အခန်း (၃၀)
Vol. 3 Ch. 30
- နေရာရွှေ့ပြောင်းခြင်း
ထို့နောက် အဓိကအိပ်ခန်းထဲသို့ ဝင်လိုက်သည့်အခါ အကိုက်ခံထားရသော အရိုးစုနှစ်ခုကို မြင်ပြီး ဝမ်ထောင်၏ဗိုက်ထဲတွင် ရေဂါထသလိုပင် ခံစားလိုက်ရသည်..။
သို့သော် သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏..။ ကလေးငယ်၏ မိဘများသည် အကိုက်ခံရပြီးနောက် အဘယ်ကြောင့် ဇွန်ဘီအဖြစ် မပြောင်းလဲဘဲ အရိုးစုဖြစ်သည်အထိ အစားခံလိုက်ရသနည်း..။
သူတို့၏ ကံကြမ္မာမှာ အလွန်ပင် ဆိုးရွားလှပြီး ဇွန်ဘီဗိုင်းရပ်စ်၏ ရောဂါပျိုးချိန်မှာ အလွန်ကြာမြင့်နေ၍သာ ဖြစ်တန်ရာသည်..။
ဇွန်ဘီဗိုင်းရပ်စ်၏ ရောဂါပျိုးချိန်မှာ တစ်မိနစ်မှ နှစ်ဆယ့်လေးနာရီအထိ ကြာမြင့်နိုင်ကြောင်း အင်တာနက်တွင် ယခင်က ဖော်ပြဖူးသည်..။
အခြေအနေ အတော်များများတွင် ရောဂါပျိုးချိန် ကြာမြင့်ခြင်းမှာ ပိုကောင်းသည်ဟု ဆိုနိုင်၏..။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်း မဟုတ်ပါက ဗိုင်းရပ်စ် မပြန့်နှံ့မီ ပိုးဝင်နေသော နေရာကို ဖြတ်တောက်ပြီး အသက်ရှင်သန်ရန် အခွင့်အရေး ရှိသောကြောင့် ဖြစ်သည်..။
သို့သော် တစ်ခါတစ်ရံတွင် ရောဂါပျိုးချိန် တိုတောင်းခြင်းက ဝေဒနာ ခံစားရမှုကို လျော့နည်းစေနိုင်၏..။
ဥပမာအားဖြင့် ဤမိသားစုကဲ့သို့ပင်..။
သူတို့ မသေဆုံးမီ မိမိတို့၏ ကလေးက မိမိတို့ကို ပြန်လည် စားသောက်နေသည်ကို ကိုယ်တိုင် မြင်တွေ့သွားရခြင်းမျိုးမှာ တွေးကြည့်ရုံနှင့်ပင် ကျောချမ်းစရာ ကောင်းလှသည်..။
"မင်းတို့ ကံဆိုးတယ်လို့ပဲ ငါ ပြောနိုင်တော့တယ်.."
ဝမ်ထောင်သည် ခေါင်းခါယမ်းလိုက်ပြီး အိပ်ခန်းအတွင်းရှိ ပစ္စည်းများကို အမြန် ရှာဖွေလိုက်သည်..။ ထို့နောက် ဇွန်ဘီလေး၏ အလောင်းကို အခန်းထဲသို့ ဆွဲသွင်းကာ အရိုးစုနှစ်ခုကြားတွင် ထားပေးလိုက်၏..။
ထို့နောက် အိပ်ခန်းတံခါးကို ဝုန်းခနဲ ပိတ်လိုက်လေသည်..။
မိသားစုဆိုသည်မှာ အတူတူ ရှိနေသင့်သည် မဟုတ်ပါလား..။
အခန်း (၁၀၁) တွင် အစားအသောက် များများစားစား မရှိပေ..။ ဝမ်ထောင်၏ စားသောက်မှုနှုန်းနှင့်ဆိုလျှင် ဆယ်ရက်ခန့်သာ ခံမည်ဖြစ်သော်လည်း သရေစာ မုန့်အချို့ကိုမူ အပိုဆုအဖြစ် ရရှိခဲ့သည်..။
အသုံးဝင်မည်ဟု ယူဆရသော ကျန်ရှိသည့် ပစ္စည်းများကိုလည်း ထုပ်ပိုးလိုက်၏..။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဝမ်ထောင်သည် ငါးလွှာသို့ တိုက်ရိုက် သယ်ဆောင်သွားလိုက်သည်..။ ပစ္စည်း အလွန်မများသဖြင့် တင်ယွီချင်ကို သူ မခေါ်တော့ပေ..။
