မှ ပြန်လည် ဖြေကြားသံ မရှိခဲ့ပေ။
"ငါ့ရဲ့ ဝေါကီတော်ကီ အားက သိပ်နည်းနေလို့လား"
ဝမ်ထောင်သည် ရုတ်တရက် စိတ်ပျက်သွားသည်။ ဝေါကီတော်ကီ ဆက်သွယ်ရေး၏ သဘောတရားမှာ လူတစ်ယောက်က ဗဟိုမှနေ၍ အရပ်မျက်နှာ အနှံ့သို့ အချက်ပြလှိုင်းများ လွှတ်ထုတ်ခြင်း ဖြစ်သည်။ တူညီသော မြေပြင်အနေအထားတွင် အားကောင်းလေလေ အချက်ပြလှိုင်းမှာ ဝေးဝေးသို့ ရောက်လေလေ ဖြစ်သည်။
အခန်း ၆၀၂ မှ ဝမ်ထောင် ကောက်ယူခဲ့သော ဝေါကီတော်ကီ လေးလုံးမှာ ဆက်သွယ်ရေး အကွာအဝေး နှစ်ကီလိုမီတာ သို့မဟုတ် သုံးကီလိုမီတာခန့်သာ ရှိသော သာမန် အရပ်သုံး မော်ဒယ်များ ဖြစ်သည်။
ဆွေကျဲ တက္ကသိုလ်ရှိ ဝေါကီတော်ကီမှာမူ ငါးကီလိုမီတာထက် ပို၍ဝေးသော အကွာအဝေးသို့ ရောက်နိုင်သည့် အားကောင်းသော မော်ဒယ် ဖြစ်နိုင်ပေသည်။
၎င်းမှာ တစ်ဖက်မှ အချက်ပြလှိုင်းမှာ ဝမ်ထောင်၏ ဝေါကီတော်ကီသို့ ရောက်ရှိသဖြင့် သူက ကြားရခြင်း ဖြစ်သည်။ သို့သော် ဝမ်ထောင်၏ ဝေါကီတော်ကီမှာ အားနည်းသဖြင့် ထိုမျှဝေးသော အကွာအဝေးသို့ အချက်ပြလှိုင်း မရောက်နိုင်သောကြောင့် ၎င်းတို့က သူ ပြောသည်ကို မကြားရခြင်း ဖြစ်သည်။
၎င်းမှာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။
ဝမ်ထောင်သည် အခြား ရှင်သန်သူများ၏ အခြေအနေကို သိရှိလိုခဲ့သည် မဟုတ်ပါလား။
အကြိမ်အနည်းငယ် ထပ်မံ ကြိုးစားကြည့်သော်လည်း ဆက်သွယ်၍ မရမှန်း အတည်ပြုပြီးနောက် ဝမ်ထောင် ခေါင်းခါလိုက်၏။
"အိပ်တော့မယ်၊ အိပ်တော့မယ်"
အချက်ပြလှိုင်း နှစ်မျိုးလုံးနှင့် ဆက်သွယ်၍ မရသော်လည်း ၎င်းမှာ သတင်းကောင်းပင် ဖြစ်သည်။
အနည်းဆုံးတော့ လူသားမျိုးနွယ်မှာ လုံးဝ ပျောက်ကွယ်မသွားသေးကြောင်း ပြသနေသည် မဟုတ်ပါလား။
ထိုညက ဝမ်ထောင်သည် ရက်အနည်းငယ် အတွင်း အကောင်းဆုံး အိပ်ပျော်ခဲ့သည်။
နောက်တစ်နေ့။
ဝမ်ထောင်သည် မနက် ခြောက်နာရီကျော်တွင် နိုးလာသည်။ သူ မျက်နှာသစ်ပြီးသည်နှင့် တံခါးခေါက်သံ ကြားလိုက်ရသည်။ တံခါးဖွင့်ကြည့်လိုက်သောအခါ တင်ယွီချင် ဖြစ်နေ၏။
သူမသည် ဝမ်ထောင်အတွက် မနက်စာ လာချက်ပေးခြင်း ဖြစ်သည်။
