အခန်း (၂၉)
Vol. 3 Ch. 29
အပြေးဆေး
ဧည့်ခန်းအတွင်း၌ ဇွန်ဘီတစ်ကောင်တစ်လေမျှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေ၏။
သို့သော် နံရံများပေါ်တွင် ပက်ဖြန်းထားသော သွေးစများကမူ ဤနေရာသည် ဘေးကင်းလုံခြုံမှုမရှိကြောင်း ဝမ်ထောင်ကို သတိပေးနေသည်။
ဝမ်ထောင်သည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အိပ်ခန်းသုံးခန်းလုံး၏ တံခါးများမှာ ပွင့်နေပြီး အခန်းဝတိုင်းတွင် မည်းနက်နေသော သွေးကွက်များကို တွေ့လိုက်ရ၏။ သူသည် ခြေသံကိုထိန်းကာ ဧည့်ခန်းအတွင်းသို့ ဝင်ခဲ့ပြီး အခန်းတစ်ခုချင်းစီကို အသာချောင်းကြည့်လေသည်။
နောက်ဆုံးတွင် အဓိကအိပ်ခန်းအတွင်း၌ သူ ရှာနေသော ပစ်မှတ်ကို တွေ့လိုက်ရတော့သည်။
အဓိကအိပ်ခန်းအတွင်းရှိ သွေးစွန်းနေသော ကုတင်ပေါ်တွင် ညစ်ပတ်ပေရေနေသော ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး အရိပ်ကလေးတစ်ခုသည် ဝမ်ထောင်ကို ကျောပေးကာ ကွေးကွေးလေး ထိုင်နေ၏။
သို့သော် ဝမ်ထောင်၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်မှာ ထိုကလေးရိပ်မဟုတ်ဘဲ သူ၏ဘေးတွင် လဲလျောင်းနေသော သွေးရောင်လွှမ်းနေသည့် အရိုးစု နှစ်ခုပင် ဖြစ်ပေသည်။
ဝမ်ထောင်သည် ကျောရိုးထဲအထိ စိမ့်ခနဲ အေးသွားမိ၏။ ထိုပိန်လှီလှီ အရိပ်ကလေးသည် လှုပ်ရှားမှုကို အာရုံရသွားပုံရသည်။
သူသည် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လာရာ မီးခိုးရောင်သန်းနေသော မျက်လုံးများ၊ ဖောင်းကြွနေသော အကြောများနှင့် မည်းနက်နေသော သွေးများဖြင့် ပြည့်နှက်နေသည့် ပါးစပ်ကို မြင်လိုက်ရတော့သည်။
"ဂါး...ဂီး.."
【၆၀၀/၆၀၀】
ဇွန်ဘီ၏ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ အရင်က ဝမ်ထောင်ကို ရန်စခဲ့ဖူးသော ဆိုးသွမ်းကလေးပင် ။ သို့သော် ၎င်း၏ သွေးပမာဏမှာ အခြားဇွန်ဘီများထက် ၁၀၀ ပိုများနေပေသည်။
ဝမ်ထောင်သည် ဆိတ်ခွာသံတူကို တင်းတင်းဆုပ်ကိုင်လိုက်၏။ အခြေအနေမှာ အနည်းငယ် ပြောင်းလဲသွားပြီ ဖြစ်သည်။ ဤနေရာတွင် ဇွန်ဘီ သုံးကောင် မရှိသော်လည်း သွေး ၆၀၀ ရှိသော ဇွန်ဘီကလေး တစ်ကောင် ရှိနေသည်။
ဟူး—
ဝမ်ထောင်သည် အသက်ကို ပြင်းပြင်းရှူကာ ဇွန်ဘီထံသို့ လှမ်းဝင်သွားလေသည်။
"ဂရား..."