သို့သော် သူ အပေါ်ထပ်သို့ တက်သွားသော အသံမှာ အတော်အတန် ကျယ်လောင်သဖြင့် သူ့ကို အမြဲ ဂရုတစိုက် စောင့်ကြည့်နေသော တင်ယွီချင်မှာ သတိထားမိသွားသည်..။
သူမသည် တံခါးကို အမြန်ဖွင့်လိုက်ပြီး ဝမ်ထောင်တွင် ဒဏ်ရာရသွားသလားဟု စိုးရိမ်တကြီး မေးမြန်းလေ၏..။ ထို့နောက် သူမ ကူညီပေးရန် လိုအပ်သလားဟုလည်း ထပ်မေးလေသည်..။
ဝမ်ထောင်တွင် သူမကို ခိုင်းစရာ အမှန်တကယ် ရှိနေသည်..။
သူက တင်ယွီချင်အား သော့တွဲတစ်ခု ကမ်းပေးလိုက်၏..။
"မရီး.. အဲဒီ အခန်းတွေထဲက အသုံးတည့်မယ့် ဖန်ပုလင်းတွေကို သွားစုဆောင်းပေးပါ.. ဘယ်နှစ်လုံးလောက် ရှိမလဲ ကြည့်ခဲ့ဦး.. ဒီမှာ သော့တွေ.."
ဝမ်ထောင်သည် သူ ရှာဖွေခဲ့သမျှ အခန်းတိုင်း၏ သော့များကို သိမ်းဆည်းထားသည်..။ အချို့မှာ အခန်းထဲတွင် ရှိနေသည့် မူလသော့များ ဖြစ်ပြီး အချို့ကိုမူ သူ ကိုယ်တိုင် ပွားထားခြင်း ဖြစ်၏..။
အခန်းထဲ ဝင်တိုင်း သော့ဖွင့်နေရမည် မဟုတ်ပါလား..။ထို့ကြောင့် လိုအပ်၏။
"ဟင်.. ငါ.. ငါ တစ်ယောက်တည်းလား.."
တင်ယွီချင်သည် လက်ထဲမှ သော့များကို ပူလောင်သည့် မီးခဲကဲ့သို့ ခံစားလိုက်ရသည်..။
"ကြောက်လို့လား.."
ဝမ်ထောင်က မျက်မှောင်ကြုတ်၍ မေးလိုက်၏..။
"ဟုတ်ကဲ့.."
တင်ယွီချင်က ရိုးရိုးသားသားပင် ခေါင်းငြိမ့်ပြသည်..။
"ကြောက်စရာ မလိုပါဘူး.. ဇွန်ဘီတွေကို ကျွန်တော်အကုန် ရှင်းထားပြီးသားပဲ.. ဒီ အဆောက်အအုံရဲ့ ပင်မတံခါးကို မဖွင့်သရွေ့တော့ ဒီနေရာက ဘေးကင်းပါတယ်.. ထားလိုက်တော့.. အောက်ထပ်က ဦးလေးကြီးကိုပဲ အကူအညီ တောင်းလိုက်တော့မယ်.."
ဝမ်ထောင်က ပြောပြောဆိုဆိုနှင့် သော့များကို ပြန်ယူရန် လက်လှမ်းလိုက်သည်..။
"မလုပ်ပါနဲ့.. ငါ သွားပါ့မယ်.."
ဝမ်ထောင်က အခြားသူကို အကူအညီ တောင်းမည်ဟု ဆိုသဖြင့် တင်ယွီချင်က သော့များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏..။
သူမသည် ထက်မြက်သော အမျိုးသမီး တစ်ဦး ဖြစ်သည်..။ ယခုကဲ့သို့ ကမ္ဘာပျက်ကပ်ကြီးအတွင်း သူမ၏ အသုံးဝင်မှုကို သက်သေမပြနိုင်ပါက အစွန့်ပစ်ခံရနိုင်သည်ကို သူမ သိထား၏..။
သူမ၏ အသက်ကို ဝမ်ထောင်၏ ကြင်နာမှု တစ်ခုတည်းပေါ်တွင် ပုံအောပြီး လောင်းကြေး မထပ်ရဲပေ..။
ဝမ်ထောင်က သူမကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်..။
"ကောင်းပြီ.. ဒါဆိုရင်လည်း သွားတော့.."