ဝမ်ထောင်က ရိုးရှင်းသော လေ့ကျင့်ခန်းများ လုပ်ပြီးချိန်တွင် တင်ယွီချင်ကလည်း ထမင်းချက်ပြီးသွားလေပြီ ။
ဝမ်ထောင်ထံမှ ထပ်မံ ခိုင်းစေစရာ မရှိတော့ကြောင်း အတည်ပြုပြီးနောက် သူမ ပြန်သွားတော့သည်။ ဝမ်ထောင်ကလည်း သူမကို မနက်စာ အတူစားရန် မခေါ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူက သူမကို တစ်နပ်သာ ကျွေးမည်ဟု ကြိုတင် သဘောတူထားခဲ့ကြသည် မဟုတ်ပါလား။
ထမင်းစားပြီးနောက် ဝမ်ထောင်သည် အကာအကွယ်များကို စတင် ဝတ်ဆင်၏။
တစ်ယောက်တည်း ဝတ်ဆင်ရခြင်းမှာ အမှန်တကယ်ပင် နှေးကွေးလှသည်ဟု သူ ခံစားလိုက်ရသော်လည်း တင်ယွီချင်ကို ခေါ်ရန်မှာမူ ပျင်းနေမိသည်။ အားလုံး ဝတ်ဆင်ပြီးနောက် ဝမ်ထောင်သည် ဒုတိယထပ်သို့ ဆင်းကာ အခန်း ၂၀၂ ၏ တံခါးကို ခေါက်လိုက်သည်။
"ဝမ်လေး.. မင်း ရောက်လာပြီပဲ၊ မြန်မြန် ဝင်ခဲ့ဦး"
ထိပ်ပြောင်ဦးလေးကြီးက ဝမ်ထောင်ကို အမြန် တံခါးဖွင့်ပေးလိုက်သည်။ ဝမ်ထောင်သည် သော့ပြင်ဆရာ၏ ပညာရပ်အားလုံးကို သင်ယူလိုသည်ဟု ယခင်က ပြောခဲ့သော်လည်း လွန်ခဲ့သော နှစ်ရက်အတွင်း အချိန်မရသဖြင့် ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အခန်း ၆၀၁ ကို ရှာဖွေပြီးနောက် ရိက္ခာများ ပိုလျှံနေပြီ ဖြစ်ရာ ၁၀၁ နှင့် ၁၀၂ ရှိ ဇမ်ဘီများကို မရှင်းလင်းမီ သော့ဖွင့်ပညာကို အရင်ဆုံး သင်ယူရန် သူ စီစဉ်လိုက်ခြင်း ဖြစ်သည်။
သော့ဖွင့်ခြင်း၏ သဘောတရားမှာ လက်တွေ့တွင် မခက်ခဲလှပေ။ အထူးသဖြင့် ကျွမ်းကျင်သော ဆရာတစ်ဦးက တစ်ဆင့်ချင်း သင်ပေးနေခြင်းကြောင့် ပို၍ လွယ်ကူလှသည်။
၎င်းမှာ လက်တွေ့ လေ့ကျင့်မှုအပေါ်တွင်သာ မူတည်နေပြီး လေ့ကျင့်မှု များလေလေ ပို၍ ကျွမ်းကျင်လေလေ ဖြစ်သည်။
ဝမ်ထောင်တွင် ထိုပညာအတွက် ပင်ကိုယ်ပါရမီ ရှိပုံရပြီး အလွန် လျင်မြန်စွာ သင်ယူနိုင်သည်။ ထိပ်ပြောင်ဦးလေးကြီးက ဝမ်ထောင်၏ ပါရမီကို အဆက်မပြတ် ချီးမွမ်းနေသည်။ သူကိုယ်တိုင်ပင် ကျွမ်းကျင်ရန် နှစ်ပတ်ခန့် အချိန်ယူခဲ့ရသော်လည်း ဝမ်ထောင်၏ သင်ယူမှု အရှိန်အရ ဆိုပါက နောက်ထပ် နှစ်ရက်အတွင်း ပြီးမြောက်ပေလိမ့်မည်။
ဦးလေးကြီး ပြောသကဲ့သို့ပင် ဖြစ်လာခဲ့သည်။