ဇွန်ဘီကလေးသည် ထရပ်လိုက်ပြီး ဝမ်ထောင်ထံသို့ တုန်တုန်ချိချိ လျှောက်လာ၏။
၎င်းတို့ကြားတွင် ဆယ်မီတာခန့် ကွာဝေးသော်လည်း ဤဇွန်ဘီကလေး၏ အမြန်နှုန်းမှာ တစ်ခုခု ထူးခြားနေသည်ကို ဝမ်ထောင် ချက်ချင်း သတိထားမိလိုက်သည်။ ခန္ဓာကိုယ်မှာ သေးငယ်ပြီး ခြေထောက်များမှာ တိုတောင်းလှသော်လည်း ဝမ်ထောင် မြင်ဖူးသမျှ ဇွန်ဘီများထက် ပို၍ မြန်နေသည်။
ဝမ်ထောင်သည် ချက်ချင်း ရပ်လိုက်ပြီး သတိဖြင့် စောင့်ကြည့်နေ၏။ ဇွန်ဘီကလေးသည် ကြွေပြား လေးချပ်ခန့်အကွာ သို့မဟုတ် သုံးမီတာခန့် အကွာသို့ ရောက်သောအခါ လက်နှစ်ဖက်ကို ဖြန့်ကာ ဝမ်ထောင်ထံသို့ ရုတ်တရက် ခုန်အုပ်လိုက်လေတော့သည်။
ဂီး—
ဇွန်ဘီကလေး၏ အရှိန်ပြင်းပြေးခြင်းကြောင့် ဝမ်ထောင် အံ့အားသင့်သွားသော်လည်း သူသည် ကြိုတင် သတိထားထားသူ ဖြစ်သဖြင့် ဘေးသို့ အမြန်ရှောင်လိုက်ရာ ကုတ်ချက်မှာ လွဲချော်သွားလေသည်။
ဇွန်ဘီကလေးသည် ဝမ်ထောင်ကို မဖမ်းမိသော်လည်း အရှိန်မသတ်နိုင်ဘဲ ရှေ့သို့ အနည်းငယ် ဆက်သွားပြီးမှ ရပ်သွား၏။ ထို့နောက် ဖြည်းဖြည်းချင်း လှည့်လာပြီး ဝမ်ထောင်ထံသို့ ပြန်လည် လျှောက်လာပြန်သည်။
"ဂရား..."
စောစောကအတိုင်းပင် သုံးမီတာခန့် အကွာသို့ ရောက်သောအခါ လက်များကို ဖြန့်၍ ဝမ်ထောင်ထံသို့ ထပ်မံ ခုန်အုပ်လာပြန်၏။ ယခုတစ်ကြိမ်တွင်မူ ဝမ်ထောင် မရှောင်တော့ပေ။ သူသည် ခြေထောက်ကို မြှောက်ကာ ဇွန်ဘီကလေး၏ ရင်ဘတ်ကို တည့်တည့်ဆောင့်ကန်လိုက်လေသည်။
【-၃】
ဇွန်ဘီကလေး၏ လက်တံများမှာ ဝမ်ထောင်၏ ခြေထောက်ထက် တစ်ဝက်ခန့် ပိုတိုသည်။ ရင်ဘတ်ကို အကန်ခံရပြီးနောက် ၎င်း၏လက်များမှာ ဝမ်ထောင်၏ ခြေထောက်ကို ယောင်ယမ်းကာ ကုတ်ခြစ်နေသော်လည်း ဝမ်ထောင်မှာ သူ၏ ခြေထောက်တွင် ထူထဲသော စာအုပ်များကို စည်းထားသဖြင့် လုံးဝ စိုးရိမ်စရာ မရှိပေ။
ဝမ်ထောင်သည် မောက်မာနေခြင်း မဟုတ်ဘဲ ဤဇွန်ဘီကလေး မည်မျှ သန်မာသည်ကို စမ်းသပ်ချင်ရုံသာ ဖြစ်၏။ သူ၏ ခြေထောက်သို့ ရောက်လာသော ခွန်အားကို ခံစားမိသောအခါ ဝမ်ထောင် အနည်းငယ် အံ့အားသင့်သွားပေသည်။
"ကိုယ်လုံးက သေးပေမဲ့ ခွန်အားကတော့ သာမန်ဇွန်ဘီတစ်ကောင်နဲ့ တန်းတူပဲ ရှိတာပဲ။"
ဝမ်ထောင်သည် အံ့သြနေသော်လည်း ငေးကြောင်မနေပါ သူ၏ခြေထောက်ကို ပို၍ အားစိုက်ကာ ကန်ထုတ်လိုက်၏။ ဇွန်ဘီကလေးမှာ ကိုယ်အလေးချိန် ပေါ့ပါးလှသဖြင့် ဝမ်ထောင်၏ ကန်ချက်ကြောင့် လွင့်ထွက်သွားပြီး နံရံနှင့် သွားရောက် ရိုက်မိလေသည်။
ဘုန်း...