အဆောက်အအုံ (၄) ရှိ ဇွန်ဘီများကို ရှင်းလင်းပြီး ဖြစ်သော်လည်း ၎င်းတို့ ပေးခဲ့သော ကြောက်ရွံ့မှုများမှာ ကျန်ရှိနေဆဲ ဖြစ်သည်..။ တင်ယွီချင်လို မိန်းမသားကို အသာထား အောက်ထပ်က သော့ပြင်သမားပင် အပြင်သို့ သိပ်မထွက်ရဲပေ..။
အထူးသဖြင့် အခန်းအတော်များများတွင် သွေးစွန်းမှုများနှင့် အနံ့အသက်များ ကျန်ရှိနေသေးသဖြင့် တင်ယွီချင်မှာ မိမိကိုယ်ကိုယ် အတော်ပင် အားတင်းထားရရှာသည်..။
ဝမ်ထောင်ကိုယ်တိုင်ကမူ မှန်ပြောင်းနှင့် လက်နက်များကို ယူဆောင်ကာ ခြောက်လွှာသို့ တက်သွားသည်..။ ထို့နောက် သော့ဖွင့်ကိရိယာများကို အသုံးပြု၍ ခေါင်မိုးထပ်သို့ သွားသောတံခါးကို ဖွင့်လိုက်၏..။
ကမ္ဘာပျက်ကပ် စတင်ချိန်တွင် ခေါင်မိုးထပ်သို့ မည်သူမျှ ရောက်မလာခဲ့ကြပေ..။ အဝတ်လှန်းစင် အချို့မှအပ ဘာမျှ မရှိချေ..။
"ဟူး.."
လွန်ခဲ့သော ရက်အနည်းငယ်က အဆောက်အအုံထဲတွင်သာ အောင်းနေခဲ့ရသဖြင့် သူ အနည်းငယ် စိတ်မွန်းကြပ်နေခဲ့သည်..။
ရုတ်တရက် အပြင်သို့ ထွက်လိုက်ရပြီး နေဝင်ချိန်၏ လိမ္မော်ရောင် ကောင်းကင်ယံကို မြင်တွေ့လိုက်ရခြင်းက ဖော်ပြမတတ်အောင် စိတ်လက်ပေါ့ပါးမှုကို ပေးစွမ်း၏..။
သို့သော် ဝမ်ထောင်သည် ခေါင်မိုးအစွန်းသို့ လမ်းလျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ထိုပေါ့ပါးမှုများမှာ စိုးရိမ်ပူပန်မှုများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်..။
အဘယ်ကြောင့်ဆိုသော် မြောက်ဘက် လမ်းမပေါ်တွင် ဇွန်ဘီများမှာ အပြည့်ဖြစ်နေသောကြောင့်ပင်..။
ဤနေရာမှ ကြည့်လျှင် ယခင်က မမြင်ခဲ့ရသော အရာများစွာကို သူ မြင်တွေ့နိုင်သည်..။
ထောင့်ချိုးများနှင့် နံရံဘေးများတွင် ဝမ်ထောင် ထင်ထားသည်ထက် ဇွန်ဘီများစွာ ရှိနေ၏..။
ကြည့်ရသည်မှာ ကြောက်စရာ ကောင်းသော်လည်း အကယ်၍ ထိုဇွန်ဘီအားလုံးကို သတ်နိုင်ခဲ့ပါက ရရှိမည့် ပစ္စည်းများမှာလည်း မနည်းလှပေ..။
"မီးလောင်ဗုံးတွေ ပစ်ချပြီး သူတို့ကို သတ်ရင်ရော ငါသတ်တာလို့ သတ်မှတ်မလား မသိဘူး.."