ဝမ်ထောင်သည် နောက်ထပ် နှစ်ရက် ထပ်မံ အချိန်ယူခဲ့ရာ ယခင် သင်ယူမှု အချိန်နှင့် ပေါင်းပါက စုစုပေါင်း သုံးရက်အတွင်း ဦးလေးကြီး၏ သော့ဖွင့်ခြင်းနှင့် သော့တူပြုလုပ်ခြင်း နည်းပညာအားလုံးကို ကျွမ်းကျင်သွားခဲ့သည်။
ဦးလေးကြီး၏ အိမ်တွင် သော့တူပြုလုပ်သော စက်အသေးစားလေး တစ်လုံး ရှိရာ ဝမ်ထောင်သည် ၎င်းကို ရိက္ခာအချို့ဖြင့် လဲလှယ်ယူခဲ့သည်။
"မင်းရဲ့ သင်ယူနိုင်စွမ်းက အံ့သြစရာပဲ။ ငါ့မှာ မင်းကို သင်ပေးစရာ ဘာမှ မကျန်တော့ဘူး။ ကျန်တာကတော့ လက်တွေ့ လေ့ကျင့်ဖို့ပဲ၊ လက်တွေ့က သီအိုရီထက် ပိုအရေးကြီးတယ်..."
ထိပ်ပြောင်ဦးလေးကြီးက စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပေးသည်။
"ဟားဟား။ ဒီရက်ပိုင်းအတွင်း ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ဦးလေး"
ဝမ်ထောင်က ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်၏။ သူသည် ကျေးဇူးတင်ရုံသာမက ဦးလေးကြီးကို ရိက္ခာအများအပြားလည်း ပေးခဲ့သဖြင့် ၎င်းမှာ မျှတသော လဲလှယ်မှုတစ်ခု ဖြစ်ခဲ့သည်။
"ငါတို့က အပြန်အလှန် ကူညီနေကြတာပဲလေ"
ဦးလေးကြီးက အစပိုင်းတွင် ပြုံးနေသော်လည်း ရုတ်တရက် ဝမ်းနည်းသွားပုံရသည်။
"ငါ့ရဲ့ ဇနီးနဲ့ ကလေးလည်း မင်းလို လူကောင်းတစ်ယောက်နဲ့ တွေ့ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ..."
ဝမ်ထောင်သည် လူကောင်းဟု ခေါ်ဆိုခံရခြင်းအပေါ် ဘာမှ ပြန်မပြောခဲ့ဘဲ စူးစမ်းစွာ မေးလိုက်သည်။
"ဦးလေးရဲ့ မိသားစုက ဘယ်မှာလဲ"
ဦးလေးကြီးသည် သူ၏ အိတ်ကပ်ထဲမှ မိသားစု ဓာတ်ပုံတစ်ပုံကို ထုတ်ယူကာ ဖြည်းညှင်းစွာ ပွတ်သပ်လိုက်သည်။
"သူတို့အားလုံးက ကျေးလက်က ဆွေမျိုးတွေဆီ အလည်သွားနေကြတာ။ ကျေးလက်က မြို့ထက် အများကြီး ပိုဘေးကင်းတယ်လေ။ အင်တာနက် မပြတ်ခင်က ငါ့မိသားစုနဲ့ စကားပြောဖြစ်တော့ သူတို့ရွာမှာ လူသိပ်မရှိဘူးတဲ့၊ ဒါကြောင့် ဇမ်ဘီတွေလည်း နည်းတယ်လေ။ အိမ်ထဲမှာ ပုန်းနေရင် အရမ်း ဘေးကင်းတယ်တဲ့... ဟင်း။ ငါ သူတို့ကို ထပ်တွေ့ခွင့် ရပါဦးမလား မသိပါဘူး..."
ကျေးလက်က ပိုဘေးကင်းသလား...
ဝမ်ထောင်က အားပေးလိုက်သည်။
"သေချာပေါက် တွေ့ခွင့် ရမှာပါ ဦးလေးရာ.."
……….