【-၂၆】
ထိုထိချက်မှာ ဦးခေါင်းကို ထိမှန်သွားပုံရသည်။
"ဝေါ့။"
ဇွန်ဘီကလေးမှာ ဒေါသထွက်သွားပုံရပြီး ဝမ်ထောင်ထံသို့ တစ်ဖန် လှည့်လာပြန်၏။ ၎င်းမှာ ဝမ်ထောင်နှင့် သုံးမီတာခန့် အကွာသို့ ရောက်သောအခါ အရှိန်ပြင်းပြေးခြင်းဖြင့် ထပ်မံ ခုန်အုပ်လာပြန်သည်။
ဝမ်ထောင်ကလည်း နည်းဟောင်းအတိုင်းပင် အားကုန် ဆောင့်ကန်လိုက်ရာ ၎င်း၏ မျက်နှာတည့်တည့်ကို ထိမှန်သွား၏။
ဘုန်း..
【-၆၄】
ကန်ချက်ကြောင့် ၎င်းမှာ လွင့်ထွက်သွားပြီး မေးရိုးမှာလည်း ကြေမွသွားသည်။
ဘုန်း..
【-၃၇】
ထို့နောက် ၄င်း၏နောက်စိမှာ နံရံနှင့် ထပ်မံ ရိုက်မိသွားပြန်သည်။
"ဒီကောင်က ဒီတစ်ကွက်ပဲ တတ်တာထင်တယ်။"
ဝမ်ထောင်သည် တစ်ယောက်တည်း စဉ်းစားနေမိ၏။ ဇွန်ဘီကလေးသည် ပုံပျက်ပန်းပျက်ဖြင့် ပြန်ထလာချိန်တွင် ဝမ်ထောင်သည် ခြေထောက်ကို မသုံးတော့ဘဲ လက်ကိုင်ရှည် ဆိတ်ခွာသံတူကို ထုတ်လိုက်လေသည်။
"ဂစ်..ဂယား..."
ဇွန်ဘီကလေးသည် ဝမ်ထောင်ထံသို့ အရှိန်ပြင်းပြေးခြင်းဖြင့် ထပ်မံ ခုန်အုပ်လာ၏။ ဝမ်ထောင်သည် သံတူကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ၎င်း အနားရောက်လာသည်နှင့် အားကုန် ထုချလိုက်တော့သည်။
ဒုတ်...
【-၂၃၆】
【၂၃၄/၆၀၀】
သံတူမှာ ဇွန်ဘီကလေး၏ နဖူးတည့်တည့်ကို ထိမှန်သွားသဖြင့် ၎င်း၏ သွေးပမာဏမှာ သုံးပုံတစ်ပုံခန့် ချက်ချင်း လျော့နည်းသွားသည်။
"သူ့ရဲ့ ခုခံအားကတော့ နည်းပုံရတယ်။ မူလ ခန္ဓာကိုယ်က အားနည်းလို့ ဖြစ်မှာပဲ။"
လူတစ်ယောက်၏ ခန္ဓာကိုယ် မည်မျှ သန်မာသနည်း ဆိုသည်အပေါ် မူတည်၍ ဇွန်ဘီ ဖြစ်သွားသောအခါ ခွန်အားလည်း ကွာခြားနိုင်ကြောင်း အင်တာနက်တွင် ဖတ်ဖူး၏။ ဤဇွန်ဘီကလေးမှာ သာမန်ဇွန်ဘီများနှင့် မတူသဖြင့် ၎င်းကို အထူးဇွန်ဘီဟု ဝမ်ထောင်က သတ်မှတ်လိုက်၏။