ထို့နောက် ဝမ်ထောင်သည် တောင်ဘက်သို့ ရွှေ့ကြည့်လိုက်သည်..။ ဤနေရာမှဆိုလျှင် အိမ်ရာဝင်းအတွင်း လျှောက်သွားနေသော ဇွန်ဘီအားလုံးကို မြင်နိုင်၏..။
"၁.. ၂.. ၃.. ၁၉.. ၂၀.."
သူ မြင်နိုင်သော ဇွန်ဘီပေါင်း ၂၀ ရှိသည်..။ အဆောက်အအုံများအတွင်း ပုန်းနေသူများမှာမူ မည်မျှရှိမည်ကို မသိနိုင်ပေ..။ သို့သော် ဤ ၂၀ ကိုပင် သူ တစ်ယောက်တည်းနှင့် ရင်ဆိုင်ရန် မလွယ်ကူလှချေ..။
လောလောဆယ် သူ စဉ်းစားမိသမျှ အကောင်းဆုံး နည်းလမ်းမှာ ဇွန်ဘီများကို တစ်နေရာသို့ မျှားခေါ်ပြီး တစ်ကောင်ချင်း သတ်ရန် သို့မဟုတ် မီးအကြီးအကျယ် ရှို့ရန်သာ ဖြစ်သည်..။
သို့သော် ထိုသို့လုပ်ရန်မှာ စောလွန်းသေး၏..။ ဇွန်ဘီများ ဝိုင်းနေသည့် ကြားမှ အိမ်ရာဝင်းထဲမှ မည်သို့ ဖောက်ထွက်ရမည်ကို လေ့လာရန် သူ ခေါင်မိုးပေါ်သို့ တက်လာခြင်း ဖြစ်သည်..။
ယခုအခါ အဆောက်အအုံ (၄) ၏ အတွင်းပိုင်းကို ရှင်းလင်းပြီး ဖြစ်သဖြင့် ဝမ်ထောင်၏ နောက်ထပ် ပန်းတိုင်မှာ 'ဘစ်မောက်မိ' စားသောက်ဆိုင်သို့ သွားပြီး ဒီဇယ် သွားယူရန် ဖြစ်သည်..။
ထိုအတောအတွင်း အစားအသောက် အချို့ကိုလည်း ရှာဖွေရမည်..။
အိမ်ရာဝင်း၏ ပင်မဂိတ်တံခါးမှာ အနောက်ဘက်တွင် ရှိပြီး ဂိတ်တံခါးနှင့် မျက်နှာချင်းဆိုင်တွင် စားသောက်ဆိုင် ရှိသည်..။ ဆိုင်၏ ဖန်တံခါး တစ်ချပ်မှာ ပွင့်နေပြီး ကျန်တစ်ချပ်မှာမူ ကွဲကြေနေ၏..။
ဆိုင်ထဲတွင် ဇွန်ဘီများကို မတွေ့ရပေ..။
ဤလမ်းမှာ အနည်းငယ် ကျဉ်းမြောင်းပြီး လူသူ သွားလာမှု နည်းပါးသဖြင့် အပြင်ဘက်တွင် ဇွန်ဘီများများ မရှိခြင်းပင်..။ ဝမ်ထောင်သည် နှစ်ကောင် သုံးကောင်ခန့်သာ တွေ့ရသည်..။
အိမ်ရာဝင်းမှ မည်သို့ ထွက်ခွာရမည်ကို စဉ်းစားရာတွင် ပင်မဂိတ်တံခါးကို အသုံးမပြုသင့်ကြောင်း သူ ခံစားရ၏..။
အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်ခြင်းက ဇွန်ဘီ ၂၀ ၏ အာရုံကို ဆွဲဆောင်ရာ ရောက်နိုင်သောကြောင့် ဖြစ်သည်..။
ဇွန်ဘီများ၏ ပြေးနှုန်းမှာ ယေဘုယျအားဖြင့် မမြန်သော်လည်း အမှားအယွင်း မရှိဘဲ ထွက်ပြေးနိုင်မည်ဆိုလျှင် ၎င်းတို့ကြားမှ သူ တိုးထွက်သွားနိုင်လောက်၏..။