သို့သော် မကူးစက်ခံရမီက ၎င်းမှာ ကလေးငယ် တစ်ဦးသာ ဖြစ်သဖြင့် ခန္ဓာကိုယ်မှာ သေးငယ်ပြီး အားနည်းသည်မှာ သဘာဝကျပါသည်။ ထို့ကြောင့် ဇွန်ဘီဖြစ်သွားချိန်တွင် ခုခံအား နည်းနေခြင်းမှာလည်း အဓိပ္ပာယ် ရှိလေသည်။
အကယ်၍ သာမန်လူတစ်ယောက်သာ ဆိုပါက ဤဇွန်ဘီ၏ ခုခံအားကို ဖောက်နိုင်ပါ့မလား ဆိုသည်မှာ မသေချာပေ။ ဝမ်ထောင် စဉ်းစားနေစဉ်မှာပင် ဇွန်ဘီကလေးမှာ ဇွဲကောင်းကောင်းဖြင့် ပြန်ထလာပြန်၏။
သို့သော် ယခုတစ်ကြိမ်တွင်မူ အရှိန်ပြင်းပြေးခြင်းကို မသုံးတော့ပေ။ သာမန်ဇွန်ဘီတစ်ကောင်ကဲ့သို့ လက်များကို ယမ်းကာ ဝမ်ထောင်ထံသို့ လျှောက်လာ၏။ သို့သော် ၎င်း၏ အမြန်နှုန်းမှာမူ သာမန်ဇွန်ဘီထက် ပိုမြန်နေဆဲပင်။
ဝမ်ထောင်သည် နှစ်ကြိမ်ခန့် ရှောင်တိမ်းလိုက်ပြီးနောက် ဤဇွန်ဘီကလေးတွင် အခြားထူးခြားချက် မရှိတော့သည်ကို အတည်ပြုနိုင်သောအခါ အားကုန် ဆောင့်ကန်လိုက်ရာ ဇွန်ဘီကလေးမှာ မျက်နှာကြက်သို့ပင် လွင့်တက်သွားတော့၏။
【-၇၉】
【-၂၆】
ဇွန်ဘီကလေး ကြမ်းပြင်ပေါ်သို့ ပြန်ကျလာသောအခါ ဝမ်ထောင်က ထပ်မံ ကန်ထည့်လိုက်ပြန်သည်။
ဘုန်း။
【-၄】
ဤကန်ချက်မှာ ဇွန်ဘီကလေး၏ ဝမ်းဗိုက်ကို ထိမှန်သွားသဖြင့် ထိခိုက်မှု များများစားစား မရှိပေ။ သို့သော် ၎င်းမှာ ဘောလုံးတစ်လုံးကဲ့သို့ပင် နံရံသို့ ထပ်မံ လွင့်ထွက်သွားပြန်၏။
【-၃၂】
【၉၃/၆၀၀】
ကျန်ရှိနေသော သွေးပမာဏ ခြောက်ပုံတစ်ပုံကို ကြည့်ကာ ဝမ်ထောင်သည် သူ၏ နှာခေါင်းစည်းအောက်မှ ပြုံးလိုက်မိသည်။
အနည်းဆုံး သုံးချက်ခန့် ထပ်ကန်နိုင်သေး၏။ ၎င်းမှာ ဆိုးသွမ်းကလေးကို လက်စားချေခြင်းမျိုး မဟုတ်ဘဲ အထူးဇွန်ဘီ၏ ခွန်အားကို စမ်းသပ်ချင်ရုံ သက်သက်သာ ဖြစ်သည်။
"ဝေါ့~"
ဇွန်ဘီကလေးမှာ အလဲလဲအကွဲကွဲ ဖြစ်နေသော်လည်း ပြန်ထကာ ဝမ်ထောင်ထံသို့ လျှောက်လာပြန်၏။
ဘုန်း။
ဘုန်း။
ဘုန်း။
"ဂါး.."
【-၂】
【၀/၆၀၀】
သူ၏ ကန်ချက်ကြောင့် ဦးခေါင်းခွံ ပွင့်ထွက်သွားသော ဇွန်ဘီကလေးကို ကြည့်ကာ ဝမ်ထောင်သည် သူ၏ ဖနောင့်ကို ၎င်း၏ အဝတ်အစားများပေါ်တွင် ရွံရှာစွာ ပွတ်တိုက်လိုက်လေသည်။
ဟူး—
နေလို့ကောင်းသွားပြီ။
ယခု ပစ္စည်းများကို စစ်ဆေးရမည့် အချိန်သို့ ရောက်လာ၏။
ပထမဆုံးမှာ ဤဇွန်ဘီကလေးကို သတ်လိုက်သဖြင့် ရရှိလာသော သွေးပမာဏပင် ဖြစ်သည်။ ကိုယ်ပျောက်ခြင်း စွမ်းရည်ရှိသော ဇွန်ဘီကဲ့သို့ပင် ဤဇွန်ဘီမှာလည်း သွေးပမာဏ ၂၀ တိုက်ရိုက် တိုးပေးခဲ့၏။
ဝမ်ထောင်၏ သွေးပမာဏမှာ 【၁၈၅/၁၈၅】 သို့ ရောက်ရှိသွားပေပြီ။
နောက်တစ်ခုမှာမူ ဇွန်ဘီကလေးထံမှ ကျလာသော တောက်ပနေသည့် အထုပ်ငယ်လေးပင် ။
ဝမ်ထောင် စဉ်းစားလိုက်သည်နှင့် ထိုအထုပ်မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားပေသည်။
【အပြေးဆေး (အသေး) ၁ခုရရှိသည်】
【အပြေးဆေး (အသေး) - ဆေးထိုးပြီးနောက် အောက်ပိုင်း ခွန်အား တိုးလာမည် ဖြစ်ပြီး အပြေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ တိုးလာမည် (ခန္ဓာကိုယ် သန်မာမှုအပေါ် မူတည်၍ တိုးနှုန်း ကွာခြားနိုင်သည်)။ အာနိသင် ၁၀ မိနစ် ကြာမြင့်မည် ဖြစ်ပြီး ဆေးတစ်ခါ ထိုးပြီးတိုင်း ၁၂ နာရီ နားရမည်။】
ဒါက ပစ္စည်းကောင်းပဲ။
ဝမ်ထောင်၏ မျက်လုံးများမှာ တောက်ပသွားပေသည်။ ၎င်းမှာ "ကိုယ်ပျောက်ဆေး (အသေး)" နှင့် ဆင်တူသော အပ်မပါသည့် ဆေးထိုးကိရိယာမျိုး ဖြစ်သော်လည်း အာနိသင်မှာမူ ကိုယ်ပျောက်ဆေးထက် များစွာ ပိုမို အစွမ်းထက်လှ၏။
ကိုယ်ပျောက်ဆေးမှာ ပုန်းကွယ်ရန်သာ သုံးနိုင်သော်လည်း ဤအပြေးဆေးမှာ အမြန်နှုန်းကို ၁၀၀ ရာခိုင်နှုန်းအထိ တိုးပေးနိုင်သည်။ ထို့ပြင် တိုးနှုန်းမှာ ခန္ဓာကိုယ် သန်မာမှုနှင့် သက်ဆိုင်ရာ ဝမ်ထောင်၏ ခန္ဓာကိုယ်မှာလည်း အားနည်းသူ မဟုတ်ပေ။ အကယ်၍ ၁၀ ရာခိုင်နှုန်းသာ တိုးလျှင်ပင် အရေးကြုံလာပါက အသက်ကယ်နိုင်သော စွမ်းရည်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဒီဇယ် သွားရှာမည့် အစီအစဉ်အတွက်လည်း အောင်မြင်မှု အခွင့်အလမ်း ပိုများလာပြီ ဖြစ်၏။
အကယ်၍ ၁၀၀ ရာခိုင်နှုန်းသာ တိုးခဲ့လျှင်... ဟူး... စဉ်းစားကြည့်ရုံနှင့်တင် ရင်ခုန်စရာ ကောင်းလှသည်။
ဝမ်ထောင်သည် အပြေးဆေးကို ဟင်းလင်းပြင် ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် အခန်းအတွင်းရှိ ပစ္စည်းများကို စတင် ရှာဖွေလေသည်။
ဇွန်ဘီကလေး၏ အလောင်းကိုမူ သူ ရှာမနေတော့ပေ။ အကြောင်းမှာ သူ၏ ကန်ချက်များကြောင့် အလောင်းမှာလည်း အစအနပင် မကျန်တော့သောကြောင့် ဖြစ်၏
။
………….