သို့သော် ဤအစီအစဉ်မှာ အလွန် အန္တရာယ် များလှသည်..။
ထို့ပြင် သူ စိုးရိမ်သည်မှာ ဇွန်ဘီများက သူ့နောက်သို့ လိုက်လာပြီး ဆိုင်ထဲအထိ ဝင်လာမည်ကိုပင်..။
ထို့ကြောင့် ဝမ်ထောင်သည် နံရံကို ကျော်တက်ခြင်းက ပို၍ စိတ်ချရမည်ဟု ယူဆလိုက်သည်..။
အိမ်ရာဝင်း၏ ပတ်လည်နံရံမှာ အလွန်မထူဘဲ အုတ်နံရံသာ ဖြစ်၏..။ အမြင့်မှာ နှစ်မီတာကျော်ခန့် ရှိသည်..။
သူ့အရည်အချင်းနှင့်ဆိုလျှင် ဤနံရံကို ကျော်တက်ရန်မှာ ပြဿနာ မရှိပေ..။
"အရင်ဆုံး ယူနစ်တံခါးကနေ အမြန်ထွက်မယ်.. နံရံဆီ ပြေးမယ်.. ပြီးရင် နံရံကို ကျော်ပြီး ဆိုင်ထဲကို ဝင်မယ်.. ဇွန်ဘီတွေ နောက်က လိုက်မလာရင် အကောင်းဆုံးပဲ.. တကယ်လို့ လိုက်လာရင်တော့ ဆိုင်ရဲ့ သံပတ်တံခါးကို ပိတ်လိုက်ရုံပဲ.. ဆိုင်ထဲမှာ ဇွန်ဘီ မတွေ့ဘူး.. ရှိရင်တောင် ဆိုင်ရှင်လီနဲ့ သူ့မိန်းမပဲ ရှိမှာ.. ဇွန်ဘီ သုံးကောင်အထိတော့ ငါ ကိုင်တွယ်နိုင်ပါတယ်.."
ဝမ်ထောင်သည် လှုပ်ရှားမှု အစီအစဉ်ကို အမြန် ရေးဆွဲလိုက်သည်..။
သို့သော် ထိုသို့ မလုပ်မီ နေရာအရင် ရွှေ့ရန် လိုအပ်၏..။
သူ့အိမ်မှာ နေရာ အလွန်ကျဉ်းလွန်းသည်..။
အကယ်၍ ယခုတစ်ခေါက် အစီအစဉ် အောင်မြင်ခဲ့ပါက ပစ္စည်းများစွာ ရလာမည်ဖြစ်ရာ သူ့အိမ်တွင် ဆံ့မည်မဟုတ်ပေ..။
ဝမ်ထောင်သည် လောလောဆယ် အသုံးမဝင်သေးသော ပစ္စည်းများကို မစွန့်ပစ်ချင်သဖြင့် ပိုကျယ်သော အပါတ်မန့်သို့ ပြောင်းရွှေ့ရန်မှာ အကောင်းဆုံး ရွေးချယ်မှုပင်..။
မည်သည့်နေရာသို့ ပြောင်းရမည်ကိုလည်း ဝမ်ထောင် ဆုံးဖြတ်ပြီးသား ဖြစ်၏..။
အပေါ်ထပ်ရှိ အပါတ်မန့် (၆၀၂) သို့ပင်..။
သူ အောက်ထပ်သို့ ဆင်းလာသည့်အခါ တင်ယွီချင်သည် ချွေးတရွဲရွဲနှင့် ဖန်ပုလင်းများ ထည့်ထားသော သေတ္တာကို မကာ ဝမ်ထောင်၏ အိမ်ရှေ့သို့ လျှောက်လာနေသည်နှင့် ကြုံလိုက်ရသည်..။
"ခဏလေး မရီး.. အဲဒီထဲ ထည့်စရာ မလိုတော့ဘူး.. ကျွန်တော် နေရာရွှေ့မလို့.. အပေါ်ထပ်ကို ပြောင်းမယ်.."
"ဟင်.. နေရာရွှေ့မယ် ဟုတ်လား.."
တင်ယွီချင်သည် ခဏမျှ ကြောင်သွားပြီးနောက် တစ်ခုခုကို တွေးမိကာ သူမ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားလေတော့သည်..။
ငါ့ကို သူကထားခဲ့တော့မလို့လား..။
..